← Chapters

အခန်း ၄၃၀

Vol. 43 Ch. 430

အခန်း ၄၃၀

Vol. 43 Ch. 430

အခန်း (၄၃၀) - ရှန်ကုန်းဂိုဏ်းသို့ ရောက်ရှိလာသော စစ်ကူသုံးဦး

ဘုန်းးး….

မီးနဂါးနှင့် ရွှေရောင်အတားအဆီးတံတိုင်းတို့ တိုက်မိသည့်အချိန်တွင် နားကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး ချက်ချင်း ပေါ်ထွက်လာသည်။

ပေါက်ကွဲသံမှာ မိုင်ပေါင်းရာချီ ဟိန်းထွက်သွားရာ ထျန်းလန်နတ်ဘုရားမြို့တော်အတွင်း၌ပင် အတိုင်းသား ကြားလိုက်ရလေသည်။ ထိုအသံမှာ နဂါးဟိန်းသံ၊ မိုးခြိမ်းသံနှင့် ရွှေနှင့်သံမဏိတို့ အချင်းချင်း ပွတ်တိုက်မိသည့် အသံများ ပေါင်းစပ်ထားသည့်အလား ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး ပျက်သုဉ်းသွားသကဲ့သို့ ခံစားရစေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ချက်ချင်းပင် မိမိတို့၏ လုပ်လက်စအလုပ်များကို ရပ်တန့်ကာ အသံလာရာ လမ်းကြောင်းဆီသို့ လှည့်ကြည့်လိုက်ကြတော့သည်။

ကောင်းကင်ထက်တွင်လည်း အရောင်အသွေးစုံလင်လှသော အလင်းတန်းများသည် စစ်တလင်းရှိရာနေရာဆီသို့ အရပ်မျက်နှာအနှံ့မှ စုပြုံပျံသန်းလာကြသည်။

ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရှိနေသောလော့ချန်သည် မြေပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားသည်နှင့်အမျှ ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။

‘ဒါက အစီအရင်ရဲ့ စွမ်းအားလား…. ခုနက တိုက်ခိုက်မှုရဲ့ စွမ်းအားက မြေပြိုအတတ်ထက်တောင် မလျှော့ဘူး’

ကျင့်ကြံခြင်းလောကတွင် ဆေးလုံး၊ အစီအရင်၊ လက်နက်၊ မှော်စာရွက်၊ ရုပ်သေး၊ သားရဲ…. ဟူ၍ ကျင့်ကြံခြင်း အတတ်ပညာမြောက်မြားစွာ ရှိသည့်အနက် ဆေးလုံးက နံပါတ် (၁)၊ အစီအရင်က နံပါတ် (၂)၊ လက်နက်က နံပါတ် (၃) ဟု ပြောစမှတ် ပြုကြသည်။

ဆေးလုံးအား နံပါတ် (၁) ထားခြင်းကို မည်သူမျှ မငြင်းဆန်ကြပေ။ သို့သော် လက်နက်ကို အစီအရင်၏ နောက်သို့ ပို့ထားခြင်းမှာ အငြင်းပွားစရာ ဖြစ်နေတတ်သည်။ အကြောင်းမှာ လက်နက်ဟူသည် ကျင့်ကြံသူတိုင်း အသုံးပြုနေရပြီး ဆေးလုံးနှင့် မခြားနားသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် အစီအရင်ကို လက်နက်ထက် ပိုအရေးပါသည်ဟု သတ်မှတ်ရသည်ကို တော်တော်များများက နားမလည်နိုင် ဖြစ်ကြရသည်။ ထို့အတွက်ကြောင့် ဆေးလုံး၊ လက်နက်၊ အစီအရင် ဟူ၍ အစဉ်လိုက်ကို ပြောင်းလဲရန် ကြိုးစားသူများ ရှိခဲ့သော်လည်း ဂိုဏ်းကြီးများအမြင်တွင်မူ ရယ်စရာမျှသာ ဖြစ်ခဲ့သည်။

အစီအရင်ပညာရပ်၏ အသုံးချပုံမှာ အကန့်အသတ်မရှိဘဲ စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ကျယ်ပြန့်သည်။ ကျင့်ကြံခြင်း၊ တိုက်ခိုက်ခြင်း၊ ခံစစ်ပြင်ခြင်း သို့မဟုတ် ချီစွမ်းအင်များကို ချိတ်ပိတ်ခြင်း စသဖြင့် နေရာတိုင်းတွင် မရှိမဖြစ် လိုအပ်လှသည်။ အစီအရင်ပညာရှင်များအမြင်တွင်မူ ကောင်းကင်နှင့် မြေကြီးသည်ပင်လျှင် နိယာမများဖြင့် တည်ဆောက်ထားသော အစီအရင်ကြီး တစ်ခုဖြစ်ပြီး တောင်တန်းမြစ်ချောင်းများမှာလည်း အစီအရင်ပညာရပ်၏ ဖော်ပြချက်များသာ ဖြစ်သည်။

ယခုအချိန်တွင်မှ လော့ချန်သည် ထိုအမှန်တရားကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် စစ်တလင်း အလယ်တွင် ရပ်နေရမှသာ ကြိုတင်ပြင်ဆင်ထားသော အစီအရင်တစ်ခု မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။

စောနေက တိုက်ခိုက်မှုမှာ မီးနဂါးကိုးဆင့်အစီအရင်၏ ပထမဆုံးသော တိုက်ကွက်မျှသာ ရှိသေးသည်။ သို့သော် ထိုပထမဆုံးသော တိုက်ကွက်ကပင် သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။

‘ဒါဆိုရင်…. ဒီအစီအရင်သာ ကိုးခုမြောက် တိုက်ကွက်အထိ ရောက်သွားရင် ဘယ်လောက်တောင် စွမ်းအားကြီးမားလိမ့်မလဲ….’

အခြေတည်အလယ်ပိုင်းအဆင့်ကို ကျော်လွန်သွားမည်လော။ အခြေတည် နှောင်းပိုင်းအဆင့်သို့ ရောက်မည်လော။ သို့မဟုတ် ဒုတိယအဆင့် အစီအရင်၏ စွမ်းအားသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူအား ယှဉ်နိုင်လောက်မည်လော။

လော့ချန် မခန့်မှန်းနိုင်ချေ။ မင်လုံယွီ၏ နောက်ကျောကို ကြည့်ရင်း သူ့အတွက် ထိုလူ၏ အရေးပါမှုမှာ ပိုမို တိုးပွားလာသည်။ မိမိဘက်သို့ ကူးပြောင်းလာသော ထိုလူမှာ အခြေတည်အဆင့်ရောက်ပြီးနောက် တဖြည်းဖြည်း ပိုမို အရေးပါလာသည်။ ဒန်ရှားကာကွယ်ရေးစစ်ပွဲဖြစ်စေ၊ ကန်းမျိုးနွယ်စုကို တစ်ယောက်တည်း ဖျက်ဆီးသည့် စစ်ပွဲဖြစ်စေ၊ စွမ်းရည်များကို အပြည့်အဝ ပြသနိုင်ခဲ့သည်။ ယခု ရှန်ကုန်းဂိုဏ်းကို တိုက်ခိုက်ရာတွင်လည်း သူ၏ အားသာချက်ကို အစွမ်းကုန် ထုတ်ဖော်ပြသလိုက်သည်။

‘ငါ သူ့ကို ရွေးချယ်ခဲ့တာ သိပ်မှန်တာပဲ’

လော့ချန် ခံစားချက်ကို ထိန်းချုပ်လိုက်ပြီးနောက် စိတ်အာရုံကို ပြန်လည်စုစည်းလိုက်သည်။

အခြားသူများကဲ့သို့ ဒုတိယမြောက် တိုက်ကွက်ကို စောင့်မျှော်မနေတော့ဘဲ သူ၏ဝိညာဉ်အာရုံကို အပြင်ဘက်သို့ ဖြန့်ကြက်လိုက်ပြီး လည်ပတ်နေဆဲဖြစ်သော မီးနဂါးကိုးဆင့်အစီအရင်ထဲသို့ ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်သည်။ မကြာမီပင် အစီအရင်၏ ဗဟိုချက်ကို ထိန်းချုပ်ထားသော သူ၏ ရွှေမီးဓားကို ရှာတွေ့လိုက်သည်။ သူသည် ထိုရတနာဓားအား ၅ နှစ် ၆ နှစ်ခန့် သန့်စင်ထားပြီး ဖြစ်သည်။ အကယ်၍သာ ယခုအချိန်တွင် ထိုဓားကို အသုံးပြုပါက ၎င်း၏ တိုက်ခိုက်နိုင်သည့် အကြိမ်အရေအတွက်နှင့် ဖျက်ဆီးနိုင်စွမ်းမှာ ယခင် ဝမ်ဟိုင်ချောင်အသုံးပြုစဉ်ကထက် များစွာ သာလွန်ပေလိမ့်မည်။

အဆင့်တူချင်း ယှဉ်လျှင်ပင် အကြိမ် ၅ ကြိမ်အထိ အစွမ်းကုန် အသုံးပြုနိုင်သည်။ တိုက်ကွက်တစ်ခုချင်းစီက ဓား၏ စွမ်းအား လေးဆယ်ရာခိုင်နှုန်းကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ထိပ်တန်းအဆင့် မှော်လက်နက်ထက်ပင် သာလွန်နေသည်။ အခြေခံတည်အဆင့် တိုက်ပွဲများတွင် ဤဓားမှာ ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ဖြစ်သည်။ သို့သော် အဆင့်ကျော်လွန်၍ အသုံးပြုခြင်းမှာ ကျင့်ကြံသူအတွက် အလွန်ပင်ပန်းလှသည်။ စွမ်းအားကြီးသလို အသုံးစရိတ်မှာလည်း မနည်းလှချေ။

ထို့ကြောင့် သူသည် ချက်ချင်း ထုတ်လွှတ်နိုင်သော မှော်အတတ်များကိုသာ ပိုမို နှစ်သက်သည်။ ထို့ကြောင့်ပင် ချင်းဟွာမြစ်တိုက်ပွဲတွင် ဤဓားကို အသုံးမပြုခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ ဟူညီအစ်ကိုများကိုဖြစ်စေ၊ ဝေထော်ကိုဖြစ်စေ အထင်သေး၍ မဟုတ်ချေ။

“မင်လုံယွီ ပြောဖူးသလိုပဲ၊ ဒီအစီအရင်ရဲ့ စွမ်းအားကို အသုံးပြုပြီး ရတနာကို သန့်စင်ရင် နှစ်ပေါင်းများစွာ အချိန်ကုန်သက်သာမယ်၊ တကယ်သာဆိုရင်တော့ မိုက်တာပေါ့”

လော့ချန် မဆိုင်းမတွပင် မြေပြင်ပေါ် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မင်လုံယွီ သင်ကြားပေးထားသော နည်းလမ်းအတိုင်း သူ၏ ဝိညာဉ်အသိစိတ်ဖြင့် တံဆိပ်တစ်ခု ဖန်တီးကာ အစီအရင်နှင့် ဟန်ချက်ညီစေရန် ချိတ်ဆက်လိုက်တော့သည်။ အစပိုင်းတွင် အစီအရင်က သူ့အား ငြင်းပယ်သလို ဖြစ်နေသော်လည်း ဝိညာဉ်အာရုံဖြင့် ချိတ်ပိတ်ပြီးနောက် အစီအရင်က သူ့အား အသိအမှတ်ပြုလာသည်။

“တကယ်ပဲ၊ အစီအရင်ရဲ့ ဗဟိုချက်က ငါ အချိန်အကြာကြီး သန့်စင်ထားတဲ့ ရွှေမီးဓားဖြစ်နေတော့ ငါ့ကို မငြင်းပယ်တော့ဘူးပဲ၊ နဂါးအသွင်ပြောင်းခြင်းချိတ်ပိတ်မှုနဲ့ ဖုံးကွယ်ထားလိုက်ရင် ငါဟာ အစီအရင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားနိုင်တယ်”

အတွေးများ လွင့်မျောနေစဉ် လော့ချန်၏ ဝိညာဉ်အာရုံမှာ ရွှေမီးဓားထဲသို့ ရောက်ရှိသွားသည်။ ထိုအခိုက်အတန့်တွင် သူသည် ဓားဝိညာဉ်တစ်ခုအလား ဖြစ်သွားသည်။ ထိုမျှသာမက အစီအရင် လည်ပတ်နေစဉ်တွင် သူသည် အစီအရင်ဝိညာဉ်တစ်ခုကဲ့သို့လည်း ဖြစ်သွားပြန်သည်။

‘ဒီ နဂါးအသွင်ပြောင်းချိတ်ပိတ်မှု က တကယ့်ကို ဆန်းပြားပြီး အံ့ဩဖို့ကောင်းပါလား…’

လော့ချန် စိတ်ထဲမှ ချီးမွမ်းမိသွားသည်။ သူသည် အချိန်ဆွဲမနေတော့ဘဲ ရွှေမီးဓားကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ မီးဓာတ်စွမ်းအင်များကို စုပ်ယူတော့သည်။ မီးဓာတ်စွမ်းအင်များ စီးဝင်လာသည်နှင့်အမျှ ဓားဝိညာဉ်နှင့် အစီအရင်ဝိညာဉ်တို့ ပေါင်းစပ်သွားပြီး ဓားအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းမှာလည်း ပိုမိုကျွမ်းကျင်လာတော့သည်။

....

လော့ချန်တစ်ယောက် အစီအရင်ကို အသုံးပြု၍ မှော်ရတနာကို သန့်စင်နေစဉ် မင်လုံယွီ၏ ရှန်းကုန်းဂိုဏ်းအပေါ် တိုက်ခိုက်မှုမှာ ပိုမို ပြင်းထန်လာသည်။ ပထမတိုက်ကွက်မှာ စမ်းသပ်မှုမျှသာ ဖြစ်ပြီး ပထမရက် ညနေစောင်းတွင် သူသည် အစီအရင်၏ စွမ်းအားကို တတိယတိုက်ကွက်အထိ မြှင့်တင်လိုက်ပြီ ဖြစ်သည်။

ယခုအခါ မီးနဂါး၏ တိုက်ခိုက်မှုမှာ အခြေတည်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ရှန်ကုန်းဂိုဏ်း၏ ရွှေရောင်အတားအဆီးတံတိုင်းကြီးမှာ ယခင်ကဲ့သို့ တည်ငြိမ်မှု မရှိတော့ဘဲ တိုက်ခိုက်မှုတစ်ကြိမ်တိုင်းတွင် ရွှေရောင်လှိုင်းများ ဖြာထွက်နေသည်။

ဒုတိယနေ့မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။

မင်လုံယွီသည် အစီအရင်၏ စတုတ္ထတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ အသစ်ထွက်ပေါ်လာသော မီးနဂါး၏ ခန္ဓာကိုယ်ထက်တွင် နဂါးအကြေးခွံများပင် ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

ဤတိုက်ခိုက်မှု၏ စွမ်းအားကြောင့် ပတ်ဝန်းကျင်ရှိ ပွဲကြည့်ကျင့်ကြံသူများ မှင်တက်သွားကြရသည်။ ဘေးလူများပင် ထိုမျှ ထိတ်လန့်နေပါက ရှန်ကုန်းဂိုဏ်းအတွင်းရှိ လူများ၏ အခြေအနေမှာ ပြောနေစရာပင် မလိုတော့ချေ။

အစီအရင် ထိန်းချုပ်ရာ အခန်းထဲသို့ ဖေးချန်းချူး ဝင်လာချိန်တွင် အကြီးအကဲမှာ စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေသည်။

“ဒါ…. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…. ဘာလို့ ဒီလိုဖြစ်ရတာလဲ”

ဖေးချန်းချူး စိုးရိမ်တကြီး မေးလိုက်သည်။

“မင်း ငါ့ကို မခြောက်ပါနဲ့…. ဘာဖြစ်လို့လဲ”

အကြီးအကဲမှာ သတိပြန်ဝင်လာပြီး တုန်တုန်ရီရီ ပြောလိုက်သည်။

“လော့ထျန်းအဖွဲ့ရဲ့ တိုက်ခိုက်မှုတိုင်းက အခြေတည်နှောင်းပိုင်းအဆင့်ထက်တောင် ကျော်လွန်နေပြီ….”

ဖေးချန်းချူး မျက်မှောင်ကြုတ်သည်။

“ဘာပြောတယ်…. မင်းပြောတော့ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေ လာတိုက်ခိုက်ရင်တောင် လအတော်ကြာ တောင့်ခံနိုင်တယ်ဆို”

“မတူဘူး…. ဒါက မတူဘူး”

အကြီးအကဲက ရုတ်တရက် ခေါင်းကို မော့လိုက်သည်။

“သူတို့ဘက်မှာ အစီအရင်ဆရာကြီးတစ်ယောက် ပါနေတယ်၊ သူက အားသုံးပြီး ဖျက်ဆီးတာ မဟုတ်ဘူး၊ ဓာတ်ကြီးငါးပါး အပြန်အလှန် ပံ့ပိုးမှုကို သုံးနေတာ၊ အခု မီးဓာတ်နဲ့ ရွှေဓာတ်ကို သုံးပြီး ကျွန်တော်တို့ သံမဏိခံတပ်အစီအရင်ကို ဖျက်ဆီးနေတာ”

ဖေးချန်းချူး၏ မျက်နှာထား ပြောင်းလဲသွားသည်။ သို့သော် သူ၏ စိတ်ထဲတွင် မျှော်လင့်ချက် ရှိနေသေးသည်။

“ငါတို့ အစီအရင်ကို ဖွဲ့စည်းတုန်းက ရွှေဓာတ်နဲ့ မြေဓာတ်ကို ထည့်သွင်းထားတာ မဟုတ်ဘူးလား”

မီးသည် ရွှေကို ဖိနှိပ်နိုင်သော်လည်း မြေဓာတ်ကို ဖိနှိပ်နိုင်ရန်မူ မလွယ်ကူပေ။ ထို့အပြင် တောင်တန်းများ၏ ဝိညာဉ်ကြော ပံ့ပိုးမှုကြောင့် မိမိတို့၏ အစီအရင်သည် ထိုတိုက်ခိုက်မှုများကို လုံးဝ တန်ပြန်နိုင်ရမည် ဖြစ်သည်။

သို့သော်လည်း အကြီးအကဲက ခါးသီးစွာ ရယ်မောလျက် ဆိုသည်။

“ပြောင်းလဲသွားပြီ…. အရာအားလုံး ပြောင်းလဲသွားပြီ၊ လောကမှာ မပြောင်းလဲတဲ့ အစီအရင် ဆိုတာ မရှိဘူး၊ ကျွန်တော်တို့ ရှန်ကုန်းဂိုဏ်းက လက်နက်သွန်းလုပ်ခြင်းကို အဓိကထားတာမို့လို့ နှစ်တိုင်း အစီအရင်ကို အသစ်ပြင်ဆင်တဲ့အခါ ရွှေဓာတ်သတ္တုတွေကိုပဲ အများကြီး ထည့်ထားခဲ့မိတယ်၊ အခုဆိုရင် အစီအရင်တစ်ခုလုံးကို ရွှေဓာတ်က လွှမ်းမိုးနေပြီး မြေဓာတ်ကတော့ ပျက်စီးသွားပြီ”

ဖေးချန်းချူး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ထွက်ပေါ်လာသည်။

အကြီးအကဲ၏ စကားမှာ မဆုံးသေးချေ။

“သူတို့ရဲ့ အစီအရင်ပညာရှင်က ကျွန်တော်တို့ အားနည်းချက်ကို ရှာတွေ့သွားပြီး မီးဓာတ်အစီအရင်ကို တည်ဆောက်လိုက်တာ၊ ပြီးတော့…. ဒါက အစပဲ ရှိသေးတယ်”

“နှစ်ဝက် နေနေသာသာ ကျွန်တော် စိုးရိမ်တာက…. ကျွန်တော်တို့ ခြောက်ရက်တောင် တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”

....

ခုနစ်ရက် ဆိုသည်မှာ မင်လုံယွီ၏ ခန့်မှန်းချက် ဖြစ်သည်။

သို့သော် ယခုအခြေအနေတွင် ခုနစ်ရက်ပင် မလိုတော့ချေ။

“အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ရွှေမီးဓားက အဆင့်နိမ့်မှော်ရတနာ ဖြစ်ပေမဲ့ မီးဓာတ်စွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်းက အံ့ဩဖို့ကောင်းလွန်းတယ်…. အရင်က ငါ ဒါကို ဒါကိုထည့်မတွက်မိလိုက်ဘူး”

မင်လုံယွီ တီးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာသည်။

“ဒီအတိုင်းဆိုရင်…. ငါးရက်တည်းနဲ့ လုံလောက်ပြီ…. လုံလောက်တာထက်ကို ပိုတယ်….”

‘ငါးရက်’

မင်လုံယွီ၏ မျက်လုံးများမှာ တောက်ပနေပြီး အစီအရင်၏ စွမ်းအားအားလုံးကို အစွမ်းကုန် ထုတ်ဖော်ကာ ဆက်လက်ညွှန်ကြားနေတော့သည်။

တတိယမြောက်နေ့တွင် မီးနဂါးသည် ပဉ္စမမြောက်တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

စတုတ္ထမြောက်နေ့တွင် မီးနဂါးသည် ဆဋ္ဌမမြောက် တိုက်ကွက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

....

ပဉ္စမမြောက်နေ့၏ နံနက်ခင်းတွင်မူ လက်နက်ကို အပြည့်အဝ အာရုံစိုက် သန့်စင်နေသော လော့ချန် ရုတ်တရက် နိုးထလာသည်။ သူ ခေါင်းကိုမော့လိုက်ပြီး အရှေ့တောင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရာ ဝေးလံသော နေရာမှ အလင်းတန်းတစ်ခု လျင်မြန်စွာ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ထိုအလင်းတန်း မှေးမှိန်သွားသည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကြား တိုးတိုးတိတ်တိတ်ပြောဆိုသံများ ထွက်ပေါ်လာသည်။

“မုတ်ဆိတ်ဖြူ၊ မျက်ခုံးရှည်၊ မျက်နှာနီနီနဲ့ သံမဏိဓား... ဒါ သံဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျိုးစုန်း မဟုတ်လား...”

“ဂိုဏ်းချုပ်ကျိုးစုန်းကို မင်းနာမည်တပ် ခေါ်ရဲတယ်ပေါ့…. သတိထားစမ်း….”

“သူက ဒီရက်ပိုင်းထဲ တိုက်ပွဲကို လာကြည့်တဲ့ ပထမဆုံး အခြေတည်နှောင်းပိုင်း ကျင့်ကြံသူပဲကွ”

“သူ ဘာလို့ ဒီကိုရောက်လာတာလဲ…. မဟုတ်မှလွဲရော သူ....”

လူအုပ်ကြီး ဆူညံနေစဉ် လော့ချန် ကောင်းကင်သို့ ပျံတက်သွားသည်။

“မိတ်ဆွေ…. ခင်ဗျား လာကြည့်နိုင်တဲ့ နေရာက ဒီထိပါပဲ”

ကျိုးစုန်း ရပ်တန့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ချီစွမ်းအင်များ ပြင်းထန်စွာ စီးဆင်းနေကာ သူ၏ ခြေဖဝါးအောက်ရှိ ဓားရှည်ကြီးမှာလည်း အနည်းငယ် တုန်ခါနေသည်။ သူသည် ဓားကျင့်ကြံသူ ဖြစ်သော်လည်း ရိုးရိုးဓားကျင့်ကြံသူ မဟုတ်ဘဲ ချီစွမ်းအင်ဖြင့် ဓားကို ထိန်းချုပ်သည့် လမ်းစဉ်ကို ကျင့်ကြံသူ ဖြစ်သည်။

သူ လော့ချန်ကို ကြည့်ကာ လုပ်ပြုံးပြုံးလိုက်ရင်း

“မီးနတ်ဘုရားလော့…. စိတ်လျှော့ပါ၊ အလွန်အကျွံ မလုပ်ပါနဲ့၊ သူတို့ကို ဒီလောက်အထိ လုပ်ဖို့ လိုမှမလိုတာ”

လော့ချန် သူ့အား အေးစက်စွာ ကြည့်လိုက်သည်။

“ဪ…. ပြီးခဲ့တဲ့ရက်ပိုင်းက ခင်ဗျား အိပ်ပျော်နေတာထင်တယ်”

ကျိုးစုန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။ ဖေးချန်းချူးက သူ့အား အသံလွှင့်ကျောက်စိမ်းပြားမှတစ်ဆင့် ကမ်းလှမ်းမှုတစ်ခု လုပ်ထားသည်ကို သူ ထုတ်ပြော၍ မရပေ။ သူ စကားရှာနေချိန်တွင် နောက်ထပ် အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ သူ့နောက်တွင် ဆင်းသက်လိုက်သည်။ လူအများကြား နောက်ထပ် ဆူညံသံများ ထွက်ပေါ်လာပြန်သည်။

“ဒါ ယွီကျစ်နတ်သမီး မဟုတ်လား”

“သူမလည်း ရောက်လာတာပဲ…. သူမလည်း ရှန်ကုန်းဂိုဏ်းအတွက် တောင်းပန်ပေးဖို့ လာတာလား….”

“ယွီကျစ်နတ်သမီးက ပေါင်းသင်းဆက်သွယ်ရေး အရမ်းကောင်းတာလေ၊ ရှန်ကုန်းဂိုဏ်း ဂိုဏ်းချုပ်နဲ့လည်း ရင်းနှီးမှာပေါ့….”

လူအများ တိုးတိုးတိတ်တိတ် ပြောနေသည့် ထိုအမျိုးသမီးမှာ အရပ်ရှည်ပြီး သွယ်လျလှပသော ခန္ဓာကိုယ်ရှိကာ သူမ၏ ခါးမှာလည်း အလွန် သေးသွယ်လှသည်။ အသားအရေမှာ ပုလဲကဲ့သို့ ဖြူစင်နေပြီး စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့များ သူမထံမှ ထွက်ပေါ်နေသည်။ သူမ မဆင်းသက်ခင်ကတည်းက သူမ၏ ကိုယ်သင်းရနံ့မှာ လူအများကြား ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

လော့ချန် နှာခေါင်းကို ရှုံ့လိုက်ကာ လိပ်အသက်ရှူကျင့်စဉ်ကို အသုံးပြု၍ သူ၏ အသက်ရှူခြင်းကို ပိတ်ဆို့လိုက်တော့သည်။

သူထိုအမျိုးသမီးကို သိသည်။ သူတို့ ယခင်က အကြိမ်အနည်းငယ်ပင် တွေ့ဆုံဖူးသည်။ သူမမှာ ပင်း - ၁၇ ဂူဗိမာန်၏ ပိုင်ရှင်ဟောင်းဖြစ်သော လင်းယွီကျစ်ပင် ဖြစ်ပေသည်။

ထူးဆန်းသည်မှာ သူမ ဒုတိယအဆင့် အဆင့်မြင့် ဂူဗိမာန်တစ်ခုကို မည်သို့ ရရှိထားသနည်းဟူသည့် အချက်ပင် ဖြစ်သည်။ သူမသည် အခြေတည်အဆင့် (၆) တွင် ရှိနေသော်လည်း ထိုအရာက မလုံလောက်သေးချေ။ အကြောင်းမှာ လင်းယွီကျစ်သည် မည်သည့် ကျင့်ကြံခြင်းမျိုးနွယ်စု၏ အကြီးအကဲမှ မဟုတ်သလို မည်သည့် အင်အားကြီးအဖွဲ့အစည်းနှင့်မှလည်း ပတ်သက်ခြင်း မရှိဘဲ ထူးခြားသော စွမ်းရည်ရှိပုံလည်း မရသောကြောင့်ပင်။ သို့သော် သူမသည် ထိုကဲ့သို့သော အဆင့်မြင့် ဂူဗိမာန်တစ်ခု၏ ကုန်ကျစရိတ်ကို တောင့်ခံထားနိုင်ဆဲ ဖြစ်သည်။

သူမ၏ နောက်ကြောင်းကို လော့ချန် စုံစမ်းဖူးရာ ရရှိလာသော အဖြေကြောင့် သူ ဆွံ့အသွားခဲ့ရဖူးသည်။

အတိတ်ကာလ လင်းယွီကျစ် အခြေတည်အစောပိုင်းအဆင့်တွင် ရှိစဉ်က ဘုရင်မပန်းဂိုဏ်း၏ ရွှေအမြုတေကျင့်ကြံသူကြီး သုံးဦးထဲမှ တစ်ဦးဖြစ်သော ရနံ့သခင်နှင့် ခဏတာ ချစ်ကျွမ်းဝင်ခဲ့ဖူးသည်။ ရနံ့သခင် ကွယ်လွန်သွားပြီးနောက် သူမအတွက် များပြားလှသော ပိုင်ဆိုင်မှုများ ချန်ထားပေးခဲ့သည်။ ထို့ကြောင့်ပင် သူမ အခြေတည်အလယ်ပိုင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာမက သူမသည် ရနံ့သခင်၏ နာမည်နှင့် အဆက်အသွယ်များကို အားကိုးကာ ထျန်းလန် နတ်ဘုရားမြို့တော်အတွင်း အထက်တန်းလွှာများနှင့် ရောနှောကာ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအဖြစ် အဆင်ပြေပြေ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

လော့ချန်အား ဆွံ့အသွားစေရသည့် အကြောင်းရင်းမှာ ကောလာဟလအရ ထိုရနံ့သခင်မှာ အမျိုးသမီးတစ်ဦး ဖြစ်နေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုနှစ်ဦးသည်…..။

ရုတ်တရက် လင်းယွီကျစ်၏ အသံထွက်ပေါ်လာသည်။

“လော့ချန်…. ဒီလောက်ထိ မလုပ်ပါနဲ့၊ အားလုံးက ဒီမြို့မှာ နေကြတဲ့ ကျင့်ကြံသူအချင်းချင်းပဲဥစ္စာ….. နောက်လည်း ဒီမျက်နှာတွေက မြင်နေရဦးမှာပဲကို”

သူမ၏ စကားလုံးများမှာ ယဉ်ကျေးသော်လည်း သူမ၏ လေသံမှာမူ သိသိသာသာ အထက်စီးဆန်နေသည်။

လော့ချန် သူမအား တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ ကျိုးစုန်းကဲ့သို့ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင် သူ့အား မီးနတ်ဘုရားဟု ခေါ်ဆိုခဲ့သော်လည်း သူမကမူ နာမည်တပ် ခေါ်နေခြင်း ဖြစ်သည်။ လော့ချန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မျက်နှာလွှဲကာ နောက်ဆုံး ရောက်ရှိလာသော လူအား တစ်ချက်ကြည့်လိုက်သည်။ ထူးဆန်းသည်မှာ ထိုလူသည်လည်း အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်း ပင် ဖြစ်သည်။

“မိတ်ဆွေနာမည် ဘယ်လိုခေါ်လဲ” ဟု လော့ချန် မေးလိုက်သည်။

ထိုလူမှာ ပိန်လှီလွန်းလှပြီး အရိုးငေါငေါ ထွက်ပေါ်နေကာ ထူးဆန်းလွန်းလှသည်။

သူ တည်ငြိမ်စွာပင် ဆိုသည်။

“မိတ်ဆွေလော့…. ကျုပ်က လော့ဖုန်း ပါ”

‘လော့ မျိုးရိုးပေါ့’

လော့ချန် မျက်ခုံးတစ်ချက် ပင့်ရင်း မေးလိုက်သည်။

“လော့ရှားဈေးမြို့တော်က ထင်တယ်”

“ဟုတ်ပါတယ်…. ကျုပ်ပါပဲ” လော့ဖုန်းက သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း ဂါရဝပြုလိုက်သည်။

လူသုံးဦးကို ကြည့်ရင်း လော့ချန် တိတ်ဆိတ်သွားသည်။ ဖေးချန်းချူးတစ်ယောက် ဤသုံးဦးအား ဖိတ်ခေါ်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။ ဤသည်မှာ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သည့် ဆက်ဆံရေးများလော။

လော့ချန် တိတ်ဆိတ်နေစဉ် တစ်ဖက်လူသုံးဦးမှာလည်း အရာရာကို အကဲခတ်နေသည်။

ကျိုးစုန်းသည် လော့ချန်၏ နောက်ရှိ အစီအရင်ကြီးကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားပြီး စိတ်ထဲတွင်လည်း နောင်တအနည်းငယ် ရမိသွားသည်။ သို့သော် ဘေးနားတွင် လော့ဖုန်း ရှိနေသဖြင့် သူ အနည်းငယ် စိတ်အေးသွားသည်။ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦး ရှိနေလျှင် လော့ချန် တပ်ပြန်ဆုတ်လိမ့်မည်ဟု သူ ယုံကြည်သည်။

လော့ဖုန်းလည်း အစီအရင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ ၎င်းမှာ အစွမ်းကုန် လည်ပတ်နေခြင်း မဟုတ်သေးသော်လည်း သူတို့ကဲ့သို့သော အခြေတည်နှောင်းပိုင်း ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်နေပြီ ဖြစ်သည်။

လင်းယွီကျစ်မှာမူ မျက်နှာထား သိသိသာသာ ပျက်ယွင်းနေသည်။ လော့ချန် သူမအား လုံးဝ အဖတ်မလုပ်နေဘဲ လျစ်လျူရှုနေခြင်း ဖြစ်သည်။ သူမစကားကိုပင် အဖတ်လုပ် ပြန်မဖြေပေ။ အတိတ်က သူမ အထင်သေးခဲ့သော တောသားလေးတစ်ယောက်က ယခုအခါ လူအများ၏ ရှေ့တွင် သူမအား ပေါ်တင် အရှက်ခွဲနေလေပြီ။ သူမ၏ ရင်ထဲဝယ် ဒေါသမီးများ တောက်လောင်လာပြီး ကြားဝင်စေ့စပ်ပေးရန် စိတ်ကူးမရှိတော့ချေ။

‘ဟွန့် အဲ့လောက်ဖြစ်နေတာ…. ငါတို့ဘက်မှာ အခြေတည်နှောင်းပိုင်း ကျင့်ကြံသူ ၂ ယောက်ရှိတယ်…. နင့်လို ကောင်လေးကို သတ်ဖို့က ဘာမှခက်ခဲမနေဘူး’

ရုတ်တရက် လော့ချန် သူတို့သုံးဦးကို ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားတို့ ဗြုန်းစားကြီး ရောက်လာတာက ခင်မင်မှုကြောင့်တော့ မဟုတ်လောက်ဘူး…. ကဲ ပြောပါဦး၊ ရှန်ကုန်းဂိုဏ်းက ဘာတွေ ကမ်းလှမ်းထားလို့လဲ”

လော့ဖုန်းကမူ ဖုံးကွယ်မထားတော့ဘဲ

“ရေရှည် စီးပွားရေးလုပ်ငန်းနဲ့ အခြေတည်ဆေးလုံး တစ်လုံး” ဟု ဆိုသည်။

“ဒါပဲလား…..”

လော့ချန် ရယ်ချင်စိတ် ပေါက်သွားသည်။

လော့ဖုန်းက ခေါင်းညိတ်လျက် “ဒါပဲ…. စကားမစပ်…. လော့ထျန်းမှာ အခြေတည်ဆေးလုံးတွေ အများကြီး ရှိပြီး လက်နက်သွန်းလုပ်တဲ့လုပ်ငန်းလည်း ရှိတယ် ကြားတယ်…. ကျုပ်တို့ လော့မိသားစုမှာ သတ္ထုတွင်းတစ်ခုရှိတယ်၊ တကယ်လို့ လော့ထျန်းအဖွဲ့သာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် အခုချက်ချင်း ကျုပ် ပြန်လှည့်ပေးမယ်”

လော့ချန် ရယ်မောလိုက်မိသည်။

‘ငါ့ လာဓားပြတိုက်နေပါလား’

သူ လော့ဖုန်းအား အဖြေမပေးဘဲ အခြားနှစ်ဦးကို တစ်ချက် ကြည့်လိုက်သည်။

ကျိုးစုန်းက အားရပါးရ ရယ်မောလျက် ဆိုသည်။

“ဖေးချန်းချူးက ကျုပ်ကိုတော့ ရှားပါးသတ္တုတစ်မျိုးပဲ ကမ်းလှမ်းထားတာပါ”

‘ဘယ်လို သတ္တုမျိုးမို့လို့ ဒီလောက် အပြေးအလွှား ရောက်လာရတာလဲ’

လော့ချန် နောက်ဆုံး လင်းယွီကျစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူ၏ စိုက်ကြည့်မှုအောက်တွင် သူမ အနည်းငယ် နေရခက်သွားပြီး

“ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါးပါပဲ….. ဘာလို့ လာမေးနေတာလဲ”

ရှန်ကုန်းဂိုဏ်းက ဤလူသုံးဦးအား ကမ်းလှမ်းထားသည့်အရာများကို ကြားသိရပြီးနောက် လော့ချန် စိတ်သက်သာရာ ရသွားခဲ့သည်။ နက်ရှိုင်းလှသော သံယောဇဉ်များ သို့မဟုတ် ရေရှည်ဆက်ဆံရေးများ မဟုတ်ဘဲ အရာအားလုံးက အကျိုးအမြတ်လဲလှယ်မှုသက်သက်မျှသာ ဖြစ်ပေသည်။

‘ဒီလို ဆိုတော့လဲ’

“မင်လုံယွီ…. နောက်ထပ် တိုက်ကွဲကို စလိုက်တော့….”

သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ပေ ရာနှင့်ချီ၍ ရှည်လျားသော မီးနဂါးကြီးတစ်ကောင် ဟိန်းဟောက်လျက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိတ်လန့်ပြီး ဒေါသထွက်နေသော လူသုံးဦးကို လှောင်ပြောင်လိုက်သည့်အလား ထိုမီးနဂါးကြီးသည် တောက်ပလှသော ရွှေရောင်အတားအဆီးတံတိုင်းကြီးဆီသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။

‘မီးနဂါးကိုးဆင့်အစီအရင်... အဋ္ဌမမြောက် တိုက်ကွက်’

မီးလျှံများသည် နဂါးတစ်ကောင်အဖြစ် ထပ်မံပြောင်းလဲသွားပြီး အတားအဆီးတံတိုင်းအား အရှိန်အဟုန်ပြင်းစွာ ဖျက်ဆီးကြတော့သည်။

All Chapters