အခန်း ၃၀၅
Vol. 27 Ch. 305
အခန်း (၃၀၅) - ငါ နောက်မကျသေးဘူးမလား
ဘာသာပြန် - အားသစ်
ချူချန်း သူမအခန်းထဲသို့ ပြန်ရောက်သည်နှင့် လင်းဖုန်း၏ ဆက်သွယ်ရေးစက်ကို ချက်ချင်း ခေါ်ဆိုလိုက်သည်။
“ချန်းချန်း... ဆွေးနွေးတာ ဘယ်လိုလဲ” လင်းဖုန်းက ဆက်သွယ်ရေးစက်၏ တစ်ဖက်မှ စိတ်အားထက်သန်စွာ မေးလိုက်၏။
ချူချန်း ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်မှန်း မသိဖြစ်နေသည်။ အဆုံးတွင် သူမ သက်ပြင်းချကာ ကိစ္စရပ်အားလုံးကို လုံးစေ့ပတ်စေ့ ပြောပြလိုက်လေတော့သည်။
သို့သော် လင်းဖုန်းက သူမ ထင်ထားသလို မကျေမနပ်ဖြစ်ခြင်းမျိုး လုံးဝမရှိဘဲ အားပါးတရ ရယ်မောလိုက်၏။
“လင်းဖုန်း...ရှင် စိတ်မဆိုးဘူးလား။ ကျွန်မမိသားစုက အဲဒီသခင်လေးလေ့နဲ့တွေ့ဖို့ ဇွတ်လုပ်နေတာကို ရှင်က ရယ်နိုင်သေးတယ်ပေါ့လေ”
“ချန်းချန်းရယ်...ကို စိတ်မဆိုးပါဘူးကွာ။ အဲ့တော့ ဘာဖြစ်လဲ။ မင်းအစ်ကို ပြောပုံအရဆိုရင် အဲဒီသခင်လေးလေ့က တကယ့်ကို လူတော်လူကောင်းလေးပဲ ဖြစ်ရမယ်။ မင်းဓာတ်ပုံကို မြင်ရုံနဲ့တင် စိတ်ဝင်စားသွားတယ်ဆိုတော့ ငါ ဝမ်းသာရမှာပေါ့။ အဲ့ဒါ ငါ့အမြင်စူးရှတယ်ဆိုတာကို သက်သေပြနေတာပဲလေ”
“ရှင်ကတော့လေ...”
ချူချန်းလည်း ပြုံးလိုက်မိသည်။ သို့သော် လင်းဖုန်း ဤမျှစိတ်အေးလက်အေး ဖြစ်နေရခြင်းက သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှုရှိနေသောကြောင့်ပင်။ ထိုသို့ ယုံကြည်မှုရှိရန်လည်း အကြောင်းပြချက် ခိုင်ခိုင်မာမာ ရှိနေကြောင်း သူမသိသည်။
သူတော်စင်တစ်ပါးနဲ့ မိန်းကလေးတစ်ယောက်ကို ပြိုင်လုဖို့ ကြိုးစားနေတာလား။
ချူချန်း ထိုသခင်လေးလေ့အတွက်ပင် အနည်းငယ် သနားမိသွားသည်။
“ကဲပါ ချန်းချန်းရယ်...ကို နောက်မနေတော့ပါဘူး။ မနက်ဖြန် မင်းတို့အိမ်ကို ကို လာခဲ့မယ်လေ။ မင်းဘက်က ပြောရတာအဆင်မပြေရင် မင်းကိုယ်စား ကိုပဲပြောလိုက်မယ်။ အဲဒီသခင်လေးလေ့ကိုလည်း အံ့ဩစရာလေးတွေ ပေးရတာပေါ့”
လင်းဖုန်းက ပြုံးလျက် ဆိုလိုက်သည်။ သူ့စိတ်ထဲတွင် ဒေါသဟူ၍ မရှိပေ။ ချူချန်းက ဝန်ရိုးစွန်းအကယ်ဒမီမှ ပါရမီရှင်ကျောင်းသူတစ်ယောက်ဖြစ်၏။ သူမမိသားစုက သူမအတွက် ထူးချွန်သော သိုင်းသမားတစ်ဦးနှင့် စီမံပေးခြင်းက အလွန်ပင် သဘာဝကျလှသည်။
ကံဆိုးသည်မှာ သူ လင်းဖုန်းနှင့် တွေ့လိုက်ရခြင်းပင်။ ဤသခင်လေးလေ့တစ်ယောက် တုန်လှုပ်ချောက်ချားစရာကိစ္စနှင့် ကြုံတွေ့ရဖို့ ကံပါလာခဲ့လေပြီ။ ယင်းကို သင်ခန်းစာအသေးစားလေးတစ်ခုဟုလည်း သတ်မှတ်နိုင်ပေ၏။
…………
နောက်တစ်နေ့ နံနက်စောစောတွင် ချူမိသားစုတစ်ခုလုံး စောစောစီးစီး နိုးနေကြသည်။
ချူဖန်းတစ်ယောက် ကုမ္ပဏီသို့ပင် မသွားတော့ချေ။ ချူဖန်း၏ မိဘများသည်လည်း သခင်လေးလေ့ကို ကြိုဆိုရန်အတွက် သေသေသပ်သပ် ဝတ်ဆင်ထားကြ၏။ ထင်ရှားကျော်ကြားလှသည့် မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသည့် သခင်လေးလေ့အပေါ် အထင်အမြင်သေးစရာ အနာအဆာ အစွန်းအထင်းမျိုး မချန်ထားလိုကြပေ။
မည်သို့ပင်ဆိုစေ ဤသည်က ချူချန်း၏ အနာဂတ်ပျော်ရွှင်မှုအတွက်ဖြစ်ရာ သူတို့ ပေါ့ဆ၍ မဖြစ်ချေ။
“အဖေ၊ အမေ... သူ ဒီနေ့ လာလိမ့်မယ်”
ချူချန်းက နံနက်စောစောတွင် သူမ၏မိဘများနှင့် အစ်ကိုဖြစ်သူကို အကြောင်းကြားလိုက်သည်။
ချူဖန်းအနေဖြင့် သူ ဆိုသည်က မည်သူ့ကို ဆိုလိုမှန်း သဘာဝကျကျ သိသည်။ သူ့မျက်ဝန်းထဲတွင် ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမကို မတားဆီးခဲ့ပေ။ ထိုအစား သူက ခေါင်းညိတ်ကာ “သူ့ကို လာခိုင်းပြီး အခြေအနေ ကြည့်ခိုင်းတာ ကောင်းပါတယ်။ အစိကိုတို့လည်း အခွင့်အရေးရတုန်း တစ်ခါတည်း ကြည့်ရတာပေါ့။ ဒါပေမဲ့ ချန်းချန်း... အစိကိုတို့ သူ့ကို လာခွင့်ပြုလိုက်ပြီဆိုမှတော့ နောက်ပြီးကျမှ သခင်လေးလေ့ ရောက်လာတဲ့အခါကျရင် ညီမလေး စိတ်ဆိုးတာမျိုး သခင်လေးလေ့ကို တမင်တကာ သိက္ခာချတာမျိုးမလုပ်ဖို့ ကတိပေးရမယ်နော်”
“ဘာ... အစ်ကိုကြီးတို့က လေ့ရှန်ကိုလည်း လာခိုင်းလိုက်တာလား။ ကျွန်မ သူ့ကိုမတွေ့ဘူးလို့ ပြောထားတယ်မလား။ မတွေ့ချင်ဘူးလို့... ကျွန်မ မတွေ့ဘူး”
ချူချန်း အလွန်အံ့ဩသွားသည်။ သူမမိဘများက မနက်အစောကြီးနိုးနေပြီး အစ်ကိုဖြစ်သူလည်း ကုမ္ပဏီသို့ပင် မသွားသည်ကို သူမ ထူးဆန်းနေမိခဲ့၏။ တကယ်တန်း သူတို့က သခင်လေးလေ့ကို ကြိုဆိုရန် ပြင်ဆင်နေကြခြင်း ဖြစ်နေသည်။
သူမအနေဖြင့် လင်းဖုန်းကို လေ့ရှန်နှင့် မဆုံစေချင်ပေ။ လင်းဖုန်းက စိတ်ထဲထားမည် မဟုတ်သော်လည်း သူမဘက်က အားနာမိသည်။
“ချန်းချန်း... ဒါက ဆုံးဖြတ်ပြီးသားကိစ္စပဲ။ သခင်လေးလေ့လည်း ရောက်တော့မှာ။ ညီမလေးပြောတဲ့သူကိုလည်း အစ်ကိုတို့ သိက္ခာမချဘူး။ အဲ့လိုပဲ ညီမလေးဘက်ကလည်း အစ်ကိုတို့ ချူမိသားစုကို သိက္ခာမချဖို့ မျှော်လင့်တယ်။ အနည်းဆုံးတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးပေါ့။ အစ်ကိုတို့ ညီမလေးကို အတင်းအကျပ် မလုပ်ဘူးလို့ ကတိပေးပါတယ်”
ထိုသို့ပြောပြီးနောက် ချူဖန်း ထရပ်ကာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“သူ ရောက်လာပြီ။ သခင်လေးလေ့ ရောက်လာပြီ”
အားလုံး ပြတင်းပေါက်နားသို့ အပြေးအလွှား သွားကြည့်လိုက်ကြ၏။ အောက်ထပ်ရှိ အိမ်ရှေ့မျက်နှာသာတွင် ဇိမ်ခံကားတန်းကြီးတစ်တန်း ရပ်သွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် တက်ကြွလန်းဆန်းဟန် အရှိန်အဝါရှိသည့် ချောမောသောလူငယ်တစ်ဦး ကားပေါ်မှ ဆင်းလာ၏။
သူက လေ့မိသားစု၏ အကြီးဆုံးသား လေ့ရှန်ပင်။
ထိုအချိန်တွင် လေ့ရှန်သည်လည်း ခေါင်းမော့ကာ အပေါ်ထပ်သို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် နွေဦးလေပြေအလား နူးညံ့သည့် အပြုံးဖွဖွတစ်ခု အမြဲရှိနေတတ်ပြီး အလွန်ပင် ပေါင်းသင်းရလွယ်ပုံ ပေါက်နေ၏။
လေေ့မိသားစု၏ သားကြီးတစ်ဦးအနေဖြင့် သူ မည်သည့်အခါမျှ မောက်မာရိုင်းစိုင်းခြင်းမရှိသလို ဆရာကြီးစတိုင်လည်း မဖမ်းပေ။ သူဌေးသား လူပေါ်ကြော့တစ်ယောက်နှင့် လုံးဝမတူ အလွန်ကြိုးစားအားထုတ်သူတစ်ယောက်ဟန်ပင်။ သူတော်စင်အကယ်ဒမီသို့ ဝင်ရောက်ပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီး ယခုအခါတွင် အသွင်ပြောင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူတော်စင်အကယ်ဒမီတွင် သူ့ကို သဘောကျသည့် မိန်းကလေးများ မရေမတွက်နိုင်အောင်ရှိသော်လည်း သူ ဂရုမစိုက်ခဲ့ပေ။ သူ့စံနှုန်းက အလွန်မြင့်၏။ သူ အလိုရှိသည့် လက်တွဲဖော်မှာ သူ့လို ထူးချွန်ထက်မြက်သူဖြစ်ရမည်။
သို့သော် ချူဖန်းပြသည့် ချူချန်း၏ ဓာတ်ပုံကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားဝယ် တစ်ဒင်္ဂမျှ လှုပ်ခတ်သွားခဲ့ရသည်။ သူ ချူဖန်းထံမှ ချူချန်း၏ အခြေအနေကို သေသေချာချာ မေးမြန်းပြီးနောက် သူမကို ပိုင်ဆိုင်လိုစိတ်များ ပြင်းပြလာခဲ့၏။
ချူချန်းက ဝန်ရိုးစွန်းအကယ်ဒမီ၏ အရည်အချင်းစစ်စာမေးပွဲကို ကိုယ်တိုင်အောင်မြင်ကာ ဝန်ရိုးစွန်းအကယ်ဒမီ၏ ကျောင်းသူတစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဝန်ရိုးစွန်းအကယ်ဒမီ၏ စံနှုန်းက အလွန်တင်းကျပ်လှ၏။ လေ့ရှန်၏ စံနှုန်းက မြင့်မားသည်ဆိုသော်လည်း သာမန်နောက်ခံဖြင့် ဝန်ရိုးစွန်းအကယ်ဒမီ၏ စစ်ဆေးမှုကို အောင်မြင်နိုင်သည့် ပါရမီရှင်များကိုမူ သူ အလွန်လေးစားမိသည်။ ထိုသူများကသာ တကယ့် ပါရမီရှင်အစစ်များပင်။
မည်သည့်မတော်တဆမှုမှ မရှိလျှင် ထိုကဲ့သို့သော ပါရမီရှင်မျိုးက မျိုးရိုးဗီဇကန့်သတ်ချက်ကို သေချာပေါက် ချိုးဖျက်နိုင်ပေလိမ့်မည်။
ထို့ကြောင့် လေ့ရှန်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံရန် တွေဝေမနေခဲ့ပေ။ အကယ်၍ သူတော်စင်အကယ်ဒမီမှ မိန်းကလေးများသာ ဤအကြောင်းကိုသိပါက မယုံကြည်နိုင် ဖြစ်နေလိမ့်မည်။ သခင်လေးလေ့ကို ဤမျှအထိ ဆွဲဆောင်နိုင်သည့် မိန်းကလေးမျိုး ရှိနေသည်လားဟူ၍။
ချူဖန်းတစ်ယောက် လေ့ရှန်ကို ကြိုဆိုရန်အတွက် အောက်ထပ်သို့ အပြေးအလွှား ဆင်းသွားသည်။
“သခင်လေးလေ့... အပေါ်ကို ကြွပါခင်ဗျ။ ကျွန်တော့်ညီမ ချူချန်း အိမ်မှာရှိပါတယ်။ ဒါပေမဲ့ အခြေအနေသစ်တစ်ခု ရှိလာတယ်ဗျ။ ကျွန်တော့်ညီမက ဗဟိုပင်လယ်တက္ကသိုလ်မှာတုန်းက ကျောင်းနေဖက်တစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးတယ်။ သခင်လေးလေ့လည်း သိတဲ့အတိုင်း ကျောင်းသားဘဝက ဆက်ဆံရေးတွေက တော်တော် ရှုပ်ထွေးတတ်ပါတယ်။ ချန်းချန်းက အရမ်းခေါင်းမာပြီးတော့ အခုလည်း အဲဒီလူနဲ့ စေ့စပ်ချင်နေတာ။ ပြီးတော့ ဒီနေ့ အဲဒီလူလည်း လာလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ချူဖန်း လေ့ရှန်ကို မျက်နှာရိပ်မျက်နှာကဲခတ်လိုက်သည်။
သခင်လေးလေ့၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူက အသာအယာ ခေါင်းညိတ်ကာ ဆို၏။
“ဒါဆို ပိုတောင် ကောင်းသေးတာပေါ့။ သူ လာတော့လည်း ငါတို့ တွေ့ရတာပေါ့။ သူ့အားနည်းချက်တွေကို သူသိသွားရင် နောက်ဆုတ်သွားလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်”
သခင်လေးလေ့အနေဖြင့် ယုံကြည်ချက်များ အပြည့်အဝ ရှိနေ၏။ မိမိနှင့် ရွယ်တူချင်းထဲတွင် မည်သူကမျှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ဟု သူ ယူဆထားသည်။
ထို့ကြောင့် ချူဖန်း လေ့ရှန်နှင့်အတူ အပေါ်ထပ်သို့ တက်သွားသည်။
သခင်လေးလေ့ ချူမိသားစုအိမ်ထဲသို့ ရောက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်က ချူချန်းပင်။ သူ့မျက်ဝန်းများ ချက်ချင်း တောက်ပသွားသည်။ သူမက ဓာတ်ပုံထဲကထက်ပင် ပိုလှနေပြီး ထူးခြားဆန်းကြယ်သည့် အရှိန်အဝါတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။
“ဦးလေး၊ အန်တီ... မင်္ဂလာပါခင်ဗျ။ ကျွန်တော်က လေ့ရှန်ပါ။ လာနှောင့်ယှက်မိတဲ့အတွက် ကျွန်တော် အားနာပါတယ်ဗျ”
လေ့ရှန်က ယဉ်ကျေးပျူငှာသော်လည်း သူ့အကြည့်များကမူ ချူချန်းထံသို့ ခဏခဏ ရောက်သွားတတ်သည်။ သူ့သဘောထားက တော်တော်လေး ထင်ရှားလှ၏။
ချူဖန်း အလွန်ဝမ်းသာသွားသည်။ သခင်လေးလေ့က သူ့ညီမအပေါ် အမှန်တကယ်ပင် သဘောကျပုံရသည်။ ထိုသို့ဆိုလျှင် နောက်ပိုင်းကိစ္စများက ပိုမိုလွယ်ကူသွားပေလိမ့်မည်။
“ချန်းချန်း... ဒါက သခင်လေးလေ့ရှန်ပဲ။ သူက မကြာသေးခင်ကမှ မျိုးရိုးဗီဇကန့်ငတ်ချက်ကို ချိုးဖျက်ထားတဲ့ သူတော်စင်အကယ်ဒမီက ပါရမီရှင်တစ်ယောက်ပေါ့”
ချူချန်း လေ့ရှန်ကို တစ်ချက် ကြည့်လိုက်သည်။ လေ့ရှန်၏ အသွင်အပြင်က တကယ့်ကို တက်ကြွလန်းဆန်းဟန်ရှိပြီး ပေါင်းသင်းရလွယ်ကူကာ ယဉ်ကျေးမှုလည်းရှိကြောင်း ဝန်ခံရပေမည်။ သူက တကယ်လည်း ထူးချွန်ထက်မြက်သည့် လူငယ်တစ်ဦးပင်။
သို့သော် သူမနှလုံးသားထဲတွင်မူ မည်သည့် လှုပ်ခတ်မှုမျှ မရှိပေ။ နှုတ်ဆက်သည့်အနေဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်ရုံသာ ပြုလိုက်သည်။
လေေ့ရှန် စိတ်မဆိုးဘဲ တစ်ချက်ပြုံးကာ ပြောလိုက်သည်။ “ဒီနေ့ လာနှောင့်ယှက်မိတဲ့အတွက် ဗွေမယူဖို့ မျှော်လင့်ပါတယ် ချူချန်း။ ဝန်ရိုးစွန်းအကယ်ဒမီမှာ မင်းရဲ့သိုင်းပညာက ဘယ်အဆင့်အထိ ရောက်နေပြီလဲ။ ငါကတော့ မျိုးရိုးဗီဇကန့်သတ်ချက်ကို မကြာသေးခင်ကပဲ ချိုးဖျက်ထားတာဆိုတော့ အတွေ့အကြုံတချို့ ရှိတယ်လေ။ မင်းအတွက်လည်း အသုံးဝင်ကောင်း ဝင်နိုင်တာပေါ့”
ချူချန်းက တိတ်ဆိတ်နေသည်ကို မြင်သောအခါ လေ့ရှန် ဆက်ပြောလိုက်သည်။ “တကယ်တော့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရတာက ထင်သလောက် မခက်ပါဘူး။ ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ ချိုးဖျက်နိုင်ခဲ့တယ်လေ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးတာနဲ့ ခန္ဓာကိုယ်က မြန်မြန်ဆန်ဆန် အသွင်ပြောင်းလာလိမ့်မယ်။ ဒီအခါကျရင် ရွေးချယ်ရမယ့် အဖွဲ့အစည်းက အရမ်းအရေးကြီးတယ်။ ဒါက သိုင်းသမားတစ်ယောက်ရဲ့ အနာဂတ်ကျင့်ကြံခြင်းနဲ့ သက်ဆိုင်နေလို့လေ”
“ငါ သေချာစဉ်းစားကြည့်ပြီးပြီ။ အခုတလော ရေပန်းစားနေတဲ့ ကာကွယ်သူအဖွဲ့ချုပ်ကို ရွေးချယ်တာက အကောင်းဆုံးပဲ။ အသစ်တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ငါ တကယ်အထင်ကြီးတယ်။ စောစောစီးစီးဝင်နိုင်မယ်ဆိုရင် သူတော်စင်လင်းဖုန်းရဲ့ မျက်စိကျတာကိုတောင် ခံရနိုင်တယ်လေ”
ဤစကားကို ကြားလိုက်ရသောအခါ ချူချန်း၏ အကြည့်က အနည်းငယ် ထူးဆန်းသွားသည်။
“ရှင်က ကာကွယ်သူအဖွဲ့ချုပ်ကို ဝင်ချင်တာလား” ချူချန်းက မေးလိုက်သည်။
“ဟုတ်တယ်။ ဘာပြဿနာရှိလို့လဲ။ မင်း ကာကွယ်သူအဖွဲ့ချုပ်အကြောင်း သိပ်မသိသေးလို့ ဖြစ်မယ်။ အဲဒီအဖွဲ့က တကယ့်ကို တိုးတက်မှုအလားအလာ အကောင်းဆုံး အဖွဲ့အစည်းပဲ။ အထူးသဖြင့် သူတော်စင်လင်းဖုန်းက တကယ့်ကို ဒဏ္ဍာရီလာ ပညာရှင်ကြီးတစ်ဦးလေ…”
လေေ့ရှန်တစ်ယောက် ကာကွယ်သူအဖွဲ့ချုပ်၏ အားသာချက်များကို မရပ်မနား တတွတ်တွတ် ပြောနေတော့သည်။
ချူချန်းနှင့် လေ့ရှန်တို့ စကားပြောစရာ ခေါင်းစဉ်တစ်ခုရှိပြီး အဆင်ပြေနေသည်ကို မြင်သောအခါ ချူဖန်း စိတ်ထဲကနေ ခေါင်းညိတ်လိုက်မိ၏။ ထူးချွန်ထက်မြက်သူတစ်ယောပ်ကို မည်သူမျှ မုန်းနိုင်မည်မဟုတ်ဟု သူ အမြဲ ယုံကြည်ထားသည်။ သခင်လေးလေ့ကဲ့သို့ ထူးချွန်သည့် လူငယ်တစ်ဦးကို သူ့ညီမဖြစ်သူ စိတ်ထဲတွင် အခြားသူတစ်ဦး ရှိနေစေကာမူ သေချာပေါက် အမြင်ကြည်လာလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦး သေချာပေါက် ဆုံစည်းသွားကြပေလိမ့်မည်။
လေ့ရှန်သည်လည်း အလွန် ယုံကြည်မှု ရှိနေသည်။ သူက ဗဟုသုတကြွယ်ဝပြီး သိုင်းပညာတွင်လည်း အောင်မြင်မှု အထိုက်အလျောက်ရှိသည်။ အနာဂတ်တွင် ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်ပြီးပါက နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်မည်ဟု လုံဝဥဿုံ ယုံကြည်ထား၏။ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်လာရန်ပင် မဖြစ်နိုင်သည်မဟုတ်ပေ။
ထိုသို့ဆိုလျှင် မိန်းကလေးတစ်ယောက်ကို သူ အဘယ်အတွက်ကြောင့် မဆွဲဆောင်နိုင်ဘဲ နေမည်နည်း။
လေ့ရှန်အနေဖြင့် သူနှင့် ရွယ်တူချင်းထဲတွင် မည်သူမျှ သူ့ထက် သာမည်မဟုတ်ဟု ယုံကြည်နေသည်။
ဒေါက်... ဒေါက်...
ရုတ်တရက် ချူမိသားစုအိမ်တံခါးကို တစ်ယောက်ယောက် လာခေါက်၏။
“သူ ရောက်လာပြီ”
ချူချန်း ချက်ချင်း ထရပ်လိုက်ပြီး သူမမျက်နှာထက်တွင် အံ့ဩဝမ်းသာရိပ်များ လွှမ်းမိုးသွားသည်။ ထိုအခိုက်အတန့်တွင် သခင်လေးလေ့ပင် သူမ၏အလှကြောင့် ခေတ္တမျှ ကြောင်ငေးသွားရ၏။
ချူချန်းက ပြုံးလိုက်သည့်အခါတွင် ပို၍ပင် လှသွားတတ်ကြောင်း သူ သိလိုက်ရသည်။
ချူချန်း အမြန်ပင် တံခါးသွားဖွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း လင်းဖုန်းတစ်ယောက် အပြင်ဘက်တွင် ရပ်နေ၏။
“ချန်းချန်း... ငါ နောက်မကျသေးဘူးမလား”
လင်းဖုန်း၏ မျက်နှာထက်တွင် ထူးဆန်းသည့် အပြုံးတစ်ခု ခပ်ရေးရေးပေါ်နေ၏။
ထာဝရသိုင်းတာအိုအရှင်