အခန်း ၄၂၈
Vol. 43 Ch. 428
အခန်း (၄၂၈) - ရှန်ကုန်းဂိုဏ်းသို့ စစ်ချီခြင်း
နေမင်းကြီးသည် ကောင်းကင်ထက်၌ တောက်ပနေပြီး ခြောက်သွေ့သော တောင်လေမှာမူ အသက်ရှူကျပ်မတတ် ပြင်းထန်နေတော့သည်။ လော့ချန်တစ်ယောက် ရေခဲလှိုင်းနန်းတော်မှ ပြန်လာပြီးနောက် နှစ်ရက်တာ အချိန်ကား ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကြီးမားထည်ဝါလှသော လှေပျံတစ်စင်းသည် ဒန်ရှားတောင်ထိပ်ရှိ ကုန်းမြင့်တစ်ခုပေါ်၌ မိုးမောက်စွာ တည်ရှိနေသည်။ တိုက်ခိုက်ရေးခန်းမဆောင်မှ ကျင့်ကြံသူများသည် စိတ်ဓာတ်များ အဆမတန် တက်ကြွလျက်၊ မျက်လုံးများတွင်လည်း မျှော်လင့်ချက်များ တဖျတ်ဖျတ် တောက်ပလျက် လှေပေါ်သို့ တစ်ဦးပြီးတစ်ဦး တက်လှမ်းနေကြသည်။ အကြောင်းမှာ ယခုတစ်ကြိမ် ပြုလုပ်မည့် အကြီးစားစစ်ဆင်ရေးကို အဖွဲ့ချုပ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်မည်ဖြစ်သောကြောင့်ပင်။
သူတို့၏ မျှော်လင့်ချက်များ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင် လော့ချန်သည် ဝမ်ယွမ်၊ မင်လုံယွီတို့နှင့်အတူ ကုန်းပတ်ထက်သို့ တက်လာခဲ့သည်။
"ချီတက်မယ်...."
သူ တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည်။
မင်လုံယွီသည် အချိန်ဆွဲမနေဘဲ လန်ချီလှေပျံကို ချက်ချင်းပင် ထိန်းချုပ်လိုက်သည်။ သံပြိုင်မြည်ဟီးသံကြီးနှင့်အတူ လှေကြီးသည် လေထုထဲသို့ ဖြည်းညှင်းစွာ မြင့်တက်သွားတော့သည်။ တွမ်ဖုန်း၊ မုရုံချင်းလျန်နှင့် ကျန်ရှိနေသူများ၏ လိုက်လံငေးမောကြည့်ရှုမှုအောက်တွင် ထိုလှေကြီးသည် အရှေ့တောင်ဘက်သို့ ဦးတည်ကာ တိမ်တိုက်များကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် လှေကြီးသည် ချိုင့်ဝှမ်းတစ်ခု အထက်၌ ရပ်တန့်သွားသည်။ မတ်စောက်လှသော ကမ်းပါးယံများအကြားတွင် တည်ဆောက်ထားသော ကျောက်မျှော်စင်များနှင့် နန်းဆောင်များသည် ချောက်ကမ်းပါးနံရံများ၌ တွဲလောင်းခိုနေသည့် ငှက်သိုက်များကဲ့သို့ စိုးရိမ်ဖွယ်ရာ စုပြုံတည်ရှိနေကြသည်။
ထိုအချိန်တွင် အောက်ဘက်ရှိ ကျင့်ကြံသူများသည် လက်နက်များကိုယ်စီ ကိုင်ဆောင်ထားကြပြီး အထက်ကောင်းကင်ယံသို့ ရန်လိုသောအကြည့်များဖြင့် မော့ကြည့်နေကြသည်။ ရွှေရောင်အလင်းတန်းတစ်ခုသည်လည်း မဖောက်ထွင်းနိုင်သော ခံတပ်တံတိုင်းကြီးတစ်ခုကဲ့သို့ ချိုင့်ဝှမ်းတစ်ခုလုံးကို ကာကွယ်ထားလေသည်။
လော့ချန်သည် လှေဦး၌ လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်သော အကြည့်များဖြင့် အောက်ဘက်သို့ ငုံ့ကြည့်နေသည်။
‘ဒါ ရှန်ကုန်းဂိုဏ်း လား’
ဤသည်မှာ ကျိုးစုန်း၏ ရုတ်တရက် ထွက်ပေါ်လာရသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ သံဓားဂိုဏ်းသည် ယခင်က ချေမှုန်းခံလိုက်ရသော အခြားဂိုဏ်းများနှင့် မည်သို့မျှ မပတ်သက်ချေ။ သို့သော်လည်း ထျန်းလန်နတ်ဘုရားမြို့တော်သို့ သူ စတင်ရောက်ရှိကတည်းက ရှန်ကုန်းဂိုဏ်း၏ နောက်ကွယ်တွင် သံဓားဂိုဏ်းမှ အခြေတည်အဆင့်အစောပိုင်း ကျင့်ကြံသူတစ်ဦး ရှိနေကြောင်း လော့ချန် သိရှိထားခဲ့သည်။ ကျိုးစုန်းကို ကြားဝင်ပြောဆိုပေးရန် မည်မျှ လာဘ်ထိုးခဲ့သည်ကို လော့ချန်မသိသော်လည်း ထိုသူတို့၏ လက်နက်ချရန် ငြင်းဆန်မှုနှင့် နောက်ကွယ်မှ နှောင့်ယှက်ရန် ကြိုးပမ်းမှုများက လော့ထျန်းအဖွဲ့အား အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီ ဖြစ်သည်။
ယနေ့တွင်မူ ဤကိစ္စအတွက် အဖြေတစ်ခု ပေးရမည့်အချိန်သို့ ရောက်ရှိလာခဲ့လေပြီ။
ချိုင့်ဝှမ်းအတွင်းရှိ အထင်ရှားဆုံးသော ကျောက်စိမ်းနန်းဆောင်ထဲတွင် ရှန်ကုန်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖေးချန်းချူးသည် အလွန်အမင်း ညှိုးငယ်သော အမူအရာဖြင့် ရှိနေသည်။ သူသည် အသံလွှင့်ကျောက်စိမ်းပြားကို တင်းတင်းဆုပ်ကိုင်ထားသော်လည်း ထိုကျောက်စိမ်းပြားမှာမူ သေလူကဲ့သို့ လုံးဝ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
"အဲ့ဒီ မြေခွေးအိုကြီးက ငါ့ဆီက လက်ဆောင်ပဏ္ဏာတွေကို ယူသွားပြီး ဘာမှလုပ်မပေးဘူး၊ အရှက်မရှိလိုက်တာ"
သူ ခါးသီးစွာဖြင့် ကျိန်ဆဲလိုက်သည်။
သူ့ဘေးရှိ အကြီးအကဲသည်လည်း အလားတူပင် မျက်နှာပျက်နေသည်။ လော့ထျန်းအဖွဲ့၏ တိုက်ခိုက်မှုက အလွန်ပင် ပေါ်တင်ဖြစ်ပြီး ရဲတင်းလွန်းလှသဖြင့် သူတို့အတွက် ပြင်ဆင်ရန် အချိန်မရခဲ့ချေ။ သူတို့ စစ်ကူတောင်းခံစာကို သံဓားဂိုဏ်းသို့ ချက်ချင်း ပေးပို့ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာခဲ့ခြင်းက အခြေအနေကို အထင်အရှား သက်သေပြနေပြီ ဖြစ်သည်။
"ဂိုဏ်းချုပ်.... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ"
ဖေးချန်းချူး၏ အမူအရာမှာ ပို၍ပင် မည်းမှောင်သွားရသည်။
"ငါ နောက်ဆုံးတစ်ခေါက် စာထပ်ပို့ကြည့်မယ်…. ကျိုးစုန်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
….
ထျန်းလန်နတ်ဘုရားမြို့တော်၏ အနောက်မြောက်ဘက်၊ မရေမတွက်နိုင်သော ဓားမြောက်မြားစွာ စိုက်ထူထားသည့် တောင်ထိပ်ပေါ်တွင် ကျိုးစုန်းသည် လင်းလက်နေသော ကျောက်စိမ်းပြားကို မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။ သူ့ဘေးရှိ အကြီးအကဲတစ်ဦးက နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ တကယ်ပဲ ဂိုဏ်းချုပ်ဖေးကို မကူညီတော့ဘူးလား"
ကျိုးစုန်း၏ မျက်ဝန်းများ စူးရှသွားပြီး "ငါတို့က ဘယ်လိုနည်းနဲ့ ကူညီရမှာလဲ" ဟု ငေါက်ငမ်းလိုက်သည်။
ထိုအကြီးအကဲမှာ လုံးဝ ဆိတ်ငြိမ်သွားခဲ့ရပြီ ဖြစ်သည်။ ရေခဲခံတပ်သည် လော့ထျန်းအဖွဲ့၏ နောက်ကွယ်တွင် ရှိနေကြောင်း အတိအလင်း ပြသထားပြီး ဖြစ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းပင်လျှင် ဤကိစ္စကို မမြင်ချင်ယောင်ဆောင်နေခဲ့သည်။ အကယ်၍ မိမိတို့သံဓားဂိုဏ်းသာ ဝင်ရောက်စွက်ဖက်ပါက ရေခဲခံတပ်ကို ဒေါသထွက်အောင် ဆွပေးလိုက်သလိုသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ကျင့်ကြံသူများသည် မြို့တော်စီမံခန့်ခွဲရေးနေရာများတွင် အမှန်တကယ် ဝင်ရောက်နေရာယူခြင်း မရှိသည်ကို သူတို့ သတိထားမိလာကြသည်။ ဤအုပ်ချုပ်သူအပြောင်းအလဲဆိုသည်မှာ ဟန်ပြသက်သက်မျှသာ ဖြစ်နေသယောင် ရှိသည်။ ဤသို့သော အခြေအနေမျိုးတွင် မည်သူက ရေခဲခံတပ်ကို ဆန့်ကျင်ဝံ့ပါမည်နည်း။
ကျိုးစုန်းသည် လော့ထျန်းအဖွဲ့အား မိမိ တိုင်တန်းခဲ့စဉ်က လော့ချန်တစ်ယောက် နောက်ကွယ်မှ ချောင်းနားထောင်နေခဲ့သည်ကို ပြန်တွေးမိသည့်အခါ အလွန်ပင် အောင့်သက်သက် ဖြစ်သွားရသည်။ ဤသည်မှာ ဟာသတစ်ခု ဖြစ်သွားခဲ့ပြီ မဟုတ်ပါလော။
"ရှန်ကုန်းဂိုဏ်းကို သူတို့ဘာသာသူတို့ပဲ ရင်ဆိုင်ခိုင်းလိုက်တော့"
ကျိုးစုန်း၏ စကားကြောင့် အကြီးအကဲက မေးလိုက်သည်။
"ဒါဆို... ဂိုဏ်းချုပ်ဖေး ပို့ထားတဲ့ ပစ္စည်းတွေကိုကော...."
ကျိုးစုန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
"ငါ လှုပ်ရှားပေးခဲ့ပြီးပြီလေ…. အထက်လူကြီးတွေကိုလည်း ငါ ပြောပေးခဲ့ပြီးပြီပဲ၊ သူက ဘာထပ်လိုချင်သေးတာလဲ"
ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ သူတို့ ဤတိုက်ပွဲကို ကူညီမည်မဟုတ်သလို လက်ဆောင်ပစ္စည်းများကိုလည်း ပြန်ပေးရန် အစီအစဉ်မရှိချေ။ ယခင်က ရှန်ကုန်းဂိုဏ်းနှင့် ရင်းနှီးမှုရှိခဲ့ဖူးသော အခြားအခြေတည်အဆင့် အကြီးအကဲတစ်ဦးသည် ကန့်ကွက်ရန် နှုတ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ခါးသီးစွာ ပြုံးလျက် ခေါင်းခါရုံသာ တတ်နိုင်တော့သည်။
‘ဖေးချန်းချူး... မင်း ကိုယ့်အားကိုယ် ကိုးပေတော့’
….
ရှန်ကုန်းဂိုဏ်းအတွင်း၌ ဖေးချန်းချူးသည် မည်သည့်တုံ့ပြန်မှုမျှ မရှိသော အသံလွှင့်ကျောက်စိမ်းပြားကို ကိုင်ဆောင်ကာ မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။ သူ မည်မျှပင် စောင့်ဆိုင်းနေပါစေ မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာခဲ့ချေ။ သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ဝါးဖြင့် စားပွဲခုံကို ရိုက်ချလိုက်ရာ စားပွဲခုံမှာ အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။
"အဲ့ဒီ မြေခွေးအိုကြီး... ငါ့ကို ဒီလိုမျိုး အရှက်ခွဲဝံ့တယ်ပေါ့လေ"
သူ့ဘေးရှိ အကြီးအကဲ၏ အမူအရာမှာလည်း ပျက်ယွင်းနေပြီး အသံမှာလည်း တုန်ရီနေသည်။
"ဂိုဏ်းချုပ်... အခု ဘာလုပ်ကြမလဲ"
ဖေးချန်းချူး အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ရင်ထဲမှ ထိတ်လန့်မှုများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ ထို့နောက် ဖွင့်လှစ်ထားသော ပြတင်းပေါက်ဆီသို့ လှည့်ကြည့်လိုက်ရာ ဝေးလံသော ကောင်းကင်ယံထက်၌ မိုးမောက်နေသည့် လှေကြီးနှင့် ၎င်း၏ကုန်းပတ်ထက်တွင် အောက်ဘက်သို့ ငုံ့ကြည့်နေသော လူရိပ်တစ်ရိပ်ကို မှုန်ဝါးဝါး မြင်လိုက်ရသည်။ မကြာသေးမီကပင် ဖေးချန်းချူးကိုယ်တိုင် လူများကို ဦးဆောင်ကာ ဒန်ရှားတောင်ထိပ်သို့ သွားရောက်ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ အခြေအနေအားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရင်ထဲတွင် မအီမသာ ဖြစ်နေသော်လည်း မျက်နှာထက်၌မူ အေးစက်ခက်ထန်သော အမူအရာကို အတင်းအကျပ် ဆင်မြန်းထားလေသည်။
"မလန့်ကြနဲ့..."
သူ ခက်ထန်စွာ ဆိုလိုက်သည်။
"ငါတို့က တန်ယွမ်ဂိုဏ်းတို့၊ ကန်းမျိုးနွယ်စုတို့လို မဟုတ်ဘူး၊ ငါတို့ဆီမှာ ဒုတိယအဆင့် အကာအကွယ်အစီအရင် ရှိနေသလို ငါတို့နှစ်ယောက်စလုံးကလည်း အခြေတည်အဆင့် ကျင့်ကြံသူတွေပဲ၊ အဆင့်မြင့် ကျင့်ကြံသူကြီးတွေတောင် ဒီအစီအရင်ကို ဖြိုဖျက်ဖို့ လပေါင်းများစွာ အချိန်ယူရလိမ့်မယ်၊ လော့ချန်က အခြေတည်အဆင့်အလယ်ပိုင်းပဲ ရှိသေးတာ၊ သူက ဒါကို ဘယ်လိုလုပ် ဖြိုဖျက်နိုင်မှာလဲ၊ ပြီးတော့ လော့ထျန်းအဖွဲ့ကကော အချိန်အကြာကြီး အဲ့မှာ နေနိုင်မယ်ထင်လို့လား"
သူသည် လော့ထျန်းအဖွဲ့၏ မကြာသေးမီက စစ်ပွဲများနှင့် သူတို့ရရှိခဲ့သော အကျိုးအမြတ်များကို သေချာစွာ စုံစမ်းစစ်ဆေးထားခဲ့သည်။ လော့ထျန်းသည် များပြားလှသော စည်းစိမ်များနှင့် နယ်မြေများကို သိမ်းပိုက်ရရှိထားခဲ့သည်။ ယခုအချိန်တွင် သူတို့ လိုအပ်နေသည်မှာ သွေးထွက်သံယိုမှုများ ထပ်မံပြုလုပ်ရန် မဟုတ်ဘဲ ထိုအရာအားလုံးကို အခြေချ စုစည်းရန်အတွက် အချိန်သာ ဖြစ်သည်။
လော့ထျန်းအဖွဲ့သည် အင်အားစုလေးခုကို ချေမှုန်းပြီးနောက် မည်သည့်လှုပ်ရှားမှုမျှ ထပ်မံမပြုလုပ်တော့ခြင်းက ဤအချက်ကို သက်သေပြနေသည်။
‘တောက်…. ရွှီချန်တောင်က ဝေမျိုးနွယ်စု တော်တော် သူရဲဘောကြောင်လွန်းတယ်၊ တကယ်လို့ သူတို့သာ စစ်ပြေငြိမ်းဖို့ သွားမတောင်းဆိုဘဲ ငါတို့ ရှန်ကုန်းဂိုဏ်းနဲ့ ပူးပေါင်းခဲ့ရင် အဲ့လော့ချန်က ဘာတတ်နိုင်မှာလဲ’
"ငါတို့ အချိန်ဆွဲထားမယ်" ဟု ဖေးချန်းချူး ကြေညာလိုက်သည်။
"အဆင့်လတ် ဝိညာဉ်ကျောက်တုံးအားလုံးကို ထုတ်ယူလိုက်၊ ချီသန့်စင်အဆင့်နှောင်းပိုင်း ကျင့်ကြံသူအားလုံးကို နေ့ညမပြတ် ကင်းလှည့်ခိုင်းထား၊ ငါ သံမဏိခံတပ်အစီအရင်ကို လုံးဝ မရပ်ဘဲ လည်ပတ်စေချင်တယ်"
သူ၏အမိန့်စကား ထွက်ပေါ်လာပြီးသည်နှင့် တပြိုင်နက် နန်းဆောင်၏ အပြင်ဘက်မှ ရှင်းလင်းပြတ်သားသော အသံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။
"လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန်... ဂိုဏ်းချုပ်ဖေးနဲ့ တွေ့ဆုံခွင့် တောင်းခံပါတယ်"
ဖေးချန်းချူးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စွာ ဆိုလိုက်သည်။
"သူက တွေ့ချင်တယ်ဆိုမှတော့…. တွေ့ပေးလိုက်တာပေါ့"
….
ချိုင့်ဝှမ်း၏ အထက်ကောင်းကင်ယံတွင် လူရိပ်နှစ်ခုသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်လျက် ရှိနေကြသည်။ နေရောင်ခြည်က အထက်မှ ပူပြင်းစွာ တောက်လောင်နေပြီး သူတို့ကြားရှိ ပေ သုံးရာခန့် ဝေးကွာသော နေရာတွင်မူ ရွှေရောင်အတားအဆီးတစ်ခုက တဖျတ်ဖျတ် တောက်ပနေသည်။
လော့ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်သော အကြည့်ဖြင့် တစ်ဖက်လူကို စိုက်ကြည့်နေသည်။ သူသက်ပြင်းတစ်ချက် ချလိုက်သည်။
"ဂိုဏ်းချုပ်ဖေး…. နေကောင်းကျန်းမာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဖေးချန်းချူးက အေးစက်စွာပင်
"အဖွဲ့ချုပ်ခေါင်းဆောင်လော့... ငါ မင်းအပေါ် ဘာမှမမှားခဲ့ဖူးဘူး ထင်တယ်၊ မင်း ဒန်ရှားတောင်မှာ စအခြေချတုန်းက ငါ့လူတွေကို ငါ ပြန်ရုပ်သိမ်းပေးခဲ့တယ် မဟုတ်လား၊ အခုကျမှ မင်းက အင်အားအလုံးအရင်းနဲ့ လာပြီး လက်နက်တွေ တကားကားလုပ်နေတာက နည်းနည်းတော့ အလွန်အကျွံဖြစ်မနေဘူးလား…."
"အလွန်အကျွံ ဟုတ်လား..."
လော့ချန် တိုးတိုးလေး ရေရွတ်ရင်း ခေါင်းခါလိုက်သည်။
"လုရုန်က ကျုပ် မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဒန်ရှားတောင်ကို လာတိုက်ခိုက်တုန်းကကော.... အဲ့ဒါက မလွန်ဘူးလား"
"ဒါက သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲလေ…. ရှန်ကုန်းဂိုဏ်းကို ကိုယ်စားမပြုဘူး" ဟု ဖေးချန်းချူးက ပြန်လည်ချေပလိုက်သည်။
"ဪ...."
လော့ချန်၏ အသံမှာ ပို၍ လေးနက်သွားသည်။
"ဒါဆိုရင်.... ခင်ဗျား ခွင့်ပြုချက်မပါဘဲ သူက ဒီလိုမျိုး လုပ်ဝံ့ပါ့မလား"
"မင်းက အပြစ်ရှာချင်နေမှတော့…. ဘယ်လိုအကြောင်းပြချက်ပဲဖြစ်ဖြစ် ရှာမှာပဲလေ" ဖေးချန်းချူး၏ အသံမှာ ဒေါသကြောင့် တုန်ရင်နေသည်။
"ဒါဆို... ခင်ဗျားက ငြင်းဆန်နေတာပေါ့"
လော့ချန်၏ လေသံမှာ ပို၍ပင် အေးစက်သွားပြန်သည်။
"ငါ မလုပ်ခဲ့တဲ့ အပြစ်အတွက် ငါက ဘာလို့ ဝန်ခံရမှာလဲ"
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဖေးချန်းချူးသည် အောက်ဘက်ရှိ ရွှေရောင်အစီအရင်ကို အားကိုးကာ တင်းခံနေခြင်း ဖြစ်သည်။ လော့ချန် ထိုအကာအကွယ်အစီအရင်ကို ခဏမျှ စိုက်ကြည့်ပြီးနောက် သူ၏ လက်ချောင်းသုံးချောင်းကို မြှောက်ပြလိုက်သည်။
"ခင်ဗျားမှာ ရွေးချယ်စရာ သုံးခုရှိမယ်…."
သူ ပြတ်သားစွာ ဆိုလိုက်သည်။
"နံပါတ်တစ်... ခုခံဖို့၊ အဲ့ဒီလိုဆိုရင် ရှန်ကုန်းဂိုဏ်းဟာ လုံးဝ ချေမှုန်းခံရလိမ့်မယ်၊ နံပါတ်နှစ်... ခင်ဗျားနဲ့ ကျုပ် အဆုံးအဖြတ်စင်မြင့် ပေါ်မှာ တိုက်ခိုက်ကြမယ်၊ တကယ်လို့ ခင်ဗျားနိုင်ရင် ကျုပ် ရှန်ကုန်းဂိုဏ်းကို ချမ်းသာပေးမယ်၊ နံပါတ်သုံး... ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးရမယ်၊ ခင်ဗျားတို့ရဲ့ မှော်လက်နက်သွန်းလုပ်နည်းလက်စွဲကျမ်းတွေ အကုန်အပ်ရမယ်၊ ပြီးရင် ခင်ဗျားတို့ဂိုဏ်း ထျန်းလန်နတ်ဘုရားမြို့တော်ကနေ လုံးဝ ရွှေ့ပြောင်းရမယ်"
ထို့နောက် သူ ခပ်ပြုံးပြုံးဖြင့် ဆက်ပြောလိုက်သည်။
"ကျုပ် ကြားတာတော့... ခင်ဗျားတို့လည်း တခြားနေရာကို ပြောင်းဖို့ စဉ်းစားနေကြတာပဲ မဟုတ်လား…. ကျုပ်က ဝိုင်းကူပေးတဲ့ သဘောပေါ့"
ဖေးချန်းချူး၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားရသည်။
"လော့ချန်…. မင်း တကယ့်ကို လွန်လွန်းလှပြီ၊ နောက်ဆုံးအချက်ကတော့ လုံးဝ မဖြစ်နိုင်တဲ့အရာပဲ၊ ငါ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တာ မှန်ပေမယ့် ရှန်ကုန်းဂိုဏ်းရဲ့ ဇစ်မြစ်က ဒီမြို့တော်ထဲမှာ အမြစ်တွယ် တည်ရှိနေသေးတာ၊ ဒါကို အပြီးစွန့်ခွာဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ မင်းရဲ့ ဒုတိယအချက်ကလည်း တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ အချက်ပဲ၊ မင်းက အခြေတည်အဆင့်အလယ်ပိုင်း ရောက်နေပြီး ဂိုဏ်းကြီးတစ်ခုရဲ့ ကျောထောက်နောက်ခံအပြင် တိုက်ပွဲအတွေ့အကြုံတွေလည်း အများကြီး ရှိနေတာကို.... ဒါကို တရားမျှတတဲ့ တိုက်ပွဲလို့ ခေါ်ဝံ့သေးတယ်ပေါ့"
လော့ချန်၏ အပြုံးများ ပျောက်ကွယ်သွားပြီး
"ဒါဆို.... ခင်ဗျား ပထမအချက်ကို ရွေးချယ်လိုက်ပြီပေါ့"
ဖေးချန်းချူး၏ မျက်လုံးများ သွေးရောင်လွှမ်းလာကာ
"လာရဲရင် လာခဲ့လေ…. မင်း ငါ့ရဲ့ ဂိုဏ်းတံခါးဝမှာ လပေါင်းများစွာ အချိန်ဖြုန်းပြီးတဲ့နောက် မင်းရဲ့ ဒန်ရှားတောင်ကော တည်ရှိနေဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"
လော့ချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီးနောက် သူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝေးရာသို့ ပျံသန်းသွားတော့သည်။
ဖေးချန်းချူးလည်း နှာခေါင်းတစ်ချက် ရှုံ့လျက် ချိုင့်ဝှမ်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ခဏမျှကြာသော် ကောင်းကင်နှင့် မြေပြင်အကြားတွင် ရွှေရောင်အတားအဆီးကြီးတစ်ခုသာ ထီးထီးကြီး ကျန်ရစ်တော့သည်။
….
လှေပေါ်သို့ ပြန်ရောက်သောအခါ လော့ချန်သည် လှေဦးတွင် ရပ်လျက် အောက်ဘက်ရှိ တဖျတ်ဖျတ် တောက်ပနေသော ရွှေရောင်အတားအဆီးကို စိုက်ကြည့်နေသည်။ ရှန်ကုန်းဂိုဏ်းကို ကာကွယ်ထားသော ထိုအစီအရင်ကို လက်ညွှန်းညွှန်ပြရင်း သူ မေးလိုက်သည်။
"မင်း အဲ့ဒီအစီအရင်ကို သိလား"
မင်လုံယွီ၏ အမူအရာမှာ လေးနက်သွားပြီး
"သိတာပေါ့ဗျာ…. ဒါက သံမဏိခံတပ်အစီအရင်ပဲလေ၊ လောကတစ်ခွင်မှာ ရှိသမျှ ဒုတိယအဆင့် အကာအကွယ်အစီအရင်တွေထဲက အကောင်းဆုံး ဆယ်ခုစာရင်းဝင် တစ်ခုပါ"
လော့ချန်က မျက်ခုံးတစ်ချက် ပင့်ရင်း မေးလိုက်သည်။
"အဲ့လောက်တောင် စွမ်းတာလားကွ"
မင်လုံယွီက ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေါ့ဗျ.... ဒါက ပတ်ဝန်းကျင်က မြေမျက်နှာသွင်ပြင်နဲ့ ဝိညာဉ်ကြောတွေရဲ့ စွမ်းအင်ကို စုပ်ယူပြီး မြေပြင်နဲ့ တစ်သားတည်း ချိတ်ဆက်ထားတာ…. ဒါကို လည်ပတ်လိုက်တာနဲ့ တစ်နယ်လုံးက သံမဏိတံတိုင်းကြီးတွေ ကာရံထားသလိုမျိုး မဖောက်ထွင်းနိုင်လောက်အောင် ခိုင်မာသွားတာပဲ"
လော့ချန်က ဇဝေဇဝါဖြင့်
"ဒါက…. အကာအကွယ်အစီအရင်အများစုရဲ့ အခြေခံသဘောတရားပဲ မဟုတ်ဘူးလား"
မင်လုံယွီက ရှင်းပြသည်။
"ဒါကြောင့်မို့လည်း ဒါကို လူသုံးအများဆုံး ဖြစ်နေတာပေါ့…. ဒါက ရိုးရှင်းပေမယ့် တည်ငြိမ်မှု ရှိတယ်၊ တခြား ဆန်းပြားပြီး ရှုပ်ထွေးတဲ့ အစီအရင်တွေက ထူးခြားတဲ့ စွမ်းအားတွေ ရှိနိုင်ပေမယ့်၊ သူတို့ရဲ့ ရှုပ်ထွေးမှုတွေကပဲ အဓိက ခံစစ်စွမ်းရည်ကို လျော့ကျစေတတ်တယ်"
လော့ချန် ခဏမျှ မှင်တက်သွားသော်လည်း သေချာစွာ ပြန်လည်တွေးတောကြည့်သည့်အခါ ထိုစကားက အမှန်ပင် ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ဥပမာအားဖြင့် လခြမ်းတောင်ကြား၌ အခြေချစဉ်က မြောင်ဝမ် ပေးခဲ့သော ဓာတ်ကြီးငါးပါးအစီအရင်ငယ်သည်ပင် အပြည့်အဝ တည်ဆောက်ပြီးပါက ဓာတ်ကြီးငါးပါးကို ဟန်ချက်ညီစွာ စီးဆင်းစေပြီး စွမ်းအင်ကို အဆက်မပြတ် ပြန်လည်ဖြည့်တင်းပေးသည်။ ထို့ကြောင့် အခြေတည်အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုပင် အကြိမ်အနည်းငယ် ခုခံနိုင်ခဲ့သည်။ သို့သော်လည်း ၎င်း၏ အားနည်းချက်မှာ ထိုဓာတ်ကြီးငါးပါး၏ စည်းချက်ကို ဖျက်ဆီးလိုက်သည်နှင့် တစ်ပြိုင်နက် အစီအရင်၏ စွမ်းအားတစ်ခုလုံး ချက်ချင်း ပြိုလဲသွားခြင်းပင် ဖြစ်သည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအဖို့ ထိုစည်းချက်ကို ဖျက်ဆီးရန်မှာ အလွန်လွယ်ကူလှပြီး လော့ချန်ကိုယ်တိုင်ပင် နည်းလမ်းများစွာ သိရှိထားသည်။
ထို့အပြင် ရှောင်ဟွမ်းတောင်တိုက်ပွဲတွင် တွမ်မျိုးနွယ်စု အသုံးပြုခဲ့သော ဘုံ ၇ ဆင့် ဝိညာဉ်ပျက်သုဉ်း အစီအရင်လည်း ရှိသေးသည်။ ၎င်းက တိုက်စစ်နှင့် ခံစစ် ပေါင်းစပ်ထားသည်ဟု ဆိုသော်လည်း တွမ်ဖုန်းက အဓိက မှော်လက်နက်အချို့ကို ဖျက်ဆီးလိုက်သည်နှင့် တစ်ပြိုင်နက် အစီအရင်တစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။ အချုပ်အားဖြင့် ဆိုရသော် အစီအရင်တစ်ခုသည် ပိုမိုရှုပ်ထွေးလေလေ ၎င်းကို ဖြိုဖျက်ရန် ပိုမိုလွယ်ကူလေလေပင် ဖြစ်သည်။ တိုက်ခိုက်သူထက် အစီအရင်ဆရာ၏ ကျင့်ကြံခြင်းအဆင့်က အဆမတန် သာလွန်နေခြင်းကမူ ခြွင်းချက်ဖြစ်သည်။
ယခုတွင်မူ ဖေးချန်းချူး၏ ယုံကြည်ချက်များ မည်သည့်နေရာမှ လာသည်ကို လော့ချန် နားလည်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ ယနေ့တွင် ရှန်ကုန်းဂိုဏ်းကို မဖြစ်မနေ ချေမှုန်းရမည်သာ ဖြစ်သည်။ ဤသည်မှာ ယခင် အင်အားစုလေးခုကို ချေမှုန်းခဲ့စဉ်ကနှင့် မတူချေ။ ရွှီချန်တောင်နှင့် ရှန်ကုန်းဂိုဏ်းတို့သည် လော့ထျန်းအဖွဲ့ကို အမှန်တကယ် ကြီးကြီးမားမား အပြစ်ပြုခဲ့ခြင်း မရှိချေ။ ဝေထော်နှင့် လုရုန်တို့သည် သူတို့ဘာသာ လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး သူတို့၏ မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းကို ကိုယ်စားမပြုချေ။ ထို့အပြင် လုရုန်သည် မည်သည့်အရာမျှ မလုပ်ရသေးမီမှာပင် ဝမ်ယွမ်၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့်ပင် လော့ချန်သည် ထိုဂိုဏ်းများကို ညှာတာမှု ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန် ထိုသူများအား အချိန်အလုံအလောက် ပေးခဲ့သည်။
လော့ထျန်းအဖွဲ့၏ တုံ့ပြန်မှုသည် ထိုဂိုဏ်းများ၏ တုံ့ပြန်မှုအပေါ်၌သာ မူတည်သည်။ ဤနည်းအားဖြင့် မည်သူကမျှ သူတို့အဖွဲ့အား မတရားအင်အားသုံးသည်ဟု အပြစ်မဆိုနိုင်တော့ချေ။ ရွှီချန်တောင်သည် စစ်ပြေငြိမ်းရန် လာရောက်တောင်းဆိုခဲ့သောကြောင့် လော့ချန် ကြည်ဖြူစွာ လက်ခံခဲ့သည်။ အလားတူပင် ရှန်ကုန်းဂိုဏ်း၏ ခုခံမှုအပေါ်တွင်လည်း လော့ထျန်းအဖွဲ့အနေဖြင့် သူတို့၏ အင်အားကြီးမားမှုကို လောကအား သိစေရန် ပေါ်တင်ပြသရမည် ဖြစ်သည်။ လော့ထျန်းအဖွဲ့ကို အပြစ်ပြုပါက ထိုက်တန်သော တန်ဖိုးကို ပေးဆောင်ရမည်ဟူသောအချက်ကို ပြသရပေလိမ့်မည်။
လော့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မင်လုံယွီအား မေးလိုက်သည်။
"မင်း ဒီအစီအရင်ကို ဖြိုဖျက်နိုင်မလား"
"လောကမှာ အပြစ်အနာအဆာမရှိတဲ့ အစီအရင်ဆိုတာ မရှိပါဘူး"
မင်လုံယွီက ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် သူ၏ အစီအရင်အိမ်မြှောင်ကို ထုတ်ယူကာ ဆိုလိုက်သည်။
"ဘယ်လောက်ပဲ စွမ်းတဲ့အစီအရင်ဖြစ်ဖြစ်၊ အားသာချက်နဲ့ အားနည်းချက် ရှိစမြဲပဲ၊ ဒီသံမဏိခံတပ်အစီအရင်က ဒုတိယအဆင့်ပဲ ရှိပါသေးတယ်၊ သူ့ကို မဖောက်ထွင်းနိုင်ဘူးဆိုတာက သာမန်လူတွေအနေနဲ့ သူ့ရဲ့ အားနည်းချက်ကို ရှာမတွေ့လို့ပဲ၊ ကျွန်တော့်ကို အချိန်နည်းနည်း ပေးမယ်ဆိုရင် သူ့ရဲ့ အားနည်းချက်ကို ရှာဖွေပြီး ဖျက်ဆီးနိုင်ပါတယ်"
လော့ချန် ဆက်မေးလိုက်သည်။
"မင်း အချိန်ဘယ်လောက် လိုမလဲ"
မင်လုံယွီသည် လော့ချန်၏ အလျင်စလိုဖြစ်နေမှုကို ခံစားမိပြီး အချိန်ဆွဲနေပါက အခြေအနေမဟန်နိုင်ကြောင်း ရိပ်မိသော်လည်း ကတိအလွယ်တကူတော့ မပေးဝံ့ချေ။
သူ အမှန်အတိုင်းပင် ဖြေလိုက်သည်။
"အမြန်ဆုံးဆိုရင် လဝက်…. အနှေးဆုံးဆိုရင်တော့ လပေါင်းများစွာ ကြာနိုင်ပါတယ်"
"အချိန်အကြာကြီးပဲ၊ ငါ အဲ့လောက်အထိ မစောင့်နိုင်ဘူး" လော့ချန် ပြတ်သားစွာ ဆိုလိုက်သည်။
"တကယ်လို့ ကျွန်တော်တို့ လူအင်အားသုံးပြီး အစီအရင်ကို အဆက်မပြတ် တိုက်ခိုက်ပြီး လှိုင်းထန်အောင် လုပ်နိုင်ရင်တော့ ဒီလုပ်ငန်းစဉ်က ပိုပြီး မြန်ဆန်လာနိုင်ပါတယ်"
လော့ချန်၏ မျက်လုံးများက လခြမ်းတောင်ကြားတိုက်ပွဲကို ပြန်လည်အမှတ်ရလျက် တဖျတ်ဖျတ် တောက်ပလာခဲ့သည်။ ထိုစဉ်က လခြမ်းတောင်ကြားတွင် ပထမအဆင့် မြေစောင့်အကာအကွယ်အစီအရင်ကို တည်ဆောက်ထားခဲ့သည်။ အမှန်စင်စစ် ထိုအစီအရင်သည် အခြေတည်အဆင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည်။ သို့သော်လည်း မင်လုံယွီ ၎င်းကို တစ်ညတည်းဖြင့် ဖြိုဖျက်နိုင်ခဲ့သည်။ အဓိကသော့ချက်မှာ တာကျန်းဂိုဏ်း၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် အစီအရင်မှာ ယိုင်နဲ့သွားပြီး ပေါ်ပေါက်လာသော အားနည်းချက်ကို မင်လုံယွီက အမိအရ ဆုပ်ကိုင်ကာ တစ်ချက်တည်းဖြင့် ဖြိုဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လော့ချန် မဆိုင်းမတွပင် ပြောလိုက်သည်။
"ဝမ်ယွမ်နဲ့ ငါအပါအဝင် ဒီမှာရှိတဲ့ လူအားလုံး မင်းရဲ့ အမိန့်အတိုင်း လိုက်နာမယ်၊ မင်းမှာ အချိန် သုံးရက် ရှိမယ်"
မင်လုံယွီ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပလာခဲ့သည်။ လော့ချန်နှင့် ဝမ်ယွမ်တို့၏ အပြည့်အဝ ကူညီမှုကို ရရှိမည်ဆိုသောကြောင့် သူ၏ ယုံကြည်မှုမှာ အဆမတန် မြင့်မားသွားခဲ့ပြီ ဖြစ်သည်။
"ကျွန်တော် အဖွဲ့ချုပ်ခေါင်းဆောင်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"
….
မကြာမီမှာပင် လူတိုင်းသည် လော့ချန်၏ အမိန့်ကို ရရှိခဲ့ကြပြီး သူတို့အားလုံးသည် မင်လုံယွီ၏ တိုက်ရိုက်အမိန့်အောက်သို့ ရောက်ရှိသွားခဲ့ကြသည်။ မင်လုံယွီသည်လည်း အချိန်ဆွဲမနေဘဲ ရှေ့သို့ တက်လှမ်းကာ သူ၏ အစီအစဉ်များကို တိကျပြတ်သားစွာ ချမှတ်တော့သည်။
"အဖွဲ့ဝင်အားလုံးကို ဓာတ်ကြီးငါးပါးအလိုက် အဖွဲ့ငါးဖွဲ့ ခွဲမယ်၊ မင်းတို့ ဘယ်ဓာတ်ကို အထူးပြု ကျင့်ကြံလဲ…. အဲ့ဒီအဖွဲ့ထဲကို ဝင်ကြပါ"
"ရွှေဓာတ်အဖွဲ့.... ရှေ့သို့ ထွက်ခဲ့၊ ရေဓာတ်အဖွဲ့…. ရှေ့သို့ ထွက်ခဲ့…."
ခဏမျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် လော့ချန်၏ လက်အောက်ရှိ ချီသန့်စင်အဆင့်နှောင်းပိုင်း ကျင့်ကြံသူ တစ်ရာကျော်မှာ အဖွဲ့အသီးသီးသို့ လျင်မြန်စွာ ကွဲပြားသွားကြသည်။
ဤအခြေအနေကို လော့ချန် စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေခဲ့သည်။ ကျင့်ကြံသူအများစုမှာ ရေ၊ သစ်၊ မီး သို့မဟုတ် မြေဓာတ်များကိုသာ အဓိက ကျင့်ကြံကြပြီး ရွှေဓာတ်ကို ကျင့်ကြံသူမှာမူ အလွန်ပင် နည်းပါးလှသည်။ ဤသည်မှာ ရွှေဓာတ်ပါရမီရှိသူ ရှားပါးလွန်း၍ မဟုတ်ချေ။ အဓိကအကြောင်းအရင်းမှာ ကျင့်ကြံခြင်းလောကတွင် ရွှေဓာတ်ကျင့်စဉ်များ အလွန်ပင် ရှားပါးလှသောကြောင့် ဖြစ်သည်။ လော့ချန်ကိုယ်တိုင်ပင်လျှင် သူ၏ခန္ဓာကိုယ်၌ ရွှေဓာတ်ပါရမီ အနည်းငယ် ပါရှိသော်လည်း ထိုလမ်းစဉ်ကို မလိုက်လှမ်းနိုင်ခဲ့ချေ။ အကယ်၍ ရွေးချယ်စရာသာ ရှိပါက ကျင့်ကြံသူအများစုသည် ရွှေဓာတ်မှော်အတတ်များကို မဆိုင်းမတွ ရွေးချယ်ကြပေလိမ့်မည်။ အဆင့်တူချင်း ယှဉ်လျှင် ရွှေဓာတ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အခြားဓာတ်ကြီးလေးပါးထက် ပိုမိုသာလွန်လှသောကြောင့် ဖြစ်သည်။ လော့ချန်၏ မဟာမိတ်များနှင့် ရန်သူများအားလုံးထဲတွင် ချင်လျန်ချန်းတစ်ဦးတည်းသာ ရွှေဓာတ်ကျင့်စဉ်ကို အမှန်တကယ် ကျွမ်းကျင်ခဲ့ခြင်း ဖြစ်ပြီး သူ၏ရွှေဓာတ်ကျင့်စဉ်မှာပင် မပြည့်စုံသဖြင့် ချီသန့်စင်အဆင့်အထွတ်အထိပ်သို့ တက်လှမ်းရန် အချိန်အလွန်အမင်း ကြာမြင့်ခဲ့ရခြင်း ဖြစ်သည်။
လော့ချန် ပျင်းပျင်းရိရိ ဤအရာများကို တွေးတောနေခြင်း မဟုတ်ချေ။ သူသည် လော့ထျန်းအဖွဲ့၌ စုဆောင်းမိထားသော ဒုတိယအဆင့် ကျင့်စဉ်မြောက်မြားစွာကို ပြန်လည်သုံးသပ်နေခြင်း ဖြစ်သည်။ ဂိုဏ်း၏ အမွေဆက်ခံမှုစနစ်ကို စတင်တည်ထောင်သည့်အခါ ပထမအဆင့်ကျင့်စဉ်များမှာ လုံလောက်တော့မည် မဟုတ်ချေ။ အနည်းဆုံးတော့ ရေရှည်တည်တံ့မည့် ဒုတိယအဆင့် ကျင့်စဉ်များ ရှိရပေလိမ့်မည်။ သို့မဟုတ်ပါက ဂရုတစိုက် ရွေးချယ်ထားသော တပည့်များသည် ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် အခြေတည်အဆင့်သို့ ရောက်သည့်အခါ ရှေ့ဆက်တက်ရန် လမ်းပျောက်သွားပေလိမ့်မည်။
လော့ချန်သည် လော့ထျန်းအဖွဲ့၌ ရှိသမျှ ဓာတ်အသီးသီး၏ ကျင့်စဉ်များကို စဉ်းစားရင်း မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
ရွှေဓာတ်အတွက်ဆိုလျှင် သီးသန့်ကျင့်စဉ် မရှိသဖြင့် ရွှေဓာတ်ပါရမီရှိသူ ရောက်လာပါက ပြုစုပျိုးထောင်ပေးရန် လမ်းမရှိချေ။ သစ်ဓာတ်အတွက်မူ နွယ်မြက်သစ်ပင်ဆေးဘုရင်ကျမ်းရှိပြီး သူကိုယ်တိုင်လည်း ၎င်း၏ ရှေ့ပြေးဖြစ်သော နွေဦးကျင့်စဉ်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်ထားသည်။ အကယ်၍ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာပါက သူကိုယ်တိုင်ပင် တပည့်အဖြစ် လက်ခံနိုင်သည်။ ရေဓာတ်အတွက်မူ တွမ်မျိုးနွယ်စုမှ သမုဒ္ဒရာဖြတ် လှိုင်းလုံးကျင့်စဉ် နှင့် ဝမ်ဟိုင်ချောင်ထံမှ အတိုင်းအဆမဲ့ပင်လယ်ကျင့်စဉ်တို့ ရှိသည်။ မီးဓာတ်အတွက်မူ ပေါင်းစပ်တန်ခိုးမီးကျမ်း၊ တောက်ပမီးလျှံကျမ်း နှင့် မိုးပြာရောင်မီးလျှံတံဆိပ်တို့ကို ရရှိထားသည်။ မြေဓာတ်အတွက်မူ တောင်ပြားတံဆိပ်ကျမ်း နှင့် မြေစောင့်တိတ်ဆိတ်ခြင်းကျမ်းတို့ ရှိသည်။
ထို့အပြင် ဓာတ်နှစ်ပါး ပူးတွဲကျင့်စဉ် သုံးခုလည်း ရှိသေးသည်။ တွမ်မျိုးနွယ်စုမှ ရေနှင့်မီး ပူးတွဲကျင့်စဉ်ဖြစ်သော ငရဲစမ်းရေ မီးလျှံနက်ကျင့်စဉ်ရှိသလို ကောင်းလင်လွင်ပြင်တိုက်ပွဲအတွင်း တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးထံမှ လုယူရရှိခဲ့သော ရွှေနှင့်ရေ ပူးတွဲကျင့်စဉ်ဖြစ်သည့် လေညင်းရွှေမိုးစက်ကျမ်း လည်း ရှိသည်။ ထို့အပြင် ဒန်ရှားတောင်ကို သိမ်းပိုက်စဉ်က တစ်ကိုယ်တော်ကျင့်ကြံသူ ချောင်ဝမ်ချွန်းထံမှ ရရှိခဲ့သော ရေနှင့်သစ်သား ပူးတွဲကျင့်စဉ်ဖြစ်သော ရေစပ်နန်းဆောင်ကျမ်းလည်း ရှိပြီး ဤသည်မှာ လော့ချန် ပိုင်ဆိုင်သမျှထဲတွင် အဖိုးတန်ဆုံးအရာ ဖြစ်သည်။
အားလုံးကို ပြန်လည်ရေတွက်ကြည့်ပြီးနောက် လော့ချန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထန်လာခဲ့သည်။ တစ်ချိန်က သူသည် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် ကျင့်စဉ်တစ်ခုရရန်အတွက် အလွန်ပင် ရုန်းကန်ခဲ့ရဖူးသည်။ သို့သော်လည်း ယခုအခါ မရေမတွက်နိုင်သော တိုက်ပွဲမြောက်မြားစွာကို ဖြတ်သန်းပြီးနောက် သူ၏လက်ထဲတွင် ဒုတိယအဆင့် အဓိကကျင့်စဉ်ပေါင်း (၁၁) ခုထက်မနည်း ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် တတိယအဆင့် မိစ္ဆာကျင့်စဉ်ဖြစ်သော နတ်ဘုရားတစ္ဆေလျှို့ဝှက်မှတ်တမ်းပင် ရှိသေးသည်။
ဤအခြေခံအုတ်မြစ်များဖြင့်ဆိုလျှင် တစ်ဖွဲ့လုံး၏ အမွေဆက်ခံမှုကို ထိန်းသိမ်းရန် လုံလောက်လှပြီ ဖြစ်သည်။
လော့ချန်၏ ရင်ထဲတွင် ဂုဏ်ယူစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။ သာမန်ဂိုဏ်းငယ်လေးများ သို့မဟုတ် ကျင့်ကြံသူမိသားစုများသည် ဤမျှလောက်များပြားသော ဒုတိယအဆင့် ကျင့်စဉ်များကို မည်သို့မျှ မစုဆောင်းနိုင်ချေ။ လော့ချန်ကိုယ်တိုင်ပင် မရေမတွက်နိုင်သော အခြေတည်အဆင့် ကျင့်ကြံသူများကို နှိမ်နင်းနိုင်ခဲ့သောကြောင့်သာ ဤမျှလောက် ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုလို အဆက်မပြတ် စုဆောင်းမှုများကြောင့်သာ ဤကြောက်မက်ဖွယ်ရာ အခြေခံအုတ်မြစ်ကြီးကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
သူ တွေးတောနေစဉ်မှာပင် မင်လုံယွီသည် အောက်ဘက်ကုန်းပတ်မှ လျှောက်လာပြီး "အဖွဲ့ချုပ်ခေါင်းဆောင်…. အားလုံး အဆင်သင့်ဖြစ်ပါပြီ" ဟု ဆိုလိုက်သည်။
"ဒါဆို.... စလိုက်တော့"
လော့ချန်က သူ၏ လက်မောင်းကို ရှေ့သို့ ဝှေ့ယမ်းလိုက်ပြီး ရှန်ကုန်းဂိုဏ်းကို ကာကွယ်ထားသော မဖောက်ထွင်းနိုင်လောက်ပုံရသည့် ရွှေရောင်အတားအဆီးကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ