အခန်း ၄၂၄
Vol. 43 Ch. 424
အခန်း (၄၂၄) - တန်ယွမ်ဂိုဏ်းမှ လာသော ဆေးဖော်ဆရာနှစ်ဦး
ဒန်ရှားတောင်၊ မြေအောက်ဆေးဖော်ခန်းအတွင်း၌ ဖြစ်သည်။
ယခင်က အမြဲတစေ ပျားပန်းခတ်မျှ ဆူညံအလုပ်ရှုပ်နေလေ့ရှိသော ဤနေရာသည် ယခုအခါတွင်မူ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ ကြီးမားလှသော ဆေးဖော်စပ်ခန်းတစ်ခုသာ ဆက်လက်လည်ပတ်နေ၏။ ထိုနေရာ၌ ဆေးဖော်စပ်နေသူမှာ လော့ထျန်းအဖွဲ့မှ မည်သည့်ဆေးဖော်ဆရာမျှ မဟုတ်ဘဲ ချီရိ ဟု အမည်ရသော စိမ်းသက်လှသည့် ပထမအဆင့် ဆေးဖော်ဆရာတစ်ဦး ဖြစ်သည်။ ထိုသူမှာ တန်ယွမ်ဂိုဏ်းမှ လာခဲ့ခြင်း ဖြစ်၏။ သူ၏ ဘေးဘက်တွင်မူ သူ ဆေးဖော်စပ်နေသည်ကို အသေးစိတ် ကြည့်ရှုလေ့လာနေကြသော ပရိသတ်များ ရှိနေကြသည်။
စိတ်ဝင်တစား ရှိနေသော လော့ချန်က ရှေ့ဆုံးမှ ဦးဆောင်နေပြီး ချွီလင်ကျွင်း၊ မီလီ၊ မာရှို့ဖူနှင့် ချိုးရင်းတို့က စိတ်ဝင်တစားဖြင့် လော့ချန်နောက်တွင် မတ်တတ်ရပ်နေကြသည်။
ထို့အပြင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော ချီသန့်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကလည်း လော့ချန်၏ ဘေးတွင် ရိုသေခန့်ညားစွာ ရပ်လျက် အသေးစိတ် ရှင်းလင်းပြောကြားပေးနေ၏။
"ဒီမျိုးဆက်ထဲမှာ ကျွန်တော်နဲ့ ဂိုဏ်းတူအစ်ကို ချီရိတို့ရဲ့ ဆေးဖော်ပညာက အကောင်းဆုံးပဲလို့ ပြောလို့ရပါတယ်…. အထူးသဖြင့် ဂိုဏ်းတူအစ်ကို ချီရိက ဟို…. ဆရာ တန်ယွမ်ဇီရဲ့ အချစ်ဆုံး တပည့်ပါ"
"ရပါတယ်…. သေတဲ့သူက သေသွားပြီပဲ၊ ဘာပဲဖြစ်ဖြစ် ပညာသင်ပေးခဲ့တဲ့ ကျေးဇူးရှိတာမို့ မင်း ရှောင်လွှဲပြောနေစရာ မလိုပါဘူး" ဟု လော့ချန်က လက်ကို ဝှေ့ယမ်းလျက် ပြောဆိုလိုက်သည်။
ထိုစကားကြောင့် ဝတ်ရုံဖြူဝတ် ကျင့်ကြံသူလေးရွှီကျဲ၏ စိုးရိမ်စိတ်များ အနည်းငယ် လျော့ပါးသွားပြီးနောက် သူ ဆက်ပြောလိုက်သည်။
"ဂိုဏ်းတူအစ်ကို ချီရိက ပထမအဆင့် ဆေးလုံး နှစ်မျိုးကို အကျွမ်းကျင်ဆုံးပါ…. တစ်မျိုးက မှော်အာဟာရဆေးလုံး ဖြစ်ပြီး နောက်တစ်မျိုးကတော့ ကျွန်တော်တို့ တန်ယွမ်ဂိုဏ်းမှာ အရောင်းရဆုံးဖြစ်တဲ့ ယန်ဝမ်ဆေးလုံး ပါ"
လော့ချန်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"မှော်အာဟာရဆေးလုံးက ပထမအဆင့် ဆေးလုံးအစစ်တွေလား"
"မှန်ပါတယ် အဖွဲ့ချုပ်ခေါင်းဆောင်၊ ဆေးအနှစ် မဟုတ်ဘဲ…. တကယ့် ပထမအဆင့် မှော်အာဟာရဆေးလုံးစစ်စစ်ပါ"
လော့ချန်သည် မေးစေ့ကို ပွတ်သပ်လျက် တွေးတောရင်း ဆိုသည်။
"မင်း ဆက်ပြောပါဦး"
ရွှီကျဲသည် စကားလုံးများကို စနစ်တကျ စီစဉ်လျက် ဆက်လက်၍ ဂရုတစိုက် ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကို ချီရိက မှော်အာဟာရဆေးလုံးကို ဖော်စပ်တဲ့နေရာမှာတော့ ဆယ်ရာခိုင်နှုန်းလောက်ပဲ အောင်မြင်နှုန်းရှိပါတယ်…. ဒါပေမဲ့ ယန်ဝမ်ဆေးလုံးကို ဖော်စပ်တဲ့နေရာမှာတော့ လေးဆယ်ရာခိုင်နှုန်းထိ ရှိပါတယ်…. သူက ယန်ဝမ်ဆေးလုံးကို အများဆုံး ဖော်စပ်လေ့ရှိပြီး ဆရာ တန်ယွမ်ဇီရဲ့ ပညာအမွေကို ရရှိထားတာပါ…. တစ်ခါတလေ အဆင့်လတ် ယန်ဝမ်ဆေးလုံးကိုတောင် ဖော်စပ်နိုင်ပါသေးတယ်"
ဆယ်ရာခိုင်နှုန်းမျှသာ ရှိသော မှော်အာဟာရဆေးလုံး အောင်မြင်မှုနှုန်းကိုမူ လော့ချန် မျက်လုံးထဲပင် မထည့်ချေ။ သို့သော် ယန်ဝမ်ဆေးလုံး ဖော်စပ်ရာတွင် လေးဆယ်ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ရှိခြင်းကမူ သူ့အား အံ့အားသင့်သွားစေသည်။ သူ၏ စနစ်သတ်မှတ်ချက်အရ ဆိုရလျှင် ဤအရာမှာ ပြီးပြည့်စုံအဆင့် ကျွမ်းကျင်မှုသို့ ရောက်ရှိမှသာ ရရှိနိုင်မည့် အဆင့် ဖြစ်ပေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ဆေးလုံး၏ အရည်အသွေး တည်ငြိမ်မှု မရှိခြင်းသာ ဖြစ်သည်။ အကြောင်းမှာ သူသည် အဆင့်လတ် ယန်ဝမ်ဆေးလုံးကို တည်ငြိမ်စွာ မဖော်စပ်နိုင်သေးသောကြောင့် ဖြစ်၏။
လော့ချန် ရွှီကျဲဘက်သို့ လှည့်၍ မေးလိုက်သည်။
"ဒါဆို မင်းရော"
ရွှီကျဲက ချက်ချင်းပင် ပြန်အဖြေပေးလာသည်။
"ကျွန်တော်လည်း ယန်ဝမ်ဆေးလုံးကို အကျွမ်းကျင်ဆုံးပါပဲ…. ဒါပေမဲ့ ဂိုဏ်းထဲကို ဝင်တာ နောက်ကျလွန်းတာရယ်၊ ပါရမီ ကန့်သတ်ချက် ရှိတာရယ်ကြောင့် အဆင့်နိမ့် ယန်ဝမ်ဆေးလုံးကိုပဲ ဖော်စပ်နိုင်ပြီး အောင်မြင်မှုနှုန်းကလည်း သုံးဆယ်ရာခိုင်နှုန်း ပဲ ရှိပါတယ်"
‘သုံးဆယ်ရာခိုင်နှုန်းလား’
လော့ချန် စိတ်ထဲဝယ် တိတ်တဆိတ် ခေါင်းညိတ်မိ၏။ ဤသည်မှာလည်း မဆိုးလှပေ။ အကြမ်းဖျင်းအားဖြင့် ကျွမ်းကျင်အဆင့်ဟု သတ်မှတ်နိုင်ပြီး အဆင့်လတ် ဆေးလုံးများကို ဖော်စပ်သည့် အတွေ့အကြုံ မလုံလောက်သေးခြင်းသာ ဖြစ်သည်။
"မင်းတို့ အရင်က တန်ယွမ်ဂိုဏ်းအတွက် ဆေးဖော်စပ်ပေးတုန်းက ဘယ်လောက်အထိ အမြတ်တွေ ရှာပေးနိုင်ခဲ့လဲဆိုတာ တွက်ချက်ဖူးလား" ဟု လော့ချန် မေးလိုက်သည်။
ရွှီကျဲက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ပြန်လည်ဖြေကြားသည်။
"တွက်ချက်ဖူးပါတယ်…. ကျွန်တော်ဆို တစ်လကို ဝိညာဉ်ကျောက်တုံး ၁၅၀၀ ဝန်းကျင်ရှာဖွေပေးနိုင်ပြီး တစ်နှစ်ကို ၁၈၀၀၀ ဝန်းကျင် ရှိပါတယ်.... ဂိုဏ်းတူအစ်ကိုကတော့ ပိုပြီး စွမ်းဆောင်နိုင်လို့ တစ်နှစ်ကို ၃၀၀၀၀ ဝန်းကျင် ရှိပါတယ်…. ဒါပေမဲ့ ဒါတွေက ကုန်ကြမ်းပစ္စည်းတွေရဲ့ တန်ဖိုးကိုပဲ နှုတ်ထားတဲ့ ပမာဏ ဖြစ်ပြီး လူအင်အား၊ အသုံးစရိတ်နဲ့ တခြားကုန်ကျစရိတ်တွေကတော့ ကျွန်တော်တို့ သိနိုင်တဲ့ အရာမဟုတ်ပါဘူး"
ဤအဖြေကို ကြားလိုက်ရသောအခါ လော့ချန်၏ မျက်မှောင်များ မသိမသာ ကြုတ်သွားရသည်။ လူနှစ်ယောက် ပေါင်းစပ်လိုက်လျှင်ပင် လေးသောင်းရှစ်ထောင်မျှသာ ရှိသည် ဆိုပါလား။ ကြည့်ရသည်မှာ များပြားလှသည်ဟု ထင်ရသော်လည်း အမျိုးမျိုးသော အသုံးစရိတ်များကို နှိမ်လိုက်ပြီးနောက် တစ်နှစ်အတွင်း မည်မျှ ကျန်ရှိပါမည်နည်း။
"ဒါဆို မင်းနဲ့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုတို့ အရင်က ရခဲ့တဲ့ နှစ်စဉ် လစာငွေက ဘယ်လောက်လဲဆိုတာ ပြောပြနိုင်မလား"
ထိုစကားကို ကြားသောအခါ ရွှီကျဲ၏ ရင်ဘတ်မှာ အနည်းငယ် ကော့တက်သွားသည်။ သူ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့က ဆေးဖော်ဆရာတွေ ဖြစ်ကြလို့ လစာငွေက ဂိုဏ်းထဲက ချီသန့်စင်အဆင့် (၉) အကြီးအကဲတွေနဲ့ တန်းတူ ရပါတယ်…. ကျွန်တော့်ရဲ့ နှစ်စဉ်လစာက ၂၄၀၀ ဖြစ်ပြီး ဂိုဏ်းတူအစ်ကိုကတော့ ၃၀၀၀ အထိ ရပါတယ်"
ဤအဖြေကို ကြားသောအခါ လော့ချန် မည်သည့်မှတ်ချက်မျှ မပေးရသေးမီမှာပင် သူ့နောက်ရှိ လူလေးဦးမှာ မအောင့်နိုင်ဘဲ ရယ်မောမိကြတော့သည်။
ထိုရယ်မောသံကြောင့် ရွှီကျဲမှာ အနည်းငယ် ထူးဆန်းသွားရ၏။
လော့ချန်လည်း ခပ်ဖွဖွ ရယ်မောလျက် ခေါင်းခါယမ်းလိုက်သည်။
"ကြည့်ရတာ မိတ်ဆွေတန်ယွမ်ဇီက မင်းတို့ကို တော်တော်ကြီး ခေါင်းပုံဖြတ်ခဲ့တာပဲ"
ရွှီကျဲ တစ်ချက်မျှ မှင်တက်သွားရသည်။ သူသည် ဂိုဏ်းအတွင်း၌သာ ရေရှည် ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းကို ပြုလုပ်နေခဲ့သဖြင့် အပြင်လောကသို့ ထွက်ခဲလှပေသည်။ ထို့ကြောင့် ပြင်ပရှိ အင်အားစုကြီးများ၏ ပထမအဆင့် ဆေးဖော်ဆရာများအတွက် လစာငွေ သတ်မှတ်ချက်ကို သူ ကောင်းစွာ မသိချေ။
"လင်ကျွင်း၊ မင်းတို့ရဲ့ ဝင်ငွေကို ပြောပြလိုက်စမ်း" ဟု လော့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ချွီလင်ကျွင်းသည် ခါးကို မတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုသည်။
"ကျွန်တော်တို့ လော့ထျန်းအဖွဲ့မှာ ပထမအဆင့် ဆေးဖော်ဆရာတွေအတွက် ပေးအပ်တဲ့ လစာက တစ်လကို အနည်းဆုံး ၃၀၀ ကနေ စတာပါ…. တစ်နှစ်ကို ၃၆၀၀ ရှိပါတယ်၊ ကျွန်တော့်လို လူမျိုးဆိုရင်တော့ တစ်လကို ၅၀၀ ဖြစ်ပြီး တစ်နှစ်ကို ၆၀၀၀ ရရှိပါတယ်…. ပြီးတော့ လစာငွေအပြင် တခြား အခွင့်အရေးလည်း ရှိပါသေးတယ်…. ဥပမာ မှော်အတတ်ကျမ်းစာတွေကို အခမဲ့ သင်ယူခွင့် ရှိတာရယ်၊ ဝိညာဉ်အသိစိတ်ကို အားကောင်းစေတဲ့ ဆေးလုံးတွေ ရတာရယ်၊ ပြီးတော့ တစ်ခါတလေ ဆရာ့ရဲ့ တိုက်ရိုက် လမ်းညွှန်မှုကို ခံယူခွင့် ရှိတာတွေပါ…. ဒါတင်မကသေးပါဘူး၊ ကျွန်တော်တို့ ဆေးဖော်စပ်တဲ့အခါ အစ်ကိုတို့လို တစ်ယောက်တည်း လုပ်ဆောင်ရတာ မဟုတ်ဘဲ အလုပ်သင်တွေ၊ မီးထိန်းသူတွေလိုမျိုး ကူညီပေးတဲ့သူတွေ အများကြီး ရှိကြပါတယ်"
ရွှီကျဲသည် ကြားသိလိုက်ရသော စကားများကြောင့် လုံးဝ ဆွံ့အသွားရတော့သည်။ သူသည် အစောပိုင်းက ဤလူလေးဦး၏ ဆေးဖော် ပညာရပ်ကို ကိုယ်တိုင်ကြည့်ရှုခဲ့သည်။ အမှန်အတိုင်း ဆိုရလျှင် သူ့အမြင်အရ ချွီလင်ကျွင်း တစ်ဦးတည်းသာ အနည်းငယ် ထူးထူးချွန်ချွန် ရှိပြီး အခြားသော လူအချို့မှာမူ သူ့မျက်လုံးထဲဝယ် သိပ်မထူးခြားလှပေ။ အကယ်၍ ပထမအဆင့် ဆေးဖော်ဆရာများကိုလည်း ဆေးလုံးများကဲ့သို့ အဆင့်နိမ့်၊ အဆင့်လတ်၊ အဆင့်မြင့် သုံးဆင့် ခွဲခြားမည်ဆိုလျှင် သူ၏ ဂိုဏ်းတူအစ်ကိုမှာ အဆင့်မြင့်ဖြစ်ပြီး သူကိုယ်တိုင်မှာလည်း အနည်းဆုံး အဆင့်လတ် ရှိပေသည်။ အခြားတစ်ဖက်တွင်မူ လော့ထျန်းအဖွဲ့၏ ဆေးဖော်ဆရာ လေးဦးထဲမှ သုံးဦးမှာ အခြေခံအားဖြင့် အဆင့်နိမ့် အဆင့်မျှသာ ရှိကြသေးသည်။ ချွီလင်ကျွင်း တစ်ဦးတည်းသာ အဆင့်လတ် ရှိပေလိမ့်မည်။
ဤသို့ ခွဲခြားခြင်းမှာ အလွန်တရာ ရိုးရှင်းလွန်းလှပေသည်။ ဆေးဖော်ဆရာတစ်ဦး၏ တန်ဖိုးမှာ သူတို့ ဖော်စပ်နိုင်သော ဆေးလုံးအမျိုးအစားများက မြင့်မားသော တန်ဖိုး ရှိ၊ မရှိ အပေါ်တွင်လည်း မူတည်နေသေးသည် မဟုတ်ပါလော။
သို့သော်ငြားလည်း အမှန်တရားကြီးကမူ ရွှီကျဲ၏ နှလုံးသားတစ်ခုလုံးအား ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ပြီ ဖြစ်သည်။ နှစ်အနည်းငယ်မျှသာ အတွေ့အကြုံရှိသေးသော ဤလူငယ်လေးအချို့က ရှာဖွေနိုင်သော ဝိညာဉ်ကျောက်တုံး ပမာဏမှာ နှစ်ပေါင်းများစွာတိုင်အောင် ဆေးဖော်စပ်ခဲ့ကြသော မိမိတို့ ဂိုဏ်းတူညီအစ်ကိုထက် ပို၍ များပြားနေသည် မဟုတ်ပါလော။
‘ဘယ်လိုပဲကြည့်ကြည့် အဓိပ္ပာယ်ကို ရှိမနေဘူး၊ နေပါဦး…. တကယ်ပဲ ဘာလို့လဲ….’
ရုတ်တရက် သူသည် အခြားသူများ လော့ချန်အပေါ် သုံးသပ်ထားကြသော အကဲဖြတ်ချက်များကို တွေးတောမိသွားသည်။ လက်ရှိအချိန်တွင် ထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်ခြင်း၊ ကလဲ့စားချေတတ်ခြင်း၊ ကတိသစ္စာစောင့်ထိန်းခြင်း စသည်တို့ မဟုတ်ဘဲ လွန်ခဲ့သော အချိန်များက ထွက်ပေါ်ခဲ့သော အကဲဖြတ်ချက်များ ဖြစ်၏။
'သဘောထား ပြည့်ဝပြီး လက်အောက်ငယ်သားများအပေါ် ရက်ရောတတ်ခြင်း၊ ကြင်နာသနားတတ်လွန်းခြင်း'
ယခု ကြည့်ရသည်မှာ တကယ့်ကို ရက်ရောလှပေသည်။
‘အင်း…. တကယ်လို့ ငါသာ နောက်ပိုင်းမှာ လော့ထျန်းအဖွဲ့အတွက် ဆေးဖော်စပ်ပေးမယ်ဆိုရင် ငါ့ရဲ့ အဆင့်အတန်းနဲ့ တစ်လကို လစာ ဘယ်လောက်အထိ ရနိုင်မလဲ’
ဤဖြစ်နိုင်ခြေကို တွေးတောမိပြီးနောက် ရွှီကျဲတစ်ယောက် အလွန်တရာ စိတ်လှုပ်ရှားသွားရသည်။ သူသည် ကျင့်ကြံခြင်း အရင်းအမြစ် နည်းပါးလွန်းလှသဖြင့် နှစ်ပေါင်းများစွာတိုင်အောင် ချီသန့်စင်အဆင့် (၇) တွင်သာ ပိတ်မိနေခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ သို့မဟုတ် ၂၀၀ ခန့် ပိုမိုရရှိမည်ဆိုပါက နောင်တစ်ချိန်တွင် ချီသန့်စင်အထွတ်အထိပ်သို့ ရောက်ရှိရန် အခွင့်အရေး ရှိလာနိုင်ပေသည်။
ထို့ထက် ပို၍ အရေးကြီးသည်ကမူ အကယ်၍ သူသာ အထွတ်အထိပ်သို့ ရောက်ရှိသွားပါက သူ ကြားသိထားရသော ကောလဟာလများအရ အဖွဲ့ချုပ်ခေါင်းဆောင်လော့ချန်သည် မိမိလူများ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် မည်သည့်အခါမျှ နှမြောတွန့်တိုခြင်းမရှိဘဲ အစွမ်းကုန် ကူညီပေးလေ့ရှိသည် မဟုတ်ပါလော။
ဒေါင်….
ရွှီကျဲ၏ စိတ်အာရုံများ လွင့်မျောနေသည့် အချိန်မှာပင် ဆေးဖော်စပ်ခန်း၏ အလယ်မှ တိုးညှင်းလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ဆေးဖော်စပ်ခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
လော့ချန် အသံလုံအစီအရင်ကို ဖယ်ရှားလိုက်သည်။ အစောပိုင်းက သူတို့၏ စကားပြောဆိုမှုများမှာ ပါရမီရှင်အဆင့် အသံလုံအစီအရင်အောက်တွင် ရှိနေခဲ့သဖြင့် ချီရိ၏ ဆေးဖော်စပ်ခြင်းကို မည်သို့မျှ မထိခိုက်ခဲ့ချေ။
ယခုအခါ ဆေးဖော်စပ်ခြင်း ပြီးဆုံးသွားပြီဖြစ်ရာ ချီရိသည် လူအများ၏ ရှေ့မှောက်တွင် တိတ်တဆိတ် ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။
ရွှီကျဲက ရှေ့သို့ တိုးသွားပြီး ဝမ်းသာအားရ ပြောဆိုလိုက်သည်။
"ကံကောင်းတာပဲ…. ဒီတစ်ကြိမ်တော့ ယန်ဝမ်ဆေးလုံး ၁၃ လုံးတောင် အောင်မြင်တယ်၊ ဂိုဏ်းတူအစ်ကို…. အစ်ကို့ရဲ့ ဆေးဖော်ပညာက နောက်ထပ် တိုးတက်လာပြန်ပြီပဲ"
ချီရိက အားတင်း၍ ပြုံးပြလိုက်၏။ သူသည် ထိုယန်ဝမ်ဆေးလုံး အနည်းငယ်ကို ကိုင်လျက် စိုးရိမ်ပူပန်စွာဖြင့် လော့ချန်၏ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။
လော့ချန်ကလည်း ဟန်ဆောင်ခြင်းမရှိဘဲ ထိုဆေးလုံးများကို လက်ခံယူလိုက်ပြီး သေချာစွာ ကြည့်ရှုစစ်ဆေးတော့သည်။
‘အဆင့်နိမ့် ယန်ဝမ်ဆေးလုံး’
ယခင်ကတည်းက သူ ထိတွေ့ဖူးခဲ့ပြီးဖြစ်ရာ ၎င်း၏ ဆေးစွမ်းမှာ အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးထက် များစွာ မြင့်မားပြီး အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးထက်မူ အနည်းငယ်မျှသာ နိမ့်ပါးပေသည်။ ဤဆေးလုံးများ၏ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး ၉၀ မှ ၁၀၀ ကြား တည်ငြိမ်နေလေ့ ရှိ၏။ ဤမျှ ကွာဟချက် ရှိနေရခြင်းမှာ ဝိညာဉ်ဆေးနန်းဆောင်မှ ရောင်းချသော အဆင့်နိမ့် ချီစွမ်းအင်ဖြည့်ဆေးလုံးထက် အနည်းငယ် နိမ့်ပါးနေစေရန် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဈေးကွက်အတွင်း ပြိုင်ဆိုင်နိုင်မည် မဟုတ်ချေ။ သို့သော် ဤမရှိမဲ့ရှိမဲ့ အားသာချက်လေးသည်လည်း ယခင် လော့ထျန်းအဖွဲ့၏ ကျောက်စိမ်းအမြုတေဆေးလုံး ထျန်းလန်ဆေးလုံးဈေးကွက်သို့ ဝင်ရောက်လာပြီးနောက်တွင်မူ လုံးဝ ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။
အတန်ကြာ စစ်ဆေးပြီးနောက် လော့ချန် ခေါင်းညိတ်ပြလိုက်သည်။
"ဆေးဖက်ဝင်ပစ္စည်းတွေရဲ့ ပေါင်းစပ်မှုက နေရာကျတယ်…. မီးအပူရှိန်ပိုင်းက ထိန်းချုပ်မှု အားနည်းသေးလို့ အညစ်အကြေး အကုန် မသန့်စင်နိုင်သေးဘူး.... ဒါပေမဲ့ အဓိက ကုန်ကြမ်းပစ္စည်းတွေကို ကိုင်တွယ်တဲ့နေရာမှာတော့ ကိုယ်ပိုင် ထူးခြားချက် ရှိနေတယ်၊ မင်း အသုံးပြုတဲ့ ဆေးဖော်နည်းစနစ်က ဖေယွမ်လက်ကွက် မဟုတ်လား"
ဤအကဲဖြတ်ချက်ကို ကြားလိုက်ရသောအခါ ပုံမှန်အားဖြင့် တိတ်ဆိတ်လှသော ချီရိတစ်ယောက် မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားရတော့သည်။ ဤအားသာချက်များနှင့် အားနည်းချက်များမှာ လွန်ခဲ့သောနှစ်များက သူ၏ ဆရာ တန်ယွမ်ဇီကိုယ်တိုင် အကဲဖြတ်ပေးခဲ့သော အရာများ ဖြစ်ကြသည်။ သို့သော် သူ၏ ဆရာသည် ယန်ဝမ်ဆေးလုံး ဖော်စပ်ခြင်းတွင် အလွန်တရာ ကျွမ်းကျင်လှပြီး အဆင့်လတ် ယန်ဝမ်ဆေးလုံးကို တည်ငြိမ်စွာ ဖော်စပ်နိုင်ရုံမျှမက အဆင့်မြင့် ဆေးလုံးများကိုပါ တစ်ခါတရံ ဖော်စပ်နိုင်သော ဆရာတစ်ဆူ မဟုတ်ပေလော။ ယခု ဤလော့ချန်သည် သူ ဆေးဖော်စပ်နေခဲ့သည်ကို တစ်ကြိမ်မျှသာ စောင့်ကြည့်ခဲ့ပြီး၊ ဆေးလုံးများကိုလည်း ဖျတ်ခနဲမျှသာ ကြည့်ရှုလိုက်ရုံမျှဖြင့် ဤမျှအထိ တိကျသော အကဲဖြတ်ချက်ကို ပေးစွမ်းနိုင်ခဲ့ပေသည်။
ချီရိ မအောင့်နိုင်ဘဲ မေးမြန်းလိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်…. အရင်က ယန်ဝမ်ဆေးလုံးကို ဖော်စပ်ဖူးတာလား"
"မဖော်စပ်ဖူးပါဘူး"
"ဒါဆို ဘာဖြစ်လို့ အဲဒီလောက်အထိ နားလည်နေရတာလဲ"
လော့ချန် ညင်သာစွာ ပြုံးလိုက်သည်။
"ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားရင် ကျန်တဲ့အရာအားလုံးကိုလည်း သဘောပေါက်နိုင်တာပဲ၊ ဒါက ပထမအဆင့် ဆေးလုံးလေးပဲ မဟုတ်လား၊ ငါ ယန်ဝမ်ဆေးလုံးကို မဖော်စပ်ဖူးသေးတာ မှန်ပေမဲ့…. တခြား ပထမအဆင့် ဆေးလုံးတွေကို ဖော်စပ်ခဲ့တာကတော့ နည်းနည်းနောနောမှ မဟုတ်တာ"
ချီရိ သဘောပေါက်သွားခဲ့သည်။ အကယ်၍ ပထမအဆင့် ဆေးလုံး အမျိုးအစားများစွာကို ဖော်စပ်ဖူးခဲ့မည်ဆိုလျှင် ဤမျှအထိ အမြော်အမြင် ရှိနေခြင်းမှာလည်း သဘာဝကျလှပေသည် မဟုတ်ပါလော။ သို့သော် သူ မသိသည်မှာ လော့ချန်၌ ထိုအခြားပထမအဆင့် ဆေးလုံးများဖော်စပ်ရာတွင် မည်မျှအထိ အံ့မခန်းလှသော ကျွမ်းကျင်မှုအဆင့် ရှိနေသည်ကိုပင်။
ထိုအရာများအားလုံးမှာ ထိပ်တန်းအဆင့်ဆေးလုံးများကိုပင် အလွယ်တကူ ဖော်စပ်နိုင်သည့် အဆင့်များ ဖြစ်ကြသည်။ ထို့အပြင် သဘာဝအလျောက် အားနည်းချက် ရှိနေသော ကျောက်စိမ်းအမြုတေဆေးလုံး၏ ဆေးနည်းကိုပင် ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်စွမ်း ရှိသော အဆင့် ဖြစ်ပေသည်။
လော့ချန်၏ လက်ရှိ ဆေးဖော်စပ်ခြင်း အဆင့်အရ ဆိုရလျှင် သူသည် မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။ သူ့အား စိမ်းသက်လှသော ပထမအဆင့် ဆေးနည်းတစ်ခု ပေးမည်ဆိုလျှင်ပင် စနစ်၏ အောင်မြင်မှုအမှတ်များကို အသုံးမပြုဘဲ မိမိကိုယ်ပိုင် နားလည်မှုဖြင့်သာ အခြေခံအဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်သည်။ မည်သို့ပင်ဆိုစေ သာမန် ယန်ဝမ်ဆေးလုံးမျှသာ မဟုတ်ပါလော။
....
ချီရိ ဆေးဖော်စပ်ပြီးနောက် နောက်ဆက်တွဲအနေဖြင့် ရွှီကျဲ၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း သူသည် အစောပိုင်းက စိတ်ကူးယဉ်မှုများထဲတွင် နစ်မြုပ်နေခဲ့ရသဖြင့် စိတ်အာရုံ စူးစိုက်မှု မလုံလောက် ဖြစ်ခဲ့ရ၏။ အဆုံးသတ်တွင် ဆေးဖော်စပ်ခြင်းမှာ ကျရှုံးသွားခဲ့ရတော့သည်။
မျက်နှာ ပျက်ယွင်းလျက် မျှော်လင့်ချက်မဲ့နေသော ရွှီကျဲကို ကြည့်ရင်း လော့ချန် ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။
"မင်းတို့ရဲ့ အရည်အချင်းကို ငါ သိပြီးပြီ…. အားလုံး ငါနဲ့အတူ အပြင်ကို ထွက်ခဲ့ကြ"
လူစုသည် လော့ချန်၏ နောက်မှ လိုက်ပါလျက် ဆေးဖော်ခန်းမှ ထွက်ခွာခဲ့ကြပြီး ချွီလင်းကျွင်း စီမံအုပ်ချုပ်ရာ လင်ကျွင်းခန်းမကြီးအတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။
အထက်ထိုင်ခုံတွင် ထိုင်ရင်း လော့ချန် တိတ်ဆိတ်စွာဖြင့် အတွေးကမ္ဘာအတွင်းသို့ နစ်ဝင်သွားခဲ့သည်။
သူ တွေးတောနေသည့် အချိန်တွင် ကျန်ရှိသော လူခြောက်ဦးမှာ အသက်ပင် ပြင်းပြင်းမရှူဝံ့ကြချေ။ ၎င်းမှာ လော့ချန်၏ အင်အား၊ အဆင့်အတန်းနှင့် ကျော်ကြားမှုကြောင့်သာမကဘဲ တစ်ဖက်လူသည် သူတို့ အကျွမ်းကျင်ဆုံးဖြစ်သော ဆေးဖော်စပ်ခြင်း လမ်းစဉ်တွင် ပိုမိုကြီးမားသော အောင်မြင်မှုများကို ရရှိထားသောကြောင့်လည်း ဖြစ်၏။
ဒုတိယအဆင့် ဆေးဖော်ဆရာဟူသည် ကျင့်ကြံခြင်း အဆင့်အတန်းအပေါ်တွင် မူတည်ခြင်း မဟုတ်ချေ။ ၎င်းမှာ ဒုတိယအဆင့် ဆေးလုံးများကို တည်ငြိမ်စွာ ဖော်စပ်နိုင်၊ မနိုင် အပေါ်တွင်သာ မူတည်ခြင်း ဖြစ်သည်။ ယခုအခါ ပထမအဆင့် ဆေးလုံးကိုပင် ခက်ခဲစွာ ဖော်စပ်နေကြရသော သူတို့အနေဖြင့် ဒုတိယအဆင့် ဆေးလုံး ဖော်စပ်ရန် မည်မျှအထိ ခက်ခဲမည်ကို မတွေးဝံ့ကြချေ။
ရုတ်တရက် လော့ချန်၏ အသံမှာ လင်ကျွင်းခန်းမအတွင်း ထွက်ပေါ်လာခဲ့သည်။
"ဒီနေ့ကစပြီး ချီရိနဲ့ ရွှီကျဲ မင်းတို့နှစ်ယောက်က ငါတို့ လော့ထျန်းအဖွဲ့ရဲ့ ဆေးဖော်ဆရာတွေ ဖြစ်လာခဲ့ပြီ…. ဆေးဖော်ခန်းမဆောင်ရဲ့ လက်အောက်မှာ ရှိနေမှာဖြစ်ပြီး ဆေးဖော်ခန်းမဆောင် အကြီးအကဲ ချွီလင်ကျွင်းရဲ့ ညွှန်ကြားမှုကို ခံယူရမယ်…. ဘာကန့်ကွက်ချင်တာ ရှိသေးလဲ"
အစောပိုင်းက ဆေးဖော်စပ်ခြင်း ကျရှုံးခဲ့မှုကြောင့် စိတ်ပျက်အားငယ်နေခဲ့ရသော ရွှီကျဲသည် ဤအစီအစဉ်ကို ကြားလိုက်ရသောအခါ တစ်ချက်မျှ မှင်တက်သွားပြီးနောက် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။
"ဘာမှ ကန့်ကွက်စရာ မရှိပါဘူး…. အားလုံး အဖွဲ့ချုပ်ခေါင်းဆောင် အမိန့်အတိုင်း လိုက်နာပါ့မယ်"
ဘေးရှိ ချီရိထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ သူ ချက်ချင်းပင် တစ်ဖက်လူ၏ အင်္ကျီစကို လှမ်းဆွဲ၍ ခပ်တိုးတိုး သတိပေးလိုက်သည်။
"ဂိုဏ်းတူအစ်ကို ဘာလို့ ငေးငိုင်နေတာလဲ…. ခေါင်းဆောင်က အသက်ချမ်းသာပေးထားတာကို…. အမြန် ကျေးဇူးတင်လိုက်လေ"
ချီရိ ပါးစပ်ကို ဟလိုက်ပြီး နောက်ဆုံး "ခေါင်းဆောင်အမိန့်အတိုင်း လိုက်နာပါ့မယ်" ဟုသာ ပြောဆိုလိုက်တော့သည်။
မသတ်ခဲ့သော ကျေးဇူးဟူသော စကားမှာ မှန်လှပေသည်။ သူတို့ကဲ့သို့သော ရန်သူ့ဂိုဏ်းမှ လူများကို သတ်ဖြတ်ခြင်းမပြုဘဲ အသက်ချမ်းသာပေးခဲ့ခြင်းကပင် ကြီးမားလှသော ကရုဏာတရားကြီး ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။ တန်ယွမ်ဂိုဏ်း ပျက်စီးသွားခဲ့ပြီဖြစ်ရာ ကျန်ရှိနေသော အဆင့်နိမ့် ကျင့်ကြံသူများမှာလည်း ထွက်ပြေးသူကပြေး၊ လူစုကွဲသူကကွဲ ဖြစ်နေကြပြီ ဖြစ်သည်။ ထိုထဲတွင် ဂိုဏ်းတွင်းရှိ ကျင့်ကြံသူအချို့က တစ်နေရာ၌ လူစုစုပြီး ဂိုဏ်းကို ပြန်လည်ထူထောင်ရန် ကြိုးစားကောင်း ကြိုးစားနိုင်သော်လည်း အနည်းဆုံး နှစ်ပေါင်းရာချီအတွင်း လော့ထျန်းအဖွဲ့ကို ကလဲ့စားချေရန် မဖြစ်နိုင်ချေ။ နှစ်ပေါင်းရာချီ ဆိုသော ထိုအချိန်သို့ ရောက်ရှိလျှင်မူ သူတို့အားလုံးသည်လည်း မြေကြီးထဲမှ အရိုးစုများ ဖြစ်နေကြပေလိမ့်မည်။
ယခု လော့ချန်က သူတို့အား မသတ်ခဲ့ရုံမျှမက ကိုယ်ပိုင်အဖွဲ့အတွင်းသို့ပါ သွတ်သွင်းပေးခဲ့ခြင်းက ကြီးမားသော ကရုဏာတော် ဖြစ်ပေသည်။
လော့ချန် ထိုလူနှစ်ဦးကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"ငါတို့ လော့ထျန်းအဖွဲ့ရဲ့ ဆေးဖော်ဆရာ ဖြစ်လာပြီဆိုရင် ခံစားခွင့်တွေကတော့ မတူညီတော့ဘူး…. ဒါပေမဲ့ မင်းတို့က အဖွဲ့ထဲကို အသစ်ဝင်ရောက်လာတာ ဖြစ်သလို၊ တန်ယွမ်ဂိုဏ်းကနေ လာခဲ့ကြတာမို့ လစာငွေ ကိစ္စကိုတော့ လောလောဆယ် တန်ယွမ်ဂိုဏ်းမှာ ရှိခဲ့တဲ့ စံနှုန်းအတိုင်းပဲ ပေးအပ်မယ်"
ဤစကားတစ်ခွန်းက ရွှီကျဲ၏ ခေါင်းပေါ်သို့ ရေအေးတစ်ပုံးလောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့ပြီး ခဏအကြာက တက်ကြွနေခဲ့သော မျက်နှာမှာ ချက်ချင်းပင် ညှိုးကျသွားတော့သည်။
‘တစ်လကို နှစ်ရာ၊ တစ်နှစ်ကို နှစ်ထောင်လေးရာလား…. ဒါဆိုရင် ဘယ်လိုလုပ်ပြီး ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းနိုင်တော့မှာလဲ’
ဆန့်ကျင်ဘက်အနေဖြင့် ချီရိကမူ ဂရုမစိုက်လှပေ။ အမှန်စင်စစ် လော့ချန် သူတို့အား ရက်စက်စွာ ခေါင်းပုံမဖြတ်ဘဲ လစာငွေ ပေးအပ်ရန် ဆန္ဒရှိနေခြင်းအပေါ် အနည်းငယ်မျှပင် အံံ့အားသင့်သွားရသည်။ မည်သို့ပင်ဆိုစေ နာမည်အရဆိုပါက သူတို့မှာ သုံ့ပန်းများသာ ဖြစ်ကြသည် မဟုတ်ပါလော။
နှစ်ဦးသား မတူညီသော စိတ်ခံစားချက်များဖြင့် အတွေးကိုယ်စီ ဖြစ်နေစဉ်မှာပင် လော့ချန်၏ စကားသံ ဆက်လက်ထွက်ပေါ်လာသည်။
"ဆေးဖော်ခန်းမဆောင်ကို ဝင်ပြီးတာနဲ့ မင်းတို့နှစ်ယောက်က ယန်ဝမ်ဆေးလုံးကိုပဲ ဆက်ပြီး ဖော်စပ်ရမယ်…. လတ်တလော တခြားဆေးလုံးတွေကိုတော့ သွားပြီး မဖော်နဲ့ဦး…. ချီရိ မင်း အချိန်ရရင် မှော်အာဟာရဆေးလုံးဖော်စပ်နည်းကို ချိုးရင်းကို သင်ကြားပေးလိုက်ပါ…. သူမက အခု အဆင့်နိမ့် ဆေးနှစ်ကိုပဲ ဖော်စပ်နေတာမို့ မင်းရဲ့ လမ်းညွှန်မှုကို လိုအပ်တယ်"
လော့ချန်၏ အမိန့် မှန်သမျှကို လက်ခံရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ချီရိတွင် မည်သည့်ကန့်ကွက်ချက်မျှ မရှိချေ။
ဘေးရှိ ချိုးရင်းမှာမူ အနည်းငယ် စိတ်လှုပ်ရှားသွားရ၏။ သူမသည် ဆေးဖော်ဆရာတစ်ဦးဟု ဆိုသော်လည်း အမြဲ နာမည်သာရှိပြီး စစ်မှန်သောကျွမ်းကျင်မှု မရှိခဲ့ချေ။ အကယ်၍ မှော်အာဟာရဆေးလုံး ဖော်စပ်နည်းကိုသာ လုံးဝ ကျွမ်းကျင်သွားခဲ့မည်ဆိုလျှင် သူမသည်လည်း နောင်တစ်ချိန်တွင် စစ်မှန်သော ဆေးဖော်ဆရာတစ်ဦး ဖြစ်လာတော့မည် မဟုတ်ပေလော။
"ရွှီကျဲ…. မင်းက ဖေယွမ်လက်ကွက်ကို မာရှို့ဖူကို သင်ကြားပေးလိုက်ပါ…. သူ ဖော်စပ်တဲ့ အနှစ်သာရမွေးမြူရည်က အာနိသင်အဆင့် သိပ်မမြင့်သေးဘူး၊ တကယ်လို့ ဖေယွမ်လက်ကွက်ကို သင်ယူနိုင်ရင် အာနိသင်က ကြီးကြီးမားမား တိုးတက်လာလိမ့်မယ်"
စိတ်ဓာတ်များ အဝီစိအထိ ထိုးကျသွားခဲ့ပြီဖြစ်သော ရွှီကျဲမှာမူ သက်ပြင်းချလျက်သာ ခေါင်းညိတ်ပြလိုက်ရတော့သည်။
သူတို့နှစ်ဦး၏ မတူညီသော မျက်နှာအမူအရာများကို ကြည့်ရင်း လော့ချန် ပြုံးလိုက်၏။
"သူတို့နှစ်ယောက်ကို မင်းတို့ အလကား သင်ပေးရမှာ မဟုတ်ပါဘူး…. အခြေခံလစာအပြင် တစ်လကို အပို ဝိညာဉ်ကျောက်တုံး ၁၀၀ ထပ် ပေးမယ်…. တကယ်လို့ မင်းတို့ အချိန်ရရင် မီလီနဲ့ လင်ကျွင်းတို့ကိုပါ လမ်းညွှန်ပေးပြီး ဆေးဖော်အတွေ့အကြုံတချို့ကို မျှဝေပေးပါဦး… ငါးနှစ်ကို စမ်းသပ်ကာလအဖြစ် သတ်မှတ်မယ်…. ငါးနှစ်ပြည့်လို့ မင်းတို့ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ရင် အခြေအနေအရ ခံစားခွင့်တွေကို တိုးမြှင့်ပေးသွားမယ်"
ဤစကားလုံးများ ထွက်ပေါ်လာခဲ့သောအခါ ရွှီကျဲ၏ ညှိုးငယ်နေသော မျက်နှာထက်တွင် တဖြည်းဖြည်းချင်း အသက်ဝင်သော အရောင်အသွေးများ ပြန်လည် ထွက်ပေါ်လာခဲ့သည်။
သူ လုံးဝ တွန့်ဆုတ်ခြင်းမျှမရှိဘဲ ချက်ချင်းပင် ပြောလိုက်တော့သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်ကို ကျေးဇူးအများကြီး တင်ပါတယ်"
သူ၏ စိတ်ထဲတွင်မူ လော့ချန်အား အံ့အားသင့် လေးစားသွားခဲ့ပြီ ဖြစ်သည်။
'ဒီအဖွဲ့ခေါင်းဆောင်လော့ချန်က လူသားချင်းစာနာပြီး တရားမျှတတယ်ဆိုတာ တကယ့်ကို အမှန်ပဲ ဖြစ်နေတာကို'
ချီရိလည်း အနည်းငယ် အံ့အားသင့်သွားရသည်။ သူသည် လစာငွေ တိုးမြင့်လာခြင်းကြောင့် အံ့အားသင့်ခြင်း မဟုတ်ဘဲ လော့ချန်က လက်အောက်ငယ်သားများကို ဤမျှအထိ မြေတောင်မြှောက်ပေးရန် ဆန္ဒရှိနေခြင်းကြောင့် အံ့အားသင့်ရခြင်း ဖြစ်၏။ တန်ယွမ်ဂိုဏ်းဘက်တွင်မူ ဆေးဖော်ပညာရပ်နှင့် ပတ်သက်၍ သူတို့၏ ဆရာ တန်ယွမ်ဇီသည် အမြဲ လျှို့ဝှက်ထားလေ့ ရှိသည်။ ထိုမျှတင်မကဘဲ ဂိုဏ်း၏ ဆေးဖော်နည်းများ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် မီးထိန်းသူများနှင့် အလုပ်သင်များကိုပါ ထားရှိပေးခဲ့ခြင်း မရှိချေ။
"ဪ…. ဟုတ်သားပဲ"
လော့ချန် တစ်စုံတစ်ခုကို တွေးတောမိသွားသဖြင့် ချွီလင်ကျွင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"လောလောဆယ် ဆေးဖော်ခန်းမဆောင်မှာ အားလပ်နေတဲ့ အလုပ်သင်တွေနဲ့ မီးထိန်းသူတွေ ရှိတယ်မလား"
ချွီလင်ကျွင်းက အလျင်အမြန် ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ်…. ဆရာက ထျန်းလန်တောင်ဘက်မှာပဲ ရေရှည် ဆေးဖော်စပ်နေခဲ့လို့ အလုပ်သင်တွေအများကြီး အားလပ်နေခဲ့တာပါ…. သူတို့က ဆရာ့အတွက် ဆေးဖော်စပ်မပေးရလို့ ဝင်ငွေတွေ ကျဆင်းသွားရတယ်ဆိုပြီး ညည်းညူနေကြတာပါ"
လော့ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မင်း အဲဒီလူတွေကို အုပ်စုနှစ်စု ခွဲလိုက်ပြီး ချီရိနဲ့ ရွှီကျဲတို့လက်အောက်ကို လွှဲပေးလိုက်ပါ…. သူတို့ကို ယန်ဝမ်ဆေးလုံးရဲ့ ဖော်စပ်မှု လုပ်ငန်းစဉ်တွေကို ရင်းနှီးအောင် လုပ်ခိုင်းလိုက်"
ချွီလင်ကျွင်းက ခေါင်းညိတ်ပြလိုက်၏။ ဤသည်မှာ ကြီးမားသော ကိစ္စရပ်တစ်ခု မဟုတ်ချေ။ ပုံမှန်အားဖြင့် လုပ်ဆောင်လေ့ရှိသော လူအင်အားခွဲပေးခြင်းမျှသာဖြစ်သည်။
သို့သော်လည်း ချီရိနှင့် ရွှီကျဲတို့မှာမူ အလွန် စိတ်လှုပ်ရှားသွားကြရသည်။ ဤလောကတွင် မည်သည့် ဆေးဖော်ဆရာက အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချင်ပါမည်နည်း။ အတိတ်က သူတို့သည် ဆေးဖော်ဝင်အပင်များကို ကိုယ်တိုင် ပြင်ဆင်ရသလို၊ မီးအပူရှိန်ကိုလည်း ကိုယ်တိုင် စောင့်ကြည့်ရပြီး ဖျားနာနေခဲ့သည့် အချိန်တွင်ပင်လျှင် ဆေးလုံးများ အားလုံး ပြီးဆုံးသွားသည့်တိုင်အောင် မနားမနေဘဲ ဖော်စပ်ခဲ့ကြရခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင်မူ သူတို့သည် ထိုမျှလောက်လှသော ပင်ပန်းခက်ခဲလှသည့် ဘဝမှ လုံးဝဥဿုံ လွတ်မြောက်ခွင့် ရရှိသွားခဲ့ကြပြီ ဖြစ်သည်။
ချီရိသည်လည်း လော့ချန်အား ထူးဆန်းစွာ စိုက်ကြည့်နေမိ၏။ ဤပုဂ္ဂိုလ်၏ စရိုက်သဘာဝမှာ သူတို့ဆရာနှင့် နှိုင်းယှဉ်ပါက လုံးဝ ခြားနားလှပေသည်။ ရုတ်တရက် သူ ကိစ္စတစ်ခုကို တွေးတောမိသွားသည်။ အကယ်၍ ယခင်ကဆိုလျှင် တွန့်ဆုတ်နေမိမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ သူ တွေးတောခြင်းမရှိဘဲ ပြောဆိုလိုက်တော့သည်။
"အဖွဲ့.... အဖွဲ့ချုပ်ခေါင်းဆောင်"
"အင်း" လော့ချန် သူ့အား စိုက်ကြည့်လိုက်သည်။
"တခြား ကိစ္စ ရှိသေးလို့လား"
"ဒီလိုပါ…. ယန်ဝမ်ဆေးလုံး ဖော်စပ်တဲ့နေရာမှာ ကျွန်တော်နဲ့ ဂိုဏ်းတူညီလေးတို့အတွက် ဘာပြဿနာမှ မရှိပါဘူး…. ဒါပေမဲ့ ဒီဆေးလုံးရဲ့ ကုန်ကျစရိတ်က မြင့်မားလွန်းလို့ ဈေးနှုန်းကို လျှော့ချလို့ မရပါဘူး…. လော့ထျန်းရဲ့ ကျောက်စိမ်းအမြုတေဆေးလုံးနဲ့ ကျန်းမျိုးနွယ်စုရဲ့ မီးသစ်ခွဆေးလုံးတို့ရဲ့ ရိုက်ခတ်မှုကြောင့် လက်ရှိမှာ ဘာအမြတ်မှ မကျန်တော့ပါဘူး၊ ကျွန်တော်တို့ အဲဒီဆေးလုံးတွေကို အမြောက်အမြား ဆက်ပြီး ဖော်စပ်ဖို့ လိုအပ်နေသေးလားဗျာ"
ဤမေးခွန်းကို ကြားလိုက်ရသောအခါ လော့ချန် ရယ်မောလိုက်မိတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ