အခန်း (၅၁၃-၅၁၄)
Vol. 28 Ch. 513-514
အပိုင်း (၅၁၃) ပြန်လည်ဆုံဆည်းခြင်း။
"ခင်ဗျားတို့တွေ အခုမှ ကျုပ်ကို လာရှာတွေ့တယ်၊ သခင်လေး ကျုပ်က အခု သူများဆီမှာ စာဖတ်အစေခံ လုပ်နေရတယ်။
ခင်ဗျား တို့ အောက်ကို ကြည့်လိုက်စမ်း။ အဲဒီလောက် လှတဲ့ အစေခံမလေးမျိုး ဘယ်မှာ သွားရှာလို့ရမလဲ။ ခင်ဗျား တို့ဆီမှာ ပိုက်ဆံမရှိဘူးဆိုရင် သခင်လေးကျုပ်ဆီမှာ ပိုက်ဆံ ရှိနေလို့လား။
သခင်လေး ကျုပ်က နေ့တိုင်း ဒုတိယသခင်မလေးကို ပြုစုပေးနေရတာ .. ကျုပ်ဘဝက ဘယ်လို ဘဝကြီးလဲ။" ဖန်ကျန်းရီမှာ သက်ပြင်းချကာ အောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
သူတို့သုံးယောက်က ဖန်ကျန်းရီ လက်ညှိုးထိုးပြရာဘက်သို့ ခေါင်းပြူ၍ ကြည့်လိုက်ကြသည်။
မျက်နှာလေး ရှုံ့မဲ့ကာ ခေါက်ဆွဲစားနေသော ချောမောလှပသည့် ကောင်မလေး တစ်ယောက်ကို တွေ့လိုက်ရ၏။
ပြုစုပေးရတယ်။
သူတို့သုံးယောက်လုံး၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်သွားကြသည်။
ထိုအရာက လူကို ပြုစုပေးနေသည်လား။ အစေခံ သခင်လေးက ဤနေရာတွင် အသားများ၊ ငါးများ စားနေပြီး ဟိုမှာကျတော့ အိမ်ရှင်က ခေါက်ဆွဲ စားနေရသည်လား။
ရှဲ့ရှန်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ "သခင်လေး … သခင်လေးဆီမှာလည်း ပိုက်ဆံမရှိဘူးဆိုရင် ဘယ်လိုလုပ် ငွေရှာမလဲ။ စာဖတ်အစေခံ လုပ်ရတာ ပိုက်ဆံ အရမ်းရလို့လား။"
"သူက ယောက်ျားလေး ဟန်ဆောင်ပြီး ကျောင်းတက်နေတာလေ။ ကျုပ်က တစ်နေ့ကို ငွေနှစ်တေလ်း ရတယ်၊ ဖြစ်သလို နေရတာပေါ့။"
"ငွေနှစ်တေလ်း။ ဟာ … တကယ့် သူဌေးကြီးပဲ။ ဘယ်လို စာဖတ်အစေခံမို့ တစ်နေ့ကို ငွေနှစ်တေလ်းတောင် ရတာလဲ၊ သူတို့ လူလိုသေးလား၊ ကျုပ်လည်း သွားလုပ်ချင်တယ်။" ကျိုးထျဲ့မှာ မျက်လုံးများ ပြူးကျယ်နေပြီး သွားရည်များပင် ကျလာမတတ် ဖြစ်နေ၏။
ဖန်ကျန်းရီက အထင်သေးစွာဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ငွေနှစ်တေလ်းဆိုတာ ဒုတိယသခင်မလေးရဲ့ အသုံးစရိတ်ကွ၊ ဒါပေမဲ့ သခင်လေး ကျုပ်က ငွေလိုနေတော့ သူ့ဆီကနေ ချေးထားတာပေါ့။"
ချေးတာ။ အဲတာက ချေးတာတဲ့လား။ သခင်လေးရဲ့ စရိုက်အရဆိုရင် လိမ်ယူထားတာ သေချာနေပြီ။ ကောင်မလေးကို သူ လှည့်စားထားတာပဲ ဖြစ်ရမယ်။
သုံးယောက်သား မျက်နှာများ တောင့်တင်းသွား၏။ "ဒါဆို အဲဒီ ဒုတိယသခင်မလေးက ဘာသုံးတော့မှာလဲ။"
ဖန်ကျန်းရီက အရက်တစ်ငုံ သောက်လိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "ကျုပ်တစ်နေ့ကို သူ့အတွက် နေ့စဉ်သုံးစရိတ် ကြေးပြားဆယ်ပြား ချန်ထားပေးတယ်လေ၊ သူက မနက်စာနဲ့ ညစာကို အိမ်မှာ စားတယ်၊ နေ့လယ်စာ စားဖို့က ကြေးပြားသုံးပြားဆို လောက်ပြီ။ မုန့်ဖိုး ကြေးပြားခုနစ်ပြားတောင် ကျန်သေးတယ်၊ သူ မသုံးနိုင်ပါဘူး၊ အဲဒါကြောင့် ကျုပ် သူ့ကိုယ်စား စုပေးထားတာ။"
ရှဲ့ရှန်း "..."
ကျောက်လျဲ့ "..."
ကျိုးထျဲ့ "..."
ကျောက်လျဲ့က မျက်နှာအပူဆုံးဖြစ်ရာ မျက်နှာရဲရဲဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။ "သခင်လေး .. အဲဒီလို လုပ်တာက နည်းနည်း ယုတ်မာရာ မကျလွန်းဘူးလား။"
"ချေးတယ်လို့ ပြောထားပြီးသားလေကွာ။ ကျုပ်တို့လည်း ဒီမှာ သိပ်ကြာကြာ နေရမှာ မဟုတ်ပါဘူး၊ နောက်မှ ဆယ်ဆ၊ အဆတစ်ရာ ပြန်ဆပ်ပေးမှာပေါ့။ ကျောက်လျဲ့ရယ် ... ကိုယ်ကျင့်တရား ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သိပ်အလေးမထားပါနဲ့၊ ခင်ဗျား ရှဲ့ရှန်းနဲ့ ကျိုးထျဲ့ကို ကြည့်စမ်း၊ သူတို့နှစ်ယောက်ရဲ့ မျက်နှာပြောင်တိုက်နိုင်မှုက ဘယ်လောက်တောင် အဆင့်မြင့်နေပြီလဲ၊ ကျုပ်ထက်တောင် ပိုဆိုးချင် ဆိုးနေမှာ။
ပိုက်ဆံကိစ္စကို ခင်ဗျားတို့ ဝင်မပါနဲ့။ ကျုပ်သွားရှာလိုက်မယ်။ ပြီးတော့ ဒုတိယသခင်မလေးကို ကာကွယ်ပေးဖို့ လူနှစ်ယောက်လောက် ထပ်လွှတ်ထားလိုက်။ သူက အားရင် လမ်းမပေါ်မှာ လျှောက်သွားနေတတ်တာ။ ကျုပ်က ငွေသွားရှာရမှာဆိုတော့ သူ့ကို စောင့်ကြည့်ဖို့ အချိန်မရှိဘူး။"
ကျိုးထျဲ့က ရယ်ကျဲကျဲဖြင့် ဆိုသည်။ "သခင်လေးက အဲဒီလောက်တောင် ဂရုစိုက်နေတယ်ဆိုတော့ သူ့ကို သဘောကျနေလို့လား။ ဒါဆို ကျုပ်တို့ ပြန်ရင် သူ့ကိုပါ တစ်ခါတည်း ခေါ်သွားကြမလား။"
"သောက်ကျိုးနည်း။ ကျုပ်က မျိုးပွားဖို့ တာဝန်ယူထားတဲ့ မြင်းသိုးကြီးနဲ့ တူနေလို့လား။ သခင်လေ ကျုပ်က အိမ်တော်ပြန်ရင် နိုင်ငံ့သမက်တော် ဖြစ်မယ့်လူကွ၊ ခင်ဗျားက သာမန်ပြည်သူ တစ်ယောက်ကို အတင်းအဓမ္မ ဖမ်းခေါ်သွားချင်သေးတာလား။" ဖန်ကျန်းရီက မျက်လုံးပြူးကာ အော်ဟစ်လိုက်၏။
"သ ... သမက်တော်။ သခင်လေးက သမက်တော် ဖြစ်မယ်ဆိုတော့၊ သမက်တော်က အမတ် လုပ်လို့ မရဘူးလို့ ပြောကြတယ် မဟုတ်ဘူးလား၊ အဲဒါ ဘာကောင်းလို့လဲ၊ မိန်းမလည်း အများကြီး ယူလို့ မရတော့ဘူး။" ကျိုးထျဲ့မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။
ကျိုးထျဲ့နှင့် ကျောက်လျဲ့တို့မှာ အံ့ဩတုန်လှုပ်သွားကြသော်လည်း အတွင်းရေးကို သိနေသော ရှဲ့ရှန်းကမူ တည်ငြိမ်နေဆဲ ဖြစ်၏။
"ဟွန့် … အမတ် လုပ်လို့ မရဘူး ဟုတ်လား၊ ကျုပ်သာ မြို့တော်ကို ပြန်ရောက်ပြီး မင်းသမီးကို လက်ထပ်ပြီးမယ်။ ဆက်ပြီး အမတ်လုပ်နေမယ်ဆိုရင်တောင် အဆင့်လေး အထက် အမတ်တွေထဲက ဘယ်သူမှ ကန့်ကွက်ရဲမှာ မဟုတ်ဘူးလို့ ရဲရဲကြီး အာမခံရဲတယ်။ လူကြီးတွေ ဖြစ်နေပြီ၊ သိပ်ပြီး ကလေးဆန်မနေကြနဲ့၊ ဒီလောကကြီးရဲ့ စည်းမျဉ်းတွေ၊ ကိုယ်ကျင့်တရားတွေဆိုတာ အထက်က လူတွေက သတ်မှတ်ထားတာချည်းပဲ၊ သူတို့အတွက် အကျိုးရှိမယ်ဆိုရင် အချိန်မရွေး ပြင်လို့ရတယ်။
ဒီလောကကြီးက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လည်ပတ်နေတယ်လို့ တွေးထင်နေတာက အသိပညာနည်းတဲ့ သာမန်ပြည်သူတွေပဲ ရှိတယ်။ ဥပဒေကို အကာအကွယ်အနေနဲ့ သုံးဖို့ ကြိုးစားတဲ့ သာမန်ပြည်သူတွေ ဘယ်လောက်တောင် သေကုန်ပြီလဲ။ ခင်ဗျားတို့က သခင်လေး ကျုပ်နောက်ကို ဒီလောက်ကြာကြာ လိုက်လာခဲ့တာတောင် တိုးတက်မှု တစ်စက်လေးမှ မရှိကြဘူး။
ထားလိုက်တော့ … မပြောတော့ဘူး၊ ခင်ဗျားတို့ ကျုပ်စီစဉ်ထားတဲ့အတိုင်းပဲ လုပ်ကြ၊ နောက်ရက်တွေမှာ ငွေမလောက်ရင် ကျုပ်ဆီကို လာတောင်းလို့ ရတယ်။ စားပွဲထိုး … ဟင်းနည်းနည်းလောက် ထပ်ချပေးအုံး။" ဖန်ကျန်းရီက သုံးယောက်သား ပြောင်ရှင်းအောင် စားထားသော စားပွဲကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူတို့လေးယောက် ဆက်ပြီး အရက်သောက်နေကြ၏။
အတန်ကြာ စောင့်ပြီးနောက် စားပွဲထိုးက အပေါ်ထပ်သို့ အပြေးအလွှား တက်လာပြီး နဖူးမှ ချွေးများကို သုတ်ကာ မေးလိုက်သည်။ "သခင်လေးဖန် … ဘာဟင်းတွေ ထပ်မှာချင်လို့လဲ ခင်ဗျာ။"
ဖန်ကျန်းရီက မကျေမနပ် ကြည့်ကာ မှာလိုက်၏။ "ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ၊ ကြက်သားပြုတ် တစ်ပွဲ၊ သိုးသား မုန်ညင်းထုပ် တစ်ပွဲနဲ့ အသီးအရွက်ကြော် တစ်ပွဲ ပေး။"
ထိုစကားကို ကြားသောအခါ စားပွဲထိုးက ချက်ချင်း ညည်းတွားလိုက်သည်။ "သခင်လေးဖန်ရယ် … သခင်လေးမှ မသိတာ၊ အောက်ထပ်မှာ သူတောင်းစားတွေ အများကြီး ရောက်နေလို့ ဆိုင်ရှင်က ပေးမဝင်ဘဲ တားထားရတာပါ။"
ကျိုးထျဲ့နှင့် ရှဲ့ရှန်းတို့က အချင်းချင်း ကြည့်လိုက်ကြ၏။ "သခင်လေး၊ ကျုပ်တို့ လူတွေ ရောက်လာတာများလား။"
"စားပွဲထိုး၊ အောက်ထပ်ကို သွားမေးကြည့်လိုက်၊ ဖန်သခင်လေးကို လာရှာတာလားလို့၊ ဟုတ်တယ်ဆိုရင် အကုန်လုံးကို အပေါ်လွှတ်ပေးလိုက်။ ဒီနေ့ ဆိုင်ကို ကျုပ်သိမ်းလိုက်ပြီ။ တခြား ဧည့်သည်တွေကို ပြန်လွှတ်လိုက်တော့။ ပိုက်ဆံကို ကျုပ်အကုန်ရှင်းပေးမယ်။" ဖန်ကျန်းရီက ပြောလိုက်သည်။
စားပွဲထိုးက ပေါင်ကို ရိုက်ကာ ဆို၏။ "အို ... သခင်လေးဖန်ရယ်၊ အဲဒါတွေက သူတောင်းစားတွေပါ၊ သခင်လေး မှားနေတာ ဖြစ်ပါလိမ့်မယ်။"
"စကားများမနေနဲ့၊ မြန်မြန်သွား။"
သိပ်မကြာခင်မှာပင် ချွေးသံတရဲရဲ ဖြစ်နေသော ဆိုင်ရှင်က လူဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်ကာ ဒုတိယထပ်သို့ ရောက်လာခဲ့သည်။
ဒုတိယထပ်တွင် ရှိနေသော ဧည့်သည်များကလည်း လူအုပ်ကြီးကို မြင်သောအခါ မျက်နှာပျက်ကာ ထွက်သွားကြ၏။
ရောက်လာသူများ၏ မျက်နှာများမှာ ညစ်ပတ်ပေရေနေသော်လည်း ဖန်ကျန်းရီကို ကြည့်သောအခါ သူတို့၏ မျက်လုံးများတွင် တောက်ပသော အရောင်များ လင်းလက်သွားကြသည်။
နားလည်ရခက်သော လေထုတစ်ခုက လွှမ်းခြုံသွားခဲ့၏။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အားလုံးက တပြိုင်နက် အော်ဟစ်လိုက်ကြသည်။ "သခင်လေး။"
ဖန်ကျန်းရီက ပြုံးလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။ "ကောင်းပြီ ... ကောင်းပြီ … ညီအစ်ကိုတွေ အားလုံး ပင်ပန်းသွားကြပြီ။ အရင် ထိုင်ပြီး ထမင်းစားကြအုံး။ စားပြီးမှ စကားဆက်ပြောမယ်၊ ဆိုင်ရှင်၊ နေရာလေး စီစဉ်ပေးလိုက်ပါ။"
ခေါင်းဆောင်ဖြစ်သူ ချန်တယ်ရှန်းနှင့် ရွှေယီပိုင်တို့က ဖန်ကျန်းရီအနားသို့ မျက်နှာငယ်လေးများဖြင့် ကပ်လာကြ၏။
ဖန်ကျန်းရီက ညစ်ပတ်နေသော ရွှေယီပိုင်၏ မျက်နှာလေးကို ကြည့်ပြီး ကျိုးထျဲ့ကို မနေနိုင်ဘဲ အပြစ်တင်လိုက်သည်။ "ခင်ဗျား သူတို့ကို တောင်ပေါ်ကို ဘာလို့ ခေါ်သွားရတာလဲ၊ အဘိုးကြီး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်ကို ခင်ဗျားတို့နဲ့အတူ တောင်ပေါ်မှာ ဒုက္ခခံခိုင်းရသလား။"
ချန်တယ်ရှန်းမှာ အလွန် ကြည်နူးသွား၏။ "သခင်လေး... ကျုပ် အင်အား ရှိပါသေးတယ်။"
"သခင်လေး ... ကျွန်မ လိုက်ချင်လို့ လိုက်သွားတာပါ။ သခင်လေး ပျောက်သွားတယ်လို့ ကြားတော့ လူတစ်ယောက် ပိုရင် အင်အားတစ်ယောက် ပိုတာပေါ့ ဆိုပြီး တွေးမိလို့ပါ။" ရွှေယီပိုင်က သနားစရာ အသံလေးဖြင့် ပြောလိုက်သည်။
ဖန်ကျန်းရီက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး သူမကို ထိုင်ခုံတွင် ထိုင်စေသည်။ "ထိုင်ပါ၊ ငါ မင်းကို ပြောစရာ ရှိတယ်။ မင်းအဖေ သက်ရှိထင်ရှား ရှိစဉ်တုန်းက သူ့အနားမှာ ချန်ကျန့်ဆိုတဲ့ လူတစ်ယောက် ရှိတယ်မလား။"
ရွှေယီပိုင်သည် စားပွဲပေါ်ရှိ စားလက်စ ဟင်းများကို ကြည့်ကာ တံတွေးမြိုချနေစဉ် ချန်ကျန့်ဆိုသည့် နာမည်ကို ကြားလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။
ဘေးနားရှိ ချန်တယ်ရှန်းပင်လျှင် သတိဝင်လာခဲ့သည်။
"ဟုတ် ... ဟုတ်တယ်၊ အဲဒီလို လူတစ်ယောက် ရှိခဲ့တယ်၊ သူက အမြဲတမ်း အဖေ့ကို..."
"တော်ပြီ … ဒီမှာက လူများတယ်၊ အများကြီး မပြောနဲ့။ မင်းပြောချင်တာက မင်းအဖေကို ကိုယ်တိုင် အဆိပ်ခတ်သတ်သွားတာ သူပဲ၊ ဝူမင်းသားဆီ ခိုလှုံဖို့အတွက် သူ အဲဒီလို လုပ်ခဲ့တာ၊ အခု သူ ထွက်ပြေးသွားပြီ၊ မြို့တော်ကို ပြန်ရောက်ရင် စိတ်အေးအေးထားပြီး တခြားကိစ္စတွေကို မတွေးနဲ့တော့၊ မင်းအတွက် ကလဲ့စားချေပေးဖို့ နည်းလမ်းရှာပေးမယ်၊ နားလည်လား။"
ရွှေယီပိုင်သည် နေရာတွင်ပင် မှင်တက်သွားပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
ချန်တယ်ရှန်းလည်း ဖန်ကျန်းရီကို အလျင်အမြန် ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။ "သခင်လေး … သေချာရဲ့လား။"
ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်၏။ "သေချာတာပေါ့၊ ကျုပ်ကိုယ်တိုင် သူ့ကို တွေ့ခဲ့တာ။ မဟုတ်ရင် ချန်ကျန့်ဆိုတဲ့ နာမည်ကို ကျုပ် ဘယ်လိုလုပ် သိမှာလဲ။"
ရွှေယီပိုင်၏ မျက်လုံးများထဲတွင် တဖြည်းဖြည်း မျက်ရည်များ ဝဲတက်လာပြီး စကားတစ်ခွန်းမှ မဟနိုင်တော့ပေ။
ထိုအချိန်တွင် ဆိုင်ရှင်က မြှောက်ပင့်သော မျက်နှာထားဖြင့် ဖန်ကျန်းရီအနားသို့ ကပ်လာသည်။ "သခင်လေးဖန်၊ အားလုံးကို အကောင်းဆုံး ဟင်းလျာတွေ စီစဉ်ပေးထားပါတယ်၊ တခြားစားပွဲက ဧည့်သည်တွေရဲ့ ကျသင့်ငွေကိုပါ ပေါင်းလိုက်ရင် စုစုပေါင်း ငွေတုံး ငါးဆယ်လောက် ကျပါမယ်ခင်ဗျာ။"
အခွင့်ကောင်းယူပြီး ဈေးတင်တောင်းနေသည်ကို သိသော်လည်း ဖန်ကျန်းရီက ဂရုမစိုက်ဘဲ ငွေတုံး နှစ်တုံး ထုတ်ပေးလိုက်၏ "ဒီမှာ ငွေနှစ်တေလ်း ဒီနေ့ ပိုက်ဆံ အများကြီး ပါမလာလို့ ကျန်တာကို အကြွေး မှတ်ထားလိုက်။"
"သခင်လေးဖန်ရယ် ... သခင်လေး တစ်ယောက်တည်း စားတာဆိုရင်တော့ ဘယ်လောက်ကြာကြာ အကြွေးမှတ်ထား မှတ်ထား ရပါတယ်၊ ဒါပေမဲ့ ဒီနေ့ လူက အရမ်းများနေတော့ ... နားလည်ပေးပါခင်ဗျာ။" ဆိုင်ရှင်၏ မျက်နှာမှာ အခက်တွေ့နေသည်။
ဖန်ကျန်းရီက ဘာမှမတတ်နိုင်သဖြင့် ရှဲ့ရှန်းကို လှည့်ကြည့်လိုက်၏။
ရှဲ့ရှန်းက ခေါင်းယမ်းပြလိုက်သည်။
သူ့လက်ထဲတွင် ပိုက်ဆံ နည်းနည်းပါးပါး ရှိသော်လည်း ငွေတုံး ငါးဆယ်လောက်တော့ မရှိပေ။ ညီအစ်ကိုများ နောက်ရက်များတွင် တည်းခိုရန်နှင့် စားသောက်ရန် ငွေလိုသေးသောကြောင့် ယခု သုံးပစ်လို့ မရချေ။
ဖန်ကျန်းရီက စကားပြောရန် ပြင်လိုက်စဉ် ရွှေယီပိုင်က မျက်ရည်များကို သုတ်ကာ ရှေ့ထွက်လာပြီး လက်က လက်စွပ်ကို ချွတ်ကာ လက်ဝါးဖြန့်ပြရင်း မေးလိုက်၏။ "ဒီဟာ။ ထမင်းဖိုး လောက်ရဲ့လား။"
"လောက်ပါတယ်။ လောက်ပါတယ်၊ အများကြီး လောက်ပါတယ်။" ဆိုင်ရှင်၏ မျက်လုံးများထဲတွင် လောဘရောင်များ တလက်လက် တောက်ပသွားသည်။
သူ အမြင်မမှားဘူးဆိုရင် ထိုအရာက စိန်လက်စွပ်ပင်။ ဤမျှကြီးမားသော စိန်လက်စွပ်က တန်ဖိုး အလွန်ကြီးမားပြီး ငွေတုံး ငါးဆယ်ဖိုးထက် အများကြီး ပိုတန်၏။
ဖန်ကျန်းရီက မျက်မှောင်ကုတ်သွားပြီး ရွှေယီပိုင်၏ လက်ကို ဆွဲယူလိုက်ကာ ဆိုင်ရှင်ကို တည်ကြည်စွာ ကြည့်၍ ပြောလိုက်သည်။ "အကြွေးမှတ်ထားလိုက်။ ဖန်သခင်လေး ကျုပ်ရဲ့ အစေခံမလေးဆီမှာတောင် စိန်လက်စွပ် ရှိနေတာ၊ ခင်ဗျား ရဲ့ ငွေလေး နည်းနည်းပါးပါးကို လိမ်ပါ့မလား။"
စိန်လက်စွပ် ပြန်ပါသွားသည်ကို မြင်သောအခါ ဆိုင်ရှင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ "ဒါဆိုရင် သူတို့တွေက ဘာလို့ ဒီလို ဝတ်ထားတာလဲ..."
"တောင်ပေါ်မှာ ကျားရှိတယ်လေ၊ သခင်လေး ကျုပ်က ကျားလိုက်ဖမ်းဖို့ လူငှားထားတာ၊ တောင်ပေါ်ကနေ အခုမှ ပြန်ဆင်းလာကြတာ။"
ဆိုင်ရှင်၏ မျက်နှာပေါ်တွင် နားလည်သွားသော အရိပ်အယောင်များ ပေါ်လာသည်။ ပြီးနောက် ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားပြန်၏။ "ဒီဘက်က တောင်တွေမှာ ကျား ရှိလို့လား။"
"သခင်လေး ကျုပ်က ငွေတုံး ငါးဆယ်အတွက်နဲ့ ခင်ဗျားကို လိမ်ပြောစရာလား၊ ထွက်သွားစမ်း။" ဖန်ကျန်းရီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
စိန်လက်စွပ်ကို မြင်ဖူးသွားပြီဖြစ်ရာ ဆိုင်ရှင်မှာလည်း စိတ်အေးသွားပြီ ဖြစ်သည်၊ ဤမျှ ပိုက်ဆံသုံး ရက်ရောသော ဖောက်သည်ကြီးများကို မစော်ကားရဲပေ၊ နာမည်နှင့် နေရပ်လိပ်စာ အတိအကျ သိထားပြီးသားမို့ မြို့ထဲမှာ ပြေးစရာ မြေမရှိပါဘူးဟု တွေးကာ တောင်းပန်စကား ဆိုပြီး အောက်ထပ်သို့ ကမန်းကတန်း ဆင်းသွားလိုက်၏။
မျက်ရည်ဝဲနေဆဲ ဖြစ်သော ရွှေယီပိုင်ကို ကြည့်ပြီး ဖန်ကျန်းရီက သနားကြင်နာစွာဖြင့် သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီးနောက် ကျောပြင်ကိုပါ နှစ်ချက်လောက် ပွတ်ပေးလိုက်သည်။
ခေါင်းမှာ ဆီတွေ ကပ်နေတာပဲ။ ကြည့်ရတာ ရေမချိုးရတာ ရက်တော်တော် ကြာနေပြီနဲ့ တူတယ်။
ရွှေယီပိုင်ကို ထိုင်ခုံတွင် ပြန်ထိုင်စေပြီးနောက် ဖန်ကျန်းရီက ချန်တယ်ရှန်းကို လူရှင်းသော ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားကာ တိုးညင်းစွာ ပြောလိုက်၏။ "ဒီရက်ပိုင်း ယီပိုင်ကို သေချာ စောင့်ကြည့်ထားပေး၊ သူ စိတ်မကောင်း ဖြစ်နေတာကို နားလည်ပေးလို့ ရပါတယ်၊ မြို့တော်ကို ပြန်ရောက်ရင်တော့ အေးအေးချမ်းချမ်း ဖြစ်သွားမှာပါ။"
ချန်တယ်ရှန်းက တိုးညင်းစွာ မေးလိုက်သည်။ "သခင်လေးပြောတာ တကယ်ပဲလား၊ ချန်ကျန့်ကို တကယ် တွေ့ခဲ့တာလား။"
"အင်း .. ခင်ဗျားတို့ ချန် (ချီယန်) တိုင်းပြည်က မိန်းမစိုးတွေက တကယ် မလွယ်ဘူးနော်။ ဒုက္ခရောက်လို့ ထွက်ပြေးတဲ့သူက ပြေး၊ ပုန်ကန်တဲ့သူက ပုန်ကန် ... ကျွတ် ကျွတ် ကျွတ်။"
"သခင်လေး … ကျုပ်ကတော့ သခင်လေးအပေါ် သစ္စာရှိပါတယ်။"
အပိုင်း (၅၁၄) သခင်လေးအရက်။
လူတိုင်း ထမင်းစားနေကြစဉ် ဖန်ကျန်းရီက စားသောက်ဆိုင်မှ ထွက်ခွာလာခဲ့ပြီ ဖြစ်၏။
ယခု အရေးအကြီးဆုံးက ညီအစ်ကိုများအတွက် လှုပ်ရှားမှု ရန်ပုံငွေ ရှာဖွေရေးပင် ဖြစ်သည်။
နည်းလမ်းတွေ အများကြီး ရှိသော်လည်း သူ ကိုယ်တိုင် သိပ်မသုံးချင်ပေ၊ အဓိကကတော့ အကြိမ်တိုင်းမှာ ပြဿနာ တစ်ခုခု တက်ပြီး သတင်းကြီးသွားတတ်သောကြောင့်ကပင်။
ချူယိုယီကိုတော့ ထားလိုက်တော့၊ သူမဆီကနေ အစွမ်းကုန် ညှစ်ထုတ်ထားပြီးပြီမို့ ဘာမှ ရစရာ မရှိတော့ပေ။
ထို့အပြင် သိုးတစ်ကောင်တည်းထံမှသာ အမွေးများကို ပြောင်စင်သွားသည်အထိ နှုတ်ယူပစ်၍ မသင့်တော်ချေ။ မည်သို့ပင်ဆိုစေကာမူ ဖန်ကျန်းရီသည် ကိုယ်ပိုင်စည်းမျဉ်းရှိသော လူကောင်းတစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
ဒုတိယထပ်မှနေ၍ ချူယိုယီ ခေါက်ဆွဲစားပြီးသည်အထိ စောင့်ကြည့်နေခဲ့ပြီး သူမ ဟိုဟိုဒီဒီ လိုက်ကြည့်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီလည်း ခေါက်ဆွဲဆိုင်သို့ အမြန် ပြန်သွားလိုက်၏။
သူမဘေးတွင် ဝင်ထိုင်လိုက်သည်နှင့် ချူယိုယီက ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။ "ဘာလို့ မင်သွားဝယ်တာ ဒီလောက် ကြာနေတာလဲ။ စောစောက လမ်းမပေါ်မှာ သူတောင်းစားတွေ အများကြီး ဖြတ်သွားတာ ရှင် မမြင်လိုက်ဘူးလား … အရမ်း အံ့ဩစရာ ကောင်းတာပဲ။"
ဟုတ်တာပေါ့ ... သူတောင်းစားတွေကလည်း အစေခံမလေး ခေါက်ဆွဲစားနေတာကို မြင်သွားတာပဲလေ။
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်ပြီး ပြော၏။ "ဒုတိယသခင်မလေး … ဒီနေ့ ညနေတော့ အိမ်ကို ကိုယ်တိုင်ပဲ ပြန်လိုက်တော့နော်၊ ကျုပ်လိုက်မပို့တော့ဘူး။"
ချူယိုယီက မျက်လုံးပြူးကာ အံ့အားသင့်စွာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"
"သခင်မလေး ဝိတ်ကျဖို့ အောင်မြင်တော့မယ်လေ။ နောက်ဆုံး တည်ငြိမ်တဲ့ အဆင့်ကို ရောက်ဖို့ ဆေးမြစ်တချို့ ဖော်စပ်ဖို့ လိုတယ်၊ ဒါက ကျုပ်အိမ်က လျှို့ဝှက်ဖော်စပ်နည်းပဲ။ ဆေးဆိုင် တော်တော်များများကို သွားရှာဝယ်မှ ရမှာ။ ဒါနဲ့ နေအုံး … ပိုက်ဆံ ရှိသေးလား။"
ချူယိုယီက ခေါင်းငုံ့ကာ ပြားချပ်နေသော ပိုက်ဆံအိတ်လေးကို စမ်းကြည့်လိုက်ပြီးနောက် လက်ထဲရှိ သနားစရာ ကြေးပြားအနည်းငယ်ကို ယူပြကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ "အင်း ... ကျွန်မဆီမှာ ကြေးပြား နည်းနည်းပဲ ရှိတော့တယ်၊ အစောတည်းက သိရင် ကျန်တဲ့ပိုက်ဆံတွေကို အစ်မကို ပေးမလိုက်ပါဘူး။
ဒီနေ့ ယန်ချွန်းခေါက်ဆွဲပဲ စားတာဆိုတော့ ရှင့်ဆီမှာ ငွေနှစ်တေလ်းနီးပါးလောက် ကျန်နေသေးတယ် မဟုတ်ဘူးလား။ ဘာဆေးမို့လို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲ။"
ဖန်ကျန်းရီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချူယိုယီ၏ လက်ဝါးထဲမှ ကြေးပြားလေးများ အံ့ဖွယ်နည်းဖြင့် ပျောက်ကွယ်သွားသည်။
ထို့နောက် တည်ကြည်စွာဖြင့် ပြောလိုက်သည်။ "အင်း၊ ဒါပေါ့ .. အကောင်းဆုံး ဆေးမြစ်တွေလေ။ ငွေသိပ်မလောက်ပေမဲ့ ကျုပ်သွားပြီး ဈေးဆစ်ကြည့်လိုက်ပါ့မယ်။ ဒုတိယသခင်မလေး .. ဘာမှ စိတ်မပူနဲ့တော့။ ကျုပ်ဆေးကို သောက်ပြီး တစ်ခါတည်း အခြေခိုင်သွားတာနဲ့ ဒီတစ်သက် နောက်ထပ် ဝိတ်ချစရာ မလိုတော့ဘူး။ ပထမသခင်မလေး မြင်ရင်တောင် မနာလို ဖြစ်သွားမှာ။ သာမန်လူတွေကို ကျုပ်မပြောပြဘူးနော်၊ ကျုပ်အတွက် လျှို့ဝှက်ထားပေးဖို့တော့ မမေ့နဲ့။"
ချူယိုယီ ချက်ချင်းပင် မျက်နှာဝင်းပသွား၏။ "ကျေးဇူးတင်ပါတယ်။"
စားသောက်ဆိုင်၏ ဒုတိယထပ်တွင် တောက်ယွမ်ခရိုင်မှ လူတစ်စုက လက်ရန်းပေါ် မှီကာ စိတ်လှုပ်ရှားစွာဖြင့် လက်ညှိုးထိုး ပြနေကြသည်။
"ဟေ့ … ဟိုမှာ ကြည့်စမ်း၊ သခင်လေး မိန်းကလေး တစ်ယောက်နဲ့ တွဲနေတယ်။ ခရိုင်မှာ သခင်မလေး တစ်ယောက် ထပ်တိုးတော့မှာလား။"
"လျှောက်မပြောနဲ့။ ခရိုင်ထဲက သခင်မလေးက ရှောင်ထောင် မဟုတ်ဘူးလား။"
"ရှောင်ထောင်က သခင်လေးရဲ့ ညီမလေး မဟုတ်ဘူးလား။"
"တိုးတိုးလုပ်စမ်းပါ …. မိန်းကလေးပိုင်ရီ ဒီမှာ ရှိနေသေးတယ်။"
ရွှေယီပိုင်လည်း လက်ရန်းပေါ် မှီကာ မျက်ရည်စလေးဖြင့် ခေါက်ဆွဲဆိုင်ဘက်သို့ အနည်းငယ် သဝန်တိုသော အကြည့်ဖြင့် ကြည့်ကာ နှုတ်ခမ်းဆူလိုက်သည်။ "ဘာသခင်မလေးလဲ၊ ကြည့်ရတာ အစေခံမလေးရဲ့ အစေခံမလေးရဲ့ အစေခံမလေးနဲ့ တူတာ။"
...
ချူယိုယီ ကျောင်းတော်သို့ တစ်ယောက်တည်း ပြန်သွားပြီးနောက် ဖန်ကျန်းရီသည် လက်နှစ်ဖက် နောက်ပစ်ကာ လမ်းမပေါ်တွင် လျှောက်သွားနေသည်။ ငွေရှာမည့် လမ်းကြောင်းပေါ်သို့ အလွန် ပေါ့ပါးစွာဖြင့် ထွက်ခွာလာခဲ့၏။
ခဏမျှ လျှောက်သွားပြီးနောက် အရောင်အသွေး စုံလင်လှသော အဆောက်အအုံ တစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။
ထိုနေရာက တကယ့်ကို အချက်အချာကျသည့် နေရာပင်။
ပတ်ဝန်းကျင်မှာ အဆင့်မြင့် စားသောက်ဆိုင်တွေ အများကြီး ရှိသည့်အပြင် စာရေးကိရိယာဆိုင်တွေလည်း အများကြီး ရှိသောကြောင့် လာသော ဧည့်သည်တွေက ငွေသုံးနိုင်သူတွေ ဖြစ်ပြီး လူစည်ကားသော နေရာဆိုတာ သိသာ၏။
အပေါ်ကို မော့ကြည့်လိုက်တော့ ကြီးမားသည့် ဆိုင်းဘုတ်ကြီးပေါ်မှာ ‘ချွန်းယွီရုံ’ ဆိုသည့် စာလုံးကြီး သုံးလုံး ရေးသားထားသည်။
ဒီနေ့တော့ အရင်နည်းလမ်းဟောင်းကို ပြန်သုံးရတော့မှာပဲ။
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်ပြီး ခြေလှမ်းရွှေ့ကာ အထဲသို့ ဝင်သွားလိုက်၏။
အချိန်က ပြည့်တန်ဆာရုံ မဖွင့်သေးသည့် အချိန်ဖြစ်သော်လည်း ကံကောင်းစွာနှင့် တံခါးက ပွင့်နေသည်။ မီးမထွန်းထားတာကြောင့် အထဲမှာ နည်းနည်းတော့ မှောင်နေသည်။
ဖန်ကျန်းရီက ဧည့်ခန်းထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး နေရာလွတ်တစ်ခုကို ရွေးထိုင်ကာ ယပ်တောင်ကို ခတ်ရင်း စောင့်နေလိုက်၏။
သိပ်မကြာခင်မှာပင် စားပွဲထိုးလေးက ဖန်ကျန်းရီကို သတိထားမိသွားပြီး အနားကပ်လာကာ နှုတ်ဆက်လိုက်သည်။ "သခင်လေး .. ကောင်မလေးတွေ အကုန်လုံး အိပ်နေကြတုန်းပဲ၊ သခင်လေး လာတာ နည်းနည်း စောနေတယ်။"
ဖန်ကျန်းရီက ထိုင်ခုံကို မှီကာ မျက်လုံးမှိတ်ထားရင်း ပျင်းရိစွာ ပြောလိုက်၏။ "အင်း ... ခင်ဗျားတို့ ပြည့်တန်ဆာခေါင်းကို သွားခေါ်လိုက်၊ သခင်လေး ကျုပ်က နေ့လယ်ဘက်မှ သဘောကျတာ၊ ညဘက်ဆိုရင် အဲဒီအရသာမျိုး မရဘူး။"
ဘာ ထူးဆန်းတဲ့ အကျင့်ကြီးလဲ။
စားပွဲထိုးလေးမှာ မျက်နှာ တောင့်တင်းသွားပြီး ဘာလုပ်ရမှန်းမသိဖြစ်ကာ ပြည့်တန်ဆာခေါင်းကို အမြန် သွားခေါ်လိုက်သည်။
အခန်းထဲမှာ အနားယူနေသည့် မေမေကြီးက သတင်းကြားသည်နှင့် ချက်ချင်း အမြန် ဆင်းလာခဲ့၏။
ဒုတိယထပ်ကို ရောက်သည့်အခါ မေမေကြီးက လက်ရန်းပေါ်ကနေ ဖန်ကျန်းရီကို လှမ်းကြည့်လိုက်သည်။ ခဏလောက် အကဲခတ်ကြည့်ပြီးနောက်မှာ စိတ်ထဲမှာ အံ့ဩသွားသည်။
သူဌေး၊ တကယ့် သူဌေးကြီးပဲ။ ဤအလုပ်ကို လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သောကြောင့် ဧည့်သည် ဘယ်လို အဆင့်အတန်းလဲဆိုသည်ကို သူ တစ်ချက်ကြည့်ရုံနှင့် သိ၏။
သူ့ရှေ့က သခင်လေးက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပေမဲ့ မျက်နှာထားနဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် သာမန်လူ မဟုတ်ဘူးဆိုတာ သေချာတယ်။ သူဌေးဖြစ်တာကတော့ သေချာတယ်၊ ဒါပေမဲ့... ဘာလို့ ဆင်းရဲတဲ့ အငွေ့အသက်တွေ ရောနေရတာလဲ ... ထူးဆန်းလိုက်တာ။
မေမေကြီးလည်း အများကြီး မစဉ်းစားနိုင်တော့ဘဲ ဖန်ကျန်းရီဆီကို အပြေးအလွှား သွားကာ မြှောက်ပင့်သော အပြုံးဖြင့် ပြောလိုက်၏။ "သခင်လေး .. သခင်လေး လာတာ အရမ်းစောလွန်းနေတယ်၊ ကောင်မလေးတွေတောင် မနိုးကြသေးဘူး။"
ဖန်ကျန်းရီက မျက်လုံးကို အနည်းငယ် ပင့်ကြည့်ကာ မေးလိုက်သည်။ "ဒါဆို ကျုပ်ပြန်ရမလား။"
သာမန်မဟုတ်ဘူး။ ကြည့်လေ သာမန်မဟုတ်လေပဲ၊ ပွဲကြီး တစ်ပွဲတော့ ရတော့မယ် ထင်တယ်။
မေမေကြီးက အလျင်အမြန် ဖော်ရွေစွာဖြင့် ပြောလိုက်သည်။ "ရောက်လာမှတော့ ဘယ်လိုလုပ် ပြန်လွှတ်လို့ ဖြစ်မလဲ။ ကျွန်မ သွားပြီး ကောင်မလေးတွေကို သွားနှိုးလိုက်ပါ့မယ်။"
"နေအုံး … နာမည်ကြီးတဲ့ ကောင်မလေးတွေကိုပဲ လိုချင်တယ်၊ သူတို့ကို မိတ်ကပ် မလိမ်းခိုင်းနဲ့နော်။ သခင်လေး ကျုပ်က သဘာဝအတိုင်းလေးတွေကိုပဲ ကြည့်ချင်တာ။"
"ဟုတ်ကဲ့၊ စိတ်ချပါရှင်။"
သိပ်မကြာခင်မှာပဲ လှပစွာ ဝတ်ဆင်ထားသည့် ကောင်မလေး တစ်စု ဖန်ကျန်းရီရှေ့ကို ရောက်လာကြသည်၊ သို့ပေမည့် အခုမှ နိုးသောကြောင့် စိတ်က နည်းနည်းတော့ လန်းဆန်းပုံ မရချေ။
ဖန်ကျန်းရီက ယပ်တောင်ကို ပိတ်လိုက်ပြီး လက်ဝါးပေါ်ကို ခပ်ပြင်းပြင်း ရိုက်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ "အားလုံး တက်ကြွကြစမ်း။"
ကောင်မလေးများ ချက်ချင်း သတိဝင်သွားကြပြီး နေရာတွင်ပင် မတ်မတ် ရပ်လိုက်ကြသည်။
မေမေကြီးလည်း သူ့လုပ်ရပ်ကြောင့် ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး အရှက်ပြေ ရှေ့တိုးကာ မေးလိုက်၏။ "သခင်လေး .. သူတို့ အခုမှ နိုးတာမို့လို့ပါ၊ သခင်လေး ဘယ်ကောင်မလေးကို သဘောကျလဲ ရှင်။"
"အင်း၊ မလောနဲ့အုံး … ကျုပ်သေချာ ကြည့်ပါရစေ။ အရင်ဆုံး သူတို့ကို အကတစ်ပုဒ် ကခိုင်းလိုက်။"
မေမေကြီးက စင်ပေါ်သို့ လက်ယပ်ခေါ်လိုက်ပြီး ပြောလိုက်သည်။ "သမီးတို့၊ ကပြလိုက်ကြ၊ သခင်လေးက ကြည့်နေတယ်နော်။"
ကောင်မလေးများက စိတ်မပါ့တပါဖြင့် စတင် ကပြကြ၏။
ဖန်ကျန်းရီက လက်ပိုက်ကာ ရပ်ကြည့်နေလိုက်၏။
တစ်ဝက်လောက် ရောက်တော့ မေးလိုက်သည်။ "ခြေကားတတ်တဲ့သူ ရှိလား။"
"ရှိတာပေါ့ရှင်။ သခင်လေးကို မြန်မြန် ခြေကားပြီး ပြလိုက်ကြ။"
ကောင်မလေးတွေထဲမှ သုံးယောက်က ခြေထောက်ကို ခေါင်းပေါ်အထိ မြှောက်ပြလိုက်ရာ ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။
"ဒီသုံးယောက်ကို ထားခဲ့ .. ကျန်တဲ့သူတွေ သွားတော့။"
ဒီကောင်လေးက တစ်ခါတည်း သုံးယောက်တောင် ယူမယ်လို့ မထင်ထားဘူး။ အမြင်နဲ့ မတူဘူးပဲ၊ ဒီလောက်တောင် သန်မာတာလား။
မေမေကြီးက အံ့ဩစွာဖြင့် မေးလိုက်သည်။ "ဒီသုံးယောက်လုံးကို ယူမလို့လား ရှင်။"
"အရင် ချန်ထားခဲ့၊ နောက်တစ်သုတ် ထပ်ခေါ်ခဲ့။" ဖန်ကျန်းရီက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
မေမေကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကို သပ်ပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ရှင်။"
ထို့နောက် နောက်ထပ် ကောင်မလေး တစ်သုတ် ထပ်ရောက်လာပြီး ထိုနည်းတိုင်ပင် ရွေးချယ်လိုက်ရာ နောက်ဆုံးတွင် စင်ပေါ်၌ လူငါးယောက်သာ ကျန်တော့၏။
ဖန်ကျန်းရီက ကောင်မလေး ငါးယောက်၏ မျက်နှာများကို သေချာစွာ အကဲခတ်ကြည့်ပြီးနောက် "ပထမတစ်ယောက် နဲ့ ပဉ္စမတစ်ယောက် မလိုချင်ဘူး။"
နှစ်ယောက် ပြုတ်သွားပြီ။
မေမေကြီးမှာ ဘာလုပ်ရမှန်းမသိဖြစ်ကာ စင်ပေါ်သို့ လက်ကာပြလိုက်ရာ ကောင်မလေး နှစ်ယောက်က မျက်မှောင်ကုတ်ကာ ထွက်သွားကြ၏။
ဒီလောက် ဂျီးများတဲ့ ဧည့်သည်မျိုး တစ်ခါမှ မမြင်ဖူးဘူး။
"ကျန်တဲ့သုံးယောက်၊ စကတ်ကို နည်းနည်း မတင်လိုက်၊ ခြေထောက်ကို ကြည့်မယ် ... အင်း .. အလယ်က တစ်ယောက် မလိုချင်ဘူး၊ ပြုတ်ပြီ။
မင်းတို့နှစ်ယောက် စကတ်ကို နည်းနည်း ပိုမတင်လိုက် … ဖိနပ်ချွတ်၊ ပြီးရင် အကတစ်ပုဒ် ထပ်ကပြ။" ဖန်ကျန်းရီက ဆက်တိုက် ညွှန်ကြားနေသည်။
ဘေးနားရှိ မေမေကြီးကတော့ အနည်းငယ် စိတ်မရှည်ဖြစ်လာ၏။ "သခင်လေး၊ သခင်လေးက ဘာလုပ်ချင်လို့လဲ ရှင်။"
"ဘာလုပ်ရမလဲ။ အကောင်းဆုံးတွေထဲက အကောင်းဆုံးကို ရွေးရမှာပေါ့။ သခင်လေး ကျုပ်သဘောကျရင် မိတ်ဆွေတွေကိုပါ ဒီကို လာဖို့ မိတ်ဆက်ပေးအုံးမှာ၊ ခင်ဗျားတို့ ပိုက်ဆံ အများကြီး ရဖို့သာ ပြင်ထားတော့။"
ထိုစကားကို ကြားသောအခါ မေမေကြီးမှာ အရှက်ပြေ ပြုံးပြပြီး ဘေးသို့ဆုတ်ကာ သူ့သဘောအတိုင်း လုပ်ခွင့်ပြုလိုက်ရသည်။
မိနစ်အနည်းငယ်ကြာ ကပြပြီးနောက် ကောင်မလေး နှစ်ယောက်မှာ အမောတကောဖြင့် နေရာတွင် ရပ်နေကြ၏။
"ခြေထောက်ကို မြှောက်လိုက်။"
ကောင်မလေး နှစ်ယောက်က ခြေထောက်ကို မြှောက်ပြလိုက်ရာ မည်းညစ်နေသော ခြေဖဝါးများကို တွေ့လိုက်ရသဖြင့် ဖန်ကျန်းရီက မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဒါဘာကြီးလဲ။ ဒါဘာကြီးလဲ။ ခင်ဗျား တို့ ချွန်းယွီရုံက သန့်ရှင်းရေးတောင် သေချာ မလုပ်ဘူးလား။ ဧည့်သည်တွေ အစာအိမ်ရောဂါ ရရင် ခင်ဗျား တို့ တာဝန်ယူမှာလား။"
လက်သည်းဆိုးဆေး မရှိသည့် ခေတ်ကို ရောက်လာတာတောင်မှ သန့်ရှင်းရေးက ဒီလောက်တောင် ညံ့နေရလား။
အရူးတွေလား မသိဘူး။
မေမေကြီးက ချွေးစေးများကို သုတ်ကာ ရှေ့တိုးပြီး ရှင်းပြလိုက်၏။ "သခင်လေး …. သူတို့ အခန်းပြန်ရောက်ရင် ဆေးကြောပါလိမ့်မယ် ရှင်။"
ဖန်ကျန်းရီ၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားပြီး မေးလိုက်သည်။ "အင်း၊ ဘယ်ဘက်က တစ်ယောက်က ခြေဖဝါးခုံး အရမ်းနိမ့်တယ်၊ ခြေချောင်းတွေကလည်း တိုပြီး ဝတယ်၊ မလိုချင်ဘူး။ ညာဘက်က တစ်ယောက် နာမည်ဘယ်လိုခေါ်လဲ … ဘာအရည်အချင်းတွေ ရှိလဲ။"
မေမေကြီးက လက်မထောင်ပြကာ ချီးကျူးလိုက်၏။ "သခင်လေးက တကယ်ကို ကျွမ်းကျင်တာပဲ၊ သူ့နာမည်က စုရှို့အာပါ။ စောင်းတီးတတ်တယ်၊ စစ်တုရင် ကစားတတ်တယ်။"
"အင်း .. မဆိုးဘူး။ တကယ် မဆိုးဘူး၊ ဒါပေမဲ့ ဒီနေ့ သခင်လေး ကျုပ်စိတ်မပါတော့ဘူး၊ ခင်ဗျားတို့ သန့်ရှင်းရေး သေချာ လုပ်ထားကြ၊ ကျုပ် မနက်ဖြန်မှ ပြန်လာခဲ့မယ်။" ဖန်ကျန်းရီက ပြောပြီးသည်နှင့် ထရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
မေမေကြီးက အလျင်အမြန် ရှေ့တိုးကာ ဆော်ဩလိုက်၏။ "သခင်လေးရယ်၊ သခင်လေး ရွေးနေတာလည်း ကြာပြီဆိုတော့၊ သူ့ကိုပဲ ယူလိုက်ပါလား ရှင်။"
"ကျုပ်ပြောပြီးပြီလေ။ မနက်ဖြန်မှ ပြန်လာမယ်လို့။"
ဖန်ကျန်းရီ၏ လေသံက အနည်းငယ် ပြတ်သားနေသည်ကို ကြားသောအခါ မေမေကြီးမှာ အသက်ရှူရပ်သွားပြီး အတင်းပြုံးကာ မေးလိုက်၏။ "ဒါဆို သခင်လေးရဲ့ နာမည်ကို သိခွင့်ပြုပါလား ရှင်၊ ရှို့အာကို သခင်လေးအတွက် စောင့်နေခိုင်းပါ့မယ်။"
ဖန်ကျန်းရီက အနောက်သို့ လှည့်ကာ မာယာပါပါ ပြုံးလိုက်ပြီး "စောင့်နေစရာ မလိုပါဘူး။ သခင်လေး ကျုပ်က အရက်ကြိုက်တယ်။ သိုင်းလောကမှာ ကျုပ်ကို ... အရက်နတ်ဆိုးလို့ ခေါ်ကြတယ်။"