အခန်း ၁၂၈
Vol. 13 Ch. 128
အခန်း (၁၂၈) သူတော်စင်များကို လူစုခွဲခြင်း၊ ချင်ရှောင်၏ ချီးကျူးမှု
ထိုနေရာရှိ လူတိုင်း၏ မျက်နှာများ အလွန် အကျည်းတန်သွားခဲ့ပြီး သူတို့၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသော်လည်း တစ်ယောက်မျှ စကားမဟရဲကြချေ။
"ဘုရားရေ... တောင်စောင့်ဘုရင်က အဲဒီလောက်တောင် အစွမ်းထက်တာလား"
ချင်လော့က စုန့်ထျန်းအန်းနှင့် သူတော်စင်တပါး သေဆုံးသွားခဲ့သော နေရာကို နာကျင်သော အမူအရာဖြင့် ကြည့်ရင်း အာမေဍိတ်သံ ပြုလိုက်၏။
"နှမြောစရာပဲ... နှမြောစရာကောင်းလိုက်တာ"
‘ဒေါက်... ဒေါက်... ဒေါက်…’
တောင်စောင့်ဘုရင်က ထိုလူများဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့ရာ သူတို့ကလည်း အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ကြလေသည်။
အငွေ့အသက် တစ်ခုတည်းကပင် မဟာသူတော်စင်အဆင့်၏ အနိမ့်ဆုံး သတ်မှတ်ချက်သို့ ရောက်ရှိနေပြီဖြစ်သော တန်ခိုးကြီးမားသည့် ပုဂ္ဂိုလ်အချို့ အပါအဝင် ပြိုင်ဘက် နှစ်ဆယ်ကျော်ကို ဖိနှိပ်ထားနိုင်ခဲ့ပေ၏။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တောင်စောင့်ဘုရင်က လူအုပ်ကို ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"မျိုးဆက်သစ်တွေကြားမှာ ပဋိပက္ခနဲ့ တိုက်ပွဲတွေ ဖြစ်လာရင် သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေ ရှိလာတာ သဘာဝပဲ... မင်းတို့က အခု ဝင်စွက်ဖက်ပြီး စည်းမျဉ်းကို ချိုးဖောက်ချင်နေကြတာလား..."
"ငါ့အမြင်အရတော့ သူတို့ သေသွားပြီဆိုမှတော့ သတ်တဲ့လူကို လိုက်ဖမ်းနေဖို့ မလိုဘူး။ အဲ့ဒီအစား သေသွားတဲ့သူတွေကိုပဲ ဘာကြောင့် သေသွားရလဲဆိုတာ မေးသင့်တယ်။"
"သူတို့ကိုယ်သူတို့ ပြန်ကြည့်ကြစမ်း... ကျင့်ကြံလာတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပေမဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒီလောက်ပဲ ရှိသေးတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး တကယ်ပဲ ကြိုးကြိုးစားစား ကျင့်ကြံခဲ့ကြရဲ့လား..."
"ငယ်ငယ်တုန်းက မကြိုးစားခဲ့ရင် ကြီးလာတဲ့အခါ အသတ်ခံရဖို့ပဲ ရှိတယ်။ သေသင့်တယ်။"
"ပါရမီရှင်တစ်ယောက် သေသွားရင် သူက ပါရမီရှင် မဟုတ်တော့ဘူး။ သူတော်စင်တစ်ပါး သေသွားရင်လည်း နောက်ထပ် သူတော်စင်အသစ်တစ်ပါးကို ရွေးချယ်လိုက်ရုံပဲ။"
"မင်းတို့က တကယ်ပဲ ဒီလောက်အထိ အသည်းအသန် ဖြစ်နေကြတာလား... မြင့်မြတ်နယ်မြေတစ်ခုလုံး သုတ်သင်ခံရတာကို မြင်ချင်နေကြတာလား..."
ထို့နောက် သူသည် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ မျက်ခုံးပင့်လိုက်ပြီး
"ဒါနဲ့... ခုနက အဖိုးကြီး... ငါ မှတ်မိတာ မမှားဘူးဆိုရင် သူက မြင့်မြတ်နယ်မြေရဲ့ ဘိုးဘေး မဟုတ်ဘူးလား..."
တောင်စောင့်ဘုရင်က တမင်တကာ မေးမြန်းလိုက်၏။
တောင်တန်းတစ်သောင်းနယ်မြေနှင့် ရင်းနှီးကျွမ်းဝင်သော ချူရှင်းက ချက်ချင်း စကားပြောလာခဲ့သည်။
"တောင်စောင့်ဘုရင်ကို သတင်းပို့ပါတယ်...စုန့်ထျန်းအန်းက လျှို့ဝှက်မြူခိုးမြင့်မြတ်နယ်မြေရဲ့ ယခင် မြင့်မြတ်သခင်ဟောင်းပါ"
"အိုး... ဒါဆို လျှို့ဝှက်မြူခိုးမြင့်မြတ်နယ်မြေကို သုတ်သင်ပစ်လိုက်ကြစို့... ငါ ချင်ရှောင်က အဲဒီလို ပြောတယ်လို့ ပြောလိုက်"
"ဟုတ်ကဲ့ပါ အရှင်"
ဤစကားတစ်ခွန်းဖြင့် ဆောင်းရာသီရှိ ပုရစ်တစ်ကောင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့၏။
လျှို့ဝှက်မြူခိုးမြင့်မြတ်နယ်မြေအတွက် တစ်ယောက်မျှ ထွက်မပြောရဲကြချေ။
အဘယ်ကြောင့်ဆိုသော် စကားပြောသူမှာ မဟာချင်အင်ပါယာ၏ တောင်စောင့်ဘုရင် ချင်ရှောင် ဖြစ်နေသောကြောင့်ပင်။
တောင်တန်းတစ်သောင်းနယ်မြေ တစ်ခုလုံးကို တစ်ယောက်တည်း ဖိနှိပ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်လေသည်။
"ဘယ်သူများ တခြား အမြင်ရှိသေးလဲ"
ချင်ရှောင်က ဆက်လက် မေးမြန်းလိုက်၏။
သူ၏ သားဆယ်ယောက် သေဆုံးသွားပြီဟု ယခုလေးတင် ပြောခဲ့သော လီတောက်ယွမ်ပင်လျှင် ထိုနေရာရှိ မည်သူကမျှ ပြန်မဖြေရဲကြချေ။
သူ ဒေါသထွက်နေသော်လည်း သူက အရူးတစ်ယောက် မဟုတ်ချေ။
သူသည် အဓိပ္ပာယ်မဲ့သော စတေးမှုများကို မလုပ်လိုသေးပေ။
"မရှိဘူးဆိုရင် အားလုံး ထွက်သွားလို့ ရပြီ"
ချင်ရှောင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လူအများအပြားမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်း ထွက်ခွာသွားကြလေသည်။
အခြားသူများအားလုံး ထွက်သွားပြီးနောက် ချင်ရှောင်၏ အကြည့်က ချင်လော့၏ ကျောပြင်အပေါ်သို့ ကျရောက်သွားခဲ့၏။
"မင်းက ချင်လော့လား"
ချင်ရှောင်က ချင်လော့ကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ချင်လော့က ရှေ့သို့ ထွက်လာပြီး ချင်ရှောင်ကို လက်ဆုပ်ချီ နှုတ်ဆက်လိုက်ကာ ပြောဆိုလိုက်၏။
"တူတော် ချင်လော့က ဦးရီးတော်ကို ဂါရဝပြုပါတယ်"
ချင်ရှောင် အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောဆိုလိုက်သည်။
"ဟုတ်သားပဲ... ငါ မေ့တောင် မေ့နေပြီ... ဆွေမျိုးစပ်ကြည့်ရင် ငါက မင်းရဲ့ ဦးလေးပဲလေ"
သူက ချင်လော့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ချင်လော့၏ ပခုံးကို ပုတ်လိုက်ရာ 'ဘုန်း!' 'ဘုန်း!' 'ဘုန်း!' ခနဲ မြည်သွားခဲ့၏။
ကြီးမားလှသော အင်အားကြောင့် ချင်လော့မှာ တဖြည်းဖြည်း နစ်ဝင်သွားပြီး သူ၏ ဒူးခေါင်းများအထိ မြုပ်သွားခဲ့လေသည်။
ချင်ရှောင်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူက အာမေဍိတ်သံ ပြုလိုက်၏။
"မင်းရဲ့ ကျင့်ကြံမှုက တော်တော် ကောင်းတာပဲ... ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကလည်း တော်တော် တောင့်တင်းတယ်"
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးရီးတော်"
ချင်လော့က အလွန် နှိမ့်ချသော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
တစ်ဖက်လူမှာ အားကောင်းသော ကျင့်ကြံမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအား ရှိသည့် တောင်စောင့်ဘုရင် ဖြစ်ကြောင်း သူ သိရှိထားလေသည်။
သူ၏ အထင်ရှားဆုံးသော အောင်မြင်မှုမှာ လွန်ခဲ့သော အနှစ်ငါးဆယ်က မဟာသူတော်စင်တစ်ပါးနှင့် သူတော်စင်ဘုရင် ခုနစ်ဦး အပါအဝင် သူတော်စင်အဆင့် ကျွမ်းကျင်သူ ငါးဆယ့်ခြောက်ဦးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေ၏။
အဆုံးတွင် ရန်သူများအားလုံး လုံးဝ သုတ်သင်ခံလိုက်ရလေသည်။
ထိုအချိန်က ချင်ရှောင်သည် မဟာသူတော်စင်အဆင့်သို့ မရောက်ရှိသေးဘဲ စစ်မြေပြင်တွင် ယာယီအဆင့်တက်ခြင်းကိုသာ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ထိုလူများက ချင်ရှောင်ကို ကြောက်ရွံ့ကြခြင်းပင်။
သူသည် တောင်တန်းတစ်သောင်းနယ်မြေကို သိမ်းပိုက်ရန်နှင့် အညံ့မခံသူတိုင်းကို သတ်ပစ်ရန် ထောက်ခံအားပေးသော စစ်လိုလားသူ တစ်ဦး ဖြစ်လေသည်။
"မင်း ဝိညာဉ်နယ်မြေကို သွားခဲ့တာလား"
ချင်ရှောင်က မေးမြန်းလိုက်၏။
"ဟုတ်ကဲ့ပါ"
ချင်လော့က ငုံးလေးတစ်ကောင်ကဲ့သို့ ရိုးသားနေခဲ့သည်။
တစ်ဖက်လူက သူ့ကို အန္တရာယ်ပြုလိုခြင်း မရှိဘဲ သူ့အပေါ် အနည်းငယ် သဘောကျနေကြောင်းကို သူ သိရှိနိုင်သဖြင့် မျိုးဆက်သစ်တစ်ဦး၏ အဆင့်အတန်းကို ပြသရန် သူ သဘာဝကျကျ ဝမ်းသာနေခဲ့ပေ၏။
"အံ့မခန်းပါရမီရှင်များစာရင်းက ပါရမီရှင် ဘယ်နှစ်ယောက်ကို မင်း သတ်ခဲ့တာလဲ"
ချင်ရှောင်က ဆက်လက် မေးမြန်းလိုက်လေသည်။
ချင်လော့က တစ်ခဏမျှ စဉ်းစားလိုက်၏။
"ကျွန်တော် သေချာ မမှတ်မိတော့ဘူး... ဒါပေမဲ့ အနည်းဆုံးတော့ အယောက်နှစ်ဆယ်လောက် ရှိမယ်"
ဤသည်ကို ကြားချိန်၌ ရန်ထျန်းရှင်းနှင့် အခြားသူများ သူတို့၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရပြီး ချင်လော့အပေါ် ထားရှိသော သူတို့၏ အကြည့်များ ပြောင်းလဲသွားခဲ့လေသည်။
ယခုလေးတင် သူတို့က ချင်လော့၏ ကောင်းကင်သစ္စာကို ယုံကြည်ခဲ့ကြသော်လည်း ယခုအခါ ချင်လော့ ကိုယ်တိုင်က ပေါ်ပေါ်တင်တင် ဝန်ခံလိုက်ပြီး အံ့မခန်းပါရမီရှင်များစာရင်းဝင် ပါရမီရှင် အယောက်နှစ်ဆယ်တောင် ပါဝင်နေသည်လား။
အံ့မခန်းပါရမီရှင်များစာရင်းက မည်မျှ တန်ဖိုးရှိကြောင်းကို လူတိုင်း သိရှိကြပေ၏။
ဤသည်က အနာဂတ်တွင် တောင်တန်းတစ်သောင်းနယ်မြေ၌ အနည်းဆုံး သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ် ဆုံးရှုံးသွားသည်နှင့် ညီမျှလေသည်။
ထိုလူများက ချင်လော့ကို သတ်ရန် အသည်းအသန် ဖြစ်နေကြသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
မည်သူမဆို ဤအခြေအနေတွင် ရှိနေပါက သူတို့ကို သတ်ချင်ကြမည်သာ ဖြစ်ပေသည်။
ချင်ရှောင်မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ရယ်မောလိုက်၏။
"ဟားဟားဟား!"
"မဆိုးဘူ... မဆိုးဘူး.... မင်းက တော်တော် ကောင်းတာပဲ"
ချင်ရှောင်က ချင်လော့ကို နောက်ထပ် နှစ်ကြိမ် ပုတ်လိုက်ရာ ဤတစ်ကြိမ်တွင် အင်အား ပိုမို ပါဝင်သဖြင့် ချင်လော့၏ မျက်နှာ ရှုံ့မဲ့သွားပြီး ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
"ဦးရီးတော်... ဖြည်းဖြည်း လုပ်ပါ... ကျွန်တော် သိပ်နေလို့ မကောင်းဘူး"
"ဟားဟားဟား!"
ချင်ရှောင်က လက်မလျှော့ရုံသာမက ချင်လော့၏ ပခုံးကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ပုတ်လိုက်ပြန်၏။
"မင်းက အားနည်းတယ် ဟုတ်လား... မင်းသာ အားနည်းရင် ငါတို့ မဟာချင်အင်ပါယာရဲ့ မျိုးဆက်သစ်လူငယ်တွေ အကုန်လုံးက ကျောရိုးမရှိတဲ့သူတွေ ဖြစ်နေလောက်ပြီ"
"မင်း အရမ်း တော်တာပဲ"
"စိတ်မပူပါနဲ့... မင်းရဲ့ အခြေအနေအားလုံးကို ငါ သိပါတယ်"
ချင်ရှောင်က ချင်လော့၏ လုပ်ရပ်များကို အလွန် သဘောကျမိပြီး ဤအခိုက်အတန့်တွင် ချင်လော့ကို မိတ်ဆွေ တစ်ဦးအဖြစ် သတ်မှတ်လိုက်လေသည်။
"တောင်တန်းတစ်သောင်းနယ်မြေက ဒီလူတွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ကာလရှည်ကြာ မွေးမြူထားခဲ့တာ... ငါတို့ မဟာချင်အင်ပါယာကို ဖျက်ဆီးချင်တဲ့ သူတို့ရဲ့ ဆန္ဒက လျော့မသွားသေးဘူး... သူတို့ကို ပိုသတ်နိုင်လေ၊ ပိုကောင်းလေပဲ"
သူက ခေါင်းလှည့်လိုက်ရာ သူ၏ ထက်မြက်သော အကြည့်က လီယန်နှင့် အခြားသူများအပေါ်သို့ ကျရောက်သွားခဲ့၏။
"မင်းတို့ ပြန်ရောက်တဲ့အခါ မင်းတို့ရဲ့ သက်ဆိုင်ရာ အစိုးရရုံးတွေက အကြီးအကဲတွေ အကုန်လုံးကို ချင်လော့ရဲ့ စစ်ဆေးမေးမြန်းမှုကို တရားမျှတစွာ ပြုလုပ်ရမယ်လို့ ပြောလိုက်... တကယ်လို့ မတရားမှု အနည်းငယ်လေး ရှိနေရင်တောင် ငါ ချင်ရှောင်က သူတို့ကို မျက်နှာမထောက်ဘူးဆိုတာ အပြစ်မတင်နဲ့"
အားကောင်းသော အငွေ့အသက်တစ်ခုက လူအုပ်အပေါ်သို့ တောင်တစ်လုံးကဲ့သို့ ဖိနှိပ်ကျရောက်လာရာ သူတို့အားလုံး ယိမ်းယိုင်သွားကြပြီး စိတ်ပျက်အားငယ်မှုဖြင့် အော်ဟစ်လိုက်ကြရ၏။
ထိုဖိအားအောက်တွင် သူတို့၌ ကျန်ရှိနေသည်မှာ အညံ့ခံလိုစိတ်နှင့် မျက်နှာချိုသွေးသော တုံ့ပြန်မှုသာ ဖြစ်ပေသည်။
ထိုအချိန်တွင် ချင်ရှောင်က ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်ပြီး သူ၏ အကြည့်များမှာ ချင်လော့အပေါ် ကျရောက်သွားခဲ့၏။
ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ဘယ်သူကပဲ မင်းကို စစ်ဆေးမေးမြန်းပါစေ မင်းက မဟုတ်ဘူးလို့ ပြောသရွေ့ သူတို့ကို မင်းကို အပြစ်ပေးဖို့ ငါ ခွင့်ပြုမှာ မဟုတ်ဘူး"
"မင်း မြို့တော်ကနေ ပြန်လာတဲ့အခါ ငါ့စစ်တပ်ထဲ လာပြီး အမှုထမ်းလေ"
"ဒီတောင်တန်းတစ်သောင်းနယ်မြေကို ဇောက်ထိုးဖြစ်သွားအောင် လုပ်လိုက်ကြစို့"
ချင်ရှောင်၏ သွယ်ဝိုက်သော စကားများက အတော်လေး ရှင်းလင်းနေပေ၏။
လီယန်နှင့် အခြားသူများက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်ချင်းစီ၏ မျက်လုံးများတွင် ကူကယ်ရာမဲ့မှုများကို မြင်တွေ့နေရလေသည်။
အကယ်၍ ချင်လော့က အပြစ်မဝန်ခံပါက ချင်လော့မှာ အပြစ်ကင်းစင်ပေသည်။
ဤသို့ပြုလုပ်ခြင်းက လုပ်ထုံးလုပ်နည်းတစ်ခုမျှသာ ဖြစ်လေသည်။
ချင်ဧကရာဇ်က သီးသန့်ကျင့်ကြံ နေပြီး မြို့စားကြီးသုံးဦး(ဝန်ကြီးချုပ်) က နန်းတွင်းရေးကို တာဝန်ယူထားရာ ဤကိစ္စနှင့် ပတ်သက်၍ တောင်စောင့်ဘုရင်ကို မည်သူကမျှ ပေါ်ပေါ်တင်တင် စော်ကားမည် မဟုတ်ချေ။
တောင်တန်းတစ်သောင်းနယ်မြေတွင် သူ၏ လုပ်ရပ်များက တန်ခိုးကြီးမားသော ကျောထောက်နောက်ခံ တစ်ဦးကို မမျှော်လင့်ဘဲ ရရှိစေလိမ့်မည်ဟု ချင်လော့ မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။
"တူတော်က ကြိုပြီး ကျေးဇူးတင်ပါတယ် ဦးရီးတော်... အနာဂတ်မှာ တောင်တန်းတစ်သောင်းနယ်မြေကို အပြတ်ရှင်းဖို့ ကျွန်တော် သေချာပေါက် လာကူညီပါ့မယ်"
ချင်လော့၏ စကားများကလည်း အလွန် ရဲတင်းပြီး ခြောက်လှန့်နေသဖြင့် အဖွဲ့၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေခဲ့လေသည်။
အကယ်၍ ဤနှစ်ဦးသာ ပေါင်းစည်းသွားပါက အမှန်တကယ်ပင် တောင်တန်းတစ်သောင်းနယ်မြေ ကဏ္ဍတစ်ခုလုံးနှင့် မြင့်မြတ်နယ်မြေ၏ အိပ်မက်ဆိုး ဖြစ်လာမည် ဖြစ်ပေ၏။
တောင်တန်းတစ်သောင်းနယ်မြေနှင့် ပတ်သက်၍ သူတို့က ခေါင်းမာသူများ ဖြစ်ကြပါက ချင်လော့နှင့် ချင်ရှောင်တို့မှာ သုတ်သင်ရှင်းလင်းသူများ ဖြစ်ကြလေသည်။
"ဟားဟားဟား"
"ကောင်းပြီ... ကောင်းပြီ"
ချင်ရှောင်က ချင်လော့၏ ပခုံးကို ပြင်းပြင်းထန်ထန် နှစ်ကြိမ် ပုတ်လိုက်၏။
"တောင်တန်းတစ်သောင်းနယ်မြေမှာ ငါ မင်းကို စောင့်နေမယ်... တစ်နေ့ကျရင် သူတော်စင်တွေ အပါအဝင် အဲ့ဒီအရာတွေ အကုန်လုံးကို ငါ ကိုယ်တိုင် ချေမှုန်းပစ်မယ်။ ပြီးတော့ မင်းရဲ့ အိပ်ရာကို နွေးထွေးပေးဖို့ သူတော်စင်မလေးတစ်ယောက်ကို မင်းအတွက် ချန်ထားပေးမယ်..."
"တောင်တန်းတစ်သောင်းနယ်မြေတစ်ခုလုံးကို ငါ့ ချင်မိသားစုရဲ့ အနောက်ဘက်ခြံဝင်း ဖြစ်လာအောင် ငါ လုပ်ပြမယ်!"
"ငါ့မှာ စစ်ရေးတာဝန်တွေ လုပ်စရာ ရှိသေးတယ်... မင်း မြို့တော်ကို ပြန်သင့်ပြီ"
စကားပြောပြီးနောက် ချင်ရှောင်က ထွက်သွားပြီး စုချန်ချန်နှင့် ယဲ့လန်တို့ ပုန်းအောင်းနေသော နေရာကို တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ တစ်ချက် ကြည့်သွားခဲ့လေသည်။