အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆) ချင်လော့ကို လိုက်လံဖမ်းဆီးခြင်း၊ စစ်ကူများ ရောက်ရှိလာခြင်း
"အရှင်မင်းသား... နတ်ဆိုးနှိမ်နင်းရေးဌာန တပ်ဖွဲ့ ၁၀ ရဲ့ တပ်မှူးချုပ်က အနီးအနားမှာ ရှိနေပါတယ်"
စစ်သူကြီး ကျန်းတိုက ချင်လော့၏ဘေးမှနေ၍ သတိပေးလိုက်၏။
"ကောင်းပြီ... စကားတွေ များမနေနဲ့တော့... မြန်မြန် ထွက်သွားကြစို့... မဟုတ်ဘူး... မြန်မြန် ထွက်ပြေးကြစို့"
ချင်လော့က အာရုံစိုက်ခံရမည်ကို ကြောက်ရွံ့စွာဖြင့် သတိထားကာ ပြောဆိုလိုက်သည်။
စစ်သူကြီး ကျန်းတိုနှင့် အခြားသူများ အံ့အားသင့်သွားကြသော်လည်း နာခံမှုက သူတို့၏ အကြီးမားဆုံး အားသာချက်ပင် ဖြစ်လေသည်။
မင်းက လူတွေ အများကြီးကို သတ်ခဲ့ပြီး ဒီအတိုင်း ထွက်ပြေးလို့ ရမယ်လို့ ထင်နေတာလား...
"ဇီရှောင်သူတော်စင်သားတော် က မဟာချင်အင်ပါယာရဲ့ ချင်လော့ လက်ချက်နဲ့ သေသွားတာ"
"ချန်းရှန်းသူတော်စင်သားတော်လည်း ချင်လော့လက်ချက်နဲ့ သေသွားတာ"
"လျှို့ဝှက်မြူခိုးသူတော်စင်သားတော်လည်း ချင်လော့လက်ချက်နဲ့ သေသွားတာ"
"နှင်းလမင်းနန်းတော်က သူတော်စင်မလေးလည်း ချင်လော့လက်ချက်နဲ့ သေသွားတာ"
စွပ်စွဲချက်များက နောက်ဆုံးတွင် ထိုလူများကို လီရှောင်၏ အခြေအနေမှ သတိပြန်ဝင်လာစေခဲ့ပေ၏။
လူအများအပြား၏ အာရုံက ချင်လော့အပေါ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"ချင်လော့က ဒီမှာပဲ.. တားထားကြ!"
"ချင်လော့.... မင်းက ငါ့ရဲ့ မြင့်မြတ်နယ်မြေက သူတော်စင်မလေးကို သတ်ခဲ့တယ်ပေါ့လေ... သေစမ်း!"
အမည်တပ် စွပ်စွဲချက်များက ရုတ်တရက် ဆယ်ခုကျော်အထိ တိုးလာခဲ့လေသည်။
စစ်သူကြီး ကျန်းတိုနှင့် လျိုကျင်းကျင်းတို့က ချင်လော့ အဘယ်ကြောင့် ဤမျှ မြန်မြန် ထွက်ပြေးရသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ကြ၏။
ချင်လော့သည် ကောင်းကင်နှင့် မြေကြီး တို့ကိုပါ ဒေါသထွက်စေမည့် လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပေသည်။
ကံကောင်းစွာဖြင့် ချင်လော့က ထိုထိပ်တန်း လျှို့ဝှက်တပည့်များကို မသတ်ခဲ့ချေ။
မဟုတ်လျှင် ဤသည်က အများကြီး ပိုကြီးမားသော ပြဿနာတစ်ခု ဖြစ်လာမည် ဖြစ်လေသည်။
"ချင်လော့က လူအများကြီးကို သတ်ခဲ့တယ်... ငါလည်း သူ့လက်ချက်နဲ့ သေလုနီးပါး ဖြစ်ခဲ့ရတယ်... စီနီယာအစ်မရှန်သာ မရှိရင်... အား!... ငါ သူ့ကို မုန်းတယ်!... ငါ လင်းဟောက် အခု ကျိန်ဆိုတယ်!... ဒီဘဝမှာ လီရှောင်ကို မသတ်နိုင်ရင် ငါ လူမလုပ်တော့ဘူး!"
လင်းဟောက်၏ အချိန်ကိုက် သရုပ်ဆောင်မှုက လီရှောင်သည် ရှန်ချင်းယန်ကို သတ်ခဲ့ကြောင်း လူအများကို ပို၍ပင် ယုံကြည်သွားစေခဲ့ပေ၏။
"သွားစို့!... မြန်မြန် လုပ်!"
ချင်လော့က တိုက်တွန်းလိုက်သည်။
လျိုကျင်းကျင်းက ချင်လော့ကို အစွမ်းကုန် ဆွဲယူကာ အမြင့်ဆုံး အမြန်နှုန်းဖြင့် ရွေ့လျားသွားခဲ့၏။
"အနောက်က လူတွေကို မင်းတို့ တားထားလိုက်"
လျိုကျင်းကျင်းက အခြားသူများကို ညွှန်ကြားလိုက်ပြီး ထပ်မံ ပြောဆိုလိုက်သည်။
ချင်လော့ဘက်တွင် သူတော်စင် အတော်များများ ရှိနေသဖြင့် လိုက်လံဖမ်းဆီးသူများကို တားဆီးရန် သူတို့ စီမံနိုင်ပေသည်။
'ဝှစ်!'
ချင်လော့နှင့် သူ၏ အဖွဲ့က မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် အဝေးသို့ ထွက်ပြေးသွားကြလေသည်။
တခြားတစ်ဖက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လီယီနှင့် တွေ့ဆုံပြီး ချင်လော့၏ ဦးတည်ရာဘက်သို့ သွားနေပြီ ဖြစ်ပေ၏။
ချင်လော့ ပြေးလာသည်ကို မြင်ချိန်၌ လီယီက ချက်ချင်း အော်ဟစ်လိုက်သည်။
"ဒုတပ်မှူးချုပ်... တပ်မှူးချုပ်ရန် ရောက်လာပြီ"
နတ်ဆိုးနှိမ်နင်းရေးဌာန တပ်ဖွဲ့ ၁၀ ရဲ့ တပ်မှူးချုပ် ရန်ထျန်းရှင်းသည် သူတော်စင်ဘုရင်အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သည်။
မဟာသူတော်စင်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့ပေ၏။
"ငါတို့ ဒီဘိုးဘေးနဲ့ နောက်ဆုံးတော့ တွေ့ပြီပဲ... ဒီတစ်ကြိမ်တော့ ဘာပဲဖြစ်ဖြစ် သူ့ကို ငါတို့ ပြန်ခေါ်သွားရမယ်"
ပူးတွဲ စစ်ဆေးမေးမြန်းရန်အတွက်ဖြစ်စေ၊ အခြား အကြောင်းအရာတစ်ခုအတွက်ဖြစ်စေ ရန်ထျန်းရှင်း ဂရုမစိုက်ခဲ့ချေ။
မည်သို့ပင်ဖြစ်စေ ချင်လော့ကို တောင်တန်းတစ်သောင်းနယ်မြေတွင် ဆက်လက် သောင်းကျန်းခွင့် မပြုနိုင်တော့ပေ။
ရန်ထျန်းရှင်း ပေါ်လာသည်ကို မြင်ချိန်၌ ချင်လော့၏ မျက်လုံးများ တောက်ပသွားပြီး သူက ချက်ချင်း ပြောဆိုလိုက်၏။
"တပ်မှူးချုပ်ရန်... ခင်ဗျား လာတာ အချိန်ကိုက်ပဲ... ဝူယွမ်စစ်သူကြီးစံအိမ်က မိသားစုဝင်တွေ အသတ်ခံရမှုနဲ့ မဟာချင်အင်ပါယာရဲ့ ပြည်တွင်းမိသားစုတွေ ပူးပေါင်းပြီး ပုန်ကန်ဖို့ ကြိုးစားနေတဲ့ အထောက်အထား အများကြီးကို တောင်တန်းတစ်သောင်းနယ်မြေရဲ့ လျှို့ဝှက်ချက်တွေထဲကနေ ငါ ရလာခဲ့တယ်"
ဤစကားကို ကြားချိန်၌ ရန်ထျန်းရှင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူက စိတ်ထဲမှ တွေးလိုက်သည်။
"အခုထိ အမှုအကြောင်း ပြောနေတုန်းလား... မင်းကိုယ်တိုင်တောင် ပြဿနာ အကြီးကြီးထဲ ရောက်နေတာကို"
"သူတို့က အခု ငါ့ကို လိုက်ဖမ်းနေကြတယ်... တပ်မှူးရန်... ကျေးဇူးပြုပြီး ငါ့အတွက် သူတို့ကို တားထားပေးပါ"
ဤသည်ကို ကြားချိန်၌ ရန်ထျန်းရှင်း မျက်မှောင်ကြုတ်သွားခဲ့၏။
မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါးကို လိုက်လံဖမ်းဆီးနေတာလား...
"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ!"
ယခင်ကိစ္စများကို အတွင်းကျကျ သူ မသိရှိခဲ့ကောင်း မသိရှိနိုင်သော်လည်း ယခုအခါ ဤကိစ္စနှင့် သူ ကြုံတွေ့နေရပြီဖြစ်ရာ မဟာချင်အင်ပါယာ၏ လက်အောက်ခံ တစ်ဦးအနေဖြင့် သူက သဘာဝကျကျ ဝင်ရောက်စွက်ဖက်ရမည် ဖြစ်လေသည်။
"စိတ်ချပါ အရှင်မင်းသား... ကျွန်တော် ရှိနေသရွေ့ ဘယ်သူမှ အရှင်မင်းသားကို ထိခိုက်အောင် လုပ်လို့ မရစေရဘူး"
သူ၏ စကားများက ယုံကြည်မှုများ ထုတ်လွှတ်နေခဲ့၏။
သူသည် သူတော်စင်ဘုရင်အဆင့် ဖြစ်လေသည်။
မဟာသူတော်စင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေ၏။
မဟာသူတော်စင်တစ်ပါးက ဝင်ရောက်စွက်ဖက်မည်ဆိုလျှင်ပင် သူက တားဆီးနိုင်စွမ်း ရှိသေးသည်။
ချင်လော့ကို လိုက်လံဖမ်းဆီးမည့် မဟာသူတော်စင် ဟုတ်လား... အဲဒါက ရယ်စရာပဲ... မဟာသူတော်စင်က လူတစ်ယောက်ကို လိုက်လံဖမ်းဆီးစရာ လိုသေးလို့လား...
ရန်ထျန်းရှင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး မဝေးလှသော နေရာမှ လာနေသည့် အငွေ့အသက်များကို ချက်ချင်း ခံစားလိုက်ရ၏။
သူက လေးနက်သော အသံဖြင့် ဟစ်အော်လိုက်သည်။
"ငါ့ရဲ့ မဟာချင်အင်ပါယာ မင်းသားကို ဘယ်သူက လိုက်လံဖမ်းဆီးရဲတာလဲ"
"အခုချက်ချင်း ဆုတ်ခွာသွားကြ!... မဟုတ်ရင် ငါ ရန်ထျန်းရှင်းက ဒီနေ့ မင်းတို့အားလုံးကို သေချာပေါက် သတ်မယ်!"
ဓားမောက်တစ်လက်ကို ကိုင်ဆောင်ထားသော ရန်ထျန်းရှင်းသည် လေထဲသို့ ခုန်တက်ကာ အငွေ့အသက်များကို အသုံးပြု၍ ကြီးမားသော စွမ်းအားကို ပြသလိုက်လေသည်။
"ခဏလောက် ရပ်ပါဦး!"
ချင်လော့က တိုးတိတ်စွာ ပြောဆိုလိုက်၏။
"ငါတို့ အကုန်လုံးကို တစ်စုတည်း ဖြေရှင်းပစ်လို့ ရမလား"
ချင်လော့၏ မျက်လုံးများအတွင်း ရူးသွပ်မှုအရိပ်အယောင်များ တောက်လောင်နေခဲ့သည်။
စုချန်ချန်နှင့် ယဲ့လန်တို့မှာလည်း အမှောင်ထုအတွင်း တိတ်တဆိတ် ပုန်းအောင်းနေကြ၏။
လိုက်လံဖမ်းဆီးနေသော သူများအားလုံးကို သုတ်သင်ရှင်းလင်းပြီးနောက် ရန်ထျန်းရှင်းကို သူတို့၏ လက်အောက်သို့ ခေါ်ဆောင်လာနိုင်မည်ဆိုလျှင် ဤမတာဝန်မှာ ပြီးပြည့်စုံသွားလိမ့်မည်။
'ဘုန်း!' 'ဘုန်း!'
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ကျဆင်းလာပြီး စုစုပေါင်း သူတော်စင် ဆယ့်ငါးပါးနှင့် သူတော်စင်ဘုရင်အဆင့် တန်ခိုးရှင် ငါးဦး ပါဝင်လေသည်။
ရန်ထျန်းရှင်း၏ အမူအရာက ချက်ချင်း အေးခဲသွားခဲ့၏။
သူ မျှော်လင့်ထားသည့်အတိုင်း မဟာသူတော်စင်အဆင့် ကျင့်ကြံသူများမှာ ချင်လော့ကို လိုက်လံဖမ်းဆီးရန် ရောက်မလာခဲ့ကြချေ။
သို့သော် သူတော်စင် ဆယ့်ငါးဦး နှင့် သူတော်စင်ဘုရင်အဆင့် ငါးဦး ရှိနေကြောင်းကိုတော့ မည်သူမျှ သူ့အား ကြိုတင် မပြောခဲ့ကြပေ။
သူသည် တစ်ယောက်တည်းဖြင့် သုံးယောက်ကို ရင်ဆိုင်နိုင်စွမ်း ရှိသည်ဆိုသည့်တိုင် ထိုအင်အားကို ရင်ဆိုင်ရန် သူကဲ့သို့သော လူ ခြောက်ယောက်၊ ခုနစ်ယောက်ခန့် လိုအပ်နေဦးမည် ဖြစ်သည်။
သူက ချင်လော့ကို လှည့်ကြည့်လိုက်ရာ သူ၏ အမူအရာက အနည်းငယ် နာကြည်းနေခဲ့ပေ၏။
"ချင်လော့က ငါ့တို့ရဲ့ သူတော်စင်သားတော် ကို အကြောင်းပြချက် မရှိဘဲ သတ်ခဲ့တယ်... မဟာချင်အင်ပါယာက ရှင်းလင်းချက်တစ်ခု ပေးရမယ်!"
"မှန်တယ်... ဒါက တောင်တန်းတစ်သောင်းနယ်မြေပဲ... မင်းတို့ရဲ့ မဟာချင်အင်ပါယာ မဟုတ်ဘူး... မင်းတို့ရဲ့ စိတ်ကြိုက် လုပ်ရပ်တွေကို တောင်တန်းတစ်သောင်းနယ်မြေက ဂိုဏ်းတွေအားလုံး လက်ခံမှာ မဟုတ်ဘူး!"
မြင့်မြတ်နယ်မြေကပင် သဘောတူမည် မဟုတ်ချေ။
"ငါ့တို့ရဲ့ မြင့်မြတ်နယ်မြေက သူတော်စင်မလေးကို သတ်ခဲ့တယ်... ချင်လော့ သေရမယ်!"
အချို့သော စိတ်မြန်သူများက ချင်လော့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် အလောတကြီး ဖြစ်နေကြပြီ ဖြစ်လေသည်။
ရန်ထျန်းရှင်း လုံးဝ ကြက်သေသေသွားခဲ့၏။
ဤလူများ ပြောနေသည်ကို အကဲခတ်ကြည့်ရလျှင် ချင်လော့သည် သူတော်စင်သားတော် နှင့် သူတော်စင်မလေး အများအပြားကို အစုလိုက်အပြုံလိုက် ရှင်းပစ်ခဲ့ပုံရလေသည်။
ဒါက ဒေါသနဲ့ မုန်းတီးမှုတွေ ဒီလောက်တောင် ဖြစ်ပေါ်လာတာ အံ့သြစရာ မဟုတ်တော့ဘူး...
"အရှင်မင်းသား... အဲဒါက တကယ်လား"
ရန်ထျန်းရှင်းက တံတွေးမြိုချလိုက်ပြီး သတိထားကာ မေးမြန်းလိုက်သည်။
ချင်လော့က ခေါင်းခါယမ်းလိုက်ပြီး ဖြောင့်မတ်စွာ ပြောဆိုလိုက်၏။
"ချောက်ချတာ!... အဲဒါ သက်သက် ချောက်ချတာ!"
"အဓိပ္ပာယ်မရှိတာ... ဒါက မူလမြင့်မြတ်နယ်မြေ သူတော်စင်သား ကိုယ်တိုင်က ပြောခဲ့တာလေ... ဘယ်လိုလုပ် မှားနိုင်မှာလဲ”
"မှန်တယ်... လွတ်လပ်ပေါ့ပါးခြင်းဂိုဏ်းက သူတော်စင်သားတော် ကလည်း ခုနကတင် သက်သေထွက်ဆိုခဲ့တာပဲ"
"ပြီးတော့ ဇီယွင်မျှော်စင်က သူတော်စင်မလေးကလည်း မင်းက ငါ့ဂိုဏ်းက သူတော်စင်မလေးကို သတ်ခဲ့တယ်လို့ ပြောတယ်"
သူတို့အားလုံးက ဖြောင့်မတ်သော ဒေါသများဖြင့် ပြည့်နှက်နေပြီး တောက်လောင်နေကာ ချင်လော့ကို ဤနေရာတွင်ပင် သတ်ပစ်ချင်နေကြလေသည်။
ချင်လော့က တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"သူတို့က ငါ လူသတ်တယ်လို့ ပြောပြီး ငါက တစ်ယောက်မှ မသတ်ဘူးလို့ ပြောတယ်... ဘာလို့ မင်းတို့က ငါ့အစား သူတို့ကို ယုံကြည်ဖို့ အတင်း လုပ်နေကြတာလဲ"
"ဟက်"
သူတော်စင်တစ်ပါးက လှောင်ပြောင်လိုက်သည်။
"ချင်လော့... မင်း ကောင်းကင်သစ္စာဆိုရဲလား!"
"ဘာလို့ မဆိုရဲရမှာလဲ!"
ချင်လော့က အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ပြန်လည်ဖြေကြားလိုက်၏။
"တကယ်လို့ အဲဒီလူတွေကို ငါ သတ်ခဲ့တယ်ဆိုရင် ကောင်းကင်တာအိုက မိုးကြိုးကပ်ဘေးချပြီး ငါ့ကို နေရာတင် သတ်ပါစေလို့ ငါ ချင်လော့ အခု ကျိန်ဆိုတယ်"
ချင်လော့က တကယ် လုပ်ရဲလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။ ယင်းက ချင်လော့၏ လူများပင် အံ့အားသင့်သွားခဲ့ကြ၏။
ဤအခိုက်အတန့်တွင် သူတို့က "ဒါ ဖြစ်နိုင်လား"
ဟု သူတို့ဘာသာ မေးခွန်းထုတ်မိကြလေသည်။
အရှင်မင်းသားက အဲဒီသူတော်စင်တွေနဲ့ သူတော်စင်မလေးတွေကို တကယ် မသတ်ခဲ့တာလား...
'ဘုန်း!'
မွန်းကျပ်နေသော မိုးကြိုးသံတစ်ခု ကောင်းကင်ထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။
တစ်စုံတစ်ယောက်က သစ္စာဆိုမှု ပြည့်ဝသွားပြီဟု ပြောရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် မိုးကြိုးတိမ်တိုက်များပင် ဖြစ်ပေါ်မလာနိုင်ခဲ့ချေ။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချင်လော့က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ကဲ... ငါ ကောင်းကင်သစ္စာ ဆိုပြီးပြီဆိုတော့ ငါ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ပြီ မလား"
သူတို့က အချင်းချင်း တိတ်ဆိတ်စွာ ကြည့်လိုက်ကြ၏။
ချင်လော့၏ အပြစ်ကင်းစင်မှုကို ဒီလိုပဲ သက်သေပြနိုင်သွားပြီလား... လုံးဝ အဲဒီလို မဟုတ်သလိုပဲ...
တစ်စုံတစ်ယောက်က ချက်ချင်း စကားပြောလာခဲ့သည်။
"ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးရမယ်... ချင်လော့... မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်"
"မှန်တယ်... ချင်လော့ ဒီနေ့ ထွက်သွားလို့ မရဘူး... တောင်တန်းတစ်သောင်းနယ်မြေရဲ့ လျှို့ဝှက်ချက်တွေ အားလုံးရဲ့ စီရင်မှုကို သူ ခံယူရမယ်”
တင်းမာမှုများ မြင့်တက်လာပြီး စစ်ပွဲက မလွဲမသွေ ဖြစ်လာတော့မည့် အခြေအနေပင်။
ဤအရေးကြီးသော အခိုက်အတန့်တွင် အိုမင်းသော်လည်း ခွန်အားများ ပြည့်ဝနေသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
"ငါ့ရဲ့ မဟာချင်အင်ပါယာက မင်းသားတစ်ပါးကို မင်းတို့ တောင်တန်းတစ်သောင်းနယ်မြေ ဂိုဏ်းတွေက ဘယ်တုန်းကတည်းက စီရင်ပိုင်ခွင့် ရှိသွားတာလဲ... မင်းတို့က မဟာချင်အင်ပါယာကို စစ်ကြေညာချင်နေတာလား"