← Chapters

အခန်း ၃၀၉

Vol. 27 Ch. 309

အခန်း ၃၀၉

Vol. 27 Ch. 309

အခန်း (၃၀၉) - နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်

ဘာသာပြန် - အားသစ်

“သွားကြစို့”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ရုပ်သိမ်းလိုက်သည်။ ထိုမှသာ သူ သာမန်ပုံပေါက်သွား၏။ စောစောက ကြောက်မက်ဖွယ်ကောင်းပြီး နတ်ဘုရားတစ်ပါးနှင့်တူသော မီးတောက်ဘီလူးကြီး၏ ပုံရိပ်ယောင်က ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ထုတ်ဖော်လိုက်သည့် စွမ်းအားဖြစ်သည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

သူတော်စင်တိုင်းက တကယ်ပင် ထူးကဲလှပြီး သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများထက် များစွာ သာကြသည်။

အစက လင်းဖုန်းတွင် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ရှိနေသောကြောင့် ကာကွယ်သူနှင့် တိုက်ခိုက်ခဲ့စဉ်ကပင် သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားက သာမန်မျှသာဖြစ်သည်ဟု သူ ခံစားခဲ့ရသည်။ သို့သော် ယင်းက သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားမျှသာ ဖြစ်ပြီး တကယ့် အစစ်အမှန်သူတော်စင်တစ်ပါး မဟုတ်ခဲ့ပေ။

လင်းဖုန်းအနေဖြင့် တကယ့် အစစ်အမှန်သူတော်စင်တစ်ပါးက ခွန်အားအပြည့်ထုတ်ဖော်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ယခု ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ထုတ်ဖော်လိုက်သော စွမ်းအားက မြေကမ္ဘာတစ်ခွင်လုံးကို တုန်ဟည်းစေပြီး လင်းဖုန်းကိုပင် အလွန်တရာ တုန်လှုပ်သွားစေခဲ့သည်။

ဤမျှကြီးမားလှသော တွင်းကြီးတစ်ခုကို လက်သီးတစ်ချက်တည်းဖြင့် ဖန်တီးနိုင်ရန် ခွန်အားသက်သက်အရဆိုလျှင် လင်းဖုန်းအနေဖြင့် အနည်းဆုံး မီတာ ၂၀၀ ကျော်ရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်ရပေမည်။

ထို့ကြောင့် လင်းဖုန်း သူတော်စင်များအပေါ် အထင်အမြင်သေးမှုကိုလည်း ဖယ်ရှားလိုက်သည်။ သူတော်စင်များတွင် စကြဝဠာကျင့်ကြံခြင်းစနစ် သို့တည်းမဟုတ် တိုက်ပွဲဝင်ခန္ဓာကိုယ် မရှိကောင်းမရှိနိုင်သော်လည်း သူတော်စင်များ ကျင့်ကြံထားသည့် သိုင်းပညာစနစ်က လူသားများ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်မွမ်းမံထားခြင်း ဖြစ်သည်။ မျိုးရိုးစဉ်ဆက် အဆက်မပြတ် တိုးတက်မှုများကို ဖြတ်သန်းပြီးနောက် လူသားများနှင့် ပိုမို သင့်လျော်သော ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်လာ၏။ ထို့ကြောင့် ယင်းတွင်လည်း ကိုယ်ပိုင် ထူးခြားချက်များ၊ အားသာချက်များ ရှိနေပေသည်။

“သွားမယ်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က လင်းဖုန်းကို ခေါ်ဆောင်ကာ နက်ရှိုင်းပြီး မှောင်မိုက်နေသော တွင်းကြီးထဲသို့ တိုက်ရိုက်ခုန်ဆင်းသွားသည်။ အထဲတွင် အေးစက်စက် လေညင်းက တိုးဝေ့တိုက်ခတ်နေပြီး အေးစိမ့်မှုတစ်ခု မသဲမကွဲခံစားနေရသည်။ ထို့အပြင် အလွန်မှောင်မိုက်နေပြီး မြင်မြင်သမျှ အမှောင်အတိဖြစ်နေ၏။ သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသာဆိုလျှင် ကိုယ့်ခြေကိုယ့်လက်ကိုပင် သဲသဲကွဲကွဲမြင်ရမည်မဟုတ်။

သို့သော်လည်း လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီး သူတော်စင်တို့ နှစ်ဦးစလုံးတွင် ညအမြင်ကောင်းကြ၏။ ဤမှောင်မိုက်နေသော တွင်းကြီးက သူတို့ကို သိပ်ပြီး မသက်ရောက်စေနိုင်ပေ။

တွင်းကြီးက အာကာသာတွင်းနက်ကြီးတစ်ခုအလား အောက်သို့ တည့်တည့်ဆင်းသွားပုံရသည်။ သူတို့နှစ်ဦး အချိန်မည်မျှကြာအောင် ပြုတ်ကျနေခဲ့မှန်းပင် မသိတော့ချေ။ တဖြည်းဖြည်းနှင့် အောက်ဘက်တွင် အစိုဓာတ်တချို့ ရှိနေကြောင်း သူတို့ ခံစားလိုက်ရ၏။ သို့သော်လည်း ယင်းက မြေကြီးထဲမှ လာခြင်းပင်။

လင်းဖုန်း ဂူအောက်ခြေသို့ ဆင်းသက်ပြီးနောက် အပေါ် မော့ကြည့်လိုက်သည်။ သူက ကြယ်တစ်ပွင့်နှယ် အလင်းတန်းတစ်ခုကိုသာ ခပ်ဝါးဝါး မြင်နိုင်သော်လည်း ဂူပေါက်ဝကိုမူ လုံးဝ မမြင်ရတော့ချေ။ ယင်းက ဤဂူကြီး မည်မျှအထိနက်ရှိုင်းကြောင်း ပြသရန် လုံလောက်ပေသည်။

“သတိထား။ ဒါက ဆဋ္ဌမမြောက် ဂူဖြစ်ဖို့ များတယ်”

“ဆဋ္ဌမမြောက် ဂူဟုတ်လား။ ကျွန်တော်တို့ ပထမဂူကနေ ဝင်လာတာ မဟုတ်ဘူးလား” လင်းဖုန်း အနည်းငယ် အံ့ဩသွားသည်။

“ဟဲဟဲ... မြေအောက်မှာ ဂူ ၁၈ ပေါက်ရှိတာ။ နှစ်တွေအကြာကြီး ကုန်ဆုံးပြီးတဲ့နောက် အမှတ်အသားတွေ အားလုံးက ပျောက်ကွယ်သွားပြီလေ။ ဒီဂူတွေ အားလုံးရဲ့ အစီအစဉ်ကို ဘယ်သူက မှတ်မိနိုင်မှာလဲ။ ငါ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ထဲ ဝင်ချင်တိုင်း တွင်းကြီးတစ်တွင်း ဖောက်ပြီး တိုက်ရိုက်ခုန်ဆင်းလိုက်တာပဲ။ ဆိုတော့က သဘာဝကျကျပဲ အလွဲအချော်လေးနည်းနည်းတော့ ရှိမှာပေါ့ကွာ။ ကံကောင်းလို့ ဆဋ္ဌမမြောက်ဂူဖြစ်နေတာ။ တအားကြီးတော့ မလွဲပါဘူး”

လင်းဖုန်း အနည်းငယ် ဆွံ့အသွားသည်။ ဒါက တားမြစ်နယ်မြေတစ်ခုလေ။ ပြိုင်ဘက်ကင်းလက်သီး သူတော်စင်က...အင်း...နည်းနည်းတော့ မဆင်မခြင်နိုင်လွန်းပုံပဲ။

မည်သို့ပင်ဆိုစေ သူတို့ ဂူထဲသို့ ဝင်ရောက်လာခဲ့လေပြီ။

ဂူက ဗလာကျင်းနေပြီး ပြိုကျနေသော ကျောက်တုံးများနှင့် ပြည့်နေသည်။ သို့သော် နံရံပေါ်တွင် နံရံဆေးရေးပန်းချီတချို့ ရှိနေ၏။ ယင်းတို့က အလွန်ရှေးကျပြီး ဆွေးမြည့်နေပုံရသော်လည်း အစိတ်အပိုင်းတချို့ကို ခပ်ဝါးဝါး မြင်နိုင်နေသေးသည်။

ဤနံရံဆေးရေးပန်းချီများပေါ်တွင် စာလုံးများမရှိချေ။ အားလုံးက ထူးဆန်းသည့် ပန်းချီကားများသာ ဖြစ်ကြသည်။ ဥပမာအားဖြင့် ခေါင်းခြောက်လုံးနှင့် လက်ဆယ့်နှစ်ဖက်ပါရှိသော ကြောက်မက်ဖွယ်သားရဲကြီးတချို့ ရှိနေ၏။

လူခေါင်း ကင်းခြေများခန္ဓာကိုယ်နှင့် သတ္တဝါများ၊ နောက်ပြီး ဆွဲဆောင်မှုရှိသော နတ်သမီးတချို့လည်း ရှိနေသည်။

ဤနံရံဆေးရေးပန်းချီများက ဒဏ္ဍာရီဆန်ဆန် အရှိန်အဝါများနှင့် ပြည့်နှက်နေသည်။

“ဒါက ရှေးဟောင်းလူသားတွေရဲ့ ဘာသာရေးနေရာတစ်ခု မဟုတ်လောက်ဘူးလား”

လင်းဖုန်း အနည်းငယ် အံ့ဩသွားသည်။ ဤနံရံဆေးရေးပန်းချီများကို လူများက ရေးဆွဲခဲ့ခြင်းဖြစ်ရမည်။ ထိုတစ်ခေတ်တစ်ခါက လူသားတို့တွင် ဤကဲ့သို့သော အရိုင်းဆန်သည့် ဒဏ္ဍာရီမျိုးရှိနေ၏။

“မဟုတ်ဘူး။ အရင်တစ်ခါ ငါ ဂူထဲဝင်တုန်းကလည်း ဒီနံရံဆေးရေးပန်းချီတွေကို တွေ့ခဲ့တယ်။ ပြန်ရောက်တဲ့အခါ သမိုင်းပညာရှင်တချို့ကို လေ့လာခိုင်းဖို့ ဓာတ်ပုံတချို့တောင် ငါ ရိုက်သွားခဲ့သေးတယ်။ သမိုင်းပညာရှင်‌တွေအားလုံးက ဒါတွေဟာ ရှေးဟောင်းလူသားတွေဆီက ဘာသာရေးနဲ့သက်ဆိုင်တဲ့ နံရံဆေးရေးပန်းချီတွေ လုံးဝမဟုတ်ဘူးဆိုတာကို တညီတညွတ်တည်း သဘောတူခဲ့ကြတယ်”

“ဒါ့အပြင် နံရံဆေးရေးပန်းချီပေါ်က ကျောက်တုံးတချို့ကို စစ်ဆေးခဲ့ကြသေးတယ်။ သက်တမ်းစစ်ဆေးမှု ရလဒ်တွေကိုသာသိရင် မင်း အံ့ဩသွားလိမ့်မယ်။ ဒီကျောက်တုံးတွေက နှစ်သန်း ၃၀၀ ထက်မက သက်တမ်းရှိနိုင်တယ်”

လင်းဖုန်း တုန်လှုပ်သွားသည်။ လွန်ခဲ့သော နှစ်သန်း ၃၀၀ က လူသားမျိုးနွယ် မပေါ်သေးချေ။ အမှန်တော့ လူ့ယဉ်ကျေးမှုက နှစ်ထောင်ဂဏန်းအနည်းငယ်သာ တည်ရှိသေး၏။ လူသားများ ပေါ်ပေါက်လာသည့် အချိန်ကို ထည့်တွက်လျှင်ပင် နှစ်သန်းအနည်းငယ်သာ ရှိသေးသည်။

မည်သို့ပင်ဆိုစေ သူတို့လူသားမျိုးနွယ်က နှစ်သန်း ၃၀၀ သမိုင်းကြောင်းရှိဖို့ဆိုတာ မဖြစ်နိုင်ပေ။

ဤဆေးရေးပန်းချီများကို ရှေးဟောင်းယဉ်ကျေးမှုတစ်ခုက ချန်ရစ်ထားခဲ့ခြင်း မဟုတ်လျှင်ပေါ့။

“ရှေးဟောင်းယဉ်ကျေးမှုကများလား”

လင်းဖုန်း၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ တတိယနှင့် သတ္တမယဉ်ကျေးမှုများကို မြင်ဖူးထားပြီးဖြစ်ကာ နှစ်ခုစလုံးက နည်းပညာ ယဉ်ကျေးမှုများ ဖြစ်ကြသည်။ အခြားသော ယဉ်ကျေးမှုများကိုမူ သူ တကယ် တစ်ခါမှ မမြင်ဖူးခဲ့ချေ။

“ဟုတ်တယ်။ ငါတို့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ဒါက ရှေးဟောင်းယဉ်ကျေးမှုတစ်ခုက ချန်ရစ်ထားခဲ့တဲ့ အပျက်အစီးတစ်ခု ဖြစ်ရမယ်။ ဒါ့အပြင် ဂူထဲမှာ နည်းပညာအငွေ့အသက်တွေ လုံးဝမရှိဘူး။ ဆိုလိုတာက ဒီယဉ်ကျေးမှုက နည်းပညာယဉ်ကျေးမှုတစ်ခု မဟုတ်ဘူး။ နည်းပညာယဉ်ကျေးမှုမဟုတ်တဲ့ ယဉ်ကျေးမှုတွေက များသောအားဖြင့် ပိုပြီး အန္တရာယ်များတယ်။ ငါတို့ သတိထားရမယ်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အလွန်သတိကြီးဟန်ရှိ၏။ သူတို့နှစ်ဦး ဂူ၏ ပိုနက်ရှိုင်းသောနေရာသို့ တဖြည်းဖြည်း လျှောက်သွားကြသည်။

ဂူအတွင်းပိုင်းက အလွန် စိုစွတ်နေ၏။ အကြောင်းတစ်ခုခုကြောင့် စိုစွတ်နေရုံသာမက အလွန်လည်း အိုက်စပ်ပူလောင်နေသည်။

လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ ဂူထဲရှိ နံရံဆေးရေးပန်းချီများအတိုင်း လိုက်၍ တဖြည်းဖြည်း ရှေ့ဆက်လျှောက်သွားကြသည်။ ရုတ်တရက် သူတို့ရှေ့နေရာက ကျယ်ဝန်းသွားပြီး ကြီးမားလှသည့် ခန်းမကြီးတစ်ခုပေါ်လာသည်။

ခန်းမထဲတွင် ယဇ်ပလ္လင်တစ်ခုအပြင် ထူထဲသော ကျောက်တိုင်ကြီးများလည်း ရှိနေသည်။ အောက်ဘက်တွင် ကျောက်ကုလားထိုင်တချို့ ရှိနေသော်လည်း ရာသီဥတုဒဏ်ကြောင့် အားလုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေပေပြီ။ ခန်းမတစ်ခုလုံးက ရှေးကျပြီး လူသူလေးပါးကင်းမဲ့နေသော ခံစားချက်မျိုး ပေးစွမ်းနေသည်။

ဝုန်း

ရုတ်တရက် ဂူများက ထပ်မံ၍ ပြင်းပြင်းထန်ထန် လှုပ်ခါလာပြန်သည်။ မြေပြင်က တုန်ခါသွားပြီး ဂူအတွင်းပိုင်းက ပြိုကျတော့မည့်အလား ဖြစ်လာ၏။

“တုန်ခါမှုရဲ့ အရင်းအမြစ်က အောက်မှာ ရှိနေတုန်းပဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ချက်ချင်း အာရုံခံမိသွားသည်။ တုန်ခါမှု၏ အရင်းအမြစ်က ဆဋ္ဌမမြောက်ဂူတွင် မဟုတ်ဘဲ အောက်ဘက်ပိုကျသည့်နေရာတွင် ဖြစ်ရမည်။ ယင်းက ဆဋ္ဌမမြောက်ဂူနှင့် အနည်းငယ် ကွာဝေးနေသေးသည်။

သို့သော်လည်း တုန်ခါမှုက တဖြည်းဖြည်း ပိုပြင်းထန်လာသည်။ ရုတ်တရက် ယဇ်ပလ္လင်ပေါ်ရှိ ထူးဆန်းသော ကျောက်ရုပ်တုတစ်ခု ပြိုကျသွား၏။

ဝရုန်း

ကျောက်ရုပ်တု ပြိုကွဲသွားပြီးနောက် ထိုထဲမှ အနက်ရောင်ပိုးတောင်မာများ တွားသွားထွက်လာကြသည်။ ပိုထူးဆန်းသည်က အနက်ရောင်ပိုးတောင်မာများပေါ်တွင် သွေးနီရောင်အကွက်များ ရှိနေခြင်းပင်။

“ဝူး...”

ဤအနက်ရောင် ပိုးတောင်မာများက လေနှင့် ထိတွေ့သည်နှင့် ချက်ချင်း တဟုန်ထိုး ကြီးထွားလာကြသည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်း ယင်းတို့က တစ်နှစ် နှစ်နှစ်အရွယ် ကလေးများ၏ အရွယ်အစားခန့်အထိ ကြီးထွားလာကြ၏။ ထိုပိုးတောင်မာတို့မှာ အလွန်ဆိုးယုတ်ပြီး ကြောက်မက်ဖွယ်ကောင်းပုံ ပေါက်နေသည်။

“သတိထား။ အဲ့အကောင်တွေကို အထိမခံနဲ့”

ဤအနက်ရောင်ပိုးတောင်မာများက လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ဆီသို့ တိုက်ရိုက် ပျံသန်းလာကြသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ့လက်ကို ဆန့်ထုတ်လိုက်ရာ မီးလုံးတစ်လုံးပျံထွက်သွားပြီး ပိုးတောင်မာဒါဇင်ပေါင်းများစွာကို လွှမ်းခြုံကာ မီးရှို့လိုက်သည်။

ကျွိ ကျွိ ကျွိ

“အမ်...ဒီကောင်တွေက မီးရှို့သတ်လို့ မရဘူးလား”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အနည်းငယ် အံ့ဩသွားသည်။ ဤပိုးတောင်မာများက မီးတောက်များ၏ ဝိုင်းရံမှုထဲမှ ထိုးထွက်လာကြပြီး မီးတောက်များကို မကြောက်သည့်အလား ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ဆီသို့ အရူးအမူး ပျံသန်းလာကြသည်။

သို့သော် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တွင် အသုံးပြုစရာ မီးတောက်များသာ ရှိသည်မဟုတ်။

သူ လက်ကို ဆန့်ထုတ်လိုက်ရာ အဆုံးမဲ့ကြယ်တာရာစွမ်းအားများ အလျင်အမြန် စုဝေးလာ၏။ ထို့နောက် သူ ပိုးတောင်မာများဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဘုန်း

မြေကမ္ဘာတစ်ခုလုံး တုန်ခါသွားပြီး မြေပြင်ပေါ်တွင် တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာသည်။ တိုက်ခိုက်ခံလိုက်ရသည့် အနက်ရောင်ပိုးတောင်မာများအားလုံး အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး သွေးအိုင်အဖြစ် ပြောင်းလဲသွား၏။

လင်းဖုန်း ဤပိုးတောင်မာများကို မသတ်ပေ။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာပြီး ချက်ချင်းပင် ဆယ်မီတာကျော်အမြင့်အထိ ရောက်ရှိသွားသည်။ ထို့နောက် သူ လက်ဖြင့် ဆုပ်လိုက်သောအခါ ဤပိုးတောင်မာများအားလုံးကို ဖမ်းမိသွားသည်။

“သူတို့က ဝါးမြိုစားသောက်တတ်ပြီးတော့ အဆိပ်လည်းပြင်းတယ်”

သူ့တိုက်ခိုက်ရေးခန္ဓာကိုယ် တတိတိ ပျက်စီးနေကြောင်း လင်းဖုန်း အာရုံခံမိလိုက်သည်။ ပျက်စီးမှုက အလွန်တရာ နည်းပါးလှသော်လည်း အမှန်တကယ်ပင် ပျက်စီးသွား၏။ ဤပိုးတောင်မာများက အဆိပ်လည်းပြင်းကြသည်။

သူ ဆက်ပြီး ဆုပ်ကိုင်မထားတော့ပေ။ ပေါ့ပေါ့ပါးပါး ဖျစ်ညှစ်လိုက်ကာ ဤပိုးတောင်မာများကို အလွယ်တကူ ချေမွပစ်လိုက်သည်။

ဝုန်း

တစ်ချိန်တည်းမှာပင် ပို၍ တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ ယဇ်ပလ္လင်ပတ်လည်ရှိ မြင့်မားပြီး ထူးဆန်းသည့် ကျောက်ရုပ်တုများက အသက်ဝင်လာပုံရ၏။ ကျောက်ရုပ်တု တစ်ခုပြီးတစ်ခု အစိမ်းရောင်အလင်းတန်းများ ထုတ်လွှတ်လာကြသည်။ ထိုရုပ်တုအားလုံး အသက်ဝင်လာသည့်အလားပင်။ ထိုကျောက်ရုပ်များက မြန်မြန်ဆန်ဆန်ပင် ကြမ်းကြုတ်ရက်စက်သည့် နတ်ဆိုးကြီးများအဖြစ် ပြောင်းလဲသွားကြလေသည်။ ထိုနတ်ဆိုးကြီးများက လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ကို ခြိမ်းခြောက်သည့်အသွင်ဖြင့် စိုက်ကြည့်နေကြတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters