အခန်း ၇၄
Vol. 8 Ch. 74
အခန်း (၇၄) - ဟူခိုရွာ
“ထွက်သွားစမ်း။ ငါ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး”
ထန်ရွေ့က ဒေါသတကြီး အော်ဟစ်လိုက်ရင်း တံခါးဆီသို့ ပစ္စည်းအချို့ကို ဆွဲပေါက်လိုက်သည်။
ဒုန်း…
ပြင်းထန်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။
ရင်းနှီးနေသော နက်ပြာရောင် အတွင်းစည်းတပည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုမှာမူ ထွက်ခွာမသွားသည့်အပြင် ထန်ရွေ့၏ သတိပေးချက်ကိုလည်း ဂရုမစိုက်ပေ။
သူမက တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ ထန်ရွေ့က သူမထံသို့ ပစ္စည်းများဖြင့် ထပ်မံပစ်ပေါက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တောင့်တင်းသွားလေသည်။
သူ မလှုပ်ရှားနိုင်တော့ချေ။
ထိုမိန်းမပျို၏ ကျင့်ကြံခြင်းမှာ သူ့ထက် အများကြီး ပိုအားကောင်းနေသည် မဟုတ်ပါလော။
“သခင်လေးထန်၊ ကျမ စကားကို အရင်ဆုံး နားထောင်ပေးပါဦး”
သူမက အခန်းထဲသို့ ဝင်လာပြီးနောက် တံခါးကို ပိတ်ကာ ဖယောင်းတိုင်များကို ထွန်းညှိလိုက်သည်။
ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းများကို လိုက်လံကောက်ယူကာ အခန်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်ရင်း သူမက ဆက်ပြောလေသည်။
“အရာအားလုံး ပြီးဆုံးသွားတာ မဟုတ်သေးပါဘူး။ သခင်လေးရဲ့ ပါရမီရယ်၊ သင့်တော်တဲ့ ကျင့်စဉ်နည်းစနစ်တွေရယ် ပေါင်းစပ်လိုက်ရင် ဟိုမင်နဲ့ လင်းဖန်ကို အလွယ်တကူ အနိုင်ယူနိုင်မှာပါ”
သူမက အနီးသို့ လျှောက်လာပြီး ထန်ရွေ့၏ လည်ပင်းကို အသာအယာ ပွတ်သပ်လိုက်သည်။
“ဟွန့်… မင်း ဘာကို ဆိုလိုတာလဲ။ ငါနဲ့ တူနှစ်ကိုယ်ကျင့်ကြံချင်လို့လား”
ထန်ရွေ့က မထီမဲ့မြင်အမူအရာဖြင့် ပြောလိုက်သည်။
ထန်မိသားစု၏ သခင်လေးတစ်ဦး ဖြစ်သည့်အတွက် သူ၏သိက္ခာမှာ ထိုမျှအထိ အောက်တန်းမကျပေ။
တူနှစ်ကိုယ်ပူးတွဲကျင့်ကြံခြင်းတွင် နစ်မွန်းရမည်လော။ ဘယ်သောအခါမှ မဖြစ်နိုင်ပေ။
“တူနှစ်ကိုယ်ပူးတွဲကျင့်ကြံခြင်း ဟုတ်လား။ သခင်လေး ထင်တာ မှားနေပြီထင်တယ်။ အင်အားတွေ ပိုပြီး လျင်လျင်မြန်မြန် ရနိုင်မယ့် တခြားနည်းလမ်း ရှိပါသေးတယ်”
မိန်းမပျိုက ခပ်ဖွဖွပြုံးလိုက်ရင်း ဆေးပုလင်းတစ်လုံးကို မြှောက်ပြလိုက်သည်။
၎င်းမှာ အနီရောင်ပုလင်းဆို့ တပ်ဆင်ထားသည့် အမည်းရောင် ဆေးပုလင်းငယ် ဖြစ်သည်။
“ဒါက အန်းရှန်းရွာမှာ ငါ့ဦးလေးကို သေစေခဲ့တဲ့ ဆေးလုံး မဟုတ်ဘူးလား။ မင်းက ငါ့ကို လူအများ မှတ်နေတာလား”
ထန်ရွေ့သည် သခင်ကြီးထန်နှင့် ထန်ဖေးတို့ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ကြားသိထားပြီး ဖြစ်ပေသည်။
သူသည် ၎င်းတို့ကဲ့သို့ အမှားမျိုးကို ထပ်မံကျူးလွန်ရန် ဆန္ဒမရှိချေ။
“အို။ သခင်လေးရဲ့ ဦးလေးတွေကိစ္စကတော့ ကံမကောင်းလို့ဖြစ်သွားတဲ့ မတော်တဆမှုတွေပါလို့ ကျမ အာမခံပါတယ်။ ဒါတွေက ပြုပြင်မွမ်းမံထားတဲ့ ကိုးပတ်လည် ချီစုစည်းမှုဆေးလုံးတွေပါ။ ဒါကို သောက်သုံးရင် နောက်ထပ်အဆင့်တစ်ခုရဲ့ အင်အားကို ယာယီ ရရှိနိုင်မှာပါ”
သူမက ပုလင်းကို ဖွင့်ကာ ဆေးလုံးတစ်လုံးကို ထုတ်ယူပြီးနောက် ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူမ၏ ချီစွမ်းအင်များမှာ ပိုမို အားကောင်းလာလေသည်။
သူ့ကို လှုပ်ရှား၍မရအောင် ဖိနှိပ်ထားသော အရှိန်အဝါမှာလည်း ပို၍ ပြင်းထန်လာလေသည်။
သူသည် ထိုဖိအားများကြောင့် အော့အန်ချင်စိတ်ပင် ပေါက်လာရသည်။
“တွေ့တယ်မလား။ ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး။ ဒီဆေးပုလင်းကို သခင်လေးဆီမှာ ထားခဲ့ပါမယ်။ တကယ်လို့ ထပ်လိုချင်တယ်ဆိုရင် ကျမကို ပြောလို့ရပါတယ်”
သူမက ဆေးပုလင်းကို ထန်ရွေ့၏ပေါင်ပေါ်တွင် တင်ပေးထားခဲ့ပြီးနောက် ဦးညွှတ်နှုတ်ဆက်ကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။
ထန်ရွေ့သည် ဆေးပုလင်းကို ကောက်ယူကြည့်ရှုရင်း တုံ့ဆိုင်းသွားသည်။
ကြာနက်ဂိုဏ်းမှ လူများသည် ကောင်းသောရည်ရွယ်ချက် ရှိကြမည် မဟုတ်ပေ။
သူ့အား ရုပ်သေးရုပ် တစ်ရုပ်ပမာ အသုံးချရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
“ဂိုဏ်းတူအစ်ကိုကြီး ဟိုမင်”
အပြင်ဘက်မှ တစ်စုံတစ်ယောက်က ဟိုမင်ကို အော်ခေါ်လိုက်သော အသံ ထွက်ပေါ်လာသည်။
ထိုနာမည်ကို ကြားလိုက်ရုံဖြင့် ထန်ရွေ့က အံကြိတ်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
စိတ်အလိုအရ ထန်ရွေ့သည် ထိုအခြေအနေမှ ဝေးဝေးရှောင်လိုသော်လည်း ဟိုမင်၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရသော မှတ်ဉာဏ်များ ပြန်လည်ဝင်ရောက်လာသည့်အခါ သူ၏ ဒေါသမီးမှာ ပြန်လည်တောက်လောင်လာလေသည်။
သူ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
အခွင့်အရေး ရသည်နှင့် ဟိုမင်ကို ရှင်းပစ်ရပေမည်။
မည်သို့ပင်ဖြစ်စေ ကြာနက်ဂိုဏ်းက သူ့ထံမှ တစ်စုံတစ်ရာ ပြန်လည်တောင်းဆိုခြင်း မရှိသေးပေ။
အနည်းဆုံးတော့ လောလောဆယ်တွင် ဖြစ်သည်။
…
ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်…
ခန်းမဆောင်ကြီးတွင်…
လင်းဖန်သည် သူ၏တူများနှင့် ခရီးဆောင်အိတ်များကို အဆင်သင့် ပြင်ဆင်ပြီးနောက် စောင့်ဆိုင်းနေလေသည်။
အတွင်းစည်းတပည့်တစ်ဦး ဖြစ်သည့်အားလျော်စွာ သူသည် တစ်လလျှင် အနည်းဆုံး တာဝန်သုံးခုကို ပြီးမြောက်အောင် ထမ်းဆောင်ရမည် ဖြစ်ပေသည်။
ကျောက်ရွေ့နှင့် ပိုင်ညီအစ်ကိုတို့က ဓားတောင်ထွတ်အတွက် လုပ်ဆောင်ပေးခဲ့သကဲ့သို့ပင်။
တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါက စွမ်းဆောင်ရည်အမှတ်နှင့် ငွေကြေးများကို ဆုလာဘ်အဖြစ် ရရှိမည် ဖြစ်သည်။
ရရှိမည့် ပမာဏမှာ တာဝန်၏ ခက်ခဲမှုအပေါ် မူတည်ပေသည်။
သူ ယခုသွားရမည့်တာဝန်မှာ အခြေခံအဆင့်သာဖြစ်ပြီး ဆုလာဘ်အဖြစ် ငွေသုံးတေးလ်နှင့် စွမ်းဆောင်ရည်အမှတ် သုံးဆယ် ရရှိမည် ဖြစ်သည်။
“အဆင်သင့် ဖြစ်ပြီလား”
ကျောတွင် အိတ်ကိုလွယ်လျက် ပေါ်လာချိန်တွင် စွန်းဟိုင်က မေးလိုက်သည်။
ဤသည်မှာ လင်းဖန်၏ ပထမဆုံး တာဝန်ဖြစ်သဖြင့် စွန်းဟိုင်က သူ အဆင်ပြေစေရန် သေသေချာချာပြုမူစေချင်နေသည်။
ကျန်းရှီမှာမူ အားလပ်ချိန်ရှိမှသာ လိုက်ပါလာမည် ဖြစ်သည်။
“ဒါဆို သွားကြစို့။ လမ်းကျမှပဲ တာဝန်အကြောင်း ရှင်းပြတော့မယ်”
ထို့နောက် စွန်းဟိုင်က လင်းဖန်အား တာဝန်အကြောင်း ရှင်းပြလေသည်။
ရွာတစ်ရွာတွင် ကလေးငယ်များ တဖြည်းဖြည်း ပျောက်ဆုံးနေပြီး တစ်စုံတစ်ယောက်က နောက်ကွယ်မှ ကြံစည်နေသည်ဟု သံသယရှိနေကြခြင်း ဖြစ်သည်။
၎င်းတို့သည် ရာဇဝတ်ကောင်ကို ဖမ်းဆီးရန်အတွက် မြို့တော်အရာရှိများကို ကူညီပေးရမည် ဖြစ်သည်။
ယခုအချိန်ထိ ထူးခြားမှု မရှိသေးချေ။
ချွမ်မင်းဆက်တွင် ကလေးသူငယ် ပြန်ပေးဆွဲမှုများမှာ အဖြစ်များလေ့ ရှိပေသည်။
ထို့ကြောင့် မည်သူမျှ သိပ်ပြီး သံသယမဝင်ကြချေ။
လင်းဖန် စဉ်းစားခန်းဝင်နေသည်ကို မြင်သောအခါ စွန်းဟိုင်က သူ၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
“စိတ်အေးအေးထားစမ်းပါ။ ငါလည်း အဲဒီကလေးသူခိုးတွေကို မင်းလို မုန်းတာပဲ။ ငါ ကတိပေးတယ်၊ သူတို့ ခေါင်းတွေကို တို့ဟူးတုံးလို ကြေမွသွားအောင် ငါ ကိုယ်တိုင် ချေမှုန်းပြမယ်”
စွန်းဟိုင်က လင်းဖန်ကိုကြည့်ကာ သဘောကျစွာ ပြုံးလိုက်သည်။
ဤဂိုဏ်းတူညီငယ်လေးမှာ အမြဲတမ်း ကရုဏာစိတ် ထားတတ်ဆဲပင်။
လင်းဖန်က စွန်းဟိုင်၏စကားကို ခေါင်းငြိမ့် ထောက်ခံလိုက်သည်။
သို့သော်လည်း ဤကိစ္စမှာ ကြာနက်ဂိုဏ်းနှင့် ပတ်သက်နေနိုင်သည်ဟု သူ သံသယဝင်နေမိသည်။
သူတို့သည် မြင်းစီး၍ တစ်ရက်ခရီးနှင်ခဲ့ပြီးနောက် ထိုရွာသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုရွာ၏အမည်မှာ ဟူခိုရွာဖြစ်ပြီး အန်းရှန်းရွာနှင့် ခပ်ဆင်ဆင် တူလေသည်။
ခေါင်လှပြီး အနီးဆုံးမြို့နှင့်လည်း အလွန်အလှမ်းဝေးလှသည်။
၎င်းတို့ ရွာသို့ ရောက်ရှိချိန်တွင် တဲအိမ်လေးများဆီမှ ငိုကြွေးသံများနှင့် ပူဆွေးသံများကို ကြားနေရလေသည်။
ဤသူများသည် ပျောက်ဆုံးသွားသော ကလေးငယ်များ၏ မိသားစုဝင်များ ဖြစ်ကြပေလိမ့်မည်။
“အဲဒီမှာတင် ရပ်လိုက်စမ်း”
ရွာကို စောင့်ကြပ်နေသော လူကြီးများက အော်ဟစ်လိုက်ရင်း ၎င်းတို့၏ လေးများကို ချိန်ရွယ်လိုက်ကြသည်။
“ငါတို့က ချင်ဖုန်းဂိုဏ်းက ကူညီဖို့ လာခဲ့တာ။ အရာရှိလျန် သိပါလိမ့်မယ်”
စွန်းဟိုင်က ချင်ဖုန်းဂိုဏ်းဟူသော စာလုံးများထွင်းထုထားသည့် ကျောက်စိမ်းဆွဲပြားကို ထုတ်ပြလိုက်သည်။
အနက်ရောင်နှင့် အနီရောင်ရောစပ်ထားသည့် အရာရှိဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဦးသည် အနားသို့ ချဉ်းကပ်လာပြီး ကျောက်စိမ်းဆွဲပြားကို ယူကာ စစ်ဆေးကြည့်ရှုလိုက်သည်။
လင်းဖန်နှင့် စွန်းဟိုင်တို့မှာ ချင်ဖုန်းဂိုဏ်းမှ ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး ပြုံးပြလိုက်လေသည်။
ထိုသူက အနူးအညွတ်တောင်းပန်သည့်လေသံဖြင့် ပြောလိုက်ပြီး ရွာသားများကို လက်နက်များ ချရန် လက်ဝှေ့ယမ်းပြလိုက်သည်။
“ကျုပ်က အရာရှိလျန်ပါ။ ရိုင်းပျမိသွားတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်။ စိတ်ထဲမထားကြပါနဲ့။ လာကြပါ၊ ရွာသူကြီးအိမ်မှာ အစားအသောက် ကောင်းကောင်းလေးသုံးဆောင်ရင်း အသေးစိတ်ကို ကျုပ် ရှင်းပြပါရစေ”
ရွာသားများသည် ၎င်းတို့နှစ်ဦးမှာ ချင်ဖုန်းဂိုဏ်းမှ ဖြစ်ကြောင်း သိရှိသွားသောအခါ အနားသို့ ပြေးဝင်လာကြပြီး ကူညီပေးရန် အသည်းအသန် တောင်းပန်ကြလေတော့သည်။
အချို့မှာ မြေပြင်ပေါ်သို့ ဝပ်စင်းကာ လင်းဖန်နှင့် စွန်းဟိုင်တို့၏ ခြေထောက်များကို ဖက်တွယ်လျက် ၎င်းတို့၏ ကလေးများကို အရင် ရှာဖွေပေးရန် တောင်းပန်နေကြသည်။
လင်းဖန်မှာ မည်သို့ပြောရမည်မသိ ဖြစ်နေသော်လည်း စွန်းဟိုင်မှာမူ ဤကဲ့သို့သော မြင်ကွင်းမျိုးနှင့် အသားကျနေပြီ ဖြစ်သည်။
သူက ပြုံးလျက် ရွာသားများအား ကလေးများကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားပေးမည် ဖြစ်ကြောင်း စိတ်ချစေရန် ပြောကြားလိုက်သည်။
စွန်းဟိုင်၏ ကတိစကားကြောင့် ရွာသားများမှာ စိတ်သက်သာရာ ရသွားကြပြီး ၎င်းတို့အား လွှတ်ပေးလိုက်ကြသည်။
ရွာသူကြီး၏ အိမ်မှာ သိပ်မဝေးလှသဖြင့် တစ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ရောက်ရှိသွားကြသည်။
ထိုအိမ်၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ၏ ဇနီးဖြစ်ဟန်တူသော ရှိုက်ကြီးတငင် ငိုကြွေးနေသည့် အမျိုးသမီးငယ်တစ်ဦးကို ချော့မြှူနေသည်ကို တွေ့ရသည်။
အရာရှိလျန်က စွန်းဟိုင်နှင့် လင်းဖန်တို့အား မိတ်ဆက်ပေးလိုက်သည်။
“ဒါကတော့ ရွာသူကြီး လော့ဖန်းပိုင်နဲ့ သူ့ရဲ့ ဇနီး လီမေ တို့ပါ”
လော့ဖန်းပိုင်က မတ်တပ်ရပ်လိုက်သော်လည်း စကားကို အဆုံးသတ်အောင် မပြောနိုင်ရှာပေ။
“ကျွန်တော့်ဇနီးကို နားလည်ပေးကြပါ။ ကျွန်တော်တို့ သားလေး အပြင်ထွက်သွားတာ လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက ပျောက်သွားတာမို့လို့...”
ထိုအခိုက်တွင် လူတိုင်းမှာ တိတ်ဆိတ်သွားကြလေသည်။
စွန်းဟိုင်က သူတို့အား အလျင်အမြန် မိတ်ဆက်လိုက်ပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ရွာသူကြီး။ ကျွန်တော်တို့ ရာဇဝတ်ကောင်ကို အမြန်ဆုံး ဖမ်းဆီးပေးပါ့မယ်”