← Chapters

အခန်း ၃၀၃

Vol. 27 Ch. 303

အခန်း ၃၀၃

Vol. 27 Ch. 303

အခန်း (၃၀၃) - ချူချန်း အိမ်ပြန်ခြင်း

ဘာသာပြန် - အားသစ်

ဂျွီ

လေသင်္ဘော၏ တံခါးပွင့်သွားသည်။ လင်းဖုန်းတစ်ယောက် ချူချန်းကို ပွေ့ဖက်ကာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

ရုတ်တရက် သူ အနီးအနားတွင် ပုန်းအောင်းနေသည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတချို့ ရှိရာဘက်သို့ မသိမသာ လှမ်းကြည့်လိုက်သည်။

“ဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေလား။ အင်း...တော်တော် အလေးထားတာပဲ”

လင်းဖုန်း စိတ်ထဲမှ သဘောတကျ ခေါင်းညိတ်လိုက်မိသည်။ ယခုအခါ သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းရည်ကို သူ ပိုင်ဆိုင်ထားပြီဖြစ်ရာ သူ့ကိုယ်ပိုင်လုံခြုံရေးအတွက် စိတ်ပူစရာမလိုတော့ပေ။ သူ အစိုးရိမ်ဆုံးအရာက မိသားစု၏လုံခြုံရေးပင်။

ဗဟိုပင်လယ်မြို့တော်၏ ဥပဒေစိုးမိုးရေးအဖွဲ့က သူ့မိသားစုကို ကာကွယ်ရန် တက်တက်ကြွကြွ လူလွှတ်ပေးထားသည့်အတွက် လင်းဖုန်းအနေဖြင့် ဤကျေးဇူးကို မှတ်သားထားရပေမည်။

လေသင်္ဘောဆင်းသက်လာသည့် ဆူညံသံမှာ အလွန်ကျယ်လောင်လှ၏။ အဖေလင်းနှင့် အမေလင်းတို့ နှစ်ဦးစလုံး ချက်ချင်း သတိပြုမိသွားကြပြီး လင်းချန်လည်း အိမ်ထဲမှ ကမန်းကတန်း ပြေးထွက်လာသည်။

လင်းဖုန်းနှင့် ချူချန်းကို မြင်လိုက်ရသောအခါ လင်းချန် မျက်လုံးများ ပြူးကျယ်သွားတတော့သည်။

“တတိယအစ်ကို... မမချူချန်း... အစ်ကိုတို့က”

ချူချန်း၏ မျက်နှာလေးက အနည်းငယ် နီရဲသွားသော်လည်း ရဲရဲဝံ့ဝံ့ပင် နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ဦးလေးနဲ့ အန်တီ”

“ကောင်းတယ်၊ ကောင်းတယ်။ သမီးက ချူချန်းမလား။ ချန်ချန်က သမီးအကြောင်း ခဏခဏ ပြောဖူးတယ်။ တကယ့် မိန်းကလေးကောင်းလေးပဲ။ သမီးတို့နှစ်ယောက် အချင်းချင်း သံယောဇဉ်ရှိရဲ့သားနဲ့ ဆုံစည်းခွင့်မရတော့ဘူးလို့ အန်တီ ထင်နေတာ။ အခုလို ပြန်ဆုံကြလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကဲကဲ... မြန်မြန် အိမ်ထဲဝင်ကြ” အမေလင်းက စိတ်လှုပ်ရှားကာ ပီတိဖြစ်ဟန်ဖြင့် ပြောဆိုလိုက်သည်။ သူမ ချူချန်း၏လက်ကို ဆွဲခေါ်သွားကာ လင်းဖုန်းကိုမူ ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် မထင်ချေ။

လင်းဖုန်း ခေါင်းကိုသာ တွင်တွင်ခါယမ်းကာ အိမ်ထဲသို့ နောက်မှ လိုက်ဝင်သွားသည်။

“အဖေ၊ အမေ... ကျွန်တော် ချူချန်းနဲ့ အရင်ဆုံး စေ့စပ်ထားချင်လို့”

လင်းဖုန်းက သူ့ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။ လင်းဇနီးမောင်နှံတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မျက်ဝန်းများထဲတွင် ဝမ်းသာပီတိများ လျှံထွက်နေ၏။

သူတို့ ချူချန်းကို အလွန်သဘောကျကြသည်။ သူမသည်ကား သိမ်မွေ့ကာ အကျင့်စာရိတ္တကောင်းမွန်ပြီး စိတ်နေသဘောထားပြေပြစ်သူဖြစ်၏။ ထို့ပြင် လင်းဖုန်းနှင့်လည်း သိကျွမ်းခဲ့သည်မှာ အချိန်အတော်ကြာနေလေပြီ။ မိသားစုနောက်ခံနှင့် ပတ်သက်၍မူ လင်းမိသားစုအနေဖြင့် အရေးတယူပြု တွေးတောမနေပေ။

သူတော်စင်တစ်ပါးဖြစ်သည့် လင်းဖုန်းထက် မည်သည့်နောက်ခံက သာလွန်နိုင်ဦးမည်နည်း။

ထို့ကြောင့် မည်မျှပင် အရှိန်အဝါကြီးမားသည့် နောက်ခံရှိပါစေ လင်းဖုန်းအတွက်မူ သိပ်အဓိပ္ပာယ်မရှိပေ။ အဓိကက စိတ်နေသဘောထားသာပင်။ လင်းဖုန်း ပျော်ရွှင်နေသရွေ့ သူတို့ အပြည့်အဝ ထောက်ခံကြမည် ဖြစ်၏။

အမေလင်းက ချူချန်းကို သမီးအရင်းအလား ဂရုတစိုက်မေးမြန်းကာ သူမမိသားစုအခြေအနေကိုလည်း သွယ်ဝိုက်၍ စုံစမ်းနေသည်။

လင်းချန်သည်လည်း ချူချန်းနှင့် လေသံတိုးတိုးဖြင့် စကားဖောင်ဖွဲ့နေရင်း တစ်ချက်တစ်ချက် လင်းဖုန်းကို ခိုးခိုးကြည့်နေ၏။

လင်းဖုန်းကမူ သူ့အဖေနှင့် မိသားစုစီးပွားရေးကိစ္စရပ်အချို့ကို ဆွေးနွေးနေသည်။

“အဖေ... လင်းကော်ပိုရေးရှင်းရဲ့ လုပ်ငန်းတွေအားလုံး အဆင်ပြေရဲ့လား”

“အဆင်ပြေတာထက်ကို ပိုပါတယ်ကွာ။ မင်း သူတော်စင်ဖြစ်လာကတည်းက လင်းကော်ပိုရေးရှင်းကလည်း လုပ်ငန်းလည်ပတ်ဖို့ သိပ်ပြီးအပင်ပန်းခံစရာတောင် မလိုတော့ဘူး။ ဘဏ္ဍာရေးအဖွဲ့တွေနဲ့ ကုမ္ပဏီတွေအားလုံးက အကျိုးအမြတ်တွေ လာပေးဖို့ပဲ အလုအယက် ကမ်းလှမ်းနေကြတာ။ မင်းအစ်ကိုကြီးဆို အခုတလော လုပ်ငန်းခွင်မှာ စိန်ခေါ်မှုမရှိတော့လို့ နေ့တိုင်းညည်းညူနေလေရဲ့”

အဖေလင်းက မတတ်သာဟန်ဖြင့် ခေါင်းခါယမ်းကာ ပြောနေသော်လည်း အလွန်ဝမ်းသာပီတိဖြစ်နေသည့် လေသံမျိုး ပေါက်နေ၏။ မည်သူမျှ ဒုက္ခခံလိုကြသည်မဟုတ်ချေ။ အကယ်၍ ကုမ္ပဏီကို ပုံမှန်အတိုင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမည်ဆိုပါက ကြိုးစားအားထုတ်မှုများစွာ လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် ယခုအခြေအနေကမူ သဘာဝကျကျ အကောင်းဆုံးပင်။

“မင်း ဒီမိန်းကလေးနဲ့ တစ်သက်လုံးလက်တွဲဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား”

“ဆုံးဖြတ်ပြီးပါပြီအဖေ။ အရင်ဆုံး စေ့စပ်ပွဲ အခမ်းအနား ကျင်းပချင်ပါတယ်”

“ကောင်းပါပြီ။ မင်းရဲ့ အဆင့်အတန်းက အခုဆိုရင် အရမ်းမြင့်နေပြီဆိုပေမယ့် အဲဒီမိန်းကလေးကိုတော့ စိတ်ပျက်အောင် မလုပ်ရဘူးနော်။ လင်းချန် ပြောတာတော့ အဲဒီကလေးမလေး မင်းကို သဘောကျလာခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီဆိုပဲ”

လင်းဖုန်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ လင်းချန် ပါးစပ်ဖွာလွန်းသည်ဟု သူ တွေးမိ၏။

ထို့နောက် သူတို့အားလုံး အိမ်တွင် အတူတူ ထမင်းလက်စုံစားကြသည်။ မိသားစုတစ်ခုလုံး သဟဇာတဖြစ်ကာ ပျော်ရွှင်တက်ကြွမှုများဖြင့် ပြည့်နှက်နေ၏။ ချူချန်းသည်လည်း အလွန်ပင် ယဉ်ကျေးသိမ်မွေ့စွာ ပြုမူနေထိုင်သဖြင့် အမေလင်း သူမကို ပို၍ပင် သဘောကျသွားသည်။

ထိုအတောအတွင်း လင်းဖုန်းက လုံခြုံရေးကိစ္စအတွက် ထပ်မံဆွေးနွှေးခဲ့သည်။ မူလက သူ မိသားစုတစ်ခုလုံးကို ကာကွယ်သူအဖွဲ့ချုပ်သို့ ပြောင်းရွှေ့စေလိုခဲ့၏။ အချိန်တန်လျှင် ကာကွယ်သူအဖွဲ့ ဌာနချုပ်ပတ်ဝန်းကျင်တွင် စည်ကားသိုက်မြိုက်သည့် မြို့ပြကြီးတစ်ခု ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ပင်။

သို့သော် လင်းဇနီးမောင်နှံတို့က နှစ်ခါပင်စဉ်းစားမနေဘဲ ချက်ချင်း ငြင်းပယ်လိုက်ကြသည်။ ဗဟိုပင်လယ်မြို့သည်ကား သူတို့၏ ဇာတိမြေဖြစ်ပြီး သူတို့တစ်သက်လုံး ရုန်းကန်ကြိုးစားခဲ့သည့် နေရာလည်း ဖြစ်သည်။ လင်းဖုန်းက သူတော်စင်တစ်ပါးဖြစ်လာပြီး သူတို့အတွက် ပူပန်စရာမရှိတော့ဟု ဆိုသော်လည်း ဇာတိချက်ကြွေမွေးရပ်မြေကိုမူ မစွန့်ခွာလိုကြပေ။

မိဘများက ဇွတ်ငြင်းနေသည်ကို မြင်သောအခါ လင်းဖုန်းလည်း ပြောင်းရွှေ့ရန် ကိစ္စကို ထပ်မပြောတော့ပေ။ သို့သော်လည်း လုံခြုံရေးက အလွန်အရေးကြီးသည့် ကိစ္စရပ်တစ်ခုပင်။ နောက်ပိုင်းတွင် သူ့မိသားစုကို ကာကွယ်ရန်အတွက် လက်နက်ကိုင်စက်ရုပ်များ စေလွှတ်ရန် လင်းဖုန်း စီစဉ်ထားသည်။ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်များကိုချည်း အားကိုးနေ၍ မဖြစ်ပေ။

“ဦးလေး၊ အန်တီ... သမီး အိမ်ပြန်ပြီးတော့ ဒီစေ့စပ်မယ့်ကိစ္စအတွက် မိဘတွေကို အရင်တိုင်ပင်လိုက်ပါဦးမယ်”

မွန်းလွဲပိုင်းတွင် ချူချန်းက လင်းမိသားစုကို နှုတ်ဆက်စကား ဆိုလာသည်။

အဖေလင်းက ခေါင်းညိတ်ကာ “အင်း…ဒါ အရေးကြီးတဲ့ ကိစ္စပဲ။ သမီးရဲ့ မိဘတွေကို အရင်အကြောင်းကြားသင့်တာပေါ့။ ဖုန်းအာ... ချူချန်းကို လိုက်ပို့လိုက်ဦး”

ထို့နောက် လင်းဖုန်း ချူချန်းကို လိုက်ပို့ပေးလိုက်သည်။ မူလက ချူချန်းနှင့်အတူ သူမအိမ်အထိ ကိုယ်တိုင် လိုက်သွားချင်သော်လည်း ချူချန်းက ငြင်းဆန်လိုက်၏။

“ကျွန်မ ဒီနေ့ အရင်ပြန်နှင့်မယ်လေ။ ကျွန်မမိဘတွေနဲ့ အရင်ဆုံး အကြောင်းစုံဆွေးနွေးလိုက်ဦးမယ်။ ပြီးမှ ရှင် မနက်ဖြန်ကျမှ လာခဲ့ပေါ့”

ထိုသို့ပြောပြီးနောက် ချူချန်း ကားဖြင့် တစ်ယောက်တည်း ပြန်ရန်သာ ဇွတ်တောင်းဆိုနေတော့သည်။

လင်းဖုန်းတစ်ယောက် အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။ သို့သော်လည်း မနက်ဖြန်တွင် သူ တရားဝင် စေ့စပ်တောင်းရမ်းရမည်ဖြစ်ရာ လူကြီးလူကောင်း ပီသစွာဖြင့် ကျင့်ဝတ်များကို မယွင်းမချွတ် စောင့်ထိန်းရမည်ဖြစ်ကြောင်း သတိရသွားသည်။ ချူချန်းအနေဖြင့်လည်း အိမ်သို့ပြန်ကာ မိဘများနှင့် ကြိုတင်ဆွေးနွေးထားရန် လိုအပ်ပေမည်။

ထို့ကြောင့် လင်းဖုန်း အိမ်သို့သာ ပြန်လှည့်လာလိုက်သည်။ မနက်ဖြန် ချူချန်းတို့မိသားစုထံ သွားရောက်ရာတွင် မည်သည့် လက်ဆောင်ပစ္စည်းများ ယူဆောင်သွားရမည်ကို မိဘများနှင့် တိုင်ပင်ဆွေးနွေးရဦးမည်။

…………

ချူချန်း၏အိမ်က ဗဟိုပင်လယ်မြို့၏ အရှေ့ဘက်ဂိတ်ရှိ လူနေရပ်ကွက်အသေးလေးတစ်ခုတွင် တည်ရှိသည်။

သူမ အိမ်သို့ ပြန်ရောက်သောအခါ မိဘနှစ်ပါးစလုံး တီဗွီကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ချူချန်းကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားကြ၏။

“ချန်းချန်း... သမီး ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ”

မစ္စချူက ချူချန်းကို အိမ်ထဲသို့ အမြန်ခေါ်ကာ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်သည်။

“ချန်းချန်း... တစ်ခုခုများဖြစ်လို့လား”

မစ္စတာချူလည်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူက သမီးဖြစ်သူကို အလွန်တန်ဖိုးထား၏။ ချူချန်းသည်လည်း အမြဲတစေ ချူမိသားစု၏ ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။

“အဖေ၊ အမေ... အစ်ကိုကြီးရောဟင်”

“မင်းအစ်ကိုကတော့ ကုမ္ပဏီကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာပေါ့”

“ကုမ္ပဏီလား”

ချူချန်း အနည်းငယ် စပ်စုလိုစိတ် ဖြစ်သွားသည်။ ချူမိသားစုတွင် စက်ရုံသုံးလေးခုသာရှိ၏။ စားဝတ်နေရေးအတွက် ပူပန်စရာမလိုဟု ဆိုသော်ငြား အလွန်တရာ ချမ်းသာကြွယ်ဝခြင်းမျိုးလည်း မဟုတ်ပေ။ ချူချန်း၏ အစ်ကိုဖြစ်သူ အရွယ်ရောက်လာပြီး စက်ရုံလုပ်ငန်းများကို နားလည်လာသောအခါ ချူချန်း၏အဖေက စက်ရုံများကို သားဖြစ်သူထံ လွှဲပြောင်းပေးခဲ့၏။

သို့သော် ချူမိသားစုတွင် စက်ရုံများသာရှိခဲ့ရာ မည်သည့်အချိန်က ကုမ္ပဏီတစ်ခု ဖြစ်လာရသနည်း။

“ချန်းချန်း... သမီး မသိသေးလို့ပါ။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း မင်းအစ်ကိုက စက်ရုံတွေကို တော်တော်လေး တိုးချဲ့နိုင်ခဲ့တယ်လေ။ သူက နောက်ထပ် စက်ရုံသုံးခုကိုတောင် ဆက်တိုက်ဖွင့်နိုင်ခဲ့တာ။ လုပ်ငန်းပမာဏက နှစ်ဆလောက် ကြီးလာလို့ အခုကုမ္ပဏီတစ်ခုတောင် တည်ထောင်လိုက်ပြီ”

“အစ်ကိုကြီးက တကယ်ကို တော်တာပဲ”

ချူချန်း ပြုံးလိုက်မိ၏။ ချူမိသားစုတွင် အစ်ကိုကြီးဖြစ်စေ၊ မိဘများဖြစ်စေ အားလုံးက သူမကို အလိုလိုက် အကြိုက်ဆောင်ကြသည်။

“ဒါနဲ့ ချန်းချန်း... သမီးက ဘာလို့ပြန်လာတယ်ဆိုတာ အခုထိ မပြောရသေးဘူးနော်။ ဝန်ရိုးစွန်းအကယ်ဒမီမှာ အဆင်ပြေနေတာကို ဘာလို့မို့ ရုတ်တရက်ကြီး ပြန်လာရတာလဲ”

ချူချန်းက ခေါင်းခါရင်း ခပ်အေးအေးဖြင့် စကားဆိုသည်။

“အဖေ၊ အမေ... စိတ်မပူပါနဲ့။ သမီး ဘာမှမဖြစ်ပါဘူး။ အစ်ကိုကြီးကို အိမ်ပြန်လာဖို့ လှမ်းခေါ်လိုက်ပါဦး။ သမီး အဖေတို့ကို ပြောစရာရှိလို့”

“အရေးကြီးကိစ္စလား။ ကောင်းပြီလေ။ ဒါဆို အဖေ ချူဖန်းကို အရင် ပြန်လာခိုင်းလိုက်မယ်”

တစ်နာရီခန့်အကြာတွင် လူငယ်တစ်ဦး ပြန်ရောက်လာ၏။ သူ့ရုပ်သွင်က မစ္စတာချူနှင့် တော်တော်လေး ဆင်တူသည်။

“ချန်းချန်း... ပြန်လာမှာကို ဘာလို့ ကြိုမပြောတာလဲ”

“အစ်ကိုကြီးက အလုပ်ရှုပ်နေတာဆိုတော့ စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ”

“မဟုတ်တာ။ ငါက နင့်အစ်ကိုကြီးပဲဟာကို။ ညီမလေး ပြန်လာတာ တကယ့်ကို အချိန်ကိုက်ပဲ။ ငါလည်း နင့်ကို အိမ်ပြန်လာဖို့ ပြောမလို့လုပ်နေတာ”

ချူဖန်း၏ စကားကြောင့် ချူချန်း ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။

“အစ်ကိုကြီး... ကျွန်မကို ဘာလို့ ရှာနေတာလဲ”

“သတင်းကောင်းရှိတယ်။ တကယ့် သတင်းထူးကြီးကွ။ ညီမလေး ဝန်ရိုးစွန်းအကယ်ဒမီမှာ ရည်းစားမရသေးဘူးမလား။ ငါ ပြောပြမယ်။ ငါ တကယ့်ကို ထူးချွန်ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်နဲ့ သိထားတယ်။ သူ့နာမည်က လေ့ရှန်တဲ့။ သူက ညီမလေးထက် နှစ်နှစ်ပဲ ကြီးတာ။ ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ သူတော်စင်အကယ်ဒမီရဲ့ ကျောင်းသား ဖြစ်နေပြီ။ ဒါတင်မကသေးဘူး။ သူက မျိုးရိုးဗီဇကန့်သတ်ချက်ကိုတောင် မကြာသေးခင်ကပဲ ချိုးဖျက်နိုင်သွားတယ်လေ။ လေ့မိသားစုမှာ အသွင်ပြောင်းနယ်ပယ်သိုင်းသမား နှစ်ယောက်ရှိပြီးတော့ တစ်ယောက်ကဆိုရင် နတ်ဘုရားနယ်ပယ်နဲ့တောင် မဝေးတော့ဘူးဆိုပဲ”

“ငါ အမှတ်မထင် လေ့ရှန်နဲ့ ခင်မင်ခွင့်ရခဲ့တာပေါ့။ အမှန်တော့ သူ့အရည်အချင်းမျိုးနဲ့ဆိုရင် သူတော်စင်အကယ်ဒမီက ဘယ်မိန်းကလေးကိုမဆို ‌ခေါင်းခေါက်ရွေးလို့ရတယ်။ ဒါပေမဲ့ သူက ညီမလေးဓာတ်ပုံကို မြင်ပြီးကတည်းက ညီမလေးအပေါ် တော်တော်လေး စိတ်ဝင်စားသွားတယ်လေ။ ဒါကြောင့်မို့ ဒီတစ်ခေါက် ညီမလေးကို ပြန်လာခိုင်းပြီးတော့ သခင်လေးလေ့နဲ့ တွေ့ပေးမလို့ လုပ်နေတာ။ ညီမလေးတို့နှစ်ယောက်လုံးက သိုင်းသမားတွေဆိုတော့ ဝါသနာတူတာတွေ အများကြီးရှိမှာပဲ”

အစ်ကိုဖြစ်သူ အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ချူချန်းက လက်ကာပြရင်း ခေါင်းခါကာ စကားဆိုလိုက်သည်။

“နေပါဦး အစ်ကိုကြီးရဲ့။ ကျွန်မကို ဘာလို့ ကြိုမမေးတာလဲ။ ကျွန်မမှာ သဘောကျတဲ့သူ ရှိပြီးသားရှင့်”

ထာဝရသိုင်းတာအိုအရှင်

All Chapters