← Chapters

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း (၄၂၁) - အရပ်လေးမျက်နှာသို့ စစ်ချီခြင်းနှင့် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသော အင်အားစုများ

တန်ယွမ်ဂိုဏ်း၏ တောင်စောင့်အစီအရင်မှာ အလွန်အမင်း အစွမ်းထက်လှသည်တော့ မဟုတ်ချေ။ စွမ်းအားအပြည့် အသက်သွင်းထားသည့်တိုင်အောင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ပြင်းထန်သော တိုက်ခိုက်မှုကို နှစ်ကြိမ်၊ သုံးကြိမ်ခန့်သာ တောင့်ခံနိုင်စွမ်း ရှိပေသည်။ ၎င်း၏ စွမ်းအားကို ကြည့်မည်ဆိုလျှင် မူလက လော့ချန်အား မြောင်ဝမ် ပေးခဲ့ဖူးသော ဓာတ်ကြီးငါးပါး အစီအရင်ကိုပင် မမီပေ။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် အချိန်အနည်းငယ်ပေးရုံဖြင့် ဤအစီအရင်ကို ဖျက်ဆီးနိုင်သည်။

သို့သော် ယခုအကြိမ်တွင် သူတို့ ရင်ဆိုင်နေရသော ပြိုင်ဘက်မှာ ဝမ်ယွမ် ဖြစ်နေခြင်းကြောင့် ရလဒ်မှာ လုံးဝဥဿုံ ကွဲပြားခြားနားသွားခဲ့ရပြီဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက် မတားဆီးဝံ့သည့် အခြေအနေအောက်တွင် ဝမ်ယွမ်သည် အနီးကပ် ချဉ်းကပ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ သွေးစွမ်းအင်များကို အထွတ်အထိပ်သို့ ရောက်ရှိအောင် စုစည်းလိုက်သည်။

‘လက်ဝါးတစ်ချက်....’

အမှန်တကယ်ပင် လက်ဝါးတစ်ချက်တည်းသာ ဖြစ်၏။

ဘုန်းးး....

ပြင်းထန်လှသော ပေါက်ကွဲသံကြီးသည် ဆယ်မိုင်ပတ်လည်အတွင်း ဟိန်းထွက်သွားတော့သည်။ ထိုနေရာပတ်ပတ်လည်တွင် ငေးမောကြည့်ရှုနေကြသော မရေမတွက်နိုင်လှသည့် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ မှင်တက်နေသော အကြည့်များအောက်၌ပင် ယွမ်ဟယ်တောင်တန်းကြီးတစ်ခုလုံးမှာ ပြင်းထန်လှသော အလင်းတန်းကြီးများနှင့်အတူ ပေါက်ကွဲသွားခဲ့ရပြီး ၎င်း၏ ကြီးမားလှသော တောင်နံရံကြီးများမှာ နေရာမှာပင် စိစိညက်ညက် ကြေမွပျက်စီးသွားခဲ့ရပေသည်။

အကယ်၍ မင်လုံယွီသာ ဤနေရာ၌ ရှိနေခဲ့မည်ဆိုပါက သရော်ပြုံးတစ်ခုနှင့်အတူ "ငဖျင်းတွေ၊ မြေအောက်သွေးကြောနဲ့ ချိတ်ဆက်ထားတာ အားနည်းလွန်းတယ်" ဟု အထင်သေးစွာဖြင့် ပြောဆိုပေလိမ့်မည်။

အစီအရင်ကြီး ပျက်စီးသွားလေပြီ။ ယွမ်ဟယ်တောင်ပေါ်ရှိ ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူ အမြောက်အမြားမှာ ပါးစပ်မှ သွေးများ အန်ထွက်ကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြကုန်၏။

တန်ယွမ်ဂိုဏ်း၏ သိုင်းဆရာကြီးသည် ဒေါသကြောင့် မျက်လုံးများ နီမြန်းလာလျက် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။

"ချီသန့်စင်အထွတ်အထိပ်အဆင့်လား"

ဝမ်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ သွေးနီရောင် ကြယ်ပွင့်တစ်ပွင့်အလား တောက်ပနေသော စွမ်းအားလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

သိုင်းဆရာကြီးသည်လည်း အလျင်အမြန်ပင် ခံစစ်မှော်လက်နက်ကို ဆင့်ခေါ်လိုက်သည်။ သို့သော် ဆန်းကြယ်သော မြင်ကွင်းတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

ဝမ်ယွမ်၏ ထိုသွေးနီရောင် ကြယ်တာရာ အလင်းတန်းသည် သိုင်းဆရာကြီး၏ ခန္ဓာကိုယ်ကို ရှောင်ကွင်းသွားပြီးနောက် ရုတ်တရက် နောက်ပြန်လှည့်လာကာ နဖူးတည့်တည့်ကို ဖောက်ထွက်သွားတော့သည်။

မျက်လုံးအပြူးသားဖြင့် မြေပြင်ပေါ်သို့ အသက်မဲ့စွာ ကျဆင်းသွားသော သိုင်းဆရာကြီးကို ကြည့်ရင်း ဝမ်ယွမ် ခေါင်းညိတ်လိုက်ကာ ‘သေချာတယ်၊ သွေးစွမ်းအင်ကို ပိုပြီးတော့ မြန်ဆန်အောင် လုပ်လို့ရသေးတာပဲ၊ သွေးဘေးဒုက္ခလက်ညှိုးကတော့ ပုံပေါ်လာပြီ’ ဟု တွေးတောလိုက်သည်။

ထိုကဲ့သို့ နားလည်သဘောပေါက်မှု အနည်းငယ် ရရှိပြီးနောက် ဝမ်ယွမ် သူ၏ ညာလက်ကို အထက်သို့ မြှောက်လိုက်ပြီး ချက်ချင်းပင် အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ချီတက်ကြ…."

ဝမ်ယွမ်၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆေးဖော်ခန်းမဆောင်အဖွဲ့၊ ဆေးဝါးခန်းမဆောင်အဖွဲ့နှင့် အပြင်စည်းတပည့် ငါးဆယ်တို့သည် ယွမ်ဟယ်တောင်အတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ကြတော့သည်။ ထိုလူအုပ်ကြီးထဲတွင် လော့ထျန်းအဖွဲ့သို့ ဝင်ရောက်သည်မှာ မကြာသေးသော အပြင်စည်းတပည့်များက အတက်ကြွဆုံးနှင့် အရှေ့ဆုံးမှ ဖြစ်နေကြ၏။ အကြောင်းမှာ သူတို့သည် မိမိတို့၏ စွမ်းဆောင်ရည်များကို အဖွဲ့၏ ရှေ့မှောက်တွင် သက်သေပြလိုကြခြင်းကြောင့် ဖြစ်ပေသည်။

ဝမ်ယွမ် ဤမြင်ကွင်းကို ကြည့်ရင်း ထပ်မံ၍ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါရန် စိတ်ကူးမရှိတော့ချေ။ ယနေ့ နံနက်ပိုင်း မထွက်ခွာမီက လော့ချန် သူတို့အား အထူးတလည် မှာကြားခဲ့သည်။ ကျင့်ကြံခြင်းအဆင့် တူညီသူများနှင့် တိုက်ခိုက်ရာတွင် မည်သည့်အရာကိုမျှ ဂရုစိုက်ရန် မလိုသော်လည်း မိမိထက် အဆင့်နိမ့်သူများကို နှိမ်နှင်းရာတွင်မူ အတိုင်းအတာတစ်ခုကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်းများကို အလွန်အမင်း မပြုလုပ်သင့်ကြောင်း သို့မဟုတ်ပါက ထျန်းလန် နတ်ဘုရားမြို့တော်၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဘက်မှ လက်ပိုက်ကြည့်နေတော့မည် မဟုတ်ကြောင်း မှာကြားခဲ့သည်။

၎င်းက ကျင့်ကြံခြင်းလောကရှိ လူတိုင်း သိရှိနားလည်ထားကြသော လျှို့ဝှက်စည်းကမ်းချက်တစ်ခု ဖြစ်ပေသည်။ ထိုသို့မဟုတ်ဘဲ အခြေတည်အဆင့် ကျင့်ကြံသူများက လက်ပါမည်ဆိုလျှင် ဤထျန်းလန်နတ်ဘုရားမြို့တော်အတွင်း၌ မှီတင်းနေထိုင်ကြသော သိန်းနှင့်ချီသည့် ချီသန့်စင်အဆင့်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ မည်သို့မျှ အသက်ရှင်သန်နိုင်စရာ အကြောင်းရှိတော့မည် မဟုတ်ချေ။

အကယ်၍ ဝမ်ယွမ်တို့က အဆင့်နိမ့်ကျင့်ကြံသူများကို လွန်လွန်ကျူးကျူး သတ်ဖြတ်မိပါက မိစ္ဆာကျင့်ကြံသူများဟူသော တံဆိပ်ကပ်ခြင်းကို ခံရရန် အလွန်လွယ်ကူလှသည်။ ကျောက်စိမ်းအိုးနယ်မြေတွင် မိစ္ဆာကျင့်ကြံသူများကို ရည်ရွယ်၍ အထူးတလည် တားမြစ်မိန့်များ ထုတ်ပြန်ထားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ အကယ်၍ ထိုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်သူများ ပေါ်ပေါက်လာပါက ဂိုဏ်းကြီးများအားလုံးက ပူးပေါင်း၍ ချေမှုန်းကြပေလိမ့်မည်။ လော့ချန်အနေဖြင့် တနေ့တခြား တိုးတက်စည်ပင်နေသော လော့ထျန်းအဖွဲ့ကြီးကို မိစ္ဆာအင်အားစုဟူသော အမည်းစက်ကြီး မထင်စေလိုပေ။

ထို့ကြောင့် ဝမ်ယွမ်သည် ရင်ထဲမှ သတ်ဖြတ်လိုစိတ်များကို ဖိနှိပ်ထားလျက် ကောင်းကင်ထက်မှနေ၍ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ထားသည်။ သူသည် တိုက်ပွဲတစ်ခုလုံးကို ခြုံငုံကြည့်ရှုနေရုံတင်မက ချွီလင်ကျွင်း၊ မာရှို့ဖူ၊ ဖုန်းရှနှင့် အခြားသော အဖွဲ့ဝင်များ၏ အခြေအနေကိုလည်း စောင့်ကြည့်နေခြင်း ဖြစ်သည်။

တန်ယွမ်ဂိုဏ်းချုပ် သေဆုံးသွားခဲ့ပြီဖြစ်ခြင်းကြောင့်လော၊ သို့မဟုတ် တောင်စောင့်အစီအရင် ပျက်စီးသွားခြင်းကြောင့်လော၊ သို့မဟုတ် ကူညီရန် ရောက်ရှိလာသော ရှန်းကုန်းရိက ဦးစွာ ထွက်ပြေးသွားခဲ့ခြင်းကြောင့်လော မပြောတတ်သော်လည်း တန်ယွမ်ဂိုဏ်း၏ တပည့်များအားလုံးမှာမူ ကြောက်မက်ဖွယ်ကောင်းလှသော အမှန်တရားကြီးတစ်ခုကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ စစ်ပွဲ၏ အနိုင်အရှုံးကား ထင်ရှားနေပြီး ဖြစ်သလို တန်ယွမ်ဂိုဏ်းဟူသည်လည်း လုံးဝ ဥဿုံ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ကောင်းကင်ထက်၌လည်း အခြေတည်အဆင့် အကြီးအကဲတစ်ဦးက ကျားတစ်ကောင်ကဲ့သို့ စောင့်ကြည့်နေသည် မဟုတ်ပါလော။ သို့ဖြစ်လေရာ သူတို့အားလုံး အနည်းငယ်မျှပင် မခုခံနိုင်တော့ဘဲ အရပ်မျက်နှာအနှံ့သို့ စတင်၍ ထွက်ပြေးကြတော့သည်။

လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူအချို့က လိုက်လံသတ်ဖြတ်ရန် ကြိုးစားကြသော်လည်း ခေါင်းဆောင်များ၏ တားဆီးမှုကြောင့် ယွမ်ဟယ်တောင် နယ်နိမိတ်ပြင်ပသို့ ရောက်ရှိသွားသောအခါတွင်မူ ဆက်လက်၍ လိုက်လံဖမ်းဆီးခြင်း မပြုတော့ချေ။ လက်ရှိအချိန်တွင် အရေးအကြီးဆုံးမှာ ဤဂိုဏ်းတစ်ခုလုံး၏ ရတနာပစ္စည်းများကို စုဆောင်းသိမ်းဆည်းရန်သာ ဖြစ်ပေသည်။

အဆုံးမရှိသော ညည်းတွားသံများကြား၌ သွေးချောင်းများ၊ မီးခိုးမီးလျှံများမှာ အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်၏။ ဤတိုက်ပွဲပြီးနောက်တွင်မူ တန်ယွမ်ဂိုဏ်းဟူသော နာမသည် ထျန်းလန် နတ်ဘုရားမြို့တော်မှနေ၍ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ချေတော့မည်။ ထွက်ပြေးလွတ်မြောက်သွားသော ကျင့်ကြံသူများမှာလည်း ကြီးမားသော အင်အားစုအဖြစ် ပြန်လည်စုစည်းနိုင်စရာ အကြောင်းမရှိတော့သဖြင့် လော့ထျန်းအဖွဲ့အတွက် မည်သည့် ခြိမ်းခြောက်မှုကိုမျှ ပေးစွမ်းနိုင်မည် မဟုတ်ချေ။

....

အခြားတစ်ဖက်တွင်မူ စီမာရှန့် ဦးဆောင်သော လော့ထျန်း တိုက်ခိုက်ရေးခန်းမဆောင်မှ ကျင့်ကြံသူများသည် လျှပ်စီးအလား ပြင်းထန်သော အရှိန်အဟုန်ဖြင့် သတ်မှတ်ထားသော ပန်းတိုင်ဆီသို့ ဦးတည်သွားနေကြပြီ ဖြစ်သည်။

ထိုနေရာကား ထျန်းယင်းတောင်နှင့် ယွီကျန်းကျောင်းတော်ပင် ဖြစ်သည်။

ဤနေရာနှစ်ခုမှာ တန်ယွမ်ဂိုဏ်းကဲ့သို့ အဆက်အသွယ်များများ မရှိကြချေ။ ၎င်းတို့သည် သတင်းကို နောက်ကျမှ ရရှိခဲ့ကြရုံမျှမက အဆက်အသွယ်လည်း နည်းပါးလှသဖြင့် မည်သည့် အခြေတည်အဆင့် ကျင့်ကြံသူကိုမျှ ကူညီရန် ပင့်ဖိတ်နိုင်ခြင်း မရှိခဲ့ကြချေ။

ရှင်းကျုံးဟန့် ထွက်ပေါ်လာခဲ့ပြီး ထျန်းယင်းတောင်၏ တောင်စောင့်အစီအရင်ကို အတင်းအကျပ် ဖျက်ဆီးပစ်လိုက်ပြီးနောက်တွင်မူ ကြီးမားလှသော သတ်ဖြတ်မှုကြီးတစ်ခု စတင်ပေါ်ပေါက်လာခဲ့တော့သည်။ ဝမ်ယွမ်နှင့် မတူညီသော အချက်မှာ ရှင်းကျုံးဟန့်အတွက် ယင်းမျိုးနွယ်စုဟူသည်မှာ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့သော မဟာရန်သူတော်ကြီး ဖြစ်နေခြင်းပင်။ ထို့ကြောင့် ရှင်းကျုံးဟန့်သည် ယင်းမျိုးနွယ်စုခေါင်းဆောင်ကို သတ်ဖြတ်ပြီးနောက်တွင်ပင် ရပ်တန့်မည့် အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ သူသည် ဒဏ်ရာရနေသည်ကိုပင် အမှုမထားဘဲ ဝိညာဉ်အာရုံကို အရပ်ရပ်သို့ ဖြန့်ကြက်ထားပြီး ချီသန့်စင်အဆင့် (၉) ရှိသော ကျင့်ကြံသူများကို တွေ့သည်နှင့်တစ်ပြိုင်နက် ရက်စက်စွာ သတ်ဖြတ်လေတော့သည်။ သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် သွေးချောင်းစီးလျက် ပြိုင်ဘက်ဟူ၍ မရှိသလောက်ပင် ဖြစ်၏။

ဤမြင်ကွင်းကို ကြည့်ရင်း စီမာရှန့်၏ စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားရသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းပကားမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သို့သော် လော့ချန် မထွက်ခွာမီက မှာကြားခဲ့သော စကားများကို ပြန်လည်သတိရလိုက်ပြီး သူ စိတ်ကိုပြန်ထိန်းထားလိုက်သည်။

"ကဲ အားလုံး…. ငါ့နောက်ကိုလိုက်ခဲ့၊ တောင်ထိပ်ပေါ်ကို ချီတက်မယ်၊ အဲ့လင်းယုန်သိုက် ခုနစ်ခုကို သိမ်းပိုက်မယ်၊ ဒါက အဖွဲ့ချုပ်ခေါင်းဆောင်ကိုယ်တိုင် အထူးတလည် မှာကြားခဲ့တဲ့ အရာပဲ”

စီမာရှန့်၏ အမိန့်ပေးသံနှင့်အတူ တိုက်ခိုက်ရေးခန်းမဆောင်မှ ချီသန့်စင်အဆင့် (၈) ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ငယ်တစ်ဖွဲ့သည် သူ့နောက်မှနေ၍ ထျန်းယင်းတောင်ဆီသို့ဦးတည်ကာ ရူးသွပ်စွာဖြင့် ရှေ့သို့ ချီတက်သွားကြတော့သည်။

....

‘ကန်းမျိုးနွယ်စု’

ဤမျိုးနွယ်စုသည် ဒန်ရှားတောင်နှင့် အလွန်နီးကပ်လှပြီး မိုင်အနည်းငယ်မျှသာ ဝေးကွာလှပေသည်။ ကျင့်ကြံသူတစ်ဦး၏ အရှိန်အဟုန်ဖြင့် ကြည့်မည်ဆိုလျှင် လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်မျှအတွင်း ရောက်ရှိနိုင်သည်ဟု ဆိုပါက ပိုလွန်ခြင်း မရှိချေ။ ကန်းမျိုးနွယ်စု၏ ဖွဲ့စည်းပုံမှာ ဖူမျိုးနွယ်စုနှင့် အလွန်တရာ ဆင်တူလှသည်။ ၎င်းတို့သည် ကြီးမားလှသော ခံတပ်မြို့ရိုးကြီးတစ်ခုကို တည်ဆောက်ထားပြီး အတူတကွ စုရုံးနေထိုင်ကြခြင်း ဖြစ်၏။ ခံတပ်မြို့ရိုး၏ အပြင်ဘက်နယ်မြေတွင် သာမန်လူသားများသာ နေထိုင်ကြပြီး အတွင်းဘက်တွင်မူ အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြ၏။ အတွင်းဘက်ပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလေလေ ကျင့်ကြံသူများ၏ အဆင့်အတန်းမှာ ပိုမိုမြင့်မားလာလေလေ ဖြစ်ပြီး ရာထူးအဆင့်အတန်းသည်လည်း ပိုမိုကြီးမားလာလေလေ ဖြစ်သည်။

လမ်းမကြီးထက်မှနေ၍ လူရိပ်တစ်ခု ခြေလျင် လျှောက်လှမ်းလာခဲ့သည်။

သူသည် အလွန်အမင်း မြန်ဆန်ခြင်းလည်းမရှိ၊ နှေးကွေးခြင်းလည်းမရှိဘဲ မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေသည်မှာ တစ်စုံတစ်ခုကို လေ့လာစူးစမ်းနေသည့်အလား ရှိပေသည်။ သူ ကွင်းပြင်ကြီးတစ်ခုကို ဖြတ်သန်းသွားသောအခါ ခန္ဓာကိုယ် သန်မာထွားကျိုင်းလှသော ကန်းမျိုးနွယ်စု၏ သာမန်လူသားအချို့က သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။

"ဘယ်သူလဲ…. ဟိုကြည့်ဒီကြည့်နဲ့ ဘာလုပ်မလို့လဲ…."

မင်လုံယွီက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ပြီး ဘာမှမပြောဘဲ ရှေ့သို့သာ ဆက်လျှောက်လာခဲ့သည်။

သူ ပျံသန်းခြင်းမပြုဘဲ ခြေလျင်သာ လျှောက်လှမ်းနေသည်ကို မြင်ရသဖြင့် ထိုကန်းမျိုးနွယ်စု၏ သာမန်လူသားများက သူ့အား သာမန်လူတစ်ဦးဟု ထင်မှတ်ကာ ရှေ့သို့ တိုး၍ တားဆီးရန် ကြိုးစားကြ၏။ သို့သော် သူတို့ အနီးသို့ မချဉ်းကပ်ရသေးမီမှာပင် နူးညံ့သိမ်မွေ့သော စွမ်းအားလှိုင်းတစ်ခုက သူတို့အား ဘေးသို့ တွန်းပို့ပစ်လိုက်သည်။

"သူ.... သူက ကျင့်ကြံသူတစ်ဦးပဲ"

"အစ်ကိုကြီး အသက်ချမ်းသာပေးပါဗျာ"

"ညီလေးတို့ ကန်းနေလို့ပါ.... အစ်ကိုကြီးကို လမ်းပိတ်မိတာ ဗွေမယူပါနဲ့"

ထို ထိတ်လန့်တကြားအော်ဟစ်သံများကိုမူ မင်လုံယွီ မကြားရတော့ချေ။ သူ၏ ခြေလှမ်းများသည် ခံတပ်မြို့ရိုးနှင့် ကိုက်တစ်ထောင်ခန့်အကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကန်းမျိုးနွယ်စု၏ ကင်းလှည့်နေသော ချီသန့်စင်အဆင့်နိမ့် ကျင့်ကြံသူအချို့က ရှေ့သို့တိုး၍ သူ့အား စစ်ဆေးမေးမြန်းရန် ကြိုးစားကြ၏။ သူတို့ကို ဆီးကြိုလိုက်သည်ကား မင်လုံယွီ၏ ခန္ဓာကိုယ်ထက်မှ ထွက်ပေါ်လာသော ဆန်းကြယ်လှသော ချီစွမ်းအင် အလင်းတန်းများပင် ဖြစ်ချေတော့သည်။ ချီစွမ်းအင်များ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ထိုချီသန့်စင်အဆင့် ကျင့်ကြံသူများအားလုံး မြေပြင်ပေါ်သို့ လဲကျကာ သတိမေ့မြောသွားကြရ၏။

မင်လုံယွီသည် ခံတပ်မြို့ရိုးကြီး၏ တံခါးဝရှေ့ ကိုက်တစ်ရာခန့်အကွာသို့ ရောက်ရှိလာသောအခါ မြို့ရိုးထက်၌ ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူများ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ထိုလူများမှာ ဝတ်စားဆင်ယင်မှု ခမ်းနားထည်ဝါလှသဖြင့် ကြည့်ရုံမျှဖြင့် ကန်းမျိုးနွယ်စု၏ အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထိုမျိုးနွယ်ဝင် လူကြီးများသည် မင်လုံယွီကို စိုက်ကြည့်ရင်း မျက်နှာအမူအရာ အလွန်အမင်း ပျက်ယွင်းနေသည်။ ထို့နောက် သူတို့အားလုံး မည်သည့် အပိုစကားမျှ ပြောဆိုခြင်းမရှိဘဲ ကြီးမားလှသော အစီအရင်ကြီးတစ်ခုကို ချက်ချင်းပင် အသက်သွင်းလိုက်ကြတော့သည်။

ဝါကျင်ကျင် ဝိညာဉ်အလင်းတန်းများ ဖြန့်ကြက်ထားသော ထိုအစီအရင်ကြီးကို ကြည့်ရင်း မင်လုံယွီ ပြုံးလိုက်၏။

"သေချာတယ်၊ မြေအောက်ဝိညာဉ်ကြောတွေက မပြောင်းလဲသေးဘူးပဲ၊ အစီအရင်ရဲ့ ဦးတည်ချက်ကလည်း အဲ့တုန်းကအတိုင်းပဲ.... မင်းတို့ သုံးနေတာက လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က ငါတို့ မင်မျိုးနွယ်စု တည်ဆောက်ခဲ့တဲ့ အစီအရင်ဟောင်းကြီးပဲ မဟုတ်လား"

သူ ထိုသို့ ရေရွတ်လိုက်ရင်း လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်လိုက်သည်။

စိုးရိမ်တုန်လှုပ်နေသော ကန်းမျိုးနွယ်စု ကျင့်ကြံသူရာချီ၏ ရှေ့မှောက်တွင် သူသည် အရပ်မျက်နှာအနှံ့သို့ အစီအရင်အလံငယ်များကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်၏။

"ဟင်…. သူ ဘာလုပ်နေတာလဲ…."

"မသိဘူး…. ထူးဆန်းလွန်းတယ်"

"ကိစ္စမရှိပါဘူး…. ငါတို့ ကန်းမျိုးနွယ်စုရဲ့ အစီအရင်က ပေါပေါပဲပဲ မဟုတ်ဘူး၊ ဒုတိယအဆင့် ရှိတဲ့ တကယ့် ကာကွယ်ရေး အစီအရင်ကြီးပဲ၊ အခြေတည်အလယ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် လာရင်တောင် သုံးရက်လောက် တောင့်ခံနိုင်တယ်"

"ငါတို့ ကန်းမျိုးနွယ်စုနဲ့ ရင်းနှီးတဲ့ အခြေတည်အဆင့် အကြီးအကဲတစ်ယောက်ကို ငါ ဆက်သွယ်ထားပြီးပြီ၊ နောက်အကျဆုံးဆိုရင်တောင် မနက်ဖြန် သူ ကူညီဖို့ ရောက်လာလိမ့်မယ်"

"ဒီနှစ်ရက်လောက်ကို တောင့်ခံထားနိုင်ရင်...."

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters