← Chapters

အခန်း ၃၀၄

Vol. 27 Ch. 304

အခန်း ၃၀၄

Vol. 27 Ch. 304

အခန်း (၃၀၄) - ချူမိသားစု၏ ဆုံးဖြတ်ချက်

ဘာသာပြန် - အားသစ်

“သမီးမှာ သဘောကျတဲ့သူရှိတယ် ဟုတ်လား”

ချူဖန်းနှင့် သူ့မိဘများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ချန်းချန်း ညီမလေး ဘယ်တုန်းက သဘောကျတဲ့သူ ရှိသွားတာလဲ။ အရင်တုန်းက အစ်ကိုမေးတော့ ဘယ်သူမှ မရှိပါဘူးဆို”

ညီမဖြစ်သူက သူ့ကို ဟန်ဆောင်ပန်ဆောင် ပြီးစလွယ်ပြောနေခြင်းလောဟု ချူဖန်း တွေးလိုက်မိသည်။

“ကျွန်မမှာ သဘောကျတဲ့သူ တကယ်ရှိတယ်။ ဒီတစ်ခေါက် အိမ်ပြန်လာတာလည်း အဲဒီအကြောင်း ပြောချင်လို့လေ။ ကျွန်မ သူ့နဲ့ စေ့စပ်တော့မလို့”

“ဘာ... စေ့စပ်မယ်”

“နည်းနည်း မြန်လွန်းမနေဘူးလား”

“ချန်းချန်း... အဲဒါ ဘယ်သူလဲ။ သူများလိမ်တာတော့ မခံရစေနဲ့နော်”

ချူချန်း၏မိဘများ ချက်ချင်း ထိတ်လန့်သွားကြသည်။ သူတို့မျက်စိထဲတွင် ချူချန်းက ရတနာလေးတစ်ပါးအလားပင်။ ဝန်ရိုးစွန်းအကယ်ဒမီသို့ ချူချန်း ဝင်ရောက်နိုင်ခဲ့ချိန်မှစ၍ ချူမိသားစုတစ်ခုလုံး သူမအတွက် ဂုဏ်ယူနေခဲ့ကြသည်။

ဘယ်လိုကြောင့်များ ချူချန်းက ရုတ်တရက်ကြီး တစ်ယောက်ယောက်နဲ့ စေ့စပ်တော့မှာ ဖြစ်သွားတာလဲ။

ချူဖန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် စကားဆိုလိုက်သည်။

“ချန်းချန်း... အစ်ကိုတို့က ချန်းချန်းကို သခင်လေးလေ့နဲ့တွဲဖို့ အတင်းအကျပ် ဖိအားပေးနေတာ မဟုတ်ပါဘူး။ ညီမလေး ငယ်ငယ်ကတည်းက အစ်ကိုတို့ ညီမလေးကို တစ်ခုခုလုပ်ဖို့ အတင်းအကျပ် ခိုင်းဖူးလို့လား။ ဒါပေမဲ့ အစ်ကိုတို့ကို ဘာမှအသိမပေးဘဲ တစ်ယောက်ယောက်နဲ့ စေ့စပ်ချင်တယ်ဆိုတာက နည်းနည်း ဆင်ခြင်တုံတရား ကင်းမဲ့လွန်းမနေဘူးလား။ အနည်းဆုံးတော့ သူ့အကြောင်းကို အစ်ကိုတို့ကို ပေးသိသင့်တယ်လေ”

“ဟုတ်ပါတယ် ချန်းချန်းရယ်... သမီး သူ့ကို ဘယ်တုန်းက တွေ့ခဲ့တာလဲ” မစ္စချူက စိုးရိမ်တကြီး မေးလိုက်သည်။

“အဖေ၊ အမေ... သမီး သူ့ကို သိခဲ့တာ တော်တော်ကြာပါပြီ။ ဗဟိုပင်လယ်တက္ကသိုလ်မှာတုန်းကတည်းက...”

“ဗဟိုပင်လယ်တက္ကသိုလ်မှာတုန်းကတည်းက သိခဲ့တာလား။ သူက ဝန်ရိုးစွန်းအကယ်ဒမီက မဟုတ်ဘဲနဲ့ ဗဟိုပင်လယ်တက္ကသိုလ်က သမီးရဲ့ ကျောင်းနေဖက်ပေါ့”

“ဟုတ်တယ်၊ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိခဲ့တာ ဗဟိုပင်လယ်တက္ကသိုလ်မှာတုန်းကတည်းကပါ။ နောက်ပိုင်းကျမှ ကိစ္စတချို့ ဖြစ်သွားတယ်။ ဝန်ရိုးစွန်းအကယ်ဒမီကို ရောက်ပြီးတဲ့နောက် သူနဲ့အဆက်အသွယ် ပြတ်သွားတယ်။ မကြာသေးခင်ကမှ ပြန်ပြီး အဆက်အသွယ် ရခဲ့ကြတာပါ”

ချူဖန်းက ဆက်မေးလိုက်သည်။ “ဒါဆို သူက ညီမလေးနဲ့ ရွယ်တူလောက်ပေါ့”

“ကျွန်မထက် တစ်နှစ်ကြီးပါတယ်”

“သူ့မိသားစုက ဘာအလုပ်လုပ်တာလဲ”

“သူတို့က ဗဟိုပင်လယ်မြို့မှာ ကုမ္ပဏီတစ်ခု ထောင်ထားပါတယ်”

“သူ့မိသားစု အကြီးအကဲတွေထဲမှာ သာလွန်လူသား သိုင်းပညာရှင်တွေ ရှိလား”

ချူချန်း ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

“သူ့မိသားစု အကြီးအကဲတွေထဲမှာတော့ အဲဒီလို သိုင်းပညာရှင်တွေ မရှိဘူးလို့တော့ ထင်တာပဲ။ သူ့မိဘတွေက သာမန်စီးပွားရေးသမားတွေပါ။ သိုင်းသမားတွေ မဟုတ်ပါဘူး”

ချူဖန်း အခုမှ သဘောပေါက်သွားတော့သည်။ ဗဟိုပင်လယ်တက္ကသိုလ်တွင် တွေ့ခဲ့ရသည့် ထိုကျောင်းနေဖက်ကောင်လေးက ချူချန်း၏ ပထမဆုံး အချစ်ဦး ဖြစ်ဟန်တူ၏။ နောက်ပိုင်း အကြောင်းတစ်ခုခုကြောင့် သူတို့ အဆက်အသွယ်ပြန်ရခဲ့ခြင်း ဖြစ်မည်။ ချူဖန်းကိုယ်တိုင်လည်း ပထမဆုံးအချစ်၏ လွှမ်းမိုးမှုနှင့် အလှတရားကို ခံစားဖူးသည်ဖြစ်ရာ ယင်းက အမှန်တကယ်ပင် မေ့ဖျောက်ရခက်ကြောင်း သူ သိသည်။ ရည်းစားဦးကို မြေးဦးရတောင်မမေ့ ဟူ၍လည်း စကားဆိုရှိသည် မဟုတ်ပါလား။ (တိုက်ဆိုင်မှုတွေရှိလာရင်တော့ သတိရတတ်တာ ပုံမှန်ပါပဲ။ ဟုတ်တယ်မလား broတို့။)

သို့သော် သာမန်ကုန်သည်မိသားစုမှ ဆင်းသက်လာသူတစ်ဦးက ချန်းချန်းနှင့် မည်သို့နှယ် ထိုက်တန်နိုင်မည်နည်း။

သူ့အမြင်တွင်သာမက ချူမိသားစုတစ်ခုလုံး၏ အမြင်အရ ချူချန်းက အနှေးနှင့်အမြန် မျိုးရိုးဗီဇ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပြီး သာလွန်လူသား သိုင်းပညာရှင်တစ်ဦး ဖြစ်လာမည့်သူဖြစ်၏။ ဤကဲ့သို့သော သာမန်လူတစ်ယောက်က သူ့ညီမအား နောက်ပြန်ဆွဲနေမည်ကို သူ မည်သို့မျှ ခွင့်မပြုနိုင်ချေ။

သို့ပေသော်ငြား ဤကိစ္စကို အတင်းအကျပ် လုပ်၍မရကြောင်းကိုလည်း သူ သိသည်။ သို့မဟုတ်ပါက သူ့ညီမဖြစ်သူ၏ စိတ်သဘောထားအရ ကျိုးကြောင်း မဆီလျော်သည့် ကိစ္စရပ်တို့ကို ခေါင်းမာမာနှင့် လုပ်ကောင်းလုပ်လာနိုင်သည်။

“ချန်းချန်း...သမီး အဲဒီငယ်ဘဝ သံယောဇဉ်ကို မစွန့်လွှတ်နိုင်ဘူးဆိုတာကို အစ်ကိုသိပါတယ်။ ဒါပေမဲ့လည်း ခံစားချက်က ခံစားချက် အိမ်ထောင်ပြုတာက အိမ်ထောင်ပြုတာပဲ။ အဲဒီနှစ်ခုက မတူဘူးကွဲ့။ ညီမလေး လောလောဆယ် ခဏလောက် စိတ်အေးအေးထားပြီးတော့ အဲဒီလူကို ခေါ်လာခဲ့ဖို့ အစ်ကို အကြံပေးချင်တယ်။ အစ်ကို သူနဲ့ သေချာစကားပြောကြည့်မယ်။ ညီမလေးတို့ရဲ့ ဆက်ဆံရေးကို အစ်ကို ဝင်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ ညီမလေးတို့နှစ်ယောက်လုံးက ငယ်သေးတော့ ကောင်းကောင်းနားလည်မှာ မဟုတ်ဘူး။ တချို့ကိစ္စတွေက အပေါ်ယံမြင်ရသလောက် မရိုးရှင်းဘူးလေ”

“အစ်ကိုကြီး... အစ်ကိုက သူနဲ့ စကားပြောချင်လို့လား” ချူချန်း၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားသည်။

“ဘာလို့ မရရမှာလဲ။ မင်းရဲ့ အစ်ကိုကြီးအနေနဲ့ ငါ သူနဲ့ စကားပြောလို့ မရဘူးလား။ သူက ငါတို့ ချူမိသားစုရဲ့ သမက် မဖြစ်သေးတာကို ထားဦး။ အနာဂတ်မှာ မင်းတို့နှစ်ယောက် လက်ထပ်ဖြစ်ရင်တောင် သူ ငါ့ကို အစ်ကိုကြီးလို့ ခေါ်ရမှာပဲလေ”

ချူဖန်း၏ ယုံကြည်မှုရှိပြီး ရဲရင့်ပြတ်သားနေသည့် အမူအရာကို မြင်သောအခါ ချူချန်းအနေဖြင့် တချို့ကိစ္စများကို မည်သို့ စကားစရမည်ကိုပင် မသိတော့ချေ။

အကယ်၍ သူမ စေ့စပ်မည့်သူက သူတော်စင်တစ်ပါး ဖြစ်ကြောင်း ပြောလိုက်ပါက သူမ ရူးသွားပြီဟု ထင်လျှင်ထင် မဟုတ်လျှင် သူတို့စကားကို ရှောင်ရှားရန် ဆင်ခြေပေးနေသည်ဟုသာ မိသားစုက ထင်ကြပေလိမ့်မည်။

ချူချန်း၏ သဘောထား အနည်းငယ် ပျော့ပျောင်းသွားပုံရသည်ကို မြင်သောအခါ ချူဖန်း သံပူတုန်း နာနာထုဆိုသည့်အတိုင်း ဆက်ပြောလိုက်သည်။ “ချန်းချန်း အစ်ကိုက ညီမလေးကို ဒုက္ခရောက်အောင် ဘယ်လုပ်ပါ့မလဲ။ မနက်ဖြန် သခင်လေးလေ့နဲ့ တစ်ခါလောက် တွေ့ကြည့်ပါလား။ အစ်ကို မလိမ်ပါဘူး။ သခင်လေးလေ့က လူကြီးလူကောင်းပီသတယ်။ ယဉ်ကျေးတယ်။ ပြီးတော့ ပေါင်းသင်းဆက်ဆံရတာလည်း လွယ်ကူတယ်။ ညီမလေးတို့ အဆင်မပြေဘူးဆိုရင်တောင် သူငယ်ချင်းတွေ ဖြစ်လို့ရတာပဲ။ သခင်လေးလေ့က ညီမလေးကို ဘာတစ်ခုမှ အတင်းအကျပ် လုပ်မှာမဟုတ်ပါဘူး။ သူ အဲဒီလို လုပ်ချင်ရင်တောင် ငါတို့ ချူမိသားစုက ခွင့်ပြုမှာမဟုတ်ဘူး”

“အဟုတ်ပဲ။ ချန်းချန်း... သခင်လေးလေ့နဲ့ အရင်ဆုံး တွေ့ကြည့်ပါလား။ သမီးအစ်ကို ပြောသလိုဆို သခင်လေးလေ့က တကယ့်ကို သဘောထားပြည့်ဝတဲ့သူပဲ။ တခြားမိသားစုကြီးတွေက ဆိုးသွမ်းတဲ့ ဆန်ကုန်မြေလေး အမွေခံတွေနဲ့ နည်းနည်းမှမတူဘူး။ သူက လုံးဝကို အကွာကြီးပဲ။ သမီးတို့နှစ်ယောက်လုံးက သိုင်းသမားတွေလေ။ အနာဂတ်မှာ သမီးတို့ လက်ထပ်ဖြစ်ရင် သမီးရဲ့ သိုင်းပညာလမ်းကြောင်း ပိုပြီးတိုးတက်လာအောင် သူ ကူညီပေးနိုင်မှာပေါ့” မစ္စတာချူကလည်း ဝင်ရောက်ဖျောင်းဖျလေသည်။

“အဖေ၊ အမေ... သမီးမှာ သဘောကျတဲ့သူ ရှိပြီးသားပါ။ သခင်လေးလေ့နဲ့လည်း မတွေ့ချင်ဘူး။ ဒီကိစ္စကို ထပ်ပြောစရာကို မလိုတော့ဘူး။ သမီး သွားနားတော့မယ်”

ထိုသို့ပြောပြီးနောက် ချူချန်းတစ်ယောက် လှည့်ထွက်ကာ သူမအခန်းဆီသို့ ပြန်သွားတော့သည်။

ဧည့်ခန်းထဲတွင် ချူဇနီးမောင်နှံတို့နှစ်ဦးစလုံး အနည်းငယ် စိုးရိမ်သွားကြသည်။ သူတို့အနေဖြင့် သမီးဖြစ်သူ စိတ်အနှောင့်အယှက်ဖြစ်ရမည်ကို တကယ်ပင် မကြည့်ရက်ကြချေ။

“ချူဖန်း၊ ချန်းချန်းက တော်တော်လေး ပြတ်သားနေတယ်။ ချန်းချန်းရဲ့ စိတ်နေစိတ်ထားကို မင်းလည်း သိတာပဲ။ သူ တစ်ခုခုကို ဆုံးဖြတ်ပြီးရင် ပြန်ပြောင်းမှာ မဟုတ်ဘူး။ ငါတို့ ဒီကိစ္စကို မေ့ထားလိုက်သင့်ပြီ ထင်တယ်။ သခင်လေးလေ့က ဘယ်လောက်ပဲ ထူးချွန်နေပါစေ ချန်းချန်းမှ သဘောမကျမှတော့ ဘယ်တတ်နိုင်မလဲ”

“အင်း…ဟုတ်တယ်။ ငါတို့ ချန်းချန်းကို စိတ်မဆင်းရဲစေချင်ဘူး။ ငါတို့ ချူမိသားစုက သိပ်မချမ်းသာဘူး ဆိုပေမယ့်လည်း သမီးကို အားကိုးပြီး ကြီးပွားအောင်လုပ်ဖို့တော့ မလိုပါဘူး”

ချူဇနီးမောင်နှံတို့၏ သဘောထားများ အနည်းငယ် ယိမ်းယိုင်သွားသည်ကို မြင်သောအခါ ချူဖန်းက အလျင်အမြန်ပင် စကားဆိုလိုက်သည်။

“အဖေ၊ အမေ... ဘာတွေ တွေးနေကြတာလဲ။ ကျွန်တော်က ညီမလေးကို အားကိုးပြီး ကြီးပွားချင်တဲ့သူမျိုးလား။ ကျွန်တော်က သူ့အကျိုးအတွက် လုပ်ပေးနေတာပါ။ ညီမလေးက ပထမဆုံးအချစ်ဦးရဲ့ ချိုမြိန်မှုကိုပဲ စွဲနေရုံပါပဲ။ ဒါပေမဲ့ အိမ်ထောင်ပြုတာကကျတော့ ဘာမှမတူကိစ္စပဲ။ ကျွန်တော်က ညီမလေးကို နှိုင်းယှဉ်ကြည့်ပြီး ရှင်းရှင်းလင်းလင်း နားလည်စေချင်ရုံပါ”

“မနက်ဖြန် သခင်လေးလေ့ကို အိမ်လာပြီးတော့ ချန်းချန်းနဲ့ စကားပြောခိုင်းလိုက်မယ်။ သခင်လေးလေ့က အကျင့်စာရိတ္တကောင်းပြီးတော့ အရည်အချင်လည်းရှိတယ်။ ညီမလေး သူ့ကို သဘောမကျနိုင်ဘူးလို့ မယုံဘူး”

“မိသားစုကြီးတွေက ဆင်းသက်လာတဲ့သူတွေကို ကျွန်တော် အများကြီး တွေ့ဖူးပါတယ်။ ဒါပေမဲ့ သခင်လေးလေ့လောက် ထူးချွန်တဲ့သူမျိုးကိုတော့ တစ်ယောက်မှ မတွေ့ဖူးသေးဘူး။ သခင်လေးလေ့က လူငယ်မျိုးဆက်တွေထဲမှာ တကယ့်ကို ထူးချွန်တဲ့သူလို့ ပြောလို့ရတယ်။ သူတော်စက်အကယ်ဒမီမှာ သူ့ကို တိတ်တိတ်လေး သဘောကျနေတဲ့ မိန်းကလေးတွေမှ မရေမတွက်နိုင်အောင်ကို ရှိတယ်။ ဒါပေမဲ့ သူက ကျွန်တော်တို့ရဲ့ ချန်းချန်းလေးကိုပဲ စိတ်ဝင်စားနေတာ။ ဒါကလည်း ချန်းချန်းက ထူးချွန်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သက်သေပြနေတာပဲ”

“ဒီလောက် ထူးချွန်ထက်မြက်တဲ့ မိန်းကလေးက စီးပွားရေးသမား မိသားစုတစ်ခုနဲ့ လက်ထပ်လိုက်ရင် သူတို့ဆီမှာ ပိုက်ဆံနည်းနည်း ရှိနေတော့တောင် ဘာလုပ်လို့ရမှာလဲ။ အဲဒါက ချန်းချန်းရဲ့ အနာဂတ် အလားအလာတွေကို နောက်ပြန်ဆွဲချနေသလို ဖြစ်မနေဘူးလား”

ချူချန်း၏ မိဘများလည်း ယုံကြည်လက်ခံသွားကြသည်။ ဟုတ်ပေ၏။ စီးပွားရေးသမားများက ချမ်းသာကြသော်လည်း မည်မျှပင် ချမ်းသာစေကာမူ ချူချန်း၏ သိုင်းပညာပါရမီနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်။

လေ့မိသားစုက သိုင်းပညာမိသားစုပင်။ မိသားစုထဲရှိ အကြီးအကဲများက သိုင်းပညာကျွမ်းကျင်သူများ ဖြစ်ကြ၏။ လေ့ရှန်ကိုယ်တိုင်ကပင် အလွန်ထူးချွန်ပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားနိုင်ခဲ့သည်။ သူက အလွန်လည်း ယဉ်ကျေးသိမ်မွေ့ပြီး နှိမ့်ချတတ်သည့် စရိုက်ရှိသူဖြစ်၏။ ဤမျှ ထူးချွန်သော အမျိုးကောင်းသားတစ်ဦးကို အခြားဘယ်နေရာမှာ သွားရှာလို့ ရနိုင်ဦးမည်နည်း။

အကယ်၍ ချူမိသားစုသာ လေ့မိသားစုနှင့် အမှန်တကယ် လက်ဆက်ဖြစ်ခဲ့ပါက မိသားစုအဆင့်အတန်းသည်ပင် မြင့်တက်သွားပေလိမ့်မည်။

အကယ်၍ ချန်းချန်းသည် သခင်လေးလေ့နှင့်သာ လက်တွဲဖြစ်သွားပါက သိုင်းပညာနယ်ပယ်တွင် သူမ ရရှိမည့် အကူအညီများက သာမန်စီးပွားရေးသမားများထက် များစွာသာလွန်ပေလိမ့်မည်။ ချူဖန်းတွင် တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်တချို့ ရှိနေသော်လည်း ယေဘုယျအားဖြင့် သူ ချူချန်းအတွက် စဉ်းစားပေးနေခြင်းပင်။

“ကောင်းပြီလေ။ မနက်ဖြန် သခင်လေးလေ့ကို အိမ်လာဖို့ ဖိတ်လိုက်ပါ။ ချန်းချန်း တကယ်ပဲ သူ့ကို သဘောမကျဘူးဆိုရင်တော့ အတင်းအကျပ် မလုပ်ပါနဲ့”

မစ္စတာချူက အပြီးသတ် ဆုံးဖြတ်ချက်ချလိုက်သည်။

“ဟုတ်ကဲ့ပါ။ သခင်လေးလေ့ကို အခုပဲ ဆက်သွယ်လိုက်ပါ့မယ်။ စိတ်မပူပါနဲ့ အဖေနဲ့အမေ။ သခင်လေးလေ့က လူကြီးလူကောင်းပီသပြီးတော့ လူငယ်တွေထဲမှာ ထူးချွန်တဲ့သူပါ။ ဗဟိုပင်လယ်မြို့တစ်မြို့လုံးမှာ သခင်လေးလေ့လောက် ထူးချွန်တဲ့သူရယ်လို့ တော်တော်လေး ရှားပါလိမ့်မယ်။ ညီမလေး သူ့ကို အမြင်ကြည်သွားတာနဲ့တင် အဆင်ပြေသွားမှာပါ။ ဆက်ဆံရေးဆိုတာ ဖြည်းဖြည်းချင်း ပျိုးထောင်ယူရတာပဲလေ”

ချူဖန်းတစ်ယောက် သခင်လေးလေ့ထံ ဆက်သွယ်ရန် ချက်ချင်း ထရပ်လိုက်သည်။ ချူချန်းအနေဖြင့် သခင်လေးလေ့ကို မြင်တွေ့လိုက်ရသည်နှင့် သူ့အပေါ် သေချာပေါက် အမြင်ကောင်းရှိသွားလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ချူချန်း စေ့စပ်ချင်နေသည့် အချစ်ဦးဆိုသူနှင့် ပတ်သက်၍မူ သူ မေးမြန်းရန်ပင် စိတ်မဝင်စားတော့ချေ။

ထာဝရသိုင်းတာအိုအရှင်

All Chapters