အခန်း ၃၁၀
Vol. 27 Ch. 310
အခန်း (၃၁၀) - အသက်အမြုတေ
ဘာသာပြန် - အားသစ်
“ဟမ့်... ကလေးကလားလှည့်ကွက်တွေ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ဂုဏ်သတင်းကြီးမားသည့် သူတော်စင်တစ်ပါးအနေဖြင့် ဤသို့သော လှည့်ကွက်များကို မည်သို့နှယ် အလေးအနက်ထားမည်နည်း။
သူ လက်ကို ဖြန့်လိုက်ရာ သူ့ခန္ဓာကိုယ်မှ မီးတောက်များ ပေါက်ကွဲထွက်လာသည်။ မမြင်နိုင်သည့် အားလှိုင်းတစ်ခုက ခန်းမတစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားတော့သည်။
ဝုန်း
မီးတောက်များ။ နေရာတိုင်းတွင် မီးတောက်များသာ အတိဖုံးလွှမ်းနေသည်။ ဤသည်က ငရဲပြည်နှင့်တူသည့် မီးတောက်ကမ္ဘာတစ်ခုပင်။
ပြင်းထန်လှသော မီးတောက်များက မီးတောက်ဘီလူးကြီးများအဖြစ်ပင် ပြောင်းလဲသွားပြီး ထိုနတ်ဆိုးများကို အလျင်အမြန်လွှမ်းခြုံကာ အရူးအမူး လောင်ကျွမ်းပြာကျစေသည်။
လင်းဖုန်း၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားသည်။ ဤမီးတောက်ကမ္ဘာထဲတွင် မည်သည့် ကြယ်တာရာစွမ်းအား လှုပ်ခတ်မှုကိုမျှ သူ အာရုံမခံနိုင်ပေ။ ရိုးရိုးရှင်းရှင်းပြောရလျှင် ဤသည်က အထူးစွမ်းအားစက်ကွင်းတစ်ခုဖြစ်ကြောင်း သူ အာရုံမခံနိုင်ခဲ့ခြင်းဖြစ်သည်။
ဤသည်က ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ နတ်ဘုရားနယ်မြေဖြစ်ရမည်ကို သူ သိလိုက်သည်။
လင်းဖုန်းအနေဖြင့် နတ်ဘုရားနယ်မြေကို မြင်ဖူးပြီးသားပင်။ တကယ်တော့ သာလွန်နတ်ဘုရား သိုင်းသမားများတွင်လည်း နတ်ဘုရားနယ်မြေများ ရှိကြသည်။ သို့သော် ထိုသာလွန်နတ်ဘုရား သိုင်းသမားများ၏ နတ်ဘုရားနယ်မြေများကို လင်းဖုန်း အာရုံခံနိုင်သေးသည်။ အနည်းဆုံး ယင်းတို့က အထူးစွမ်းအားစက်ကွင်းများ ဖြစ်ကြောင်း သူ သိထားပြီး ယင်းတို့ကို ပစ်မှတ်ထားကာ ဖျက်ဆီးပစ်နိုင်သည်။
သို့သော် သူတော်စင်တစ်ပါး၏ နတ်ဘုရားနယ်မြေကမူ တစ်မျိုးတစ်ဖုံ မတူကွဲပြားပေ၏။
သူတော်စင်များ၏ နတ်ဘုရားနယ်မြေက မမြင်နိုင် ထိတွေ့ခံစား၍ မရနိုင်သည့် အရာတစ်ခု ဖြစ်လာနိုင်သည်။ ကြယ်တာရာစွမ်းအား လှုပ်ရှားမှုများကို လုံးဝဥဿုံ ဖုံးကွယ်ထားနိုင်သောကြောင့် အထူးစွမ်းအားစက်ကွင်းတစ်ခုဖြစ်ကြောင်း အာရုံခံရန်ပင် မဖြစ်နိုင်တော့ချေ။
အနည်းဆုံး ယခုလက်ရှိအချိန်တွင် လင်းဖုန်း အာရုံမခံနိုင်ပေ။ မီးတောက်နတ်ဘုရားနယ်မြေက နေရာတိုင်းတွင် မီးတောက်များနှင့် ပြည့်နှက်နေသော အစစ်အမှန်ကမ္ဘာတစ်ခုအလားပင်။
အကယ်၍ လင်းဖုန်းသာ ယခုအချိန်တွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် တိုက်ခိုက်နေသည့် ပြိုင်ဘက်တစ်ဦးဖြစ်ပါက ဤနတ်ဘုရားနယ်မြေနှင့် ရင်ဆိုင်ရချိန်တွင် သူ့၌ နည်းလမ်းတစ်ခုတည်းသာ ရှိ၏။ ယင်းမှာ ဤနတ်ဘုရားနယ်မြေကို အင်အားသုံး ဖျက်ဆီးပစ်ရန်သာ ဖြစ်သည်။ သို့သော် ဤမျှ ကျယ်ပြန့်လှသော နတ်ဘုရားနယ်မြေကို ဖျက်ဆီးရန်က အပြောကသာ လွယ်ပေ၏။
လင်းဖုန်း သူ့နှလုံးသားထဲမှ မာနကို အမှန်တကယ်ပင် ဖယ်ရှားပစ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူက တကယ့်သူတော်စင်တစ်ပါး မဟုတ်ချေ။ သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားမျိုးရှိသူ တစ်ဦးသာ ဖြစ်နေသေးသည်။
မီးတောက်များ လောင်ကျွမ်းသွားသည်နှင့်အမျှ နတ်ဆိုးများအားလုံး ပြာအဖြစ်သို့ လုံးဝဥဿုံ လောင်ကျွမ်းသွားကြသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ့နတ်ဘုရားနယ်မြေကို ရုပ်သိမ်းတော့မည့်အချိန်မှာပင် မူလက ပြာအဖြစ် လောင်ကျွမ်းသွားသော နတ်ဆိုးများက ရုတ်တရက် ပြန်ပေါ်လာသည်။
“ဟင်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ဤနတ်ဆိုးများကို နောက်တစ်ကြိမ် ဖျက်ဆီးရန် နတ်ဘုရားနယ်မြေ၏ စွမ်းအားကို အသုံးပြုလိုက်ပြန်သည်။
သို့သော် ယခင်ကလိုပင် ဖျက်ဆီးခံလိုက်ရသော နတ်ဆိုးများက အကောင်းပကတိအတိုင်း ပြန်လည်ပေါ်လာပြန်သည်။
“ကျွန်တော် စမ်းကြည့်မယ်”
လင်းဖုန်း လက်ဖြင့် လှမ်းဖမ်းလိုက်ရာ နတ်ဆုံးစ်ကောင်ကို မိသွားသည်။ ဤနတ်ဆိုးက ဝဖြိုးပြီး တီကောင်သားရဲနှင့် တူသော်လည်း ပါးစပ်တွင် ချွန်ထက်သည့် သွားများနှင့် ပြည့်နေသည်။ ထို့အပြင် ယင်း၏ ခန္ဓာကိုယ်အောက်တွင် ရေဘဝဲလက်တံများနှယ် ပါးလွှာသည့် ခြေတံရာပေါင်းများစွာ ရှိနေသည်။
ထို့အပြင် ဤနတ်ဆိုးများက အလွန်သန်မာကြ၏။ အနည်းဆုံး နတ်ဆိုးဗိုလ်ချုပ်အဆင့်တွင် ရှိမည်ဟု လင်းဖုန်း အကြမ်းဖျင်း ခန့်မှန်းမိသည်။ ထို့နောက် သူ လက်ဖြင့် ညှစ်လိုက်သည်။
ဖျစ်
နတ်ဆိုးက တိုက်ရိုက် ကြေမွသွား၏။ သို့သော်လည်း အသွေးအသားခံစားချက်မျိုး လုံးဝမရှိချေ။ ယင်းအစား မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး အရိပ်အယောင်မကျန် ပျောက်ကွယ်သွားသည်။
ဝှစ်
ထိုနတ်ဆိုး တစ်ဖန်ပြန်ပေါ်လာပြန်သည်။
“မဟုတ်သေးဘူး၊ ဒီကောင်တွေက သက်ရှိတွေ မဟုတ်ဘူး။ ကျောင်းအုပ်ကြီး... နတ်ဘုရားနယ်မြေကို ရုပ်သိမ်းလိုက်ပါ”
လင်းဖုန်း၏ မျက်ဝန်းများတွင် အလင်းရောင်တစ်ချက် လက်သွားသည်။ ဤနတ်ဆိုးများနှင့် ပတ်သက်၍ ထူးခြားချက်တစ်ခုကို သူ အာရုံခံမိသွားသည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က နတ်ဘုရားနယ်မြေကို ရုပ်သိမ်းလိုက်၏။ ထို့နောက် နတ်ဆိုးများ တဖြည်းဖြည်း ပိုပိုပြီး များပြားလာသည်ကိုသာ တွေ့လိုက်ရသည်။ လင်းဖုန်းက သူ့လက်ကြီးဖြင့် နတ်ဆိုးတစ်ကောင်ကို ဖမ်းဆုပ်လိုက်ပြီး နတ်ဆိုးကို သူ့လက်ထဲတွင် ရုန်းကန်ခွင့် ပြုထားလိုက်သည်။
ဖောက်
သူ ပြင်းပြင်းထန်ထန် ဖျစ်ညှစ်ကာ နတ်ဆိုးကို ချေမွပစ်လိုက်သောအခါ ထိုနတ်ဆိုးက မီးခိုးငွေ့အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
သို့သော် ထိုအချိန်တွင် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ဖျက်ဆီးခြင်းလှံတံက ရုတ်တရက် လှုပ်ရှားသွားသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒီနတ်ဆိုးတွေက ပထမဆုံးယဉ်ကျေးမှုနဲ့ ဆက်နွှယ်နေတယ်။ ပြီးတော့ ဖျက်ဆီးခြင်းလှံတံနဲ့တောင် သက်ဆိုင်နေသေးတယ်”
လင်းဖုန်း အနည်းငယ် အံ့ဩဝမ်းသာဖြစ်သွားသည်။ ဖျက်ဆီးခြင်းလှံတံက မူလလက်နက်တစ်ခုပင်။ ယခုအချိန်အထိ သူ ထိုလက်နက်ကို မပိုင်နိုင်သေးချေ။ ယင်းက သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားရုံသာ ရှိသေးသည်။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ဆဲလ်များကို အဆက်မပြတ် ကုန်ခမ်းစေနေသည့် ဖျက်ဆီးခြင်းစွမ်းအား အငွေ့အသက်လေးတစ်ခုပင် ရှိနေ၏။
ဖျက်ဆီးခြင်းလှံတံထံမှ လှုပ်ရှားမှု အရိပ်အယောင် ရှိနေသောကြောင့် ဤနတ်ဆိုးများနှင့် ဤနေရာကပင် ဖျက်ဆီးခြင်းလှံတံနှင့် ဆက်စပ်နေနိုင်ခြေ အလွန်များသည်။
“ဘယ်လိုလဲ... မင်း တစ်ခုခု အာရုံခံမိလို့လား”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က တည်ကြည်လေးနက်သော အမူအရာဖြင့် လင်းဖုန်းကို ကြည့်လိုက်သည်။ ဤသည်ကား ထူးဆန်းလွန်းလှ၏။ မသေနိုင်သည့် နတ်ဆိုးများလော။
ယင်းတို့ကို သတ်၍မရဟု သူ မယုံကြည်ပေ။ ထိုနတ်ဆိုးများနှင့်ပတ်သက်ပြီး ထူးဆန်းသည့် အရာတစ်ခုခု ရှိရပေမည်။
ဝုန်း ဝုန်း ဝုန်း
လှုပ်ခါမှုက တစ်စတစ်စ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဂူအတွင်းရှိ နံရံများက အက်ကွဲလာသည်။ သို့သော် နံရံများပေါ်ရှိ နံရံဆေးရေးပန်းချီများကမူ ရုတ်တရက် အသက်ဝင်လာပုံရ၏။ ကြောက်မက်ဖွယ်ရာ နတ်ဆိုးများက ဂူထဲတွင် ပေါ်လာပြီး လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ကို ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
“ယဇ်ပလ္လင်ပေါ်မှာ တစ်ခုခု ရှိတယ်။ ယဇ်ပလ္လင်ကို ဖျက်ဆီးပစ်လိုက်”
အတွေးတစ်ချက်နှင့်အတူ လင်းဖုန်း သူ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို လှုံ့ဆော်လိုက်ပြီး ဘီလူးငယ်တစ်ကောင်အဖြစ် အလျင်အမြန် ကြီးထွားလာသည်။ ထို့နောက် လင်းဖုန်း ဧရာမလက်ကြီးကို မြှောက်ကာ ယဇ်ပလ္လင်ဆီသို့ ပြင်းပြင်းထန်ထန် ဆောင့်ထုလိုက်သည်။
ဝုန်း
ယဇ်ပလ္လင်က ချက်ချင်း ပြိုကျပျက်စီးသွားပြီး တွင်းငယ်တစ်ခု ပေါ်လာသည်။
ထိုတွင်းထဲတွင် မိစ္ဆာဆန်ဆန် အလင်းရောင်များ တလက်လက် တောက်ပနေသည့် လက်သီးဆုပ်အရွယ်ရှိသော အနီရောင်သလင်းကျောက်တစ်ခု ရှိနေ၏။
လင်းဖုန်းက လက်လှမ်းကာ ထိုအနီရောင်သလင်းကျောက်ကို ဖမ်းယူလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ နတ်ဆိုးများက အလွန်ဒေါသထွက်သွားသည့်အလား ကောင်းကင်သို့မော့ကာ ဟိန်းဟောက်လိုက်ကြသည်။ သို့သော်လည်း သူတို့အားလုံး မည်သို့မျှ မတန်နိုင်ဘဲ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“ဒါက ဘာလဲ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အလွန်သိချင်သွားသည်။ ထိုနတ်ဆိုးများ ပေါ်လာရခြင်း အကြောင်းရင်းက ဤအနီရောင်သလင်းကျောက်ကြောင့်များလော။
ထိုနတ်ဆိုးများက သက်ရှိများ မဟုတ်သော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကမူ အစစ်အမှန်ဖြစ်ပြီး နတ်ဆိုးဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်နိုင်သည်။ အကယ်၍ သာမန်သိုင်းသမားများသာ ဝင်လာခဲ့မည်ဆိုပါက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်ပင်ဖြစ်လင့်ကစား ဤမျှများပြားသော နတ်ဆိုးများ၏ ဝိုင်းရံမှုကို ခံရလျှင် သေချာပေါက် သေဆုံးရပေလိမ့်မည်။
“ဒါက ဘာလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ တော်တော် ထူးဆန်းတယ်”
လင်းဖုန်း ခေါင်းခါလိုက်သည်။ ဤအနီရောင်သလင်းကျောက်အကြောင်းကို သူ မသိသော်လည်း ယင်းကို ကိုင်ထားချိန်တွင် သူ့တစ်ကိုယ်လုံးက နှိုင်းယှဉ်၍မရနိုင်အောင် သက်တောင့်သက်သာဖြစ်မှုကို ခံစားနေရသည်။
မရေမတွက်နိုင်သော ဆဲလ်များက ဤသလင်းကျောက်ကို တောင့်တနေသည့်အလားပင်။
“လောင်ဘီသမ်... ဒီအနီရောင်သလင်းကျောက်က ဘာလဲ” လင်းဖုန်းက သူ့စိတ်ထဲမှ လောင်ဘီသမ်ကို မေးလိုက်သည်။
“ငါ မမှားဘူးဆိုရင် ဒါက ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုထားတဲ့ ဂြိုဟ်အဆင့် သက်ရှိတစ်ကောင်ရဲ့ အသက်အမြုတေပဲ ဖြစ်ရမယ်” လောင်ဘီသမ်၏ အသံကလည်း တုန်လှုပ်နေပုံပေါ်သည်။
“ဂြိုဟ်အဆင့် သက်ရှိတစ်ကောင်ရဲ့ အသက်အမြုတေ ဟုတ်လား” လင်းဖုန်း အလွန့်အလွန် တုန်လှုပ်သွားသည်။
ဂြိုဟ်အဆင့် သက်ရှိဆိုသည်ကား စကြဝဠာထဲတွင် လှည့်လည်သွားလာနိုင်သော ကြီးမြတ်လှသည့် သက်ရှိတစ်ခုပင်။
မည်သည့် ဂြိုဟ်အဆင့် သက်ရှိကိုမဆို ကြီးမြတ်သည်ဟု သတ်မှတ်နိုင်သည်။ ကျယ်ပြောလှသော စကြဝဠာထဲတွင်ပင် ဂြိုဟ်အဆင့် သက်ရှိများကို လေးစားတန်ဖိုးထားကြသည်။
သို့သော် ယခု လောင်ဘီသမ်က ဤသည်မှာ ဂြိုဟ်အဆင့် သက်ရှိတစ်ကောင် ချန်ရစ်ခဲ့သော အသက်အမြုတေဟု ပြောနေသည်။ လင်းဖုန်းအနေဖြင့် မည်သို့နှယ် ယုံကြည်နိုင်အံ့နည်း။
“ငါ လုံးဝ အာမခံရဲတယ်။ သက်ရှိတစ်ကောင်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ခြောက်ကြိမ် လုပ်ဆောင်ပြီး ဂြိုဟ်အဆင့်သက်ရှိအဖြစ် ပြောင်းသွားတာနဲ့ ဝိညာဉ်၊ စွမ်းအင်၊ စိတ်စွမ်းအား၊ အသိစိတ် အဲ့တာတွေ အားလုံးက အသက်အမြုတေတစ်ခုအဖြစ် စုစည်းသွားလိမ့်မယ်။ အသက်အမြုတေ ရှင်သန်နေသရွေ့ ဂြိုဟ်အဆင့်သက်ရှိက ဘယ်တော့မှ သေဆုံးမှာ မဟုတ်ဘူး”
“ဒီအနီရောင်သလင်းကျောက်က ဂြိုဟ်အဆင့်သက်ရှိတစ်ကောင်ရဲ့ အသက်အမြုတေပဲ။ ဒါပေမဲ့ ဒီဟာက အပိုင်းအစလေးတစ်ခု သက်သက်ပဲ။ အသက်အမြုတေတစ်ခုလုံးရဲ့ တစ်သောင်းပုံတစ်ပုံတောင် မရှိဘူး။ ဂြိုဟ်အဆင့်သက်ရှိတစ်ကောင်ရဲ့ အသက်အမြုတေက အရမ်းအရမ်းကို တန်ဖိုးကြီးတယ်။ မင်း အဲဒါကို သိမ်းထားလို့ရတယ်။ မင်း ကိုယ်တိုင် နားလည်သဘောပေါက်အောင် လုပ်နိုင်သလို စွမ်းအင်အဖြစ်လည်း သုံးလို့ရတယ်။ ပြီးတော့ မင်းရဲ့ မူလလက်နက်အတွက် စွမ်းအားတောင် ထောက်ပံ့ပေးနိုင်သေးတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် အရင်ဆုံး နားလည်သဘောပေါက်အောင်လုပ်ဖို့ ငါ အကြံပေးချင်တယ်။ မင်းရဲ့ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း၊ စတုတ္ထအကြိမ် အသွင်ပြောင်းလဲခြင်းနဲ့ အနာဂတ်မှာ ဂြိုဟ်အဆင့် သက်ရှိတစ်ခု ဖြစ်လာဖို့အတွက်တောင် အကူအညီတစ်ချို့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်”
လင်းဖုန်း ခေါင်းညိတ်ကာ အသက်အမြုတေကို သိမ်းဆည်းလိုက်သည်။ လင်းဖုန်းတွင် ဤလျှို့ဝှက်ဆန်းကြယ်သော ဂူက ပထမဆုံးယဉ်ကျေးမှုနှင့် ဆက်စပ်နေနိုင်သည်ဟူသော မသဲမကွဲ ကြိုတင်ခံစားမှုတစ်ခု ရှိနေ၏။
ထာဝရသိုင်းတာအိုအရှင်