အခန်း ၃၀၈
Vol. 27 Ch. 308
အခန်း (၃၀၈) - လက်သီးတစ်ချက် တွင်းတစ်တွင်း
ဘာသာပြန် - အားသစ်
“အော်... ကျောင်းအုပ်ကြီးက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ရဲ့ ပြဿနာကို အပြီးတိုင် ဖြေရှင်းချင်တာလား”
လင်းဖုန်း အနည်းငယ် အံ့ဩသွားသည်။ သူ တားမြစ်နယ်မြေလေးခုအကြောင်း များများစားစား မသိပေ။ သို့သော်လည်း ယင်းတို့က အမြဲတစေ တည်ရှိနေခဲ့ကြောင်းနှင့် လူသားမျိုးနွယ်၏ သူတော်စင်ကိုးပါးပင် ယင်းတို့အပေါ် ဘာမှမတတ်နိုင်ခဲ့ကြောင်း သူ သိသည်။
“သူတော်စင်လင်းဖုန်း... တားမြစ်နယ်မြေလေးခုထဲမှာ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်က တကယ်တော့ အားအနည်းဆုံးပဲ။ ငါတို့သိရသလောက် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှာ နတ်ဆိုးဧကရာဇ် အနည်းဆုံးနှစ်ကောင်ရှိတယ်။ ငါက ပုံမှန်အားဖြင့် အဲဒီနတ်ဆိုးဧကရာဇ်နှစ်ကောင်ကို ထိန်းထားတာ။ သူတို့နှစ်ကောင် ပေါင်းလိုက်ရင် တကယ်ပဲ အားကောင်းကြပေမဲ့ သူတို့က နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ထဲမှာပဲ နေတာကို ပိုသဘောကျကြတယ်။ တစ်ခါတလေ ဂူထဲက ထွက်လာတဲ့အခါတိုင်းလည်း ငါ သူတို့ကို အမြဲတမ်း ဟန့်တားခဲ့တယ်”
“နတ်ဆိုးဧကရာဇ်နှစ်ကောင်အပြင် ဒီနဂါးခေါင်းဂူဆယ့်ရှစ်ပေါက်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ အတိတ်တုန်းက ငါ အထဲကို တစ်ယောက်တည်း အနက်ရှိုင်းဆုံးအထိ ဝင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရပြီး နတ်ဆိုးဧကရာဇ်နှစ်ကောင် နှောင့်ယှက်တာကို ခံရတာကြောင့် ငါ့မှာ ဆုတ်ခွာရုံကလွဲလို့ တခြားမရှိခဲ့ဘူး။ ဒီတစ်ခါတော့ မင်း ရှိနေတာကြောင့် အခြေအနေတွေက ကွဲပြားသွားပြီ။ ငါတို့သာ ပူးပေါင်းမယ်ဆိုရင် အဲဒီနတ်ဆိုးဧကရာဇ်နှစ်ကောင်ကို သတ်နိုင်လိမ့်မယ်။ ပြီးရင် ငါတို့ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို စူးစမ်းရှာဖွေပြီးတော့ ဒီတားမြစ်နယ်မြေကို အပြီးတိုင် ဖြေရှင်းနိုင်လိမ့်မယ်။ ဒီလိုနဲ့ ကျန်တဲ့နတ်ဆိုးဧကရာဇ်တွေကိုလည်း တားမြစ်နယ်မြေတွေထဲကနေ အပြတ်ရှင်းပစ်နိုင်လိမ့်မယ်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် ပြောလေ စိတ်လှုပ်ရှားလေ ဖြစ်လာ၏။ သူ ဤနေ့ရက်ကို စောင့်ဆိုင်းနေခဲ့သည်မှာ အတော်ကြာပြီဖြစ်ပုံပင်။ သူ့စကားများက ရုတ်တရက်ပေါ်လာသော အတွေးမျိုး လုံးဝမဟုတ်ဘဲ အစီအစဉ်တစ်ခုဖြစ်သည်။ သူကိုယ်တိုင် အားမကောင်းသေးသလို အခြားသူတော်စင်ရှစ်ပါးသည်လည်း သက်ဆိုင်ရာနယ်မြေများမှ မထွက်ခွာနိုင်သောကြောင့်သာ ယခုလက်ရှိအချိန်အထိ ဆွဲဆန့်ထားခဲ့ရခြင်း ဖြစ်သည်။
နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်၏ ပြဿနာကို ဖြေရှင်းပြီးသည်နှင့် တားမြစ်နယ်မြေတစ်ခုကို ဖယ်ရှားလိုက်နိုင်ရုံသာမက ပြိုင်ဘက်ကင်းလက်သီး သူတော်စင်အနေဖြင့် အခြားသူတော်စင်များကို သွားရောက်ကူညီရန် အချိန်လည်း ပေးနိုင်သွားမည်ဖြစ်သည်။ ထိုအခါမှသာ သူတော်စင်များ စောင့်ကြပ်နေကြသည့် ပြင်ပနယ်မြေ၏ အကျပ်အတည်းကို ချိုးဖျက်နိုင်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် လူသားမျိုးနွယ်၏ အခြေအနေက ယခုထက် များစွာပိုမိုကောင်းမွန်လာပေလိမ့်မည်။
“ကျောင်းအုပ်ကြီး... အစီအစဉ်တစ်ခုခု ရှိလို့လားဗျ”
“သေချာတာပေါ့ ရှိတာပေါ့။ ငါ မင်းရဲ့ အဖြေကိုပဲ စောင့်နေတာ”
“ကောင်းပါပြီ။ ကျွန်တော် သူတော်စင်တစ်ပါး ဖြစ်လာကတည်းက အကျိုးကျေးဇူးတွေ အများကြီးခံစားခဲ့ရပေမဲ့ ဘာအကျိုးပြုမှုမှ မလုပ်ရသေးဘူး။ ဒီတစ်ခါတော့ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို စိန်ခေါ်ဖို့ ကျောင်းအုပ်ကြီးနဲ့အတူ ကျွန်တော်လိုက်ခဲ့ပါ့မယ်”
လင်းဖုန်း မပြတ်မသားဖြစ်နေစရာ မလိုပေ။ သူ သူတော်စင်ဖြစ်လာသည်မှာ မကြာသေးသဖြင့် သူတော်စင်ခန်းနှင့် အခြားသူများကလည်း လင်းဖုန်းကို သူ့မိသားစုနှင့် အချိန်ကုန်ဆုံးစေရန် တမင်တကာ အချိန်ပေးထားခြင်း ဖြစ်သည်။
လက်တွေ့တွင် သူတော်စင်ကိုးပါးစလုံး၌ ကိုယ်ပိုင်တာဝန်များရှိကြပြီး ပြင်ပနယ်မြေ ဒေသအသီးသီးကို စောင့်ကြပ်နေကြသည်။ လင်းဖုန်းအနေဖြင့် မည်သည့်အကျိုးပြုမှုမျှ မလုပ်ဘဲ ဤကဲ့သို့သော အကျိုးကျေးဇူးများကို ဆက်လက်ခံစားနေရန် မဖြစ်နိုင်ပေ။
အနှေးနှင့်အမြန် လင်းဖုန်း အခြားသူတော်စင်များကို ကူညီပြီး ပြင်ပနယ်မြေကို အတူတကွ စောင့်ကြပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်အား အရင်ဆုံးဖြေရှင်းရန် ကူညီပေးခြင်းက ပိုကောင်းပေသည်။ ထိုအခါမှသာ လူသားမျိုးနွယ်တစ်ခုလုံး၏ အခြေအနေက များစွာပြောင်းလဲသွားလိမ့်မည်။
နောင်အနာဂတ်တွင် သူတော်စင်များ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အခြားတားမြစ်နယ်မြေသုံးခု၏ ပြဿနာများကိုလည်း တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင်ပေလိမ့်မည်။
“ကျောင်းအုပ်ကြီး... ကျွန်တော်တို့ ဘယ်တော့ ထွက်ကြမလဲ”
“ငါ နဂါးဂူအခြေစိုက်စခန်းအတွက် အစီအစဉ်တချို့ လုပ်လိုက်ဦးမယ်။ တစ်နာရီနေရင် ထွက်ကြမယ်လေ”
ထို့ကြောင့် လင်းဖုန်းသည် စခန်းအတွင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။ ထိုအတောအတွင်း နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်အကြောင်း အချက်အလက်အချို့ကိုလည်း သူ လေ့လာခဲ့သည်။
တစ်နာရီခန့်အကြာတွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် လင်းဖုန်းကို လာရှာသည်။
“အစီအစဉ်တွေ ပြီးပြီ။ သူတော်စင်လင်းဖုန်း... ငါ အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားရဦးမယ်။ တားမြစ်နယ်မြေဆိုတာ အရမ်းအန္တရာယ်များတယ်။ ငါကိုယ်တိုင်တောင် သိပ်ပြီး ယုံကြည်မှုမရှိဘူး။ အဲဒီထဲမှာ ကါတို့မသိနိုင်တဲ့အရာတွေ အများကြီးရှိနေတယ်။ မင်းအနေနဲ့ မိသားစုကို အရင်ဆုံး ဆက်သွယ်ချင်သေးလား”
ပြိုင်ဘက်ကင်းလက်သီး သူတော်စင်၏ မျက်နှာအမူအရာက အလွန် တည်ကြည်လေးနက်နေ၏။
သူတော်စင်များက လူသားများကြားတွင် အနှိုင်းမဲ့ထိပ်သီးပညာရှင်များဖြစ်ကြ၏။ သို့သော်လည်း ကျယ်ပြောလှသော ကမ္ဘာကြီး၏ အစစ်အမှန် အုပ်စိုးရှင်များကမူ သားရဲများသာပင်။ ထို့အပြင် သူတော်စင်များကိုပင် သတ်ဖြတ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် နည်းလမ်းများ ပါဝင်နေနိုင်သည့် လျှို့ဝှက်ဆန်းသည့် ရှေးဟောင်းယဉ်ကျေးမှုတချို့လည်း ရှိနေသည်။
ဥပမာအားဖြင့် တားမြစ်နယ်မြေလေးခုဆိုသည်မှာ သူတော်စင်များကို ခြိမ်းခြောက်နိုင်သည်ဟု သူတော်စင်အားလုံး ယုံကြည်ထားကြသော နေရာများဖြစ်သည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ သတိပေးချက်က မလိုအပ်ဘဲ ပြောနေခြင်းမဟုတ်ပေ။
“မလိုတော့ပါဘူးဗျ။ ကျွန်တော် မလာခင်ကတည်းက အစီအစဉ်တွေ လုပ်ခဲ့ပြီးသားပါ။ ဒါ့အပြင် တကယ်အန္တရာယ်ရှိတယ်ဆိုရင်တောင် ကျွန်တော့်ကို သတ်ဖို့က အဲဒီလောက် မလွယ်ကူပါဘူး”
တားမြစ်နယ်မြေက အလွန်အန္တရာယ်များသော်လည်း လင်းဖုန်းကမူ အလွန်ယုံကြည်မှုရှိနေဆဲပင်။
“ဟားဟား... ဟုတ်တာပေါ့။ ငါတို့က သူတော်စင်တွေပဲ။ ဒီလောက်နဲ့ တွန့်ဆုတ်မနေသင့်ဘူး။ အတိတ်တုန်းက သူတော်စင်ခန်းက ငါ့ကို တစ်ယောက်တည်း စွန့်စားမှာစိုးလို့ မသွားခိုင်းခဲ့တာ။ ဒါပေမဲ့ ငါတို့က လေးစားရတဲ့ သူတော်စင်တွေပဲ။ ငါတို့သာ ဒီလောက် တွန့်ဆုတ်နေမယ်ဆိုရင် ငါတို့ရဲ့ သိုင်းပညာကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ။ သွားကြစို့... အခုပဲ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို သွားကြမယ်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အခြေစိုက်စခန်းမှ တိုက်ရိုက် ပျံသန်းထွက်ခွာသွား၏။ လင်းဖုန်းကလည်း သူ့နောက်မှ ကပ်လျက်လိုက်ပါသွားသည်။
တစ်နာရီခန့်အကြာတွင် သူတို့ရှေ့မြေပြင်၌ ထူးဆန်းသော ကျောက်တုံးများနှင့် ပြည့်နှက်နေသည်ကို လင်းဖုန်း မြင်လိုက်ရသည်။ ပတ်ဝန်းကျင်က ခြောက်သွေ့နေပြီး ကျောက်တုံးများမှလွဲ၍ ဘာမှမရှိပေ။
ထို့အပြင် မြေငလျင်လှုပ်နေသည့်အလား မြေပြင်က အနည်းငယ် တုန်ခါနေပုံရသည်။
အဝေးတစ်နေရာတွင်မူ ကြီးမားလှသော နဂါးခေါင်းကြီးသဏ္ဍာန် ကျောက်တုံးကြီးတစ်တုံး ရှိနေ၏။
“ဒါက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်လား”
“ဟုတ်တယ်၊ ဒါပေမဲ့ အဲ့ဒါက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ရဲ့ အပေါ်ယံမျက်နှာပြင်သက်သက်ပဲ။ အစစ်အမှန်ဂူတွေက မြေအောက်မှာ ရှိတာ”
“မြေအောက်မှာလား”
လင်းဖုန်း ခဏမျှ စဉ်းစားလိုက်သည်။ ယင်းက ယုတ္တိရှိပေ၏။ မြေပြင်ပေါ်တွင် ဘာမှမရှိဘဲ ကတုံးဖြစ်နေသည်။ ဂူများ မည်သို့ရှိနိုင်မည်နည်း။ ထို့ကြောင့် ဂူများက မြေအောက်မှာသာ ရှိနိုင်ပေ၏။
“ဒီနေရာက ငလျင်လှုပ်နေတာကကော ဘယ်လိုကြောင့်လဲ”
“ဒါက ငလျင်လှုပ်တာ မဟုတ်ဘူး။ တကယ်တော့ ဒီနေရာက ဘာလို့ ခဏခဏ လှုပ်ခါနေရလဲဆိုတာ ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက်အရတော့ လှုပ်ခါမှုရဲ့ အရင်းအမြစ်က ဂူတွေရဲ့ အနက်ရှိုင်းဆုံးပိုင်းမှာ ရှိနေတာ။ ကြောက်စရာကောင်းတဲ့ နတ်ဆိုးဧကရာဇ်တွေကြောင့် ဖြစ်နိုင်ချေအရမ်းများတယ်”
“နတ်ဆိုးဧကရာဇ်လား။ အဲဒီကောင်တွေက ဘယ်လောက်တောင် ကြီးလို့လဲ”
လင်းဖုန်း ကြည့်လိုက်သည်။ ကီလိုမီတာ ၅၀ ပတ်လည်အတွင်းရှိ ဧရိယာတစ်ခုလုံး လှုပ်ခါနေ၏။ အကယ်၍ မြေအောက်ကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက အတိုင်းအတာက ပို၍ပင် ကြီးမားနိုင်ပေသည်။ မည်သည့်နတ်ဆိုးဧကရာဇ်မျိုးက ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားမျိုး ရှိနေသနည်း။
“ဟားဟားဟား... ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ။ ကဲ... အသင့်ပြင်ထား။ အောက်ကို ဆင်းကြစို့”
“အောက်ကို ဆင်းမှာလား။ ဘယ်လိုမျိုးဆင်းကြမလဲ”
လင်းဖုန်း မြေပြင်ကို ကြည့်လိုက်သည်။ ဝင်ပေါက် သို့မဟုတ် အလားတူအရာမျိုး လုံးဝမရှိချေ။ သူတို့ မြေအောက်ကို မည်သို့သွားနိုင်မည်နည်း။
“ဟားဟား... ဒီလိုမျိုးပေါ့ကွာ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အကျယ်ကြီး ရယ်မောလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်တစ်ခုလုံး မီးစွဲလောင်သွားသည့်အလား သူ့တစ်ကိုယ်လုံးမှ ပြင်းထန်လှသည့် မီးတောက်များ ပေါက်ကွဲထွက်လာတော့သည်။
သူ့နောက်တွင် ကြီးမားလှသော မီးတောက်ဘီလူးကြီးတစ်ကောင် ဝေဝေဝါးဝါး ပေါ်လာသည်။ ထိုသတ္တဝါကြီး၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ဤသည်ကား ပြိုင်ဘက်ကင်းလက်သီးသူတော်စင် နဂါးကျောက်တုံးမြို့သို့ ဆင်းသက်လာစဉ်ကနှင့် မိုးနှင့်မြေလို ကွာခြားလှပေသည်။
ဤသည်မှာ သူတော်စင်တစ်ပါးအနေဖြင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အစစ်အမှန်ခွန်အားပင်။ နဂါးကျောက်တုံးမြို့က တိုက်ပွဲတွင် အနိုင်မခံလက်သီး သူတော်စင်က သူ့ခွန်အား ဆယ်ပုံတစ်ပုံကိုပင် အသုံးမပြုခဲ့ပေ။
ဘုုန်း
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ရုတ်တရက် လက်သီးတစ်ချက် လွှဲထိုးလိုက်သည်။ သူ့လက်သီးက ကြောက်မက်ဖွယ်မီးတောက်များ လောင်ကျွမ်းနေသည့် လေးလံသော တူကြီးတစ်လုံးကဲ့သို့ ဖြစ်နေ၏။ မြေပြင်ပေါ်သို့ ဆောင့်ထုချလိုက်သည့် ကြီးမားလှသော မီးတောက်လက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဝုန်း
မဟာပထဝီမြေကြီးတစ်ခုလုံး ပြင်းပြင်ထန်ထန် လှုပ်ခါသွားသည်။ တုန်ခါမှုက တဖြည်းဖြည်း ပိုပြင်းထန်လာ၏။ အဖျက်အားလှိုင်းတစ်ခုက အရပ်မျက်နှာအနှံ့သို့ပျံ့နှံ့သွားပြီး မီတာတစ်ထောင်အတွင်းရှိ အရာအားလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေသည်။
ခရက်
နောက်ဆုံးတွင် မြေပြင်ပေါ်၌ ပင့်ကူအိမ်အလား အက်ကွဲကြောင်းများ ပေါ်လာသည်။ ထို့နောက် မြေပြင်က မြန်မြန်ဆန်ဆန် ပြိုကျသွားပြီး တွင်းကြီးများ ဟိုတစ်ကွက်ဒီတစ်ကွက် ဖြစ်သွားသည်။
ထိုတွင်းကြီးများက ဆက်တိုက်ဆိုသလို ပြိုကျသွားပြီး နောက်ဆုံးတွင် တွင်းအားလုံး ပြိုကျသွားကာ မြေပြင်ပေါ်၌ အချင်းဝက် မီတာတစ်ရာရှိသည့် ဧရာမတွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာတော့သည်။ အထဲတွင် နက်ရှိုင်းပြီး မှောင်မိုက်နေကာ လေတိုးသံများပင် ထွက်ပေါ်နေ၏။ မြင်တွေ့ရသည်မှာ လျှို့ဝှက်ဆန်းပြားကာ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်ကို ပေးစွမ်းနေသည်။
ထာဝရသိုင်းတာအိုအရှင်