← Chapters

အခန်း ၄၂၃

Vol. 43 Ch. 423

အခန်း ၄၂၃

Vol. 43 Ch. 423

အခန်း (၄၂၃) - ရှန်ကုန်းဂိုဏ်း၏ အကျပ်အတည်းနှင့် လုရုန်ချန်ရစ်ခဲ့သော အရှုပ်ထုတ်

ထျန်းလန် နတ်ဘုရားမြို့တော်၏ ဂိုဏ်းအုပ်ချုပ်ခွင့်သက်တမ်းမှာ ယေဘုယျအားဖြင့် ဆယ်နှစ်တစ်ကြိမ် လဲလှယ်လေ့ရှိပြီး စုစုပေါင်း နှစ်ပေါင်းခုနစ်ဆယ်ကို အလှည့်တစ်ပတ်အဖြစ် သတ်မှတ်ထားသည်။

ဤအချိန်ကာလ သတ်မှတ်ချက်မှာ အလွန်တရာ အဓိပ္ပာယ်မရှိလှပေ။ အကြောင်းမှာ ကျင့်ကြံသူများ၏ သက်တမ်းမှာ ရှည်လျားလှပြီး ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် နှစ်တစ်ရာခန့်အထိ အသက်ရှင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်၏။ အခြေတည်အဆင့် သို့မဟုတ် ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားပါက နှစ်ပေါင်းရာချီ၍ပင် သက်တမ်း ရှည်ကြာနိုင်ပေသည်။ ဤမျှ ရှည်လျားလှသော သက်တမ်းနှင့် နှိုင်းယှဉ်ပါက ဆယ်နှစ်ဟူသော အချိန်မှာ ဂိုဏ်းကြီးများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်တရာ အားနည်းလွန်းလှပေသည်။

အမှန်စင်စစ် ထျန်းလန် နတ်ဘုရားမြို့တော်အနီးရှိ ချီစွမ်းအင် ကြွယ်ဝသော နယ်မြေအများစုမှာ ကြီးမားသော အလားအလာများ ရှိနေကြသည် မဟုတ်ပါလော။ အကယ်၍ နှစ်ပေါင်းဆယ်ချီ၍ စနစ်တကျ ပြုစုပျိုးထောင်ခွင့် ပေးမည်ဆိုပါက လူတိုင်း ပိုမို၍ အကျိုးအမြတ် ရရှိနိုင်ကြမည် ဖြစ်သည်။ သို့သော် ဤအဓိပ္ပာယ်မရှိသော စနစ်သည်ပင်လျှင် တစ်စုံတစ်ခုသော အရေးကြီးသည့် ကာလအပိုင်းအခြားတစ်ခု၌ အသင့်တော်ဆုံး ဖြစ်နေခဲ့ပြန်၏။ ဆယ်နှစ်သက်တမ်းဟူသော စည်းမျဉ်းမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က လူသားမျိုးနွယ်စုများ ကျောက်စိမ်းအိုးနယ်မြေကို စတင်သိမ်းပိုက်စဉ်ကတည်းက သတ်မှတ်ခဲ့သော စည်းမျဉ်းတစ်ခု ဖြစ်သည်။ ထိုစဉ်အခါက ကျောက်စိမ်းအိုးနယ်မြေကို စတင်ဖွင့်လှစ်နိုင်ရန်အတွက် ဂိုဏ်းကြီး ၁၆ ဂိုဏ်းက ကြီးမားလှသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ကြရ၏။

အခြားသောနယ်မြေများရှိ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးအချို့မှာ အခြေအနေ အနည်းငယ် ကောင်းမွန်သေးသည်ဟု ဆိုနိုင်သော်လည်း ကျောက်စိမ်းအိုးနယ်မြေတွင် အခြေစိုက်ရန် ကြိုးစားခဲ့ကြသော ရွှေအမြုတေအဆင့် ဂိုဏ်းကြီးများမှာမူ အပြင်းအထန် ထိခိုက်ပျက်စီးခဲ့ကြရသည်။

ရွှေအမြုတေအဆင့် ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်းထဲမှ ဂိုဏ်းသုံးဂိုဏ်းမှာ စစ်ပွဲအတွင်း၌ပင် လုံးဝ သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရပြီး အခြားဂိုဏ်းတစ်ခုမှာလည်း ကြီးမားသော ဆုံးရှုံးမှုများကြောင့် နောက်ထပ် နှစ်ပေါင်းသုံးရာအတွင်း တဖြည်းဖြည်း မှေးမှိန်သွားကာ နောက်ဆုံး၌ ထိပ်သီးဂိုဏ်းကြီးများ စာရင်းမှ ဖယ်ထုတ်ခြင်း ခံခဲ့ရသည်။ ထိုသို့ဖြင့် ယခုအခါတွင် ကျောက်စိမ်းအိုးဓားဂိုဏ်းကို အဓိကထားသော ကျောက်စိမ်းအိုး ထိပ်သီးခုနစ်ဂိုဏ်း သာ ကျန်ရှိတော့ခြင်း ဖြစ်၏။

အစောပိုင်း ကာလများက လူတိုင်း အပြင်းအထန် ဆုံးရှုံးခဲ့ကြရသဖြင့် မိမိတို့၏ အင်အားကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းရန်နှင့် အင်အားကြီးမားလာစေရန်အတွက် အမျိုးမျိုးသော ရတနာအရင်းအမြစ်များကို အရေးတကြီး လိုအပ်ခဲ့ကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် အသစ်တည်ဆောက်ထားသော နတ်ဘုရားမြို့တော်၏ အုပ်ချုပ်ခွင့်သက်တမ်းကို ရေရှည်အဖြစ် သတ်မှတ်ရန် မဖြစ်နိုင်ချေ။ ထိုသို့မဟုတ်ပါက ဂိုဏ်တစ်ခုက နှစ်ပေါင်းရာချီ အုပ်ချုပ်ပြီးနောက် အခြားတစ်ဂိုဏ်းကလည်း နှစ်ပေါင်းရာချီ အုပ်ချုပ်မည်ဆိုလျှင် မိမိတို့ဂိုဏ်း၏ အလှည့်သို့ ပြန်ရောက်ရှိလာသောအခါတွင်မူ နှစ်ပေါင်းရာချီ၍ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ထိုအချိန်၌ မိမိတို့ဂိုဏ်းမှာ ပျက်စီးယိုယွင်းသွားနိုင်ခြေပင်ရှိသည်။

အမှန်စင်စစ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ပေါက်လာရန်မှာ အလွန်တရာ ခဲယဉ်းလှသည် မဟုတ်ပါလော။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး မရှိပါက ကြီးမားလှသော နတ်ဘုရားမြို့တော်ကြီးတစ်ခုကို ထိန်းချုပ်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် အစောပိုင်းကာလများက မြို့တော်အုပ်ချုပ်ခွင့်သက်တမ်းကို ဆယ်နှစ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဆယ်နှစ်ဟူသော အချိန်မှာ အလွန်တရာ အသင့်တော်ဆုံး ဖြစ်ပြီး ဂိုဏ်းကြီးတိုင်းကို မိမိတို့ ရရှိသင့်သော အကျိုးအမြတ်များကို အမြန်ဆုံး သိမ်းပိုက်နိုင်စေရန် အခွင့်အရေး ပေးစွမ်းနိုင်ခဲ့သည်။ သို့သော် ဤသို့ပြုလုပ်ခြင်းကြောင့် အမျိုးမျိုးသော အားနည်းချက်များသည်လည်း ကြီးမားလှသော အကျိုးအမြတ်များ၏ အောက်တွင် ဖုံးကွယ်သွားခဲ့ရ၏။

ဥပမာအားဖြင့် ဝိညာဉ်ကြောများကို တန်ဖိုးနည်းစွာဖြင့် ငှားရမ်းခြင်း၊ စည်းစနစ်များ ပျက်ပြားခြင်း၊ အောက်ခြေလူများက အမျိုးမျိုးသော နည်းလမ်းများဖြင့် ဖားယားကပ်ကြခြင်း၊ အချင်းချင်း တိုက်ခိုက်ကြခြင်းနှင့် ပဋိပက္ခများ တိုးပွားလာခြင်း စသည်တို့ ဖြစ်သည်။

ဤအားနည်းချက်များကို အာဏာပိုင်အဖွဲ့အစည်းများက သတိမပြုမိဘဲ နေခဲ့ကြခြင်း မဟုတ်ပေ။ ဂိုဏ်းကြီးများမှ အမြော်အမြင်ရှိသော သူများသည်လည်း ဤအားနည်းချက်များကြောင့် အာဏာအပြောင်းအလဲအတွင်း မိမိတို့၏ အကျိုးအမြတ်များ ပိုမို ဆုံးရှုံးရမည်ဖြစ်ကြောင်း ကောင်းစွာ သိရှိကြသည်။ သို့သော် အချို့သောအရာများကို သတိပြုမိရုံမျှဖြင့် ချက်ချင်း ပြောင်းလဲပစ်ရန် မဖြစ်နိုင်ချေ။ စနစ်တစ်ခုချင်းစီတိုင်းတွင် ၎င်း၏ သက်တမ်းတည်တံ့ခိုင်မြဲမှု ရှိနေတတ်သည်။

အားနည်းချက်များဖြင့် ပြည့်နှက်နေသော စနစ်တစ်ခု ဖြစ်နေခဲ့သည့်တိုင်အောင်ပင် အုပ်ချုပ်သူ လူတန်းစားများကြားရှိ လျှို့ဝှက်သဘောတူညီချက်များအရ လူတိုင်းက နှစ်ပေါင်းများစွာတိုင်အောင် တိတ်တဆိတ် လိုက်နာစောင့်ထိန်းလေ့ ရှိကြသည်။ ထိုစနစ်၏ အားနည်းချက်များ အလွန်အမင်း ပေါက်ကွဲထွက်လာပြီး အာဏာပိုင်များ၏ အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်လာသည့် အချိန်ကျမှသာလျှင် စနစ်သစ်တစ်ခုကို ပြောင်းလဲကျင့်သုံးရန်အတွက် မလွှဲမရှောင်သာ ဖြစ်လာလိမ့်မည် ဖြစ်ပေသည်။။

လက်ရှိအချိန်တွင် ဆယ်နှစ်သက်တမ်းဟူသော စည်းမျဉ်းမှာ အုပ်ချုပ်သူ ဂိုဏ်းကြီးများ၏ အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်ခြင်း မရှိသေးချေ။ အမှန်စင်စစ် ရွှေအမြုတေအဆင့် ဂိုဏ်းကြီးနှစ်ခု တိုက်ခိုက်နေကြခြင်းကြောင့် အချို့သောသူများသည် ထိုအလှည့်ကျစနစ်ကြီး ပိုမို၍ မြန်ဆန်စွာ လည်ပတ်သွားနိုင်ရန်အတွက်ပင် မျှော်လင့်နေကြသေးသည်။

ယခုအခါတွင် ရေခဲခံတပ်နှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းတို့ ထျန်းလန် နတ်ဘုရားမြို့တော်၏ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူနေကြသည့် အချိန် ဖြစ်၏။ ယခင် အတွေ့အကြုံများအရ ဤလွှဲပြောင်းမှု လုပ်ငန်းစဉ်သည် တစ်လ သို့မဟုတ် နှစ်လခန့် ကြာမြင့်တတ်သည်။ ထိုအချိန်ပြီးနောက်တွင်မူ ရေခဲခံတပ်၏ ရွှေအမြုတေအဆင့် အကြီးအကဲများ၊ အခြေတည်အဆင့် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့် အမျိုးမျိုးသော အရာရှိများသည် ထျန်းလန် နတ်ဘုရားမြို့တော်မှ တဖြည်းဖြည်းချင်း ထွက်ခွာသွားကြပြီး မိမိတို့၏ ဂိုဏ်းကြီးဆီသို့ ပြန်လည်ဦးတည်ကြပေလိမ့်မည်။ အများဆုံးအနေဖြင့် မြို့တော်အတွင်းရှိ ရေခဲခံတပ်၏ စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်ရန်အတွက် လူနည်းစုကိုသာ ချန်ထားခဲ့ပေလိမ့်မည်။

ထိုတစ်လ သို့မဟုတ် နှစ်လဟူသော အချိန်ကာလမှာ ထျန်းလန် နတ်ဘုရားမြို့တော်၏ အရှုပ်ထွေးဆုံးနှင့် အလွန်တရာ ပရမ်းပတာအဖြစ်ဆုံး အချိန် ဖြစ်ပေသည်။

သို့သော်လည်း ယခုအကြိမ် ဖြစ်ပေါ်လာသော ပရမ်းပတာ အခြေအနေမှာ ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက အလွန်တရာ ပြင်းထန်လွန်းလှပေသည်။ ထိုအရာများထဲတွင် လော့ထျန်းအဖွဲ့ဟူသော အသစ်တက်လာသည့် အခြေတည်အဆင့် အင်အားစု၏ လှုပ်ရှားမှုမှာ အဆွဲဆောင်နိုင်ဆုံး ဖြစ်နေ၏။

ထိုအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှပေရာ သူတို့ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ လူအများအပြား၏ မနာလို စောင်းမြောင်းခြင်းကို ခံလာခဲ့ရပြီ ဖြစ်သည်။ လူအများစုက ယခုကဲ့သို့သော အာဏာလွှဲပြောင်းရေး ကာလအတွင်း လော့ထျန်းအဖွဲ့ဟူသည် ရန်သူများ၏ ရက်စက်စွာ ချေမှုန်းခြင်းကို ခံရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် မည်သူမျှ မျှော်လင့်မထားသည်မှာ လော့ထျန်းအဖွဲ့သည် ထိုအစွမ်းထက်လှသော အဖွဲ့ချုပ်ခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် တောင့်ခံနိုင်ခဲ့ရုံမျှမက ဤအခွင့်အရေးကို အသုံးချ၍ နယ်မြေအင်အားကို ပိုမိုချဲ့ထွင်လိုက်ခြင်း ဖြစ်သည်။

ဟူမျိုးနွယ်စုမှာ လော့ထျန်းအဖွဲ့၏ လက်အောက်ခံ လီမျိုးနွယ်စု၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီ ဖြစ်၏။ အိမ်နီးနားချင်းဖြစ်သော ကန်းမျိုးနွယ်စုမှာလည်း လော့ထျန်းအဖွဲ့ ထိပ်သီးအစီအရင်ဆရာကြီးလက်အောက်တွင် လုံးဝ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။ လော့ထျန်းအဖွဲ့ကို သွားရောက်စော်ကားမိခဲ့ကြသော တန်ယွမ်ဂိုဏ်း၊ ထျန်းယင်းတောင်နှင့် ယွီကျန်းကျောင်းတော်တို့မှာလည်း ကောင်းမွန်သော အဆုံးသတ်မျိုး မရှိခဲ့ကြချေ။

ဤတိုတောင်းလှသော နှစ်ရက်၊ သုံးရက်မျှအတွင်းမှာပင် လော့ထျန်းအဖွဲ့သည် ခံစစ်အခြေအနေမှ အလုံးစုံသော တန်ပြန်တိုက်စစ် အခြေအနေအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ ယခုအခါတွင်မူ လော့ထျန်းအဖွဲ့၏ ရလဒ်များကို သိမ်းပိုက်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ဒန်ရှားတောင်ခြေတွင် တစ်ကိုယ်တော် ကျင့်ကြံသူအချို့ ကောင်းကင်ထက်သို့ မကြာခဏ မော့ကြည့်နေကြသည်။ သူတို့အားလုံး အဆင့်လတ်၊ အဆင့်မြင့် လှေပျံများ အဆက်မပြတ် ဝင်ထွက်သွားလာနေကြသည်ကို ငေးမောကြည့်ရှုနေခဲ့ကြခြင်း ဖြစ်သည်။ အပြင်ဘက်သို့ ထွက်ခွာသွားသော လှေတိုင်းဟူသည် ဗလာကျင်းနေခဲ့ကြပြီး ကျင့်ကြံသူ အနည်းငယ်မျှသာ ပါရှိသွားခဲ့ကြသော်လည်း ပြန်လည်ရောက်ရှိလာချိန်တွင်မူ တောင်ပုံရာပုံ ရှိနေသော အဖိုးတန်ရတနာများဖြင့် ပြည့်နှက်နေခဲ့ကြသည် မဟုတ်ပါလော။

ကောင်းကင်ယံထက်မှနေ၍ ဖြတ်သန်းသွားကြသော ထိုများပြားလှသည့် အဖိုးတန်ရတနာများကို မြင်တွေ့လိုက်ရသည့် အချိန်တိုင်း တောင်ခြေရှိ လူအများအပြားထံမှ အံ့အားသင့်စွာ ရေရွတ်သံများ ထွက်ပေါ်လာခဲ့ရသည်။

"သူတို့က အဲဒီအင်အားစုတွေရဲ့ ရတနာအားလုံးကို အကုန်အစင် သယ်ထုတ်နေကြတာပဲ…."

"ဟေ့ကောင်…. အဲ့ဒါက ယွီကျန်းကျောင်းတော်ရဲ့ ကျောက်စိမ်းပိုးကောင်တွေနဲ့ ပိုးစာပင်တွေ မဟုတ်ဘူးလား"

"အမလေး ဘုရားရေ…. ယွီကျန်းကျောင်းတော်က စိုက်ပျိုးထားတဲ့ ပိုးစာပင် သုံးထောင်ကျော်စလုံးကို တူးယူလာတာလား"

"ကြည့်စမ်း…. ကြည့်စမ်း…. ဟိုမှာ ထျန်းယင်းတောင်ရဲ့ လင်းယုန်သိုက်တွေ မဟုတ်လား"

"တစ်၊ နှစ်၊ သုံး.... ခုနစ်…. လင်းယုန်သိုက် ခုနစ်ခုစလုံးကို သယ်လာခဲ့တာပဲ"

"ချမ်းသာပြီဟေ့…. လော့ထျန်းအဖွဲ့က ဒီတစ်ကြိမ်တော့ တကယ့်ကို ကြီးပွားချမ်းသာသွားခဲ့ကြပြီပဲ၊ ထျန်းယင်းတောင်က ဝိညာဉ်လင်းယုန်တွေနဲ့တင် တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး သိန်းဂဏန်း အမြတ်ရနေတာလေ၊ ပြီးတော့ အဲဒီပိုးစာပင်ကလည်း မခေဘူးနော်၊ သစ်ရွက်တွေကို ကျောက်စိမ်းပိုးကောင်တွေကို ကျွေးမွေးလို့ရသလို သစ်ခေါက်တွေကိုလည်း မှော်စာရွက်လုပ်လို့ရတယ်၊ သီးပွင့်လာတဲ့ အသီးကလည်း အဖိုးတန်တဲ့ ပထမအဆင့် ဝိညာဉ်သစ်သီးတစ်မျိုးပဲ...."

"နေဦး…. ဟို ချီသန့်စင်အဆင့် ကျင့်ကြံသူနှစ်ယောက်က တန်ယွမ်ဂိုဏ်းရဲ့ ဆေးဖော်ဆရာတွေ မဟုတ်ဘူးလား…."

"အမလေး ဘုရားရေ…. လော့ထျန်းအဖွဲ့က ဆေးဖော်စပ်တာမှာ ဆရာတစ်ဆူလေ၊ အခု နောက်ထပ် ဆေးဖော်ဆရာ နှစ်ယောက်ကိုပါ သိမ်းပိုက်လိုက်ပြီဆိုတော့ ချက်ချင်းပဲ အရှိန်အဟုန်နဲ့ တိုးတက်သွားတော့မှာပေါ့…."

"ဒါဆို ကန်းမျိုးနွယ်စုရော…. သူတို့က သတ္တုတွင်းထွက်ပစ္စည်းတွေကို သန့်စင်တဲ့နေရာမှာ အကျွမ်းကျင်ဆုံးလို့ ကြားတယ်၊ အထူးသီးသန့် သတ္တုသန့်စင်နည်းလမ်း တချို့လည်း ရှိတယ်လို့ ဆိုကြတယ်၊ အဲဒါတွေကိုလည်း လော့ထျန်းအဖွဲ့က သိမ်းပိုက်လိုက်ပြီလား"

"မနေ့တည်းက ကန်းမျိုးနွယ်စုနယ်မြေက ပျက်စီးသွားပြီလေ၊ ငါလောင်းရဲတယ်... သူတို့မျိုးနွယ်စုရဲ့ အဖိုးတန် အမွေအနှစ် အားလုံးလည်း လော့ထျန်းအဖွဲ့ရဲ့ လက်ထဲ ရောက်ပြီးလောက်ပြီ"

….

ဒန်ရှားတောင်ခြေတစ်လျှောက် စပ်စုလိုသူများဖြင့် ပြည့်နှက်နေပြီး နေ့စဉ်နှင့်အမျှ လော့ထျန်းအဖွဲ့၏ လှေ အဝင်အထွက်ကို စိုက်ကြည့်နေကြသည်။

သူတို့အနေဖြင့် ရင်းနှီးလှသော သို့မဟုတ် အဖိုးတန်လှသော ရတနာပစ္စည်းများကို မြင်တွေ့ရသည့် အချိန်တိုင်း တီးတိုးဆွေးနွေးငြင်းခုံကြလေ့ရှိ၏။ အဖိုးတန်လှသော ရတနာပစ္စည်းများ တင်ဆောင်လာသည့် လှေကြီးများ တစ်စီးပြီးတစ်စီး ဝင်ရောက်လာသည်နှင့်အမျှ လူပေါင်းမြောက်မြားစွာမှာ မနာလို ဝန်တိုဖြစ်လာကြရသည်။ သို့သော် သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေသည့် လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူများ ရှေ့မှောက်တွင် မည်သူမျှ မဆင်မခြင် မလှုပ်ရှားဝံ့ကြချေ။

တဖြည်းဖြည်းနှင့် အချို့သောသူများက အခြေအနေကို ရိပ်မိလာကြသည်။

"ငါက ဘာလို့ ဒီနေရာမှာ နေ့တိုင်း ထိုင်ကြည့်နေရမှာလဲ…."

"လော့ထျန်းအဖွဲ့က အသားစားရင် ငါလည်း ဟင်းရည်သောက်ခွင့် ရနိုင်တာပဲ…."

တိတ်တဆိတ်ပင် တစ်ကိုယ်တော် ကျင့်ကြံသူအချို့သည် အတင်းအဖျင်း ပြောဆိုနေခြင်းကို ရပ်တန့်လိုက်ကြပြီး လော့ထျန်းအဖွဲ့၏ ချေမှုန်းခြင်းကို ခံလိုက်ရသော အင်အားစုများ၏ ပျက်စီးရာ နယ်မြေများဆီသို့ အပြေးအလွှား သွားရောက်ကြပြီး အကြွင်းအကျန်များကို ကောက်ယူရန် ကြိုးစားကြတော့သည်။

လော့ထျန်းအဖွဲ့၏ ယခုအကြိမ် လှုပ်ရှားမှုမှာ ရန်သူများ၏ ဂိုဏ်းအမွေအနှစ်ကိုသာ ဖျက်ဆီးပြီး ရတနာများကို သိမ်းပိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။ သို့သော် တောင်တန်းကြီးများနှင့် အဆောက်အအုံများကိုမူ မည်သို့မျှ ထိခိုက်ပျက်စီးအောင် ပြုလုပ်ခဲ့ခြင်း မရှိပေ။ အကြောင်းမှာ နာမည်အရ ထိုနေရာများအားလုံးမှာ ထျန်းလန် နတ်ဘုရားမြို့တော်၏ ပိုင်ဆိုင်မှုများ ဖြစ်နေသောကြောင့်ပင်။

ယခုကဲ့သို့သော ကြီးမားလှသည့် စစ်ဆင်ရေးကြီးများ ဆင်နွှဲနေခဲ့ကြသည့် အချိန်အတွင်းမှာပင် ထူးဆန်းလှစွာဖြင့် လုံးဝဥဿုံ တိတ်ဆိတ်နေခဲ့ကြသော အင်အားစုကြီး နှစ်ခု ရှိနေခဲ့သေးသည်။

....

ရွှီချန်တောင်၊ ဝေမျိုးနွယ်စု နယ်မြေ၌ ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင် ဝေပုဖန်၏ မျက်နှာမှာ တိမ်ဖုံးနေသည့်နှယ် မည်းမှောင်နေသည်။

သူ ပင့်ဖိတ်ထားခဲ့သော အခြေတည်အဆင့် မိတ်ဆွေနှစ်ဦးမှာလည်း လက်ရှိအချိန်တွင် အနည်းငယ် မျက်နှာပူနေကြရသည်။

"ညီအစ်ကိုဝေ…. ငါတို့က မကူညီချင်လို့ မဟုတ်ပါဘူး၊ မင်းလည်း မြင်တဲ့အတိုင်း ငါတို့ ဒီနေရာမှာ နှစ်ရက်လောက် စောင့်နေခဲ့တာပဲ၊ ဒါပေမဲ့ လော့ထျန်းအဖွဲ့က အခုထိ ရောက်မလာသေးဘူးဆိုတော့ သူတို့လည်း လက်လျှော့သွားပြီး မင်းတို့ ဝေမျိုးနွယ်စုကို ဆက်ပြီး ရန်မရှာတော့တာလည်း ဖြစ်နိုင်တာပဲ"

အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက ပြောဆိုလိုက်ပြီး သူ၏ စကားလုံးများထဲတွင် ထွက်ခွာလိုသော ဆန္ဒက ထင်ရှားနေသည်။

အခြားတစ်ယောက်ကလည်း အလျင်အမြန်ပင် ဝင်ရောက်၍ ထောက်ခံလိုက်သည်။

"တကယ်တော့ ပြဿနာ မီးခွက်ထွန်းရှာတာက မင်းရဲ့ ဝမ်းကွဲအစ်ကိုပဲလေ…. အဲ့မီးနတ်ဘုရားလော့ကလည်း အကျိုးအကြောင်း သိတတ်တဲ့သူမို့ ရွှီချန်တောင် ဝေမျိုးနွယ်စုအပေါ် အမျက်ဒေါသ ပုံချမှာ မဟုတ်ပါဘူး…. လက်ရှိမှာ ဘာမှမဖြစ်သေးတာမို့ ငါတို့ နှစ်ယောက်လည်း ပြန်ပြီး ကျင့်ကြံရဦးမယ်…. တကယ်လို့ အရေးပေါ် အခြေအနေ ရှိလာရင် အသံလွှင့်ကျောက်စိမ်းပြားကနေတစ်ဆင့် ငါတို့ကို အကြောင်းကြားလိုက်ပေါ့…."

ထွက်ခွာရန် ဖင်တကြွကြွဖြစ်နေသော လူနှစ်ဦးကို ကြည့်ရင်း ဝေပုဖန်သည် ရင်ထဲမှ ဒေါသကို ဖိနှိပ်လျက်

"လော့ထျန်းအဖွဲ့ ရောက်မလာသေးတာက လူအင်အား မလုံလောက်လို့၊ တခြားအရာတွေကို အာရုံမစိုက်နိုင်သေးတာကြောင့်ပဲ…. သူတို့ လူအင်အား ပြည့်သွားတာနဲ့ သေချာပေါက် တံခါးဝအထိ လာတိုက်ကြလိမ့်မယ်…. အစ်ကိုတို့နှစ်ယောက် နောက်ထပ် ရက်အနည်းငယ်လောက် ထပ်ပြီး နေပေးပါဦး…. ဝိညာဉ်ကျောက်တုံး ကိစ္စကိုတော့ ကျွန်တော် သေချာပေါက် နည်းနည်းတောင် လျှော့ပေးမှာ မဟုတ်ပါဘူး"

သို့သော်ငြားလည်း ဝေပုဖန်၏ စကားများကြောင့် ထိုလူနှစ်ဦးမှာ ပို၍ပင် ထွက်ပြေးချင်စိတ် ပေါက်သွားကြရသည်။ အကြောင်းမှာ ထိုမီးနတ်ဘုရားလော့သည်ကား သာမန်လူစားမျိုး မဟုတ်ချေ။ ချင်းဟွာမြစ် တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များမှာ အရပ်ရပ်သို့ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူသည် မည်သည့် လက်နက်ကိုမျှ အသုံးမပြုဘဲ ဆန်းကြယ်လှသော မှော်အတတ်များဖြင့်သာ ဟူမျိုးနွယ်စု၏ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူ သုံးဦးကို အလွယ်တကူ ချေမှုန်းပစ်ခဲ့သည် မဟုတ်ပါလော။ ယခုအခါ မိမိတို့ သုံးဦး ပူးပေါင်းထားသည်ဆိုစေဦးတော့၊ လော့ချန်၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်ဟု တပ်အပ်မပြောနိုင်ပေ။

ထို့ကြောင့်ပင် သူတို့နှစ်ဦး အမျိုးမျိုးသော ဆင်ခြေများကို ပေးကြတော့သည်။ ဂူဗိမာန်အတွင်းရှိ ဝိညာဉ်သားရဲဥများ ပေါက်ဖွားတော့မည်ဖြစ်သဖြင့် အိမ်ပြန်ကာစောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ မျိုးနွယ်စုဘက်တွင် ကိစ္စရပ်များ ရှိနေပြီး လက်ရှိအချိန်တွင် ပရမ်းပတာ ဖြစ်နေသဖြင့် ပြန်လည်ထိန်းချုပ်ရမည် ဖြစ်ကြောင်း စသဖြင့် ပြောလိုက်လေရာ နောက်ဆုံး ဝေပုဖန် အရှုံးပေးလိုက်ရတော့သည်။

သူ သက်ပြင်းချကာ ထိုလူနှစ်ဦးအား လိုက်လံပို့ဆောင်ပေးလိုက်သည်။

သူတို့ ထွက်ခွာသွားပြီးနောက် ဝေမျိုးနွယ်စု၏ အကြီးအကဲက စိုးရိမ်ပူပန်စွာဖြင့်

"မျိုးနွယ်စုခေါင်းဆောင်…. အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

ဝေပုဖန် မျက်မှောင်ကြုတ်ထားမိ၏။ အမှန်စင်စစ် ပြဿနာ မီးခွက်ထွန်းရှာသူမှာ သူ၏ ဝမ်းကွဲအစ်ကိုသာဖြစ်သည်။ အေးအေးဆေးဆေး နေရမည့်အစား လီမျိုးနွယ်စု၏ ရတနာများကို သွားရောက် လောဘတက်ခဲ့သည်။ ဝေမျိုးနွယ်စုအနေဖြင့် ရွှီချန်တောင်တွင် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ရှိနေကြသဖြင့် ထိုရတနာများကို အရေးတကြီး လိုအပ်နေသည် မဟုတ်ချေ။ အဆုံးသတ်တွင် လော့ချန်၏ အမျက်ဒေါသကို ဖိတ်ခေါ်မိခဲ့ရုံသာ ရှိတော့သည်။

အကယ်၍ လော့ထျန်းအဖွဲ့သာ အလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့မည်ဆိုလျှင်....။

"နေဦး.…"

ရုတ်တရက် ဝေပုဖန် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ ဝေထော် လောဘတက်ခဲ့သည်မှာ လီမျိုးနွယ်စု၏ ရတနာများသာ ဖြစ်ပြီး လော့ထျန်းအဖွဲ့ မဟုတ်ချေ။ တစ်နည်းအားဖြင့် ဆိုရသော် မိမိတို့ ဝေမျိုးနွယ်စုနှင့် လော့ထျန်းအဖွဲ့ကြားတွင် ရန်ငြိုးအာဃာတဟူ၍ မရှိခဲ့ကြချေ။ ထိုမျှသာမက အဆိုပါတိုက်ပွဲအတွင်း လော့ချန်အနေဖြင့်လည်း ကြီးမားသော ဆုံးရှုံးမှုမျိုး မရှိခဲ့ချေ။ ဆိုလိုသည်မှာ ဤကိစ္စတွင် စေ့စပ်ညှိနှိုင်းနိုင်သော အခွင့်အရေး ရှိနေသေးခြင်းပင် ဖြစ်၏။ ၎င်းကို လော့ထျန်းအဖွဲ့က ရွှီချန်တောင်ကို တိုက်ခိုက်ခြင်းမပြုခဲ့ဘဲ အနည်းငယ် ပိုမိုဝေးကွာသော ထျန်းယင်းတောင်သို့ သွားရောက်ခဲ့ခြင်းက သက်သေပြနေပြီ ဖြစ်သည်။ ဤအချက်ကို တွေးတောမိပြီးနောက် ဝေပုဖန်၏ ရင်ထဲတွင် မျှော်လင့်ချက် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ ချက်ချင်းပင် မျိုးနွယ်စုအကြီးအကဲကို လှမ်း၍ တားဆီးလိုက်၏။

"ဖျင်အန်း…. မင်း ဒီမှာ ခဏစောင့်နေ၊ ငါ စာတစ်စောင် သွားရေးလိုက်မယ်၊ မင်း အဲဒီစာကို ဒန်ရှားတောင်ကို သွားပို့လိုက်"

"ဗျာ…."

ဒုတိယအကြီးအကဲ ဝေဖျင်အန်းတစ်ယောက် ဆွံ့အသွားရသည်။

"မှတ်ထားနော်…. သေချာပေါက် လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင် လက်ထဲကို အရောက်ပို့ရမယ်"

ပြောပြီးသည်နှင့် ဝေပုဖန်သည် စာဖတ်ခန်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားတော့သည်။

ဒုတိယအကြီးအကဲ တစ်ဦးတည်းသာ မျက်နှာပျက်လျက် အပြင်တွင် ကျန်ရစ်ခဲ့သည်။

"ငါ ဘာဖြစ်လို့ သွားပြီးစပ်စုမိပါလိမ့်…. ငါကိုက ပါးစပ်သရမ်းမိတာ၊ အဲဒီဒန်ရှားတောင်က အခုအချိန်မှာ ကျားဂူလို ဖြစ်နေတာကို ငါ့ကို စာသွားပို့ခိုင်းတာက သွားသေခိုင်းတာနဲ့ အတူတူပဲ မဟုတ်လား"

....

မျှော်လင့်ချက် အလင်းတန်းငယ်လေးတစ်ခု ရှိနေသေးသည့် ဝေမျိုးနွယ်စုနှင့် နှိုင်းယှဉ်ပါက ရှန်ကုန်းဂိုဏ်းအတွင်းရှိ အခြေအနေမှာမူ အလွန်တရာ ဆိုးရွားနေသည်။

အခြေတည်အဆင့် (၄) ရှိသော ဂိုဏ်းချုပ် ဖေးချန်းချူးနှင့် အခြေတည်အဆင့် (၂) ရှိသော အကြီးအကဲတို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏။ အခြေအနေများ ဤမျှအထိ ဆိုးရွားသော အဆင့်သို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။ အမှန်စင်စစ် သူတို့သည် အစောပိုင်းကတည်းက စီးပွားရေးဗဟိုချက်ကို ထျန်းလန် နတ်ဘုရားမြို့တော်မှ အခြားသော နေရာတစ်ခုသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် မလှုပ်ရှားရသေးမီမှာပင် ထိုလုရုန်က ကိစ္စတစ်ခု သွားရောက်လုပ်ဆောင်ရန် ကြိုးစားခဲ့သည်။ ၎င်းကား သူ၏ စရိုက်သဘာဝအရ လုပ်ဆောင်တတ်သော အရာမျိုး ဖြစ်သည်မှာ မှန်သော်လည်း အောင်မြင်အောင် လုပ်ဆောင်ရမည့်အစား အသက်ပါပျောက်သွားခဲ့ပြီဖြစ်သည်။ ကျန်ရစ်ခဲ့သော မိမိတို့မှာမူ သူစခဲ့သော အရှုပ်ထုတ်ကြီးကို ရှင်းရပေတော့မည်။

"ဂိုဏ်းချုပ်…. ကျွန်တော်တို့ ဒီနေ့ ထွက်ပြေးကြမလား ဒါမှမဟုတ် နောက်နေ့မှ ထွက်ပြေးကြမလား"

ဖေးချန်းချူးက သူ့အား မကျေမနပ် စိုက်ကြည့်လိုက်ရင်း ဆိုသည်။

"ဘာဖြစ်လို့ ထွက်ပြေးရမှာလဲ…. လော့ချန်က အခြေတည်အလယ်ပိုင်းအဆင့်ဆိုရင် ငါရော မဟုတ်လို့လား"

အကြီးအကဲသည် ပါးစပ်ကို ဟလိုက်သော်လည်း စကားလုံးများကား လည်ချောင်းဝတွင်ပင် တစ်ဆို့သွားရသည်။ တစ်ဖက်လူက အခြေတည်အလယ်ပိုင်းအဆင့်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် မီးနတ်ဘုရား ဟူသော ဘွဲ့နာမကို ရရှိခဲ့ခြင်း ဖြစ်သည်။ သူ့ရှေ့မှလူကမူ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မည်သည့် ဘွဲ့နာမကိုမျှ ရရှိခဲ့ခြင်း မရှိပေ။ နှစ်ဦးကြား တိုက်ခိုက်မှုစွမ်းရည် ကွာဟချက် ကြီးကြီးမားမား ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ဖေးချန်းချူးသည် မိမိဂိိုဏ်း၏ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရန် နှမြောနေမိသည်။ အထူးသဖြင့် လုရုန် သေဆုံးသွားခဲ့ပြီဖြစ်ရာ သူ ခွဲတမ်းရရှိနိုင်မည့် ရတနာများမှာ ပိုမို၍ များပြားလာမည် မဟုတ်ပါလော။

သူ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်သည်။

"ငါသိရသလောက်တော့ လော့ထျန်းအဖွဲ့က ဒီတစ်ကြိမ် ဟိုဘက်အင်အားစုတွေကို တိုက်ခိုက်တဲ့ နည်းလမ်းတွေက တော်တော်ကို ရက်စက်ကြမ်းကြုတ်တယ်…. ဟုတ်တယ်မလား"

အကြီးအကဲ တစ်ချက်မျှ မှင်တက်သွားပြီးနောက် ချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွားသဖြင့် မျက်လုံးများ အရောင်တောက်လာခဲ့သည်။

"ဂိုဏ်းချုပ် ဆိုလိုတာက...."

"လောလောဆယ်တော့ စောင့်ကြည့်ရုံပဲ…. ငါ့မှာ သံဓားဂိုဏ်းနဲ့ အဆက်အသွယ်တချို့ ရှိတယ်၊ ဒီကိစ္စကို အထက်ကို တင်ပြလိုက်ရင် လော့ထျန်းအဖွဲ့အနေနဲ့ သေချာပေါက် အကျိုးဆက်ကို ခံစားရမှာပဲ…."

ဤစကားများကို ပြောရင်း ဖေးချန်းချူး၏ ရင်ထဲဝယ် တည်ငြိမ်မှုများ ပြန်လည်ရရှိလာခဲ့သည်။

သူ ယုံကြည်ချက်အပြည့်ဖြင့် လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။

"ဒီအခွင့်အရေးကို အသုံးချပြီး လော့ထျန်းအဖွဲ့ကို နာမည်ဖျက်ပစ်လို့ပါ ရနိုင်သေးတယ်…. အဲဒီအချိန်ကျရင် လော့ထျန်းအဖွဲ့ သိမ်းပိုက်ထားတဲ့ ရတနာအားလုံးကို ငါတို့က အစောဆုံး သွားလုယူလို့ရတာပေါ့…. အဲဒီမှာ အဖိုးတန်ပစ္စည်းတွေ အများကြီး ရှိတယ်လို့ ကြားတယ်၊ တကယ်လို့ အဲဒါတွေကို ရခဲ့မယ်ဆိုရင် မင်းနဲ့ငါ အခြေတည် နှောင်းပိုင်းအဆင့်ထိ ကျင့်ကြံဖို့အတွက် ဘာမှ လိုတော့မှာမဟုတ်ဘူး…. ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့အတွက်လည်း မျှော်လင့်ချက် ရှိလာနိုင်တာပေါ့"

အကြီးအကဲမှာလည်း ထိုစကားများကို နားထောင်ရင်း အလွန်အမင်း စိတ်လှုပ်ရှားလာရသည်။

"ဂိုဏ်းချုပ်ရဲ့ ဒီအစီအစဉ်က တော်တော်ကို ကောင်းလွန်းပါတယ်ဗျာ"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters