အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇) အပြန်အလှန် စုဆောင်းခြင်း၊ အာဏာရှင်ဆန်သော တောင်စောင့်ဘုရင်
လူတိုင်း၏ အကြည့်များက အသံထွက်ပေါ်လာရာဆီသို့ ကျရောက်သွားပြီး ထိုနေရာမှ အားကောင်းသော သူတော်စင်ဘုရင်အဆင့် သုံးဦး လျှောက်လာခဲ့လေသည်။
ရန်ထျန်းရှင်းလည်း သက်ပြင်းချလိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်၏။
"နောက်ဆုံးတော့ ရောက်လာပြီပဲ"
ထိုသို့ပြောဆိုရင်း သူ၏ နဖူးမှ ချွေးစက်များကို သုတ်ပစ်လိုက်လေသည်။
"ဘယ်သူတွေလဲ"
သူတို့ထဲမှ တစ်ဦးက လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။
"မဟာချင်အင်ပါယာ တရားရေးဝန်ကြီးဌာနက လီယန်"
"မဟာချင်အင်ပါယာ နတ်ဆိုးနှိမ်နင်းရေးဌာနက ချူရှင်း"
"မဟာချင်အင်ပါယာ တာ့လီကျောင်းတော်က စုန့်ခွန်း"
လူသုံးဦး၏ အမည်များကို ကြားချိန်၌ လူအများအပြား၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။
သူတို့ထဲမှ အချို့က ထိုသုံးဦး၏ ဇာစ်မြစ်နှင့် အောင်မြင်မှုများကို သိရှိထားကြကြောင်း ထင်ရှားပေ၏။
"ဒီသုံးယောက်စလုံးက အရင်က ငါတို့ တောင်တန်းတစ်သောင်းနယ်မြေနဲ့ ထိပ်တိုက်တွေ့ဖူးတယ်... သူတို့ တစ်ယောက်ချင်းစီက ခေါင်းမာပြီး ရင်ဆိုင်ဖို့ မလွယ်ကူဘူး"
အချို့က နောက်ဆုတ်ရန်ပင် တွေးတောနေကြပြီ ဖြစ်လေသည်။
ဇီရှောင်မြင့်မြတ်နယ်မြေ၏ သူတော်စင်ကမူ နောက်ဆုတ်မည့် အရိပ်အယောင် မပြခဲ့ဘဲ ရှေ့သို့ တစ်လှမ်းတိုးကာ ထိုအမျိုးသား သုံးဦးကို တည့်မတ်စွာ ကြည့်လိုက်၏။
"မင်းတို့ မဟာချင်အင်ပါယာရဲ့ မင်းသားက ငါတို့ တောင်တန်းတစ်သောင်းနယ်မြေထဲက ဂိုဏ်းဝင်တွေကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ခဲ့တယ်"
"မြင့်မြတ်နယ်မြေက သူတော်စင်နဲ့ သူတော်စင်မလေးတွေကို လုပ်ကြံစွပ်စွဲချက်တွေ သုံးပြီး သတ်ခဲ့သလို ထိုက်ရွှီမြင့်မြတ်နယ်မြေ၊ တန်ဆေးဂိုဏ်း၊ ယွင်ရှန်းရှောင်မိသားစုနဲ့ ဓားတစ်သောင်းစံအိမ်တို့လို အင်အားစုတွေကိုပါ ဖျက်ဆီးပစ်ခဲ့တယ်"
"မင်းတို့ အကုန်လုံးက သူ့ကို ဒီလို ကာကွယ်ပေးနေတာလား... မင်းတို့ရဲ့ မဟာချင်အင်ပါယာက ငါတို့ တောင်တန်းတစ်သောင်းနယ်မြေကို မင်းတို့ရဲ့ အနောက်ဘက်ခြံဝင်းလို့များ သတ်မှတ်ထားတာလား"
"ချင်လော့က ငါ့ရဲ့ ဇီရှောင်မြင့်မြတ်နယ်မြေက သူတော်စင်သားတော် ကို သတ်ခဲ့တယ်... ဒီနေ့ ငါတို့ ဇီရှောင်မြင့်မြတ်နယ်မြေကို မင်းတို့ သေချာပေါက် ရှင်းပြချက် ပေးရမယ်"
သုံးဦးထဲတွင် တစ်ဦးတည်းသော အသက်အကြီးဆုံးဖြစ်သည့် လီယန်က ရှေ့သို့ထွက်လာပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"သူတို့ သေသွားတော့ရော ဘာဖြစ်လဲ"
"ငါတို့ မဟာချင်အင်ပါယာက မင်းသားတွေကို မဟာချင်အင်ပါယာကပဲ စီရင်ခွင့် ရှိတယ်... မင်းတို့ကတော့ အဲဒီလို လုပ်ပိုင်ခွင့် မရှိဘူး"
ဤစကားတစ်ခွန်းက လူတိုင်း၏ ဒေါသကို ချက်ချင်း မီးတောက်သွားစေခဲ့ပြီး မည်သည့် လေးစားမှုမျှ မချန်ထားခဲ့တော့ချေ။
မဟာချင်အင်ပါယာက သူတို့၏ မျက်နှာကို နင်းချေကာ ရက်ရက်စက်စက် ဖိနှိပ်နေခြင်းပင် ဖြစ်လေသည်။
"ကောင်းတယ်... အရမ်းကောင်းတယ်"
နောက်ထပ် သူတော်စင်တစ်ပါးက ရှေ့သို့ ထွက်လာခဲ့၏။
"လီယန်... ဒီနေရာက ငါတို့ရဲ့ တောင်တန်းတစ်သောင်းနယ်မြေပဲ... မင်းတို့ မဟာချင်အင်ပါယာရဲ့ နယ်မြေ မဟုတ်ဘူး... ဒီနေ့ မင်းတို့ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ဒီရှင်းပြချက်ကို သေချာပေါက် ပေးရမယ်"
"ငါ့ဂိုဏ်းက သူတော်စင်သားတော် ကို သတ်ခဲ့တဲ့ ကိစ္စက ဒီလောက်နဲ့လွယ်လွယ် ပြီးသွားမှာ မဟုတ်ဘူး"
နောက်ထပ် သူတော်စင်တစ်ပါး ရှေ့သို့ ထွက်လာခဲ့ပြီးနောက် သူတော်စင် ဆယ်ပါးကျော်နှင့် သူတော်စင်ဘုရင် အနည်းငယ်က ရှေ့သို့ တစ်လှမ်းတိုးလာကာ သူတို့၏ အားကောင်းသော အငွေ့အသက်များက လီယန်နှင့် သူ၏ အဖွဲ့အပေါ်သို့ ဖိနှိပ်လာခဲ့လေသည်။
"ငါ မပေးရင် မင်းတို့က ဘာလုပ်နိုင်မှာလဲ... မင်းတို့က ငါတို့ မဟာချင်အင်ပါယာကို စစ်ကြေညာချင်နေတာလား"
ချူရှင်း၏ အငွေ့အသက်များ ကောင်းကင်သို့ ထိုးတက်သွားပြီး သူ၏ မျက်နှာတွင် ခမ်းနားကြီးကျယ်သော အမူအရာတစ်ခု ရှိနေခဲ့၏။
စုန့်ခွန်းကလည်း ရှေ့သို့ ထွက်လာပြီး ချင်လော့ကို သူတို့၏ အနောက်တွင် ကာကွယ်ပေးထားလိုက်လေသည်။
သူတို့ ဤနေရာသို့ ရောက်လာသည့် ရည်ရွယ်ချက် မည်သို့ပင် ရှိစေကာမူ ဤအခိုက်အတန့်တွင် ချင်လော့သည် သူတို့ မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာက အရေးကြီးပေသည်။
သူတို့ရှေ့တွင် ချင်လော့ကို မည်သူကမျှ ထိခိုက်ခွင့် မရှိချေ။
"ကျွတ်..ကျွတ်"
ချင်လော့သည် စစ်သူကြီး ကျန်းတိုနှင့် အခြားသူများထံမှ အချက်အလက်အချို့ကိုလည်း သိရှိထားခဲ့လေသည်။
သူက ပြောဆိုလိုက်၏။
"သူတို့ရဲ့ ရည်ရွယ်ချက်ကိုသာ ငါ မသိခဲ့ရင် သူတို့က တကယ်ပဲ ငါတို့ဘက်ကလို့ ထင်မိမှာပဲ"
တစ်ချိန်တည်းမှာပင် မဟာချင်အင်ပါယာအတွင်းရှိ လူထုသဘောထားမှာ သူ့အတွက် အထူးသဖြင့် ဆိုးရွားနေကြောင်း ထောက်လှမ်းရေး သတင်းများကိုလည်း သူ ဆက်တိုက် ရရှိနေခဲ့ပေသည်။
မင်းသား အချို့က တိတ်တဆိတ် သွေးထိုးလှုံ့ဆော်နေကြပြီး တစ်ဦးတည်းသော မင်းသမီးကလည်း လှုပ်ရှားလာခဲ့လေသည်။
သူတို့က အရေးကြီးသော ထောက်လှမ်းရေး သတင်းတစ်ခုကိုလည်း ရရှိခဲ့ကြ၏။
လင်းယွဲ့ယောင်သည် မဟာချင်အင်ပါယာ၏ နတ်ဘုရားနဂါး ရှိရာနေရာကို အတည်ပြုနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။
လုံကျီရော့ကလည်း နတ်ဘုရားနဂါးသည် မဟာချင်အင်ပါယာ နတ်ဆိုးနှိမ်နင်းရေးဌာနအတွင်းတွင် ရှိနေကြောင်း သွယ်ဝိုက်သောနည်းဖြင့် ထုတ်ဖော်ပြောဆိုခဲ့ပေသည်။
"ကြည့်ရတာ ငါ မြို့တော်ကို တစ်ခေါက်လောက် သွားဖို့ လိုနေပြီ ထင်တယ်... နတ်ဘုရားနဂါးဆိုတာ ရတနာသိုက်ကြီးပဲ... အဲဒီမှာ အရင်းအမြစ်တွေ အများကြီး ရှိတယ်လေ"
ယခုအခါ ချင်လော့က သူ၏ ကိုယ်ပိုင် အရင်းအမြစ်များကို အကဲဖြတ်ပြီး မြို့တော်သို့ ဝင်ရောက်ကာ ကမောက်ကမဖြစ်အောင် လုပ်နိုင်မည်ဟု ယုံကြည်နေခဲ့၏။
အထူးသဖြင့် သူ၏ များပြားလှသော ဗိလိန်အမှတ်များကြောင့်ပင် ဖြစ်လေသည်။
စုစုပေါင်း မှတ် ၇၅၀,၀၀၀ တောင် ရှိတယ်လေ...
တောင်တန်းတစ်သောင်းနယ်မြေတွင် ဆက်နေ၍ မရနိုင်တော့ချေ။
သူက တောင်တန်းတစ်သောင်းနယ်မြေ၏ မျိုးဆက်သစ် ပါရမီရှင်များကို လုံးဝနီးပါး သုတ်သင်ပစ်ခဲ့ပြီး ထိုသူများက ယခုအခါ သူ့ကို မုန်းတီးနေကြပြီ ဖြစ်ပေသည်။
ဤနေရာတွင် နေပါက လူအုပ်စု၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို သေချာပေါက် ခံရမည် ဖြစ်လေသည်။
ချင်လော့၏ အကြည့်က ရှေ့သို့ စူးစိုက်နေခဲ့ပြီး ထိုနေရာတွင် လေထုက တင်းမာနေကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့၏။
ထိုအချိန်မှာပင် အေးစက်ပြီး စူးရှသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
"ငါ့သားကို ဘယ်သူ သတ်တာလဲ!"
'ဘုန်း!'
အလွန် အစွမ်းထက်သော အငွေ့အသက်တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားခဲ့၏။
သူတော်စင်ဘုရင်အဆင့် အထွတ်အထိပ်၊ မဟာသူတော်စင်အဆင့်သို့ ရောက်ရန် လမ်းတစ်ဝက်၌ ရှိနေသော တန်ခိုးကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်လာခဲ့လေသည်။
ဇီရှောင်မြင့်မြတ်သခင်၊ လီတောက်ယွမ်ပင် ဖြစ်ပေသည်။
သူက တစ်လှမ်းချင်း လျှောက်လာခဲ့ပြီး အခြားသူများက သူ့အတွက် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြ၏။
သူ၏ အေးစက်သော အကြည့်က ချင်လော့အပေါ်သို့ ကျရောက်သွားရာ ချင်လော့၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေခဲ့လေသည်။
"သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မဟာသူတော်စင်အဆင့်ကို ရောက်နေလောက်ပြီ"
အမှောင်ထဲတွင် ပုန်းအောင်းနေသော စုချန်ချန်၏ အသံက ချင်လော့၏ နားထဲသို့ ရောက်ရှိလာခဲ့ပေသည်။
လီတောက်ယွမ်က တစ်လှမ်းချင်း လျှောက်လာခဲ့ပြီး ရန်ထျန်းရှင်းနှင့် အခြားသူများကို လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"ဖယ်ကြစမ်း!"
"သူ ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... လူသတ်သမားက အသက်နဲ့ ပြန်ပေးဆပ်ရမယ်... ငါ့မှာ သားကိုးယောက် ဆုံးရှုံးခဲ့ရပြီးပြီ... အခု ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ သားလေးလည်း သေသွားပြီ"
"ငါ ဘာကိုမှ ဂရုမစိုက်တော့ဘူး... ငါ့လမ်းကို ပိတ်တဲ့သူ ဘယ်သူ့ကိုမဆို သတ်မယ်... သူက မဟာချင်အင်ပါယာရဲ့ မင်းသား ဖြစ်နေရင်တောင် သူ သေရမှာပဲ"
'ဘုန်း!'
အားကောင်းသော အငွေ့အသက်များက ရန်ထျန်းရှင်းဆီသို့ လွှမ်းခြုံသွားရာ သူတော်စင်ဘုရင်အဆင့် ဖြစ်သော ရန်ထျန်းရှင်းကိုပင် ဖိအားအနည်းငယ် ခံစားလိုက်ရစေပြီး သူ၏ အမူအရာက လေးနက်သွားခဲ့လေသည်။
"ဘုရားရေ... သားဆယ်ယောက် သေသွားတာလား"
ချင်လော့လည်း အံ့အားသင့်သွားခဲ့၏။
"ပြည့်စုံသွားတာပေါ့"
သူ၏ ရန်စမှုက လီတောက်ယွမ်၏ ဒေါသကို ပိုမို ဆွပေးလိုက်သဖြင့် လီယန်နှင့် အခြားသူများ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့ရလေသည်။
သူတို့က ချင်လော့ ပါးစပ်ပိတ်သွားအောင် ပါးရိုက်ပစ်ချင်နေကြသော်လည်း ဤအခိုက်အတန့်တွင် သူ့ကို အစွမ်းကုန် ကာကွယ်ပေးရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။
ဤအခိုက်အတန့်တွင် မြူခိုးသူတော်စင်က တစ်ခုခုကို အသက်သွင်းလိုက်ရာ လေဟာနယ် အက်ကွဲသွားပြီး တွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့၏။
သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေသော အသက်အရွယ်ကြီးရင့်သည့် အမျိုးသားတစ်ဦးက ထိုအတွင်းမှ ထွက်လာခဲ့လေသည်။
"ငါက စုန့်ထျန်းအန်းပဲ... ငါလို အသက်ကြီးတဲ့သူက ကိုယ့်သားကို ပြန်မြေမြှုပ်ပေးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"
"ဒီနေ့ ငါ သေရင်သေမယ်... ဒါပေမဲ့ မဟာချင်အင်ပါယာက မင်းသားတွေ ငါနဲ့အတူ သေရမယ်"
နောက်ထပ် မဟာသူတော်စင်တစ်ပိုင်းအဆင့် တန်ခိုးရှင်တစ်ဦးပင်။
အခြားသူများကလည်း အလားတူ လုပ်ဆောင်လိုက်ကြပြီး မဟာသူတော်စင်တစ်ပိုင်းအဆင့် တန်ခိုးရှင် လေးဦးကို ချက်ချင်း ဆင့်ခေါ်လိုက်ကြလေသည်။
ရုတ်တရက် အခြေအနေက အလွန်အမင်း လေးနက်သွားခဲ့၏။
လီယန်၏ အမူအရာက ကြမ်းကြုတ်နေပြီး သူက ဟိန်းဟောက်လိုက်သည်။
"မင်းတို့ အကုန်လုံးက ငါတို့ မဟာချင်အင်ပါယာမှာ အားကိုးစရာ လူမရှိဘူးလို့ ထင်နေကြတာလား"
သူက အဆောင်ပြားတစ်ခုကို ထုတ်ယူကာ အသက်သွင်းလိုက်ပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"လီယန်က တောင်စောင့်ဘုရင် ရောက်လာတာကို ကြိုဆိုပါတယ်"
ဤသည်ကို ကြားချိန်၌ အခြားသူများ၏ အမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့လေသည်။
တောင်စောင့်ဘုရင်... ဒီဘွဲ့နာမည်က ဘယ်တောင်ကို စောင့်ကြပ်တာလဲ…
ဤနေရာက တောင်တန်းတစ်သောင်းနယ်မြေဖြစ်၍ တောင်များသာ ဝန်းရံထားသည်။
'ဘုန်း!' ချက်ချင်းပင် ကမ္ဘာကြီး၏ အရောင်အသွေးများ ပြောင်းလဲသွားပြီး မိုးကြိုးတိမ်တိုက်များ စုရုံးလာကာ တွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့၏။
တွင်းနက်ကြီးထဲမှ ဧရာမ လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်သွားကာ လူအများအပြားကို စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားစေခဲ့လေသည်။
အသံက ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားပြီး နားကန်းလောက်အောင် ကျယ်လောင်ကာ ကြီးမားလှသော ခမ်းနားကြီးကျယ်မှုကို သယ်ဆောင်လာခဲ့ပေ၏။
"အဖိုးကြီး... မင်းက ဒီနေ့ သေချင်နေမှတော့ သေလိုက်တော့!"
'ဘုန်း!'
ဧရာမ လက်ဝါးရာကြီးက စုန့်ထျန်းအန်းဆီသို့ လွှမ်းခြုံသွားရာ သူ၏ အမူအရာကို ပြင်းထန်စွာ ပြောင်းလဲသွားစေပြီး သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပေါ်လာခဲ့လေသည်။
အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ သူက ဧရာမ လက်ဝါးရာကြီး၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်ရန် အဝေးသို့ ချက်ချင်း ထွက်ပြေးသွားခဲ့၏။
သို့သော် သူ မည်မျှပင် လှည့်ကွက်များ အသုံးပြုစေကာမူ ဗုဒ္ဓ၏ လက်ဝါးပေါ်တွင် ပိတ်မိနေသော မျောက်တစ်ကောင်ကဲ့သို့ အဆုံးတွင် သူ မလွတ်မြောက်နိုင်ခဲ့ချေ။
"မဟုတ်ဘူးးး!"
ဧရာမ လက်ဝါးရာကြီး၏ ရက်စက်စွာ ဖိနှိပ်ခြင်းကို ခံလိုက်ရစဉ် စုန့်ထျန်းအန်းက စိတ်ပျက်အားငယ်စွာ ဟိန်းဟောက်လိုက်လေသည်။
‘ဘန်း’
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ကွဲအက်သွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
မဟာသူတော်စင်အဆင့်သို့ ရောက်ရန် လမ်းတစ်ဝက်၌ ရှိနေသော မြင့်မြတ်နယ်မြေ၏ ဂုဏ်သရေရှိ ဘိုးဘေးတစ်ဦးသည် ဤမျှ လွယ်ကူစွာ အသတ်ခံလိုက်ရလေသည်။
ထို့နောက် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တွင်းနက်ကြီးထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပေ၏။
သူက သူ့ရှေ့ရှိ တောင်တန်းတစ်သောင်းနယ်မြေမှ သူတော်စင်များနှင့် မြင့်မြတ်သခင်များကို ကြည့်လိုက်ရာ အားကောင်းသော အငွေ့အသက်များက သူတို့ဆီသို့ လွှမ်းခြုံသွားပြီး လူတိုင်းကို မသိစိတ်မှ နောက်သို့ တစ်လှမ်း ဆုတ်သွားစေခဲ့လေသည်။
တောင်စောင့်ဘုရင်၏ အငွေ့အသက်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် လူအများအပြား၏ နှလုံးသားထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့၏။
"ငါ့ရဲ့ မဟာချင်အင်ပါယာ မင်းသားတွေရဲ့ လုပ်ရပ်အပေါ် မင်းတို့ထဲက ဘယ်သူ ကန့်ကွက်ချင်သေးလဲ... ပြောစမ်း"
သူတော်စင်တစ်ပါးက အံကြိတ်ကာ အမျိုးသားကို လက်ဆုပ်ချီ အရိုအသေပေးလိုက်ပြီး ပြောဆိုလိုက်သည်။
"တောင်စောင့်ဘုရင်... ဒီနေရာက ငါတို့ရဲ့ တောင်တန်းတစ်သောင်းနယ်မြေပဲ... မဟာချင်အင်ပါယာက မင်းသားချင်လော့က ငါ့တို့ရဲ့ သူတော်စင်သားတော် ကို ဝိညာဉ်နယ်မြေထဲမှာ သတ်ခဲ့တယ်... သူ ငါ့ကို ရှင်းပြချက်တစ်ခု ပေးရမယ်"
"အိုး... ဟုတ်လား!"
တောင်စောင့်ဘုရင်က မျက်ခုံးပင့်လိုက်ပြီးနောက် လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။
'ဘုန်း!'
ထိုလက်ဝါးက တစ်ဖက်လူကို မိုးကြိုးပစ်လွှတ်လိုက်သည့် အရှိန်ဖြင့် ရိုက်ခတ်သွားခဲ့လေသည်။
အမျိုးသား၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
တောင်စောင့်ဘုရင်က သတိမပေးဘဲ တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူ ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း မရနိုင်ခဲ့ဘဲ သူ၏ ကာကွယ်မှုများက ချက်ချင်း ဆုတ်ဖြဲခံလိုက်ရလေသည်။
"ပြီးပြီပဲ"
သူ နောင်တရမိသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်ပေသည်။
‘ဘန်း…!’
နောက်ထပ် သူတော်စင်တစ်ပါး အသတ်ခံလိုက်ရပြီး လူတိုင်း သူတို့၏ ကျောရိုးတစ်လျှောက် တုန်စိမ့်သွားသည်ကို ခံစားလိုက်ရ၏။
တောင်စောင့်ဘုရင်က တည်ငြိမ်စွာ ပြောဆိုလိုက်လေသည်။
"ဘယ်သူ ကန့်ကွက်ချင်သေးလဲ... ပြောစမ်း!"