အခန်း ၈၀
Vol. 8 Ch. 80
အခန်း (၈၀) - ဟော့ပေါ့ညစာ
ကြာနက်ဂိုဏ်းဟူသော အမည်ကို ကြားလိုက်ရသည့် ခဏ၌ပင် လင်းဖန်သည် သတိကြီးကြီးထားရန် ဆုံးဖြတ်လိုက်သည်။
‘ဒီတစ်ခေါက်တော့ ပုန်းလျှိုးကွယ်လျှိုးပဲနေတာ ကောင်းလိမ့်မယ်’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
ထိုဂိုဏ်းနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသဖြင့် တိုက်ပွဲတိုင်းသည် အလွန်ခက်ခဲကြမ်းတမ်းကြောင်း သူ ကောင်းကောင်းသိသည်။
လင်းဖန်သည် သူ၏ ဘေးပတ်လည်တွင် ရှိနေသော သွေးကြွနေသည့် လူငယ်တပည့်များနှင့် မတူပေ။
သူ လိုချင်သောအရာကို ရရှိနေသရွေ့ မည်သည့်နည်းလမ်းကို သုံးသည်ဖြစ်စေ သူ ဂရုမစိုက်ချေ။
“နောက်တစ်ယောက်”
မှတ်တမ်းတင်ကောင်တာမှ တပည့်ဖြစ်သူက လင်းဖန်ကို လှမ်းခေါ်လိုက်သည်။
ထို့နောက် စက်ရုပ်တစ်ရုပ်ကဲ့သို့ပင် စာရွက်ပေါ်မှ စာသားများကို ဖတ်ပြကာ လင်းဖန်အား တာဝန်အကြောင်း ရှင်းပြလေသည်။
ထိုစကားများကိုပင် ထပ်တလဲလဲ ပြောနေရသဖြင့် သူသည်လည်း အတော်ပင် ငြီးငွေ့နေပုံရသည်။။
“ဒီတာဝန်က ထျန်းရှန်းတောင်မှာရှိတဲ့ ကြာနက်ဂိုဏ်းရဲ့ ဌာနခွဲတစ်ခုကို သုတ်သင်ရမှာ။ ဆုလာဘ်က စွမ်းဆောင်ရည်အမှတ် ငါးဆယ်ဖြစ်ပြီး သေဆုံးနိုင်ခြေ အရမ်းမြင့်မားတယ်။ ငါတို့ နောက်နှစ်ရက်နေရင် စတင်ထွက်ခွာမယ်။ မင်း ဒီတာဝန်ကို ယူမလား”
“ယူပါ့မယ်”
လင်းဖန်က သဘောတူလိုက်ပြီး တာဝန်ကျောက်ပြားပေါ်သို့ လက်ဝါးတင်လိုက်သည်။
သူ တာဝန်လက်ခံရယူကြောင်း သက်သေအဖြစ် ကျောက်ပြားပေါ်တွင် လက်ဝါးရာ ထင်ကျန်ရစ်လေသည်။
သူ လှည့်အထွက်တွင် ဟိုမင်ကို တွေ့လိုက်ရသည်။
ဟိုမင်နှင့် ဓားတောင်ထွတ်မှ အခြားတပည့်များသည်လည်း ဤတာဝန်ကိုယူရန် ရောက်ရှိနေကြခြင်းဖြစ်သည်။
ယခင်က ဟိုမင်ပြသခဲ့သော စွမ်းဆောင်ရည်ကြောင့် ယခုအခါ သူသည် အခြားတပည့်များအကြား ရေပန်းစားနေလေသည်။
လူတိုင်းကပင် သူနှင့် ရင်းနှီးအောင် ပေါင်းသင်းချင်နေကြသည်။
ဘေးနားတွင်မူ ထန်ရွေ့က မျက်နှာပျက်ပျက်ဖြင့် ရပ်နေလေသည်။
“လင်းဖန်... မင်းလည်း ဒီတာဝန်ကို ယူလိုက်တာလား”
လင်းဖန်ကို မြင်လိုက်ရသောအခါ ဟိုမင်က နွေးထွေးစွာပြုံးလျက် လျှောက်လာကာ မေးလိုက်သည်။
“ဟုတ်တယ်။ ငါတို့လည်း ဂိုဏ်းအတွက် တတ်နိုင်သလောက် စွမ်းဆောင်ပေးရမှာပေါ့”
“မင်း မကန့်ကွက်ဘူးဆိုရင် ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်လေ”
ဟိုမင်က ပြောလိုက်သည်။
ဤသည်က ဘေးနားရှိ တပည့်များကို အံ့အားသင့်သွားစေသည်။
သူတို့သည် ဟိုမင်နှင့်အတူ တာဝန်ထမ်းဆောင်ခွင့် ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။
“ငါတို့လည်း အတူတူ လိုက်လို့ရမလား”
တပည့်တစ်ယောက်က ဝင်မေးလိုက်သည်။
လင်းဖန်က ဘာမှမပြောဘဲ ထိုတပည့်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ထိုတပည့်မှာ နေရခက်စွာဖြင့်သာ ရယ်ပြလိုက်ရတော့သည်။
ယခုအခါ သူတို့ စိတ်ပျက်သွားကြပြီးနောက် အကြည့်များကို လင်းဖန်ထံသို့ ရွှေ့လိုက်ကြသည်။
သူတို့သည် လင်းဖန်ကို ဆဲရေးချင်သော်လည်း ဒေါသကို မြိုသိပ်ကာ မည်သည့်စကားမျှ မပြောရဲကြချေ။
မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တပည့်ရင်းများကို လင်းဖန်တစ်ယောက် မည်သို့အနိုင်ယူခဲ့သည်ကို သူတို့ ကောင်းကောင်း မှတ်မိနေသေးသည်။
ဟိုမင်၏ အကူအညီမရပါက ဒုတိယအကောင်းဆုံး ရွေးချယ်မှုမှာ ထန်ရွေ့ ဖြစ်သည်။
သို့သော် ထန်ရွေ့ကို လှည့်ကြည့်လိုက်သောအခါ သူတို့ စိတ်ပြောင်းသွားကြသည်။
သခင်လေးထန်ရွေ့မှာ ယခုအခါ အခြားလူတစ်ယောက်ကဲ့သို့ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
သူသည် နှုတ်ဆိတ်နေပြီး တစ်ကိုယ်တည်းသာ နေတော့သည်။
လင်းဖန်သည်လည်း ထန်ရွေ့၏ အပြောင်းအလဲကို သတိပြုမိပေသည်။
ထန်ရွေ့ထံမှ ရရှိနေသော အငွေ့အသက်များသည် သူသိသော သခင်ကြီးထန်နှင့် ဆင်တူနေကြောင်း လင်းဖန် ခံစားလိုက်ရသည်။
ဤသည်က လင်းဖန်အတွက် ပို၍ပင် အဆင်ပြေသွားစေသည်။
ထန်ရွေ့ကို ထပ်မံတွေ့ရခြင်းက အကြွေးဟောင်းအချို့ကို ရှင်းရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း လင်းဖန်ကို သတိရစေသည်။
‘တောင်ပေါ်ကဂူကတော့ အကြွေးဟောင်းတွေရှင်းဖို့ နေရာကောင်းပဲ’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
ဟိုမင်လည်း တာဝန်အတွက် မှတ်တမ်းတင်ပြီးသွားလေသည်။
သူတို့သည် တာဝန်အတွက် လိုအပ်သော ပစ္စည်းအချို့ သွားရောက်ဝယ်ယူပြီးနောက် သစ်သားအိမ်လေးတွင် ဟော့ပေါ့အတူစားရန် ဆုံးဖြတ်လိုက်ကြသည်။
လင်းဖန်သည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများကို ထပ်မံဝယ်ယူခဲ့ရာ စွမ်းဆောင်ရည်အမှတ် သုံးဆယ် ကုန်ဆုံးသွားခဲ့လေသည်။
ထို့အပြင် သူသည် စွမ်းဆောင်ရည်အမှတ် ငါးဆယ် သုံး၍ အဆိပ်ဖြေဆေးလုံးအချို့ကိုလည်း ဝယ်ယူခဲ့သည်။
ကြာနက်ဂိုဏ်းနှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် အဆိပ်များနှင့် ကြုံတွေ့ရနိုင်ကြောင်း သူ ကြိုတင်တွက်ဆထားသည်။
မပြင်ဆင်ဘဲ နောင်တရသည်ထက် ကြိုတင်ပြင်ဆင်ထားခြင်းက ပို၍ ကောင်းပေသည်။
သူသည် ဟော့ပေါ့အတွက် လိုအပ်မည့် ပါဝင်ပစ္စည်းများကိုလည်း ဟိုမင်အား ဝယ်ယူခိုင်းလိုက်လေသည်။
အရာအားလုံး ပြင်ဆင်ပြီးစီးသွားချိန်တွင် သူတို့သည် သစ်လုံးအိမ်လေးဆီသို့ ပြန်လာခဲ့ကြသည်။
ဤတစ်ကြိမ်တွင်လည်း စီမာလျန်က ထိုနေရာတွင် လင်းဖန်ကို စောင့်ဆိုင်းနေပြန်သည်။
လင်းဖန်၏ တူများအား အဆင့်မြှင့်တင်ပြီးဖြစ်သည်။
လင်းဖန်ရောက်ရှိလာသည်ကို တွေ့သောအခါ စီမာလျန်က လက်ခုပ်တီးလိုက်သည်။
သူ့လူများက လင်းဖန်၏တူများ တင်ထားသော တွန်းလှည်းကို လင်းဖန်ရှိရာသို့ တွန်းပို့ပေးလိုက်ကြသည်။
လင်းဖန်သည် တူများကို ကောက်ကိုင်ကာ စစ်ဆေးကြည့်လိုက်သည်။
ယခုအခါ ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် အင်းစာလုံးများ ထွင်းထုထားလေသည်။
တူများ၏ ထိပ်ဖျားတွင်မူ မိစ္ဆာအမြုတေ နှစ်ခု ရှိနေသည်။
တစ်ခုမှာ မီးတောက်ဝံပုလွေ၏ အမြုတေပါရှိသော ယန်ချီတူ ဖြစ်ပြီး အခြားတစ်ခုမှာ ရေခဲအစွယ်ကျားဖြူ၏ အမြုတေပါရှိသော ယင်ချီတူ ဖြစ်ပေသည်။
လင်းဖန်သည် ကွင်းပြင်အလွတ်တစ်ခုဆီသို့ လျှောက်သွားကာ သူ၏ချီစွမ်းအင်များကို တူများထဲသို့ ထည့်သွင်းလိုက်သည်။
သူက ယန်ရိုက်ချက်ကို အသုံးပြုလိုက်ရာ မီးတောက်များထွက်ပေါ်လာပြီး ရှေ့မီတာအနည်းငယ်အကွာအထိ လောင်ကျွမ်းသွားကာ မြေပေါ်မှ သစ်ရွက်ခြောက်များကို ပြာကျသွားစေခဲ့သည်။
ထို့အတူ သူ၏ ယင်ထိုးချက်ကို သုံးလိုက်သောအခါတွင်လည်း တူထဲမှ ရေခဲဆူးချွန်တစ်ခု ထွက်ပေါ်လာပြီး သစ်ပင်ပင်စည်ထဲသို့ စိုက်ဝင်သွားခဲ့သည်။
လင်းဖန်သည် ဤအဆင့်မြှင့်တင်မှုအပေါ် အားရကျေနပ်သွားသည်။
သူက စီမာလျန်အနီးသို့ သွားကာ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
“ကျေးဇူးပဲနော် အစ်ကိုကြီး။ ညစာစားဖို့ နေခဲ့ဦးလေ။ ဒီည ကျွန်တော်တို့ ဟော့ပေါ့စားကြမလို့။ လုံးဝ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးပဲ”
“ကိစ္စမရှိပါဘူးဗျာ။ ဒါက ငါ တတ်နိုင်သလောက် ကူညီပေးရုံတင်ပါ”
စီမာလျန်က ပြန်ပြောလိုက်သော်လည်း လင်းဖန်သည် သူ၏ စွမ်းအားများဖြင့် သူ့ကိုယ်သူ ကူညီနိုင်ခဲ့ခြင်းသာဖြစ်ကြောင်း စိတ်ထဲ၌ တိတ်တဆိတ် တွေးတောလိုက်မိသည်။
သူက ပခုံးတွန့်လိုက်သည်။ အနည်းဆုံးတော့ သူ ညစာဖိတ်ကြားခံရပြီဖြစ်ရာ စီမာလျန်တစ်ယောက် သူ၏ ရည်မှန်းချက် အထမြောက်သွားပြီဖြစ်ကြောင်း သက်သေပြနေပေသည်။
အချိန်အတော်ကြာ ပြင်ဆင်ပြီးနောက် နောက်ဆုံးတွင် လင်းဖန်တစ်ယောက် ဟော့ပေါ့ဝိုင်းကို အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့သည်။
ဟိုကျဲ့၊ ဟိုမင်နှင့် စီမာလျန်တို့မှာမူ မကျက်သေးသော အသားစိမ်းများနှင့် ဟင်းသီးဟင်းရွက်များကို ကြည့်ကာ မည်သို့လုပ်ရမည်ကို မဝေခွဲနိုင်ဘဲ ဖြစ်နေကြသည်။
ဤအရာမှာ သူတို့အတွက် အထူးအဆန်း ဖြစ်နေပေသည်။
လင်းဖန်က တူဖြင့် အသားတစ်ဖတ်ကို ညှပ်ယူလိုက်ရင်း ပြောလိုက်သည်။
“လာကြ။ ဒါကို ဘယ်လိုစားရလဲဆိုတာ ငါပြမယ်”
သူသည် ထိုအသားဖတ်ကို ဆူပွက်နေသော ဟင်းရည်ပူပူထဲသို့ နှစ်လိုက်ပြီး ဆယ်အထိ ရေတွက်လိုက်ကာ ပြန်ဆယ်ယူပြီး ပါးစပ်ထဲ ထည့်ကာ မြိန်ရေရှက်ရေ ဝါးစားပြလိုက်သည်။
သူက မျိုချလိုက်ပြီးနောက် သူတို့ကိုလည်း လိုက်စားကြည့်ရန် လက်ဟန်ပြလိုက်သည်။
သူတို့သည် အနည်းငယ် တုံ့ဆိုင်းနေကြသော်လည်း လင်းဖန် လုပ်ပြသည့်အတိုင်း လိုက်လံ လုပ်ဆောင်ကြည့်ကြသည်။
“ဒါက... တကယ့်ကို ကောင်းတာပဲ။”
“အမလေး... ဟင်းသီးဟင်းရွက်တွေရဲ့ အရသာကကော ဘယ်လိုရှိလဲ မြည်းကြည့်ရဦးမယ်”
“ဒီနေ့တော့ ငါ့လို လူအိုကြီးလည်း အမြင်ကျယ်သွားရပြီပဲ။ ငါ့ဘဝသက်တမ်းတစ်လျှောက် ဒီလိုဆန်းသစ်တဲ့ အတွေ့အကြုံသစ်တစ်ခု ကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး”
ဟိုကျဲ့က ဤဆန်းသစ်သော အတွေ့အကြုံကို သဘောကျကာ ရယ်မောလိုက်သည်။
ဟိုမင်နှင့် စီမာလျန်တို့မှာမူ ဟော့ပေါ့၏ ထူးကဲလှသော အရသာကြောင့် အံ့အားသင့်နေကြသည်။
စီမာလျန်က စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
‘ငါသာ ဤဟော့ပေါ့ကို စီမာမိသားစုရဲ့ ကုန်သွယ်ရေးလုပ်ငန်းထဲမှာ ထည့်သွင်းလိုက်မယ်ဆိုရင် အဆင်ပြေနိုင်မလား’
ထို့အပြင် ဤဟော့ပေါ့မှာ အရသာရှိလှသဖြင့် လူကို သေရည် သောက်ချင်စိတ် ပေါ်ပေါက်လာစေသည်။
ထိုအခိုက်တွင် လေထုထဲ၌ သေရည်ရနံ့တစ်မျိုး ရုတ်တရက် ပျံ့လွင့်လာခဲ့သည်။
အရက်ဘူးသီးခြောက်ကို မော့သောက်ရင်း အဘိုးအိုတစ်ဦးက တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာလေသည်။
စီမာလျန်သည် ထိုအဘိုးအိုကို မှတ်မိသွားသဖြင့် မိမိမျက်စိကိုပင် မိမိ မယုံကြည်နိုင် ဖြစ်သွားရသည်။
အဘယ်ကြောင့် ဂိုဏ်းတူဦးလေးကြီးက လင်းဖန်၏ သစ်လုံးအိမ်လေးဆီသို့ ရောက်ရှိလာရသနည်း။
“မင်းတို့တွေ စားပွဲသောက်ပွဲ လုပ်နေတာတောင် ငါ့ကို မဖိတ်ဘူးပေါ့လေ။ တကယ့်ကို ဧည့်ဝတ်မကျေတဲ့ ကောင်တွေပဲ”
ကျောက်ချင်းယင်သည် စီမာလျန်ကို ဘေးသို့တွန်းဖယ်ကာ စားပွဲဝိုင်းသို့ဝင်ထိုင်ရင်း ကန့်ကွက်ပြောဆိုလိုက်သည်။
လင်းဖန်က ပြန်လည် ချေပလိုက်သည်။
“ဧည့်ဝတ်မကျေဘူးဆိုတာ ဘာကို ပြောတာလဲ။ ကျွန်တော်က ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ရဲ့ တပည့်ပဲ။ ကျွန်တော် စားပွဲကျင်းပပေးမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သခင် ကျန်းရိနျန်အတွက်ပဲ ဖြစ်မှာ”
ကျောက်ချင်းယင်က လင်းဖန်၏စကားကို လျစ်လျူရှုကာ မေးလိုက်သည်။
“ငါ ဂရုမစိုက်ဘူး။ ငါ့အတွက် တူကော ဘယ်မှာလဲ”
ဟိုကျဲ့က လျင်မြန်စွာ မတ်တတ်ထရပ်ပြီး သူ့အတွက် တူတစ်စုံကို သွားရောက် ယူဆောင်ပေးလိုက်သည်။
စီမာလျန်ကမူ ဘေးမှ ငြိမ်သက်စွာထိုင်ရင်း သူတို့၏ အခြေအတင်ပြောဆိုနေမှုကို မယုံနိုင်စရာမြင်ကွင်းတစ်ခုပမာ ကြည့်ရှုနေမိသည်။
သူ၏ အိပ်မက်ထဲတွင်ပင် ဂိုဏ်းတူဦးလေးကြီးအား ဤကဲ့သို့လေသံမျိုးဖြင့် မည်သို့မျှ ရဲရဲတင်းတင်း ပြောဆိုရဲမည် မဟုတ်ပေ။
ကျောက်ချင်းယင်က သူကျက်အောင် ပြုတ်ထားသည့် အသားဖတ်ကို ဝါးစားရင်း ပြောလိုက်သည်။
“ဟီးဟီး... ဒါက တကယ့်ကို ပျော်စရာကောင်းပြီး အရသာရှိတာပဲ”
လင်းဖန်က မေးလိုက်သည်။
“ဂိုဏ်းတူဦးလေး ဒီကိုလာတာ အစားအသောက်စားဖို့ သက်သက်ပဲ မဟုတ်ဘူး ထင်တယ်။ တခြား ဘာကိစ္စများ ရှိလို့လဲ”