← Chapters

အခန်း ၃၁၂

Vol. 27 Ch. 312

အခန်း ၃၁၂

Vol. 27 Ch. 312

အခန်း (၃၁၂) - အပြင်းအထန်တိုက်ပွဲ

ဘာသာပြန် - အားသစ်

“ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က နတ်ဘုရာနယ်မြေ ဖြန့်ကြက်လိုက်သည်ကို မြင်လျှင် လင်းဖုန်းလည်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဆက်လက် ဖိနှိပ်မထားတော့ပေ။

ထို့ကြောင့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က တဟုန်ထိုး ပေါက်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ်က ပူဖောင်းတစ်လုံးအလား အလျင်အမြန် ကြီးထွားလာသည်။

ဆယ်မီတာ၊ အနှစ်မီတာ၊ မီတာငါးဆယ်၊ မီတာတစ်ရာ၊ မီတာနှစ်ရာ...

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က မီတာ၂၆၀ အထိ ကြီးထွားသွားသည်။ သူ့အရပ်အမြင့်က ဂူအမိုးအထိပင် ရောက်ရှိသွား၏။ အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့်ပင် မြေကမ္ဘာကို တုန်ဟည်းသွားစေပြီး ဂူတစ်ခုလုံးကိုပင် ပြိုကျပျက်စီးသွားစေနိုင်သည်။

လင်းဖုန်း၏ ၂၆၀ မီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်ဝန်းများတွင်လည်း တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

သူ ယခင်က လင်းဖုန်းတိုက်ခိုက်သည့်ဗီဒီယိုကို မြင်ဖူး၏။ လင်းဖုန်းက ခန္ဓာကိုယ်ကို ကြီးထွားစေနိုင်သည့် အခြားကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို အသုံးပြုထားကြောင်း သူ သိထားသည်။ သို့သော်လည်း ဗီဒီယိုထဲတွင် မြင်ရခြင်းက ကိုယ်တိုင် မျက်မြင်တွေ့ရှိရခြင်းနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

မီတာ၂၆၀ ရှိသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က လက်ရှိအချိန်တွင် လင်းဖုန်း၏ အသန်မာဆုံး အခြေအနေ ဖြစ်လုနီးပါးပင်။ ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် သူ နတ်ဆိုးဧကရာဇ်ကင်းခြေများ၏ ရှေ့သို့ ရောက်ရှိသွား၏။ ထို့နောက် သူ့လက်နှစ်ဖက်က တောင်ကြီးနှစ်လုံးအလား နတ်ဆိုးဧကရာဇ်ကို ပြင်းပြင်းထန်ထန် ဆောင့်ထုလိုက်သည်။

နတ်ဆိုးဧကရာဇ်ကင်းခြေများကလည်း အန္တရာယ်အရိပ်အယောင်တစ်ခုကို အာရုံခံမိပုံရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော ရေဘဝဲလက်တံများက ရုတ်တရက် ပိုမိုထူထဲလာပြီး လက်မောင်းထက်ပင် ပိုကြီးသည့် နွယ်ပင်များအလား အရပ်မျက်နှာအနှံ့မှ လင်းဖုန်းဆီသို့ ချက်ချင်း ဝှေ့ယမ်းတိုက်ခိုက်လာသည်။

လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် ယင်း၏စွမ်းအားက မတားဆီးနိုင်သော အရှိန်အဝါဖြင့် ပြိုကျလာသည့် ဆူနာမီလှိုင်းလုံးကြီးတစ်ခုအလား ဖြစ်နေသည်။ နတ်ဆိုးဧကရာဇ်ကင်းခြေများ၏ လက်တံများပင်လျှင် လင်းဖုန်း၏လက်ဝါး ရိုက်ချလိုက်သည့်အရှိန်ကို ခဏမျှသာ ဟန့်တားနိုင်၏။

“ဂရူး...”

ထိုအခိုက် နတ်ဆိုးဧကရာဇ်မိုက လိမ့်ထွက်လာပြီး မီးတောက်များ၏ ပိတ်ဆို့မှုကို ချိုးဖျက်လိုက်သည်။ သူက ပြိုင်ဘက်ကင်းလက်သီး သူတော်စင်၏ မီးတောက်များကိုပင် မကြောက်ရွံ့ဘဲ လင်းဖုန်းဆီသို့ အရူးအမူး ပြေးဝင်သွားသည်။

“ကမ္ဘာပျက်နတ်ဘုရားမီးတောက်”

နတ်ဆိုးဧကရာဇ်မိုက ပိတ်ဆို့မှုများကို ချိုးဖျက်ပြီး လင်းဖုန်းဆီသို့ တဟုန်ထိုး ပြေးဝင်တော့မည်ကို မြင်လိုက်ရသောအခါ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်လည်း စိုးရိမ်သွားသည်။ သူ၏ မီးတောက်နတ်ဘုရားနယ်မြေထဲတွင် အဆုံးအစမဲ့မီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင် မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခုလုံးက မီးတောက်များအဖြစ်သို့ လုံးဝပြောင်းလဲသွား၏။

ဝုန်း

ပူပြင်းလှသော မီးတောက်များက အရာအားလုံးကို ဖျက်ဆီးလိုသော အရှိန်အဝါဖြင့် ချက်ချင်း ပေါက်ကွဲကျဆင်းလာသည်။ နတ်ဆိုးဧကရာဇ်မိုပင် ခြိမ်းခြောက်မှု အရိပ်အယောင်တစ်ခုကို အာရုံခံမိသွား၏။

ဤသည်ကား သူတော်စင်တစ်ပါးပင်။ နတ်ဆိုးဧကရာဇ်တစ်ကောင်နှင့် ယှဉ်ပြိုင်နိုင်ခြင်းက ဟာသသက်သက်မဟုတ်ပေ။

ဘန်း

လင်းဖုန်း၏ လက်ဝါးများက နတ်ဆိုးဧကရာဇ်ကင်းခြေများကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။ ထိုမှ အဖျက်စွမ်းအားက မြေပြင်ပေါ်သို့ တိုက်ရိုက် သက်ရောက်သွား၏။

နတ်ဆ်ုးဧကရာဇ်ကင်းခြေများ၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲထွက်သွားသည်ကို လင်းဖုန်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ယင်းက တကယ်ကို ပေါက်ကွဲသွားခြင်းပင်။ သူ့ခွန်အားက မည်မျှအထိ ကြောက်စရာကောင်းနေသနည်း။ ယခင်က မီတာ ၂၀၀ ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်သည်ပင် သာမန်နတ်ဆိုးဧကရာဇ်တစ်ကောင်နှင့် ယှဉ်နိုင်နေပြီ ဖြစ်၏။ ယခု လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ၂၆၀ မီတာအထိ ရောက်ရှိနေချိန်တွင်မူ ပြောနေစရာပင် မလိုတော့ချေ။

လင်းဖုန်းကိုယ်တိုင်ပင် သူ မည်မျှအထိ သန်မာကြောင်း သေသေချာချာ နားမလည်ချေ။

ယခုမူ သူ့လက်ရှိခွန်အားက အစွမ်းထက်နတ်ဆိုးဧကရာဇ်တချို့နှင့်ပင် ဖက်တုယှဉ်ပြိုင်နိုင်ကြောင်း သို့တည်းမဟုတ် ပို၍ပင် သန်မာနိုင်ကြောင်း သူ သိလိုက်ရသည်။

သူ့ ခွန်အားအပြည့်ဖြင့် ရိုက်ချက်တစ်ခုက နတ်ဆိုးဧကရာဇ်ကင်းခြေများ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ချေမှုန်းပစ်ရန် လုံလောက်နေလေပြီ။

ဤသည်က မျက်စိတစ်မှိတ်အတွင်း၌သာ ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က မီးတောက်နတ်ဘုရားနယ်မြေကို အသုံးပြုခဲ့သည့် အချိန်မှစ၍ လင်းဖုန်းက လက်သီးတစ်ချက်ဖြင့် နတ်ဆိုးဧကရာဇ်ကင်းခြေများကို ချေမှုန်းပစ်ခဲ့သည့် အချိန်အထိ အသက်ရှူကြိမ် အနည်းငယ်သာ ကြာသေး၏။

ခရက် ခရက်

လင်းဖုန်း၏ စွမ်းအားက အလွန်တရာ အားကောင်းလွန်းလှသဖြင့် ပြင်းအားဖြင့် မြေငလျင်တစ်ခု လှုပ်ခတ်သွားသည့်အလား မြေပြင်က စတင်အက်ကွဲလာသည်။ ဂူပတ်ဝန်းကျင် မြေထုတစ်ခုလုံး ပြင်းပြင်းထန်ထန် ထပ်မံလှုပ်ခါလာပြန်၏။

“ဂရား...”

နတ်ဆိုးဧကရာဇ်မိုက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့ခေါင်းကို နောက်သို့ တိုးဝှေ့လိုက်သည်။ သူက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ နတ်ဘုရားနယ်မြေထဲမှ အမှန်တကယ်ပင် ထိုးထွက်လာခဲ့၏။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကိုယ်တိုင် ထိုနတ်ဆိုးကို ကြားဖြတ်တားဆီးခဲ့သော်လည်း တစ်ချက်တည်းဖြင့်ပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မီးတောက်နတ်ဘုရားနယ်မြေက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအား အားလုံးကလည်း ဆည်ကျိုးသည့်အလား အရူးအမူး ကုန်ခမ်းသွားတော့သည်။

“ဒီကောင်က ဘယ်လိုလုပ် ဒီလောက်ထိတောင် သန်မာနေရတာလဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အလွန်တရာ တုန်လှုပ်သွားသည်။ သူ့အနေဖြင့် ဤနတ်ဆိုးများနှင့် မတိုက်ခိုက်ဖူးခြင်း မဟုတ်ပေ။ ယခင်က နတ်ဆိုးဧကရာဇ်မိုနှင့် နတ်ဆိုးဧကရာဇ်ကင်းခြေများတို့နှစ်ကောင်ကို ဆုံတွေ့ခဲ့စဉ်က ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် ထိုနတ်ဆ်ုးဧကရာဇ်နှစ်ကောင်ထံမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သေးသည်။

သူ အနည်းငယ် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိခဲ့သော်လည်း ထိုနတ်ဆိုးဧကရာဇ်နှစ်ကောင်၏ ခွန်အားက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို ချေမှုန်းပစ်ရန်အထိ မလုံလောက်ခဲ့ပေ။

သို့ပေသော်ငြား ယခုမူ။

တိုက်ခိုက်မှုတစ်ချက်တည်းသာ။ သူ နတ်ဆိုးဧကရာဇ်မို၏ တိုက်ခိုက်မှုတစ်ချက်ကို မခုခံနိုင်ခဲ့ချေ။ တစ်ချက်တည်းဖြင့် သူ့နတ်ဘုရားနယ်မြေ ပျက်စီးသွားပြီး သူလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။ ကံကောင်းထောက်မစွာဖြင့် ပြိုင်ဘက်ကင်းလက်သီး သူတော်စင်က သူတော်စင်တစ်ပါးဖြစ်ပြီး သူ၏ ကြယ်တာရာစွမ်းအားက အလွန်ကြွယ်ဝကာ အဆုံးမဲ့လုနီးပါး ဖြစ်နေသည်။ ထို့ကြောင့် သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရပေ။

“ကျောင်းအုပ်ကြီး”

လင်းဖုန်း သူ့လက်ကို မြှောက်လိုက်သည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က နတ်ဆိုးဧကရာဇ်မို၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် သူ ပြိုက်ဘက်ကင်းလက်သီး သူတော်စင်ကို ကယ်ဆယ်ရန် ချက်ချင်း သွားလိုက်သည်။

သို့သော် သူ လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထူထဲသော ရေဘဝဲလက်တံများက လင်းဖုန်း၏ လက်များကို ရုတ်တရက် လာရောက်ရစ်ပတ်လိုက်ကြသည်။

“သတိထား” ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ လင်းဖုန်း ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ့မျက်ဝန်းအစုံတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

စောစောက လင်းဖုန်း လက်ဝါးဖြင့် မြေပြင်ကို ရိုက်ချလိုက်စဉ်က သူ နတ်ဆိုးဧကရာဇ်ကင်းခြေများကို သေချာပေါက် သုတ်သင်ချေမှုန်းပစ်ခဲ့သည်။ သို့သော် ယခု နတ်ဆိုးဧကရာဇ်ကင်းခြေများက ဘာမှမဖြစ်ဘဲ အကောင်းပကတိအတိုင်း ရှိနေ၏။ ထိုနတ်ဆိုးက ဒဏ်ရာအပြင်းအထန် ရထားဟန်ပင် မရှိချေ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဤသည်က ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ ခွန်အားအပြည့် ရိုက်ချက်တစ်ခုပင်။ မသေနိုင်သော အစွမ်းသတ္တိရှိကြသည့် ဝက်အူရစ်ပိုးကောင်များနှင့် ရင်ဆိုင်ရချိန်တွင်ပင် လင်းဖုန်းအနေဖြင့် ယင်းတို့ကို တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သေးသည်။

“ပြတ်စမ်း”

လင်းဖုန်း လက်နှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ဆွဲဖြဲလိုက်သည်။ မရေမတွက်နိုင်သော လက်တံများ ပြတ်တောက်သွားသော်လည်း ပိုမိုများပြားသော လက်တံများက သူ့ခန္ဓာကိုယ်ကို လာရောက်ရစ်ပတ်လိုက်ပြန်သည်။ ထို့အပြင် ဤလက်တံများတွင် အလွန်ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေပုံရ၏။ ယင်းက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ဆဲလ်များကို အဆက်မပြတ် ဖျက်ဆီးနိုင်သော အထူးအဆိပ်တစ်မျိုး ဖြစ်ပုံရသည်။

“ဒါကဘာလဲ”

လင်းဖုန်း၏နှလုံးသားက တစ်ချက် တုန်သွားသည်။ နတ်ဆိုးဧကရာဇ်ကင်းခြေများ၏ ချုပ်နှောင်မှုထဲမှ သူ ချက်ချင်း မရုန်းထွက်နိုင်ခဲ့ချေ။ တစ်ချိန်တည်းမှာပင် နတ်ဆိုးဧကရာဇ်ကင်းခြေများက မြေအောက်တွင်းထဲမှ နောက်တစ်ကြိမ် ပြန်လည်တွားထွက်လာသည်။

နတ်တိုးဧကရာဇ်ကင်းခြေများသည်လည်း အခြေအနေ သိပ်ကောင်းပုံ မရပေ။ သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေ၏။ သို့သော်လည်း သေဆုံးခြင်းတော့မရှိချေ။ ထို့အပြင် သူ့ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် အရှိန်အဝါ အလွှာတစ်ခု ဖုံးလွှမ်းနေပြီး အနီရောင်အလင်းတန်းတစ်ခုက လင်းဖုန်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။

နတ်ဆိုးဧကရာဇ်ကင်းခြေများ၏ လက်တံများက အရပ်မျက်နှာအနှံ့ကို ဖုံးလွှမ်းသွားပြီး လင်းဖုန်းကို ပင့်ကူမျှင်များအလား လုံးဝ ပိုးအိမ်ဖွဲ့ ပိတ်ဆို့ထားလိုက်တော့သည်။

“သူတော်စင်လင်းဖုန်း”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ချက်ချင်း သူ့လက်ကို ဆန့်ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။ ကြယ်တာရာစွမ်းအားမှ ပြောင်းလဲသွားသော မီးတောက်များက လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ လက်တံများကို ချက်ချင်း လွှမ်းခြုံသွား၏။ သို့သော် ဤလက်တံများက ရေမီးဒဏ်ကို ခံနိုင်ရည်ရှိကြသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မီးတောက်များပင်လျှင် ယင်းတို့ကို မီးရှို့ဖျက်ဆီးပစ်နိုင်ခြင်းမရှိချေ။

“ဒီ နတ်ဆိုးဧကရာဇ်နှစ်ကောင်က ဘယ်လိုလုပ် ဒီလောက်တောင် သန်မာလာရတာလဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အမူအရာက အလွန်တည်ကြည်လေးနက်နေသည်။ သူ အနည်းငယ်လည်း ပူပန်နေ၏။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက သူတို့နှစ်ဦးစလုံး တကယ် သေဆုံးသွားနိုင်သည်။

လူသားမျိုးနွယ်ထဲတွင် သူတော်စင်ဆယ်ပါးသာ ရှိ၏။ အကယ်၍ သူတို့နှစ်ဦးသာ သေဆုံးသွားပါက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို မည်သူက လာရောက်စောင့်ကြပ်မည်နည်း။ ထိုအချိန်ကျရင် နတ်ဆိုးဧကရာဇ်နှစ်ကောင်သာ အပြင်သို့ တိုးထွက်သွားလျှင် သေချာပေါက် ကပ်ဘေးဆိုက်ပေလိမ့်မည်။

ဝုန်း

သူတို့လေးဦး၏ စောစောက တိုက်ပွဲမှာ အလွန် ပြင်းထန်လှ၏။ အထူးသဖြင့် လင်းဖုန်းနှင့် နတ်ဆိုးဧကရာဇ်ကင်းခြေများတို့၏ တိုက်ပွဲဖြစ်သည်။ ယင်းက ဂူတစ်ခုလုံးကို ပြိုကျလုနီးပါး ဖြစ်စေသည်။ အပေါ်ဘက်မှ ကျောက်တုံးများကလည်း စတင်ပြုတ်ကျနေလေပြီ။

တစ်ချိန်တည်းမှာပင် မူလက သံကြိုးများနှင့် ပြည့်နှက်နေသော ယဇ်ပလ္လင်က စတင်အက်ကွဲလာ၏။ ထူထဲသော အက်ကြောင်းများက ပင့်ကူအိမ်အလား ပေါ်ပေါက်လာသည်။

ခရက်

နောက်ဆုံးတွင် ယဇ်ပလ္လင်က အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားသည်။ အနီရောင်အလင်းတန်းတစ်ခုက ဂူတစ်ခုလုံးကို လုံးဝလွှမ်းခြုံသွားပြီး သွေးရောင်အလား ချင်းချင်းနီသွားသည်။

“သောက်ကျိုးနည်း... ဘယ်လောက်တောင် ကြီးလိုက်တဲ့ သလင်းကျောက်နီကြီးလဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်မိသည်။ ယဇ်ပလ္လင် ပျက်စီးသွားပြီးနောက် နှိုင်းယှဉ်၍မရအောင် ကြီးမားလှသော အနီရောင်သလင်းကျောက်ကြီးတစ်လုံး ပေါ်လာ၏။ ထိုကျောက်တုံးကြီးက ကြိတ်ဆုံကျောက်ကြီးတစ်ခုနှင့်ပင် ဆင်တူနေသည်။

ယင်းက လင်းဖုန်း လုယက်ခဲ့သော အနီရောင်သလင်းကျောက်ခြောက်ခုထက် အဆပေါင်းများစွာ ပိုကြီးမားလှသည်။

“အသက်အမြုတေပဲ။ ဒါဆို သူတို့ရဲ့ ရည်ရွယ်ချက်က ဒီ အသက်အမြုတေ ဖြစ်ရမယ်”

လင်းဖုန်း လက်တံများ၏ ရစ်ပတ်ခြင်းကို ခံထားရသော်လည်း ဂူထဲရှိ အခြေအနေကို မြင်တွေ့နိုင်ဆဲပင်။ ကြီးမားလှသော အသက်အမြုတေကြီးက လင်းဖုန်းကိုလည်း တုန်လှုပ်သွားစေသည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters