အခန်း ၃၀၆
Vol. 27 Ch. 306
အခန်း (၃၀၆) - စေ့စပ်ခြင်း
ဘာသာပြန် - အားသစ်
“ချန်းချန်း... ဘယ်သူလဲ”
အခန်းထဲမှ ချူဖန်းက သူမကို အလျင်စလို မေးလိုက်သည်။ တကယ်တော့ ဘယ်သူလဲဆိုသည်ကို သူ သိသလို သခင်လေးလေ့လည်း ခန့်မှန်းမိသည်။
သခင်လေးလေ့တစ်ယောက် ခပ်ဖွဖွ ပြုံးနေ၏။ သူ့မျက်နှာအမူအရာက လုံးဝပြောင်းလဲမသွားချေ။ ဘယ်သူဆိုသည်ကို ဂရုမစိုက်သည့်အလားပင်။
“ဝင်ခဲ့ပါ”
ချူချန်း၏ မျက်နှာထားက အနည်းငယ် သဘာဝမကျဟန် ဖြစ်နေသော်လည်း နောက်ဆုံးတွင် သူမ သက်ပြင်းသာ ချလိုက်မိသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို မည်သို့ရင်ဆိုင်ရမည်မှန်း သူမ တကယ်မသိတော့ချေ။ သူမမိဘများနှင့် စကားများရတော့မည်လော။
ယင်းက ချူချန်းမြင်တွေ့ချင်သော ရလဒ်မျိုးလည်း မဟုတ်ပေ။
လင်းဖုန်း အေးအေးလူလူ လျှောက်ဝင်လာသည်။ သူ တစ်ယောက်တည်း လာခြင်းပင်။ အစက လင်းဇနီးမောင်နှံနှစ်ယောက် လိုက်လာချင်ခဲ့ကြသော်လည်း လင်းဖုန်းက သူတို့ကို တားခဲ့ရသည်။ ယနေ့ အခြေအနေကို သူ စိတ်ထဲမထားသော်လည်း သူ့မိဘများကမူ စိတ်မကွက်ဘူးဟု တပ်အပ်မပြောနိုင်ပေ။ သို့ဆိုလျှင် နောက်တစ်ကြိမ် ပြန်တွေ့သည့်အခါ၌ အနေရခက်ခြင်းမျိုးကို ရှောင်လွှဲနိုင်လိမ့်မည်။
ချူချန်းက လင်းဖုန်းအား ခေါ်လာသည်ကို မြင်သောအခါ ချူဖန်း လင်းဖုန်းကို အကဲခတ်လိုက်သည်။ လင်းဖုန်းကို အနည်းငယ် ရင်းနှီးနေသယောင် ခံစားရသော်လည်း သူ သိပ်မတွေးမိခဲ့ပေ။ လင်းဖုန်း၏ အမူအကျင့်က သေသပ်ကောင်းမွန်ပြီး ရုပ်ရည်ကလည်း သူ့ညီမနှင့် တော်တော်လေး လိုက်ဖက်သည်ဟုသာ ခံစားလိုက်ရသည်။
ကံမကောင်းစွာဖြင့် သူ့မိသားစုနောက်ခံက သခင်လေးလေ့ထက် အနည်းငယ် နိမ့်ကျနေ၏။ ထို့အပြင် သူကိုယ်တိုင်ကလည်း သခင်လေးလေ့လောက် မထူးချွန်ပေ။
“ညီမလေး... မိတ်မဆက်ပေးတော့ဘူးလား” ချူဖန်းက လင်းဖုန်းအပေါ် ဧည့်ဝတ်ကျေပွန်မှု သိပ်မရှိဘဲ ခပ်အေးအေးပင် ပြောလိုက်သည်။
ရွှစ်
သခင်လေးလေ့သည်ကား အမြဲတမ်း တည်ငြိမ်အေးဆေးပြီး ဂုဏ်သရေရှိလှကာ ရှေ့တွင် တောင်ပြိုကျလာလျှင်ပင် တည်ငြိမ်နေမည့်သူတစ်ယောက်၏ အရှိန်အဝါမျိုး ရှိနေခဲ့သည်။ သို့သော် ယခုမူ သခင်လေးလေ့တစ်ယောက် မယုံကြည်နိုင်လောက်အောင် မျက်လုံးပြူးကာ ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။
သူ့အသံများ တုန်ယင်လျက် ထစ်အအဖြင့် စကားဆိုလိုက်၏။
“သူ... သူတော်စင်လင်းဖုန်း”
“မင်းက လေ့ရှန်ဖြစ်ရမယ် ဟုတ်တယ်မလား။ မျိုးရိုးဗီဇကန့်သတ်ချက်ကို မကြာသေးခင်ကပဲ ချိုးဖျက်ထားတဲ့ သူတော်စင်အကယ်ဒမီက ပါရမီရှင်။ အင်းအင်း မဆိုးဘူး မဆိုးဘူး”
လင်းဖုန်းက မျိုးဆက်သစ်တစ်ဦးကို လမ်းညွှန်မှုပေးနေသည့် လူကြီးတစ်ယောက်နှင့် တူနေသော်လည်း သခင်လေးလေ့ကမူ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။
ဒါက ဘယ်လိုကြီးလဲ။
ချူချန်းရဲ့ ရည်းစားက သူတော်စင်လင်းဖုန်းတဲ့လား။ သူတော်စင်တစ်ပါးနဲ့ မိန်းမတစ်ယောက်ကို ယုံကြည်မှုအပြည့်နဲ့ ယှဉ်လုဖို့ သူ ဘယ်လိုများ သတ္တိရှိတာလဲ။
ထိုအတွေးကြောင့် သခင်လေးလေ့တစ်ယောက် ပါးစပ်ဟသွားသော်လည်း ဘာစကားမှ ထွက်မလာတော့ပေ။
သူတော်စင်တစ်ပါး၊ အစစ်အမှန် သူတော်စင်တစ်ပါး။ သူက သူတော်စင်တစ်ပါးနှင့် မိန်းကလေးတစ်ယောက်ကို ယခုလေးတင်မှ ယှဉ်လုခဲ့မိ၏။ ဤသတင်းသာ ပြန့်သွားပါက သူတော်စင်အကယ်ဒမီတွင် သူ ဘာလုပ်လုပ် အဆင်ပြေဖို့ ခက်ခဲသွားလိမ့်မည်။ လင်းဖုန်း၏ ဒေါသကသာ နည်းနည်ပိုဆိုးမည်ဆိုလျှင် သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်လျှင်တောင် မည်သူကမှ တစ်ခွန်းတောင် ဝင်ဟရဲမည်မဟုတ်။
သခင်လေးလေ့၏ စိတ်ပျက်အားငယ်နေသည့် ပုံစံကို မြင်သောအခါ ချူဖန်းလည်း မှင်သက်သွားသည်။
“လင်းဖုန်း... သူတော်စင်တဲ့လား”
သခင်လေးလေ့၏ စကားကို ချူဖန်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သခင်လေးလေ့၏ စိတ်ဓာတ်ကျနေသည့် မျက်နှာကိုကြည့်ကာ မကြာသေးမီက တဟုတ်ထိုး ပေါက်ကွဲထွက်လာခဲ့သည့် သတင်းကို သူ ရုတ်တရက် သတိရသွားသည်။ ယင်းက လူသားမျိုးနွယ်၏ ဒဿမမြောက်သူတော်စင်ဖြစ်သူ လင်းဖုန်း၏ လုပ်ရပ်များအကြောင်းပင်။
သူက အသေးစား စီးပွားရေးသမားတစ်ယောက်သာ ဖြစ်ရာ ပထမဆုံးအနေဖြင့် ထိုကိစ္စကို သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။ ဒဿမမြောက်သူတော်စင်က ဗဟိုပင်လယ်မှ ဖြစ်ဟန်တူပြီး အတော်လေး ငယ်ရွယ်သည်ကိုသာ သူ မှတ်မိသည်။ ကျန်ကိစ္စများကို သူ သိပ်ပြီး အာရုံမစိုက်ခဲ့ချေ။
ယခု ပြန်စဉ်းစားကြည့်လိုက်သောအခါ ဗဟိုပင်လယ်မှ ထိုလူငယ်က သူ့ရှေ့မှ လူများဖြစ်နေနိုင်သလော။ ထိုသူက သူ့ညီမ၏ ရည်းစား သို့တည်းမဟုတ် ချူမိသားစု၏ သမက်လောင်းပေလော။
ချူဖန်းတစ်ယောက် တစ်ခဏမျှ ဆွံ့အသွား၏။ နောင်တရခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က သူ့စိတ်ထဲတွင် ရောပြွန်းသွားလေသည်။
သူ ဘာလုပ်ခဲ့မိတာလဲ။ လင်းဖုန်းက ဘာအောင်မြင်မှုမှလည်း မရှိ။ သခင်လေးလေ့လောက် မထူးချွန်ဘူးလို့ သူ ယုံကြည်မှုအပြည့်နဲ့ ပြောခဲ့မိတယ်။ ဒါက တကယ်ကို သူ့ကိုယ်သူ အကြပ်အတည်းထဲ တွန်းပို့လိုက်တာပဲ။
ထိုအတွေးဖြင့် ပြည့်စုံပျော်ရွှင်ကာ ရှက်သွေးဖြာနေသော အမူအရာဖြစ်နေသည့် ညီမဖြစ်သူ ချူချန်းကို ကြည့်လိုက်မိသည်။ သူ့နှလုံးသားအောက်ခြေမှ သူ နောင်တရသွားသည်။ ညီမဖြစ်သူက သူ့ကို ကြိုတင်သတိပေးလို့ မရဘူးလော။ ဒါက ဘာသဘောနည်း။ သူမအစ်ကိုကြီးကို ထောင်ချောက်ဆင်လိုက်သလော။
သေချာပေါက် ချူဖန်းအနေဖြင့် သူ့ညီမကို အပြစ်မတင်ရဲပေ။ သူကသာ ဤကိစ္စကို ဖန်တီးခဲ့သူပင်။ ခက်ခဲနေလျှင်ပင် သူ ရှင်းပြရပေမည်။
“သူတော်စင်... သူတော်စင်လင်းဖုန်း၊ ကျွန်တော်တို့... ကျွန်တော်တို့...”
စီးပွားရေးလောကတွင် ချုဖန်းက အပြောအဆိုကောင်းပြီး စကားပြောချိုသူဖြစ်၏။ မဟုတ်လျှင် သခင်လေးလေ့နှင့် မည်သို့နှယ် သိကျွမ်းနိုင်မည်နည်း။ သို့သော် ယခုအခါတွင် သူ စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ကြောင်း ခံစားလိုက်ရသည်။
သခင်လေးလေ့က ကမန်းကတန်း ပြောလိုက်သည်။
“သူတော်စင်လင်းဖုန်း... ကျွန်တော့်... ကျွန်တော့်ကို အရင် ပြန်ခွင့်ပြုပါဦး”
ထိုအချိန်၌ လေ့ရှန်အနေဖြင့် ဤနေရာတွင် ဆက်နေလျှင် အရှက်ခွဲခံရရန် တောင်းဆိုနေသလိုပင် ဖြစ်နေပေမည်။ သူ အလျင်အမြန် ထွက်သွားတော့မည့်အချိန်တွင် လင်းဖုန်း၏ အသံက နောက်မှ ထွက်ပေါ်လာသည်။ “စောစောက မင်း ကာကွယ်သူအဖွဲ့ချုပ်ကို ဝင်ချင်တယ်လို့ ပြောခဲ့တယ်မလား။ ကောင်းပါတယ်။ မင်း ကာကွယ်သူအဖွဲ့ချုပ်ကို ဝင်ဖို့ စိတ်ဝင်စားသေးတယ်ဆိုရင် ငါ ခွင့်ပြုပေးမယ်။ အဆင်ပြေတဲ့အချိန် ကာကွယ်သူအဖွဲ့ချုပ် ဌာနချုပ်ကို သွားသတင်းပို့လိုက်ပါ”
“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် သူတော်စင်အရှင်”
လေ့ရှန်တစ်ကိုယ်လုံး တုန်ယင်သွားသော်လည်း သူ ချက်ချင်း ဝမ်းသာအားရဖြစ်သွားသည်။ အစကတည်းက သူက ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခု သူတော်စင်လင်းဖုန်း ကိုယ်တိုင် သဘောတူလိုက်ပြီဖြစ်ရာ သေချာပေါက် အတည်ပြုချက် ရရှိပေလိမ့်မည်။
သို့သော် သူ အမြဲတစေ စံပြ ပန်းတိုင်အဖြစ် သတ်မှတ်ထားသော သူတော်စင်လင်းဖုန်းကို ဤကဲ့သို့ အနေရခက်သော ပုံစံဖြင့် တွေ့ဆုံရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
လေ့ရှန် ထွက်သွားပြီးနောက် ချူမိသားစုလည်း အခြေအနေကို သဘောပေါက်သွားကြသည်။ ချူဇနီးမောင်နှံနှစ်ယောက်စလုံး အနည်းငယ် ဆွံ့အသွားကြသည်။
သူတော်စင်များ၏ အဆင့်အတန်းက မည်သို့ရှိသည်ကို သူတို့ သေသေချချာသိကြ၏။ လူသားမျိုးနွယ်တစ်ခုလုံးတွင် မသိသူမရှိပေ။ အတိတ်ကာလက သူတော်စင်ကိုးပါးသည်သာ အမြင့်ဆုံး အာဏာပိုင်များဖြစ်ကြပြီး နိုင်ငံ့ခေါင်းဆောင်တစ်ဦးထက်ပင် ပိုမြင့်မြတ်ကြသည်။
နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် သူတော်စင်ကိုးပါးက ဤကမ္ဘာပေါ်တွင် အမြင့်ဆုံး ခေါင်းဆောင်များဖြစ်ကြ၏။ ယခု လင်းဖုန်းက ဒဿမမြောက်သူတော်စင်ပင်။
သူတို့၏ အမြင်တွင် လေ့ရှန်ပင်လျှင် သူတို့အဆင့်နှင့် လက်လှမ်းမမီနိုင်အောင် ဖြစ်နေလေပြီ။ သူတော်စင်ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ချေ။
ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများအတွက် သူတို့ အနည်းငယ် ရှက်ရွံ့နေကြ၏။ သို့သော်လည်း သူတော်စင်လင်းဖုန်းက သူတို့ကို လုံးဝ အပြစ်မတင်သည်ကို အသေအချာ သိလိုက်ရသဖြင့် တဖြည်းဖြည်း စိတ်အေးသွားကြသည်။ လင်းဖုန်းနှင့် ချူချန်းတို့ကြားက ကိစ္စအတွက်မူ သဘာဝကျကျပင် သူတို့ အပြည့်အဝ သဘောတူကြသည်။
အရာအားလုံးက သဘာဝအတိုင်းသာ စီးမြောသွားသည်။ နှစ်ဖက်စလုံးက စေ့စပ်မည့်ရက်ကို သဘောတူလိုက်ကြ၏။ လင်းဖုန်း၏ ပြောစကားအရ စေ့စပ်ပွဲကို နှစ်ဖက်မိသားစုများကသာ သက်သေအဖြစ် သိရှိရန် လိုအပ်သည်။ အလွန်တရာ ကြီးကြီးကျယ်ကျယ်လုပ်နေဖို့ မလိုပေ။ သူတို့ လက်ထပ်သည့်အခါမှသာ ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲကို ကျင်းပကြမည်ဖြစ်သည်။
လင်းဖုန်း၏ အဆင့်အတန်းကို ထည့်သွင်းစဉ်းစားပြီးနောက် ချူမိသားစုက မတုံ့မဆိုင်း သဘောတူလိုက်သည်။
အရာအားလုံး ညှိနှိုင်းဆွေးနွေးပြီးနောက် လင်းဖုန်း ဗဟိုပင်လယ်သို့ ပြန်သွားတော့၏။ နောက်တစ်နေ့တွင် ချူမိသားစုက ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ပြီး လင်းဖုန်းနှင့် ချူချန်းတို့၏ စေ့စပ်ပွဲအခမ်းအနားကို နှစ်ဖက်မိဘများရှေ့တွင် သက်သေပြု ကျင်းပစေသည်။
ထို့နောက် တစ်နှစ်အကြာတွင် မင်္ဂလာပွဲကျင်းပရန် သဘောတူညီခဲ့ကြ၏။ သဘာဝကျစွာပင် နှစ်ဖက်စလုံး ကျေနပ်ပျော်ရွှင်နေခဲ့ကြသည်။
စေ့စပ်ပြီးနောက် လင်းဖုန်းအနေဖြင့် ကာကွယ်သူအဖွဲ့ချုပ်သို့ ပြန်ရန် အလျင်မလိုပေ။ ထိုအစား သူ့ဇနီးလောင်းလေးနှင့် မိသားစုအား အချိန်ပေးရန် ရွေးချယ်ခဲ့သည်။ မဟုတ်လျှင် ကာကွယ်သူအဖွဲ့ချုပ်သို့ ပြန်ရောက်ပြီး အလုပ်များသွားချိန်မှ သူ့မိသားစုနှင့် အချိန်များများကုန်ဆုံးစေရန် အလွန်ခက်ခဲသွားနိုင်သည်။
…………
လူသူကင်းမဲ့နေသော ပြင်ပနယ်မြေ၏ နေရာတစ်ခုတွင်…
ထူးဆန်းသည့် ကျောက်တုံးများနှင့် ပြည့်နေသည့် ဘဲဥပုံဒေသတစ်ခုက ကီလိုမီတာရာပေါင်းများစွာအထိ ဖြန့်ကျက်တည်ရှိနေသည်။
ဤသည်ကား ပြင်ပနယ်မြေရှိ တားမြစ်နယ်မြေလေးခုထဲမှ တစ်ခုဖြစ်သော နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ပင်။
ကြီးမားလှသည့် ကျောက်တုံးကြီးတစ်ခုက မြေပြင်အထက် မြင့်မြင့်မားမား ရပ်တည်နေ၏။ ထိုကျောက်တုံးကြီးက ဧရာမနဂါးခေါင်းကြီးတစ်ခုနှင့် ဆင်တူကာ နက်နဲပြီး ရှေးကျသော အငွေ့အသက်များ ပေးစွမ်းနေသည်။
ဝရုန်း
ရုတ်တရက် မြေပြင်တစ်ခုလုံး တဆက်ဆက် တုန်ခါသွားသည်။ နဂါးခေါင်းနှင့်တူသည့် ကျောက်တုံးကြီးက အသက်ဝင်လာတော့မည့်အလား ပြင်းပြင်းထန်ထန် လှုပ်ခါနေ၏။
“ထပ်ဖြစ်ပြန်ပြီ”
အဝေးမှလူရိပ်တစ်ခု ရုတ်တရက် ပျံသန်းလာပြီး နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို ငုံ့ကြည့်လိုက်သည်။ ထိုသူကား လူသားမျိုးနွယ်၏ သူတော်စင်ဆယ်ပါးထဲမှ တစ်ပါး၊ အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးဖြစ်သော ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အကြည့်က တည်ကြည်လေးနက်နေ၏။ သူက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို စောင့်ကြည့်ရန် အဓိကရည်ရွယ်ကာ ပြင်ပနယ်မြေကို စောင့်ကြပ်နေခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်၏ တုန်ခါမှုများက တဖြည်းဖြည်း ပိုပြင်းထန်လာ၏။ ယင်းက သူ့ကို နိမိတ်မကောင်းသည့် ခံစားချက်မျိုးပေးနေသည်။
“နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှာ နတ်ဆိုးဧကရာဇ်နှစ်ကောင်ရှိတယ်။ ငါက အများဆုံးမှ တစ်ကောင်ကိုပဲ ရင်ဆိုင်နိုင်မှာ။ ဒီနှစ်ကောင်ကို အပြင်ထွက်ခွင့်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် အကျိုးဆက်တွေက တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတော်စင်ခန်းနဲ့ သူတော်စင်ယွမ်ယီတို့နှစ်ယောက် စောင့်ကြပ်နေတဲ့ တားမြစ်နယ်မြေတွေကလည်း မတည်ငြိမ်တဲ့ လက္ခဏာတွေ ပြနေတယ်။ ဘယ်သူကမှ ငါ့ကိုလာကူညီဖို့ အချိန်မပေးနိုင်ကြဘူး...”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင် မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ သူတော်စင်နှစ်ပါးသာ ရှိမည်ဆိုလျှင် စုံစမ်းစစ်ဆေးရန်အတွက် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ထဲသို့ ဝင်ရောက်ရန်ပင် သူ ကြိုးစားနိုင်သည်။
“ဟုတ်သားပဲ၊ သူ့ကို ငါ ဘယ်လိုလုပ် မေ့နေရတာလဲ...”
ရုတ်တရက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အကြည့်များ ပြေလျော့သွား၏။ သူ တစ်ခုခုကို တွေးမိသွားပုံရပြီး အလင်းပွင့်သွားသည့်ဟန် ပေါ်လာသည်။
ထာဝရသိုင်းတာအိုအရှင်