← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း(၂၁၂)

“အနည်းဆုံးတော့ ထမင်းလေးဘာလေး စားဦးမှပေါ့။ ရှာထားတဲ့ ပိုက်ဆံတွေအများကြီးကို ဘာလုပ်ဖို့ သိမ်းထားတာလဲ”

“လာမဆူနဲ့စမ်းပါ။ အင်း... နင်ငယ်ငယ်တုန်းက သိပ်ချစ်ဖို့ကောင်းတာ၊ အခုတော့ ပွစိပွစိနဲ့ ပူညံပူညံ လုပ်ဖို့ပဲ သိတာပဲ”

ဘန်ဂျူးရဲ့ အမေ နေရာမှာ ဝင်ထိုင်ရင်း ခေါင်းလျှော်ထားတဲ့ ဆံပင်တွေကို တာဝါနဲ့ သုတ်နေတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတင် ဆံပင်အရောင်က အမည်းရောင်ကြီး ဖြစ်နေသေးတာ၊ အခုတော့ နဖူးကနေ နားရွက်အထိက ခရမ်းရင့်ရောင်၊ အောက်ဘက်အဖျားအထိက ခရမ်းနုရောင် ဖြစ်နေပြီ။

“နောက်ဆုံးတော့ အဲဒီ သက်တန့်ရောင် ဆံပင်ကြီး လုပ်လိုက်တာပေါ့”

“တကယ်တော့ ဒါကြီးကို စိတ်ကုန်နေပြီ။ တော်တော်ကြီး ရိုးအီနေလို့”

“မရှက်ဘူးလား”

“ဘာကို ရှက်ရမှာလဲ။ ခရမ်းရောင် ဖြစ်နေလို့လား။ ဘာဖြစ်လို့လဲ”

သူ့အစ်မက ပြုံးပြုံးရွှင်ရွှင်နဲ့ ဇွန်းကို ကောက်ကိုင်လိုက်တယ်။ အခုထိလည်း သူက ဘန်ဂျူးအတွက်တော့ လုံးဝ ပဟေဠိဆန်တဲ့လူကြီး ဖြစ်နေတုန်းပဲ။

“အဲဒါနဲ့ ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ”

“မသိဘူးလေ။ တော်တော်ကြာကြာ နေချင်ရင်လည်း နေမိမှာ။ နားချင်လို့”

“နားချင်တိုင်း နားလို့ရလို့လား”

သူ့အမေက “ရတာပေါ့” ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါင်းညိတ်ပြတယ်။

“နှမ်းဆီနဲ့ ပဲငပိရည် ဘယ်မှာလဲ”

“ဒီမှာ”

“နင်လုပ်ပေးတဲ့ ကြက်ဥထမင်းကြော်ကို သိပ်ကြိုက်တာပဲ”

ထမင်းပူပူပေါ်မှာ ကြက်ဥမကျက်တကျက်ကြော်လေးကို တင်၊ နှမ်းဆီနဲ့ ပဲငပိရည် ဆမ်းထားတဲ့ ကြက်ဥထမင်း။ ဒါက သူတို့ အဖွား ငယ်ငယ်တုန်းက အမြဲလုပ်ကျွေးနေကျ စားစရာပဲ။ အမှန်တော့ အဖွားက သူ့အစ်မကို သိပ်မကြည်တော့ အမြဲတမ်း ကြက်ဥကြော်ကို တစ်ဝက်ပဲ ခွဲကျွေးတတ်တယ်။ သူ့အစ်မက နည်းလွန်းလို့ဆိုပြီး ဂျီကျပြပေမဲ့ အဖွားကတော့ ဘယ်တော့မှ ပိုမကြော်ပေးဘူး။ အဖွားမျက်ကွယ်မှာ ဘန်ဂျူးက သူ့ကြက်ဥကြော်ကို အစ်မပန်းကန်ထဲ ခိုးထည့်ပေးခဲ့တာပေါ့။ အဲဒီတုန်းက သူ့အစ်မ အသက်က ၂၈ နှစ်ရှိပြီ။

“အစ်မ”

“ဘာလဲ”

“အဖွားဆီ သွားတွေ့ခဲ့သေးလား”

“တွေ့ခဲ့တာပေါ့။ အာ... အဲဒီ အဘွားကြီးက အခုထိ သန်တုန်းမြန်းတုန်းပဲ။ ငါ့မျက်နှာကို မြင်မြင်ချင်း ဆံပင်အရောင်ကို ကြည့်ပြီး ဆူတော့တာပဲ။ နောက်ထပ် ဆယ်နှစ်လောက်တော့ အေးဆေး နေနိုင်ဦးမယ့် ပုံပဲ”

“ဟောဗျာ... အဖွားကို အဘွားကြီးလို့ မခေါ်ပါနဲ့ဆို”

“အောက်ခြေလွတ်ပြီး ပြောနေတာမှ မဟုတ်ဘဲ”

“...ဒါဆို အဖွား လဲကျတုန်းက ဆေးရုံကို ငိုယိုပြီး ပြေးသွားတဲ့လူက ဘယ်သူပါလိမ့်”

“ဘယ်သူဖြစ်မလဲ ဟုတ်လား”

သူ့အစ်မက သွားဖြဲနဲ့ ပြုံးလိုက်တယ်။ ဟိုးအရင်ကတည်းက သူက အဖွားနဲ့ တကျက်ကျက် ရန်ဖြစ်ခဲ့တာ။ အခုထိလည်း ဖြစ်တုန်းပဲ။ အဖွားက အမြဲတမ်း အိမ်ထောင်ပြုဖို့ ဆော်ဩပေမဲ့ သူကတော့ အဖွားလို ပျင်းစရာကောင်းတဲ့ ဘဝမျိုးမှာ မနေနိုင်ဘူးဆိုပြီး အမြဲ ငြင်းခဲ့တာပေါ့။ ဒါပေမဲ့ သူ အိမ်ကထွက်သွားကတည်းက အဖွားဟာ သူပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတွေကို အမြဲ စောင့်ကြည့်တတ်လာတယ်။ တစ်ဖက်မှာလည်း သူ့အစ်မက ဘန်ဂျူးဆီ ဖုန်းဆက်ပြီး အဖွား နေကောင်းရဲ့လားလို့ အမြဲ လှမ်းလှမ်းမေးတတ်တယ်။ အပေါ်ယံမှာ သာ ရန်ဖြစ်နေကြတာ၊ အထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် သိပ်သံယောဇဉ်ကြီးကြတာပေါ့။ ဘန်ဂျူးကတော့ အရင်က သူတို့ပတ်သက်မှုကို နားမလည်နိုင်အောင် ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ သဘောပေါက်သွားပြီ။ တစ်ယောက်နဲ့တစ်ယောက် အင်တင်တင် ဖြစ်နေကြတာတင်ပဲ။

“ငါ့ကို လာမေးမနေနဲ့၊ အဖွားဆီ ဖုန်းဆက်လိုက်ပါလား”

“တော်ပါပြီ။ ဆက်လည်း အဆူခံရမှာပဲဟာ။ ဒါနဲ့ နေပါဦး... နင်က ငါ့ကို ဆရာ လာလုပ်နေတာလား။ အခုတော့ အရွယ်ရောက်သွားပြီဆိုပြီး လာပညာပြနေတာပေါ့ ဟုတ်လား”

သူ့အစ်မက သူ့ဆီ လက်လှမ်းလိုက်တယ်။ ဘန်ဂျူးအနေနဲ့ အေးဆေး ရှောင်လို့ရပေမဲ့ ငြိမ်ငြိမ်လေးပဲ နေလိုက်ပါတယ်။ ရှောင်လိုက်ရင် သူ့အစ်မက မရရအောင် လိုက်ဆွဲမှာ သူသိနေလို့ပဲ။ အစ်မက သူ့ခေါင်းကို ကိုင်ပြီး ပြုံးပြုံးကြီး ရမ်းခါပစ်လိုက်တယ်။

“ဒါနဲ့ အထက်တန်းကျောင်းက ဘယ်လိုလဲ။ ပျော်ဖို့ကောင်းလား”

လက်ကိုတော့ တော်တော်မြန်မြန် ပြန်လွှတ်ပေးသား။

“ပျော်ဖို့ကောင်းပါတယ်။ အခန်းထဲမှာ ထူးထူးဆန်းဆန်း လူတွေအများကြီးပဲဆိုတော့ ပျင်းဖို့ မကောင်းဘူး။ ကလပ်လုပ်ရတာလည်း အဆင်ပြေတယ်”

“ကလပ် ဟုတ်လား။ ဘာကလပ်လဲ”

“သရုပ်ဆောင်ကလပ်”

“အင်း... သရုပ်ဆောင်ပေါ့။ နင် အားကစားဘက် ရောက်သွားမယ် ထင်နေတာ။ အားကစား သဘောကျတယ် မဟုတ်လား။ တော်လည်း တော်တယ် ထင်တာပဲ။ အသံအိုးလည်း ကောင်းတော့ အားကစားလုပ်ရင် အခွင့်အရေး ပိုသာတာပေါ့”

“အသံကျယ်တာနဲ့ အားကစားနဲ့ ဘာဆိုင်လို့လဲ။ ပြီးတော့ ကျွန်တော်က အက်ရှင်မင်းသား ဖြစ်မှာ။ ဂျက်ကီချန်းလိုမျိုးလေ”

“နင်ကလား”

“ဘာလဲ... မဖြစ်နိုင်ဘူးလား”

သူက ဇွန်းကို ချပြီး သူ့အစ်မကို ကြည့်လိုက်တော့ အစ်မက ထုံးစံအတိုင်း တောက်ပစွာ ပြုံးနေပြန်တယ်။

“လုပ်စမ်းပါ ဖြစ်အောင်။ ဘာပဲဖြစ်ဖြစ် လုပ်၊ ဒါပေမဲ့ ငါကတော့ ကူညီမှာ မဟုတ်ဘူးနော်။ ကျွေးနိုင်တယ်၊ အဝတ်အစားဆင်နိုင်တယ်၊ အမိုးအောက်မှာ ထားနိုင်တယ်၊ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ ဘာမှ မကူညီနိုင်ဘူး။ လုံးဝပဲ”

“ချက်တာပြုတ်တာနဲ့ လျှော်တာဖွတ်တာတွေက ကျွန်တော် လုပ်နေတာဆိုတာ သိတယ် မဟုတ်လား”

“ဒါပေမဲ့ အဲဒီအတွက် ပိုက်ဆံစိုက်ထုတ်နေတာက ငါလေ”

“ဘုရားရေ... ကျွန်တော်လည်း မြန်မြန် အလုပ်ရှာရတော့မယ်”

“မရပါဘူး။ နင် အလုပ်လုပ်ရင် ငါ့ကို ဘယ်သူ ထမင်းချက်ကျွေးမလဲ”

ဘန်ဂျူးက ပြုံးနေတဲ့ သူ့အစ်မကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

“အစ်မကော အိမ်ထောင်မပြုတော့ဘူးလား။ အခုအချိန်ဆို တော်တော်လေး စိုးရိမ်ရတဲ့ အရွယ် ရောက်နေပြီ မဟုတ်လား”

သုံးဆယ့်သုံး။ လူတွေ အသက်ကြီးမှ အိမ်ထောင်ပြုကြတဲ့ သတင်းတွေကို ဘန်ဂျူး တွေ့ဖူးပေမဲ့ သုံးဆယ့်သုံးဆိုတာ အိမ်ထောင်ပြုဖို့ စောတဲ့အရွယ်တော့ လုံးဝမဟုတ်တော့ဘူး။ အဲဒါကြောင့်ပဲလားမသိ၊ အစ်မနဲ့ အဖွားနဲ့ တွေ့ပြီဆိုရင် အိမ်ထောင်ရေးကိစ္စနဲ့ အမြဲ ပွက်လောရိုက်နေတတ်တာ။ အဖွားက “နင် အခုထိ လုပ်ချင်တာတွေ အကုန်လုပ်ခဲ့ပြီးပြီပဲ၊ ဒီတစ်ခါတော့ ငါ့စကား နားထောင်စမ်းပါ” လို့ ပြောရင်၊ သူ့အစ်မက “အပြင်မှာ လူကောင်းတစ်ယောက်မှ မရှိတာကိုး” လို့ ပြန်ပြောလေ့ရှိတယ်။

“နင်ကတော့ အဲဒီ စောင်းချိတ်ပြောတတ်တဲ့ ပါးစပ်ကြောင့် တစ်နေ့ ဒုက္ခလှလှတွေ့မှာ”

သူ့အစ်မက ဘန်ဂျူးရဲ့ ပါးကို ဆွဲညှစ်လိုက်လို့ ဘန်ဂျူးက လက်ကို ပုတ်ထုတ်ပြီး ဆက်ပြောလိုက်တယ်။

“အဖွားကတောင် ကျွန်တော့်ကို လှမ်းမေးနေတယ်၊ နင် တစ်ယောက်ယောက်ကို ခိုးဝှက်ပြီး ထားနေတာလား တဲ့”

“ဘာကြီးလဲ။ ငါ့ကို ဘယ်နှနှစ်သမီး ထင်နေတာလဲမသိဘူး”

“အစ်မအလုပ်ကလည်း အလုပ်လေ... အဲလို ထင်တာလည်း မဆန်းပါဘူး။ ကျွန်တော်တောင် အစ်မ တီဗီထဲ ပါနေတာကို အခုထိ မယုံနိုင်သေးဘူး”

မီးဖိုချောင်ထဲမှာ ဖွင့်ထားခဲ့တဲ့ တီဗီကနေ မိတ်ကပ်ကြော်ငြာတစ်ခု လာနေတယ်။ ပိုးသားအင်္ကျီအကျပ်ကြီး ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က သူ့ရဲ့ ချောမောလှပတဲ့ အသားအရေကို ပြပြီး ပြုံးပြနေတာပေါ့။ ဘန်ဂျူးက တီဗီထဲက မိန်းမကို တစ်ချက်ကြည့်၊ သူ့အစ်မကို တစ်ချက်ကြည့် လိုက်တယ်။

“ကင်မရာကတော့ တကယ့် မျက်လှည့်ပဲ”

“ဘာတွေ လျှောက်ပြောနေတာလဲ”

သေချာတာပေါ့၊ တီဗီဖန်သားပြင်ထဲက သူ့အစ်မကို မြင်ရင် လူတွေက အဲဒီမိတ်ကပ်ကို ဝယ်ကြမှာပဲ။ အဲဒါကို တွေးမိရင် ဘန်ဂျူးမှာ အပြစ်ရှိသလိုလိုတောင် ခံစားရတယ်။ သူ့အစ်မက တီဗီထဲက အမျိုးသမီးလိုမျိုး လှပတင့်တယ်နေတဲ့ လူစားမျိုး မဟုတ်ဘူးလေ။ သန်းခေါင်ယံအချိန်ကြီးမှာ အာလူးကြော်တွေ တကြွတ်ကြွတ်ဝါးရင်း အရူးတစ်ယောက်လို တဟားဟား အော်ရယ်တတ်တဲ့ မိန်းမစားမျိုး။

“အဲဒီကုမ္ပဏီက ဘာလို့ အစ်မကိုမှ မော်ဒယ်အဖြစ် သုံးရတာလဲမသိဘူး”

“ငါက လှလို့ပေါ့”

“အဲဒါကြောင့်တော့ မဟုတ်လောက်ပါဘူး”

“နင်က ငါ့မျက်နှာကို နေ့တိုင်း မြင်နေရလို့ ရိုးနေတာ။ ငါ မြောင်ဒုံ အနုပညာပြဇာတ်ရုံ ရှေ့ လမ်းလျှောက်ရင် ဘာဖြစ်သွားမလဲဆိုတာ ကြည့်လိုက်ဦး”

“ဒါပေမဲ့ မနေ့က ဈေးသွားတုန်းကတော့ ဘာမှ မဖြစ်ပါဘူး”

“အဲဒါက ငါ မိတ်ကပ် မလိမ်းထားလို့လေ”

“အစ်မကို ယုံပြီး အရူးလုပ်ခံရတဲ့ လူတွေကို သနားပါတယ်။ ဒါက လိမ်လည်မှုကြီးပဲ။ အကြီးအကျယ် လိမ်တာ”

“လူတွေက သူတို့ မြင်ချင်တာ မြင်ပြီး ကြားချင်တာ ကြားကြတာပဲ။ သူတို့ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတော့ ငါ့အိတ်ထဲ ပိုက်ဆံဝင်တာပေါ့။ အဲဒီပိုက်ဆံနဲ့ ငါ လုပ်ချင်တာ လုပ်တယ်။ ဘန်ဂျူး... နင် ဒါကို မှတ်ထားစမ်းပါ။ ဒါက အဖိုးတန်တဲ့ အကြံဉာဏ်ပဲ။ ဘဝဆိုတာ ပိုက်ဆံနဲ့ လည်ပတ်နေတာ”

“အဖိုးတန်လှတဲ့ သင်ခန်းစာအတွက် ကျေးဇူးတင်ပါတယ် အစ်မ”

ဘန်ဂျူးက ပန်းကန်အလွတ်ကို ကိုင်ပြီး ထရပ်လိုက်တယ်။ သူ့အစ်မကတော့ ပြုံးနေတုန်းပဲ။

“...ဒါနဲ့ မကြာသေးခင်က အိမ်ကို ဘယ်သူမှ မလာကြဘူးလား”

“မလာပါဘူး”

“စာတွေကော”

“ဘာမှ မရှိဘူး”

“အစ်မ တကယ် အဆင်ပြေရဲ့လား”

“ငါ့ကို ဘယ်သူထင်လို့လဲ။ အခုဆို ဆဲသမျှ ကဲ့ရဲ့သမျှတွေကို ခံနိုင်ရည် တော်တော်ရှိနေပြီ။ ငါ့အတွက် စိုးရိမ်မနေနဲ့။ ပြီးတော့ ငါ့မှာ အခု ပရိသတ်တွေ ရှိနေပြီလေ။ နည်းနည်းတော့ ပျင်းဖို့ကောင်းသား။ အင်တာနက်ပေါ်မှာ တစ်ခုခု ပြန်စလုပ်ရမလား”

“မလုပ်ပါနဲ့တော့။ ထပ်လုပ်ရင် အဖွား တကယ် လဲသွားလိမ့်မယ်”

“အဲလို ထင်လား”

ဘန်ဂျူးက ပန်းကန်ကို စင်ထဲထည့်ပြီး ရေဘုံဘိုင် ဖွင့်လိုက်တယ်၊ ရေဆေးရင်းနဲ့ သူ တွေးနေမိတာပေါ့။ သူ့အစ်မ ရုပ်ရှင်လောကထဲကို စဝင်တုန်းက တစ်မိသားစုလုံး စိတ်လှုပ်ရှားပြီး ပျော်ခဲ့ကြတာ။ ပထမဆုံး ဆုရပြီး တစ်နိုင်ငံလုံးရဲ့ အာရုံစိုက်မှုကို ရခဲ့တုန်းက အကုန်လုံး ပျော်ရွှင်ခဲ့ကြတယ်။ ဘန်ဂျူး အဲဒီတုန်းက မူလတန်းကျောင်းသားပဲ ရှိသေးပေမဲ့ သူ့အစ်မ ရည်မှန်းချက်နဲ့ နီးစပ်သွားလို့ ဝမ်းသာအားရ ဖြစ်ခဲ့တာကို မှတ်မိနေသေးတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့အစ်မက တကယ့်ကို ကြောက်စရာကောင်းတဲ့ မျက်နှာပေးနဲ့ အိမ်ပြန်လာတတ်တယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေကို ရပ်လိုက်ပြီး တိုက်ခန်းတွေကအစ လျှပ်စစ်ထမင်းပေါင်းအိုးအဆုံး ကြော်ငြာတွေပဲ ဇောက်ချလုပ်တော့တာပဲ။ အိမ်ပြန်လာတာလည်း နည်းသွားပြီး အင်တာနက်ပေါ်မှာ သူ့ကို ဝေဖန်ပုတ်ခတ်တဲ့ မှတ်ချက်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ အဖွားက အဲဒီမှတ်ချက်တွေကို ဖတ်ပြီး ငိုခဲ့ရလို့၊ အိမ်ထဲမှာ အဖွားရဲ့ ငိုသံတွေ လွှမ်းနေတဲ့ရက်ဆို ဘန်ဂျူး တစ်နေကုန် အပြင်မှာပဲ လျှောက်ပြေးနေခဲ့ရတာကို မှတ်မိနေတုန်းပဲ။

“အစ်မ”

“ဘာလဲ”

“အဲဒီတုန်းက ဘာလို့ အဲလို လုပ်ခဲ့တာလဲ”

သူ့အစ်မက ဘာကို ဆိုလိုတာလဲဆိုတာ ချက်ချင်း သဘောပေါက်သွားတဲ့ပုံပဲ။ လက်ထဲက မုန့်ကို ဖြည်းဖြည်းချင်း ဝါးပြီးမှ ပြုံးပြုံးလေး ပြန်ပြောတယ်။

“နင် ပထမဆုံး လစာရတဲ့နေ့ကျမှ ငါ ပြောပြမယ်။ နည်းနည်းတော့ ရှုပ်ထွေးလို့”

“ရှုပ်ထွေးတာတွေ လာမပြောနဲ့”

ဘန်ဂျူးက ပန်းကန်ပြားကို စတီးပတ်နဲ့ အားရပါးရ တိုက်လိုက်တယ်။ သူက လူတွေကို စိုးရိမ်ပူပန်ပြတတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ စိတ်ထဲရှိတာကို ချက်ချင်း မေးတတ်တဲ့သူ ဖြစ်ပေမဲ့ အဲဒီတုန်းက ဖြစ်ခဲ့တာတွေကိုတော့ သူ ဆက်မမေးရက်တော့ဘူး။ ဘာလို့လဲဆိုတော့ အခုတင်ပဲ ပြုံးရွှင်နေတဲ့ သူ့အစ်မရဲ့ မျက်နှာက အရင်လို တက်ကြွတဲ့ အရိပ်အယောင်တွေ မရှိတော့လို့ပဲ။

“ဈေးဝယ် အတူတူသွားမလား။ မသွားဖြစ်တာ တော်တော်ကြာပြီ”

“ပစ္စည်းတွေ အများကြီး အိမ်ကို သယ်လာပြီးပြီပဲဥစ္စာ”

“ထပ်ဝယ်လို့ ရတာပဲ။ ငါ့မှာ ပိုက်ဆံတွေ အများကြီးပဲဟာ”

“အဲဒီပိုက်ဆံတွေကို အိမ်ထောင်ပြုဖို့အတွက် ချန်ထားဦး”

“အာ... အဲဒါကို စိတ်မပူစမ်းနဲ့”

သူ့အစ်မက ဝုန်းခနဲ ထရပ်ပြီး ဘန်ဂျူးရဲ့ အင်္ကျီကို လာဆွဲတယ်၊ ဘန်ဂျူးလည်း လက်ကို အမြန်ဆေးပြီး အစ်မကို ကြည့်လိုက်ရတာပေါ့။ သူကတော့ တစ်ခါ စိတ်ကူးမိရင် ဘယ်သူမှ တားလို့မရတဲ့လူပဲ။

“ဒါပေမဲ့ ဒါကတော့ တကယ် အံ့ဩဖို့ကောင်းသား” လို့ သူ့အစ်မက ဖိနပ်ကြိုးချည်ရင်း ပြောတယ်။

“ဘာလဲ”

“နင် သရုပ်ဆောင်လုပ်မယ်ဆိုတာလေ။ နင်က အဲလိုအရာတွေကို မုန်းတယ်လို့ အမြဲ ထင်နေတာ”

“မုန်းလို့ မဟုတ်ပါဘူး။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတဲ့ လူတွေကို ကြည့်ပြီး စိတ်ပျက်လို့”

“ငါ့မောင်လေး ပီသပါပေတယ်။ အမြဲတမ်း ငါ့ဘက်ကပဲ”

ဘန်ဂျူးက ပြုံးနေတဲ့ သူ့အစ်မကို အပြင်ဘက်ကို တွန်းထုတ်လိုက်တယ်။

“ကဲ... သွားကြစို့။ ပြီးရင် ကျွန်တော် ဇာတ်ညွှန်း ဖတ်ရဦးမယ်”

“အိုး... ဇာတ်ညွှန်း ဟုတ်လား။ အကူအညီ လိုလား”

“ရပါတယ်”

* * * * * * * * *

မာရူးက ဇာတ်ညွှန်းကို ခေတ္တချပြီး မျက်လုံးတွေကို နှိပ်နယ်လိုက်တယ်၊ စာသားတွေကို အာရုံစိုက်ပြီး အလွတ်ကျက်နေရလို့ တော်တော်လေး ညောင်းညာနေပြီ။ ဒီလိုအရာတွေဆိုရင် သူ့ရဲ့ အာရုံစူးစိုက်မှုက တကယ့်ကို အံ့မခန်းပဲ။ မိနစ်ပိုင်းလောက်ပဲ ရှိသေးတယ် ထင်ရပေမဲ့ အခုဆို တစ်နာရီတောင် ကျော်သွားပြီ။

မာရူးက ဇာတ်ညွှန်းကို ဘေးနား ဖယ်ထားလိုက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်၊ ယန်မီဆို ပြောပြထားတဲ့ ဝဘ်ဆိုက်ထဲကို ဝင်လိုက်တာပေါ့။ စာမျက်နှာရဲ့ အပေါ်ဆုံးမှာ ‘လူရွေးပွဲ’ ဆိုတဲ့ ခေါင်းစဉ်ကလွဲလို့ ဘာမှ ထူးထူးခြားခြား မရှိဘူး၊ ဒီလောကထဲက လူတွေအတွက် သီးသန့်ဝဘ်ဆိုက်တစ်ခုပဲ။ နာမည်ကြီး သရုပ်ဆောင်အများစုကတော့ အလိုအလျောက် ကမ်းလှမ်းခံရတတ်ပေမဲ့ ဇာတ်ပို့ဇာတ်ရံတွေကတော့ ဇာတ်ကောင်နေရာ ရဖို့အတွက် ဒီလိုဆိုက်မျိုးကို အသုံးချကြရတယ်။

(အင်ဒီးရုပ်ရှင် ‘သံယောဇဉ်’ အတွက် အမျိုးသားခေါင်းဆောင်မင်းသား ရှာဖွေနေပါသည်)

(ရုပ်ရှင် xxx အတွက် သရုပ်ဆောင်များ ရှာဖွေနေပါသည်)

(ရုပ်ရှင် yyy အတွက် သရုပ်ဆောင်များ ရှာဖွေနေပါသည်)

ကြော်ငြာအများစုက ဒီလိုပုံစံမျိုးတွေချည်းပဲ၊ အချို့ရုပ်ရှင်တွေဆိုရင် အမည်တောင် မဖော်ပြထားဘူး။ ပြန်တွေးကြည့်ရင်တော့ အကြီးစား ရုပ်ရှင်ဖန်တီးမှုတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားရတာ သဘာဝကျပါတယ်။ အဲဒီပို့စ်တွေထဲမှာ မာရူးက ရင်းနှီးနေတဲ့ နာမည်တစ်ခုကို တွေ့လိုက်ရတယ်။ JA Production တဲ့။ လီဂျွန်မင်း ရဲ့ ကုမ္ပဏီပေါ့။

“...ကဲ၊ ဒါကတော့ သူ့ဘာသာသူ ကြော်ငြာဝင်နေတာပဲ”

တခြား ပို့စ်တွေက ကြည့်ရှုသူ ၁၀၀ ကနေ ၂၀၀ ဝန်းကျင်ပဲ ရှိပေမဲ့ ဒီပို့စ်ကတော့ ၅၀၀ ကျော်နေပြီ။ ဒီနာမည်တစ်ခုတည်းနဲ့တင် လူအများကြီးအတွက် စိတ်ဝင်စားစရာ ဖြစ်နေပုံပဲ။ ပို့စ်ရဲ့ အကြောင်းအရာကတော့ ရိုးရှင်းပါတယ်၊ ရက်စွဲနဲ့ အလုပ်အင်တာဗျူး ပုံစံကို ရေးထားတာ။

“ငါးမိနစ်စာ လွတ်လပ်စွာ သရုပ်ဆောင်ခြင်း၊ ငါးမိနစ်စာ ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ခြင်း”

လွတ်လပ်စွာ သရုပ်ဆောင်ရမယ် ဟုတ်လား။ မာရူးက မျက်ခုံးကို ကုတ်ရင်း ကွန်ပျူတာစခရင်ကို စိုက်ကြည့်နေမိတော့တယ်။

* * * * * * * * *

All Chapters