အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း(၂၁၁)
ဒါက စစ်အေးတိုက်ပွဲတစ်ခုလိုပါပဲ။ မိန်းကလေးနှစ်ယောက်ကြားက သုံးမီတာလောက်ရှိတဲ့ ပတ်လည် ဧရိယာကြီးတစ်ခုလုံးဟာ စစ်မဲ့ဇုန်ကြီးတစ်ခုလို အေးစိမ့်ခြောက်ကပ်နေတယ်။ ကလပ်အဖွဲ့ဝင်တွေလည်း ဒါကို ရိပ်မိကြပုံရတယ်၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်သူမှ ဝင်အစ်မေးရဲကြဘူးလေ။ မာရူးက ဆူယွန်းနဲ့ မီဆိုကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ နောက်ဆုံးတော့ မတ်တတ်ထရပ်လိုက်တယ်။
“ဆရာမ အလုပ်ရှိတယ်ဆို"
မီဆိုက မျက်စောင်းလေးတစ်ချက်ထိုးပြီး ထရပ်လိုက်တယ်။
“အေးပါ၊ ငါသွားမှာပါ"
မီဆို တံခါးဖွင့်ပြီးထွက်သွားတော့ ကလပ်အဖွဲ့ဝင်တွေက နှုတ်ဆက်ပြီး ကျန်ရစ်ခဲ့ကြသလို မာရူးလည်း လိုက်လံနှုတ်ဆက်ဖို့ အပြင်ကို လိုက်ထွက်လာခဲ့တယ်။
“လာလည်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"
“သြော်... ဒါကြောင့်မို့လို့ ငါ့ကို သွားတော့ဆိုပြီး လက်ဟန်ခြေဟန် ပြနေတာကိုး"
“ကျွန်တော်တို့လည်း တစ်ချိန်လုံး ထိုင်ဆော့နေလို့ မဖြစ်ဘူးလေ"
မီဆိုက ခေါင်းခါရင်း လှေကားအတိုင်း ဆင်းသွားတယ်၊ မာရူးက စာသင်ခန်းထဲ ပြန်ဝင်ဖို့ပြင်ပေမဲ့ မီဆိုက သူ့ဆီလာဖို့ လက်လှမ်းပြတာကြောင့် ရပ်လိုက်ရတယ်။ သူလည်း အဲဒီအမျိုးသမီးနောက်ကို လိုက်ပြီး လှေကားအတိုင်း ဆင်းလာခဲ့လိုက်တယ်။ အဆောက်အအုံရဲ့ ဘယ်ဘက်ဂိတ်တံခါးကနေ ထွက်လာပြီးတဲ့နောက်မှာတော့ အနီးအနားမှာ ရပ်ထားတဲ့ မီဆိုရဲ့ ကားဆီကို ရောက်လာကြတယ်။ မီဆိုက ကားအရှေ့ခန်းတံခါးကို ဖွင့်ပြီး စာအိတ်အသေးလေးတစ်ခု ထုတ်ပေးလာတယ်။
“ပိတ်ရက်ကျရင် လာကြည့်ကြဦး။ လက်မှတ် ခြောက်စောင်ရှိတယ်။ ပထမနှစ် အသစ်တွေအတွက် အတွေ့အကြုံကောင်း ရတာပေါ့"
မာရူးက လက်မှတ်တွေကို ထုတ်ကြည့်လိုက်တော့ မိုးကောင်းကင် ရုပ်ရှင်ရုံမှာ ကပြမယ့် ထီအိပ်မက်များ လို့ အမည်ရတဲ့ ပြဇာတ်တစ်ခု ဖြစ်နေတယ်။
“ဒါဆို ဒါက ဆရာမနဲ့ ဆရာ ဂန်ဟွမ်တို့ ပြင်ဆင်ထားတဲ့ ဟာပေါ့"
“ဟုတ်တယ်"
“ တရားစွဲဆိုခွင့် သက်တမ်းကုန်ဆုံးခြင်း မဟုတ်ဘူးပဲ"
“ဟင်... နင်က အဲဒါကို ဘယ်လိုသိတာလဲ"
“မနှစ်က ပြိုင်ပွဲတုန်းက ဆရာမကားထဲကို ကုလားထိုင် သွားထည့်ပေးခဲ့တာ မှတ်မိသေးလား"
“...အစ်မှတ်မိတော့ဘူး"
“ဘာပဲဖြစ်ဖြစ်၊ အဲဒီတုန်းက ထိုင်ခုံပေါ်မှာ ဇာတ်ညွှန်းကို တွေ့လိုက်တာ"
“မှတ်ဉာဏ်ကောင်းသားပဲ"
မီဆိုက ဂန်ဟွမ်နဲ့ အလုပ်တူတူလုပ်နေတယ်လို့ ပြောတုန်းက မာရူးက ‘တရားစွဲဆိုခွင့် သက်တမ်းကုန်ဆုံးခြင်း’ ကို လုပ်နေတာနေမှာပဲလို့ တွေးထားခဲ့တာ။ ဘာလို့လဲဆိုတော့ ဂန်ဟွမ်က လူသားတွေရဲ့ လျှို့ဝှက်ဆိုးဝါးတဲ့ အမှောင်ဖက်ခြမ်းကို ဖော်ကျူးတဲ့ ပြဇာတ်မျိုးတွေကိုပဲ အမြဲတမ်း သဘောကျတတ်လို့ပဲ။ အဲဒီလူကိုယ်တိုင်ကလည်း ဒါဟာ သူအကြိုက်ဆုံး အမျိုးအစားပါလို့ ပြောခဲ့ဖူးလေတော့ အခုလိုမျိုး တက်ကြွလန်းဆန်းမယ့် နာမည်မျိုး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...။
“ခေါင်းစဉ်က ဂန်ဟွမ်ရဲ့ စရိုက်နဲ့ မလိုက်ဖက်ဘူးဆိုပြီး နင် စဉ်းစားနေပုံရတယ်"
“အဲလောက်တောင် သိသာသွားလား"
“နည်းနည်းပေါ့။ အင်း... လူကြီးတွေရဲ့ အခက်အခဲ ပြဿနာတွေ ရှိတာပေါ့ ဟယ်။ ဒီပြဇာတ်ကို ဂန်ဟွမ်က ထုတ်လုပ်တာ ဆိုပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေက တခြားနေရာက လာတာလေ။ ပြီးတော့ အဲဒီလူက အချစ်ဟာသဇာတ်လမ်းတွေကို မုန်းနေတာလည်း မဟုတ်ပါဘူး။ သူက လူတွေကို မျက်မှောင်ကြုတ်အောင် လုပ်ရတာကို ထူးထူးဆန်းဆန်း ပျော်မွေ့နေတာ၊ အမှန်အတိုင်းပြောရရင် အဲဒီအစွဲအလမ်းကြီးက တော်တော်လေး စိတ်ရှုပ်ဖို့ကောင်းတယ်"
“ဒါဆို တရားစွဲဆိုခွင့် သက်တမ်းကုန်ဆုံးခြင်း က... ”
“ဒါပြီးရင် ငါတို့လုပ်မယ့် ပြဇာတ်ပေါ့၊ ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင် ရေးထားတာ။ ဂွန်ဆူနဲ့ ငါ့ကိုတော့ အတင်းအဓမ္မ ဆွဲခေါ်ထားတာ၊ နင့်ကိုလည်း ခေါ်ဖို့ စဉ်းစားနေတယ် ထင်တယ်”
“ကျွန်တော့်ကိုလား"
“သူ နင့်ကို ပြောပြီးပြီ အောက်မေ့လို့။ မပြောရသေးဘူးလား"
စဉ်းစားကြည့်မှ ဂန်ဟွမ်က ပြဇာတ်တစ်ခုအကြောင်း ပြောခဲ့တာ ရှိသားပဲ။ အဲဒီတုန်းက မာရူးက သိပ်အာရုံမထားမိပေမဲ့ အခုဟာ ဖြစ်နေမှာ သေချာတယ်။
“သူက အသစ်အဆန်းတွေ စမ်းသပ်ရတာကို တကယ် သဘောကျတာပဲနော်"
“သူ့ကြောင့် ငါတို့မှာ ဒုက္ခရောက်ရတာပေါ့၊ ဆရာဂျွန်မင်း တောင်မှ သူ့ကို ရင်ဆိုင်ရတာ လွယ်တဲ့လူ မဟုတ်ဘူးလို့ ပြောရတဲ့အထိပဲ"
မီဆိုက ပြုံးရင်း ကားထဲဝင်သွားတော့ မာရူးက ကားမှန်ကို အသာလေး ခေါက်လိုက်တယ်။
“ဒါနဲ့... လက်မှတ် တစ်စောင်လောက် ပိုပေးလို့ ရမလား"
“အဲဒီမိန်းအစ်မှာ ပိုက်ဆံတွေ အများကြီးရှိတယ်၊ သူဘာသာသူ ဝယ်နိုင်တယ်။ နင် သူ့ကို လက်မှတ် အပြည့်အဝဈေးကလွဲလို့ လျှော့ဈေးနဲ့ လုံးဝ မဝယ်ခိုင်းနဲ့နော်"
“ဆရာမကလည်း တော်တော်လေး အညှိုးကြီးတာပဲ"
“နင် ကားနဲ့ တိုက်သတ်တာ ခံဖူးလား"
“...နှုတ်ဆက်ပါတယ်ဗျာ"
မာရူးက ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်တယ်။ အဲဒီအမျိုးသမီးရဲ့ ကားလေး အရှေ့ဂိတ်တံခါးကနေ မောင်းထွက်သွားတာကို ကြည့်ပြီးတဲ့နောက်မှာတော့ သူလည်း စာသင်ခန်းထဲ ပြန်ဝင်လာခဲ့လိုက်တယ်။
“ကျွန်တော်တို့ အခန်းကဏ္ဍတွေ ရွေးလို့ ပြီးသလောက် ဖြစ်နေပြီ၊ စီနီယာ"
သူ မရှိတဲ့အချိန်မှာ အပြီးသတ်လိုက်ကြပုံရတယ်၊ ကျောက်သင်ပုန်းပေါ်မှာ နေရာအလိုက် နာမည်တွေကို အစီအရီ ရေးထားတာ တွေ့လိုက်ရတယ်။
‘ပတ်ဒေးမြောင် - ရဲ။ ကန်ဒိုဝူး - လူမိုက်။ ချွဲအာရမ် - လူလိမ်။ အန်းဘန်ဂျူး - အရက်မူးနေတဲ့ ဖောက်သည် ... လီဂျီယွန်း က ကလပ်မယ် ဟုတ်လား'
မာရူး နောက်ဆုံးအပိုင်းကို မြင်တော့ ခဏလောက် မှင်တက်သွားရတယ်။ ဒီပြဇာတ်မှာ ကျား-မ ခွဲခြားဖို့ မလိုတဲ့အတွက် သူတို့ လိုချင်တဲ့ အခန်းကဏ္ဍကိုပဲ ယူဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး၊ မာရူးကတော့ ဘယ်သူမှ မလိုချင်တဲ့ အခန်းဖြစ်လို့ သူလိုချင်တဲ့နေရာကို ချက်ချင်း ရခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း သင်ပုန်းရဲ့ ထိပ်ဆုံးမှာ ‘ဟန်မာရူး - စီးပွားရေးသမား’ လို့ ရေးထားတာပေါ့။ ကျန်တဲ့ ကလပ်အဖွဲ့ဝင်တွေကတော့ အချင်းချင်း ညှိနှိုင်းပြီး ရွေးချယ်ခဲ့ကြတာ ဖြစ်ပေမဲ့ ဂျီယွန်း ယူလိုက်တဲ့ အခန်းကတော့ မာရူးကို တကယ်ပဲ အံ့ဩသွားစေတယ်။
“ကလပ်မယ် ဟုတ်လား။ တကယ်ကြီးလား"
“ဟုတ်ပါတယ်"
ဂျီယွန်းက ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်ပြတယ်။
“အစ်ကို ထွက်သွားပြီးတာနဲ့ သူက အဲဒီအခန်းကို ချက်ချင်းပဲ လိုချင်တယ်လို့ ပြောတာ။ သူ ဒီလိုမျိုး ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုရှိနေတာ တစ်ခါမှ အစ်မြင်ဖူးဘူး” လို့ အာရမ်က ပြောလာတယ်။
ဂျီယွန်းက ဘေးကနေ တိုးတိုးလေး လှမ်းတားလိုက်ရင်း...
“ကျွန်မ စမ်းကြည့်ချင်လို့ပါ"
သူမရဲ့ ဆုံးဖြတ်ချက်က တော်တော်လေး ပြတ်သားပုံရတယ်။ ဒေးမြောင် ကြောင့်များလား။ ဘာပဲဖြစ်ဖြစ် မာရူးအနေနဲ့ သူမကို တားဆီးဖို့ အကြောင်းပြချက် မရှိပါဘူး။
“ကြိုးစားပါဦး"
မာရူး နေရာမှာ ပြန်ထိုင်လိုက်တယ်။
“ငါ မရှိရင်တောင် ကလပ်က တော်တော်လေး အဆင်ပြေပြေ လည်ပတ်နိုင်မယ့်ပုံပဲ” လို့ ဆူယွန်းက ကျောက်သင်ပုန်းဆီ လျှောက်သွားရင်း ပြောလိုက်တယ်။
သူမက လက်ညှိုးလေးနဲ့ နှုတ်ခမ်းကို အသာလေးတို့ရင်း အေးအေးလူလူနဲ့ ကျောက်သင်ပုန်းကို ကြည့်နေတယ်။ အခန်းကဏ္ဍအားလုံးကို လှည့်ပတ်ကြည့်ပြီးတဲ့နောက်မှာတော့ ကိုယ်ကို လှည့်လိုက်ပြီး...
“အားလုံးပဲ... ကိုယ်လိုချင်တဲ့ အခန်းတွေ ရကြရဲ့လား"
“ဟုတ်၊ ရပါတယ်”
“ကောင်းပြီ၊ နောက်ပိုင်း အပြောင်းအလဲရှိရင် အမြဲတမ်း ပြောင်းလို့ရတယ်။ ဒါပေမဲ့ ကိုယ့်အခန်းကို သဘောမကျဘူးဆိုရင်တော့ စောစောစီးစီး ပြောပေးကြ။ ငါက အချိန်ဖြုန်းရတာကို မုန်းလို့"
ဆူယွန်းက ဇာတ်ညွှန်း (၃) မိတ္တူတွေကို ကလပ်အဖွဲ့ဝင် အားလုံးဆီ ဝေပေးလိုက်တယ်၊ ဇာတ်ညွှန်းတွေကို ပလတ်စတစ် ဖိုင်လေးတွေနဲ့ သေသေချာချာ ထည့်ပေးထားတာ။ စက္ကူထပ်ကြီးအတိုင်း ဒီအတိုင်း ပေးပစ်တတ်တဲ့ မီဆိုနဲ့တော့ နည်းနည်း ကွာခြားတာပေါ့။
“ကဲ... အားလုံးထက် အရင်ဆုံး ဇာတ်ညွှန်းပေါ်မှာ ကိုယ့်နာမည်နဲ့ အခန်းကဏ္ဍကို ရေးလိုက်ကြဦး။ ကိုယ့်နေရာကို ချက်ချင်း မြင်နိုင်တာက အထောက်အကူ ဖြစ်စေတယ်လေ"
သူတို့အားလုံး ဆူယွန်းရဲ့ ညွှန်ကြားချက်အတိုင်း ဇာတ်ညွှန်းပေါ်မှာ နာမည်တွေ ရေးလိုက်ကြတယ်၊ မာရူးလည်း ဘောပင်နဲ့ အတူတူ လိုက်ရေးလိုက်တယ်။ ဇာတ်ညွှန်း (၃)... ပြဇာတ်ရဲ့ ခေါင်းစဉ်က ‘ဒါက တကယ် မတရားဘူး’ တဲ့၊ မာရူးက ဇာတ်ညွှန်းကို တစ်ခေါက် ပြန်ဖတ်ကြည့်ပြီး ပြုံးမိသွားတယ်။ ဇာတ်လမ်းက ရိုးရိုးလေးပါပဲ၊ ထောင်အခန်းတစ်ခုထဲမှာ လူတစ်စုက တစ်နေကုန် ညည်းညူ အပြစ်တင်နေကြတဲ့ အကြောင်းပေါ့။ ဒဿနဆန်ဆန်၊ ဟာသဆန်ဆန်နဲ့ လူမှုပတ်ဝန်းကျင်ကို ဝေဖန်ထောက်ပြတဲ့ အချက်ကလေးတွေ ပါဝင်နေတယ်။ အဓိကကတော့ ထောင်အခန်းလေးတစ်ခုထဲမှာ ပိတ်လှောင်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန် အသေးစားလေးကို ဖော်ကျူးထားတာပဲ။
‘စီးပွားရေးသမား'
ဇာတ်ညွှန်းရဲ့ ပထမဆုံး စာမျက်နှာမှာ မာရူးရဲ့ မျက်စိထဲ ချက်ချင်း ဝင်လာတဲ့ စကားလုံးပဲ။ သူက အဲဒီအခန်းကို သဘောကျလို့ ချက်ချင်း ယူလိုက်တာ။ တော်သေးတာက တခြားအဖွဲ့ဝင် ဘယ်သူမှ အဲဒီနေရာကို မလိုချင်ကြဘူး။ မာရူးက ရုံးလုပ်ငန်းခွင်မှာ ကြုံတွေ့ခဲ့ရတဲ့ အချိန်တွေကို သိပ်အစ်မှတ်မိတော့ပေမဲ့ ခံစားချက်တွေကတော့ ရှိနေဆဲပဲ။ ဒါက သူ့ရဲ့ ဇာတ်ကောင်စရိုက်ကို ပုံဖော်ဖို့ သေချာပေါက် အထောက်အကူ ဖြစ်စေမှာပါ။
‘ဒါက လွယ်လည်း လွယ်ကူမှာပါ'
ကိုယ်တိုင် အတွေ့အကြုံရှိဖူးတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရတာက ပိုပြီး လွယ်ကူတတ်တယ်၊ အဲဒီတစ်ချက်တည်းနဲ့တင် သူက အဲဒီအခန်းကို လိုချင်ခဲ့တာ။ လွယ်ကူတဲ့ အခန်းကဏ္ဍက သူ့ကို အချိန်ပို ရစေမှာဖြစ်ပြီး အဲဒီအချိန်ပိုတွေကို လူရွေးပွဲအတွက် လေ့ကျင့်ရာမှာ သုံးနိုင်မှာ ဖြစ်လို့ပါပဲ။
“ကဲ... အားလုံး ဝိုင်းဖွဲ့ပြီး ထိုင်လိုက်ကြရအောင်"
ကလပ်အဖွဲ့ဝင်တွေက နေရာတွေ ပြန်စီစဉ်လိုက်ကြပြီး ဆူယွန်းကတော့ ဝိုင်းအလယ်မှာ မတ်တတ်ရပ်လိုက်တယ်။
“အခု ပထမဆုံးအကြိမ် ဇာတ်ညွှန်း ဖတ်ကြမယ်။ လွယ်လွယ်လေးပါ။ ဒီအတိုင်း ဖတ်ရုံပဲ။ အတန်းထဲမှာ စာအုပ်ဖတ်ဖူးကြတယ် မဟုတ်လား။ ဒါလည်း အတူတူပါပဲ။ ငါက ဇာတ်ညွှန်းထဲက ညွှန်ကြားချက်တွေကို ဖတ်ပေးမယ်၊ ကိုယ့်အလှည့်ရောက်ရင် ကိုယ့်စကားပြောတွေကို ဖတ်ရုံပဲ။ ခံစားချက် ထည့်ချင်လည်း ရတယ်၊ ဒီအတိုင်း ဖတ်ချင်လည်း ရတယ်။ အခုလောလောဆယ်တော့ ပြဇာတ်က ဘယ်လိုပုံစံလဲဆိုတာကို သိအောင် လုပ်နေတာပဲ။ ဒါပေမဲ့... ဖတ်နေတဲ့အချိန်မှာ ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး ဖတ်ပေးပါ။ ငါက လှနေတော့ စိတ်လှုပ်ရှား စိုးရိမ်စရာ ဖြစ်နေမယ်ဆိုတာ သိပေမဲ့ သိပ်ပြီးတော့ ရှက်မနေကြပါနဲ့ဦး"
ဆူယွန်းက ပြုံးလိုက်တယ်။ သူမက မြေခွေးမလေးလို ညို့ယူဆွဲဆောင်နိုင်လွန်း ပေမဲ့ ထူးထူးဆန်းဆန်း ကြည့်ရတာ စိတ်အနှောင့်အယှက် မဖြစ်စေဘူး။ ဒါက အရည်အချင်းပဲလား။ ဒိုဝူး တောင်မှ သူမကို တည့်တည့်ကြည့်ဖို့ ရှက်နေရှာတယ်။ ဘာလို့လဲဆိုတော့ တခြားအမျိုးသမီးတွေနဲ့ မတူဘဲ ဆူယွန်းရဲ့ လှုပ်ရှားမှု တိုင်းက ဆွဲဆောင်မှုတွေ အပြည့် ဖြစ်နေလို့ပဲ။ သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကနေ ဆွဲဆောင်မှု ဟော်မုန်းတွေ အမြဲတမ်း ထွက်နေသလိုမျိုးပါပဲ။ ဘာပဲဖြစ်ဖြစ် ကြည့်ရတာ မျက်စိပသာဒ ဖြစ်တာမို့ မာရူးလည်း ဒီအတိုင်းပဲ ကြည့်ပြီး ဇိမ်ခံနေလိုက်တော့တယ်။
“ဟန်မာရူး... နင့်ရဲ့ အကြည့်တွေက သိပ်ပြီးတော့ သိသာလွန်းနေတာ မဟုတ်ဘူးလား"
“အင်း... ဆရာမကိုယ်တိုင်က အဲလိုကြည့်ခိုင်းနေတာလေ"
ဒီလို အပြန်အလှန် စနောက်သံကြောင့် ကလပ်အဖွဲ့ဝင်တွေက မျက်လုံးအဝိုင်းသား ဖြစ်သွားကြတယ်။ ဂျီယွန်း ရဲ့ မျက်နှာ အမူအရာက ခုနကတင် တင်းမာသွားတာလား။ သေချာပေါက် ဒါက စိတ်ကူးယဉ် အထင်မှားတာပဲ ဖြစ်မှာပါ၊ မာရူးက အံ့ဩသွားတဲ့ အမူအရာနဲ့ ဆူယွန်းကို လှည့်ကြည့်လိုက်တယ်။ အဲဒီအမျိုးသမီးက သူ့ကို စနောက်တဲ့ သဘောနဲ့ မျက်စိတစ်ချက် မှိတ်ပြတယ်၊ သူ အမိဖမ်းခံလိုက်ရပြီ။
“အိုခေ... တော်တော်လေး သတ္တိရှိတာပဲ"
“...သင်ခန်းစာဆီ ပြန်သွားရအောင်ဗျာ"
“ပြန်သွားတော့မလို့ပါပဲ၊ လူလည်ကြီးရဲ့"
သူမကို တကယ်ပဲ လျှော့တွက်လို့မရပါဘူး။
* * * * * * * * *
“သူတို့ တော်တော်လေး ရင်းနှီးနေကြတဲ့ပုံပဲနော်"
ဂျီယွန်းက ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်နှာလေးနဲ့ ခေါင်းညိတ်ပြတယ်၊ ဆူယွန်းနဲ့ မာရူးက တကယ်ပဲ တော်တော်လေး ရင်းနှီးနေကြတဲ့ပုံပဲ။ ဆူယွန်းက ဒရာမာဇာတ်လမ်းတွဲတွေမှာ နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက် ဖြစ်နေတာကြောင့်တင် ဂျီယွန်းက ဖိအားတွေ ခံစားနေရတာဖြစ်ပြီး၊ မာရူးကတော့ အဲဒီအမျိုးသမီးကို နှစ်ပေါင်းများစွာ သိလာခဲ့တဲ့အတိုင်း စကားတွေ ပြောနေလေရဲ့။
“စီနီယာ မာရူးက ဒီနေ့ တကယ်ကို အံ့ဩစရာပဲ။ သူ့ရဲ့ တည်တည်တံ့တံ့ စရိုက်နဲ့ဆို မိန်းကလေးတွေနဲ့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ထင်ထားတာ၊ ဒါပေမဲ့ သူပြုံးလိုက်ရင် တော်တော်လေး ချောတာပဲ။ ဒါပေမဲ့လည်း... စီနီယာ ဒိုဝူး က ပိုချောပါတယ်။ စီနီယာ ဒေးမြောင် ကတော့... ချစ်စရာကောင်းတယ်။ သူ့ကို စရတာ ပျော်စရာကောင်းလိမ့်မယ် ထင်တယ်"
အာရမ်က သဘောကျပြီး တခိခိ ရယ်မောနေတယ်။ ဂျီယွန်းလည်း လိုက်ရယ်ချင်ပေမဲ့ တကယ်ကို အဲဒီလို လုပ်နိုင်တဲ့ စိတ်အခြေအနေမှာ မရှိဘူး ဖြစ်နေတယ်။
“ဘာဖြစ်လို့လဲ၊ ဒီနေ့ ကြည့်ရတာ ဘာလို့ အဲလောက် နွမ်းနယ်နေရတာလဲ။ စာသင်ခန်းထဲမှာတုန်းကတော့ အားအင်တွေ ပြည့်ဝနေတဲ့ပုံပဲဥစ္စာ"
“မဟုတ်ပါဘူး၊ ငါက... ”
“အွန်း... ငါ တစ်ခုခုကို ရိပ်မိသွားပြီ ထင်တယ်"
“ဘာ... ဘာကိုလဲ"
“အချစ်အကြောင်းကိုပေါ့"
အာရမ်က ဂျီယွန်းရဲ့ ခါးဘေးကို လက်နဲ့ လှမ်းတို့လိုက်တော့၊ ဂျီယွန်းက အော်ဟစ်ရင်း ယားယံပြီး လဲကျသွားတော့တယ်။ သူမက သက်ပြင်းအသာချရင်း မော့ကြည့်လိုက်တော့ အာရမ်က သူမကို မလိုတမာ အပြုံးနဲ့ ပြုံးကြည့်နေတာကို တွေ့လိုက်ရတယ်။
“ပြောစမ်းပါ။ နင် သဘောကျနေတဲ့လူ ရှိတယ် မဟုတ်လား။ ပြဇာတ်ကလပ်ထဲမှာလေ"
“မဟုတ်ပါဘူး"
သူမ အော်လိုက်မိပြီးမှ ပါးစပ်ကို ပြန်ပိတ်ပြီး အာရမ်ကို စိုက်ကြည့်နေမိတယ်။ အဲဒီမိန်းကလေးက စပ်ဖြဲဖြဲနဲ့ ပြုံး ပြုံးနေဆဲပဲ။ ဒုက္ခပါပဲ။ ဂျီယွန်းက ထွက်ပြေးဖို့ ပြင်ပေမဲ့ အာရမ်က ချက်ချင်းပဲ အမီလိုက်လာတယ်။ ပြီးတော့ မကောင်းဆိုးဝါး လေသံကြီးနဲ့ အနားကို ကပ်လာပြီး...
“လီဂျီယွန်း... နင် ငါ့ကို အမှန်အတိုင်း ပြောတာ ပိုကောင်းလိမ့်မယ်"
အာရမ်က လက်သည်းကုတ်မယ့် ပုံစံမျိုးနဲ့ လက်ချောင်းလေးတွေ ကွေးပြီး တိုးလာတာကြောင့် ဂျီယွန်းခမျာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ခေါင်းခါပြရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။
* * * * * * * * *
ဘန်ဂျူးက သူ့အိမ်အရှေ့တံခါးမှာ ရှိနေတဲ့ အနက်ရောင် ဖိနပ်တစ်စုံကို မြင်တော့ ပြုံးမိသွားတယ်။
“အစ်မ... အိမ်ပြန်ရောက်နေပြီလား"
“အေး"
အသံက ရေချိုးခန်းထဲကနေ ထွက်လာတာဖြစ်ပြီး၊ ထမင်းစားပွဲပေါ်မှာတော့ သူမ ဝယ်လာတဲ့ ဟင်းလျာတွေ အများကြီး ရှိနေတယ်။ သူက ဟင်းတွေကို အလွတ်ဖြစ်နေတဲ့ ရေခဲသေတ္တာထဲ ထည့်လိုက်ပြီး အဝတ်အစားလဲဖို့ သူ့အခန်းထဲ ဝင်လာခဲ့လိုက်တယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ စာရေးစားပွဲပေါ်က ထူးဆန်းတဲ့ အရာတစ်ခုကို သတိပြုမိသွားတယ်။ ကွန်ပျူတာတစ်လုံးပဲ။
“အစ်မ... ဘာလို့ ဒီမှာ ကွန်ပျူတာ ရှိနေတာလဲ"
“နင် အထက်တန်းကျောင်း ရောက်နေပြီလေ။ တစ်လုံးလောက် လိုအပ်မယ့် အချိန်ရောက်ပြီပေါ့"
သူမရဲ့ အသံက ရေချိုးခန်းထဲကနေ ပဲ့တင်ထွက်လာတယ်။ ရေချိုးနေတာလား မသိဘူး။ သူလည်း ကွန်ပျူတာတစ်လုံး လိုအပ်နေတာမို့ ဒါက သူ့အခန်းအတွက် တကယ့်ကို အသုံးတည့်မယ့် အရာတစ်ခုပါပဲ။
“ဒါနဲ့ ဒါက ဘယ်လောက်လဲ"
“စုစုပေါင်း နှစ်သန်းလောက်လား။ အတိအကျတော့ မသိဘူး"
“နှစ်သန်းတောင်"
“ဘာလဲ... သိပ်ဈေးပေါလို့လား"
“မ... မဟုတ်ပါဘူး"
သူမက တကယ့်ကို ဘီလူးမကြီးတစ်ကောင်ပါပဲ၊ ဘန်ဂျူးရဲ့ မိဘတွေက သူ့ကို တစ်ယောက်တည်း စိတ်ချလက်ချ ထားခဲ့နိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ကတော့ သူ့အစ်မရဲ့ အိတ်ကပ်က တော်တော်လေး နက်ရှိုင်းလှလို့ပဲ။
“ထမင်းထည့်ကျွေးရမလား"
“လုပ်ပေးလေ"
“အဲလောက် နောက်ကျနေပြီကို အစ်မက အခုထိ မစားရသေးဘူးလား"
“နင် ချက်တဲ့ ဟာကိုပဲ စားချင်လို့ အငတ်ခံ စောင့်နေတာ"
ဘန်ဂျူးက သက်ပြင်းအသာချရင်း ပြင်ဆင်စရာရှိတာတွေ စတင်ပြင်ဆင်လိုက်တယ်။ သူ့အစ်မက တစ်ခါတလေ တော်တော်လေး ထူးဆန်းပြီး ကြောက်ဖို့ကောင်းပေမဲ့ သူမက သူ့ရဲ့ အဖိုးတန် အစ်မကြီး ဖြစ်နေဆဲပါပဲ။
“အစ်မ ရိုက်ကူးနေတဲ့ ဟာကကော"
“ပြီးသလောက် ဖြစ်နေပြီ။ ငါ ဒီမှာ ရက်အနည်းငယ်လောက် ရှိနေမှာမို့ အဲဒီအတောအတွင်း ငါ့အတွက် ထမင်းချက်ပေးဦး"
“အပြင်ကပဲ မှာစားလိုက်ပါလား"
“မစားဘူး"
“......”
ဘန်ဂျူးက သူ့အစ်မနဲ့ သိပ်ပြီး ငြင်းခုံလေ့မရှိပါဘူး၊ ဘာလို့လဲဆိုတော့ သူပဲ အမြဲ ရှုံးမှာမို့လို့ပဲ။ သူ ငယ်ငယ်တုန်းက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ခဲ့တာကလည်း အစ်မဖြစ်သူကို အနိုင်ယူနိုင်မယ့် တစ်ခုတည်းသော အရာလို့ ထင်ခဲ့လို့ဖြစ်တယ်။ အခုရက်ပိုင်းမှာတော့ သူက အက်ရှင်မင်းသားတစ်ယောက် ဖြစ်လာဖို့အတွက် လေ့ကျင့်ခန်း လုပ်နေတာ ဖြစ်ပေမဲ့ပေါ့။
သူ့အတွက်တော့ သူ့အစ်မက စိတ်သက်သာရာရစေတဲ့ ဘီလူးမကြီးတစ်ကောင်လိုပါပဲ။ အချိန်အတော်များများမှာ ဆက်ဆံရတာ အဆင်ပြေပေမဲ့ သူမ တစ်ခုခုကို ထူးထူးဆန်းဆန်း စလုပ်ပြီဆိုရင်တော့ ဘယ်သူမှ တားလို့မရတော့ဘူး။
“ထမင်းပဲ ချက်ပေးလိုက်ပါတော့မယ်"
နောက်ပိုင်းမှာ မိမိကိုယ်ကိုယ် ဒုက္ခမရောက်အောင်ပဲ ကြိုတင်ပြင်ဆင်လိုက်တာက အကောင်းဆုံးပဲလေ။
* * * * * * * * *