← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း (၇၂) - အရက်ဘူးသီးခြောက်

လင်းဖန်က လက်ထဲရှိ အရက်ဘူးသီးခြောက်ကို မြှောက်ကိုင်လိုက်သည်။

သူသည် ထိုအရာကို သေချာစွာ စူးစမ်းကြည့်ရှုလိုက်သည်။

၎င်းမှာ အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်ရပေမည်။ ဒါ့အပြင် ထိုအဖိုးကြီးမှာလည်း အရက်ကို အလွန်အမင်း နှစ်သက်ပုံရပေသည်။

ထို့ကြောင့် လင်းဖန်က လက်တစ်ဖက်တွင် အရက်ဘူးသီးခြောက်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကျောက်ချင်းယင်ကို ညွှန်ပြလိုက်သည်။

“အဘိုးကြီး... ခင်ဗျား ဘောလုံးကစားဖူးလား”

လင်းဖန်က မေးလိုက်သည်။

“ဘောလုံး... အဲဒါက ဘာကြီးလဲ”

တစ်လှည့်စီ ဖြစ်သွားကာ ကျောက်ချင်းယင်မှာမူ ဇဝေဇဝါ ဖြစ်သွားရချေသည်။

မည်သည့် သတိပေးချက်မျှမရှိဘဲ လင်းဖန်သည် သူ၏လက်မောင်းများကို စက်ဝိုင်းပုံစံ အရှိန်ပြင်းပြင်း ဝှေ့ယမ်းလိုက်သည်။

အရှိန်မြှင့်တင်ရင်း ပို၍ပို၍ မြန်ဆန်လာပြီးနောက် ရုတ်တရက်ဆိုသလို အရက်ဘူးသီးခြောက်ကို တောအုပ်ထဲသို့ ပစ်ပေါက်လိုက်လေသည်။

ဝှစ်…

အရက်ဘူးသီးခြောက်မှာ မြားတစ်စင်းကဲ့သို့ လေထုကို ဖြတ်သန်းကာ ကီလိုမီတာ အနည်းငယ်မျှ ကွာဝေးသောနေရာဆီသို့ လွင့်စင်သွားတော့သည်။

“တောက်... ဘာတွေလဲကွာ... ငါ့ရဲ့ အဖိုးတန် အရက်ဘူးသီးခြောက်လေး”

ကျောက်ချင်းယင်က အော်ဟစ်ကာ သူ၏ အရက်ဘူးသီးခြောက်နောက်သို့ အလျင်အမြန် ခုန်ပျံကာ လိုက်လံဖမ်းဆီးတော့သည်။

“ဟားဟားဟား”

ကျန်းရှီက ဆက်၍ မအောင့်ထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

နောက်ဆုံးတော့ ကျောက်ချင်းယင်အား နောက်ပြောင်နိုင်သူ ပေါ်လာခဲ့ပြီ ဖြစ်သည်။

ကျန်းရှီ ကိုယ်ထင်ပြလာသည်ကို မြင်သောအခါ လင်းဖန်က ပြောလိုက်သည်။

“ငါ သိသင့်တယ်…”

လင်းဖန် မည်သည့်အရာမျှ မပြောနိုင်သေးမီ ကျန်းရှီက အလျင်အမြန်ပင် ငြင်းဆိုလိုက်တော့သည်။

“ငါ အဲဒီအဘိုးကြီးကို မသိဘူးနော်... သူနဲ့ ငါနဲ့ ဘာပတ်သက်မှုမှ မရှိဘူး”

သူမသည် ကျောက်ချင်းယင်နှင့် ပတ်သက်မှု လုံးဝမရှိကြောင်း အပူတပြင်း သက်သေပြရန် ကြိုးစားနေရှာသည်။

သူမ တော်တော်လေး လည်ဝယ်လာပြီဟု တွေးလိုက်မိကာမှ အလွဲလွဲအချော်ချော် ဖြစ်သွားပြန်သဖြင့် လင်းဖန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

လင်းဖန်က မေးလိုက်သည်။

“မင်းပြောတာ အမှန်ဆိုရင်… မင်း ဒီကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

“နင့်အတွက် သတင်းကောင်းတစ်ခု လာပြောတာ”

သစ်သားတဲ၏တံခါးနှင့် သူ၏ သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများအကြောင်းစဉ်းစားရင်း လင်းဖန်က ပြောလိုက်သည်။

“အိုး... တကယ်ကောင်းတဲ့ သတင်းဖြစ်ရင် ကောင်းမယ်”

သူသည် တစ်ခုခုကို ပြန်ရအောင် ကြိုးစားရမည် ဖြစ်သည်။

ကျန်းရှီက ပြောလိုက်သည်။

“မိုးကြိုးမုန်တိုင်းဂိုဏ်းနဲ့ ယှဉ်ပြိုင်တဲ့တိုက်ပွဲမှာ နင့်ရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကြောင့် နင့်ကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ရဲ့ အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ဖို့ ငါ ဂိုဏ်းချုပ်ကို ပြောပြီးပြီ...”

၎င်းမှာ အမှန်တကယ်ပင် ကောင်းမွန်လှသော သတင်းဖြစ်ပေသည်။

လင်းဖန်သည် နောက်ဆုံးတွင် ဆရာတစ်ဦး၏ လမ်းညွှန်မှုအောက်၌ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်ကြံခြင်းကို စတင်နိုင်တော့မည် ဖြစ်သည်။

သို့သော်ငြား ကျန်ရှိနေသေးသော အချက်တစ်ခု ရှိပေသေးသည်။

သူသည် ဤသစ်သားတဲ၌သာ ဆက်လက် နေထိုင်လိုသေးသည်။

ဤနေရာသည် သားရဲများကို သတ်ဖြတ်ရန်၊ အမှတ်များ စုဆောင်းရန်နှင့် စွမ်းရည်အသစ်များ ရယူရန်အတွက် တောအုပ်နှင့် နီးကပ်လွန်းလှသည်။

ထို့အပြင် ဤနေရာတွင် သူ၏ စနစ်စွမ်းရည်များကို စမ်းသပ်ရန်အတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်လည်း ရှိပေသည်။

သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အဆင့်မြှင့်တင်တိုင်း နေရာလွတ်ရှာဖွေရန် အခက်အခဲ ရှိနိုင်ပေသည်။

လင်းဖန်က ကျန်းရှီကို နေစရာနှင့်ပတ်သက်၍ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သူမက စတင်၍ ပြောကြားလာသည်။

“နင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ကို အချိန်မရွေး ပြောင်းရွှေ့နိုင်တယ်... နင့်ရဲ့ အခန်းကို ပြင်ဆင်ထားဖို့ အောက်ခြေသိမ်းတပည့်တွေကို ငါ ပြောထားလိုက်မယ်”

လင်းဖန်က မေးလိုက်သည်။

“ကျုပ် ဒီမှာပဲ ဆက်နေလို့ ရမလား”

ကျန်းရှီက အဘယ်ကြောင့် ဤသို့ ဖြစ်ရသည်ကို နားမလည်နိုင်သဖြင့် ပြောလိုက်သည်။

“ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှာ နင့်ရဲ့ အခန်းက ပိုကျယ်ပြီး ပရိဘောဂတွေလည်း အစုံအလင် ရှိတာကို... နင်က ဘာလို့ ဒီမှာပဲ ကျန်ရစ်ခဲ့ချင်ရတာလဲ”

“ဟိုကျဲ့က ကျုပ်အပေါ် အရမ်းဂရုစိုက်ပေးခဲ့တာ... အခုမှ သူ့ကို ထားခဲ့ရမယ်ဆိုရင် မကောင်းဘူးလေ... အထူးသဖြင့် သူ့ဆီကနေ ထင်းခုတ်နည်း သင်ယူပြီးပြီဆိုတော့ ပိုဆိုးတာပေါ့”

လင်းဖန်က အမှန်တရား အနည်းငယ် ရောနှောထားသော ဆင်ခြေတစ်ခုကို ပေးလိုက်သည်။

တပည့်များအား ပေးထားသော နေအိမ်များတွင် နေထိုင်ခြင်းနှင့်ပတ်သက်၍ တင်းကျပ်သော စည်းမျဉ်းများ မရှိသဖြင့် ကျန်းရှီက သဘောတူလိုက်သည်။

“နင်က အတင်းအကျပ် တောင်းဆိုနေမှတော့ ဒီမှာပဲနေလေ... မနက်ဖြန်မနက်ကျရင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ရဲ့ ခန်းမဆောင်ကြီးဆီကိုလာပြီး ငါ့ကို လာရှာလိုက်”

သူမသည်လည်း ကျောက်ချင်းယင်ပြန်မလာမီ အမြန်ဆုံး ခြေရာဖျောက်ထွက်ပြေးရန် ဆန္ဒရှိနေပေသည်။

သို့သော် သူမ နောက်ကျသွားခဲ့ချေပြီ။ ကျောက်ချင်းယင်၏ ဟိန်းဟောက်သံက လေထဲတွင် ပျံ့လွင့်လာလေသည်။

“လင်းဖန်... ငါ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်။”

ကျောက်ချင်းယင်သည် အရက်ဘူးသီးကို ကိုင်လျက် ပြန်လည်ရောက်ရှိလာသည်။ သို့သော် သူ၏မျက်နှာတွင် ဖုန်မှုန့်များ ပေကျံနေပြီး ဝတ်စုံမှာလည်း စုတ်ပြတ်သတ်နေပေသည်။

တောအုပ်ထဲတွင် တစ်စုံတစ်ခုနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပုံရလေသည်။

လင်းဖန်က ထိုအချက်ကို သတိပြုမိသွားပြီး နောက်တစ်ကြိမ်တွင် တောနက်ထဲသို့ အလွန်အကျွံ မဝင်ရောက်ရန် မိမိကိုယ်ကိုယ် သတိပေးလိုက်မိသည်။

ကျန်းရှီက ကျောက်ချင်းယင်ကို ထွက်ခွာသွားရန် ဆွဲဆောင်ရင်း ပြောလိုက်သည်။

“ဂိုဏ်းတူဦးလေး... သူ့ကို လွှတ်ပေးလိုက်ပါတော့။ သမီး သူ့ကို သတင်းကောင်း ပြောပြီးပြီ။ ပြန်ကြရအောင်”

သို့သော် သူသည် မိမိ၏ အဖိုးတန်အရက်ဘူးသီးကို ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ရသဖြင့် အလွန်အမင်း ဒေါသထွက်နေဆဲ ဖြစ်သည်။

တစ်ဖက်တွင်လည်း လင်းဖန်က သူ၏အကြံကို ရိပ်မိပြီး အရက်ဘူးသီးကို အသုံးချနိုင်လောက်အောင် ပါးနပ်လှသဖြင့် စိတ်ထဲမှ အံ့ဩချီးကျူးမိနေသည်။

ချင်းယန်ဇီနှင့်မတူဘဲ ဤလင်းဖန်၏စရိုက်က သူနှင့် ပို၍တူပေသည်။

သို့သော် သူသည် ယခုအခါတွင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ အတွင်းစည်းတပည့် ဖြစ်နေပြီဖြစ်ရာ နှမြောစရာကောင်းလှသည်။

မဟုတ်လျှင် ချက်ချင်းပင် လင်းဖန်အား သူ၏ အမွေဆက်ခံသူတပည့်အဖြစ် သတ်မှတ်လိုက်မည် ဖြစ်သည်။

သူ့ကို ချင်ဖုန်းဂိုဏ်း၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ချင်းယန်ဇီ၏ လမ်းစဉ်များဖြင့် မညစ်နွမ်းစေရန် ကာကွယ်ပေးခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

လင်းဖန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ကျောက်ချင်းယင်ကို ဦးညွှတ်ရင်း ပြောလိုက်သည်။

“ဂိုဏ်းတူဦးလေး... ဒါတွေအားလုံးက နားလည်မှုလွဲတာပါ”

သူက သနားစဖွယ် မျက်နှာဘေးကိုလုပ်ပြကာ ပျက်စီးနေသောတံခါးကို လက်ညှိုးထိုးပြလျက် ဆက်ပြောလိုက်သည်။

“အခု ကျွန်တော် တံခါးကို ပြန်ပြင်ရတော့မယ်။ ပြီးတော့ သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးတွေအတွက် စွမ်းဆောင်ရည်အမှတ်တွေရအောင်လည်း ကြိုးစားရဦးမယ်”

“အပြင်လောကက အသက်နဲ့ရင်းရတဲ့ နေရာဆိုတာ ဂိုဏ်းတူဦးလေးလည်း သိတာပဲ”

“တကယ်လို့ ဆေးလုံးတစ်လုံးတည်း လိုအပ်တာနဲ့ပဲ ကျွန်တော် အသက်ဆုံးရှုံးသွားရနိုင်တယ်”

ကျန်းရှီက ရယ်ချင်စိတ်ကို အောင့်အီးထားရင်း လင်းဖန်၏ကျောကို ပုတ်ပေးကာ နှစ်သိမ့်ပေးဟန် ဆောင်လိုက်သည်။

ထို့နောက်တွင်မူ လင်းဖန်က ခေါင်းငုံ့သွားကာ တိတ်ဆိတ်သွားလေသည်။

ကျောက်ချင်းယင်က ဆေးပုလင်းတစ်လုံးကို ထုတ်ပြီး လင်းဖန်ထံသို့ ပစ်ပေးလိုက်သည်။

“တော်စမ်း။ ဒါက မင်းအတွက် နစ်နာကြေးပဲ။ မူလဝိညာဉ်ဆေးလုံးတွေက မင်းရဲ့ အာရုံခံစားမှုအတွက် မူလစွမ်းအားတွေကို မြှင့်တင်ပေးလိမ့်မယ်”

ဤဆေးလုံးများသည် လင်းဖန်၏ သားရဲကျင့်ကြံခြင်းအမြုတေအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု သူက ယူဆထားသည်။

သို့သော် လင်းဖန်အတွက်မူ ဤမျှဖြင့် မလုံလောက်သေးပေ။ သူက ဆက်လက်ပြောဆိုလိုက်သည်။

“တံခါးမရှိရင် ဟိုကျဲ့အတွက် ခက်ခဲလိမ့်မယ်။ တကယ်လို့ မိစ္ဆာသားရဲတွေ ရောက်လာပြီး သူ့ကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ”

ကျောက်ချင်းယင်က နှာခေါင်းကို ရှုံ့လိုက်ပြီး သစ်သားပြားတစ်ချပ်ကို ထုတ်ယူကာ လင်းဖန်ထံသို့ ပစ်ပေးလိုက်သည်။

“အဲဒီထဲမှာ စွမ်းဆောင်ရည်အမှတ် နှစ်ဆယ် ရှိတယ်။ ဒါက ငါ့ဆီမှာ ရှိသမျှအကုန်ပဲ။ ဒီလကုန်အထိတော့ ငါ အရက်ဖြတ်ထားရတော့မယ်”

လက်ထဲတွင် သစ်သားပြားကို ဆုပ်ကိုင်ထားရင်း လင်းဖန်က ခေါင်းမော့ကာ တောက်ပစွာ ပြုံးလိုက်လေသည်။

လင်းဖန်က ကျောက်ချင်းယင်ကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေး။ ကျွန်တော်တို့ နေ့လယ်စာ စားတော့မလို့။ မကန်တော့ဘူးဆိုရင် အတူတူ စားကြရအောင်”

ဤမျှ ဂရုစိုက်တတ်သော ဂိုဏ်းတူဦးလေးကို သူက မည်သို့ ကောင်းကောင်းမွန်မွန် မဆက်ဆံဘဲ နေနိုင်ပါမည်နည်း။

လင်းဖန်တွင် မရိုးသားသော အကြံအစည်များရှိနေသည်ကို ရိပ်မိလိုက်သဖြင့် ကျောက်ချင်းယင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“မလိုပါဘူး... မလိုပါဘူး။ ငါ ဂိုဏ်းချုပ်နဲ့ ဆွေးနွေးစရာ ကိစ္စရှိသေးတယ်”

သူသည် လျင်မြန်စွာပင် နောက်ပြန်လှည့်ကာ ထွက်ခွာသွားလေသည်။

လင်းဖန်က ကျောက်ချင်းယင် ထွက်ခွာသွားသည်ကို ကြည့်ကာ လက်ဝါးနှစ်ဖက်ကို ပါးစပ်ဘေးတွင် ကပ်လျက် အော်ဟစ်နှုတ်ဆက်လိုက်သည်။

“ဂိုဏ်းတူဦးလေး... နောက်လည်း လာလည်ပါဦး”

ကျန်းရှီက ခေါင်းခါယမ်းလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။

‘လင်းဖန်ကို အလျှော့အတင်းလုပ်ဖို့ ဘယ်တော့မှ အခွင့်အရေးမပေးတာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းမှာ ရှိသမျှ အကုန်ဆုံးရှုံးရလိမ့်မယ်’

လင်းဖန်က ကျန်းရှီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ကျွန်တော် မှတ်မိသလောက်ဆိုရင် ယုန်မိန်းကလေးမှာ ကျွန်တော့်အတွက် ဆုလာဘ် ရှိတယ်နော်”

ကျန်းရှီသည် မျက်လုံးများ ပြူးကျယ်သွားပြီး အမြန်ပင် မျက်နှာလွှဲလိုက်သည်။

“ဆုလာဘ် ဟုတ်လား။ မဟုတ်တာ... ဘယ်တုန်းက အဲဒီလိုပြောလို့လဲ”

“ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှာ ငါ လုပ်စရာ ရှိသေးတယ်။ မနက်ဖြန် ခန်းမကို လာဖို့ မမေ့နဲ့ဦး”

သူမက အော်ပြောရင်း ကမန်းကတန်းပင် ထွက်ပြေးသွားတော့သည်။

All Chapters