← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း (၇၃) - စွန်းဟိုင်၏ ဝမ်းမြောက်ခြင်း

နောက်တစ်နေ့…

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၊ ပင်မခန်းမ…

လင်းဖန်သည် ကျန်းရှီ၏ ညွှန်ကြားချက်အတိုင်း ပင်မခန်းမဆီသို့ ထွက်လာခဲ့သည်။

ထိုနေရာသည် အလွန်ကျယ်ဝန်းသော်လည်း ခြောက်ကပ်ငြိမ်သက်နေလေသည်။

ကျန်းရှီနှင့် စွန်းဟိုင်တို့နှစ်ဦးသာ ထိုနေရာတွင် သူ့ကို စောင့်ဆိုင်းနေကြသည်။

ပင်မခန်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ လက်နက်မျိုးစုံကို တင်ထားလေသည်။

လှံများ၊ ကွေးညွတ်နေသော ဓားကောက်များ၊ ဓားမြှောင်များ၊ ဒိုင်းများနှင့် တုတ်တိုများ အစုံအလင် ရှိနေပေသည်။

ကျန်းရှီက နက်ပြာရောင်ဝတ်ရုံကို လင်းဖန်ထံ ကမ်းပေးလိုက်သည်။

“ဒါက မင်းရဲ့ အတွင်းစည်းတပည့် ဝတ်ရုံပဲ”

စွန်းဟိုင်သည် လင်းဖန်၏ ဘေးသို့ လျှောက်လာပြီးနောက် ပခုံးကို ပုတ်ပေးလိုက်သည်။

“မင်းနဲ့အတူနေတဲ့ အဖိုးအိုကို ပြုစုစောင့်ရှောက်ဖို့အတွက် အဲဒီမှာပဲ ဆက်နေမယ်လို့ ငါ ကြားတယ်။ သိပ်ကောင်းတာပဲ။ ဒါက ငါတို့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ရဲ့ တပည့်တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်မျိုးပဲ။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရမယ်”

ပြီးခဲ့သည့်အကြိမ်က တွေ့ဆုံခဲ့စဉ်ကပင် စွန်းဟိုင်သည် လင်းဖန်အပေါ် ကောင်းမွန်သောအမြင် ရှိခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လင်းဖန်သည် ထိုသနားစရာကောင်းသော အစေခံတပည့်များကို ကယ်တင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့သောကြောင့်ပင်။

ကျန်းရှီက ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကို စွန်းဟိုင်က နင့်ရဲ့ ကျင့်ကြံခြင်းကို လမ်းညွှန်ပြသပေးလိမ့်မယ်။ ငါကတော့ အခု တခြားကိစ္စတွေ သွားလုပ်စရာရှိသေးလို့။”

ကျန်းရှီသည် နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားလေတော့သည်။

သူမသည် တောင်ထွတ်ကို ယာယီဦးစီးနေရသူဖြစ်သဖြင့် နေ့စဉ် ကိစ္စအဝဝကိုစီမံခန့်ခွဲရန် လိုအပ်ပေသည်။

စွန်းဟိုင်က ပြောလိုက်သည်။

“ငါ့နောက် လိုက်ခဲ့”

ထို့နောက် သူသည် လင်းဖန်ကို ပင်မခန်းမ၏ နောက်ဖေးဆီသို့ ခေါ်ဆောင်သွားလေသည်။

ထိုနေရာတွင် သစ်သားစည်ပိုင်းကြီး အမြောက်အမြားကို တန်းစီလျက် ချထား‌လေသည်။

အစေခံတပည့်များသည် သစ်သားပုံးငယ်လေးများကို ကိုင်ဆောင်ကာ အလုပ်ရှုပ်နေကြပြီး သစ်သားစည်ပိုင်းကြီး တစ်ခုအတွင်းသို့ ရေနွေးများကို လောင်းထည့်နေကြသည်။

စွန်းဟိုင်က လင်းဖန်အား ဝင်ရန် အချက်ပြရင်း ပြောလိုက်သည်။

“ဒါက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် ပထမဆုံး လုပ်ရမယ့်အရာပဲ။ အရေပြားနဲ့ အရိုး သန့်စင်ဆေးရည်နဲ့ ရေချိုးရမယ်။”

“ဒါက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပြီး မင်းရဲ့ ခန္ဓာကိုယ်စွမ်းရည်ကို မြှင့်တင်ပေးဖို့အတွက် အရေပြားနဲ့ အရိုးတွေကို ပြန်လည်ပုံသွင်းပေးလိမ့်မယ်။ နည်းနည်းတော့ နာလိမ့်မယ်၊ အောင့်ခံလိုက်ပေါ့”

လင်းဖန်သည် ခေါင်းညိတ်လိုက်ပြီး ဝတ်ရုံကိုချွတ်ကာ အရေပြားနှင့် အရိုးသန့်စင်ဆေးရည်များ ဖြည့်ထားသော သစ်သားစည်ပိုင်းကြီးထဲသို့ ဝင်ထိုင်လိုက်သည်။

စွန်းဟိုင်သည် နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ ပြုံးလိုက်သည်။

သူသည် လင်းဖန်တစ်ယောက် နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားလာလိမ့်မည်ဟု မျှော်လင့်နေပြီး ထိုအချိန်ကျမှ နာကျင်မှုကို လျှော့ချရန်အတွက် ချီစွမ်းအင်ကို မည်သို့ ထိန်းချုပ်ရမည်ကို သင်ကြားပေးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သို့သော်ငြား ထိုကဲ့သို့ ဖြစ်မလာခဲ့သဖြင့် စိတ်ပျက်သွားရသည်။

လင်းဖန်မှာမူ ထိုဆေးရည်များက သူ၏ အဆင့် ၄ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပိုမိုအားဖြည့်ပေးနေပြီး ဆေးရည်ထဲရှိ ချီစွမ်းအင်မြှင့်တင်ပေးသော ဆေးဘက်ဝင်အပင်များမှ သူ၏ အရေပြားနှင့် အရိုးများကို အားဖြည့်ပေးနေသည်ကိုသာ ခံစားနေရသည်။

စွန်းဟိုင်က မေးလိုက်သည်။

“မင်း ဘာမှ မခံစားရဘူးလား”

သူကိုယ်တိုင် အပါအဝင် လူတိုင်းသည် ဤဆေးရည်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဉ်က သတ်ဖြတ်ခံရတော့မည့်အလား စူးစူးဝါးဝါး အော်ဟစ်ခဲ့ကြရလေသည်။

လင်းဖန်မှာမူ အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေနိုင်ရသနည်း။

ဤသည်မှာ မဖြစ်နိုင်စရာပင်။

စွန်းဟိုင်သည် သစ်သားပုံးငယ်လေးများကို ကိုင်ဆောင်ထားသော အစေခံတပည့်များကို လှည့်ကြည့်လိုက်သည်။

အစေခံတပည့်များသည် ခေါင်းများကို ခါယမ်းကာ အသနားခံလိုက်ကြသည်။

“ဂိုဏ်းတူအစ်ကိုကြီး၊ အရေပြားနဲ့ အရိုးသန့်စင်ဆေးရည်ကို ညွှန်ကြားချက်တွေအတိုင်း အတိအကျ ပြင်ဆင်ထားတာပါ။ ဆေးဖက်ဝင်ပစ္စည်း တစ်ခုမှလည်း ချန်မထားခဲ့ပါဘူး”

စွန်းဟိုင်က ပြောလိုက်သည်။

“ပေး၊ ငါ စမ်းကြည့်မယ်”

ထို့နောက် သူသည် အစေခံတပည့်တစ်ဦးထံမှ ပုံးငယ်တစ်ပုံးကိုယူကာ အတွင်းရှိ အရေပြားနှင့် အရိုးသန့်စင်ဆေးရည်ကို နမ်းကြည့်လိုက်သည်။

သူတို့ လိမ်ညာနေခြင်း မဟုတ်ပေ။

အနံ့မှာ အတိအကျပင်ဖြစ်ပြီး ဆေးဘက်ဝင်ပစ္စည်း တစ်ခုမျှ လျော့နည်းခြင်း မရှိချေ။

ဤသည်မှာ လင်းဖန်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်းတွင် မွေးရာပါ ပါရမီရှင်တစ်ဦး ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

ဤကဲ့သို့ ကောက်ချက်ချမိလိုက်ပြီးနောက် စွန်းဟိုင်သည် သူ၏ ရင်ထဲမှ ဝမ်းမြောက်ဝမ်းသာမှုကို မနည်း ထိန်းချုပ်လိုက်ရသည်။

နောက်ဆုံးတွင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခဲ့ချေပြီ။

သို့သော် သူသည် ဤအခြေအနေကို လင်းဖန်သိသွားအောင် ပြသ၍ မဖြစ်ပေ။

ထို့ကြောင့် စွန်းဟိုင်သည် လင်းဖန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“မင်းရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းပါရမီက သိပ်မကောင်းလှဘူးပဲ။ အရေပြားနဲ့ သွေးသန့်စင်ဆေးရည်ကတောင် မင်းကို မထောက်ပံ့ပေးနိုင်ဘူး”

လင်းဖန်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အစေခံတပည့်များကို လှည့်ကြည့်လိုက်သည်။

ထိုတပည့်များသည် ခေါင်းများကို အပြင်းအထန် ခါယမ်းပြလိုက်ကြလေသည်။

သူသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ဂိုဏ်းတူအစ်ကိုကြီးစွန်းဟိုင်က ဤကဲ့သို့ ဉာဏ်ကစားလိမ့်မည်ကို လင်းဖန် မမျှော်လင့်ထားခဲ့မိချေ။

သူသည်လည်း အလိုက်သင့် ဟန်ဆောင်ကာ မေးလိုက်သည်။

“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုး မြှင့်တင်ရမလဲ ဂိုဏ်းတူအစ်ကိုကြီး”

“စိတ်မပျက်ပါနဲ့။ မင်းရဲ့ခန္ဓာကိုယ်က သိပ်ပြီးမသင့်တော်ဘူးဆိုရင်တောင် တိုက်ခိုက်ရေးသိုင်းပညာရပ်အားလုံးကို ကြိုးကြိုးစားစား လေ့ကျင့်ရမယ်”

စွန်းဟိုင်က ပြန်လည်ဖြေကြားလိုက်သည်။

“ကောင်းပါပြီ။ ကျွန်တော်တို့ ဘယ်အချိန် စလို့ရမလဲ”

လင်းဖန်သည် ဆေးရေချိုးကန်ထဲမှထွက်ကာ စတင်လေ့ကျင့်ရန် ပျော်ရွှင်နေမိသည်။

“စိတ်ရှည်စမ်းပါ လူငယ်လေး။ ရေချိုးကန်ထဲမှာ နောက်ထပ်တစ်နာရီလောက် ထပ်နေဦး။ မင်းကို ခန်းမဆောင်ကြီးထဲမှာ စောင့်နေမယ်”

လင်းဖန်သည် ဆေးရေချိုးခြင်းပြီးဆုံး၍ ဝတ်ရုံသစ်ကို လဲလှယ်ဝတ်ဆင်ပြီးနောက် စွန်းဟိုင်ကို သွားရောက်ရှာဖွေလိုက်လေသည်။

စွန်းဟိုင်သည် လက်ထဲတွင် ကိရိယာများကို ကိုင်ဆောင်လျက် ခန်းမဆောင်ကြီးထဲတွင် လင်းဖန်ကို စောင့်ဆိုင်းနေသည်။

“ဒါက ဘာလဲဟင်”

လင်းဖန်က ရင်းနှီးကျွမ်းဝင်မှုမရှိသော ထိုပစ္စည်းများကို ညွှန်ပြကာ မေးလိုက်သည်။

ထိုအရာမှာ မျက်နှာပြင်ပေါ်တွင် ကျင့်စဉ်စာသားများ ထွင်းထုထားသော သံနက်ဖြင့် ပြုလုပ်ထားသည့် လက်ကောက်နှင့် တူလှပေသည်။

“ဒါက အလေးချိန်တိုးမြှင့်ပေးတဲ့ ကိရိယာပဲ။ ဒါကို မင်းဝတ်ဆင်လိုက်ရင် မင်းရဲ့ကိုယ်အလေးချိန်ကို တိုးလာစေပြီး လှုပ်ရှားရ ခက်ခဲသွားလိမ့်မယ်”

စွန်းဟိုင်က လက်ထဲရှိ ပစ္စည်း၏ အလေးချိန်ကို စမ်းသပ်ကြည့်ရင်း ပြောလိုက်သည်။

ချီစုစည်းမှုအဆင့်၏ အစောပိုင်းအဆင့်တွင် လင်းဖန်အတွက် ကီလိုဂရမ်သုံးရာခန့် အလေးချိန်မှာ လုံလောက်သင့်ပေသည်။

သူသည် လင်းဖန်၏ လက်နှစ်ဖက် လေးလံစွာ ပြုတ်ကျသွားလိမ့်မည်ဟု ယူဆကာ လက်ကောက်များကို ဝတ်ဆင်ပေးလိုက်သည်။

သို့သော် လင်းဖန်သည် ထိုအရာများမရှိသကဲ့သို့ သူ၏လက်များကို ဟိုဟိုဒီဒီ လွှဲယမ်းနေလေသည်။

စွန်းဟိုင်သည် ဝမ်းသာအားရ အော်ဟစ်မိတော့မည့်စိတ်ကို ထိန်းချုပ်ရန် သူ၏လျှာကို ကိုက်လိုက်ရသည်။

“ကြည့်ရတာ... ဒီလက်ကောက်တွေကလည်း ချို့ယွင်းချက်ရှိနေပုံပဲ...”

သူသည် လင်းဖန်အား ဘဝင်မမြင့်စေရန် အတတ်နိုင်ဆုံး ကြိုးစားထိန်းသိမ်းရင်း တည်ငြိမ်သောမျက်နှာထားဖြင့် ထပ်မံပြောလိုက်သည်။

သူသည် စိတ်ကြီးဝင်မှုကြောင့် ပျက်စီးသွားရသော ပါရမီရှင်တပည့်များစွာကို မြင်တွေ့ဖူးခဲ့သောကြောင့်ပင်။

“ချို့ယွင်းနေတာလား။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

လင်းဖန်က ရိုးသားဖြူစင်သော မျက်နှာပေးဖြင့် မေးလိုက်သည်။

“ဒါကို ထားလိုက်တော့။ အသက်ရှူသွင်းကျင့်စဉ်နဲ့ ချီကျင့်စဉ်ကနေပဲ စကြရအောင်”

စွန်းဟိုင်က ပြောလိုက်သည်။

သူသည် လင်းဖန်အား ချင်ဖုန်း ခန္ဓာကိုယ်ကြံ့ခိုင်ရေး အသက်ရှူသွင်းကျင့်စဉ်ကို စတင်သင်ကြားပြသပေးလေသည်။

၎င်းကျင့်စဉ်သည် ကျင့်ကြံသူများအား ချီစွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်ကို သံမဏိကဲ့သို့ မာကျောစေရန် အားဖြည့်ပေးနိုင်သည်။

လင်းဖန်သည် စွန်းဟိုင်၏ ညွှန်ကြားချက်များကို လုံးဝ အပြစ်အနာအဆာမရှိ လိုက်နာကျင့်ကြံလေသည်။

နေ့တစ်နေ့ကုန်ဆုံးချိန်တွင် လင်းဖန်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်ကို အသုံးပြု၍ လူသားအဆင့် လက်နက်များ၏ တိုက်ခိုက်မှုများကိုပင် ကာကွယ်နိုင်နေပြီ ဖြစ်သည်။

“ဂိုဏ်းတူအစ်ကိုကြီး... ပျက်စီးသွားတဲ့ လက်နက်တွေအားလုံးအတွက် ကျွန်တော်တို့ လျော်ကြေးပေးဖို့မလိုတာ တကယ်ပဲလား”

လင်းဖန်က လေ့ကျင့်ရေးကို မရပ်နားမီ မေးလိုက်သည်။

“မလိုပါဘူး။ ဒါက လေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲ”

မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော လက်နက်များကို ကြည့်ရင်း စွန်းဟိုင်က ပြောလိုက်သည်။

သူ၏ ရင်ထဲတွင်လည်း ကြေကွဲနေပြီး ပိုက်ဆံအိတ်မှာလည်း ပြောင်သလင်းခါသွားလေပြီ။

ကျန်းရှီတစ်ယောက် ဤအရာကို မြင်လျှင် ဒေါသထွက်ပေလိမ့်မည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ ရန်ပုံငွေမှာ ပြတ်လပ်လုနီးပါးဖြစ်နေသဖြင့် မကြာမီတွင် ငွေကြေးရှာဖွေရန် တာဝန်များကို ပိုမိုလုပ်ဆောင်ရပေတော့မည်။

သို့သော် စွန်းဟိုင်သည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ အလားအလာအရှိဆုံး ပါရမီရှင်တပည့်အတွက် ထိုက်တန်သည်ဟု တွေးတောလိုက်မိသည်။

…

ညအချိန်…

ဓားတောင်ထွတ်ရှိ ထန်ရွေ့၏ အခန်း၌…

ဟိုမင်၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရပြီးနောက် ဟိုမင်နှင့် လင်းဖန်တို့ မည်သို့ အာရုံစိုက်ခံရသည်ကို မြင်တွေ့ခဲ့ရပြီးသည့်အချိန်မှစ၍ ထန်ရွေ့သည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

သူ၏ အခန်းအတွင်း၌ ဖယောင်းတိုင်များ ထွန်းညှိထားခြင်းမရှိဘဲ ပစ္စည်းပစ္စယများမှာလည်း ဟိုဟိုဒီဒီ ရှုပ်ပွပျံ့ကြဲနေသည်။

ရက်ပေါင်းများစွာတိုင်အောင် မည်သူမျှ သူ၏ အခန်းအနီးသို့ မချဉ်းကပ်ဝံ့ကြချေ။

သူ၏ ရူးသွပ်ဖွယ် ရယ်မောသံများနှင့် ဒေါသတကြီး အော်ဟစ်သံများကြောင့် မည်သူမျှ ပါဝင်ပတ်သက်လိုခြင်း မရှိကြပေ။

မိန်းမပျိုလေးတစ်ဦးသည် သူ၏အခန်းတံခါးဝတွင် ရပ်နေရင်း လက်ကိုမြှောက်ကာ တံခါးကို ခေါက်လိုက်လေသည်။

All Chapters