← Chapters

အခန်း ၄၂၅

Vol. 43 Ch. 425

အခန်း ၄၂၅

Vol. 43 Ch. 425

အခန်း (၄၂၅) - ရွှီချန်တောင်ကို ငါကိုယ်တိုင် လာခဲ့မယ်

ယန်ဝမ်ဆေးလုံး၏ ဆေးစွမ်းမှာ အလွန်တရာ ကောင်းမွန်လှပေသည်။ ၎င်းမှာ မွေးရာပါ အားနည်းချက် ရှိနေပြီး ဆေးစွမ်း နိမ့်ပါးလွန်းလှသဖြင့် ဝိညာဉ်ဆေးနန်းဆောင်၏ ချီစွမ်းအင်ဖြည့်ဆေးလုံးကို ယှဉ်ပြိုင်နိုင်ရန် အဆင့်မြင့် ဖြစ်လာရန် လိုအပ်သော ကျောက်စိမ်းအမြုတေဆေးလုံးနှင့် လုံးဝ ခြားနားလှပေသည်။

ယန်ဝမ်ဆေးလုံးမှာ အဆင့်နိမ့်အခြေအနေတွင်ပင် ဆေးစွမ်းက ချီစွမ်းအင်ဖြည့်ဆေးလုံးထက် အနည်းငယ်မျှသာ နိမ့်ပါးလေသည်။ ထို့ကြောင့်လည်း ဤဆေးလုံးတစ်မျိုးတည်းကိုသာ အမှီပြုလျက် တန်ယွမ်ဂိုဏ်းသည် အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦးကို တစ်ပြိုင်နက်တည်း ထောက်ပံ့ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆေးစွမ်း ဤမျှအထိ ကောင်းမွန်လှသဖြင့် ပေးဆပ်ရမည့် တန်ဖိုးလည်း ရှိနေသည်မှာ ဓမ္မတာပင်။ ၎င်းမှာ ကုန်ကျစရိတ် အလွန်တရာ မြင့်မားလွန်းခြင်း ဖြစ်၏။ ကုန်ကျစရိတ် မြင့်မားရခြင်းမှာ အဓိက ကုန်ကြမ်းပစ္စည်းတစ်ခုအပေါ်တွင် အခြေခံနေသည်။

"မင်း ပြောတာ ယွမ်မုမြက် ကိုလား…."

ချီရိက အလျင်အမြန် ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်…. ယန်ဝမ်ဆေးလုံးရဲ့ ဈေးနှုန်း မြင့်မားရတာက ယွမ်မုမြက်ကြောင့်ပါ၊ ဒါက အရေးအကြီးဆုံး အဓိကပစ္စည်းမို့လို့ အစားထိုးလို့လည်း မရပါဘူး…. ဒီ ယွမ်မုမြက်က စိုက်ပျိုးရတာ သိပ်ခက်ခဲပါတယ်…. ဒီ ထျန်းလန် နတ်ဘုရားမြို့တော်တစ်မြို့လုံးမှာ ချင်းဟွာ လီမျိုးနွယ်စုတစ်ခုတည်းမှာပဲ စိုက်ပျိုးနိုင်တာပါ…. ဒါကြောင့် ဈေးနှုန်းကတော့ ဘယ်လိုမှ လျှော့ချလို့ မရပါဘူး…. ဆေးတစ်သုတ်စာ ကုန်ကျစရိတ်ကတင် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်လောက် ရှိတာပါ"

ဤကုန်ကျစရိတ်ကို ကြားလိုက်ရသောအခါ ဘေးရှိ ချွီလင်ကျွင်းနှင့် မီလီတို့မှာ အံ့အားသင့်သွားကြရသည်။ သူတို့ ဖော်စပ်နေသော ကျောက်စိမ်းအမြုတေဆေးလုံးနှင့် မှော်အာဟာရဆေးလုံးတို့၏ တစ်သုတ်စာ ကုန်ကျစရိတ်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးတုံးမျှသာ ရှိသည် မဟုတ်ပါလော။

ဤယန်ဝမ်ဆေးလုံး၏ ကုန်ကျစရိတ်မှာ ဤမျှအထိ ကြီးမားလွန်းလှသည်လော။ လော့ထျန်းအဖွဲ့နှင့် ကျန်းမျိုးနွယ်စုတို့၏ ရိုက်ခတ်မှုအောက်တွင် တန်ယွမ်ဂိုဏ်းအနေဖြင့် ဈေးနှုန်းကို မည်သို့မျှ လျှော့ချနိုင်ခြင်း မရှိခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။ ထို့အပြင် ကြီးမားလှသော တန်ယွမ်ဂိုဏ်းတစ်ခုလုံးတွင် ဂိုဏ်းချုပ်တန်ယွမ်ဇီကိုယ်တိုင် အပါအဝင် ဆေးဖော်ဆရာ သုံးဦးမျှသာ ရှိနေခဲ့သည်မှာလည်း အံ့ဩစရာ မရှိတော့ချေ။ ဤဆေးဖော်ဆရာများကို ပြုစုပျိုးထောင်ရသည့် ကုန်ကျစရိတ်မှာလည်း အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြင့်မားနေမည်မှာ သေချာလှပေသည်။

လော့ချန်ဘက်တွင်လည်း တန်ယွမ်ဇီအနေဖြင့် အဘယ်ကြောင့် ကတိသစ္စာကို ဖျက်ပြီး လီကျင်ဟွမ် သေဆုံးပြီးနောက်ပိုင်း လီမျိုးနွယ်စု၏ ပိုင်ဆိုင်မှုများကို အတင်းအဓမ္မ လုယူရန် ကြိုးစားခဲ့ရသည်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ကုန်ကျစရိတ် ဤမျှအထိ မြင့်မားနေသည် မဟုတ်ပါလော။ အကယ်၍ မိမိသာ ယွမ်မုမြက် စိုက်ပျိုးသည့် ဆေးပင်စိုက်ခင်းကို လုယူနိုင်ခဲ့မည်ဆိုလျှင် ယန်ဝမ်ဆေးလုံး၏ တန်ဖိုးနှင့် ပေါင်းစပ်လိုက်ပါက နောင်တွင် မည်မျှအထိ ချမ်းသာကြွယ်ဝသွားမည်နည်း။ သို့သော်ငြားလည်း နှမြောစရာကောင်းစွာပင် လော့ချန်အနေဖြင့် လီမျိုးနွယ်စု ဘက်မှ ရပ်တည်ပေးရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးသည့်နောက်တွင်မူ ထိုအစီအစဉ်ကြီးတစ်ခုလုံးသည် လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

ချီရိ၏ စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ရင်း လော့ချန် ပြုံးလျက် မေးမြန်းလိုက်သည်။

"လက်ရှိမှာ ချင်းဟွာ လီမျိုးနွယ်စုက ဘယ်သူ့ရဲ့ အကာအကွယ်အောက်မှာ ရှိနေလဲဆိုတာ မင်း မေ့နေပြီလား…."

ချီရိ တစ်ချက်မျှ မှင်တက်သွားရသည်။

ဘေးရှိ ရွှီကျဲက လက်ခုပ်တစ်ချက် တီးလိုက်ရင်း "ဟာ ဟုတ်သားပဲ ဂိုဏ်းတူအစ်ကိုရဲ့…. အဖွဲ့ချုပ်ခေါင်းဆောင်က လီမျိုးနွယ်စုရဲ့ အသက်သခင်ကျေးဇူးရှင်လေ"

လော့ချန် ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။

"အဲ့လောက်ကြီး ပြောနေစရာ မလိုပါဘူး…. စီးပွားရေးအရပဲ ဖြေရှင်းကြတာပေါ့၊ နောင်ကျရင် မင်းတို့က ယန်ဝမ်ဆေးလုံးကိုပဲ အာရုံစိုက်ပြီး ဖော်စပ်ကြ…. ယွမ်မုမြက်ကိစ္စကိုတော့ မပူနဲ့၊ လီမျိုးနွယ်စုက အရင်းအတိုင်းပဲ အကုန်ထောက်ပံ့ပေးလိမ့်မယ်"

‘အရင်းအတိုင်း ဟုတ်လား’

ချီရိ တံတွေးတစ်ချက် မျိုချလိုက်မိ၏။ ဤသို့ဆိုလျှင် ဆေးတစ်သုတ်ချင်းစီ၏ ကုန်ကျစရိတ်ကို ဝိညာဉ်ကျောက်တုံး ၁၅ တုံးအထိ လျှော့ချနိုင်တော့မည် မဟုတ်ပါလော။ အကယ်၍ အင်အားအလုံးအရင်းဖြင့် ဖော်စပ်မည်ဆိုပါက ကုန်ကျစရိတ် မည်မျှအထိ သက်သာသွားမည်နည်း။ လော့ထျန်းအဖွဲ့အနေဖြင့် ဝိညာဉ်ကျောက်တုံး မည်မျှအထိ ပိုမိုရှာဖွေနိုင်မည်နည်း။

သူ ဆက်မတွေးဝံ့တော့ချေ။

လော့ချန်ကမူ အားရပါးရ ရယ်မောရင်း ထိုနေရာမှ ထွက်ခွာလာခဲ့တော့သည်။

....

ဆေးဖော်ခန်းမမှ ထွက်ခွာပြီးနောက် လော့ချန်သည် ဒန်ရှားတောင်ထိပ်တွင် အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်နေခဲ့သည်။

ဤတိုက်ပွဲအတွင်း လော့ထျန်းအဖွဲ့အနေဖြင့် မည်သည့်ဆုံးရှုံးမှုမျှ မရှိခဲ့ချေ။

အပြင်စည်းအဖွဲ့သို့ အသစ်ဝင်ရောက်လာကြသော တစ်ကိုယ်တော် ကျင့်ကြံသူများသာ အမိန့်ကို ကောင်းစွာ မလိုက်နာကြသဖြင့် တောင်စောင့်တံခါးကို တိုက်ခိုက်သည့်အချိန်တွင် လူအင်အား နှစ်ဆယ် ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ဤဆုံးရှုံးမှုများအတွက် လော့ချန် တနုံ့နုံ့ခံစားနေခြင်း မရှိချေ။ မည်သို့ပင်ဆိုစေ ထိုသူများမှာ အဖွဲ့အပေါ် သစ္စာစောင့်သိသူများ မဟုတ်ကြသေးပေ။

ဆန့်ကျင်ဘက်အနေဖြင့် ရရှိခဲ့သော ရလဒ်များမှာမူ အလွန်တရာ ကြီးမားလွန်းလှပေသည်။ ထိုရလဒ်များထဲတွင် လော့ချန်၏ အမြင်အရ အကြီးမားဆုံးသော ရလဒ်မှာ ချီရိနှင့် ရွှီကျဲဟူသော ဝါရင့် ပထမအဆင့် ဆေးဖော်ဆရာ နှစ်ဦးပင် ဖြစ်၏။ ဤနှစ်ဦးမှာ တန်ယွမ်ဇီ နှစ်ပေါင်းဆယ်ချီ၍ ကိုယ်ဖိရင်ဖိ မြေထောင်မြှောက်ပေးခဲ့သော တပည့်များ ဖြစ်ကြသည် မဟုတ်ပါလော။ နာမည်များကလည်း မဆိုးလှပေ၊ ‘ရိ’ ဟူသည် သစ္စာစောင့်သိခြင်းကို ကိုယ်စားပြုပြီး၊ ‘ကျဲ’ ဟူသည် ရိုးသားဖြောင့်မတ်ခြင်းကို ကိုယ်စားပြုခြင်း ဖြစ်ပေသည်။ ထိုလူ နှစ်ဦးစလုံးမှာ ယခုမူ လော့ထျန်းအဖွဲ့၏ လက်အောက်သို့ ကူးပြောင်းလာခဲ့ကြပြီဖြစ်သည်။

ဤလောကတွင် အသက်ရှင်သန်နိုင်မည့် လမ်းစ ရှိနေပါလျက်နှင့် မည်သူကများ သေလမ်းသို့ လျှောက်လှမ်းလိုပါမည်နည်း။ အထူးသဖြင့် တန်ယွမ်ဇီကိုယ်တိုင်ကလည်း သူတို့အပေါ်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ဖူးခြင်း မရှိပေ။ ထို့ကြောင့် သူတို့၏ သစ္စာစောင့်သိမှုဟူသည်လည်း အကန့်အသတ်တစ်ခုအထိသာ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

လော့ချန် အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်ရာ ဤလူနှစ်ဦး ပူးပေါင်းလာခြင်း၊ ဆေးလုံးကုန်ကျစရိတ် သက်သာသွားခြင်းနှင့် အလုပ်သင်များ၏ အကူအညီများကြောင့် တစ်နှစ်အတွင်း လော့ထျန်းအဖွဲ့တွင် ဝိညာဉ်ကျောက်တုံး ခြောက်သောင်းမှ ခုနစ်သောင်းအထိ အကျိုးအမြတ် အပိုဆောင်း ရနိုင်တော့မည် ဖြစ်သည်။ ဤသည်မှာ အပေါ်ယံ အကျိုးအမြတ်မျှသာ ရှိသေးသည်။ အကယ်၍ ထိုနှစ်ဦးသာ စိတ်ရင်းမှန်ဖြင့် ချိုးရင်းနှင့် မာရှို့ဖူတို့ကိုပါ လမ်းညွှန်ပေးနိုင်ခဲ့မည်ဆိုလျှင် တစ်နှစ်အတွင်း နောက်ထပ် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းမျှ အကျိုးအမြတ် ပိုထွက်လာဦးမည် ဖြစ်သည်။

ထို့ကြောင့်လည်း လော့ချန်အနေဖြင့် အလုပ်ရှုပ်နေသည့် ကြားမှ ဆေးဖော်ခန်းမသို့ ပထမဆုံးအကြိမ် လာရောက်ကာ ဤလူနှစ်ဦး၏ စိတ်နှလုံးသားကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပေသည်။

"ပြောရရင် ငါ အခု လျှောက်လှမ်းနေတဲ့ လမ်းစဉ်က ဂိုဏ်းချုပ်မီနဲ့ နည်းနည်း ဆင်တူနေပြီပဲ"

လော့ချန် မသိမသာ ရယ်မောမိသွားသည်။ တစ်ချိန်က မီရှုဟွာ၏ စည်းစိမ်နှင့် အကျိုးအမြတ်များကြားတွင် သူ တဖြည်းဖြည်း ဆွဲသွင်းခံခဲ့ရပြီး နောက်ဆုံး၌ တစ်ဖက်လူ၏ ကိရိယာတစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ သို့သော် ယနေ့တွင်မူ အလားတူ နည်းလမ်းများကို အသုံးပြုနေသူမှာ သူကိုယ်တိုင် ဖြစ်နေခဲ့လေပြီ။ ကြည့်ရသည်မှာ မီရှုဟွာထက်ပင် လျော့နည်းခြင်း မရှိချေ။ ကျင့်ကြံခြင်းအဆင့်ကို ကြည့်လျှင်လည်း နှစ်ဦးစလုံးမှာ အခြေတည်အလယ်ပိုင်း၌သာ ရှိနေကြဆဲ ဖြစ်သည်။

"ငါကတော့ သူလျှောက်ခဲ့တဲ့ လမ်းဟောင်းကြီးကို လုံးဝ ပြန်မလျှောက်ဘူး"

လော့ချန် ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း သူ့ကိုယ်သူ သတိပေးစကားဆိုကာ ဒန်ရှားတောင်၏ အနောက်ဘက်တောင်ကုန်းဆီသို့ ဦးတည်လိုက်တော့သည်။

....

လော့ထျန်းအဖွဲ့အနေဖြင့် ဤတစ်ကြိမ် စစ်ပွဲကြီးအတွင်းမှ ရရှိလိုက်သော အကျိုးအမြတ်များဟူသည် လုံးဝ များပြားလွန်းလှပြီး ၎င်းတို့ထဲမှ အချို့သော အရာများကိုမူ သာမန် ဝိညာဉ်ကျောက်တုံးများဖြင့်ပင် တန်ဖိုးဖြတ် မရနိုင်ပေ။ ဥပမာအားဖြင့် ပိုးစာပင်ဟူသော အရာမျိုး ဖြစ်၏။

ဒန်ရှားတောင်၏ နေရောင်ခြည်မရသော နောက်ဘက်ခြမ်းမှာ ယခင်ကတည်းက အသုံးမပြုဘဲ အလွတ်ထားရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ အသုံးချနိုင်မည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

လော့ချန် ရောက်ရှိသွားသောအခါ ယွမ်တုန်းရှန်းသည် လူတစ်စုကို ဦးဆောင်လျက် အလွန်အမင်း အလုပ်ရှုပ်နေခဲ့သည်။

လော့ချန် ရောက်ရှိလာသည်ကို မြင်သောအခါ သူ အလျင်အမြန် ပြေးလာခဲ့သည်။

"အဖွဲ့ချုပ်ခေါင်းဆောင် ရောက်လာတာလားခင်ဗျာ…."

"အင်း…. ဒီနေရာမှာ ပိုးစာပင်တွေကို စိုက်ပျိုးလို့ ရနိုင်ပါ့မလား"

ယွမ်တုန်းရှန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ရတာပေါ့ အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့၊ ပိုးစာပင်က ရိုးရိုးအပင်တွေနဲ့ မတူဘဲ အေးတဲ့နေရာကို နှစ်သက်ပြီး နေရောင်ခြည် ပြင်းထန်တာကို မခံနိုင်ပါဘူး…. စိုစွတ်ပြီး အေးမြတဲ့နေရာမှာ ကြီးထွားဖို့ သင့်တော်ပါတယ်… ဒန်ရှားတောင်ရဲ့ အနောက်တောင်ကုန်းက ယွီကျန်းကျောင်းတော်ရဲ့ နယ်မြေနဲ့ မြေမျက်နှာသွင်ပြင်ချင်း တူညီတာမို့ ပြောင်းရွှေ့စိုက်ပျိုးတဲ့ လုပ်ငန်းစဉ်မှာ သေချာဂရုစိုက်မယ်ဆိုရင် ရှင်သန်မှုနှုန်းက ၈၀ ရာခိုင်နှုန်းအထက်မှာ ရှိနိုင်ပါတယ်"

ရှစ်ဆယ် ရာခိုင်နှုန်း ဆိုပါလား။

လော့ချန် ဝမ်းသာအားရ ဖြစ်သွားရသည်။

ပိုးစာပင်ဟူသည် စီးပွားရေးအရ တွက်ချက်မည်ဆိုပါက တန်ဖိုးကြီးမားရုံမျှတင်မကဘဲ ထူးခြားဆန်းပြားလှသော အဖိုးတန် ဝိညာဉ်အပင်တစ်မျိုး ဖြစ်ပေသည်။ ၎င်းမှာ ခရမ်းရောင် ဝါးပင် သို့မဟုတ် ကြယ်တာရာမြက် စသည့် ပထမအဆင့် ဝိညာဉ်အပင်များထက် ဆယ်ဆမက ပိုမိုအစွမ်းထက်လှပေသည်။ တစ်ပင်လုံးမှာ ရတနာများ ဖြစ်ကြပြီး သစ်ရွက်ဖြစ်စေ၊ သစ်ခေါက်ဖြစ်စေ၊ သီးပွင့်လာသော အသီးဖြစ်စေ အားလုံးကို ဈေးကွက်အတွင်း မိုးထိုးသော ဈေးဖြင့် ရောင်းချနိုင်ကြသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ပတ်ဝန်းကျင် အခြေအနေ ဖြစ်၏။ လော့ချန် သိရှိရသလောက် ထျန်းလန် နတ်ဘုရားမြို့တော်အတွင်း၌ မျိုးနွယ်စု ခြောက်ခု သို့မဟုတ် ခုနစ်ခုခန့်က ပိုးစာပင်ကို အောင်မြင်စွာ စိုက်ပျိုးထားကြသည်။ သို့တိုင်အောင် ပိုးစာပင်မှ ထွက်ရှိသမျှ အရာအားလုံးမှာ အမြဲ ဝယ်လိုအား မြင့်မားနေဆဲ ဖြစ်သည်။

ထို့ထက် ပိုမို၍ အရေးကြီးသည်ကမူ လော့ထျန်းအဖွဲ့အနေဖြင့် ယွီကျန်းကျောင်းတော်မှ ကျောက်စိမ်းပိုးကောင်များကိုပါ သိမ်းပိုက်ရယူလာနိုင်ခဲ့ခြင်း ဖြစ်၏။ ဤအရာမှာ အားနည်းဆုံး ပထမအဆင့်မှ အမြင့်ဆုံး တတိယအဆင့် အထိ ရောက်ရှိနိုင်သော ဆန်းကြယ်လှသော ဝိညာဉ်ပိုးကောင်တစ်မျိုး ဖြစ်သည်။ ၎င်းတို့မှ ထွက်ရှိလာမည့် ပိုးချည်မျှင်မှာ အမျိုးမျိုးသော မှော်ဝတ်ရုံ၊ မှော်လက်နက် ဖန်တီးသည့်ဆရာကြီးများ အနှစ်သက်ဆုံး ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်ပေသည်။

"ဟုတ်သားပဲ အဖွဲ့ချုပ်ခေါင်းဆောင်… ကျွန်တော် ဒီပိုးစာပင်သစ်တောကို ရေရှည် စောင့်ရှောက်ဖို့အတွက် လူအင်အား တောင်းချင်ပါတယ်" ယွမ်တုန်းရှန်းက ရုတ်တရက် ပြောလိုက်သည်။

လော့ချန် အနည်းငယ်မျှ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

“ဆေးဝါးခန်းမဆောင်မှာ လူအင်အား မလုံလောက်လို့လား"

ယွမ်တုန်းရှန်းက ခေါင်းခါယမ်းလိုက်သည်။

"ကျွန်တော် လိုအပ်တာက အနည်းဆုံး ချီသန့်စင်နှောင်းပိုင်းအဆင့် ရှိတဲ့ ကျင့်ကြံသူတွေပါ"

ခေါင်းဆောင်ဖြစ်သူ၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားကို မြင်လိုက်သည်နှင့် ယွမ်တုန်းရှန်းက အသေးစိတ် ရှင်းပြလေတော့သည်။

“တကယ်တော့ ပိုးစာပင်က တစ်နှစ်ကို သုံးခါတောင် အသီးသီးတတ်တာပါ၊ အဲဒီက ထွက်လာတဲ့ အသီးတွေက မွှေးရနံ့ အရမ်းပြင်းတော့ ဝိညာဉ်ငှက်တွေနဲ့ သားရဲမျိုးစုံကို အလွယ်တကူ ဆွဲဆောင်တတ်တယ်…. ဒါကြောင့် သေချာသာ မစောင့်ရှောက်နိုင်ရင် ဆုံးရှုံးရမယ့် ပမာဏက တော်တော်ကြီးမားသွားနိုင်ပါတယ်”

လော့ချန် တွေးတောကြည့်ရာ ထိုအချက်မှာ သဘာဝကျလှပေသည်။ သူ ယွမ်တုန်းရှန်း၏ တောင်းဆိုချက်ကို ချက်ချင်း သဘောတူညီပေးလိုက်ပြီး တိုက်ခိုက်ရေးခန်းမဆောင်ဘက်မှ လူအင်အားအချို့ကို စေလွှတ်ကာ ဤသစ်တောကို ရေရှည် ကာကွယ်စောင့်ရှောက်ရန် စီစဉ်လိုက်တော့သည်။

အမှန်စင်စစ် လက်ရှိအချိန်တွင် ယွမ်တုန်းရှန်းတစ်ယောက် အသက်ရှူချိန်ပင် မရလောက်အောင် အလုပ်များနေခြင်း ဖြစ်သည်။ ပိုးစာပင် တစ်မျိုးတည်း မဟုတ်ချေ။ တန်ယွမ်ဂိုဏ်းဘက်မှ ဝမ်ယွမ် သယ်ဆောင်လာခဲ့သော နှစ်ချီသက်တမ်းရှိ ဆေးဖက်ဝင်အပင်များကိုလည်း သူ ပြောင်းရွှေ့စိုက်ပျိုးရန် လိုအပ်နေသေးသည်။ ထိုမျှသာမက ထျန်းယင်းတောင်နှင့် ယွီကျန်းကျောင်းတော်တို့တွင် စိုက်ပျိုးထားသော အခြားသော ဝိညာဉ်အပင်များကိုလည်း အတွေ့အကြုံရှိသော ဝိညာဉ်အပင်စိုက်ပျိုးသူတစ်ဦးအနေဖြင့် သူကိုယ်တိုင် ကိုင်တွယ်ရဦးမည် ဖြစ်သည်။ သူ လုံးဝ အချိန်မအားလပ်သဖြင့် အချို့သောအရာများကို ဖုန်းရှထံ လက်လွှဲထားရသည်။ သို့သော် ဤသို့ ပြုလုပ်ခြင်းက ရေရှည်အတွက် အဆင်မပြေနိုင်ချေ။

ထိုညည်းညူသံများကို ကြားရသောအခါ လော့ချန် သနားကရုဏာသက်သွားသည်။ သို့သော် သူ့တွင်လည်း ချက်ချင်း ဖြေရှင်းနိုင်မည့် နည်းလမ်း မရှိချေ။ နောက်ဆုံး သူသည် ယခင်က သူ အကောင်အထည်ဖော်ရန် တွေးတောခဲ့ဖူးသော ထိုအုပ်ချုပ်မှုစနစ်ကို ပြန်လည်တွေးတောမိသွားသည်။

လော့ထျန်းအဖွဲ့အနေဖြင့် အမွေအနှစ် ဆက်ခံခြင်းစနစ်ကို စတင် အကောင်အထည်ဖော်ရန် အချိန်တန်ပြီ ဖြစ်၏။ ထိုသို့မဟုတ်ပါက အမျိုးမျိုးသော ကိစ္စရပ်များကို ယခုကဲ့သို့ တစ်ဦးတစ်ယောက်တည်းကသာ လုပ်ဆောင်နေရပေလိမ့်မည်။

ကျင့်ကြံခြင်းလမ်းစဉ်ဟူသည် တိုက်ခိုက်သတ်ဖြတ်ခြင်း သက်သက်မျှသာ မဟုတ်ချေ။ လယ်ယာစိုက်ပျိုးခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကသာ အဖွဲ့အစည်းတစ်ခုကို အစစ်အမှန်ဆုံးသော အင်အားကြီးမားမှုဆီသို့ ခေါ်ဆောင်သွားနိုင်မည့် ရေရှည်လမ်းစဉ် ဖြစ်ပေသည်။ တိုက်ခိုက်သတ်ဖြတ်ခြင်းဟူသည် မိမိတို့ ရရှိထားပြီးသားဖြစ်သော အကျိုးအမြတ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာလျှင် တည်ရှိနေခြင်း ဖြစ်သည်။ တိုက်ပွဲဟူသည် အမြဲတစေ အသက်ပေါင်းများစွာကို ကုန်ဆုံးစေတတ်သော်လည်း လယ်ယာစိုက်ပျိုးခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကမူ အမြဲ အနာဂတ်အတွက် ခိုင်မာလှသော အုတ်မြစ်ကြီးကို တည်ဆောက်ပေးလေ့ရှိသည် မဟုတ်ပါလော။

လော့ချန် ဤကိစ္စရပ်များကို တွေးတောနေသည့် အချိန်မှာပင် ချီသန့်စင်အဆင့် (၉) ရှိသော အသက်ကြီးကြီး ကျင့်ကြံသူတစ်ဦး စိုးရိမ်ထိတ်လန့်စွာဖြင့် ဒန်ရှားတောင်၏ တောင်စောင့်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

"ရပ်စမ်း…. ဘယ်သူလဲ"

"ကျွန်တော်က ဝေဖျင်အန်းပါ…. ရွှီချန်တောင်ရဲ့ ဒုတိယအကြီးအကဲ ဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်အရ လော့ထျန်းအဖွဲ့ချုပ်ခေါင်းဆောင်နဲ့ လာရောက်တွေ့ဆုံတာပါ"

ဝေဖျင်အန်းသည် တောင်စောင့်ကျင့်ကြံသူများ၏ အံ့ဩနေသော အကြည့်များကို ရင်ဆိုင်ရင်း တုန်တုန်ချိချိဖြင့် သဝဏ်လွှာစာတစ်စောင်ကို ထုတ်ယူကာ ပေးလိုက်တော့သည်။

ရွှီချန်တောင် ဆိုပါလား။

ဤသည်မှာ လွန်ခဲ့သော ရက်ပိုင်းက ချင်းဟွာမြစ်ထက်၌ အခွင့်အရေးယူကာ အဖွဲ့ချုပ်ခေါင်းဆောင်အား တိုက်ခိုက်ရန် ကြိုးစားခဲ့သော အခြေတည် အလယ်ပိုင်းအဆင့် ကျင့်ကြံသူ၏ မျိုးနွယ်စု မဟုတ်ပေလော။ ယခုမူ ဆိုင်းမဆင့်ဗုံမဆင့် မိမိတို့ တံခါးဝအထိရောက်လာကာ အဖွဲ့ချုပ်ခေါင်းဆောင်နှင့် တွေ့ရန် ကြိုးစားနေချေတော့သည်။

....

လော့ထျန်းခန်းမအတွင်း ဖြစ်သည်။

လော့ချန်သည် ဝေဖျင်အန်း ယူဆောင်လာခဲ့သော စာစောင်ကို ဖတ်ပြီးသွားခဲ့ပြီဖြစ်သည်။

"မင်းတို့က အသနားလာခံတာလား"

အေးစက်လှသော စကားလုံးများကြောင့် ဝေဖျင်အန်း၏ ခန္ဓာကိုယ်မှာ တစ်ချက်မျှ တုန်ရင်သွားရသည်။

သူ တုန်တုန်ရင်ရင်ဖြင့် လျှောက်တင်လိုက်သည်။

"ဒါက ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်ကြားမှာ ရှိနေတဲ့ ရန်ငြိုးတွေကို ပြေလည်စေမယ့် မဟာမိတ် စာချုပ်တစ်ခုပါ အဖွဲ့ချုပ်ခေါင်းဆောင်...."

လော့ချန် ခေါင်းခါယမ်းလိုက်သည်။

"အသနားခံတယ်ဆိုရင် အသနားခံတဲ့ ပုံစံမျိုး ရှိရမယ်လေ…. ဒီစာထဲမှာ ရေးထားတာတွေလောက်ကို ငါ တကယ်ပဲ စိတ်မဝင်စားဘူး"

ဝေဖျင်အန်းသည် ပါးစပ်အဟောင်းသားဖြင့် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ ဝိညာဉ်ကျောက်တုံး တစ်သိန်း အပြင် အဆင့်မြင့် မှော်လက်နက်ငါးခုအထိ ရမည်ကိုပင် စိတ်မဝင်စားဟု ဆိုနေသည်လော။ မိမိတို့ ဝေမျိုးနွယ်စုအနေဖြင့်မူ ဤစာချုပ်ကို ချုပ်ဆိုနိုင်ရန်အတွက် သိက္ခာနှင့် မာန မှန်သမျှကို မြေပေါ်ခဝါချထားခဲ့ရသည် မဟုတ်ပါလော။

လော့ချန် ထိုစာကို ဘေးသို့ ချထားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီလိုလုပ်ရအောင်…. ဒီစာထဲက အခြေအနေတွေအပြင် မင်းတို့ ငါ့ကို နောက်ထပ် ကိစ္စရပ် သုံးခုကိုပါ သဘောတူညီပေးရမယ်၊ ဒါဆိုရင် အရင်က ကိစ္စတွေကို ငါ ဆက်ပြီး အပြစ်မယူတော့ဘူး"

ဝေဖျင်အန်းက အံကို တင်းတင်းကြိတ်လျက် ဆိုသည်။

"အဖွဲ့ချုပ်ခေါင်းဆောင်အနေနဲ့ ပွင့်ပွင့်လင်းလင်း မိန့်ကြားပေးပါ"

"ပထမအချက်၊ မင်းတို့ ဝေမျိုးနွယ်စုရဲ့ အကြီးအကဲကို ငါ သတ်ခဲ့တာဆိုပေမဲ့ ဒါတွေက သူကိုယ်တိုင် စခဲ့တဲ့ ကိစ္စပဲလေ၊ ဒါကြောင့်မို့လို့ နောင်ကျရင် ငါ့အပေါ်ဖြစ်စေ၊ လော့ထျန်းအဖွဲ့ရဲ့ ကျင့်ကြံသူတွေအပေါ်ဖြစ်စေ မင်းတို့ဝေမျိုးနွယ်စုရဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကလဲ့စားချေဖို့ မကြိုးစားရဘူး…. ဒုတိယအချက်၊ ဝေထော် ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်၊ ငါ့အနေနဲ့ ဆုံးရှုံးမှု မရှိခဲ့ဘူးဆိုပေမဲ့ သူ ငါ့ကို သတ်ချင်တဲ့ ရည်ရွယ်ချက် ရှိနေခဲ့တာကို လူတိုင်း သိကြတယ်၊ ဝေထော် ငါ့ဆီမှာ အသတ်ခံလိုက်ရတာက သူ အားနည်းလွန်းလို့ပဲ၊ ဒါပေမဲ့ သူ ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာအတွက် အဖိုးအခတော့ ရှိရမယ်၊ ဘာပဲဖြစ်ဖြစ် ငါလည်း ချီစွမ်းအင်တွေ အများကြီး ကုန်ဆုံးခဲ့ရတာပဲ မဟုတ်လား…."

ဝေဖျင်အန်းကို စိုက်ကြည့်ရင်း လော့ချန် ဆက်ပြောလိုက်သည်။

"အဲ့တော့ ဝေပုဖန်အနေနဲ့ နောင်ကျရင် ငါ့ဘက်ကနေ တစ်ကြိမ် ကူတိုက်ပေးရမယ်၊ ဒါက ဝေထော် လုပ်ခဲ့တဲ့ အပြစ်အတွက် အဖိုးအခပဲ…."

ဝေဖျင်အန်းသည် ပါးစပ်ကို ဟလိုက်သော်လည်း ပြန်လည်ချေပခြင်း မပြုဝံ့ချေ။ သူ၏ ကြောက်ရွံ့ဆွံ့အနေသော ပုံစံကို မြင်သောအခါ လော့ချန်၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် မြင့်တက်သွားရသည်။

"တတိယအချက်၊ ဒီနေ့ကစပြီး မင်းတို့ ဝေမျိုးနွယ်စု လိုအပ်သမျှ ပထမအဆင့် ဆေးလုံးမှန်သမျှကို ငါတို့ လော့ထျန်းအဖွဲ့ဆီကနေပဲ ဝယ်ရမယ်"

ရှေ့ တောင်းဆိုချက် နှစ်ခုမှာ တင်းကြပ်လှသော သတ်မှတ်ချက်များ ဖြစ်ကြသော်လည်း နောက်ဆုံးတစ်ခုမှာမူ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်နေသည်မှာ ထင်ရှားလှပေသည်။

ဝေဖျင်အန်း အနည်းငယ် မှင်တက်သွားရ၏။ သို့သော် အတွေ့အကြုံရင့်သူ ပီပီ စိတ်ထဲမှ အတွေးများကို ဖိနှိပ်ထားလိုက်သည်။

"ကျွန်တော်မျိုး အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ကို သိပါပြီ…. ဒါပေမဲ့ ဒီကိစ္စတွေက ကျွန်တော်မျိုး ဆုံးဖြတ်နိုင်တဲ့ အရာမဟုတ်လို့ မျိုးနွယ်စုခေါင်းဆောင်ထံ ပြန်တင်ပြပြီးမှသာ ဆုံးဖြတ်ရမှာပါ"

လော့ချန် ခေါင်းညိတ်ပြလိုက်သည်။

"ဒါက သဘာဝကျပါတယ်…. ဒါပေမဲ့ ငါ မင်းတို့ကို စဉ်းစားဖို့ အချိန် သုံးရက်ပဲပေးမယ်၊ သုံးရက်ပြည့်လို့ ငါကျေနပ်စေမယ့် အဖြေ မရဘူးဆိုရင်တော့ ငါကိုယ်တိုင် ရွှီချန်တောင်ကို လာခဲ့မယ်"

လော့ချန်၏ မျက်နှာထက်ဝယ် ပြုံးယောင်သန်းနေသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဪ….. ဝေထော် မသေခင်က ပြောသွားတဲ့ စကားတစ်ခွန်းရှိတယ်၊ မင်း ကြားပြီးပြီလားတော့ မသိဘူး"

လော့ချန်၏ ရွှီချန်တောင်သို့ ကိုယ်တိုင် လာခဲ့မည်ဟူသော စကားကြောင့် အလွန်တရာ ထိတ်လန့်နေခဲ့ရသော ဝေဖျင်အန်းသည် ဤထူးဆန်းသောမေးခွန်းကို ကြားလိုက်ရသောအခါ တစ်ခဏမျှ ဆွံ့အသွားရသည်။

"သူ.... သူက ဘာတွေ ပြောသွားခဲ့လို့လဲ အဖွဲ့ချုပ်ခေါင်းဆောင်..."

"သူက ပြောတယ်…. ရွှီချန်တောင်ရဲ့ နာမည်ထဲမှာ ချန် ဆိုတဲ့ စကားလုံး ပါနေပြီး အဲ့ဒါက ငါ့ရဲ့ နာမည်ထဲက ချန် စကားလုံးနဲ့ အတူတူပဲဖြစ်လို့ တကယ့်ကို ရေစက်ရှိလှပါတယ်တဲ့"

ဝူးးး…..

ထိုတစ်ခဏ၌ပင် ကြီးမားလှသော ဖိအားတစ်ခုသည် လော့ထျန်းခန်းမကြီး၏ အထက်ကောင်းကင်ယံမှနေ၍ ပြင်းထန်စွာ ဖိနှိပ်ချလိုက်တော့သည်။

ဝေဖျင်အန်းသည် သတိမထားမိလိုက်ဘဲ မြေပြင်ထက်သို့ ဒူးထောက်ကျသွားခဲ့ရ၏။ သူ၏ ဝိညာဉ်အာရုံများ တုန်လှုပ်ချောက်ချားသွားရပြီး စိတ်အာရုံမှာလည်း လုံးဝ ပျက်ပြားသွားခဲ့ရတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters