အခန်း ၃၁၁
Vol. 27 Ch. 311
အခန်း (၃၁၁) - နတ်ဆိုးဧကရာဇ်
ဘာသာပြန် - အားသစ်
“ဒီနေရာမှာ ဂြိုဟ်အဆင့်သက်ရှိတစ်ကောင်ရဲ့ အသက်အမြုတေ ပေါ်လာတယ်။ လောင်ဘီသမ် သေချာမသိတဲ့ ပထမဆုံးယဉ်ကျေးမှုကလွဲရင် ဒုတိယယဉ်ကျေးမှုကနေ အဋ္ဌမမြောက်ယဉ်ကျေးမှုအထိ ဂြိုဟ်အဆင့် သက်ရှိဆိုတာ တစ်ခါမှ မပေါ်လာခဲ့ဖူးဘူး”
လင်းဖုန်းအနေဖြင့် ဂြိုဟ်အဆင့်သက်ရှိများ မည်မျှအထိ ကြောက်စရာကောင်းကြောင်း ကောင်းကောင်းသိသည်။ လောင်ဘီသမ်ကလည်း ဤကမ္ဘာသို့ ဆင်းသက်လာချိန်တွင် ဒုတိယယဉ်ကျေးမှု၏ အဆုံးသတ်ကာလသို့ ရောက်နေပြီဖြစ်ကြောင်း အလွန်သေချာနေ၏။
ဒုတိယယဉ်ကျေးမှုမှ အဋ္ဌမယဉ်ကျေးမှုအထိ မည်သည့် ယဉ်ကျေးမှုကမှ ဂြိုဟ်အဆင့်သက်ရှိများကို မမွေးထုတ်နိုင်ခဲ့ပေ။
ယခု လက်ရှိ လူသားယဉ်ကျေးမှုဖြစ်သော နဝမမြောက်ယဉ်ကျေးမှုနှင့် ပတ်သက်၍မူ သူတို့ထဲတွင် အသန်မာဆုံးသူများက သူတော်စင်များ၏ တိုက်ခိုက်ရေးစွမ်းအားသာ ရှိကြ၏။ အလွန်ဆုံး အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်အထိသာ လုပ်ဆောင်ထားနိုင်ပြီး လက်ရှိ၌ ယဉ်ကျေးမှုကိုးခုထဲတွင် အားအနည်းဆုံး ဖြစ်သည်။
နားလည်ရခက်သော ပထမဆုံးယဉ်ကျေးမှုသာလျှင် လျှို့ဝှက်ဆန်းကြယ်သော ပိတ်ကားတစ်ခုဖြင့် ဖုံးလွှမ်းနေပုံရပြီး ခန့်သိမှန်းရှိနိုင်ရန် ခက်ခဲနေ၏။ အကယ်၍ ဤအနီရောင်သလင်းကျောက်ကသာ ဧကန်မုချ ဂြိုဟ်အဆင့်သက်ရှိတစ်ကောင်၏ အသက်အမြုတေဖြစ်ပါက ယင်းက ပထမဆုံးယဉ်ကျေးမှုနှင့် သက်ဆိုင်နေနိုင်ပေသည်။
“လောင်ဘီသမ်... ဒါက ပထမဆုံးယဉ်ကျေးမှုရဲ့ အပျက်အစီးနယ်မြေဆိုတာ မင်း သေချာလား” လင်းဖုန်းက သူ့စိတ်ထဲမှ လောင်ဘက်သမ်ကို မေးလိုက်သည်။
“အတည်ပြုဖို့ နည်းလမ်း လုံးဝမရှိဘူး။ ပထမဆုံးယဉ်ကျေးမှုက လျှို့ဝှက်ချက်တွေနဲ့ ဖုံးလွှမ်းနေတာ။ အဲဒါနဲ့ ပတ်သက်သမျှ အရာအားလုံးက ပဟေဠိတစ်ခုပဲ။ အချက်အလက် ပိုမရသရွေ့ ငါ တိတိကျကျ အတည်မပြုနိုင်ဘူး”
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ ဤနေရာက ပထမဆုံးယဉ်ကျေးမှုနှင့် ဆက်စပ်နေမည်ဟု သူ သံသယရှိရုံသာဖြစ်ပြီး တပ်အပ်မပြောနိုင်ပေ။
ဂူထဲရှိ တုန်ခါမှုများက ပိုမိုပြင်းထန်လာသည်။ လင်းဖုန်းနှင့် ပြိုက်ဘက်ကင်းလက်သီး သူတော်စင်တို့နှစ်ယောက် ဆဋ္ဌမမြောက်ဂူထဲမှ အလျင်အမြန် ထွက်သွားကာ အောက်ထပ်များဆီသို့ ဆက်လျှောက်သွားကြသည်။
ထူးဆန်းသည်မှာ တုန်ခါမှုက တစ်စတစ်စ ပိုပြင်းထန်လာသော်လည်း တစ်ခဏမျှအကြာတိုင်း ရပ်တန့်သွားလေ့ရှိသည်။ လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ ဆဋ္ဌမမြောက်ဂူထဲမှ ထွက်ခွာပြီး အခြားဂူတစ်ခုထဲသို့ ဝင်ရောက်သွားချိန်တွင်တော့ တုန်ခါမှုက ပျောက်ကွယ်သွားပြီဖြစ်သည်။
“ကျောင်းအုပ်ကြီး... နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်က မြေအောက်ကိုပဲ ဆက်တိုက်သွားနေတာလား” လင်းဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
“မဟုတ်ဘူး၊ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ဆိုတာ အကြမ်းဖျင်းခေါ်တဲ့ အမည်တစ်ခုသက်သက်ပဲ။ ဂူ ၁၈ ပေါက် ရှိတယ်လို့ ဆိုလိုတာ။ ဒါပေမဲ့ ဒီဂူ ၁၈ ပေါက်ထဲက တချို့က အပြိုင်ရှိနေပြီးတော့ တချို့ကတော့ အောက်ကို ဆင်းသွားတယ်။ အဲဒါတွေကို ပုံသေပြောလို့တော့မရဘူး။ အရင်တုန်းက ဒီဂူတွေကို ငါတို့ စူးစမ်းခဲ့ဖူးပေမဲ့ နတ်ဆိုးဧကရာဇ်တွေနဲ့တွေ့လို့ လက်လျော့ခဲ့ရတာ။ တခြားဂူတွေ ရှိသေးသလားဆိုတာတောင် ငါတို့ သေချာမသိဘူး”
လင်းဖုန်း တိတ်ဆိတ်သွားသည်။ သို့ဆိုလျှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ဂူ ၁၈ ပေါက်ကိုသာ စူးစမ်းခဲ့ဖူးခြင်း ဖြစ်မည်။ သို့တစေ ပြန်စဉ်းစားကြည့်လျှင် ယင်းက ယုတ္တိရှိပေ၏။ ဤဂူများထဲတွင် နတ်ဆိုးဧကရာဇ်များ ရှိနေသည်။ အကယ်၍ ဤဂူအားလုံးကိုသာ သူ စူးစမ်းနိုင်ခဲ့မည်ဆိုပါက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် ဂူများအကြောင်းကို သူ့လက်ဖမိုးလို ကျွမ်းကျင်နေမည် မဟုတ်ပါလော။ ထပ်မံစူးစမ်းရန် လင်းဖုန်း၏ အကူအညီကို သူ အဘယ်ကြောင့် တောင်းခံနေဦးမည်နည်း။
“ဒါနဲ့... အဲဒီ နတ်ဆိုးဧကရာဇ်တွေက ဘယ်မှာလဲ”
“အဲ့ကောင်တွေက အောက်က ဆယ့်ရှစ်ခုမြောက်ဂူထဲမှာ ရှိတယ်။ အရင်တစ်ကြိမ်တုန်းက အဲဒီနေရာမှာ ငါ နတ်ဆိုးဧကရာဇ်နှစ်ကောင်နဲ့ ဆုံခဲ့တာ။ ငါ အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး အပြင်ကိုတောင် ပြန်မထွက်နိုင်တော့ဘူးလို့ ထင်ခဲ့ရတာပေါ့”
သူ၏ ယခင်အတွေ့အကြုံကို ပြန်ပြောင်းတွေးမိသောအခါ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် ကြောက်ရွံ့မှု အနည်းငယ်ပင် ကျန်ရစ်နေသေး၏။ သို့သော်လည်း တစ်ချိန်တည်းတွင်ပင် သူ အနည်းငယ် ရှက်ရွံ့သွားသည်။ သူ့ကို ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ဟု သိထားကြပြီး သူ့ခွန်အားက သူတော်စင်ကိုးပါးထဲတွင် ထိပ်ဆုံးအဆင့်အတွင်း၌ ပါဝင်သည်။ သို့ပေသော်ငြား သူက နတ်ဆိုးဧကရာဇ်နှစ်ကောင်၏ အနိုင်ယူခြင်းကို ခံခဲ့ရကာ စကားဖြင့် ဖော်ပြရန်ပင်မစွမ်းသာလောက်အောင် သနားစရာကောင်းသော အခြေအနေဖြင့် အဆုံးသတ်ခဲ့ရသည်။
“ဟုတ်ပြီလေ။ ဒါဆို ကျွန်တော်တို့ ဆက်ပြီးတော့ စူးစမ်းကြတာပေါ့။ ခုနက တုန်ခါမှုတွေကလည်း အောက်ကလာတာဖြစ်ဖို့ များတယ်”
လင်းဖုန်းကလည်း အောက်ဘက်ရှိ ဂူများအကြောင်းကို အလွန်သိချင်နေသည်။ ယခင်က သူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို ကူညီချင်ရုံ လူသားမျိုးနွယ်အတွက် အကျိုးပြုချင်ရုံသာ ဖြစ်သည်။
ယခုမူ ဂြိုဟ်အဆင့်သက်ရှိတစ်ကောင်၏ အသက်အမြုတေကိုပင် ရှာဖွေတွေ့ရှိပြီးနောက် လင်းဖုန်း ဤဂူများကို အလွန်စိတ်ဝင်စားသွားသည်။ ဤဂူထဲတွင် ရှိနေသည့် လျှို့ဝှက်ချက်များက သူ၏ ကျင့်ကြံခြင်းအတွက်ပင် အလွန်အသုံးဝင်နိုင်ပေသည်။
ယခုလက်ရှိတွင် လင်းဖုန်းက ဤဂူကို စူးစမ်းရန်အတွက် အစပြုဦးဆောင်သူ ဖြစ်လာ၏။
ထို့နောက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် လင်းဖုန်းတို့ အောက်သို့ ဆက်သွားကြသည်။ သတ္တမ၊ အဋ္ဌမနှင့် နဝမမြောက် ဂူများကို ဆက်လက်ဖြတ်သန်းသွားကြသည်။
ဤဂူများ၏ ပုံစံက အခြေခံအားဖြင့် ဆင်တူကြ၏။ နံရံပေါ်ရှိ နံရံဆေးရေးပန်းချီများကလည်း ထူးဆန်းသည့် အကြောင်းအရာတချို့ကို ပုံဖော်ထားသည်။
ထို့အပြင် လင်းဖုန်း ဂူတိုင်းတွင် ယဇ်ပလ္လင်တစ်ခုစီကို တွေ့ခဲ့ရသည်။
ဤယဇ်ပလ္လင်များကို မြင်သောအခါ လင်းဖုန်းက သဘာဝကျကျပင် ကျော်သွားမည် မဟုတ်ချေ။ လောင်ဘီသမ်ကိုယ်တိုင်ပင် အသက်အမြုတေများက ပစ္စည်းကောင်းများဖြစ်ကြောင်း ပြောခဲ့၏။ သဘာဝကျကျပင် သူ ယင်းတို့အားလုံးကို ယူဆောင်သွားရပေမည်။
ထို့ကြောင့် လင်းဖုန်းက တွေ့သမျှ ယဇ်ပလ္လင်တိုင်းကို ချေမွပစ်ခဲ့သည်။ သို့သော် ယဇ်ပလ္လင်ဆယ်ခုကျော်ကို ဆက်တိုက်တွေ့ကြုံပြီးနောက် လင်းဖုန်းအနေဖြင့် ဂြိုဟ်အဆင့်သက်ရှိ၏ အသက်အမြုတေများဖြစ်သော အနီရောင်သလင်းကျောက် ငါးခုခန့်ကိုသာ တွေ့ရှိခဲ့ရသည်။
အခြားသော ယဇ်ပလ္လင်များအောက်တွင်မူ တစ်ခုမျှ မရှိခြင်း သို့မဟုတ် သလင်းကျောက်က ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခြင်းတို့သာ တွေ့ရ၏။
ယခင်က လင်းဖုန်း ရရှိခဲ့သော အနီရောင်သလင်းကျောက်ကို အပါအဝင်ဆိုလျှင် ယခု လင်းဖုန်းတွင် ဂြိုဟ်အဆင့်သက်ရှိ၏ အသက်အမြုတေ အပိုင်းအစ စုစုပေါင်းခြောက်ခု ရှိသွားပြီဖြစ်သည်။
လင်းဖုန်း အောက်သို့ ဆက်လက်ဆင်းသက်နေစဉ် ရုတ်တရက် တုန်ခါမှုများ ထပ်မံဖြစ်ပေါ်လာသည်။ ဤတစ်ကြိမ်တွင်မူ တုန်ခါမှုက ယခင်အကြိမ်များထက် များစွာ ပိုပြင်းထန်လာ၏။ လင်းဖုန်းတစ်ယောက် တုန်ခါမှုအရင်းအမြစ်က အလွန်နီးကပ်နေကြောင်းကိုပင် အာရုံခံမိနေသည်။
ယခုလက်ရှိတွင် လင်းဖုန်းတို့နှစ်ယောက် ၁၇ ခုမြောက် ယဇ်ပလ္လင်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အဆိုအရ နတ်ဆိုးဧကရာဇ်နှစ်ကောင်က ၁၈ ခုမြောက် ဂူထဲတွင် ရှိနေ၏။
“သူတော်စင်လင်းဖုန်း... ပြီးရင် နတ်ဆိုးဧကရာဇ်နှစ်ကောင်နဲ့ ဆုံတဲ့အခါ လက်တွန့်မနေနဲ့နော်။ မင်းရဲ့ အကောင်းဆုံးစွမ်းရည်ကို ချက်ချင်းထုတ်သုံးပါ။ ငါတို့နှစ်ယောက် ပူးပေါင်းပြီးတော့ နတ်ဆိုးဧကရာဇ်တစ်ကောင်ကို အရင်သတ်ကြမယ်”
“နားလည်ပါပြီ”
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် ဤနေ့ရက်ကို စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ရွှစ် ရွှစ်
သူတို့နှစ်ယောက်စလုံး ချက်ချင်း အရှိန်မြှင့်လိုက်ကြသည်။ မကြာမီ သူတို့ရှေ့ရှိ လောကကြီးက လုံးဝ ကျယ်ပြန့်ပွင့်ဟသွားသည်။ ယင်းက လုံးဝ အသစ်စက်စက် ဂူတစ်ခုပင်။
ဤဂူက ဧရာမမြေအောက်နန်းတော်ကြီးတစ်ခုအလား ကြီးမားလှ၏။ လင်းဖုန်း ဤမျှကြီးမားသော မြေအောက်အဆောက်အအုံမျိုးကို တစ်ခါမှ မမြင်ဖူးချေ။ ထို့အပြင် ဤဂူထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လင်းဖုန်း၏ ဖျက်ဆီးခြင်းလှံတံက ဆက်တိုက်တုန်ခါနေ၏။ ယခင်က မည်သည့် အသက်အမြုတေနှင့် တွေ့ဆုံချိန်ကထက်မဆို ပိုမိုပြင်းထန်နေသည်။
“ဒီမှာလည်း အသက်အမြုတေ ရှိနေတာလား။ ပြီးတော့ အဲ့ဒါက အရမ်းကြီးနိုင်တယ်”
လင်းဖုန်း အသက်ရှူမှားသွားသည်။ အသက်အမြုတေများက တန်ဖိုးကြီးသော်လည်း သူတို့နှစ်ယောက် နတ်ဆိုးဧကရာဇ်များနှင့် ရင်ဆိုင်ရရန် အလွန်ဖြစ်နိုင်ခြေရှိသည်။ သူတို့ သတိလက်လွတ်မနေသင့်ပေ။
ဝုန်း
ဂူက တစ်ဖန်ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြန်သည်။ လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့နှစ်ယောက်သား ဆယ့်ရှစ်ခုမြောက်ဂူထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားကြသည်။ မကြာမီ သူတို့ရှေ့ရှိ ယဇ်ပလ္လင်ပေါ်တွင် နတ်ဆိုးဧကရာဇ်နှစ်ကောင်ကို မြင်လိုက်ရသည်။ ထိုနှစ်ကောင်က ယဇ်ပလ္လင်ကို အရူးအမူး ဖျက်ဆီးနေပုံရ၏။
သို့သော် ဤယဇ်ပလ္လင်က အလွန်ထူးဆန်းနေသည်။ ယဇ်ပလ္လင်ပေါ်တွင် မရေမတွက်နိုင်သော ဆေးရေးပန်းချီများ ရှိနေပြီး ယင်းတို့က သံကြိုးများအဖြစ် ခပ်ဝါးဝါး ဖွဲ့စည်းထားကြသည်။ နတ်ဆ်ုးဧကရာဇ်နှစ်ကောင်က ယဇ်ပလ္လင်နှင့်တိုက်မိတိုင်း သံကြိုးများက တလက်လက် တောက်ပသွားလေ့ရှိ၏။ သို့သော်လည်း အားနည်းသွားမည့် အရိပ်အယောင် လုံးဝမရှိသလောက်ပင်။
သံကြိုးများက နတ်ဆိုးဧကရာဇ်နှစ်ကောင်၏ တိုက်ခိုက်မှုများကို ခုခံထားပြီး ထိုနှစ်ကောင်ကို ယဇ်ပလ္လင်အပြင်ဘက်တွင် ပိတ်ဆို့ထားသည်။
“ဒီ နတ်ဆိုးဧကရာဇ် နှစ်ကောင်ပဲ။ အထင်ကြီးစရာပဲ။ ဒီကောင်တွေက အရင်တစ်ကြိမ်တုန်းကထက် အများကြီး ပိုကြီးလာကြတယ်”
ပြိုငမဘက်ကင်းလက်သီးသူတော်စင်၏ မျက်ဝန်းများတွင် စူးရှသည့် အလင်းရောင်တစ်ချက် လက်သွားသည်။
ဤသည်က လင်းဖုန်းအနေဖြင့် နတ်ဆိုးဧကရာဇ်တစ်ကောင်ကို ပထမဆုံး မြင်ဖူးခြင်းလည်း ဖြစ်သည်။ သူတော်စင်များထံမှ နတ်ဆိုးဧကရာဇ်များအကြောင်း မကြာခဏ ကြားဖူးထား၏။ ထို့ကြောင့် နတ်ဆိုးဧကရာဇ်များသည် အလွန်တရာ စွမ်းအားကြီးကြမည်ဟု သူ တွေးမိထားပြီးဖြစ်သည်။
သို့သော် ယခု ဤနတ်ဆိုးဧကရာဇ်နှစ်ကောင်ကို ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ တွေ့ရှိလိုက်ရသောအခါ လင်းဖုန်း သူ၏ ယခင်အတွေးများက ရှေးရိုးဆန်လွန်းသည်ဟုပင် ခံစားသွားရသည်။
သူ၏ရှေ့ရှိ နတ်ဆိုးဧကရာဇ်နှစ်ကောင်မှာ တစ်ကောင်စီက အရှည်မီတာတစ်ရာကျော်နှင့် အမြင့်မီတာဆယ်ဂဏန်းခန့်စီ ရှိကြသည်။ ယင်းတို့ထဲမှ တစ်ကောင်မှာ နွားတစ်ကောင်နှင့် ဆင်တူ၏။ ထိုနတ်ဆိုး၏ ခန္ဓာကိုယ်တစ်ခုလုံးကို သတ္တုသံချပ်ကာသဏ္ဍာန်ရှိသည့် အနက်ရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤနတ်ဆိုးဧကရာဇ်ကို ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က နတ်ဆိုးဧကရာဇ်မိုဟု ခေါ်၏။
နောက်တစ်ကောင်ကလည်း အရှည်မီတာတစ်ရာကျော်ရှိသော်လည်း ၎င်း၏ ခန္ဓာကိုယ်က အလွန်ပုပြီး ဆယ်မီတာခန့်သာ မြင့်သည်။ ထိုနတ်ဆိုးတစ်ကိုယ်လုံးက ပြားချပ်နေပြီး တီကောင်သားရဲများကဲ့သို့ အဆက်မပြတ် တွန့်လိမ်တွားသွားလှုပ်ရှားနေသည်။ ထိုနတ်ဆိုး၏အောက်တွင် ထူထဲသော ခြေတံရာပေါင်းများစွာရှိပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း မာနိုင် ပျော့နိုင်သော ရေဘဝဲလက်တံများ ရှိနေသည်။ ယင်းက အလွန်ဆိုးယုတ်ပြီး ကြောက်မက်ဖွယ်ကောင်းပုံ ပေါက်နေ၏။
ဤနတ်ဆိုးဧကရာဇ်ကိုမူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က နတ်ဆိုးဧကရာဇ်ကင်းခြေများဟု အမည်ပေးထားသည်။
နတ်ဆိုးဧကရာဇ်နှစ်ကောင်က ယဇ်ပလ္လင်ပေါ်ရှိ သံကြိုးများကို တိုက်ခိုက်ရန်သာ အာရုံစိုက်နေကြပြီး လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ ကျူးကျော်ဝင်ရောက်လာခြင်းကို သတိထားမိပုံပင် မပေါ်ချေ။
“သူတော်စင်လင်းဖုန်း... အဲဒီ နတ်ဆ်ုးဧကရာဇ်မိုရဲ့ ခံစစ်က အရမ်းအားကောင်းပြီးတော့ ရင်ဆိုင်ရခက်တယ်။ ငါတို့နှစ်ယောက် အရင်ဆုံး ပူးပေါင်းပြီးတော့ နတ်ဆိုးဧကရာဇ် ကင်းခြေများကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် ဒါမှမဟုတ် သတ်ဖြတ်နိုင်အောင် အစွမ်းကုန် ကြိုးစားကြမယ်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် ယခင်က နတ်ဆိုးဧကရာဇ်နှစ်ကောင်နှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် ဤနတ်ဆိုးဧကရာဇ်နှစ်ကောင် အကြောင်းကို သဘာဝကျကျပင် သိထားသည်။
“ဟုတ်ပြီလေ။ နတ်ဆိုးဧကရာဇ်ကင်းခြေများကို အရင် ရှင်းကြတာပေါ့”
လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး နတ်ဆိုးဧကရာဇ် ကင်းခြေများအပေါ် သူ့အကြည့်ကို စူးစိုက်ထားလိုက်သည်။
“မီးတောက်နတ်ဘုရားနယ်မြေ”
ဝုန်း
နတ်ဆိုးဧကရာဇ်နှစ်ကောင် သတိမထားမိခင်မှာပင် ပြိုငမဘက်ကင်းလက်သီး သူတော်စင်က သူ့ကြယ်တာရာစွမ်းအား အားလုံးကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ မီးတောက်နတ်ဘုရားနယ်မြေက ချက်ချင်း ဆင်းသက်လာပြီး ဂူတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ထာဝရသိုင်းတာအိုအရှင်