← Chapters

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း (၄၂၂) - လက်လွန်သွားသော မင်လုံယွီ

ကန်းမျိုးနွယ်စု၏ ကျင့်ကြံသူများ တီးတိုးဆွေးနွေးနေကြစဉ်မှာပင် တစ်စုံတစ်ယောက်က ကန်းမျိုးနွယ်စု၏ ခံတပ်ကို ကာကွယ်ထားသော အစီအရင်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း သတိပြုမိလိုက်သည်။

ထိုဝါကျင်ကျင် ဝိညာဉ်အလင်းတန်းများသည် အဝါရောင်မှ အဖြူရောင်သို့ ပြောင်းလဲလာနေပြီ ဖြစ်၏။

"ဒါ ဘာဖြစ်တာလဲ"

"အစီရင်ခံပါတယ် အကြီးအကဲ၊ ကျွန်တော်တို့ အစီအရင်ကို ထိန်းချုပ်လို့ မရတော့ပါဘူး"

"ဘာပြောတယ်.... ငါတို့ အစီအရင်ရဲ့ တိုက်ခိုက်ရေးဗဟိုချက်ကို မလှုံ့ဆော်ရသေးဘူးလေ"

"သူပဲ…. သူက အစီအရင်ရဲ့ ထိန်းချုပ်ပိုင်ခွင့်ကို လုယူနေတာ"

ပျာယာခတ်နေသည့် ကြားမှပင် အဆုံးသတ်၌ တစ်စုံတစ်ယောက်က ပြဿနာ၏ အရင်းအမြစ်ကို သဘောပေါက်သွားခဲ့သည်။

သို့သော် ကံဆိုးလှသည်မှာ အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်ချေသည်။

ကောင်းကင်ထက်၌ မင်လုံယွီသည် ဝိညာဉ်အာရုံကို လမ်းညွှန်အဖြစ် သုံးလျက် ချီစွမ်းအင်ဖြင့် အစီအရင်အလံငယ် ၃၆ ခုကို ထုတ်လွှတ်လိုက်သည်။ သူသည် ကန်းမျိုးနွယ်စု၏ အစီအရင်ကို တန်ပြန်အသက်သွင်းလိုက်ပြီး သူ အမြဲအသုံးပြုနေကျဖြစ်သော ဟောင်းနွမ်းလှသည့် အစီအရင်အိမ်မြှောင်ထက်သို့ လက်တင်လိုက်သည်။ ခြေဖဝါးအောက်ရှိ ကြီးမားလှသော ခံတပ်မြို့ရိုးကြီးကို ကြည့်ရင်း မင်လုံယွီ တည်ငြိမ်စွာ အော်ဟစ်လိုက်၏။

"တန်ပြန်အစီအရင်…."

မျက်စိတစ်မှိတ်အတွင်းမှာပင် ကန်းမျိုးနွယ်စုကို ကာကွယ်ထားသော အစီအရင်ကြီးသည် ဆန်းကြယ်လှသော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာတော့သည်။ အစောပိုင်းက အဝါရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားသော အစီအရင်သည် မျက်တောင်ခတ်အတွင်း လုံးဝ မည်းမှောင်သွားခဲ့ပြီ ဖြစ်၏။ မူလက ကြည်လင်နေသော ကောင်းကင်ကြီးသည်လည်း မည်းမှောင်သော မိုးတိမ်များ ဖုံးလွှမ်းလာသည့်အလား ရှိပေသည်။

ခံတပ်အတွင်းရှိ ကန်းမျိုးနွယ်ဝင် ကျင့်ကြံသူ အမြောက်အမြားမှာ အခြေအနေမဟန်ကြောင်း ရိပ်မိသွားကြသဖြင့် အစွမ်းထက်မှော်လက်နက်များကို ယူကာ ကောင်းကင်ထက်သို့ ပျံတက်လာကြသည်။

မင်လုံယွီ၏ နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်သော လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူ လက်တစ်ချောင်း လှုပ်လိုက်သည်နှင့် ခံစစ်အစီအရင်ကြီးတစ်ခုလုံး တုန်ခါသွားရသည်။

ဝူးးး....

နောက်တစ်စက္ကန့်၌ အစီအရင်ထက်ဝယ် ကြောက်မက်ဖွယ်ကောင်းသော ဝါကျင်ကျင် လှံရှည်ကြီးတစ်စင်း ထွက်ပေါ်လာခဲ့သည်။

ဝှီးးး....

ထိုလှံရှည်ကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့ဆုံးမှ တိုးဝင်လာသော ကန်းမျိုးနွယ်ဝင် ချီသန့်စင်အဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့ပြီ ဖြစ်သည်။ ထိုတိုက်ကွက်အတွင်း၌ ပါရှိသော မခုခံနိုင်လောက်သည့် အရှိန်အဝါများကြောင့်ပင် သူ၏ ခန္ဓာကိုယ်ကြီးမှာ အနောက်ဘက်ဆီသို့ တဟုန်ထိုး လွင့်စင်သွားခဲ့ရပြီး ခံတပ်အတွင်းရှိ နေအိမ်တစ်လုံးကို ဖြတ်သန်းသွားခဲ့ကာ မြေကြီးထဲသို့ သံမှိုတစ်ချောင်းအလား ထိုးစိုက်သွားတော့သည်။

ဤမျှရက်စက်လှသည့် မြင်ကွင်းကြောင့်ပင် ကျန်ရှိနေသေးသော လူများ၏ စိတ်ထဲဝယ် ပြင်းထန်လှသော တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။ မင်လုံယွီထံသို့ ဦးတည်ပြေးဝင်လာခဲ့ကြသော ကန်းမျိုးနွယ်စု၏ ကျင့်ကြံသူအားလုံးမှာမူ မသိစိတ်အရ နေရာတွင်ပင် ရပ်တန့်လိုက်ကြပြီဖြစ်သည်။ သူတို့အားလုံး မြင်တွေ့လိုက်ရသော ကြောက်မက်ဖွယ်ကောင်းလှသည့် မြင်ကွင်းကြောင့် မျက်နှာများမှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့ကြရပြီ ဖြစ်သည်။

"သတိထားကြ…."

စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

သူတို့ သတိပြန်ဝင်လာသောအခါတွင်မူ ပိုမို၍ ထိတ်လန့်စရာကောင်းလှသော မြင်ကွင်းတစ်ခုက စောင့်ကြိုနေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ထက်၌ လှံရှည်ကြီးများ တစ်စင်းပြီးတစ်စင်း ပေါ်ပေါက်လာသည်ကို သူတို့အားလုံး တုန်လှုပ်ချောက်ချားစွာ မြင်တွေ့လိုက်ရ၏။ လှံတစ်စင်းချင်းစီတိုင်းမှာ အစောပိုင်းကကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

လူတိုင်း စိတ်ဝိညာဉ် ခြောက်ခြားသွားကြရပြီး ရူးသွပ်စွာဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားကြတော့သည်။ သို့သော် ချီသန့်စင်အဆင့် ကျင့်ကြံသူများ၏ ပျံသန်းနှုန်းမှာ အဘယ်မျှအထိ မြန်ဆန်နိုင်ပါမည်နည်း။

မင်လုံယွီ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ထိုလှံရှည်ကြီးများ အားလုံးသည် အသက်ကို နှုတ်ယူရန်အတွက် ရှေ့သို့ ပြေးဝင်သွားကြတော့သည်။

ဝှီးးး....ဝှီးးး…. ဝှီးးး…

ဤအခိုက်အတန့်၌ ကန်းမျိုးနွယ်စု ခံတပ်၏ ကောင်းကင်ထက်တွင် လှံမိုးများ ရွာသွန်းနေသကဲ့သို့ ရှိပေသည်။ ညည်းတွားသံများ၊ ဒေါသတကြီး ဆဲဆိုသံများနှင့် အသက်ချမ်းသာပေးရန် တောင်းပန်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေ၏။

မင်လုံယွီကမူ ဘာမှမကြားရသည့်အလား ထိုတန်ပြန်အစီအရင်ကို တစ်ဦးတည်း ထိန်းချုပ်လျက် ကန်းမျိုးနွယ်ဝင် ကျင့်ကြံသူများ၏ အသက်ဝိညာဉ်များကို ဆက်တိုက် ရိတ်သိမ်းနေတော့သည်။ လွန်ခဲ့သော နှစ်ပေါင်းရာကျော်က သူ၏ ဒန်ရှား မင်မျိုးနွယ်စုသည် ရန်သူများ၏ ဝိုင်းရံပိတ်ဆို့မှုကို တစ်နှစ်တိုင်တိုင် ခံခဲ့ရပြီး အဆုံးသတ်တွင် ရိက္ခာပြတ်လပ်ကာ အငတ်ဘေးဆိုးကြီးဖြင့် သေဆုံးသွားခဲ့ကြရသည့် သမိုင်းကြောင်းကို လူကြီးများ၏ ပြောပြချက်အရ ကြားသိခဲ့ရသည်။ သို့သော် သူကိုယ်တိုင် ဒန်ရှားတောင်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် မျိုးနွယ်စု၏ ရှေးဟောင်းခံစစ်အစီအရင်ကြီးကို ပြန်လည်အသက်သွင်းလိုက်သည့် အချိန်မှစ၍ ထိုသမိုင်းကြောင်းမှာ မင်မျိုးနွယ်စု၏ အသက်ရှင်ကျန်ရစ်သူများ ပြောပြသကဲ့သို့ ရိုးရှင်းလှသည်မဟုတ်ကြောင်း ရိပ်မိသွားခဲ့သည်။

မင်မျိုးနွယ်စု၏ အစီအရင်ဆိုင်ရာ ထူးချွန်မှုအရ တစ်နှစ်တိုင်တိုင် တောင့်ခံနိုင်ခဲ့လျှင် ဒုတိယနှစ်ကို မတောင့်ခံနိုင်စရာ အကြောင်းမရှိချေ။ မိမိတို့ မင်မျိုးနွယ်စုနှင့် ရင်းနှီးသော ရွှေအမြုတေအဆင့် ဂိုဏ်းကြီးက ထျန်းလန် နတ်ဘုရားမြို့တော်ကို ပြန်လည်ထိန်းချုပ်သည့် အချိန်အထိ စောင့်ဆိုင်းနိုင်ခဲ့လျှင် ထိုဘေးဒုက္ခသည် အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်သည်။ ထို့ကြောင့် မင်မျိုးနွယ်စု ပျက်စီးသွားခဲ့ရခြင်း၏ အဓိကအကြောင်းအရင်းမှာမူ ကန်းလျဲ့နှင့် ကန်းရှုကျန်းတို့ သွားရောက်ခဲ့သော ထိုအလွန်တရာ ကျဉ်းမြောင်းလှသည့် တောင်ကြားချိုင့်ဝှမ်းအတွင်း၌ ဖြစ်ပေလိမ့်မည်။ ထိုနေရာမှနေ၍ ကန်းမျိုးနွယ်စုသည် ရန်သူများကို ခံစစ်အစီအရင်၏ ဗဟိုချက်ဆီသို့ လျှို့ဝှက်စွာဖြင့် လမ်းပြခေါ်ဆောင်ခဲ့ကြပြီး အခြေခံအုတ်မြစ်များကိုပါ ဖျက်ဆီးပစ်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းက အစောပိုင်းတုန်းကမူ သူ၏ စိတ်ကူးထင်မြင်ချက်တစ်ခုမျှသာ ဖြစ်သော်လည်း ထျန်းလန်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် မင်မျိုးနွယ်စု၏ သာမန်လူသားများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ရှိရှိသမျှသော သဲလွန်စ မှန်သမျှက ကန်းမျိုးနွယ်စုဆီသို့ ဦးတည်နေခြင်းက အချို့သောအရာများကို သက်သေပြနေပြီ ဖြစ်သည်။ ဤအရာအားလုံးမှာ အတိတ်က ဖြစ်ရပ်များသာ ဖြစ်သောကြောင့် ယခုအခါတွင်မူ သိပ်အရေးမကြီးတော့ချေ။ အမှန်စင်စစ် ကန်းမျိုးနွယ်စုအတွက် ဘေးဒုက္ခကြီးကို ဖိတ်ခေါ်ခဲ့သည်ကား လော့ထျန်းအဖွဲ့ကို သွားရောက် စော်ကားမိခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။

"လော့ထျန်းအဖွဲ့ဆိုတဲ့ သားရဲဆိုးကြီးကို နှိုးမိပြီးမှတော့ မင်းတို့ စိတ်အေးလက်အေး နေချင်သေးတာလား…. တကယ့်ကို အိပ်မက်မက်နေတာပဲ"

မင်လုံယွီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အစီအရင်လက်ကွက်များကို ပိုမိုမြန်ဆန်စွာ ဖော်ဆောင်လိုက်သည်။ မြေပြင်ပေါ်ရှိ အုတ်ခဲများနှင့် ကျောက်တုံး မြောက်မြားစွာမှာ ကောင်းကင်ထက်သို့ မြောက်တက်သွားပြီး ဧရာမ ကျောက်တုံးကြီးများအဖြစ် စုစည်းသွားတော့သည်။

ခံတပ်၏ ထောင့်အသီးသီးတွင် ပုန်းကွယ်နေကြသော လူများသည် ကောင်းကင်ထက်၌ မတ်တပ်ရပ်နေသော မင်လုံယွီ၏ ပုံရိပ်ကို ကြည့်ရင်း ဝိညာဉ်များပင် တုန်လှုပ်ချောက်ချားသွားကြရ၏။

“မိစ္ဆာ၊ သူက မိစ္ဆာပဲ....”

ဝုန်းး…. ဝုန်းး…. ဝုန်းး….

အချိန်ကား မည်မျှ ကုန်ဆုံးသွားခဲ့ပြီ မသိတော့ချေ။

ယခုအချိန်တွင်မူ ခံတပ်အတွင်း၌ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

"အကြီးအကဲမင်…."

"အကြီးအကဲမင်…."

မင်လုံယွီသည် ငေးမှိုင်နေသည့် ကြားမှ ရုတ်တရက် သတိဝင်လာခဲ့သည်။ သူ၏ နောက်တွင်မူ မုရုံချင်းလျန် ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး သူမ၏ မျက်ဝန်းများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ဒါကို ဘယ်လိုလုပ်ရမလဲ"

မင်လုံယွီ ခေါင်းကို တွင်တွင် ခါယမ်းလိုက်ပြီး ပျက်စီးယိုယွင်းနေသော ကန်းမျိုးနွယ်စု၏ ခံတပ်ကြီးကို ကြည့်ရင်း မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားရသည်။ နှစ်ပေါင်းများစွာတိုင်အောင် ခါးခါးသီးသီး ကျင့်ကြံခဲ့ရပြီး အရပ်ရပ်သို့ ထွက်ပြေးပုန်းအောင်းခဲ့ရသဖြင့် သူ၏ ရင်ထဲတွင် အမြဲတစေ ဖိနှိပ်ထားသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ယခုအခါ အခြေတည်အဆင့်သို့ ရောက်ရှိပြီး ပထမဆုံး တိုက်ပွဲကြီးနှင့် ကြုံတွေ့ရသောအခါတွင်မူ တစ်ခဏမျှအတွင်း သတ်ဖြတ်လိုသောစိတ်က ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့ရခြင်း ဖြစ်၏။ သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပျက် သုတ်သင်ပစ်လိုက်မိသည်။

"တောင်းပန်ပါတယ်…. ကျုပ် နည်းနည်း လက်လွန်သွားပုံရတယ်"

မုရုံချင်းလျန် အပြုံးတစ်ခုကို ဖန်တီးလိုက်သော်လည်း မည်သို့ပင်ကြည့်စေကာမူ သူမ တုန်လှုပ်ခြောက်ခြားနေဆဲပင်။ အစွမ်းထက်သော အစီအရင်ဆရာတစ်ဦး ပေးစွမ်းနိုင်သော ဖျက်ဆီးမှုစွမ်းအားကား မှန်းဆမရလောက်အောင် ကြီးမားလှသည်။ အခြေတည်အဆင့် ကျင့်ကြံသူများက အစွမ်းထက်လှသည်ဆိုသော်လည်း ကန်းမျိုးနွယ်စုကို သတ်ဖြတ်ရာတွင် ဤမျှအထိ လွယ်ကူလိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ အချို့သောသူများ ထွက်ပြေးလွတ်မြောက်သွားနိုင်သေးသည်။

မင်လုံယွီ သက်ပြင်းချလိုက်ရင်း ဆိုသည်။

"အဖွဲ့သားတွေကို ခေါ်ပြီး သွားပြီး ရတနာတွေ သွားသိမ်းလိုက်ကြပါဦး…. အစီအရင်ရဲ့ တိုက်ခိုက်မှုက ကျင့်ကြံသူတွေကိုပဲ ရည်ရွယ်တာမို့ ရတနာတွေကတော့ အကောင်းအတိုင်း ကျန်ဦးမှာပါ"

"ဒါဆို ရှင်ရော…."

"ကျုပ်လား…."

မင်လုံယွီက စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်လိုက်ပြီး အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ဆိုသည်။

"ကျုပ် အဖွဲ့ချုပ်ခေါင်းဆောင်ဆီကို ပြန်ပြီး အပြစ်ဝန်ခံရမှာပေါ့"

သူတို့ မထွက်ခွာမီက လက်လွန်ကြက်သွန် မဖြစ်စေရန် လော့ချန် ပြတ်ပြတ်သားသား သတိပေးခဲ့သည်။ ယခုမူ သူသည် တစ်ခဏတာ စိတ်လှုပ်ရှားမှုကြောင့် ကန်းမျိုးနွယ်စုကို အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းပစ်လိုက်မိချေပြီ။ ထိုသာမန်လူသားများမှတစ်ပါး ကျင့်ကြံသူအားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

မင်လုံယွီသည် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြသော ကန်းမျိုးနွယ်စု၏ သာမန်လူသားများကို လှမ်းကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။

သူ ထွက်ခွာသွားပြီးနောက်တွင်မူ မုရုံချင်းလျန်သည် သူမ၏ လူများကို ဦးဆောင်ကာ ထိုပျက်စီးယိုယွင်းနေသော နယ်မြေအတွင်း၌ ရတနာပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းတော့သည်။ မင်လုံယွီ ပြောခဲ့သည့်အတိုင်းပင် သူ၏ အစီအရင်မှာ အများအားဖြင့် လှံရှည်များနှင့် ကျောက်တုံးများသာ ဖြစ်သဖြင့် ကန်းမျိုးနွယ်စု၏ ရတနာပစ္စည်းများမှာ အတော်အတန် အကောင်းအတိုင်း ကျန်ရစ်နေသေးသည်။ သိုလှောင်အိတ်များ၊ ရတနာများ၊ သိုလှောင်ထားသော ဝိညာဉ်ဆန်များ၊ များပြားလှသော သတ္တုတွင်းထွက်ပစ္စည်းများနှင့် ဘဏ္ဍာတိုက်အတွင်း၌ စုဆောင်းထားသော ဝိညာဉ်ကျောက်တုံးများမှာ ၁၅၀၀၀၀ ဝန်းကျင်အထိ ရှိနေ၏။ ဖြစ်နိုင်သည်မှာ နှစ်ပေါင်းများစွာအတွင်း ကန်းမျိုးနွယ်စုသည် မင်မျိုးနွယ်စုဟူသော အတားအဆီးကြီး မရှိတော့သည့်နောက်ပိုင်းတွင် အလွန်အမင်း တိုးတက်စည်ပင်ခဲ့ပုံရပေသည်။

မုရုံချင်းလျန်သည် သေတ္တာများအတွင်းသို့ ထည့်သွင်းနေသော ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်၏။

"ဒန်ရှားတောင်နဲ့ ပိယိုတောင်ကြားကို နှစ်ပေါင်းများစွာအတွင်း ကန်းမျိုးနွယ်စုက အလကားနီးပါး အသုံးချခဲ့တာဆိုတော့ ဒီလိုမျိုး စည်းစိမ်ချမ်းသာတွေကို စုဆောင်းနိုင်တာကလည်း သဘာဝကျပါတယ်"

"ဒါပေမဲ့ နည်းသေးတယ်….. ပိုပြီး များတဲ့အရာတွေကတော့ ကန်းလျဲ့နဲ့ ကန်းရှုကျန်းတို့ နှစ်ယောက်ရဲ့ သိုလှောင်အိတ်ထဲမှာပဲ ရှိနေမှာပါ"

သူမ တီးတိုးရေရွတ်နေစဉ်မှာပင် လက်အောက်ငယ်သားတစ်ဦးက ရှေ့သို့ ချဉ်းကပ်လာကာ ကိစ္စတစ်ခုကို တိုးတိုးတိတ်တိတ် အစီရင်ခံလေသည်။

"ဟမ်…. အသက်ရှင်ကျန်ရစ်တဲ့ ကျင့်ကြံသူတွေ ရှိသေးတယ်ဟုတ်လား…."

မုရုံချင်းလျန်သည် အနည်းငယ်မျှ တွေဝေသွားခဲ့ရသော်လည်း သူမ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အေးစက် ရက်စက်လှသော အသွင်သို့ ပြောင်းလဲသွားခဲ့သည်။

"အကုန်သတ်ပစ်လိုက်…. တစ်ယောက်မှ အရှင်မထားနဲ့"

သူမ ကောင်းစွာ သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ကန်းမျိုးနွယ်စု၏ ဤနယ်မြေသည် သူမတို့ ဒန်ရှားတောင်နှင့် အလွန်အမင်း နီးကပ်လှပေသည်။ ဤကဲ့သို့ မကောင်းသောစိတ်ထားရှိသည့် အိမ်နီးနားချင်းမျိုးကို အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းပစ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မင်လုံယွီ လုပ်ဆောင်ခဲ့သည်မှာ အကြွင်းမဲ့ မှန်ကန်လှပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်သူကမူ အလွန်အမင်း သနားကြင်နာတတ်လွန်းလှသည်။

....

ဒန်ရှားတောင်ထက်၌….။

လော့ချန်သည် သူ၏ လက်ထဲ၌ ရှိနေသော သိုလှောင်အိတ်အချို့ကို ဝှေ့ယမ်းကစားနေသည်။ ထိုအိတ်များထဲတွင် ဟူချန်းရှီ၏အိတ်၊ တန်ယွမ်ဇီ၏အိတ်နှင့် မင်လုံယွီ အစောပိုင်းက ပေးခဲ့သော ကန်းမျိုးနွယ်စု မောင်နှမနှစ်ဦး၏ အိတ်များ ပါဝင်၏။ ကန်းရှုကျန်း၏ သိုလှောင်အိတ်မှာ ရုတ်တရက် ပေါက်ကွဲထွက်လာသော မြေအောက်မီးလျှံအောက်တွင် ပျက်စီးသွားခြင်းမရှိဘဲ ကျန်ရစ်ခဲ့ခြင်းက တကယ့်ကို ကံကောင်းလှပေသည်။

မင်လုံယွီအနေဖြင့် ဤနှစ်အိတ်စလုံးကို တစ်ဦးတည်း ပိုင်ဆိုင်ခွင့် မရနိုင်ချေ။ သူသည် အစီအရင်ကို ထိန်းချုပ်ရာတွင် ကြီးမားသော စွမ်းဆောင်ရည် ရှိခဲ့သည်မှာ မှန်သော်လည်း အစီအရင်ကို အသက်သွင်းရန် လိုအပ်သော ဝိညာဉ်ကျောက်တုံးများနှင့် ဒန်ရှားတောင်၏ ဝိညာဉ်ကြောစွမ်းအားကို စုပ်ယူခြင်းအတွက် ကုန်ကျစရိတ်အားလုံးကိုမူ လော့ထျန်းအဖွဲ့က တာဝန်ယူခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာပင် တိုက်ပွဲဝင်ပစ္စည်းများကို အထက်သို့ ဆက်သရမည် ဖြစ်၏။ နောင်တွင် စွမ်းဆောင်ရည်အလိုက် ဆုလာဘ်များ ချီးမြှင့်မည်ဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ အားလုံးကို တစ်နေရာတည်းတွင် စုဆောင်းထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။

ဤကဲ့သို့သော ရရှိမှုများအပြင် ကုသိုလ်တော်ခန်းမဆောင်နှင့် ရွှေခန်းမဆောင်မှ ကျင့်ကြံသူများသည်လည်း တောင်ခြေမှနေ၍ မြောက်မြားစွာသော ရတနာပစ္စည်းများကို အဆက်မပြတ် သယ်ဆောင်လာနေကြဆဲ ဖြစ်၏။ လော့ထျန်းအဖွဲ့ကို ဝိုင်းရံတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြသော အခြေတည်အဆင့် ကျင့်ကြံသူများမှာ အခြေမဲ့များ မဟုတ်ကြချေ။ ၎င်းတို့အားလုံး၏ နောက်ကွယ်တွင် နှစ်ပေါင်းဆယ်ချီ၊ ရာချီ၍ တည်ဆောက်ထားခဲ့သော ဂိုဏ်းအင်အားစုများ ရှိနေကြသည်။ ဤမျှအထိ ကြာမြင့်စွာ တည်ထောင်ထားခဲ့ကြသဖြင့် သဘာဝကျစွာပင် များပြားလှသော စည်းစိမ်ချမ်းသာများ ရှိနေကြပေလိမ့်မည်။

"အစီရင်ခံပါတယ်…."

"တန်ယွမ်ဂိုဏ်းကို ချေမှုန်းပြီးပါပြီ…."

"ထျန်းယင်းတောင်ကို ချေမှုန်းပြီးပါပြီ…."

"ယွီကျန်းကျောင်းတော်ကို ချေမှုန်းပြီးပါပြီ…."

"ကန်းမျိုးနွယ်စုကိုလည်း ချေမှုန်းပြီးပါပြီ…."

အောင်ပွဲသတင်းစကားများသည် ဆက်တိုက်ဆိုသလို ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

မင်လုံယွီ ပြန်လည်ရောက်ရှိလာသောအခါ ကန်းမျိုးနွယ်စု ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သတင်းသည်လည်း လော့ချန်၏ နားထဲသို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ဤမျှ များပြားလှသည့် အောင်ပွဲသတင်းစကားများကို ကြားသိရသည့်တိုင်အောင် လော့ချန်မှာမူ အမြဲတစေ တည်ငြိမ်သောအမူအရာကိုသာ ပြသထားသည်။ ရန်သူများ၏ ခေါင်းဆောင်များ အားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်သောကြောင့် မိမိတို့ဘက်မှ အခြေတည်အဆင့် ကျင့်ကြံသူကြီးများက စစ်မြေပြင်တစ်ခုလုံးကို မုန်တိုင်းတစ်ခုအလား လွှမ်းမိုးခြေမှုန်းနိုင်ခြင်းက သဘာဝကျလှပေသည်။

"အဖွဲ့ချုပ်ခေါင်းဆောင်ခင်ဗျ၊ ထျန်းယင်းတောင်ဘက်မှာတော့ အခြေအနေက နည်းနည်း လက်လွန်ကြက်သွန်ဖြစ်သွားပါတယ်၊ ရှင်းကျုံးဟန့်က စိတ်မထိန်းနိုင်တော့ဘဲ ယင်းမျိုးနွယ်စုရဲ့ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူအကုန်လုံးကို သတ်ခဲ့ရုံတင်မကဘဲ အခုထိလည်း အဆင့်နိမ့်ကျင့်ကြံသူတွေကိုပါ ဆက်ပြီး လိုက်သတ်နေဆဲပါ…."

ကျိုးယွမ်လီက လေးနက်သော မျက်နှာအမူအရာဖြင့် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်…. ဒီလိုလုပ်တာက ပြဿနာတွေ လက်ယက်ခေါ်ရာ ရောက်မသွားဘူးလား"

လော့ချန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိပေ။

"ကိစ္စမရှိပါဘူး၊ သူက ငါတို့ လော့ထျန်းအဖွဲ့ရဲ့ လူမှမဟုတ်တာ၊ နောက်ပိုင်းကျရင် သူနဲ့ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ဖြတ်တောက်လိုက်ရင် ရပါပြီ"

ကျိုးယွမ်လီ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ တစ်ဖက်လူက ထိုသို့လုပ်ဆောင်ဝံ့သည်ဆိုမှတော့ သူ၏ ရင်ထဲတွင် နောက်ဆက်တွဲ အကျိုးဆက်များကို တာဝန်ယူရန် အဆင်သင့်ဖြစ်နေမည်မှာ သေချာလှပေသည်။ လော့ထျန်းအဖွဲ့က သူ့အတွက် ရန်ငြိုးကို ကူညီချေဖျက်ပေးခဲ့ပြီးပြီ ဖြစ်ရာ ဆက်ဆံရေး ဖြတ်တောက်ခြင်းမှာလည်း မဟာမိတ်ကို သစ္စာဖောက်ဖျက်ခြင်းဟု မဆိုနိုင်ချေ။ ရှင်းကျုံးဟန့် ကိုယ်တိုင်လည်း ဤအချက်ကို ကောင်းစွာ နားလည်ထားပေလိမ့်မည်။

ကျိုးယွမ်လီ ထွက်ခွာသွားပြီးနောက်တွင်မူ မင်လုံယွီက ရှေ့သို့တိုး၍ အပြစ်ပေးရန် တောင်းခံလာခဲ့သည်။

မင်လုံယွီတစ်ယောက် ကန်းမျိုးနွယ်စုကို အမြစ်မကျန် သုတ်သင်ရှင်းလင်းခဲ့သည့် လုပ်ရပ်အပေါ် လော့ချန် သက်ပြင်းတစ်ချက်သာ ချလိုက်၏။

"လုပ်ပြီးသွားမှတော့လည်း ဘယ်တတ်နိုင်မလဲ"

မင်လုံယွီသည် နောက်ပိုင်းမှ သတိဝင်လာခဲ့သဖြင့် အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။ မိမိကိုယ်မိမိ မိစ္ဆာကျင့်ကြံသူဟူသော တံဆိပ်ကပ်ခြင်းခံရမည်ကို ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ လော့ထျန်းအဖွဲ့အတွက် ကြီးမားသော ပြဿနာများ ဖိတ်ခေါ်မိမည်ကို စိုးရိမ်ခြင်း ဖြစ်၏။

သူ၏ စိုးရိမ်ပူပန်မှုကို ရိပ်မိသွားသဖြင့် လော့ချန် ခေါင်းယမ်းပြလိုက်သည်။

"ပြဿနာမရှိပါဘူး…. စိတ်ထဲ အရမ်း ထည့်မနေနဲ့၊ ဒါပေမဲ့ နောက်ပိုင်းကျရင် ငါ့အမိန့်မရှိဘဲ မင်းတစ်ယောက်တည်း အဲ့လို သီးသန့် လှုပ်ရှားတာမျိုး မလုပ်ပါနဲ့"

မင်လုံယွီအနေဖြင့် လော့ချန်၏ ယုံကြည်ချက်များ ဘယ်မှ ရောက်ရှိလာသည်ကို မသိရသော်လည်း မိမိအတွက် ဖိအားများကို ရှေ့ဆုံးမှ ကာဆီးပေးရန် အဆင်သင့်ရှိနေသည်ကို မြင်ရသဖြင့် စိတ်ထဲဝယ် အလွန်အမင်း ကြည်နူးသွားရသည်။

တစ်ချိန်တည်းမှာပင် သူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင် ဒါဆိုရင် ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"

"ဘာကို ဘာဆက်လုပ်ရမှာလဲ" လော့ချန်က ပြန်မေးခွန်းထုတ်လိုက်သည်။

မင်လုံယွီက ခေါင်းကို ကုတ်လိုက်ရင်း

"ဟူမျိုးနွယ်စုကိုတော့ လီမျိုးနွယ်စုက အဆုံးသတ်ပေးလိုက်ပြီ…. တန်ယွမ်ဂိုဏ်း၊ ထျန်းယင်းတောင်၊ ယွီကျန်းကျောင်းတော်နဲ့ ကန်းမျိုးနွယ်စုတို့ကိုလည်း ကျွန်တော်တို့ ရှင်းလင်းပြီးပြီ၊ ဒါပေမဲ့ နောက်ထပ် လူတစ်ယောက် ကျန်သေးတယ်လေ"

သူ စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ဆိုသည်။

"လုရုန်က ရှန်ကုန်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လေဗျာ၊ သူ သေဆုံးသွားတာက တကယ့်ကို ပြဿနာကြီးတစ်ခုပဲ မဟုတ်လား"

သို့သော် လော့ချန်ကမူ ထိုစကားကို ကြားပြီးနောက် ညင်သာစွာသာ ပြုံးလိုက်၏။

"လုရုန်တစ်ယောက်တည်းတင်မကပါဘူး၊ ရွှီချန်တောင်က ဝေထော်ကလည်း ငါ့ကို လာစော်ကားခဲ့သေးတယ်၊ ငါ့ဆီမှာတော့ လူသေရင် ရန်ကြွေးကျေရမယ်ဆိုတဲ့ စည်းမျဉ်းမျိုး မရှိဘူး"

မင်လုံယွီ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အဖွဲ့ချုပ်ခေါင်းဆောင်အနေဖြင့် နောက်ထပ် ကြီးမားသော လှုပ်ရှားမှုကြီးတစ်ခုကို ပြုလုပ်ရန် စိတ်ကူးနေခြင်းလော။

လော့ချန်သည် ထိုသိုလှောင်အိတ်ပုံကြီးထဲမှနေ၍ ကန်းရှုကျန်း၏ အိတ်ကို ဆွဲယူကာ မင်လုံယွီအား ကမ်းပေးလိုက်သည်။

"ရော့…. မင်းအတွက်"

"ဗျာ…. ဒါကတော့ သိပ်မသင့်တော်ပါဘူး"

မင်လုံယွီက အားနာစွာဖြင့် ပြောလိုက်သည်။

"ကျွန်တော် အောင်မြင်ခဲ့ရတာကလည်း.... လော့ထျန်းအဖွဲ့ဆိုတဲ့ ကျောထောက်နောက်ခံ ရှိနေခဲ့လို့ပါ"

"မသင့်တော်စရာ ဘာမှမရှိဘူး၊ သူတို့အားလုံးလည်း ဝေစုအသီးသီး ရကြမှာပဲ၊ ကျန်တဲ့အရာတွေကိုမှ အဖွဲ့ရဲ့ ဘဏ္ဍာအဖြစ် သတ်မှတ်မှာ"

လော့ချန် သိုလှောင်အိတ်ကို မင်လုံယွီထံ ပစ်ပေးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ်လျက် ခြေလှမ်းများကို ဖြည်းညှင်းစွာ လျှောက်လှမ်းကာ ခန်းမဆောင်ကြီး၏ အပြင်သို့ ထွက်ခွာလာခဲ့သည်။ သူသည် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ကြည့်နေပြီး မျက်နှာအမူအရာမှာ နက်ရှိုင်းလှပေသည်။

ဤအချိန်မှ စတင်၍မူ ကြီးမားလှသော စစ်ဆင်ရေးကြီးများကို ထပ်မံပြုလုပ်ရန် မသင့်တော်တော့ပေ။ အကြောင်းမှာ သူတို့အနေဖြင့် လုံလောက်လှသော ပရမ်းပတာ ဖြစ်မှုများကို ဖန်တီးခဲ့ပြီးပြီ ဖြစ်ခြင်းကြောင့်ပင်။ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များမှာ လုံလောက်စွာ ကြီးမားလှပြီဖြစ်သော်လည်း ထန်ထိုက်ကျင်း ပါဝင်ပက်သက်နေခြင်းကြောင့် အရာအားလုံးက မြို့တော်အာဏာပိုင်များ၏ သည်းခံနိုင်စွမ်းအတိုင်းအတာအတွင်း၌သာ ရှိနေသေးကြောင်း သူ ကောင်းစွာ သိရှိထားသည်။

ယခုအချိန်၌ ပြုလုပ်ရမည့် တစ်ခုတည်းသောအလုပ်မှာ စောင့်ဆိုင်းရန်သာ ဖြစ်ပေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters