အခန်း ၄၂၆
Vol. 43 Ch. 426
အခန်း (၄၂၆) - ဝေမျိုးနွယ်စု၏ ရွေးချယ်မှု
"ရွှီချန်တောင်က လော့ချန်နဲ့ ရေစက်ရှိနေတယ် ဟုတ်လား…. ဘာစောက်ရူးစကားလဲ"
ဝေမျိုးနွယ်စု စံအိမ်အတွင်း၌ ဝေပုဖန်သည် စိတ်မထိန်းနိုင်တော့ဘဲ ထိုစကားများကို ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မိသည်။ သို့သော် သူ၏ ဒေါသများသည် ခဏချင်းမှာပင် ပြန်လည် ငြိမ်သက်သွားခဲ့သည်။ အစားထိုးဝင်ရောက်လာခဲ့သည်ကမူ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသော အသိတစ်ခု ဖြစ်ပေသည်။
လော့ချန်၏ စကားလုံးများထဲမှ အဓိပ္ပာယ်မှာ အလွန်တရာ ထင်ရှားလှပေသည်။
အကယ်၍ သူသာ ထိုတောင်းဆိုချက်များကို သဘောမတူပါက လော့ချန်၏ ရွှီချန်တောင်သို့ လာရောက်လည်ပတ်ခြင်းဟူသည် သာမန် လမ်းလျှောက်ထွက်ခြင်းမျိုး ဖြစ်လာလိမ့်မည် မဟုတ်ဘဲ ဝေမျိုးနွယ်စုတစ်ခုလုံးအား အပိုင်သိမ်းရန်လာခြင်း ဖြစ်ပေလိမ့်မည်။
အခြားသော နေရာများမှ အင်အားစုများသည် လော့ချန်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီးနောက် ပျက်စီးသွားခဲ့သော်လည်း မြေနေရာများကမူ ကျန်ရှိနေခဲ့သည် မဟုတ်ပါလော။ သို့သော် အကယ်၍ လော့ချန်သာ ရွှီချန်တောင်ကို စစ်ချီလာခဲ့မည်ဆိုပါက မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးရုံမျှဖြင့် ပြီးဆုံးသွားမည် မဟုတ်ချေ။ ထို့ထက် ပိုမို၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းတစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ ရွှီချန်တောင်ကို သိမ်းပိုက်လျက် ဝေမျိုးနွယ်စု၏ ကျင့်ကြံသူများကို သူ့အတွက် အလုပ်အကျွေးပြုရန် ကျွန်ပြုခြင်းပင် ဖြစ်၏။
ဤကဲ့သို့သော လုပ်ရပ်မျိုးဟူသည် ကျင့်ကြံခြင်းလောကအတွင်း၌ အဆန်းတကြယ် မဟုတ်သလို သင့်လျော်လှသော အကြောင်းပြချက်သာ ရှိနေခဲ့မည်ဆိုပါက အခြားသူများ မိမိအား မိစ္ဆာကျင့်ကြံသူဟု အမည်တပ်မည်ကို စိုးရိမ်စရာ မလိုချေ။
ယခုအချိန်တွင် ဝေထော်၏ တိုက်ခိုက်မှုက လော့ချန်အတွက် ထိုသင့်လျော်သော အကြောင်းပြချက်ကို ပေးခဲ့ပြီး ဖြစ်သည်။
ဝေပုဖန်သည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပြီး လော့ချန် တောင်းဆိုခဲ့သော အခြေအနေ သုံးခုကို သေချာစွာ တွေးတောဆင်ခြင်တော့သည်။ ပထမဆုံး တစ်ချက်ဖြစ်သည့် ကလဲ့စားမချေရ ဟူသည်မှာ သဘာဝကျလှပေသည်။ သူလည်း ထိုအရာကို ဂရုမစိုက်ချေ။ မည်သို့ပင်ဆိုစေ သူနှင့် ဝေထော်၏ ဆက်ဆံရေးမှာလည်း ထိုမျှအထိ အဆင်ပြေလှသည် မဟုတ်ချေ။ ထိုသို့မဟုတ်ပါက တစ်ဖက်လူက လီမျိုးနွယ်စု၏ ပိုင်ဆိုင်မှုများကို လုယူသည့်အချိန်တွင် သူ့အား အတူတူ မခေါ်ဆောင်ခဲ့ဘဲ နေပါမည်လော။
သို့သော် မိမိကိုယ်တိုင် တစ်ကြိမ်မျှ ကူညီတိုက်ခိုက်ပေးရမည်ဟူသော ဒုတိယမြောက် တောင်းဆိုချက်ကြီးကမူ အနည်းငယ်မျှ အန္တရာယ်များလွန်းလှသည်။ အကယ်၍ လော့ချန်က မိမိအား အခြေတည် အလယ်ပိုင်းအဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးကို သွားရောက်တိုက်ခိုက်ခိုင်းလျှင် မည်သို့လုပ်မည်နည်း။ ဤသည်မှာ သူ့အား သေတွင်းထဲသို့ အတင်းတွန်းပို့နေခြင်း မဟုတ်ပါလော။
တတိယမြောက် တောင်းဆိုချက်ကမူ နားလည်နိုင်သော အရာ ဖြစ်ပေသည်။
"ဖျင်အန်း…. အရင်က ငါတို့ မျိုးနွယ်စုက မျိုးဆက်သစ်ကလေးတွေအတွက် ကျင့်ကြံခြင်းဆေးလုံးတွေကို ဘယ်ကနေ ဝယ်ခဲ့တာလဲ"
ဝေဖျင်အန်းက တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ပြောလိုက်သည်။
"အမြဲတမ်း ဝိညာဉ်ဆေးနန်းဆောင်ကနေပဲ ချီစွမ်းအင်ဖြည့်ဆေးလုံးတွေကို ဝယ်ယူခဲ့တာပါ၊ ဈေးနှုန်းကတော့ တော်တော်လေး ကြီးပါတယ်"
ဝေပုဖန်က လတ်တလော ပထမအဆင့် ကျင့်ကြံခြင်း ဆေးလုံးများ၏ ဈေးနှုန်းကို ထပ်မေးလိုက်ပြီးနောက် လော့ထျန်းအဖွဲ့မှ ရောင်းချပေးမည့် ဆေးလုံးဈေးနှုန်းများနှင့် နှိုင်းယှဉ်တွက်ချက်လိုက်သည်။ အချိန်အနည်းငယ်မျှ နှိုင်းယှဉ်ကြည့်ပြီးနောက် သူ ဆုံးဖြတ်ချက် ချလိုက်တော့သည်။
"ဒုတိယမြောက် တောင်းဆိုချက်ကလွဲလို့ ကျန်တဲ့ တောင်းဆိုချက် နှစ်ခုလုံးကို ငါ သဘောတူနိုင်တယ်…. ငါ့ကို ကူတိုက်ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ မင်း နောက်ထပ်တစ်ကြိမ် သွားပြီး သေချာမေးမြန်းလိုက်ဦး…. ငါ့ကို သေတွင်းထဲ သွားခိုင်းမယ့် ကိစ္စမျိုးဆိုရင်တော့ ငါ လုံးဝ လုပ်မှာ မဟုတ်ဘူး"
ဝေဖျင်အန်း သက်ပြင်းချလိုက်မိသည်။ မျိုးနွယ်စုခေါင်းဆောင်၏ အမိန့်ဖြစ်သလို ဝေမျိုးနွယ်စု၏ အသက်အန္တရာယ်နှင့်လည်း သက်ဆိုင်နေသဖြင့် သူ ငြင်းပယ်၍ မရချေ။ သို့သော် ထိုအရှင်သခင်၏ ကြီးမားလှသော ဖိအားကို ထပ်မံ ရင်ဆိုင်ရဦးမည်ဟု တွေးမိတိုင်း သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားရသည်။
…..
နောက်တစ်နေ့ နံနက်စောစောတွင် ဖြစ်သည်။
ဝေဖျင်အန်းသည် ဒန်ရှားတောင်သို့ နောက်ထပ်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင်မူ သူသည် ဝေပုဖန် လက်ခံနိုင်မည့် အသေးစိတ် အချက်အလက်များကို ပြန်လည်သယ်ဆောင်လာနိုင်ခဲ့၏။
"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တူတဲ့ ပုဂ္ဂိုလ်တွေကိုပဲ ရင်ဆိုင်ခိုင်းမှာလား"
ဝေပုဖန်၏ ရင်ထဲဝယ် အနည်းငယ် ပေါ့ပါးသွားရသည်။ ဤသို့ဆိုလျှင် ထိုအခြေအနေ သုံးခုမှာ ထိုမျှအထိ လက်ခံရန် မခက်ခဲတော့ချေ။
"ကြည့်ရတာ ဒီမီးနတ်ဘုရားလော့ကလည်း ကျိုးကြောင်းဆီလျော်မှု မရှိတဲ့လူရမ်းကားတော့ မဟုတ်ဘူးပဲ"
မျိုးနွယ်စု၏ ရှင်သန်ရပ်တည်ရေးနှင့် သက်ဆိုင်နေသဖြင့် မျက်နှာအနည်းငယ် ပျက်ယွင်းရခြင်းကိုမူ သူ ဂရုမစိုက်နိုင်တော့ချေ။ မည်သည့် နှောင့်နှေးကြန့်ကြာမှုမျှ မရှိဘဲ ၃ ရက်မြောက်နေ့တွင် ဝေမျိုးနွယ်စုသည် လော့ထျန်းအဖွဲ့ထံသို့ လျော်ကြေးများကို ပေးအပ်လာခဲ့သည်။
‘အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းနှင့် အဆင့်မြင့် မှော်လက်နက် ငါးခု’
လော့ထျန်းအဖွဲ့ဘက်ကလည်း စိတ်ရင်းမှန်ကို ပြသသည့်အနေဖြင့် ပထမဆုံးအသုတ်ဖြစ်သော အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများကို ချက်ချင်းပင် ပို့ပေးလိုက်တော့သည်။
….
လော့ထျန်းခန်းမကြီးအတွင်း ဖြစ်သည်။
လော့ချန်သည် သေတ္တာကြီး ဆယ်လုံးအတွင်း ထည့်သွင်းထားသော ဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း မျက်နှာထက်တွင် အပြုံးများ ဝေဆာနေသည်။
အချို့သော အချိန်များတွင် မိမိ အလိုရှိသောအရာကို ရရှိရန်အတွက် တိုက်ရန်ခိုက်ရန် မလိုအပ်ချေ။ ထို့အပြင် ဝေမျိုးနွယ်စုကို ချန်ထားခြင်းက သူ့အတွက် ပိုမို၍ အကျိုးရှိစေမည် ဖြစ်၏။ ပထမအချက်အနေဖြင့် လော့ထျန်းအဖွဲ့သည် အမြစ်ပြတ်သတ်ဖြတ်တတ်သော ပုံစံ မဟုတ်ကြောင်း အပြင်လူများကို ပြသနိုင်ပေသည်။ ဒုတိယအချက်အနေဖြင့် ထွက်ရှိလာသော ဆေးလုံးများအတွက် ပုံသေ ဖောက်သည်တစ်ဦးကို ရှာဖွေနိုင်ခြင်း ဖြစ်သည်။ သူ ထပ်မံဖြည့်စွက်ခဲ့သော အခြေအနေ သုံးခုမှာ တစ်ဖက်လူကို ခက်ခဲစေရန် ပြုလုပ်ထားသလို ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ ထိုမျှအထိ ခက်ခဲလှသည် မဟုတ်ချေ။
၎င်းမှာ နှစ်ဦးနှစ်ဖက်လုံး လက်ခံနိုင်မည့် ရလဒ်တစ်ခုကို ဖန်တီးပေးလိုက်ခြင်းမျှသာ ဖြစ်၏။ လော့ထျန်းအဖွဲ့အနေဖြင့် မျက်နှာပန်း လှသွားခဲ့ပြီး ဝေမျိုးနွယ်စုဘက်ကလည်း တစ်ဖက်လူက ဤမျှအထိ တောင်းဆိုပြီးပြီဖြစ်ရာ ဤကိစ္စမှာ တကယ်ပင် ပြီးဆုံးသွားပြီဟု ခံစားရစေသည်။
သေဆုံးသွားခဲ့သော ဝေထော်ကိုမူ မည်သူက ဂရုစိုက်ပါဦးမည်နည်း။ ဝေပုဖန်ကိုယ်တိုင်ပင် ဝေထော် ဤမျှမြန်မြန်ဆန်ဆန် သေဆုံးသွားခြင်းအပေါ် ဝမ်းသာနေကောင်း သာနေလိမ့်မည်။
မျိုးနွယ်စုတစ်ခုက ထောက်ပံ့ပေးနိုင်သော အရင်းအမြစ်များမှာ ကန့်သတ်ချက် ရှိပေသည်။ ဝေထော်သည် အခြေတည်အလယ်ပိုင်းအဆင့် ရှိသဖြင့် လိုအပ်သော အရင်းအမြစ်များမှာ ပိုမို၍ များပြားမည်ဖြစ်ရာ မသိမသာဖြင့် မျိုးနွယ်စုခေါင်းဆောင် ဖြစ်သော ဝေပုဖန်၏ အကျိုးအမြတ်များကို ထိခိုက်စေသည် မဟုတ်ပါလော။ သူ သေဆုံးသွားခြင်းက အားလုံးအတွက် ပို၍ အဆင်ပြေစေခဲ့သည်။
"ဒါဆိုရင် အခုတော့ ရှန်ကုန်းဂိုဏ်း တစ်ခုတည်းပဲ ကျန်တော့တယ်"
လော့ချန် သေတ္တာကို ပွတ်သပ်လျက် အတွေးနယ်ချဲ့နေမိသည်။ ဤရက်ပိုင်းအတွင်း သူ၏ အခြေအနေမှာ ကြိုးတန်းပေါ် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေခဲ့သည်။ အခြေအနေတစ်ခုချင်းစီ၏ အပြောင်းအလဲအပေါ် မူတည်၍ သူသတိကြီးစွာဖြင့် အကွက်ရွှေ့ခဲ့ရသည်။
လော့ထျန်းအဖွဲ့အပေါ် မကောင်းကြံစည်သူများကို နှိမ်နင်းရပေမည်။ သို့မှသာလျှင် ကျင့်ကြံခြင်းလောကတစ်ခုလုံးအနေဖြင့် လော့ထျန်းအဖွဲ့ဟူသည် အလွယ်တကူ လာရောက်ရန်စ၍ ရသည့် အဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း သေချာစွာ သိရှိသွားကြမည် မဟုတ်ပေလော။ အကယ်၍ လာရောက်၍ စိန်ခေါ်ခဲ့မည်ဆိုပါကမူ ပေးဆပ်ရမည့် တန်ဖိုးဟူသည် ဂိုဏ်းတစ်ခုလုံး ပျက်စီးခြင်းနှင့် မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရခြင်းသာ ဖြစ်ပေသည်။
သို့သော် ဤကဲ့သို့သော ကိစ္စရပ်များကို အလွန်အကျွံ ပြုလုပ်၍ မရသလို အလွန်အမင်းလည်း ရက်စက်၍ မရချေ။ ထိုသို့မဟုတ်ပါက အပြင်လူများ၏ ပြစ်တင်ဝေဖန်မှုကို လွယ်ကူစွာ ခံရနိုင်သည်။ မည်သို့ပင်ဆိုစေ ထျန်းလန် နတ်ဘုရားမြို့တော်ကြီးဟူသည် မရေမတွက်နိုင်သော ကျင့်ကြံခြင်း အင်အားစုများဖြင့် ဝန်းရံတည်ရှိနေခြင်း ဖြစ်ပေသည်။ ထိုဘေးပတ်ဝန်းကျင်ရှိ အင်အားစုများအားလုံးမှာ ယွီကျန်းကျောင်းတော် သို့မဟုတ် ကန်းမျိုးနွယ်စုကဲ့သို့ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး သို့မဟုတ် နှစ်ဦးမျှသာ ရှိသော အင်အားစုငယ်များ မဟုတ်ကြချေ။ အနည်းငယ် ပိုမိုအစွမ်းထက်သော အင်အားစုများဖြစ်ကြသည့် ရွှီချန်တောင် ဝေမျိုးနွယ်စု သို့မဟုတ် ချင်းဟွာမြစ် လီမျိုးနွယ်စုတို့တွင်ပင် အခြေတည်အဆင့်အလယ်ပိုင်း ကျင့်ကြံသူများ ရှိကြသည်။ ထို့ထက် ပိုမိုအစွမ်းထက်သော လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်၊ သံဓားဂိုဏ်း သို့မဟုတ် ထိုက်ပိုင် တုမျိုးနွယ်စု စသည့် ထိပ်တန်းအင်အားစုကြီးများတွင်မူ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီးများ ရှိနေကြသည် မဟုတ်ပါလော။
လက်ရှိအချိန်တွင် လော့ထျန်းအဖွဲ့၏ အင်အားမှာ ထျန်းလန် နတ်ဘုရားမြို့တော်အတွင်းရှိ အလတ်စားအင်အားစုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အထူးသဖြင့် လော့ချန်သည်လည်း အစွမ်းထက်ဆုံး အခြေတည် အလယ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် ကျော်ကြားနေပြီဖြစ်သည်။ သို့သော်ငြားလည်း ဤမျှလောက်နှင့် ထိုထိပ်သီး အခြေတည်အင်အားစုကြီးများကို သွားရောက်၍ စိန်ခေါ်ရန် ကြိုးပမ်းခြင်းသည် အလွန် အန္တရာယ်များလွန်းလှသော လောင်းကစားကြီးတစ်ခု ဖြစ်နေဦးမည်မှာ သေချာလှပေသည်။
ထိုအချိန်ကျလျှင် ချူခွေး၏ အကူအညီ ရှိနေခဲ့သည့်တိုင်အောင် ပေးဆပ်ရမည့် တန်ဖိုးသည် မိမိတို့ ခံနိုင်ရည်ရှိမည့် အတိုင်းအတာထက် ကျော်လွန်သွားနိုင်ခြေ ရှိသည်။ ထိုအကြောင်းအရင်းကြောင့်ပင် ကန်းမျိုးနွယ်စု၊ ယင်းမျိုးနွယ်စု၊ တန်ယွမ်ဂိုဏ်းနှင့် ယွီကျန်းကျောင်းတော်တို့ကို တိုက်ခိုက်ပြီးနောက် လော့ချန် တမင်တကာ အရှိန် လျှော့လိုက်ခြင်း ဖြစ်သည်။ ကျန်ရှိနေသော ရန်ငြိုးရှိသည့် ဝေမျိုးနွယ်စုနှင့် ရှန်ကုန်းဂိုဏ်းတို့ကိုမူ စောင့်ကြည့်ရန် ရွေးချယ်လိုက်သည်။
၎င်းမှာ အပြစ်မယူတော့ခြင်း မဟုတ်ချေ။ ထို့ထက် လော့ထျန်းအဖွဲ့အနေဖြင့် အင်အားစုလေးခုကို တစ်ပြိုင်နက်တည်း ဖျက်ဆီးခဲ့သော ကြီးမားလှသော အရှိန်အဝါကြီးအောက်တွင် ထိုသူများ မည်သို့ ရွေးချယ်မည်ကို စောင့်ကြည့်ချင်ခြင်း ဖြစ်၏။ အကယ်၍ ဆက်လက်၍ ခေါင်းမာစွာ ခုခံရန် ရွေးချယ်မည်ဆိုပါက သူသည်လည်း လူအင်အား စုစည်းလျက် နောက်ထပ်တစ်ကြိမ် တိုက်ပွဲဝင်ရန် ဝန်လေးမည် မဟုတ်ချေ။ ငြိမ်းချမ်းရေးကိုသာ ရွေးချယ်မည်ဆိုပါကလည်း သူ ဝမ်းမြောက်စွာ လက်ခံပေးသွားမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤတိုက်ပွဲအတွင်း လော့ထျန်းအဖွဲ့ ရရှိခဲ့သော ပိုင်ဆိုင်မှုမျာမှာ လုံးဝ ကြီးမားလှပေသည်။ လက်ရှိ အခြေအနေအရ ဆိုရလျှင် ရွှီချန်တောင် ဝေမျိုးနွယ်စုက ငြိမ်းချမ်းရေးယူရန် ရွေးချယ်ခဲ့ပြီးဖြစ်ရာ သူသည်လည်း လှေကားထစ်တစ်ခု ဖန်တီးပေးလျက် တစ်ဖက်လူကို ဆင်းသက်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။
ထိုသို့ဆိုလျှင် ရှန်ကုန်းဂိုဏ်းတစ်ခုတည်းသာ ကျန်ပေတော့သည်။
"သူတို့ရော ဘာကို ရွေးချယ်လိမ့်မလဲ…."
....
လော့ချန်သည် ရှန်ကုန်းဂိုဏ်းဘက်မှ လှုပ်ရှားမှုများကို စောင့်ဆိုင်းရင်း တစ်ဖက်မှလည်း ဤတစ်ကြိမ် တိုက်ပွဲအတွင်း ရရှိခဲ့သော ရလဒ်များကို စီမံရင်း အလုပ်ရှုပ်နေခဲ့သည်။
ပိုးစာပင်၊ ကျောက်စိမ်းပိုးကောင် သို့မဟုတ် လင်းယုန် စသည့် ရလဒ်များမှာမူ လောလောဆယ်တွင် အကျိုးအမြတ် မမြင်တွေ့နိုင်သေးချေ။ မမြင်တွေ့ရုံမျှမကသေးဘဲ ထိုအရာများ ရှင်သန်နိုင်ရန်အတွက် များပြားလှသော လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များကိုပါ စိုက်ထုတ်ရဦးမည် ဖြစ်သည်။ သို့သော် ချက်ချင်း မြင်တွေ့နိုင်သော ရလဒ်အချို့လည်း ရှိနေသေးသည်။
ဥပမာအားဖြင့် ဝိညာဉ်ကျောက်တုံးများပင်။
လော့ချန်သည် မမျှော်လင့်ထားသော အရေးပေါ် အခြေအနေများအတွက် ရည်ရွယ်လျက် လော့ထျန်းအဖွဲ့ ဘဏ္ဍာတိုက်အတွင်း၌ အရန်ငွေကြေး အမြောက်အမြားကို ထားရှိလေ့ရှိသည်။ အခြားသော အင်အားစုအများစုမှာလည်း ဤကဲ့သို့ပင် ဖြစ်၏။ ဤတစ်ကြိမ် စစ်သုံ့ပန်းပစ္စည်းများကို သိမ်းဆည်းသည့် လုပ်ငန်းစဉ်အတွင်း ရွှေခန်းမဆောင်နှင့် ကုသိုလ်တော်ခန်းမဆောင် နှစ်ဆောင်မှ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို သယ်ဆောင်လာခဲ့ကြသည်။
"တန်ယွမ်ဂိုဏ်းဘက်ကနေ ဝိညာဉ်ကျောက်တုံး ငါးသောင်း ရရှိခဲ့ပါတယ်…. ကိုးပုံလောက်က အဆင့်နိမ့်တွေဖြစ်ပြီး အဆင့်လတ် ဝိညာဉ်ကျောက်တုံးကတော့ နည်းနည်းပဲ ရှိတာပါ၊ ယွီကျန်းကျောင်းတော်ကတော့ ပိုပြီး ချမ်းသာလို့ ဝိညာဉ်ကျောက်တုံး ခုနစ်သောင်းတိတိ ရပါတယ်…. ကြားရသလောက်တော့ အဲဒီထဲက တချို့က ယင်းမျိုးနွယ်စုက မိုးပျံဓားတောင်ထိပ်၊ ရှင်းမျိုးနွယ်စုကို ရင်ဆိုင်ဖို့အတွက် ပေးခဲ့တဲ့ အဖိုးအခတွေ ဖြစ်ပါတယ်.… ယင်းမျိုးနွယ်စုဘက်ကတော့ ပိုပြီး ဆင်းရဲလို့ ဝိညာဉ်ကျောက်တုံး သုံးသောင်းကနေ လေးသောင်းခန့်ပဲ ရှိပါတယ်"
ဤမျိုးနွယ်စုငယ်များနှင့် ဂိုဏ်းငယ်များမှာ လော့ချန် ထင်မှတ်ထားသည်ထက်ပင် ပိုမို၍ ဆင်းရဲလှပေသည်။ အတိတ်က မီရှုဟွာသည် မှော်ရတနာကို ဝယ်ယူရန်အတွက် တစ်ပြိုင်နက်တည်း ဝိညာဉ်ကျောက်တုံး ရှစ်သောင်းခန့်ကို စုဆောင်းနိုင်ခဲ့ပြီး အပိုဆောင်းပင် ကျန်ရှိနေသေးသည် မဟုတ်ပါလော။ ၎င်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါကမူ ယခု အင်အားစုများကို ဖျက်ဆီးခဲ့ရသည့်တိုင်အောင် တစ်ခုချင်းစီထံမှနေ၍ ဝိညာဉ်ကျောက်တုံး သုံးသောင်း သို့မဟုတ် လေးသောင်းခန့်သာ ရရှိခြင်းဟူသည် တကယ့်ကို နည်းပါးလွန်းလှပေသည်။ သို့သော် မြို့တော်အတွင်း ကျင့်ကြံရခြင်းမှာ ဤကဲ့သို့ပင် ဖြစ်၏၊ အမျိုးမျိုးသော အရင်းအမြစ်များမှာ ပြည့်စုံလှသည်ဟု ထင်ရသော်လည်း အားလုံးကို ဝိညာဉ်ကျောက်တုံး ပေး၍ ဝယ်ယူရခြင်း ဖြစ်သည်။ ကိုယ်ပိုင် အရည်အချင်း မရှိပါက ငွေကြေးများကို စုဆောင်းရန် အလွန်တရာ ခက်ခဲလှပေသည်။
"အချမ်းသာဆုံးကတော့ ကန်းမျိုးနွယ်စုပါ…. သူတို့ဆီကနေ ဝိညာဉ်ကျောက်တုံး တစ်သိန်းလေးသောင်းတိတိ သယ်လာနိုင်ခဲ့ပါတယ်၊ ကြည့်ရတာ ဒီနှစ်တွေအတွင်း ကန်းမျိုးနွယ်စုက ပိုင်ရှင်မဲ့နေတဲ့ ဒန်ရှားတောင်ကို အမှီပြုပြီး အများကြီး ရှာဖွေနိုင်ခဲ့တာပဲ"
မုရုံချင်းလျန်၏ တင်ပြချက်ကို ကြားရသောအခါ လော့ချန် ခေါင်းခါယမ်းလိုက်သည်။
ဤအရာများ အားလုံး ပေါင်းစပ်လိုက်လျှင်ပင် သုံးသိန်းခန့်မျှသာ ရှိပေသည်။
‘နည်းလွန်းတယ်၊ တကယ့်ကို နည်းလွန်းလှတယ်’
လော့ချန်၏ မျက်နှာထားကို မြင်သောအခါ မုရုံချင်းလျန်က ချက်ချင်းပင် သူဘာတွေးနေသည်ကို ရိပ်မိသွားခဲ့သည်။
သူမ ချက်ချင်းပင် ပြောလိုက်သည်။
"တိုက်ပွဲကာလအတွင်း ဝိညာဉ်ကျောက်တုံးတချို့ကို ယူပြီး ပြေးသွားတဲ့သူ ရှိနိုင်သလို တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျွန်မတို့ရဲ့ တပည့်တွေနဲ့ ခေါင်းဆောင်တွေကလည်း သူတို့ သတ်ခဲ့တဲ့ ရန်သူတွေဆီကနေ ရတနာတချို့ကို ကိုယ်ပိုင် အိတ်ထဲ ထည့်ခဲ့ကြတာတွေ ရှိပါတယ်၊ အဖွဲ့ချုပ်ခေါင်းဆောင် အရင်လမ်းဟောင်းအတိုင်း အကုန်လုံးကို ပြန်သိမ်းပြီးမှ ခွဲဝေပေးရမလား"
ဤဖြစ်ရပ်မှာ ယခင်က ဖြစ်ခဲ့ဖူးသည်။ လော့ထျန်းအဖွဲ့ စတင်ထူထောင်စအချိန်က ဤကဲ့သို့ပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ဤတစ်ကြိမ်တွင်မူ လော့ချန် ထိုအကြံပြုချက်ကို ငြင်းပယ်လိုက်သည်။
"ထားလိုက်ပါတော့…. ကျွန်တော်တို့ အသားစားရင် အောက်ကလူတွေကိုလည်း ဟင်းရည်သောက်ခွင့် ပေးရမှာပေါ့၊ အားလုံးက သင့်တင့်တဲ့ အကျိုးအမြတ်တွေကို ရမှသာ.... သူတို့ရဲ့ စိတ်ဓာတ်တွေကလည်း အမြဲတက်ကြွနေမှာပေါ့"
လော့ချန် ဤသို့ တွေးတောရခြင်းမှာ ယခင်က ကုသိုလ်အမှတ်စနစ် ပြုပြင်ပြောင်းလဲမှုကြောင့် ကျင့်ကြံသူအချို့၏ စိတ်အားထက်သန်မှုကို အနည်းနှင့်အများ ထိခိုက်စေခဲ့သောကြောင့် ဖြစ်၏။ ဤတစ်ကြိမ်တွင် အနည်းငယ် ပြန်အလိုလိုက်ပေးခြင်းက သင့်တော်ပေလိမ့်မည်။
မုရုံချင်းလျန်ကလည်း လိုလိုလားလားဖြင့်ပင် သဘောတူညီခဲ့ပြီးနောက် ဤအခွင့်အရေးကို အသုံးချလျက် တိုက်ပွဲအတွင်း၌ စွမ်းဆောင်ရည် ကောင်းမွန်ခဲ့ကြသော ကျင့်ကြံသူများအတွက် ဆုလာဘ်များနှင့် အပြစ်ပေးမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်၍ မေးမြန်းလိုက်သည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူများနှင့် ပတ်သက်၍မူ လော့ချန် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ မုရုံချင်းလျန် လက်ထဲသို့သာ အလုံးစုံ လွှဲထားခဲ့သည်။ အကြောင်းမှာ သူမသည် ထိုလုပ်ငန်းစဉ်များကို သူ့ထက် ပိုမို၍ ရင်းနှီးကျွမ်းကျင်သောကြောင့် ဖြစ်သည်။ သို့သော် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ပတ်သက်၍မူ လော့ချန် လက်ကို ဝှေ့ယမ်းလျက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
"ရရှိလာတဲ့ ရတနာမှန်သမျှကို ဘဏ္ဍာတိုက်ထဲကို ထည့်လိုက်ပါ…. အစ်ကိုဝမ်တို့ သုံးယောက်က သူတို့ကြိုက်တဲ့ ရတနာနှစ်ခုစီ ရွေးချယ်နိုင်တယ်၊ မင်လုံယွီကိုတော့ ကန်းလျဲ့ ချန်ထားခဲ့တဲ့ ရတနာတူကြီးကို ပေးလိုက်ပါ"
ဤတိုက်ပွဲအတွင်း မင်လုံယွီသည် အလွန်တရာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ သူတစ်ဦးတည်းဖြင့် ကန်းမျိုးနွယ်စု မောင်နှမနှစ်ယောက်ကို သတ်ခဲ့ရုံသာမက တွမ်ဖုန်းကိုပင် ကူညီပေးခဲ့သည်။ ထိုတင်မကသေးဘဲ သူ အစီအရင်ကို ထိန်းချုပ်ထားခဲ့သောကြောင့်သာ တောင်ခြေရှိ အခြေတည်အဆင့် ကျင့်ကြံသူအများစု၏ လောဘစိတ်များကို ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခင်ပေးခဲ့သော ကန်းရှုကျန်း၏ သိုလှောင်အိတ်တစ်ခုတည်းကမူ နည်းပါးလွန်းလှပေသည်။
"ပြီးတော့ ဝိညာဉ်ကျောက်တုံး တစ်သိန်းကို သီးသန့်ဖယ်ထားပြီး အရန် ထားလိုက်ပါ…. အားလုံး တည်ငြိမ်သွားတဲ့အခါမှ ဆုလာဘ်တွေ ခွဲပြီးပေးလိုက်ပါ"
ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ဆုလာဘ် ပေးမည် ဆိုပါလား။
မုရုံချင်းလျန် အနည်းငယ် အံ့အားသင့်သွားရသည်။ ဤသည်မှာ ပမာဏ နည်းနည်းလေး မဟုတ်ချေ။
"ကျန်တဲ့ နှစ်သိန်းကိုလည်း ကျွန်တော် တစ်ပြားမှ မယူဘူး…. အဖွဲ့ရဲ့ ရန်ပုံငွေထဲပဲ ထည့်ပေါင်းလိုက်ပါ"
လော့ချန် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"စီးပွားရေးအသစ်တွေကို ကောင်းကောင်း လည်ပတ်နိုင်ဖို့ ဝိညာဉ်ကျောက်တုံးတော်တော် လိုလာမှာ၊ ဒီနှစ်သိန်းကို အဲ့အရင်းအနှီးအဖြစ် ထားလိုက်ပါ"
မူလက လော့ထျန်းအဖွဲ့၏ ရန်ပုံငွေမှာ တစ်သိန်းကျော် ကျန်ရှိနေသေးသည်။ ယခုအခါ ရန်ပုံငွေမှာ မမျှော်လင့်ထားလောက်အောင် မိုးထိုးသွားခဲ့ပြီ ဖြစ်သည်။ အခြေတည် အင်အားစုများအကြားတွင် တစ်ပြိုင်နက်တည်း ဝိညာဉ်ကျောက်တုံး သုံးသိန်းကျော် ရန်ပုံငွေ ပိုင်ဆိုင်နိုင်သည့် အင်အားစုမျိုးမှာ အလွန်တရာ ရှားပါးလှပေသည်။
"ဒီငွေတွေကို ဘယ်လို သုံးစွဲမလဲဆိုတာကတော့ ဟွေ့နန် ကျင့်ကြံတာကနေ ထွက်လာတဲ့အခါမှ သူမကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ…. ဒီအတောအတွင်းမှာတော့ ဒေါ်လေးကပဲ သူ့အစား ကြည့်ကြပ်လုပ်ထားပေးပါဦး"
မုရုံချင်းလျန် တံတွေးတစ်ချက် မျိုချလိုက်မိ၏။ ဤမျှအထိ များပြားလှသော ဝိညာဉ်ကျောက်တုံးများကို စီမံခန့်ခွဲရမည်ဟူသော အချက်က သူမအား အနည်းငယ် စိုးရိမ်ပူပန်စေသည်။ သို့သော် သူမ ငြင်းပယ်ခြင်း မပြုခဲ့ချေ။ ဤသည်မှာ လော့ချန် သူမအပေါ် ထားရှိသော ယုံကြည်မှုဖြစ်သလို သူမအတွက် စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပေသည်။ အခြေတည်အဆင့်တက်ခြင်း တစ်ကြိမ် ကျရှုံးခဲ့ဖူးပြီးနောက် သူမသည် မဟာလမ်းစဉ်အပေါ် မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်ခဲ့ရသည်။ ယခုအခါ သူမ လုပ်ဆောင်ရမည့်အရာမှာ မိမိ၏ သားဖြစ်သူ ရှောင်ဟူအတွက် ကောင်းမွန်သော အနာဂတ်တစ်ခု ဖန်တီးပေးရန်သာ ဖြစ်၏။ သူမ တွေးမိသလောက် နောင်တွင် လော့ထျန်းအဖွဲ့၏ အခြေတည်အဆင့် ကျင့်ကြံသူများ ပိုမို၍ များပြားလာမည်ဖြစ်ရာ နောင်တစ်ချိန်တွင် ခန်းမတစ်ခုချင်းစီ၏ ခန်းမခေါင်းဆောင်များမှာ အခြေတည် ကျင့်ကြံသူများ ဖြစ်လာကြပေလိမ့်မည်။ သူမဟူသော ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် လက်ရှိ ရာထူးနေရာကို ထိန်းသိမ်းထားချင်ပါက ယခင်ကထက် ပိုမို၍ ကြီးမားသော တန်ဖိုးကို ထုတ်ဖော်ပြသရပေလိမ့်မည်။
....
မုရုံချင်းလျန် ထွက်ခွာသွားပြီးနောက် လော့ချန်သည် မိမိကိုယ်ပိုင် ဆုံးရှုံးမှုနှင့် ရလဒ်များကို ပြန်လည်တွက်ချက်ကြည့်လိုက်သည်။ ဆုံးရှုံးမှုမှာ မကြီးမားလှဘဲ ချီစွမ်းအင် အနည်းငယ် ကုန်ဆုံးခြင်းနှင့် ချူခွေးအား ငှားခဲ့ရသော တစ်သိန်းမျှသာ ရှိပေသည်။ သို့သော် ရလဒ်ပိုင်းမှာမူ အလွန်တရာ အံ့မခန်းလှပေသည်။
လော့ထျန်းအဖွဲ့ဘက်မှ ရရှိမည့် ရေရှည်အကျိုးအမြတ်များကို ခေတ္တဖယ်ထားဦးမည်ဆိုလျှင်ပင် သူ့လက်ထဲတွင် လက်ရှိ၌ ရွှီချန်တောင် ဝေမျိုးနွယ်စုထံမှ ရရှိထားသော ဝိညာဉ်ကျောက်တုံး တစ်သိန်း ရှိနေပြီ ဖြစ်သည်။ ဤသည်က ချူခွေးအား ငှားရမ်းခဲ့ရသော ပမာဏကို ပြန်ကာမိလိုက်ခြင်း ဖြစ်၏။ ယခင် စုဆောင်းမှုများနှင့် ပေါင်းလိုက်ပါက သူ့လက်ထဲရှိ ဝိညာဉ်ကျောက်တုံး ပမာဏမှာ နှစ်သိန်းငါးသောင်းအထိ ချက်ချင်း ပြန်တက်လာခဲ့ပြီ ဖြစ်သည်။ ထိုမျှသာမက တန်ယွမ်ဇီ၊ ကန်းလျဲ့တို့၏ သိုလှောင်အိတ်များကိုလည်း သူ မဖွင့်ရသေးချေ။ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်စေ၊ မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်ဖြစ်စေ ထိုလူများ၏ စုဆောင်းမှုများမှာ နည်းပါးမည် မဟုတ်ပေ။
သို့သော် လော့ချန် ဤအရာများကို ထိုမျှအထိ ဂရုမစိုက်ချေ။ သူ အမှန် ဂရုစိုက်မိသည်မှာ ဤတစ်ကြိမ် တိုက်ပွဲအတွင်း စုဆောင်းရရှိခဲ့သည့် အမျိုးမျိုးသော ဆေးဖော်ပညာ အမွေအနှစ်များ ဖြစ်သည်။
ယွမ်တုန်းရှန်းသည် ဆေးဖော်ရာတွင် ထိပ်သီးဖြစ်သည့် ဟူမျိုးနွယ်စုထံမှ ဆေးဖော်ကျမ်းများ၊ ပထမအဆင့် ဆေးဖော်နည်း နှစ်ခုနှင့် ဒုတိယအဆင့် ဆေးနည်းတစ်ခုကို သယ်ဆောင်လာခဲ့သည်။ ယခု တန်ယွမ်ဂိုဏ်းသည်လည်း ဆေးဖော်စပ်ခြင်းကိုသာ အဓိက အထူးပြုထားသော ဂိုဏ်းကြီးတစ်ခု ဖြစ်ပေသည်။ ဂိုဏ်းချုပ် တန်ယွမ်ဇီ၏ သိုလှောင်အိတ်ကို မဖွင့်သည့်တိုင် ယွမ်ဟယ်တောင်မှ သယ်ဆောင်လာခဲ့သော ဆေးဖော်ကျမ်းများမှာပင် ငါးအုပ်ခန့် ရှိနေပြီ ဖြစ်သည်။ ထိုအထဲတွင် ဆေးနည်းအချို့လည်း ပါဝင်နေသေးသည်။ ထို့အပြင် ယွီကျန်းကျောင်းတော်ဘက်မှလည်း ဆေးဖော်မှတ်တမ်း စာအုပ် တစ်အုပ်၊ နှစ်အုပ်ခန့် ရရှိခဲ့သေးသည်။
"တကယ်လို့ ဒီတစ်ကြိမ် ရခဲ့တဲ့ ဆေးဖော်နည်းတွေအကုန်လုံးကိုသာ တတ်မြောက်သွားမယ်ဆိုရင် ငါ့ရဲ့ ဆေးဖော်အဆင့်က မလွဲမသွေ ထိုးတက်လာမှာ သေချာတယ်…. ပြီးတော့ ဒီ ဆေးနည်းတွေထဲမှာ ငါ အခြေတည်အလယ်ပိုင်းအဆင့်ကို ရောက်ပြီး ကျင့်ကြံခြင်း ဆေးလုံး ပြတ်လပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အရာလည်း ပါချင်ပါနေနိုင်တယ်"
လော့ချန် အခြေတည်အဆင့်အလယ်ပိုင်းသို့ ရောက်ရှိသည်မှာ မကြာသေးချေ။ သို့သော် သူသည် ကျင့်ကြံရာတွင် နှေးကွေးမှုကို သတိပြုမိနေခဲ့ပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် အမျိုးမျိုးသော အကူအညီပေးသည့် အရင်းအမြစ်များနှင့် အဓိက အရင်းအမြစ်များအားလုံးကို အပြည့်အဝ အသုံးပြုထားသည့် တိုင်အောင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် တစ်ရက်မျှ မပြတ် ကျင့်ကြံနေခဲ့သည်။
သို့သော် အခြေတည်အဆင့် ၄ မှ အဆင့် ၅ သို့ ရောက်ရှိရန်အတွက်ပင် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။ ဤအချိန်ကာလမှာ တိုတောင်းလှသည်ဟု ထင်ရသော်လည်း နောက်ပိုင်းသို့ တွေးကြည့်မည်ဆိုလျှင် အဆင့် ၅ မှ အဆင့် ၆ သို့ ရောက်ရှိရန် ဆယ်စုနှစ်တစ်ခုကျော် လိုအပ်မည်ဖြစ်ပြီး အဆင့် ၆ မှ အဆင့် ၇ သို့ ရောက်ရှိရန် ဆယ်စုနှစ်များစွာ လိုအပ်ပေလိမ့်မည်။ အခြေတည် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပြီးနောက်ပိုင်းတွင်မူ နှစ်ပေါင်းရာချီ၍ တွက်ချက်ရပေလိမ့်မည်။
ဤသည်မှာ လော့ချန်အနေဖြင့် လုံးဝ လက်မခံနိုင်သော အရာ ဖြစ်ပေသည်။ ထို့အပြင် သူသည် ကိစ္စရပ်တစ်ခုကိုလည်း ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်သည်။ ၎င်းမှာ ဆေးယဉ်ပါးမှု ပြဿနာ ဖြစ်၏။ နဂါးပျံဆေးလုံးမှာ လက်ရှိအချိန်တွင် သူ ရှာဖွေနိုင်သမျှ ဆေးစွမ်းအပြင်းဆုံးသော အဓိက ကျင့်ကြံခြင်း ဆေးလုံး ဖြစ်ပေသည်။ အကယ်၍ ဆေးယဉ်ပါးမှု ပြဿနာ ထွက်ပေါ်လာခဲ့မည်ဆိုပါက သူသည် အခြေတည်နှောင်းပိုင်းအဆင့်ဟူသော ထိတ်လန့်ဖွယ် ကောင်းလှသည့် အတားအဆီးကြီးကို မည်သို့မည်ပုံ ဖြတ်ကျော်ရမည်ကိုပင် မတွေးဝံ့တော့ချေ။
သူ့အနေဖြင့် လေလံပွဲများမှ ထွက်ပေါ်လာတတ်သော အဆင့်မြင့် ဆေးလုံးများအပေါ်တွင်သာ အမြဲ မျှော်လင့်ချက် မထားရှိနိုင်ချေ။ ထို့ကြောင့် သူ ကိုယ့်အားကိုယ်သာ ကိုးရပေလိမ့်မည်။ သူ၏ ဆေးဖော်စပ်ခြင်း အဆင့်ကို တိုးမြှင့်လျက် အမျိုးမျိုးသော ဆေးနည်းများကို စုဆောင်းကာ နောင်တစ်ချိန်တွင် ကိုယ့်အတွက်ကိုယ် ထောက်ပံ့နိုင်အောင် ကြိုးစားရပေမည်။
လော့ချန်တစ်ယောက် နောက်ပိုင်း အချိန်ကို မည်သို့မည်ပုံ စီမံခန့်ခွဲရမည်ကို တွေးတောနေသည့် အချိန်မှာပင် မုရုံချင်းလျန် ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင် ရေခဲခံတပ်ဘက်က လူ ရောက်လာပါတယ်"
"အင်း"
လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း မျက်လုံးများထဲတွင် အရောင်အသွေးများ လက်ခနဲ ဖြစ်သွားရသည်။
‘ငါ အရင်က အသည်းအသန် သွားရှာတုန်းက ပျောက်နေပြီး အခု မီးငြိမ်းသွားတဲ့ အချိန်ကျမှ ပေါ်လာတာ ဘာသဘောလဲ’
ရင်ထဲတွင် သံသယများ ဖြတ်ပြေးသွားခဲ့သော်လည်း သူ ဆက်မေးလိုက်သည်။
"ဘယ်သူ လာတာလဲ ဒေါ်လေး"
"ရေခဲလှိုင်းနန်းတော်ရဲ့ တာဝန်ခံ ရှီပေါ်ရင်း ပါ"
"အထဲကို ဖိတ်ခေါ်လိုက်ပါ"
လော့ချန် ရင်ထဲဝယ် အနည်းငယ် လှုပ်ရှားသွားရသည်။ အခြေတည် ကျင့်ကြံသူတစ်ဦးကို တိုက်ရိုက် စေလွှတ်လာခဲ့ခြင်း ဖြစ်၏။
ကြည့်ရသည်မှာ ကိစ္စက မသေးလှပေ။ မကြာမီအချိန်အတွင်း အသိဟောင်းဖြစ်သော အဘွားရှီပေါ်ရင်းသည် လော့ထျန်းခန်းမကြီးအတွင်း ထွက်ပေါ်လာသည်။ သူမ ဝင်ရောက်လာသည်နှင့် တောက်ပသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။
"မီးနတ်ဘုရားလော့…. မင်း ဒီတစ်ကြိမ်တော့ တကယ့်ကို အရှိန်အဝါတွေ ထုတ်ပြပြီး တစ်ချက်တည်းနဲ့ နာမည်ကြီးသွားခဲ့တာပဲ"
"မီးနတ်ဘုရားလော့ ဟုတ်လား…."
ဤသည်မှာ လော့ချန်အနေဖြင့် အခြားသူများ သူ့အား ပေးထားသော ဘွဲ့အမည်ကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်။
‘ဒါက ငါ့ရဲ့ တာအိုဘွဲ့နာမည် အသစ်တဲ့လား’
ရှီပေါ်ရင်း၏ ရှင်းပြချက်များအရ လော့ချန် ဤဘွဲ့နာမည်၏ အဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့ရသည်။ မီးလျှံက ထူးခြားဆန်းကြယ်လှပြီး ချီစွမ်းအင်ကလည်း သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသည်၊ ကတိသစ္စာကို စောင့်ထိန်းလျက် မည်သည့်အခါမျှ စွန့်ခွာခြင်း မရှိသဖြင့် မီးနတ်ဘုရားဟု သတ်မှတ်သည်။ နောက်ဆုံးတွင် အခြားသူများက သူ့အား မီးနတ်ဘုရားလော့ ဟူသော ဘွဲ့နာမည်ကို ပေးလိုက်ခြင်း ဖြစ်ပေသည်။
လော့ချန် ကြားလိုက်ရပြီးနောက် မရယ်ဘဲ မနေနိုင် ဖြစ်သွားသည်။ သို့သော် ရင်ထဲတွင်လည်း ဂုဏ်ယူစိတ် အနည်းငယ် ရှိနေသည်။ ယခင်က တန်ချန်ဇီဟူသော ဘွဲ့အမည်မှာ သင့်တော်လှသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ ၎င်းမှာ မီရှုဟွာက ကျောက်စိမ်းအမြုတေဆေးလုံး၏ ကျော်ကြားမှုကို မြှင့်တင်ရန်အတွက် အလွန်အကျွံ ချီးမွမ်းလျက် ပေးအပ်ခဲ့သော အမည်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် မိမိကိုယ်ပိုင် အစွမ်းအစဖြင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရင်း ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ရှီပေါ်ရင်း၏ အဆက်မပြတ် ချီးကျူးစကားများကြောင့် လော့ချန် အနည်းငယ် စိတ်ပြေလာသည်။ သူသည် ပုံမှန်အားဖြင့် ရေခဲခံတပ်နှင့် ဆက်ဆံရေး တည်ဆောက်ရန် ကျောက်စိမ်းနှင်းစက် ဆေးလုံးများကို လက်ဆောင်အနေဖြင့် အမြဲတစေ ပေးလေ့ရှိသော်လည်း ယခုကဲ့သို့သော ရှီပေါ်ရင်း၏ အလွန်အမင်း နွေးထွေးလှသော အပြုအမူမျိုးကိုမူ မည်သည့်အခါကမျှ မမြင်တွေ့ဖူးခဲ့ချေ။
"အဘွားရှီ ပြောစရာ ရှိတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါဗျာ"
ရှီပေါ်ရင်း၏ မျက်နှာအမူအရာမှာ လေးနက်သွားပြီး
“ခေါင်းဆောင်လော့…. မင်း သိလား၊ အခု မင်း ဒုက္ခရောက်တော့မယ် ဆိုတာ"
လော့ချန် မျက်မှောင်ကြုတ်ကာ
"အဘွားရှီကတော့ လုပ်ပြီ၊ ကျွန်တော့်ကို လာခြောက်နေတာလား"
"မင်း မယုံဘူးဆိုရင် ငါနဲ့အတူ တစ်ခေါက်လောက် လိုက်ခဲ့မလား"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ