← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) - တာဝန်သစ်

လပြည့်ည…

မှောင်ခိုဈေး…

လင်းဖန်သည် ဝံပုလွေမျက်နှာဖုံးကို တပ်ဆင်ကာ မှောင်ခိုဈေးသို့ စောစောစီးစီး ရောက်ရှိလာခဲ့သည်။

သူသည် ကျန်းရှီ၏ ဘေးကပ်လျက်နေရာကို ရွေးချယ်ကာ ဆိုင်ခင်းလိုက်လေသည်။

ဆိုင်ခင်းသည်ဆိုသော်ငြား သူ၏ရှေ့တွင် အဝတ်စုတ်တစ်ထည် ဖြန့်ခင်းထားခြင်းမျှသာ ဖြစ်သည်။

ထိုအဝတ်စုတ်အပေါ်တွင်မူ သူသည် ရေခဲအစွယ်ကျားဖြူ၏ အမြုတေကို တင်ထားလိုက်သည်။

ကျန်းရှီသည် လင်းဖန်ထံ၌ မိစ္ဆာသားရဲအမြုတေကို မြင်လိုက်ရသောအခါ တွေးတောမိလိုက်သည်။

‘ဒီအထဲမှာ တစ်ခုခုတော့ရှိနေတာ သေချာတယ်’

လာရောက်ဈေးမေးသူတိုင်းကို လင်းဖန်က လက်ကာပြကာ မောင်းထုတ်နေသည်ကို မြင်သောအခါ သူမ၏ထင်မြင်ချက်ကို ပိုမိုခိုင်မာသွားစေတော့သည်။

နောက်ဆုံးတွင် မြင်းမျက်နှာဖုံးစွပ်ထားသည့် လူတစ်ယောက် လာရောက်ဈေးမေးသည့်အခါမှသာ လင်းဖန်၏ မျက်နှာထက်၌ ပြုံးရွှင်သော အရိပ်အယောင်များ ပေါ်ပေါက်လာချေသည်။

မြင်းမျက်နှာဖုံးစွပ်ထားသော စီမာလျန်က မေးလိုက်သည်။

“ဒီရေခဲအစွယ်ကျားဖြူအမြုတေက ဘယ်လောက်လဲ”

လင်းဖန်က ပြန်ဖြေလိုက်သည်။

“အများကြီးမဟုတ်ပါဘူး။ စွမ်းဆောင်ရည်အမှတ် ငါးဆယ်ပဲ”

လင်းဖန်၏ အသံကို ကြားလိုက်ရချိန်တွင် အမြုတေကို လှမ်းယူရန် ပြင်နေသော စီမာလျန်၏ လက်သည် လေထဲတွင် တန့်သွားလေသည်။

ဒီအသံ…

‘ဒါ လင်းဖန် မဟုတ်လား’

ဒါပေမဲ့ သူက ဘာလို့ ဒီမှာ ရောက်နေတာလဲ။

စီမာလျန်သည် ခေတ္တမျှ စဉ်းစားလိုက်သည်။

လင်းဖန်၏လုပ်ရပ်ကို သူ နားလည်သွားရန် အချိန်အများကြီး မယူလိုက်ရပေ။

သူသည် မတတ်သာဘဲ ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။

“သဘောတူတယ်။ အမြုတေအတွက် စွမ်းဆောင်ရည်အမှတ် ငါးဆယ်ပဲ”

လင်းဖန်က ပြုံးလျက် စီမာလျန်၏ ပုခုံးကို ပုတ်လိုက်သည်။

သူသည် အမြုတေကို ကောက်ယူကာ စီမာလျန်ထံသို့ ကမ်းပေးရင်း ပြောလိုက်သည်။

“ဒီအမြုတေက အရေးကြီးတဲ့သူတစ်ယောက်အတွက် ဖြစ်ရမယ်။ မင်းအနေနဲ့ ပျက်စီးသွားအောင် လုပ်မှာမဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်”

စီမာလျန်မှာ ခေါင်းညိတ်ရုံမှတစ်ပါး အခြားမရှိတော့ဘဲ ပြန်ပြောလိုက်သည်။

“အာ... ဟုတ်တယါ။ သေချာပေါက်ပဲ၊ အဲဒီအရာက ရောက်သင့်တဲ့နေရာကို ရောက်သွားအောင် ကျွန်တော် လုပ်ဆောင်ပေးမှာပါ”

စီမာလျန်တစ်ယောက် မှောင်ခိုဈေးထဲမှ ထွက်ခွာသွားသည်ကိုကြည့်ရင်း လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သာ်။

“ကောင်းပြီ”

ကျန်းရှီသည် ဖြစ်ပျက်နေသည်ကို အတိအကျ နားမလည်သော်လည်း လင်းဖန်သည် ထိုမြင်းမျက်နှာဖုံးစွပ်ထားသူကို ဓားပြတိုက်သကဲ့သို့ ဈေးတင်ရောင်းလိုက်ကြောင်းကိုမူ သေချာပေါက် သိရှိလိုက်သည်။

သူမသည် လင်းဖန်ကို စောင်းငဲ့ကြည့်လိုက်ပြီး ဘေးသို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

‘ဒီလူနဲ့ ခပ်လှမ်းလှမ်းမှာနေတာက အကောင်းဆုံးဖြစ်လိမ့်မယ်။ နောက်ထပ် သူ ဘာတွေ ကြံစည်နေဦးမလဲဆိုတာ ဘယ်သူသိမှာလဲ’

…

နောက်တစ်နေ့…

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်…

လင်းဖန်သည် စွန်းဟိုင်နှင့်အတူ ခန်းမဆောင်ကြီးအတွင်း၌ ရှိနေသည်။

အချိန်အတော်ကြာအောင် ကျင့်ကြံအားထုတ်ပြီးနောက် လင်းဖန်၏ တိုးတက်မှုကို တိုင်းတာစစ်ဆေးရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဆွန်းဟိုင်သည် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ ထိုကျောက်တုံးမှာ စမ်းသပ်ကျောက်တုံးနှင့် ဆင်တူသယောင် ရှိပေသည်။

သို့သော် ၎င်း၏ အသုံးဝင်ပုံမှာမူ ကွဲပြားခြားနားသည်။

ထိုကျောက်တုံးမှာ ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းအဆင့်အတန်းနှင့် အဆင့်များကို တိုင်းတာပေးနိုင်သော အစွမ်းရှိလေသည်။

စွန်းဟိုင်က ညွှန်ကြားလိုက်သည်။

“မင်းရဲ့လက်ကို ကျောက်တုံးပေါ်တင်ပြီး ချီဓာတ်ကို သွင်းလိုက်”

လင်းဖန်သည် စွန်းဟိုင် ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်လိုက်သည်။

တိုင်းတာရေးကျောက်တုံးအတွင်းသို့ သူ၏ချီဓာတ်များကို ထည့်သွင်းလိုက်သောအခါ ဖြူဖွေးသောအလင်းတန်းတစ်ခုက ကျောက်တုံးကို လွှမ်းခြုံသွားလေသည်။

၎င်းသည် တောက်ပသောအလင်းရောင်များ အကြိမ်အနည်းငယ် လင်းလက်သွားပြီးနောက် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

လင်းဖန်သည် ကျောက်တုံးပေါ်မှ သူ၏လက်ကို ဖယ်ရှားလိုက်သည်။

ထိုအခါ ကျောက်တုံးပေါ်တွင် ဖြူဖွေးသောအက္ခရာများ ပေါ်ထွက်လာချေသည်။

ချီစုစည်းမှုအဆင့် ကိုးဆင့်မြောက်…

စွန်းဟိုင်သည် ၎င်းကို မြင်လိုက်ရသောအခါ မိမိမျက်လုံးကိုယ်မိမိ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။

သူသည် ထိုစာသားများကို ထပ်တလဲလဲ ဖတ်ရှုနေမိသည်။

စွန်းဟိုင်က မေးလိုက်သည်။

“မင်း ကျောက်တုံးပေါ်မှာ မြင်ရတဲ့အတိုင်း ငါ့ကို ဖတ်ပြစမ်း”

လင်းဖန်က ပြန်ဖြေလိုက်သည်။

“ချီစုစည်းမှုအဆင့် ကိုးဆင့်မြောက်ပါ ဂိုဏ်းတူအစ်ကိုကြီး”

စွန်းဟိုင်သည် သူ ဖတ်လိုက်သည်မှာ မမှားကြောင်း သေချာစေရန် လင်းဖန်ကို ထပ်မံရွတ်ဆိုခိုင်းလေသည်။

လင်းဖန်၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာ ကောင်းကင်သို့ ပျံတက်နေသကဲ့သို့ အံ့မခန်း မြန်ဆန်လွန်းလှသည်။

ဤသည်မှာ စွန်းဟိုင် တစ်သက်တာတွင် တစ်ခါမျှ မကြုံဖူး၊ မမြင်ဖူးသော အရှိန်အဟုန်မျိုး ဖြစ်ပေသည်။

‘ဒါက သူပိုင်ဆိုင်ထားတဲ့ သားရဲကျင့်ကြံခြင်းအမြုတေကြောင့်လား’

‘တည်တည်ငြိမ်ငြိမ်နေရမယ်။ စိတ်အေးအေးထားရမယ်။ သူ့ကို စိတ်ကြီးဝင်သွားအောင် ခွင့်ပြုလို့မဖြစ်ဘူး’

စွန်းဟိုင်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

သူသည် စိတ်ကြီးဝင်ကာ ထောင်လွှားလွန်းသဖြင့် မိမိကိုယ်ကိုယ် ဖျက်ဆီးခဲ့ကြသော အလားအလာကောင်းသည့် ပါရမီရှင်လူငယ်များစွာကို မြင်တွေ့ခဲ့ဖူးသည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ ဂိုဏ်းတူအစ်ကိုကြီးတစ်ဦးအနေဖြင့် ဤသို့သော အဖြစ်ဆိုးမျိုး လင်းဖန်အပေါ် ကျရောက်လာရန် သူ ခွင့်မပြုနိုင်ပေ။

စွန်းဟိုင်သည် ကျောက်တုံးကို မျက်နှာနားသို့ အနီးကပ် ယူဆောင်လာကာ စစ်ဆေးဟန်ဆောင်ရင်း ပြောလိုက်သည်။

“ဟမ်း။ ကျောက်တုံးက ချို့ယွင်းနေတာ ထင်တယ်။ ငါ့အထင်တော့ မင်းရဲ့ကျင့်ကြံမှုက ချီစုစည်းမှုအဆင့် ငါးဆင့်မြောက်လောက်ပဲ ရှိဦးမှာပါ”

လင်းဖန်က ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကိုကြီး”

သူသည် စွန်းဟိုင်၏ ပြောစကားအပေါ် သံသယအနည်းငယ် ရှိနေသော်လည်း သဘောတူဟန်ဆောင်လိုက်သည်။

အမှန်စင်စစ် သူသာ အလွန်ထူးချွန်လွန်းနေပါက ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ထံမှ အရင်းအမြစ်များကို မည်သို့ ထပ်မံရယူနိုင်တော့မည်နည်း။

လင်းဖန်က ရိုးသားသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

“ကျွန်တော် နောက်ထပ် ပိုပြီးတိုးတက်အောင် ဘယ်လိုလုပ်သင့်လဲ”

စွန်းဟိုင်က ပြန်လည်ဖြေကြားလိုက်သည်။

“ငါ့ဆီမှာ လက်သီးသိုင်းတစ်ခု ရှိ... အာ၊ မဟုတ်သေးပါဘူး။ မင်း တာဝန်ခန်းမကို သွားပြီးတော့ ကြည့်လိုက်ပါ။ အဲဒီမှာ အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခု ပေါ်လာတော့မယ်။ မင်း အဲဒီတာဝန်မှာ ဝင်ပါနိုင်ဖို့ ကြိုးစားသင့်တယ်”

လင်းဖန်သည် လောင်းကြေးထပ်ပြီးနောက် မည်မျှ ချမ်းသာကြွယ်ဝနေသည်ကို သတိရသွားသောကြောင့် စွန်းဟိုင်သည် သူ၏လက်သီးသိုင်းအကြောင်း ဆက်ပြောရန် ရပ်တန့်လိုက်ခြင်း ဖြစ်သည်။

သနားစရာကောင်းသော လင်းဖန်လေး။

‘ဒီကလေးက ငယ်ငယ်က ဆင်းရဲခဲ့လို့ ဒီလောက်တောင် တွန့်တိုကပ်စေးနှဲနေရတာ ဖြစ်မယ်’

စွန်းဟိုင်က စိတ်ထဲတွင် တိတ်တဆိတ် တွေးတောမိပြန်သည်။

အကျင့်ဟောင်းများမှာ ဖျောက်ဖျက်ရန် ခက်ခဲလှပေသည်။

စွန်းဟိုင်သည် အခွင့်အရေးရပါက လင်းဖန်ကို အပြင်သို့ခေါ်သွားပြီး ပျော်ပျော်ပါးပါး နှလုံးသွင်းနိုင်ရန် ကူညီပေးရမည်ဟု ဆုံးဖြတ်လိုက်မိသည်။

ယနေ့အတွက် လေ့ကျင့်မှု ပြီးဆုံးသွားပြီဖြစ်သောကြောင့် လင်းဖန်က နှုတ်ဆက်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး။ မနက်ဖြန်ကျရင် ကျွန်တော် တာဝန်အကြောင်း သွားရောက်စုံစမ်းလိုက်ပါ့မယ်”

ထိုတာဝန်က မည်သို့သော အရာဖြစ်စေ သူ အဆင်သင့်ဖြစ်နေပြီဟု လင်းဖန် ခံစားနေရသည်။

သူ သစ်သားအိမ်လေးသို့ ပြန်ရောက်သောအခါ စီမာလျန်မှာ ထိုနေရာတွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

လင်းဖန် အိမ်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ စီမာလျန်က ဝမ်းသာအားရ ပြောလိုက်သည်။

“လင်းဖန်... မင်းအတွက် သတင်းကောင်းတစ်ခု ရှိတယ်”

လင်းဖန်က ပြန်မေးလိုက်သည်။

“ကျွန်တော် ခန့်မှန်းကြည့်ရမလား။ အစ်ကိုကြီး မိစ္ဆာသားရဲအမြုတေကိုရလာပြီ မဟုတ်လား”

စီမာလျန်၏ မျက်ခုံးများမှာ အနည်းငယ် လှုပ်ခတ်သွားပြီးနောက် သူက ပြောလိုက်သည်။

“အာ... ဟုတ်တယ်။ မင်းက တကယ်ကို ထက်မြက်လွန်းတယ်။ ငါ ဘာအတွက် လာတယ်ဆိုတာ ချက်ချင်း သိတာပဲ”

“အစ်ကိုကြီးလျန်ကလည်း ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ။ ဒါနဲ့ ကျွန်တော် နောက်ထပ် ဘာလုပ်ဖို့ လိုအပ်သေးလဲ”

စီမာလျန်က ပြန်လည်ဖြေကြားလိုက်သည်။

“မင်းရဲ့တူတွေနဲ့ မီးတောက်ဝံပုလွေရဲ့ အမြုတေကို ငါ့လူတွေဆီ ပေးလိုက်ရုံပဲ။ တစ်ရက်အတွင်းမှာပဲ လက်နက်သွန်းလုပ်တာ ပြီးစီးလိမ့်မယ်။ ငါ ထွက်သွားပြီး မကြာခင်မှာပဲ သူတို့ ရောက်လာလိမ့်မယ်”

တစ်ရက်တည်းဖြင့် ပြီးစီးမည်ဟူသော စကားကို ကြားလိုက်ရသောအခါ လင်းဖန်၏ မျက်နှာမှာ ဝင်းပသွားတော့သည်။

သူသည် လာမည့်တာဝန်အတွက် တူမရှိဘဲ ဖြစ်နေမည်ကို စိုရိမ်နေခဲ့ခြင်း ဖြစ်သည်။

တစ်ရက်တည်းသာ ကြာမြင့်မည်ဟူသော အာမခံချက်ကို ရရှိလိုက်သဖြင့် လင်းဖန်သည် အခန်းတွင်းသို့ဝင်ကာ စီမာလျန်အား မီးတောက်ဝံပုလွေ၏ အမြုတေကို လွှဲပြောင်းပေးလိုက်လေသည်။

စီမာလျန်သည် ထိုအရာကို ယူဆောင်ကာ နှုတ်ဆက်ထွက်ခွာသွားသည်။

သူသည် လှည့်ထွက်သွားရန် ပြင်လိုက်စဉ် သစ်သားအိမ်၏ ထောင့်တစ်နေရာ၌ တစ်စုံတစ်ခုကို ဖျတ်ခနဲ မြင်တွေ့လိုက်ရသည်။

၎င်းမှာ လင်းဖန် မှောင်ခိုဈေးတွင် စွပ်ထားခဲ့သော ဝံပုလွေမျက်နှာဖုံးပင် ဖြစ်ပေသည်။

သူ၏မျက်ခုံးများမှာ နောက်တစ်ကြိမ် လှုပ်ခတ်သွားပြန်သည်။

‘မမြင်အပ်တာကို မမြင်ဘူးလို့ပဲ သတ်မှတ်ရမယ်’

သူသည် မိမိကိုယ်ကိုယ် အဖန်ဖန်ရေရွတ်ရင်း ထွက်ခွာသွားလေသည်။

…

နောက်တစ်နေ့…

တာဝန်ခန်းမ…

တာဝန်ခန်းမအတွင်း၌ တပည့်များစွာဖြင့် စည်ကားလျက် ရှိပေသည်။

သူတို့အားလုံးမှာ စွန်းဟိုင် ပြောကြားခဲ့သော ထိုအရေးကြီးသည့် တာဝန်ကြီးတွင် ပါဝင်ခွင့်ရရေးအတွက် စာရင်းသွင်းရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

လင်းဖန်သည်လည်း တန်းစီရာတွင် ပူးပေါင်းပါဝင်လိုက်ပြီးနောက် မည်သည့်အကြောင်းအရာများ ပြောဆိုနေကြသည်ကို နားစွင့်နေလိုက်သည်။

“ဖုန်း... မင်း တကယ်ပဲ ဒီတာဝန်ကို ယူတော့မလို့လား”

“ဟုတ်တယ်”

“ဒီတာဝန်က အရမ်းအန္တရာယ်များပြီး မင်း အသက်ဆုံးရှုံးနိုင်ခြေလည်း တအားများတယ်နော်”

“မင်း သေချာလို့လား။ ဆုလာဘ်က အရမ်းများတယ်လို့ပဲ ငါ ကြားထားတာ”

“ဒါက ကြာနက်ဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုကို သုတ်သင်ရမှာလေ။ ဘယ်လိုလုပ်ပြီး အန္တရာယ်မများဘဲ ရှိပါ့မလဲ”

ကြာနက်ဂိုဏ်း…

လင်းဖန်သည် မျက်မှောင်ကြုတ်ကာ တာဝန်အကြောင်းကို သေချာစွာ စဉ်းစားလိုက်သည်။

ကြာနက်ဂိုဏ်းနှင့် ပတ်သက်လျှင် အခြေအနေများမှာ အမြဲတစေ ရှုပ်ထွေးပွေလီတတ်ပေသည်။

All Chapters