← Chapters

အခန်း ၃၁၄

Vol. 27 Ch. 314

အခန်း ၃၁၄

Vol. 27 Ch. 314

အခန်း (၃၁၄) - မျှော်လင့်ချက်မှုန်ရီမှုန်ဝါး

ဘာသာပြန် - အားသစ်

သွေးများက မြေအောက်မြစ်ထဲဝယ် တဒီးဒီး စီးကျနေပြီး မြေအောက်မြစ်တစ်ခုလုံးကို သွေးရောင်အဖြစ် ပြောင်းလဲသွားစေသည်။

လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်တွင် သွေးမရှိပေ။ ထိုသွေးများ အားလုံးက နတ်ဆိုးဧကရာဇ်မိုထံမှ ဖြစ်၏။ သို့သော် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သည်ဘည်း အဆက်မပြတ် အားနည်းလာနေသည်။

“ဝေါင်း...”

နတ်ဆိုးဧကရာဇ်မိုက အရူးအမူး ရုန်းကန်နေသည်။ သူ့သက်စောင့်ခွန်အားများ အလျင်အမြန် ကုန်ခမ်းနေကြောင်းကို သူ အတိုင်းသား ခံစားနေရသည်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ အသက်အမြုတေက အမှန်တကယ်ပင် ပျောက်ကွယ်သွားပြီး လင်းဖုန်း၏ ပါးစပ်ထဲသို့ ရောက်ရှိသွား၏။

အသက်အမြုတေ၏ အထောက်အပံ့ မရှိတော့သဖြင့် သူ့သက်စောင့်ခွန်အားက ဆက်တိုက် အားနည်းလာနေသည်။ သူ အရူးအမူး ရုန်းကန်ပြီး လင်းဖုန်း၏ ချုပ်နှောင်မှုမှ ရုန်းထွက်ရန် ကြိုးစားနေသော်လည်း အသုံးမဝင်ပေ။

သူ့ခွန်အားများ တစ်စတစ်စ လျော့ကျလာပြီး သက်စောင့်အားကလည်း မြန်မြန်ဆန်ဆန် အားနည်းလာသည်။

လင်းဖုန်းသည်လည်း အခြေအနေ သိပ်မကောင်းလှပေ။ သူက နတ်ဆိုးဧကရာဇ်မို၏ ဝမ်းဗိုက်ကို အပြင်းအထန် ကိုက်ထားသည်။ ရုတ်တရက် သူ့ပါးစပ်ထဲသို့ ပူပြင်းလှသည့် အပူလှိုင်းတစ်ခု လျှောဆင်းလာသည်ကို သူ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ချစ်ချစ်တောက်နေသည့် အပူလှိုင်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်ဖြတ်သန်းသွားသည်။

သူ့တိုက်ပွဲဝင်ခန္ဓာကိုယ်က မီတာ၂၆၀မှ မီတာ၂၀၀အထိ ဆက်တိုက် ကျုံ့ဝင်သွားပြီး ဆက်လက်၍လည်း ကျုံ့ဝင်နေဆဲပင်။ မည်သို့ပင်ဆိုစေ နတ်ဆိုးဧကရာဇ်မိုဖြစ်စေ နတ်ဆိုးဧကရာဇ်ကင်းခြေများဖြစ်စေ သူတို့၏ အဆိပ်များက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်သာ။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ပင်လျှင် အဆိပ်နှစ်မျိုးကို ခုခံနိုင်ဖို့ အလွန်ခက်ခဲနေရသည်။

ဤသည်က အလွန်အန္တရာယ်များသည့ါ အခြေအနေပင်။ သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က မတောင့်ခံနိုင်တော့ဘဲ ဆက်လက်အားနည်းလာပါက သူ အသက်အမြုတေကို ရရှိပြီး နတ်ဆိုးဧကရာဇ်မိုကို သေသည်အထိ အားအင်ကုန်ခမ်းစေခဲ့လျှင်ပင် နတ်ဆိုးဧကရာဇ် ကင်းခြေများကိုမူ ကျော်လွန်ပြီး အသက်ရှင်နိုင်မည် မဟုတ်ပေ။

သို့သော် ပူပြင်းလှသော အရာတစ်ခုက သူ့ပါးစပ်ထဲသို့ လျှောဆင်းလာသောအခါတွင်မူ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွား၏။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခု အဆက်မပြတ် ထွက်ပေါ်နေပြီး ထိုစွမ်းအင်က သူ့တစ်ကိုယ်လုံးရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်ဆဲလ်များကို အလျင်အမြန် အားဖြည့်ပေးနေကြောင်း သူ ခံစားလိုက်ရသည်။

“အသက်အမြုတေလား”

လင်းဖုန်း နှလုံးသားခုန်သံ တစ်ချက်မှားသွားသည်။ ဤပူပြင်းလှသည့် စွမ်းအားက ဘာဆိုသည်ကို သူ ချက်ချင်း သိလိုက်သည်။ ယင်းက အသက်အမြုတေ ဖြစ်ရပေမည်။ လောင်ဘီသမ် တစ်ချိန်က ပြောဖူးသည်။ အသက်အမြုတေတွင် ဂြိုဟ်အဆင့်သက်ရှိတစ်ခု၏ စွမ်းအင်နှင့် ခွန်အားများ အားလုံး ပါဝင်ပြီး ဂြိုဟ်အဆင့်သက်ရှိ၏ အနှစ်သာရများကို စုစည်းထားခြင်း ဖြစ်သည်ဟူ၏။

ထို့ကြောင့် ဤအသက်အမြုတေက အစစ်အမှန်အသက်အမြုတေ၏ အတော်အသင့် ကြီးမားသည့် အပိုင်းအစတစ်ခုသာ ဖြစ်နိုင်သည်။ သို့ပေသော်လည်း ယင်းတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ပမာဏ ပါဝင်နေဆဲပင်။

“ဝေါင်း...”

နတ်ဆိုးဧကရာဇ်မိုက သေလုမျောပါး ပြင်းပြင်းထန်ထန် ရုန်းကန်နေသည်။ သူလည်း လုံးဝ ရူးသွပ်သွားလေပြီ။ သူ ချက်ချင်း လှည့်လာပြီး လင်းဖုန်း၏ ခြေထောက်များကို သွေးစွန်းနေသော ပါးစပ်ကြီးဖြင့် အားရပါးရ ကိုက်ချလိုက်သည်။

ကြောက်မက်ဖွယ်ရာ အဆိပ်များက လင်းဖုန်း၏ ခန္ဓာကိုယ်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာပြန်သည်။ အသက်အမြုတေထံမှ စွမ်းအင်အထောက်အပံ့ ရှိနေသော်လည်း လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ချက်ချင်းပင် အလျင်အမြန် ပြိုလဲလာ၏။

မီတာတစ်ရာ့ကိုးဆယ်၊ မီတာတစ်ရာ့ခုနစ်ဆယ်၊ မီတာတစ်ရာ့ငါးဆယ်၊ မီတာတစ်ရာ့သုံးဆယ်...

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က မီတာ ၁၀၀ အထိ ကျုံ့ဝင်သွားသည်။ ထို့အပြင် ပြိုလဲသည့် အမြန်နှုန်းကလည်း ပိုမို မြန်ဆန်လာ၏။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် လုံးဝပြိုလဲသွားသည်နှင့် ယင်းက လင်းဖုန်းလည်း သေဆုံးသွားမည်ဟု ဆိုလိုသည်။

သို့သော် နတ်ဆိုးဧကရာဇ်မို၏ သက်စောင့်ခွန်အားက အလွန်သန်မာနေဆဲပင်။ အကယ်၍ သူတို့သာ အချိန်ဆွဲ တိုက်ခိုက်နေပါက လင်းဖုန်းအနေဖြင့် နတ်ဆိုးဧကရာဇ်မိုကို သေသည်အထိ အားအင်ကုန်ခမ်းစေခဲ့လျှင်တောင် နောက်ဆုံး အနိုင်ရရှိသူက နတ်ဆိုးဧကရာဇ်ကင်းခြေများသာ ဖြစ်ပေလိမ့်မည်။

“လင်းဖုန်း... မြန်မြန်၊ အသက်အမြုတေကို သုံးပြီးတော့ ဖျက်ဆီးခြင်းလှံတံကို အသက်သွင်းလိုက်”

လောင်ဘီသမ်၏ အသံက လင်းဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာ၏။ သူ့လေသံက အလွန်စိုးရိမ်တကြီး ဖြစ်နေပုံရသည်။

“ဖျက်ဆီးခြင်းလှံတံလား”

လင်းဖုန်း၏ နှလုံးသားက တစ်ချက် အခုန်မြန်သွားသည်။ မှန်ပေ၏။ သူ့ခန္ဓာကိုယ်ထဲတွင် ဖျက်ဆီးခြင်းလှံတံ ရှိနေသေးသည်။ သူသာ ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားကို ထုတ်ယူသုံးစွဲနိုင်ပါက သာမန်နတ်ဆိုးဧကရာဇ်နှစ်ကောင်ကို မဆိုထားနှင့် နောက်ထပ် နတ်ဆိုးဧကရာဇ်ဆယ်ကောင်ဆိုလျှင်ပင် ဘာမှမဟုတ်တော့ပေ။

ဖျက်ဆီးခြင်းလှံတံကို မည်သို့ ထုတ်ယူသုံးစွဲရမည်ဆိုသည့် ကိစ္စအတွက် လင်းဖုန်း လုံးဝ စိတ်ပူစရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် လင်းဖုန်း နတ်ဆိုးဧကရာဇ်မို၏ ခန္ဓာကိုယ်တစ်ဝက်ကို ဝါးမြိုလိုက်စဉ်က ကြီးမားလှသည့် အသက်အမြုတေကိုလည်း သူ ဝါးမြိုခဲ့ပြီးဖြစ်သောကြောင့်ပင်။

ထိုအချိန်တွင် ဖျက်ဆီးခြင်းလှံတံက အသက်အမြုတေကို အာရုံခံမိသွားပုံရပြီး အရူးအမူး တုန်ခါနေတော့သည်။

ထို့ကြောင့် လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို ဆက်ဆက် ဖိနှိပ်မထားတော့ပေ။ ထိုအစား သူ ဖျက်ဆီးခြင်းလှံတံကို ချက်ချင်း အသက်သွင်းလိုက်ပြီး အသက်အမြုတေဆီသို့ ချဉ်းကပ်ခွင့်ပြုလိုက်သည်။

အသက်အမြုတေက ဖျက်ဆီးခြင်းလှံတံနှင့် တွေ့ဆုံသွားသည့်အခိုက်…

ဝုန်း

ဖျက်ဆီးခြင်းလှံတံက ကပ်ဘေးနှင့်အလားသဏ္ဍာန်တူသည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဤသည်ကား အလုံးစုံပျက်သုဉ်းခြင်း စွမ်းအားဖြစ်၏။ ထိုစွမ်းအားက လင်းဖုန်း၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပေါက်ကွဲထွက်ပေါ်လာသည်။

အသက်အမြုတေမှာမူ ဖျက်ဆီးခြင်းလှံတံ၏ ချက်ချင်းလက်ငင်း စုပ်ယူခြင်းကို ခံလိုက်ရပြီး မျက်စိရှေ့မှာပင် အလျင်အမြန် ပျောက်ကွယ်သွားသည်။

ဤအချိန်တွင် လင်းဖုန်း၏ အသိစိတ်က ရုတ်တရက် ဝေဝါးသွား၏။ ပုံရိပ်တစ်ခုက သူ့စိတ်ထဲတွင် ဝိုးတဝါး ပေါ်လာသည်။ ယင်းက ဂြိုဟ်တစ်လုံး၏ အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သော အလွန်ကြီးမားလှသည့် ဧရာမသက်ရှိတစ်ခုပင်။ ထိုသက်ရှိကြီးက အေးစက်မှောင်မိုက်နေသော စကြဝဠာထဲတွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရွေ့လျားနေသည်။

ရုတ်တရက် ကြယ်တာရာဟင်းလင်းပြင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားမတတ် ကြီးမားလှသည့် လက်ဝါးကြီးတစ်ခုက ထိုဧရာမသတ္တဝါကြီးအပေါ်သို့ ရိုက်ချလာသည်။

ထိုစွမ်းအားသည်ကား မည်မျှထိတိုင် ကြီးကျယ်ခမ်းနားလိုက်သနည်း။

ထိုလက်ဝါးကြီးရှေ့တွင် စကြဝဠာကြီးတစ်ခုလုံးပင်လျှင် အလွန်သေးငယ်သွားပုံရသည်။ ဂြိုဟ်တစ်လုံးအရွယ်အစားရှိ ဧရာမသတ္တဝါကြီးက အဆက်မပြတ် အော်ဟစ်မြည်တမ်းနေကာ သူ့အသံထဲတွင် အဆုံးမဲ့ ကြောက်ရွံ့မှုများဖြင့် လွှမ်းခြုံပြည့်နှက်နေ၏။

ဘန်း

ဧရာမသတ္တဝါကြီး၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ဖက်တုယှဉ်ပြိုင်ခြင်းငှာ မစွမ်းသာသော တောက်ပလှသည့် အနီရောင်သလင်းကျောက်တစ်ခုအဖြစ် စကြဝဠာထဲတွင် ပေါ်ထွက်လာသည်။ ထိုသလင်းကျောက်ကို ဧရာမလက်ဝါးကြီးက ဖမ်းဆုပ်ယူဆောင်သွား၏။

အရှက်ကွဲမှုနှင့် နာကြည်းမှု အသွယ်သွယ်က လင်းဖုန်း၏ နှလုံးသားထဲတွင် ရစ်ဝဲနေပုံရသည်။

“အဲ့ဒါက အသက်အမြုတေများလား”

ဤသည်က လင်းဖုန်းစိတ်ထဲရှိ နောက်ဆုံးအတွေးပင်။ ထို့နောက် သူ့အသိစိတ်က ဝေဝါးကာ အမှောင်အတိကျသွားတော့သည်။

လင်းဖုန်း သတိလစ်သွားပြီးနောက် ဖျက်ဆီးခြင်းလှံတံထဲရှိ ဇီဝိန်ချုပ်စွမ်းအားများ တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။ စွမ်းအားပေါက်ကွဲမှုကြောင့် သူ့ရင်ဘတ်တွင် ဧရာမအပေါက်ကြီးတစ်ခု ရုတ်တရက် ပွင့်ထွက်သွားခဲ့ကြောင်းကိုမူ သူ မသိတော့ချေ။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားပြီး လုံးဝဥဿုံ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။

ရုတ်တရက် လင်းဖုန်း၏ရင်ဘတ်ထဲမှ လှံတစ်ချောင်း ပျံထွက်လာသည်။ ယင်းသည်ကား ဖျက်ဆီးခြင်းလှံတံပင်။ ဖျက်စီးခြင်းလှံတံက အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ ရေစီးကြောင်းတစ်ခုအလား အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားစေသည်။

ဤအနက်ရောင်အလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အရာအားလုံး လုံးဝဥဿုံ ပြာအတိ ပြောင်းလဲသွား၏။

နတ်ဆိုးဧကရာဇ်မိုမှာ အော်သံတစ်ချက်ပင် မထွက်လိုက်ရဘဲ ဧရာမခန္ဓာကိုယ်ကြီးတစ်ခုလုံး ပြာအဖြစ် ပြောင်းလဲကာ မြေအောက်မြစ်ထဲတွင် ရောယှက်ပျောက်ကွယ်သွားသည်။ ဒဏ်ရာမရထားသည့် နတ်ဆိုးဧကရာဇ်ကင်းခြေများက ခဏတာမျှ တောင့်ခံနိုင်ခဲ့သော်လည်း တစ်မိနစ်ပင် မခံနိုင်ချေ။ ကင်းခြေများလည်း နာကျင်မှုများဖြင့် စူးစူးရှရှ အော်ဟစ်လိုက်ပြီး အသည်းအသန်ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ဖျက်ဆီးခြင်းလှံတံ၏ ဇီဝိန်ချုပ်စွမ်းအားက ဝါးမြိုဖျက်ဆီးတတ်သော ရေစီးကြောင်းကြီးတစ်ခုအလား ပတ်ဝန်းကျင် နေရာအနှံ့တိုက်စားသွားသည်။ နတ်ဆိုးဧကရာဇ်ကင်းခြေများက ခြေလှမ်းအနည်းငယ်မျှသာ ဆုတ်နိုင်ပြီး ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

လင်းဖုန်း တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့၏။ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသည့် သူ၏တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း မီတာ ၁၀၀ မှသည် မီတာ ၅၀ ခန့်အထိ ကျုံ့ဝင်သွားသည်။ သို့သော် အသက်အမြုတေထဲရှိ စွမ်းအင်ပမာဏ များပြားမှုကြောင့် လင်းဖုန်းတစ်ယောက် ဇီဝိန်ချုပ်စွမ်းအားကို အမှန်တကယ်ပင် တောင့်ခံနိုင်ခဲ့ပြီး လုံးဝဥဿုံ ပျက်စီးမသွားခဲ့ချေ။

သို့တိုင် လင်းဖုန်း သတိလစ်နေဆဲဖြစ်ပြီး သူ၏တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း ပြိုလဲလုနီးပါး ဖြစ်နေသည်။

ဤအမှောင်အတိလွှမ်းကာ အထီးကျန်ဆန်သော မြေအောက်မြစ်ထဲတွင် ဖျက်ဆီးခြင်းလှံတံက ကြီးမားလှသည့် အသက်အမြုတေကြီးကို လောဘတကြီး အရူးအမူး ဝါးမြိုနေ၏။ အသက်အမြုတေထဲရှိ စွမ်းအင်အများစုကို ဖျက်ဆီးခြင်းလှံတံက စုပ်ယူသွားသော်လည်း အစိတ်အပိုင်းတစ်ခုက လင်းဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က အလျင်အမြန် စုပ်ယူသွားသည်။

သို့ပေသော်ငြား လင်းဖုန်း နိုးထလာမည့် အရိပ်အယောင် မပြသေးချေ။

…

ဝုန်း

နဂါးခေါင်းဂူဆယ့်ရှစ်ပေါက် အားလုံး ပြိုကျသွားလေပြီ။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် နောက်ဆုံး ပျံသန်းထွက်လာသောအခါ ကီလိုမီတာ ၅၀ ပတ်လည်ရှိ ဧရိယာတစ်ခုလုံး အမှန်တကယ် ပြိုကျသွားကြောင်း သူ သတိပြုမိလိုက်သည်။ ယင်းက ကြောက်မက်ဖွယ်အတိ မြေငလျင်ကြီး လှုပ်ခတ်သွားသည့်အလားပင်။ ယင်းက တကယ်ပင် မဟာပထဝီမြေကြီးကို အက်ကွဲစေပြီး ဧရာမတွင်းကြီးတစ်ခု ဖြစ်ပေါ်လာ၏။

သို့သော် ဤတွင်းကြီးကလည်း အချိန်အကြာကြီး မခံခဲ့ပေ။ ကီလိုမီတာ ၅၀၀ ပတ်လည်ရှိ ဧရိယာတစ်ခုလုံး တစ်ဆတ်ဆတ် တုန်ခါသွားသည်။ မြေကြောများပင် လှုပ်ခါသွားပြီး တောင်များပြိုကျကာ မြစ်ရေစီးဆင်းမှုများ ရပ်တန့်သွားပြီး မြေပြင်လွှာတစ်ခုလုံး ရွေ့လျားသွားသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် ဤဖြစ်ပျက်နေသည့် ကိစ္စရပ်အားလုံးကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သူသည်ကား ဂုဏ်သတင်းကြီးမားလှသော သူတော်စင်တစ်ပါး ဖြစ်လင့်ကစား ဤကြောက်မက်ဖွယ်ရာ သဘာဝစွမ်းအားကိုမူ ဆန့်ကျင်တွန်းလှန်ရန် သူ ဘာမှမစွမ်းနိုင်ချေ။

နောက်ဆုံးတွင် အရာအားလုံး ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားသည်။ သို့သော် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကတော့ ပျောက်ကွယ်သွားခဲ့လေပြီ။ ယခင်ကနှင့် ရင်းနှီးသည့် လက္ခဏာတစ်ခုတလေမျှပင် မကျန်တော့ချေ။

“သူတော်စင်လင်းဖုန်း...”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်ဝန်းများက သွေးရောင်ပမာ နီရဲနေ၏။ သို့သော်လည်း သူ မျှော်လင့်ချက် တစ်စွန်းတစ်စကို ဆုပ်ကိုင်ထားဆဲပင်။ သူ စောင့်ဆိုင်းနေသည်။ အံ့ဖွယ်တစ်ခု ဖြစ်လာမည့်အချိန်ကို သူ စောင့်ဆိုင်းနေမိသည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်...

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေကာ ငြိမ်သက်စွာ ထိုင်နေသည်။ ခန္ဓာကိုယ်ကသာ တည်ငြိမ်နေသော်လည်း စိတ်အစဉ်တစ်ခုလုံးကမူ ယောက်ယက်ခတ်နေ၏။ သူ့မျက်ဝန်းများက နီမြန်းနေပြီး ဤပတ်ဝန်းကျင်တစ်ခွင်ကို မျက်တောင်ပင်မခတ်ဘဲ စောင့်ကြည့်နေသည်။ သူ မလှုပ်မယှက် စောင့်နေ၏။ တစ်လပြည့်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။

ထိုစဉ်အချိန်က အချိန်ကန့်သတ်ချက်မှာ တစ်လဖြစ်ကြောင်း လင်းဖုန်း ပြောခဲ့ဖူးသည်။ တစ်လအတွင်း ပြန်ပေါ်မလာပါက သူ့ကို ဆက်စောင့်နေရန် မလိုဟူ၏။

နံနက်ခင်း နေရောင်ခြည်က မြေကမ္ဘာတစ်ခွင်လုံးကို ပတ်ဖြန်းဖြာဆင်းလာသည်။ ထိုအချိန် မိုးကုပ်စက်ဝိုင်းတွင် မီးတောက်များအလား နီရဲတောက်ပနေသော တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်။

ပြိုက်ဘက်ကင်းလက်သီးသူတော်စင်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါက တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။ ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသည့်အလားပင်။ ကောင်းကင်ကြီးပင်လျှင် လောင်ကျွမ်းနေသည့် မီးတိမ်တိုက်အဖြစ် ပြောင်းလဲသွားပုံရသည်။

တစ်လရှိသွားလေပြီ။ ပြိုင်ဘက်ကင်းလက်သီး သူတော်စင် တစ်လတိတိ စောင့်ဆိုင်းခဲ့၏။ သူ အံ့ဖွယ်တစ်ခုကို မျှော်လင့်နေခဲ့သော်လည်း ထိုအံ့ဖွယ်အတွက် မျှော်လင့်ချက်က တစ်စတစ်စ ပိုမှေးမှိန်လာပုံရသည်။

All Chapters