← Chapters

အခန်း ၃၀၇

Vol. 27 Ch. 307

အခန်း ၃၀၇

Vol. 27 Ch. 307

အခန်း (၃၀၇) - ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အကူအညီတောင်းခံခြင်း

ဘာသာပြန် - အားသစ်

လင်းဖုန်းတစ်ယောက် အိမ်တွင်သာနေ၍ သူ့ဇနီးလောင်းနှင့် မိသားစုအား အချိန်ပေးနေခဲ့သည်။ သူ နေ့စဉ်နေ့တိုင်း သက်တောင့်သက်သာ စိတ်အေးလက်အေး နေထိုင်နေပြီး ကျင့်ကြံခြင်းကိုပင် ခဏဘေးဖယ်ထားသည်။

လင်းဖုန်း တကယ်ပျင်းရိသွားခြင်း အချစ်ကြောင့် မျက်စိကန်းသွားခြင်း မဟုတ်ချေ။ လင်းဖုန်း၏ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်က တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် လိုအပ်ချက်များနှင့် ကိုက်ညီနေသောကြောင့်ပင်။

သို့သော် ယခုလက်ရှိ လင်းဖုန်း တတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ မည်သည့်အရိပ်အယောင်မျှ မရှိသေးပေ။ ဤသည်က ကြိုးကြိုးစားစား ကျင့်ကြံရုံဖြင့် ရနိုင်သောအရာ မဟုတ်။ လောင်ဘီသမ်၏ အဆိုအရ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် မည်သူကမျှ ကူညီပေး၍ မရနိုင်ပေ။ သူ ကိုယ်တိုင်အားသာ အားကိုးရလိမ့်မည်။

လင်းဖုန်း၏ ပင်ကိုပါရမီက သာမန်မျှသာဖြစ်သည်။ သူ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ဤမျှအလျင်အမြန် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ အခွင့်အရေးအမျိုးမျိုးနှင့် တိုက်ဆိုင်မှုများကြောင့်သာ ဖြစ်သည်။ သူ့အတွေ့အကြုံက နှစ်ရာပေါင်းများစွာ ကြာမြင့်နေသော သိုင်းသမားတချို့ထက်ပင် ပိုမိုကြွယ်ဝနေ၏။ ထို့ကြောင့်သာ ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍မူ သူ တစ်ဆင့်ချင်း ကျင့်ကြံသွားမည်ဆိုပါက မည်မျှကြာမည်ကို သူမသိ။ လက်ရှိတွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် ဦးတည်ရာအတိအကျလည်း မတွေ့သေးပေ။

ဒွီ ဒွီ ဒွီ

ရုတ်တရက် လင်းဖုန်း၏ ဆက်သွယ်ရေးစက် မြည်လာသည်။

လင်းဖုန်း ဆက်သွယ်ရေးစက်ကို ကိုင်လိုက်သောအခါ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ဤသည်က တကယ်ကို ထူးထူးဆန်းဆန်းပင်။ ပုံမှန်အားဖြင့် အရေးကြီး ကိစ္စမရှိဘဲ သူတော်စင်များအချင်းချင်း ဆက်သွယ်လေ့မရှိကြပေ။

“ကျောင်းအုပ်ကြီး... ဘာကိစ္စများ ရှိလို့လဲဗျ”

“လင်းဖုန်း... ငါ မင်းကို ဒုက္ခပေးရမယ့် ကိစ္စတစ်ခု ရှိတယ်။ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်နဲ့ ပတ်သက်ပြီး ငါ မင်းအကူအညီ လိုတယ်”

“နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်လား။ တားမြစ်နယ်မြေလေးခုထဲက တစ်ခုပေါ့။ ဘာတွေဖြစ်နေလို့လဲ”

လင်းဖုန်း တုန်လှုပ်သွားသည်။ သူတော်စင်တစ်ပါးအနေဖြင့် သဘာဝကျကျပင် လျှို့ဝှက်ချက်များစွာကို သူ သိရှိထားသည်။ ဥပမာအားဖြင့် တားမြစ်နယ်မြေလေးခုဆိုသည်မှာ သူတော်စင်များပင် ကြောက်ရွံ့ရသည့် နေရာများဖြစ်ကြသည်။ သူတော်စင်များကို ခြိမ်းခြောက်နိုင်သော နတ်ဆိုးဧကရာဇ်များနှင့် အခြားထူးခြားဆန်းပြားသည့် စွမ်းအားများ ထိုနေရာများတွင် တည်ရှိနေကြသည်။

တကယ်တန်းတွင် သူတော်စင်ကိုးပါးက တားမြစ်နယ်မြေလေးခုကို အသီးသီး စောင့်ကြပ်နေကြခြင်း ဖြစ်သည်။

“တကယ်ပဲ ပြဿနာတစ်ခုဖြစ်နေလို့ မင်းရဲ့အကူအညီ လိုနေတာ။ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို ရောက်ရင် မင်း အသေးစိတ် သိရပါလိမ့်မယ်”

“ကောင်းပါပြီ။ ကျွန်တော် အမြန်ဆုံး လာခဲ့ပါ့မယ်” လင်းဖုန်း ဖုန်းချလိုက်သည်။

နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်တွင် တစ်ခုခုဖြစ်ပျက်နေ၏။ သူတော်စင်တစ်ပါးအနေဖြင့် သဘာဝကျစွာပင် သူ သွားရောက်ရမည့် ဝတ္တရားရှိသည်။ ထို့အပြင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကိုယ်တိုင်က သူ့ကို ဆက်သွယ်လာ၏။ လင်းဖုန်းအနေဖြင့် အကြောင်းမဲ့ ငြင်းဆန်မည်မဟုတ်ပေ။

သူ၏ အေးချမ်းသော နေ့ရက်များ အဆုံးသတ်တော့မည်ပုံပင်။

“ချန်းချန်း... ကို ကိစ္စတစ်ခု ဖြေရှင်းစရာရှိလို့။ အချိန်နည်းနည်း ကြာကောင်းကြာလိမ့်မယ်။ မင်း ဗဟိုပင်လယ်မှာပဲ နေခဲ့မလား။ ဒါမှမဟုတ် ကာကွယ်သူအဖွဲ့ချုပ်ကိုပဲ ပြန်မလား”

ချူချန်းက အသေးစိတ် မေးမနေတော့ပေ။ လင်းဖုန်းက သူတော်စင်တစ်ပါးဖြစ်ပြီး လူသားမျိုးနွယ်၏ ကိစ္စရပ်အားလုံးကို ထမ်းထားရကြောင်း သူမ သိသည်။ ထို့ကြောင့် သူမက ညင်ညင်သာသာ ပြောလိုက်သည်။ “ကျွန်မ ကာကွယ်သူအဖွဲ့ချုပ်ကိုပဲ ပြန်ပြီးတော့ အဖွဲ့ချုပ်က ကိစ္စတွေကို ကူညီစီမံပေးထားမယ်လေ”

“ဒါလည်း ကောင်းတာပါပဲ။ ကျန်းချီကျီလည်း မကြာခင် ကာကွယ်သူအဖွဲ့ချုပ်ကို သွားလိမ့်မယ်။ မင်း သူ့ကိုလည်း ကူညီပေးလို့ရတာပေါ့”

ထို့နောက် လင်းဖုန်း သူ့မိသားစုကို နှုတ်ဆက်ကာ လေသင်္ဘောကို စီးနှင်၍ ထွက်သွားတော့သည်။ သူ ပထမဆုံး ချူချန်းကို ကာကွယ်သူအဖွဲ့ချုပ်သို့ ပြန်ပို့ပေးခဲ့၏။ ချူချန်းနှင့် ကာကွယ်သူအဖွဲ့ချုပ် ဌာနချုပ်ကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ဖို့အတွက် အာရုံစိုက်ထားရန် ကာကွယ်သူကို တောင်းဆိုခဲ့သည်။

ထို့နောက် လင်းဖုန်းသည် လေသင်္ဘောပေါ် တက်ကာ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ဆီသို့ တိုက်ရိုက် ဦးတည်ထွက်ခွာသွားတော့သည်။

လင်းဖုန်း၏ လေသင်္ဘောက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ရှိရာ နေရာဆီသို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းသွား၏။ လေသင်္ဘောက ပြင်ပနယ်မြေ၏ မြေဆီမြေသြဇာချို့တဲ့သည့် မြေရိုင်းများပေါ်မှ ဖြတ်ကျော်ပျံသန်းသွားသည်။ ဤနေရာက အလွန်ခြောက်သွေ့နေသော်လည်း တကယ်တော့ ကြောက်မက်ဖွယ်ရာသားရဲများ၏ ကမ္ဘာပင်။ ပျံသန်းနိုင်သော သားရဲများပင် ဟိုတစ်စုဒီတစ်စု ရှိနေကြသည်။

ပျံသန်းနိုင်သော သားရဲတစ်စုက လင်းဖုန်း၏ လေယာဉ်ပျံကို ကြားဖြတ်တိုက်ခိုက်ရန် ကြိုးစားခဲ့သေးသည်။ သို့သော်လည်း သူတို့အားလုံး လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ဖြင့် ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည်။ ထိုသို့ပင် ဖြစ်လင့်ကစား လမ်းခရီးတစ်လျှောက်တွင် ပျံသန်းနိုင်သောသားရဲအုပ် အနည်းဆုံးဆယ်အုပ်ခန့်နှင့် လင်းဖုန်း ကြုံတွေ့ခဲ့ရသည်။

ဤသည်က လေသင်္ဘောဖြင့် ပျံသန်းနေစဉ်အတွင်း ဖြစ်သည်။ အကယ်၍ သူသာ မြေပြင်သွားလာရေး ယာဉ်များကို အသုံးပြုမည်ဆိုပါက သားရဲအုပ်ဆယ်အုပ်ထက်မက ကြုံတွေ့ရနိုင်ခြေရှိသည်။ အုပ်စုရာချီပြီး ကြုံတွေ့ရလျှင်ပင် အံ့ဩစရာမဟုတ်ချေ။

နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကိုသာ ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းဟု သတ်မှတ်နိုင်၏။ ဤသည်ကလည်း လင်းဖုန်းအတွက် ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးပိုင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်သည်။ သူ မြင်တွေ့ခဲ့ရသော သားရဲများက မရေမတွက်နိုင်လောက်အောင် ထူထပ်များပြားပြီး အဆုံးအစမရှိဟန်ပင်။

ထိုအခါမှသာ ဤကမ္ဘာကြီးက လူသားများ၏ ကမ္ဘာ မဟုတ်ဘဲ သားရဲများ၏ ကမ္ဘာဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။ သူ တစ်ယောက်တည်း သားရဲမည်မျှကို သတ်နိုင်မည်နည်း။ တစ်သောင်းလော တစ်သိန်းလားလော။

သူ့အနေဖြင့် သားရဲသန်းပေါင်းများစွာ၊ ကုဋေပေါင်းများစွာကို သတ်နိုင်တယ်ဆိုလျှင် ဘာထူးမည်နည်း။

ပြင်ပနယ်မြေတစ်ခုလုံးတွင် သားရဲပေါင်း အနည်းဆုံး ထရီလီယံချီ ရှိနေသည်။ ယင်းတို့ကို အတိအကျ ရေတွက်၍မရနိုင်သလို လုံးဝ အပြတ်ရှင်းရန်လည်း မဖြစ်နိုင်ပေ။

လူသားမျိုးနွယ်၏ သူတော်စင်ကိုးပါးစလုံး စိုးရိမ်ပူပန်နေကြပြီး သာမန်လူများကဲ့သို့ အကောင်းမြင်မနေကြသည်မှာ အံ့ဩစရာမဟုတ်ချေ။ အကြောင်းမှာ သူတော်စင်များက အမြင့်တွင် ရပ်တည်နေကြပြီး အဝေးကို ပိုမြင်နိုင်သောကြောင့်ပင်။ သားရဲများက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့ သဘာဝကျကျ သိထားကြသည်။

များမကြာမီ လင်းဖုန်း ရှေ့တွင် အခြေစိုက်စခန်းတစ်ခုကို တွေ့လိုက်ရသည်။ ယင်းက ခမ်းနားထည်ဝါသည့် စခန်းတစ်ခုပင်။ တစ်အချိန်က ဤအခြေစိုက်စခန်းကို ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ဆောက်ရန်အတွက် လူအင်အားနှင့် သယံဇာတ မရေမတွက်နိုင်အောင် အသုံးပြုခဲ့ရမည်မှာ အသေအချာပင်။

ထိုသို့ဆိုလျှင်ပင် ဤအခြေစိုက်စခန်းကို ကြီးကြပ်နေသည့် သူတော်စင်တစ်ပါး ရှိနေသောကြောင့်သာ ဆက်လက်ရပ်တည်နိုင်ခြင်း ဖြစ်သည်။

“နဂါးဂူအခြေစိုက်စခန်း”

ဤသည်မှာ ပြိုင်ဘက်လက်သီးသူတော်စင် စောင့်ကြပ်နေသော နဂါးဂူအခြေစိုက်စခန်းဖြစ်ကြောင်း လင်းဖုန်း သိလိုက်သည်။ ယင်း၏ အဓိကရည်ရွယ်ချက်မှာ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို စောင့်ကြည့်ရန်ဖြစ်၏။

လေသင်္ဘော တဖြည်းဖြည်း ဆင်းသက်လာသည်နှင့်အမျှ သိုင်းသမားများစွာက သူ့ကို ကြိုဆိုရန် ရောက်ရှိလာကြသည်။

နဂါးဂူအခြေစိုက်စခန်းတွင် အသွင်ပြောင်းလဲခြင်းနယ်ပယ်သိုင်းသမား လုံးဝမရှိသလောက်ပင်။ သူတို့အားလုံးက အနည်းဆုံး နတ်ဘုရားနယ်ပယ် သိုင်းသမားများ ဖြစ်ကြသည်။ အားလုံးက ထိပ်သီးများထဲမှ ထိပ်သီးများ ဖြစ်ကြ၏။ လူသားမျိုးနွယ်၏ အခြားနေရာများတွင်ဆိုလျှင် သူတို့က နယ်မြေတစ်ခုစီကို ကြီးစိုးနိုင်ကြပေမည်။

သူတို့အားလုံးက အနည်းဆုံး ကိုယ်စားလှယ်တော်များ ဖြစ်ကြသည်။

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများနှင့် ပြိုင်ဘက်ကင်းလက်သီး သူတော်စင်တို့လည်း ရှိနေသည်ကိုမူ ပြောနေစရာပင် မလိုတော့ချေ။ အနန္တလမ်းစဉ်အကယ်ဒမီ၏ ထိပ်သီးများအားလုံးနီးပါး ဤနေရာတွင် ရှိနေကြသည်။ ယင်းက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို ပြိုင်ဘက်ကင်းလက်သီးသူတော်စင် မည်မျှထိ အရေးထားကြောင်း ပြသရန် လုံလောက်ပေသည်။

လေေသင်္ဘောဆင်းသက်လာပြီးနောက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုသည်။

ဂျွီ

လေသင်္ဘောတံခါးပွင့်သွားပြီး လင်းဖုန်း ပျံသန်းထွက်လာသည်။

“သူတော်စင်လင်းဖုန်းပဲ”

“သူက တကယ်ကို ငယ်ရွယ်လွန်းတယ်။ သူတော်စင်လင်းဖုန်းက ငါတို့ အနန္တလမ်းစဉ်အကယ်ဒမီရဲ့ သမိုင်းတစ်လျှောက်မှာ အထူးချွန်ဆုံး ပါရမီရှင်ဆိုတာကို ငါ ကြားဖူးတာ ကြာပြီ။ ကောလာဟလတွေက တကယ်မှန်တာပဲ။ သူက တော်တော်ငယ်သေးသကိုး။ အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိဦးမယ်ထင်တယ်နော်”

“အဲဒီအချိန်တုန်းက တုန်ဖန်းရှန်ကသာ အထူးချွန်ဆုံး ပါရမီရှင်လို့ ငါ ထင်ခဲ့တာ။ အခုတော့ သူတော်စင်လင်းဖုန်းက ပါရမီရှင်အားလုံးထက်ကို အများကြီး သာသွားတာပဲ”

နဂါးဂူအခြေစိုက်စခန်းရှိ နတ်ဘုရားနယ်ပယ်နှင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများအားလုံးက လင်းဖုန်းကို အလွန်လေးစားအားကျနေကြသည်။ သူတို့က ဤအခြေစိုက်စခန်းကို နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့ကြသော်လည်း သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများထဲမှ မည်သူကမျှ စတုတ္ထအကြိမ်မြောက် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်ပြီး သူတော်စင်တစ်ပါး ဖြစ်မလာနိုင်ခဲ့ကြပေ။

မထင်မှတ်ဘဲ အနန္တလမ်းစဉ်အကယ်ဒမီတွင် အချိန်တိုလေးသာ နေထိုင်ခဲ့ဖူးသည့် သူတို့၏ ဂျူနီယာက တစ်ဟုန်ထိုး သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ နဂါးဂူအခြေစိုက်စခန်းမှ သိုင်းသမားများအားလုံး လင်းဖုန်းအပေါ် သဘာဝကျကျပင် ရင်းနှီးမှုရှိကြရသည်။ အကြောင်းရင်းက အလွန် ရိုးရှင်းလှ၏။ လင်းဖုန်းက အနန္တလမစဉ်အကယ်ဒမီမှ ဖြစ်ကြောင်း လူတိုင်း သိကြသည်။ လင်းဖုန်းက ကာကွယ်သူအဖွဲ့ချုပ်ကို တည်ထောင်ခဲ့လျှင်ပင် အနန္တလမ်းစဉ်အကယ်ဒမီနှင့် အနီးကပ်သံယောဇဉ်များ ရှိနေသည်မှာ အသေအချာပင်။

“သူတော်စင်လင်းဖုန်း... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ” ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က မျက်နှာထက်တွင် အပြုံးကျယ်ကြီးဖြင့် ကိုယ်တိုင် ရှေ့ထွက်လာသည်။

“ကျောင်းအုပ်ကြီး... ကျွန်တော့်ကို လင်းဖုန်းလို့ပဲ ခေါ်ပါ။ ကျောင်းအုပ်ကြီးရှေ့မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သူတော်စင်လို့ ဘယ်လိုလုပ် ခေါ်ရဲပါ့မလဲ” လင်းဖုန်းအနေဖြင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အပေါ် အလွန်ရိုသေလေးစားမှု ရှိသည်။

“ဟားဟားဟား... မလိုအပ်တဲ့ ယဉ်ကျေးမှုတွေကို ငါ ဂရုမစိုက်ပေမဲ့ မင်းက သူတော်စင်ပဲလေ။ ဒါ ငြင်းလို့မရတဲ့ အမှန်တရားပဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က လင်းဖုန်းကို အခြေစိုက်စခန်း၏ ဧည့်ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်သွားသည်။ အထဲတွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် လင်းဖုန်းတို့သာ ကျန်ရစ်တော့၏။

“ကျောင်းအုပ်ကြီး... နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှာ တစ်ခုခု ဖြစ်နေတယ်ဆို။ တကယ့်အကြောင်းအရင်းအတိအကျက ဘာများလဲဗျ” လင်းဖုန်းက စကားပလ္လင်ခံမနေဘဲ တိုက်ရိုက်မေးလိုက်သည်။

“တကယ်ကို ပြဿနာတက်နေတယ်။ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်က လွန်ခဲ့တဲ့ရက်အနည်းငယ်ကစပြီး မရပ်မနား တုန်ခါနေတယ်။ ပြီးတော့လည်း အဲဒီတုန်ခါတဲ့အကြိမ်ရေက ပိုပိုပြီး စိပ်လာသလို ပိုပြီးတော့လည်းပြင်းထန်လာတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး နိမိတ်မကောင်းတဲ့ ခံစားချက်မျိုး ငါ ခံစားနေရတယ်။ ဒါကြောင့်မို့ ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့အတွက် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ထဲကို ကိုယ်တိုင်ဝင်ဖို့ စီစဉ်ထားတယ်။ တကယ်တော့ ငါတို့သာ ပူးပေါင်းကြမယ်ဆိုရင် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ရဲ့ ပြဿနာကို အပြီးတိုင် ဖြေရှင်းနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လေ”

ထာဝရသိုင်းတာအိုအရှင်

All Chapters