← Chapters

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း (၄၂၇) - ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ထောင်ဝမ်နှင့် ပြန်လည်တွေ့ဆုံခြင်း

ရေခဲလှိုင်းနန်းတော်၏ ဘေးဘက် ခန်းမဆောင်ငယ်လေးအတွင်း၌ ဖြစ်သည်။

ရှီပေါ်ရင်း၏ လမ်းပြမှုနှင့်အတူ လော့ချန်သည် မိမိအား ရှောင်ဖယ်နေခဲ့သော ထန်ထိုက်ကျင်းကို တွေ့ဆုံခွင့်ရရှိခဲ့သည်။ တစ်ဖက်လူ၏ အေးစက်လှသော မျက်နှာထားကို ကြည့်ရင်း လော့ချန်၏ စိတ်ခံစားချက်မှာ အနည်းငယ် ရှုပ်ထွေးနေခဲ့၏။

သူ တိုက်ရိုက်ပင် ပြောလိုက်သည်။

"ချင်းဟွာမြစ်ကမ်းက တိုက်ပွဲမှာ မိတ်ဆွေထန်ထိုက် လာပြီး ကူညီပေးခဲ့တဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်"

ဤစကား ထွက်ပေါ်လာသည်နှင့် ရှီပေါ်ရင်း အလွန်တရာ အံ့အားသင့်သွားရသည်။

‘နေပါဦး…. ဂိုဏ်းတူညီမလေးက လော့ချန်ကို ဂရုမစိုက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ သူမက တိတ်တိတ်လေး ချင်းဟွာမြစ်ကမ်းကို သွားပြီး ကူပေးခဲ့တာလဲ’

ထန်ထိုက်ကျင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း လော့ချန် မည်သို့မည်ပုံ သိသွားရသည်ကို သူမ ချက်ချင်း ရိပ်မိသွားသည်။

သူမ တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါက ဘယ်တုန်းကမှ တိုက်ပွဲဝင်ခဲ့တာ မဟုတ်ဘူး…. ဘယ်လိုလုပ် ကူညီခဲ့တယ်လို့ ပြောလို့ရမှာလဲ၊ ပြီးတော့ မင်းက ချူခွေးကို ဝိညာဉ်ကျောက်တုံး ပေးပြီး ဖိတ်ခေါ်ထားတာပဲ၊ ငါ ရှိတာ မရှိတာက အရေးမကြီးပါဘူး"

လော့ချန်က ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီလို စေတနာမျိုးကို ကျွန်တော် လော့ချန်ရဲ့ ရင်ထဲမှာ အမြဲ မှတ်ကျောက်တင်ထားမှာပါ"

ထိုစဉ်အခါက ချင်းဟွာမြစ်ကမ်းဘေးတိုက်ပွဲအတွင်း စောင့်ကြည့်နေခဲ့ကြသော အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီးများမှာ ဟွမ်ရှား တစ်ဦးတည်း မဟုတ်သည်မှာ သေချာလှပေသည်။ အကယ်၍ သူတို့အားလုံးသာ ပူးပေါင်းလိုက်မည်ဆိုလျှင် ထိပ်သီးချူခွေးသည်လည်း မည်မျှပင် အစွမ်းထက်ပါစေ၊ တစ်ယောက်အားဖြင့် အုပ်စုလိုက်ကို သွားယှဉ်နေရပေလိမ့်မည်။ အလွန်ဆုံးရှိလှ သူ လော့ချန်ကိုသာ အသက်ဘေးမှ ကာကွယ်ပေးနိုင်မည် ဖြစ်၏။ ထိုသို့ဖြစ်လာပါက လော့ချန်အနေဖြင့် နောက်ထပ် ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းမျှ ပိုပေးရပေဦးမည်။ သို့သော် ထန်ထိုက်ကျင်း တိတ်တဆိတ် ထွက်ပေါက်လာခဲ့ခြင်းကြောင့်သာ အမှောင်ထဲမှ စောင့်ကြည့်နေခဲ့ကြသော ကြောက်မက်ဖွယ် ရန်သူကြီးများအားလုံး နောက်ဆုတ်သွားခဲ့ကြခြင်း ဖြစ်သည်။ သူမအနေဖြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ မျက်နှာကြောင့် ကူညီခဲ့ခြင်း ဖြစ်သည့်တိုင်အောင် လော့ချန်အနေဖြင့်မူ သူမ၏ စေတနာကို အသိအမှတ်ပြုပြီး ဖြစ်သည်၊

ထန်ထိုက်ကျင်း ညင်သာစွာ ပြုံးလိုက်ရင်း ဤကိစ္စရပ်အပေါ် ဆက်လက် ငြင်းခုံခြင်း မပြုတော့ချေ။ သူမ ဘေးဘက်သို့ လှည့်ကြည့်ကာ နံရံဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

"ခဏနေရင် နားထောင်ရုံပဲ နားထောင်ပါ၊ ဘာလှုပ်ရှားမှုမှ မလုပ်ရဘူး"

"ဘေးခန်းက ဘယ်သူမို့လဲဗျ" ဟု လော့ချန် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ထန်ထိုက်ကျင်းက နာမည်တစ်ခုကို တည်ငြိမ်စွာ ထုတ်ပြောလိုက်သည်။

"ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ အခြေတည် အမွေခံတပည့် ထောင်ဝမ်"

လော့ချန်၏ မျက်နှာထား ပြောင်းလဲသွားသည်။

‘ဆေးလုံးစိမ်းချိုင့်ဝှမ်းက ငါ့မိတ်ဆွေထောင်ရိရှန်းရဲ့ အစ်မကြီးပဲ၊ သူတို့က ထျန်းလန် နတ်ဘုရားမြို့တော် အာဏာကို လက်လွှဲယူဖို့ လာတာလား’

ထောင်ဝမ်ဟူသော အမျိုးသမီးသည် အခြေတည်နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူကြီးတစ်ဦး ဖြစ်သောကြောင့် သူမအနေဖြင့် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ခြင်းသည် အတိတ်က ထန်ထိုက်ကျင်း ရရှိထားခဲ့ဖူးသော ရာထူးအာဏာမျိုးကို လွှဲပြောင်းရယူရန်အတွက် ဖြစ်ပေလိမ့်သည်။

ထျန်းလန် နတ်ဘုရားမြို့တော်၌ သူမ၏ အာဏာစက်သည် ဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏ အောက်တွင် အမြင့်ဆုံး ဖြစ်လာလိမ့်မည်ဖြစ်သည်။ သူမသည် မြို့စောင့်တပ်ဖွဲ့ကြီးကို အုပ်ချုပ်ခွင့် ရရှိမည့်အပြင် ထျန်းလန် နတ်ဘုရားမြို့တော်အတွင်းရှိ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ကျင့်ကြံသူအားလုံးကိုပါ စိတ်ကြိုက် ကွပ်ကဲခွင့် ရရှိတော့မည် ဖြစ်သည်။ သို့ဆိုလျှင် ထိုမျှ အာဏာစက်ပြင်းသည့် အမျိုးသမီးကြီးသည် ဘေးဘက် ခန်းမဆောင်အတွင်း၌ မည်သူနှင့်များ တွေ့ဆုံရန် စီစဉ်ထားလေသနည်း။

လော့ချန် တိတ်တဆိတ် တွေးတောနေသည့် အချိန်မှာပင် ဘေးခန်းမှ ပြတ်သားလှသော ခြေသံများ ထွက်ပေါ်လာခဲ့သည်။

မကြာမီအချိန်အတွင်း အဘိုးအိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"သံဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျိုးစုန်းက ဆက်ခံသူထောင်ဝမ်ကို ဂါရဝပြုပါတယ်"

ချက်ချင်းပင် အခြားသော မာနထောင်လွှားလှသည့် အမျိုးသမီးအသံတစ်သံက ပြန်လည်တုံ့ပြန်လိုက်သည်။

"ဂိုဏ်းချုပ်ကျိုးက သံဓားဂိုဏ်းမှာ ကောင်းကောင်းမနေဘဲ ငါ့ဆီကို ဘာကိစ္စနဲ့ လာရတာလဲ"

ကျိုးစုန်း၏ အသံမှာ အနည်းငယ် အံ့အားသင့်နေပုံရသည်။

"ကျွန်တော်မျိုး လာရောက်ရတဲ့ ကိစ္စကို ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ မိတ်ဆွေတွေက ဆက်ခံသူထောင်ဝမ်ကို မတင်ပြထားဘူးလား ခင်ဗျာ"

"ဟွန်း…. သူတို့ တင်ပြထားတာတွေက မှန်၊ မမှန် ငါ ဘယ်လိုလုပ် သိမှာလဲ"

ခန်းမကြီးအတွင်း၌ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ထားသော ကျိုးစုန်းတစ်ယောက် မျက်မှောင်ကြုတ်သွားရသည်။ သို့သော် အကူအညီတောင်းခံရန်လာခြင်း ဖြစ်သဖြင့် သူ ပွင့်ပွင့်လင်းလင်း ပြောချလိုက်တော့သည်။

"အခုတလော အဲဒီ လော့ထျန်းအဖွဲ့က တော်တော်ကို ထင်တိုင်းကြဲနေတာပါဗျာ…. သူတို့ရဲ့ လုပ်ရပ်တွေက အတော့်ကို အတင့်ရဲလွန်းလှပါတယ်…. အထူးသဖြင့် အဲဒီ လော့ချန်က ကျင့်ကြံဖော်အချင်းချင်းကို သတ်ဖြတ်ရုံတင်မကဘဲ သူ့ရဲ့ လက်အောက်ငယ်သားတွေကိုပါ လူသတ်မီးရှို့ဖို့၊ အားနည်းတဲ့ အင်အားစုတွေကို စိတ်ကြိုက် လုယက်ဖို့ ခွင့်ပြုထားပါတယ်…. ဆက်ခံသူထောင်ဝမ် မသိသေးတာ ဖြစ်နိုင်ပါတယ်…. သူ့ရဲ့ လက်အောက်မှာ အခြေတည် ကျင့်ကြံသူ နှစ်ယောက် ရှိနေပြီး၊ တစ်ယောက်က ထျန်းယင်းတောင်က ကျင့်ကြံသူတွေကို မီးကုန်ယမ်းကုန် လိုက်သတ်နေပါတယ်၊ နောက်တစ်ယောက်ကလည်း အဲ့အတိုင်းပါပဲ၊ ကန်းမျိုးနွယ်စုရဲ့ ချီသန့်စင်အဆင့် ကျင့်ကြံသူ ရာချီကို အစီအရင်သုံးပြီး အရှင်လတ်လတ် သတ်ခဲ့တာပါ၊ အဲ့လို လုပ်ရပ်တွေက မိစ္ဆာလမ်းစဉ်နဲ့ ဘာခြားနားလို့လဲ ခင်ဗျာ…. ဒီလို လူယုတ်မာတွေကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး လျစ်လျူရှုထားနိုင်မှာလဲ ခင်ဗျာ…."

…

ဘေးဘက် ခန်းမဆောင်ငယ်လေးအတွင်း၌ လော့ချန်၏ မျက်နှာထားမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရသည်။ စင်စစ် ရှင်းကျုံးဟန့်နှင့် မင်လုံယွီတို့၏ လုပ်ရပ်များအပေါ် အခြားသူများက ပြစ်တင်ဝေဖန်ကြလိမ့်မည်ကို သူ မျှော်လင့်ထားပြီးဖြစ်သော်လည်း ဤအဘိုးအိုကြီးကိုယ်တိုင် ယခုလို မိစ္ဆာကျင့်ကြံသူများဟု တံဆိပ်တပ်လျှက် ဝင်ပါလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုမျှသာမက ထျန်းလန် နတ်ဘုရားမြို့တော်၏ နောင်အနာဂတ် အရှင်သခင်၏ ရှေ့သို့ လာရောက်တိုင်တန်းနေခြင်း ဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ သူနှင့် ထိုအဘိုးအို ကျိုးစုန်းကြားတွင် မည်သည့် ရန်ငြိုးရန်စမှ ရှိမနေခြင်း ဖြစ်သည်။

အကယ်၍ ထောင်ဝမ်သာ တစ်ဖက်လူ၏ မဟုတ်မမှန် စကားများကို ယုံကြည်သွားခဲ့မည်ဆိုလျှင် လော့ထျန်းအဖွဲ့အနေဖြင့် ရင်ဆိုင်ရမည့်အရာမှာ တစ်ခုတည်းသာ ရှိသည်။

‘နေပါဦး’

လော့ချန် ရုတ်တရက် စိတ်လှုပ်ရှားသွားရပြီး ထန်ထိုက်ကျင်းကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ သူမကမူ တည်ငြိမ်အေးဆေးစွာ ရှိနေဆဲဖြစ်ပြီး ဤကိစ္စရပ်အပေါ် စိုးစဉ်းမျှ ဂရုစိုက်ပုံမရချေ။ ထို့အပြင် သူမကိုယ်တိုင်က မိမိအား ဤနေရာသို့ တမင်တကာ ဖိတ်ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ စေတနာပြသခြင်းလော။ လော့ချန်တစ်ယောက် အတွေးများ ရှုပ်ထွေးနေစဉ်မှာပင် ဘေးခန်းမှ တိုင်ကြားသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။

"ကျွန်တော်တို့ရဲ့ ကျောက်စိမ်းအိုးနယ်မြေဟာ ဘယ်တုန်းကမှ မိစ္ဆာကျင့်ကြံသူတွေကို လွှတ်ပေးခဲ့တာ မရှိပါဘူး…. ဒီကိစ္စကို ဆေးလုံးစိမ်းချိုင့်ဝှမ်းအနေနဲ့ နောင် ဆယ်နှစ်အတွင်း မြို့တော်ရဲ့ အရှင်သခင်ဖြစ်လာမှာမို့လို့ မဖြစ်မနေ ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်…."

ကျိုးစုန်းက တရားမျှတမှုအတွက် အော်ဟစ်နေပုံရပြီး တစ်ကိုယ်လုံးတွင် ဖြောင့်မတ်သော အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။

သို့သော် သူ၏ တိုင်ကြားမှုများကို ကြားလိုက်ရပြီးနောက် ထောင်ဝမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ဆိုသည်။

"ကျိုးစုန်း…. မင်းက ငါ့ကို ဟိုဟာလုပ် ဒီဟာလုပ် ဆိုပြီး လာသင်ပေးနေတာလား"

ချက်ချင်းပင် ကျိုးစုန်းတစ်ယောက် ရေအေးဖြင့် အပက်ခံလိုက်ရသလို ဖြစ်သွားသည်။

သူ ချက်ချင်းပင် ငြင်းလိုက်သည်။

"မဟုတ်ရပါဘူး...."

"ဘာ မဟုတ်ရပါဘူးလဲ…. ကာယကံရှင်တွေတောင် ဘာမှမပြောတာကို မင်းတို့ သံဓားဂိုဏ်းက ဘာဖြစ်လို့ ရှေ့ကနေ ထွက်ပြီး ဝင်ပါနေတာလဲ"

‘ဟင်…. ကာယကံရှင်တွေက အကုန်လုံး အသတ်ခံလိုက်ရပြီလေ’

ကျိုးစုန်း စိတ်ထဲတွင် ရူးသွပ်မတတ် အော်ဟစ်လိုက်မိသော်လည်း ဆွံ့အမှုများကြောင့် မည်သည့်စကားမျှ ထွက်မလာနိုင်တော့ပေ။

သူ မိမိ၏ ဂုဏ်သိက္ခာအတွက် ထပ်မံ၍ ပြောလိုက်မိသည်။

"ကျွန်တော်မျိုးက ထျန်းလန် နတ်ဘုရားမြို့တော်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ တာဝန်ရှိတယ်လို့ ခံစားရလို့ပါ"

ထောင်ဝမ်က လှောင်ပြောင်လိုက်သည်။

"မင်းက ဘယ်တုန်းက ထျန်းလန် နတ်ဘုရားမြို့တော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတာလဲ၊ ဒီထျန်းလန် နတ်ဘုရားမြို့တော်က ငါတို့ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုပဲ၊ မင်း ကိုယ့်အဆင့်ကိုယ် သေချာ သိသင့်တယ်"

"ဪ… ဟုတ်သားပဲ၊ မင်းတို့ သံဓားဂိုဏ်းနဲ့ အဲဒီ မီးလျှံမဟာမိတ်က မဟာမိတ်ဆက်ဆံရေး ရှိနေသလိုပဲ…. ဟုတ်တယ် မလား"

ဤစကား ထွက်ပေါ်လာသည်နှင့် ကျိုးစုန်း၏ စိတ်ဝိညာဉ်မှာ လုံးဝ တုန်လှုပ်ချောက်ချားသွားခဲ့ရပြီ ဖြစ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် တိမ်ပြိုဂိုဏ်းဘက်သို့ ပူးပေါင်းသွားခဲ့ပြီဖြစ်ပြီး ဓားဂိုဏ်း၏ မဟာမိတ်ဖြစ်သော မီးလျှံမဟာမိတ်နှင့်ပင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

ထိုသွေးစွန်းလှသော စစ်ပွဲကြီးအတွင်း၌ပင် နှစ်ဦးနှစ်ဖက်စလုံးမှ အခြေတည်အဆင့် ကျင့်ကြံသူပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်သောကြောင့် ထိုအုပ်စု နှစ်စုကြားတွင်မူ မည်သို့မျှ ပြေလည်နိုင်ခြင်းမရှိသော နာကျည်းလှသည့် ရန်ငြိုးကြီး ရှိနေခဲ့ကြပြီ ဖြစ်သည်။ မိမိတို့ သံဓားဂိုဏ်းနှင့် မီးလျှံမဟာမိတ်တို့ ဆွေးမျိုးတော်စပ်မှု ရှိနေသည့် ကိစ္စကို အပြင်လူများ မသိကြချေ။

သို့သော် ယခုအခါတွင်မူ မြို့တော်၏ နောင်အနာဂတ် အရှင်သခင်၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

အကယ်၍ သူမသာ ဤအခွင့်အရေးကို အသုံးချ၍ အပြစ်ရှာမည်ဆိုပါက မည်သို့လုပ်မည်နည်း။ မသိမသာဖြင့် အေးစက်လှသော ချွေးစေးများက ကျိုးစုန်း၏ ကျောပြင်တစ်ခုလုံးကို စိုစွတ်သွားစေခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ထောင်ဝမ် မည်သည့်အရာများ ဆက်ပြောနေသည်ကိုပင် သူ သေချာ မကြားရတော့ချေ။

နောက်ဆုံး ပြောလိုက်သော စကားတစ်ခွန်းသာ သူ ကြားလိုက်ရသည်။

"လက်ရှိ ထျန်းလန် နတ်ဘုရားမြို့တော်ကို ရေခဲခံတပ်ကပဲ အုပ်ချုပ်နေဆဲ ဖြစ်လို့ ပြဿနာရှာချင်ရင် ထန်ထိုက်ကျင်းဆီ သွားရှာ၊ ငါ့ဆီ လာပြီး အနှောင့်အယှက် မပေးနဲ့"

‘ဟ ဘာစကားကြီးလဲ၊ လော့ထျန်းအဖွဲ့ရဲ့ ကျောထောက်နောက်ခံက ရေခဲခံတပ်ဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ’

ရေခဲခံတပ်အနေဖြင့် လော့ထျန်းအဖွဲ့၏ ကိစ္စရပ်မှန်သမျှတွင် အမြဲဝင်ရောက်စွက်ဖက်ခြင်း မရှိသည့်တိုင်အောင် အကယ်၍များ သူတို့၏ ရှေ့မှောက်တွင် လော့ထျန်းအဖွဲ့ကို သွားရောက် တိုင်တန်းမည်ဆိုပါက ရေခဲခံတပ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

မည်သည့် ရူးသွပ်နေသော ကျင့်ကြံသူကများ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီး ရှိနေသော ထိပ်သီးဂိုဏ်းကြီးတစ်ခုကို သွားရောက် စိန်ခေါ်ဝံ့ပါတော့မည်နည်း။

ရှုပ်ထွေးလှသော အတွေးများကြောင့် ကျိုးစုန်းသည် ရေခဲလှိုင်းနန်းတော်မှ ယိုင်တိယိုင်တိုင် ထွက်ခွာလာခဲ့သည်။ ဤသည်မှာ သူ ရေးထားသည့် ဇာတ်ညွှန်းနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည် မဟုတ်ပါလော။

သူ ထင်ထားခဲ့သည်မှာ လော့ထျန်းအဖွဲ့၏ လုပ်ရပ်များကို တင်ပြလိုက်ပြီးနောက် မြို့တော်၏ နောင်အနာဂတ် အရှင်သခင်က အလွန်အမင်း ဒေါသထွက်လျက် လော့ထျန်းအား ဝင်ရောက် နှိမ်နင်းလိမ့်မည်ဟူ၍ ဖြစ်သည်။ ထိုမျှသာမက လော့ထျန်းအဖွဲ့သည် ပထမအဆင့် ကျင့်ကြံခြင်း ဆေးလုံးများကိုပါ ရောင်းချနေသဖြင့် မသိမသာဖြင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဆေးလုံး ဈေးကွက်အချို့ကိုပါ လုယူနေခဲ့ခြင်း ဖြစ်ပေသည်။ မိမိက အပြစ်ပေးနိုင်မည့် အကြောင်းပြချက်ကောင်းကို ပေးလိုက်ပြီ ဖြစ်ရာ တစ်ဖက်လူတွင် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက် ရှိနေပြီဖြစ်သဖြင့် ရေခဲလှိုင်းနန်းတော်အနေဖြင့်လည်း ကာကွယ်ပေးရန် ခက်ခဲလိမ့်မည် မဟုတ်ပါလော။

‘ဒီ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ထောင်ဝမ်က တကယ်ပဲ ဘာတွေကို တွေးနေတာလဲ’

….

ရေခဲလှိုင်းနန်းတော်၏ ဘေးဘက် ခန်းမဆောင်ငယ်လေးအတွင်း ဖြစ်သည်။

ထောင်ဝမ်သည် ပြုံးယောင်သန်းနေသော မျက်နှာထားဖြင့် လော့ချန်ကို စိုက်ကြည့်လိုက်ရင်း

"မိတ်ဆွေလော့…. တို့တွေ မတွေ့ရတာ နှစ်နှစ်တောင် ရှိသွားခဲ့ပြီပဲ၊ အဆင်ပြေရဲ့လား"

လော့ချန် စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း ပြန်ဖြေလိုက်သည်။

"ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် ဆက်ခံသူထောင်ဝမ်ကို ကျေးဇူးတင်ပါတယ်"

"ဒီလို ကိစ္စသေးသေးလေးက ကူညီတယ်လို့ မခေါ်နိုင်ပါဘူး၊ ကျေးဇူးတင်ချင်ရင် ထန်ထိုက်ကိုပဲ ကျေးဇူးတင်လိုက်ပါ"

လော့ချန် ထန်ထိုက်ကျင်းအား လှည့်ကြည့်လိုက်သည်။

ထန်ထိုက်ကျင်းက ခေါင်းကို ခါယမ်းလိုက်ရင်း တည်ငြိမ်စွာ ဆိုသည်။

"နိုင်သူက စိုးမိုးပြီး ရှုံးသူက ပျက်စီးရတာ သဘာဝပဲ၊ ဒီထက်မပိုပါဘူး"

လော့ချန် ချက်ချင်းပင် သဘောပေါက်သွားခဲ့ရသည်။ လော့ထျန်းအဖွဲ့ ဘေးအန္တရာယ် ကြုံတွေ့နေရသည့် အချိန်တွင် ရေခဲလှိုင်းနန်းတော်မှ ကူညီရန် လက်ပင်မလှုပ်ခဲ့ပေ။ သို့သော် ရန်သူမှန်သမျှကို သုတ်သင်ရှင်းလင်းလျက် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ရာ မိမိတို့၏ ခွန်အားကို အနည်းငယ် သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် တစ်ဖက်လူအနေဖြင့် ကူညီပေးရန် ဝန်လေးနေမည် မဟုတ်ချေ။

"ဒီနေ့ မင်းကို ဖိတ်ခေါ်ရတာက တကယ်တော့ နောက်ထပ် ကိစ္စတစ်ခုကို ပြောပြချင်လို့ပါ" ထန်ထိုက်ကျင်းက ရုတ်တရက် ပြောလိုက်သည်။

လော့ချန်သည် မျက်လုံးအစုံကို ဖွင့်လျက် စူးစမ်းလိုစိတ်ဖြင့် တစ်ဖက်လူကို စိုက်ကြည့်လိုက်၏။

သူ၏ စိုက်ကြည့်မှုအောက်တွင် ထန်ထိုက်ကျင်းသည် ထောင်ဝမ်ကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"နောင် ဆယ်နှစ်အတွင်းမှာ ထျန်းလန် နတ်ဘုရားမြို့တော်ကို ရေခဲလှိုင်းနန်းတော်ကပဲ ဆက်အုပ်ချုပ်သွားမှာပါ၊ ကျောက်စိမ်းနှင်းစက်ဆေးလုံးနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ငါတို့တွေ ဆက်ပြီး လုပ်သွားကြမယ်"

သူမ၏ အသံမှာ တည်ငြိမ်အေးစက်လွန်းလှသော်လည်း ၎င်း၏ နောက်ကွယ်မှ ပါဝင်နေခဲ့သော သတင်းစကားကြီးကမူ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှပေသည်။ လော့ချန်တစ်ယောက် နေရာတွင်ပင် လုံးဝ ဆွံ့အသွားရတော့သည်။

‘နေပါဦး.... ဒါက ဘာကို ဆိုလိုတာလဲ၊ ဂိုဏ်းကြီးတွေက ဆယ်နှစ်တစ်ကြိမ် အလှည့်ကျ အုပ်ချုပ်ရမယ်ဆို၊ ပြီးတော့ သူတို့တွေ အခုတလော အာဏာ အပြောင်းအလဲလုပ်နေကြတာ မဟုတ်ဘူးလား’

ရုတ်တရက်ဆိုသလို လော့ချန်သည် ထန်ထိုက်ကျင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးသည့် အချိန်နှင့် ကရုဏာမဲ့နတ်သမီးကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးသည့် အချိန်ကို ပြန်လည်တွက်ချက်မိသွားသည်။ ထိုနှစ်ကြိမ်တွေ့ဆုံမှုအတွင်း ကျောက်စိမ်းနှင်းစက်ဆေးလုံးနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများတွင် တစ်ဖက်လူသည် ပူးပေါင်းဆောင်ရွက်မည့် သက်တမ်းကို ဆယ်နှစ် သို့မဟုတ် နှစ်ပေါင်းရာချီ၍ အမြဲ တွက်ချက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းကပင် ထျန်းလန် နတ်ဘုရားမြို့တော်ကြီး၏ အုပ်ချုပ်ခွင့် အာဏာများ လွှဲပြောင်းရမည့် ကိစ္စရပ်ဟူသည် ဤပူးပေါင်းဆောင်ရွက်မှုအတွက် မည်သို့မျှ အရေးမပါလှကြောင်းကို သွယ်ဝိုက်၍ ပြသနေခဲ့ခြင်း ဖြစ်ပေသည်။

ဆိုလိုသည်မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် မိမိတို့ ရရှိရမည့် ထျန်းလန်မြို့တော်ကြီး၏ ဆယ်နှစ်တာ အုပ်ချုပ်ခွင့် အာဏာကို ရေခဲခံတပ်ထံသို့ လွှဲပေးလိုက်ခြင်းမှာလည်း အစကတည်းက စီမံကိန်းချထားခဲ့ဖူးသော ကိစ္စရပ်တစ်ခုမျှသာ ဖြစ်၏။ ယခုမှသာ တရားဝင် ချပြလိုက်ခြင်း ဖြစ်ပေသည်။

လော့ချန်၏ နားထဲတွင် ထန်ထိုက်ကျင်း၏ စကားသံများက အေးဆေးစွာ ထွက်ပေါ်လာသည်။

"လော့ထျန်းအဖွဲ့ကို နောင်အနာဂတ်မှာ ငါတို့ ချန်ချင်မိသားစုက ကာကွယ်ပေးမှာပါ၊ မင်း နောက်ဆက်တွဲ ကိစ္စတွေကို ဖြေရှင်းပြီးရင် ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေကို တတ်နိုင်သမျှ ပိုပြီး ဖော်စပ်ပေးပါ၊ မင်းလက်ရှိ ပေးနေတဲ့ ပမာဏက ငါတို့အတွက် နည်းလွန်းလှတယ်"

‘ဟော…. ဒါကမှ တကယ့် အဓိကအချက်ပဲ’

လော့ချန် နောက်ဆုံးတွင်မူ အရာအားလုံးကို သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ သူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

"ကျွန်တော် လုံးဝ စိတ်ပျက်စေမှာ မဟုတ်ပါဘူး"

....

ရှီပေါ်ရင်း၏ လိုက်ပါပို့ဆောင်မှုအောက်တွင် လော့ချန် ရေခဲလှိုင်းနန်းတော်မှ ထွက်ခွာလာခဲ့သည်။

စူးရှလှသော နေရောင်ခြည်ကို ရင်ဆိုင်ရင်း သူသည် မိမိ၏ တစ်ကိုယ်လုံးတွင် ရှိနေခဲ့သော သံခြေကျင်းကြီးများ ကွာကျသွားခဲ့ရပြီဟု ခံစားလိုက်ရသည်။

ပြင်ပရန်များ ကင်းစင်သွားခဲ့ပြီ ဖြစ်၏။ ယခုအခါတွင်မူ လော့ထျန်းအဖွဲ့၏ အနာဂတ် ရေရှည်လုပ်ငန်းကြီးများအတွက် ခိုင်မာလှသော အခြေခံအုတ်မြစ်ကြီးကို အောင်မြင်စွာ ချနိုင်ခဲ့ပြီ ဖြစ်သလို ချန်ချင်မိသားစု၏ အကာအကွယ်ကိုပါ ထပ်မံရရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်မှစ၍ သူသည် မည်သည့် ရန်သူကိုမဆို ကြောက်ရွံ့နေရန် မလိုအပ်တော့ချေ။ လတ်တလော နောက်ဆက်တွဲ ကိစ္စရပ်များကို ကောင်းမွန်စွာ ဖြေရှင်းပြီးနောက် စီမာဟွေ့နန် ကျင့်ကြံခြင်းမှ ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းကာ အလုပ်များ လွှဲပြောင်းပေးအပ်လျက် ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်များအပေါ်တွင်သာ စိတ်အာရုံ အပြည့်အဝ စိုက်နိုင်တော့မည် ဖြစ်သည်။

အပြင်သို့ လျှောက်လှမ်းရင်း လော့ချန်သည် ရှီပေါ်ရင်းနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုလိုက်သည်။ သူ မေးမြန်းချင်သည်မှာ ရေခဲလှိုင်းနန်းတော်၏ ဒုတိယအဆင့် အဆင့်မြင့် ကျင့်ကြံခြင်း ဆေးလုံးများနှင့် ပတ်သက်၍ ဖြစ်၏။ သို့သော်လည်း သူမထံမှ ရရှိလာခဲ့သော အဖြေစကားကမူ မထင်မှတ်ထားရလောက်အောင် ထူးဆန်းလှသော်လည်း အကျိုးအကြောင်း သင့်လျော်လှပေသည်။

"အဘွားတို့ ရေခဲခံတပ်က ဆေးဖော်တာကို အထူးပြုတဲ့ ဂိုဏ်းမဟုတ်ဘူးလေ…. ဆေးလုံးတွေနဲ့ ပက်သက်ပြီး ဆေးဘုရင်ဂိုဏ်းနဲ့ ဆေးလုံးစိမ်းချိုင့်ဝှမ်းကိုပဲ အမှီပြုနေရတာပါ…. ရံဖန်ရံခါမှာ အဆင့်မြင့် ဆေးလုံးတချို့ ရတတ်ပေမဲ့ လိုအပ်ချက်က အမြဲ မြင့်မားနေတာကွဲ့၊ ဂိုဏ်းရဲ့ အထက်လူကြီးတွေ လက်ထဲမှာတင် ကုန်သွားတတ်ပြီး.... အဘွားတို့လို လက်အောက်ငယ်သားတွေရဲ့ လက်ထဲအထိတော့.... ဘယ်တုန်းကမှ ရောက်လာတာ မရှိပါဘူး"

အမှန်ပင် ဤသို့ ဖြစ်နေသည်လော။

လော့ချန် အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရသော်လည်း ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့ရသည်။ ထိုသို့မဟုတ်ပါက ထန်ထိုက်ကျင်း သို့မဟုတ် ရွှေအမြုတေအဆင့်ရှိသော ကရုဏာမဲ့နတ်သမီးကိုယ်တိုင်ပင် သူ၏ ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဤမျှအထိ တန်ဖိုးထားကြမည် မဟုတ်ချေ။ သို့သော် ဤသို့ဆိုလျှင် သူသည် မည်သည့်နေရာသို့ သွားရောက်၍ အဆင့်မြင့် ကျင့်ကြံခြင်း ဆေးလုံးများကို ရှာဖွေရပါမည်နည်း။

‘ထောင်ဝမ်’

ယနေ့ မိမိအား မသိမသာဖြင့် အကာအကွယ်ပေးခဲ့သော ထောင်ဝမ်ကို တွေးမိသောအခါ လော့ချန်၏ ရင်ထဲတွင် လှုပ်ရှားသွားရသည်။ ဆေးဖော် ဂိုဏ်းကြီးတစ်ခုအနေဖြင့် ဆေးဘုရင်ဂိုဏ်းထက် မသာလွန်ပါစေဦးတော့၊ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အဆင့်မြင့် ဆေးလုံးပမာဏမှာ နည်းပါးမည် မဟုတ်ပေ။ အနာဂတ်တွင် သူမထံမှတစ်ဆင့် သွယ်ဝိုက်သော နည်းလမ်းများဖြင့် ထိုဆေးလုံးများကို ရရှိနိုင်မည့် လမ်းစတစ်ခုကို ရှာဖွေရန် ကြိုးပမ်းရဦးမည် ဖြစ်သည်။

သို့သော် ထိုအမျိုးသမီးကား မာနထောင်လွှားပုံရသဖြင့် မိမိအနေဖြင့် မည်သို့မည်ပုံ ချဉ်းကပ်ရပါမည်နည်း။ သူမ၏ မောင်အရင်းဖြစ်သူ ထောင်ရိရှန်း သို့မဟုတ် ယခင် ရေခဲခံတပ်ကို ဆွဲဆောင်ခဲ့ဖူးသကဲ့သို့ပင် သူမ စိတ်ဝင်စားလှမည့် ရတနာများနှင့် အကျိုးအမြတ်များကို သေချာစွာ စုံစမ်းထောက်လှမ်းလျက် ပါးနပ်စွာဖြင့် ဆွဲဆောင်ရမည်လော။

လော့ချန် တွေးတောနေသည့် အချိန်မှာပင် ရှီပေါ်ရင်းက နှုတ်ဆက်လျက် ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ရေခဲလှိုင်းနန်းတော်၏ တံခါးဝကြီးတွင် မတ်တတ်ရပ်ရင်း လော့ချန် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

"ထားလိုက်ပါတော့…. လောလောဆယ် အပြင်ပြဿနာတွေ ကင်းသွားပြီဆိုတော့ တော်ပါသေးတယ်၊ အတွင်းပိုင်း ပြဿနာတွေကတော့ သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ"

လော့ချန် ဒန်ရှားတောင်သို့ ပြန်ရန် ပြင်လိုက်သည့် အချိန်မှာပင် ရုတ်တရက် ရင်ထဲဝယ် ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ အဝေးတစ်နေရာဆီသို့ ခေါင်းမော့ကာ ကြည့်လိုက်မိ၏။

ရေခဲလှိုင်းနန်းတော် မလှမ်းမကမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်၏ တတိယထပ်တွင် ဖူးယောင်နီမြန်းနေသော မျက်နှာနှင့် ကျောပြင်တွင် ဓားကြီးတစ်စင်းကို လွယ်ထားသော အမျိုးသားတစ်ဦးသည် သူ့အား စိုက်ကြည့်နေခဲ့သည်။ ထိုမျက်လုံးအစုံတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေသည်။ ထို့အပြင် မျက်နှာအမူအရာမှာလည်း အလွန်တရာ ပျက်ယွင်းနေသည်။

လော့ချန် ပြုံးလိုက်ရင်း ထိုလူအား ခေါင်းတစ်ချက်ညိတ်ကာ နှုတ်ဆတ်လိုက်သည်။

သံဓားဂိုဏ်း၏ ဂိုဏ်းချုပ် ကျိုးစုန်းသည် အလွန်တရာ ခက်ခဲကျပ်တည်းစွာဖြင့် အပြုံးတစ်ခုကို ညှစ်ထုတ်လျက် လော့ချန်၏ နှုတ်ဆက်မှုကို ပြန်လည်တုံ့ပြန်လိုက်ရတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters