အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း(၂၁၃)
ဂျီယွန်းက မှန်ထဲကနေ မိမိကိုယ်ကိုယ် ပြန်ကြည့်ပြီး ပြုံးလိုက်မိတယ်၊ လက်ထဲမှာ ဇာတ်ညွှန်းတစ်ခုကို ကိုင်ထားတဲ့ သူမပုံစံက မင်းသမီးတစ်ယောက်နဲ့ တော်တော်လေးကို တူနေတာပေါ့။ ပြဇာတ်အသင်းထဲ ဝင်ပြီးတဲ့နောက်မှာတော့ မင်းသား၊ မင်းသမီးတွေကို အဓိကထားရိုက်တဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ပိုင်းကို သူမ ရှာကြည့်မိသေးတယ်။
သာမန် သရုပ်ဆောင်တစ်ယောက်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စေ့စေ့စပ်စပ် လေ့လာကြည့်ရင်း ဂျီယွန်းတစ်ယောက် ငေးမှိုင်သွားရတယ်။ သူမလည်း သူတို့လို ဖြစ်လာနိုင်ပါ့မလား။ အခုမှ စိမ်းသေးတဲ့အဆင့်ပဲ ရှိသေးတာကို။ မီးမောင်းထိုးပြထားတဲ့ စင်မြင့်အောက်မှာ သူမကော လှပတဲ့ သရုပ်ဆောင်ချက်တွေကို ဖော်ကျူးနိုင်ပါ့မလား။
ဇာတ်စင်ဘေးက ကန့်လန့်ကာတွေကြားထဲကနေ ချောမောတဲ့ မင်းသားတစ်ယောက် ထွက်လာပြီး သူမဆီ လျှောက်လာမယ့်၊ ပရိသတ်တွေဆီကလည်း အံ့ဩချီးကျူးတဲ့ လက်ခုပ်သံတွေ တဖြုန်းဖြုန်း ရရှိမယ့်အိပ်မက်က သူမရဲ့ အိပ်မက်တစ်ခု ဖြစ်လာခဲ့ပြီလေ။
‘...ဒါမျိုးကတော့ ဖြစ်လာမှာ မဟုတ်ပါဘူးလေ'
ဂျီယွန်းတစ်ယောက် ငေးမှိုင်နေရာကနေ လက်တွေ့ဘဝထဲ ပြန်ရောက်လာတယ်။ မှန်ထဲက မိမိကိုယ်ကိုယ် ပြန်ပြုံးပြကြည့်ပြီးတော့ ရှက်ကိုးရှက်ကန်းနဲ့ ချက်ချင်းပဲ မျက်နှာလွှဲလိုက်ရပြန်တယ်။ အသစ်စက်စက် လျှော်ဖွတ်ထားတဲ့ စောင်တွေပေါ်ကို ပစ်လှဲချလိုက်ရင်း ဇာတ်ညွှန်းကို ထပ်ခါတလဲလဲ ဖတ်နေမိတော့တယ်။
ဇာတ်ညွှန်းရခဲ့တာ လေးရက်တောင် ရှိသွားပြီ၊ အဲဒီအချိန်အတွင်းမှာ သူတို့လုပ်ခဲ့သမျှက စာဖတ်တာဆိုတဲ့ အလုပ်တစ်ခုပဲ ရှိသေးတာ။ ကိုယ့်အလှည့်ကျတဲ့ ဒိုင်ယာလော့ခ်တွေကို အစီအစဉ်အတိုင်း လိုက်ဖတ်နေကြရုံသက်သက်ပါပဲ။ ဆူယွန်း ပြောပြချက်အရတော့ ဒါက ပြဇာတ်ရဲ့ စီးဆောမှုကို သိရှိနားလည်ဖို့အတွက် သိပ်ကို အရေးကြီးတယ် ဆိုပဲ။
ဒိုင်ယာလော့ခ်တွေကို ပုံမှန်အတိုင်း ဖတ်ဖို့တောင် ခက်ခဲနေတာ၊ အသံထွက်တွေ အကုန်လုံးကို မှန်ကန်အောင် ရွတ်ဆိုဖို့က တော်တော်လေးကို လက်ဝင်လွန်းတယ်။ မာရူးနဲ့ ဒေးမြောင်တို့ကတော့ ဆူယွန်းဆီကနေ တခြား လမ်းညွှန်ချက်တစ်ခုခု ရထားပုံပဲ၊ ဘာလို့လဲဆိုတော့ တစ်ခါတရံမှာ သူတို့ရဲ့ ဒိုင်ယာလော့ခ်အချို့က မတူညီတဲ့ အာဘော်အဆန်းတွေနဲ့ ထွက်ထွက်လာတတ်လို့။
“အာ... သူတို့ပြောတဲ့ စကားလုံးကို ရွတ်ဆိုရမှာလေ၊ အော်ထုတ်ပစ်ရမှာ မဟုတ်ဘူး"
ဒီလိုမျိုး အနုပညာနယ်ပယ်က အသုံးအနှုန်းတွေကို လေ့လာခွင့်ရတာကပဲ သူတို့ ပြဇာတ်တစ်ခုအတွက် ပြင်ဆင်နေကြပြီဆိုတဲ့ လက်တွေ့ဘဝထဲကို သူမကို တကယ် စုန်းစုန်းမြုပ် ဝင်သွားစေခဲ့တယ်။ ဂျီယွန်းက အာခေါင်ကို နည်းနည်းလောက် လျှော့လိုက်ပြီး ဆူယွန်း သင်ပေးထားတဲ့အတိုင်း ဘောပင်ကို အံသွားတွေနဲ့ ကိုက်ထားလိုက်တယ်။ ကြည့်ရတာ တော်တော်လေး ကြည့်ရဆိုးပေမဲ့ ဒါက အသံထွက်ပြင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ ဆိုတာကိုး။ ဒီလို ကိုက်ထားတာက လျှာခင် ပွင့်စေဖို့ အထောက်အကူပြုတယ်လေ။
တကယ်လည်း ဘောပင်ကို ကိုက်ထားတဲ့အခါ ဂျီယွန်းတစ်ယောက် စကားပြောရင် နှုတ်ခမ်းတွေကို အရင်လို အများကြီး မလှုပ်ရှားနိုင်တော့ဘူး။ ဒီလို အခြေအနေမျိုးမှာ တိကျတဲ့ အသံထွက် ထွက်လာဖို့အတွက် အသက်ရှူပုံရှူနည်းနဲ့ လျှာရဲ့ လှုပ်ရှားမှုတွေကိုပဲ အဓိက အာရုံစိုက်နေရတော့တယ်။
“အရက်သောက်လို့ ညစ်ပတ်သွားတာမှ မဟုတ်တာ"
အခုတင်ပဲ ‘မင်းက အရက်သောက်လို့ ညစ်ပတ်သွားတာမှ မဟုတ်တာ’ ဆိုတဲ့ စာသားကို ဖတ်ကြည့်တာပါ။ အသံထွက်က ကွဲအက်ပြီး နားမခံသာပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကထက်စာရင်တော့ တော်တော်လေး သိသိသာသာ ကောင်းမွန်လာတာပေါ့။ အနေအထားကို ပြန်ပြင်ပြီး ဒိုင်ယာလော့ခ်ကို ထပ်ပြောဖို့ ပြင်နေတုန်းမှာပဲ တံခါးပွင့်လာခဲ့တယ်။ ဂျီယွန်းလည်း ပါးစပ်ထဲက ဘောပင်ကို ချက်ချင်း ပြန်ထုတ်လိုက်ပြီး တံခါးဝမှာ ရပ်နေတဲ့ အမေဖြစ်သူကို နေရခက်တဲ့ အမူအရာနဲ့ လှမ်းကြည့်လိုက်မိတယ်။
“ဘာလုပ်နေတာလဲ"
“ဟို... ဟိုလေ...”
အမေဖြစ်သူကို သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောရသေးသလို၊ ငယ်ငယ်ကတည်းကလည်း အမေနဲ့ သူမကြားက ဆက်ဆံရေးက အေးစက်စက်နဲ့ နေရခက်စရာကြီး ဖြစ်နေခဲ့တာ။ ငယ်ငယ်တုန်းက အမေသွားရာနောက်ကို တကောက်ကောက် လိုက်ခဲ့တာကို မှတ်မိပေမဲ့ ဘယ်အချိန်ကစလို့ ဝေးကွာသွားကြမှန်း မသိတော့ဘူး။ အဝေးတစ်နေရာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ အဖေဖြစ်သူနဲ့ထက်တောင် အမေနဲ့က ပိုပြီး စိမ်းသက်နေသေးတယ်။
“ဘာတွေ လျှောက်လုပ်နေတာလဲ၊ စာပဲ သေသေချာချာ လုပ်စမ်းပါ။ အင်ဂျင်နီယာကျောင်း ရောက်သွားပြီဆိုမှတော့ စိတ်ပြောင်းဖို့ စဉ်းစားသင့်ပြီ။ အဲဒီလိုမျိုး ဘဝကို ဘာရည်ရွယ်ချက်မှမရှိဘဲ ဟိုမရောက် ဒီမရောက်နဲ့ ဘယ်လောက်အထိ ဖြတ်သန်းဖို့ စိတ်ကူးထားလဲ။ ငါတို့ကပဲ မင်းကို တစ်သက်လုံး ရှာကျွေးနေနိုင်မယ်လို့ ထင်နေတာလား"
“...ဟုတ်ကဲ့"
ဂျီယွန်းတစ်ယောက် ခေါင်းတောင် မဖော်ရဲပါဘူး၊ အမေ့ရဲ့ စူးရှတဲ့ အကြည့်တွေကို ရင်ဆိုင်ဖို့ သတ္တိက သူမှာ မရှိဘူးလေ။ အမေက တံခါးကို ဖြည်းဖြည်းချင်း ပြန်ပိတ်သွားတယ်။ တံခါးကြီး လုံးဝ ပိတ်မသွားခင် စပ်ကြားကနေ အမေ့ရဲ့ အသံက တိုးဝင်လာခဲ့သေးတယ်။
“အင်ဂျင်နီယာကျောင်း တက်နေရတာကိုတင်ပဲ ကိုယ့်ကိုယ်ကို မရှက်တတ်သေးဘူးလား"
ဂျီယွန်းက ပိတ်သွားတဲ့ တံခါးကို ခဏလောက် ငေးကြည့်နေပြီးမှ လွယ်အိတ်ထဲကနေ စာအုပ်တစ်အုပ်ကို ထုတ်လိုက်တယ်။ စာလုပ်ရမယ်... သူမ စာလုပ်သင့်တာပေါ့။ အလယ်တန်းတုန်းကလည်း သူမ စာမကြိုးစားခဲ့တာ မဟုတ်ပါဘူး။ အတန်းထဲမှာ မှတ်စုတွေ သေသေချာချာ လိုက်ရေးတယ်၊ ကျောင်းဆင်းရင်လည်း ကျူရှင်မှာ ကြိုတင်ပြင်ဆင်တာတွေ၊ ပြန်လှန်လေ့လာတာတွေ အကုန်လုပ်ခဲ့တာပဲ။ စာမေးပွဲ စစ်တဲ့အခါကျမှ အမှတ်ကောင်းကောင်း မရနိုင်ခဲ့တာ။
သူမရဲ့ မှတ်စုစာအုပ်တွေက သပ်ရပ်လွန်းလို့ အတန်းဖော်တွေကြားထဲမှာ နာမည်ကြီးပေမဲ့ ရမှတ်တွေကတော့ အတန်းထဲမှာ အောက်ဆုံးနားမှာပဲ ကပ်နေခဲ့တယ်။ အကြောင်းရင်းကိုလည်း သူမ သိတာပေါ့၊ စာမေးပွဲရာသီ ရောက်တိုင်း အမြဲတမ်း နေမကောင်း ဖြစ်တတ်လို့ပဲ။ စာမေးပွဲဖြေနေတုန်း ဆိုရင်လည်း ဗိုက်က အမြဲအောင့်တတ်ပြီး အသက်ရှူရတာ ခက်ခဲလာတတ်တယ်။ ဒီလို ညံ့ဖျင်းလှတဲ့ ခန္ဓာကိုယ်ကြီးနဲ့ အာရုံစိုက်ဖို့က ခက်ခဲလွန်းလို့ ရမှတ်တွေက အမြဲတမ်း အောက်ခြေထိ ထိုးကျသွားရတာ။
တကယ်တော့ ဒါက ဘဝရဲ့ ပုံသေနည်းတစ်ခုလို ဖြစ်လာခဲ့တာ ကြာပါပြီ။ မူလတန်းတုန်းကတော့ စာတော်တယ်လို့ အမြဲ အပြောခံခဲ့ရပေမဲ့ အလယ်တန်း ရောက်ကတည်းက အရာအားလုံးက ပြောင်းလဲသွားခဲ့တာ။ ဂျီယွန်းက ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ တစ်ခုခု ချို့ယွင်းနေပြီလို့ပဲ တွေးမိပြီး အထွေထွေအထက်တန်းကျောင်း တက်ဖို့ကို လက်လျှော့ကာ အင်ဂျင်နီယာကျောင်းကိုပဲ ရွေးချယ်လိုက်တော့တယ်။
အတန်းပိုင်ဆရာနဲ့ မိဘ တွေ့ဆုံပွဲတုန်းက ဆရာက အင်ဂျင်နီယာကျောင်း တက်ဖို့ အကြံပြုလိုက်တဲ့အချိန် အမေ့မျက်နှာမှာ ပေါ်လာတဲ့ အမူအရာကို အခုထိ သူမ မှတ်မိနေတုန်းပဲ။ အမေက နောက်ပိုင်းမှာ တောင်းပန်ခဲ့တာ မှန်ပေမဲ့ အဲဒီတုန်းက သူမဆီ တည့်တည့်ကြီး ဦးတည်လာတဲ့ အမျက်ဒေါသတွေ၊ စက်ဆုပ်ရွံရှာမှုတွေနဲ့ မုန်းတီးမှုတွေ ပြည့်နှက်နေတဲ့ အမူအရာကိုတော့ ဂျီယွန်းတစ်ယောက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ပိုဆိုးလာခဲ့တာ ဖြစ်လိမ့်မယ်။
ဂျီယွန်းက ခေါင်းကို ခါယမ်းပစ်လိုက်တယ်၊ ဒီလို စိတ်ပျက်စရာ ခံစားချက်တွေက သူမအတွက် ဘာမှ အကျိုးမရှိဘူးလေ။ အဲဒီအစား သင်္ချာအတန်းက ပို့ချချက် မှတ်စုတွေကို စိတ်အေးလက်အေးနဲ့ ပြန်လည် စီစစ်နေလိုက်တယ်။ ပုံသေနည်းတွေကို ကြည့်ပြီး ခဏလောက် ပြုံးနေမိပြီးမှပဲ သူမရဲ့ တစ်ခုတည်းသော ဝါသနာဖြစ်တဲ့ ပန်းချီဆွဲစာအုပ်ကလေးကို ထုတ်လိုက်တော့တယ်။ အင်ဂျင်နီယာကျောင်းကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်း နှစ်ချက် ရှိတာပေါ့။ ပထမတစ်ချက်က စာမေးပွဲအမှတ်တွေ ညံ့လို့၊ ဒုတိယတစ်ချက်ကတော့ အဲဒီကျောင်းမှာ ဒီဇိုင်းအတန်း ရှိလို့ပဲ။
ခဲတံလေးကို ကိုင်ပြီး တစ်ခုခု ဆွဲနေရတဲ့အချိန်တိုင်းမှာ ဂျီယွန်းရဲ့ ရင်ထဲမှာ အေးချမ်းသွားတတ်တယ်၊ လက်တွေ့ဘဝရဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အရှက်ရစရာတွေ အားလုံးကနေ ဒီစက္ကူအဖြူထည်လေးပေါ်မှာတော့ လွတ်မြောက်နေတာကိုး။ ဒီဇိုင်းပိုင်းနဲ့ အလုပ်လုပ်ဖို့ ဆန္ဒကြီးကြီးမားမား မရှိပေမဲ့ ဒါကလည်း ဆိုးလှတဲ့ အကြံဉာဏ်တော့ မဟုတ်ပါဘူးလေ။
ခဲတံချွန်စက်လေးကို စတင် ပုံကြမ်းဆွဲနေတုန်းမှာပဲ အိမ်ရှေ့တံခါး ပွင့်သွားတဲ့အသံကို ကြားလိုက်ရတယ်။ အမေ အပြင်သွားမလို့လား မသိဘူး။
“ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်ရှင်"
အမေက အိမ်ထဲကို ဝင်လာတဲ့သူတွေကို ပျော်ပျော်ရွှင်ရွှင် ဆီးကြိုနှုတ်ဆက်နေတဲ့ အသံကို ကြားလိုက်ရတော့ ဂျီယွန်း ရင်တွေ တဒိန်းဒိန်း ခုန်လာရပြန်တယ်။ အိပ်ချင်ယောင်ဆောင်နေလိုက်ရမလား။ ဒါမှမဟုတ် ကျောင်းအတွက် ပစ္စည်းတစ်ခုခု ဝယ်စရာရှိလို့ ဆိုပြီး အပြင်ကိုပဲ အမြန် ပြေးထွက်သွားရမလား။ အဲဒီအချိန်မှာပဲ သူမရဲ့ အခန်းတံခါး ပွင့်လာခဲ့တယ်။ တံခါးဟဟလေးကြားကနေ ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့ အမေ့ရွယ်တူ အမျိုးသမီးကြီးတွေကို လှမ်းမြင်လိုက်ရတယ်။
“လာလေ၊ နှုတ်ဆက်လိုက်ဦး" လို့ အမေက ပြောပြီး လှည့်ထွက်သွားတယ်။
ဂျီယွန်းက နေရခက်ခက်နဲ့ ထရပ်လိုက်ပြီး ဧည့်သည်တွေရဲ့ ရှေ့ကို လျှောက်သွားလိုက်တယ်။
“မင်္ဂလာပါရှင်"
“အိုး.. ဂျီယွန်းလေးပါလား၊ တွေ့ရတာ တော်တော်တောင် ကြာသွားပြီပဲ။ အန်တီ့ကို မှတ်မိသေးလား"
ညိုမှိုင်းမှိုင်း ဆွယ်တာအင်္ကျီ ဝတ်ထားတဲ့ အမျိုးသမီးကြီးက လှမ်းမေးလိုက်တာ။ ဂျီယွန်းက အဲဒီအမျိုးသမီးက ဘယ်သူလဲဆိုတာ မမှတ်မိပေမဲ့ “ဟုတ်ကဲ့၊ မှတ်မိပါတယ်” လို့ပဲ ပြန်ဖြေလိုက်တယ်။ ဘာပဲလုပ်လုပ် နေရခက်တဲ့ အခြေအနေမျိုးမို့ သူမ နေရာမှာတင်ပဲ ကြောင်တောင်တောင်လေး ရပ်နေမိတော့တယ်။ ဧည့်သည်တွေကတော့ အချင်းချင်း ပျော်ပျော်ပါးပါး စကားစမြည် ပြောနေကြတာပေါ့။ ဂျီယွန်းလည်း အခန်းထဲ ပြန်ဝင်လို့ရမလားလို့ တွေးနေတုန်းမှာပဲ အမေက မီးဖိုချောင်ထဲကနေ လှမ်းခေါ်လိုက်တယ်။
“ရော့၊ ဒါလေး သွားချပေးလိုက်"
သူမက မုန့်ပန်းကန်ကို သယ်သွားပြီး ဧည့်သည်တွေရဲ့ ရှေ့မှာ ချပေးလိုက်တယ်၊ ဂျပန်ကနေ လာတဲ့ အကောင်းစား လက်ဖက်ရည်နဲ့ ချောကလက်တွေပေါ့။
“အိုး... သိပ်ကို ဟန်ကျတာပဲ၊ နောင်အနာဂတ်ရဲ့ အုပ်ချုပ်ရေးမှူးကတော်ကြီးရေ။ ဒါတွေက ကြည့်ရတာ တော်တော် တန်ဖိုးကြီးမယ့်ပုံပဲနော်"
“အခု အလုပ်လုပ်နေတဲ့နေရာကနေ ကျွန်မ အမျိုးသားက လှမ်းပို့ပေးတာပါရှင်"
“သူက ဂျပန်မှာ ရှိနေတာ မဟုတ်လား"
“ဟုတ်ပါတယ်ရှင်"
အမေက ပါးစပ်ကို လက်နဲ့ပိတ်ပြီး တခစ်ခစ် ရယ်မောနေတယ်၊ ဂျီယွန်းကတော့ အခန်းထဲကိုပဲ အမြန် ပြန်ဝင်ချင်နေပြီ။ ဒါပေမဲ့ ဧည့်သည်တစ်ယောက်က လှမ်းတားလိုက်လို့ ပြန်ထိုင်လိုက်ရပြန်တယ်။
“သမီးလည်း စားလေ။ ဒါနဲ့ နေပါဦး... အန်တီ့သမီးလေးက သိပ်လှတာပဲနော်။ အမေတူလေး ဖြစ်မှာပဲ"
“ဘယ်ကသာ၊ သူ့အဖေနဲ့ ပိုတူတာပါ"
အမေက သူမရဲ့ ပေါင်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးလိုက်တဲ့အချိန်မှာ ဂျီယွန်းတစ်ယောက် အဓိပ္ပာယ်မရှိလွန်းတဲ့ ခံစားချက်ကြီးကြောင့် ခေါင်းငုံ့ထားလိုက်မိတယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကတင်ပဲ စာမလုပ်လို့ ဆိုပြီး ဆူပူကြိမ်းမောင်းနေခဲ့တဲ့ အမေက အခုကျမှ ဘာလို့ ဒီလောက်တောင် ကောင်းပြနေရတာလဲ။ ဒီလို မျက်နှာနှစ်မျိုးနဲ့ ဆက်ဆံလိုက်တဲ့ အမူအရာက ဂျီယွန်းရဲ့ ရင်ဝကို အပ်နဲ့ ထိုးဆွလိုက်သလို ခံစားရစေတယ်။
“ရှင်ကတော့ သိပ်ကံကောင်းတာပဲ။ အမျိုးသားကလည်း အရည်အချင်းရှိ၊ သမီးလေးကလည်း ဒီလောက်လှ"
“ကျွန်မအကြောင်းကိုပဲ သိပ်မပြောပါနဲ့ရှင်။ ရှင့်မှာလည်း သိပ်ချောတဲ့ သားနှစ်ယောက် ရှိတာပဲ မဟုတ်လား"
“သားတွေဆိုတာက ထူးထူးခြားခြား မရှိပါဘူးအေ။ ဒီခေတ်မှာ သမီးတွေကမှ အားကိုးရတာ။ ဟျွန်ဆူဆိုရင်လည်း ပြီးခဲ့တဲ့ရက်ကတင် အမေရိကန်က ကောလိပ်ကနေ ရည်းစားတစ်ယောက် ခေါ်လာသေးတယ်၊ ကြည့်ရတာ အမေဖြစ်တဲ့သူထက် အဲဒီကောင်မလေးကို ပိုဂရုစိုက်နေပုံပဲ"
ညိုမှိုင်းမှိုင်း ဆွယ်တာဝတ်ထားတဲ့ အမျိုးသမီးရဲ့ ဘေးက မျက်မှန်ဝိုင်းနဲ့ အမျိုးသမီးကြီးက ဝင်ပြောလိုက်တာ ဖြစ်ပါတယ်။
“ဒါနဲ့ နေပါဦး၊ ဟျွန်ဆူက အမေရိကန်မှာ ဒေါက်တာဘွဲ့ ယူနေတာ မဟုတ်လား"
“ဟုတ်ပါ့။ ကျွန်မကော ကျွန်မအမျိုးသားကောက သိပ်ပြီး ဉာဏ်ကောင်းကြတာ မဟုတ်ပေမဲ့ ဟျွန်ဆူကတော့ ကံကောင်းလို့ ဉာဏ်ကောင်းရှာတယ်။ ပညာသင်ဆုတွေရော၊ ထောက်ပံ့ကြေးတွေရော အစုံရထားတာဆိုတော့ ကျွန်မတို့ဆီကနေ ဘာမှတောင် တောင်းစရာ မလိုဘူးလေ"
ညိုမှိုင်းမှိုင်း ဆွယ်တာဝတ်ထားတဲ့ အမျိုးသမီးကြီးရဲ့ မျက်နှာမှာ အပြုံးတွေ ပိုပြီး ကျယ်ပြန့်လာတာကို ဂျီယွန်း မြင်နေရတယ်။ တစ်ဖက်မှာတော့ အမေဖြစ်သူက စကားပြောတာ နည်းသည်ထက် နည်းလာခဲ့ပြီ။
“ဟျွန်ဆူလို သားမျိုး ရထားတာ သိပ်အားကျဖို့ ကောင်းတာပဲနော်"
“အို... ရှင်ကလည်း လွန်လှချည်ရဲ့၊ မိဂျင်းအမေရယ်။ ဒါနဲ့ နေပါဦး... သတင်းကြားတယ်နော်။ မိဂျင်းက မကြာသေးခင်ကတင် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရသွားတယ် ဆို"
“သူက ဘွဲ့လွန်တောင် ဆက်မတက်တော့ဘူးလေ။ ချက်ချင်းပဲ အလုပ်ဝင်ချင်တယ်လို့ ပြောတာနဲ့"
“ထပ်ပြီး စာမလုပ်ဘဲနဲ့တင် ချက်ချင်း အလုပ်ရတယ်ဆိုတော့ တော်တော်လေး တော်လို့ပေါ့၊ ဒါက အဆင်ပြေပါတယ်ရှင်။ ဟျွန်ဆူတောင် မိဂျင်းကို အားကျရဦးမယ်။ အာ... မိဂျင်းက ဆိုးလ်တက္ကသိုလ်က မဟုတ်လား"
“ဟုတ်ပါတယ်ရှင်။ သူ ဒီလို သေသေချာချာ ကြီးပြင်းလာပေးလို့ သိပ်ကို ကျေးဇူးတင်ရတာပေါ့"
“ကျွန်မတို့ ဟျွန်ဆူလည်း ကျောင်းမပြောင်းခင်က အဲဒီမှာပဲ စာသင်ခဲ့တာလေ။ ဒါနဲ့ နေပါဦး... ယန်းဆူကကော ဘယ်တက္ကသိုလ် တက်နေတာလဲ"
ညိုမှိုင်းမှိုင်း ဆွယ်တာဝတ်ထားတဲ့ အမျိုးသမီးရဲ့ ဘယ်ဘက်က အမျိုးသမီးကြီးကတော့ တိုးတိုးကလေး ဝင်ပြောရှာတယ်။
“ယန်းဆူက အထက်တန်းကျောင်းတုန်းပဲ ရှိသေးတယ်ရှင်"
“အော်... ဟုတ်လား"
“ဟုတ်ကဲ့။ သူက မင်ဆာအထက်တန်းကျောင်းမှာဆိုတော့ ဒီရက်ပိုင်း တွေ့ရဖို့တောင် ခက်တယ်လေ"
“ဘုရားရေ... အဲဒါ ကျောင်းသားတွေ ဟန်ဘုတ်ဝတ်ရတဲ့ ကျောင်း မဟုတ်လား"
“ဟုတ်ပါတယ်။ သူက နိုင်ငံခြားတက္ကသိုလ်တွေ လျှောက်ဖို့ ပြင်ဆင်နေရင်းနဲ့ အဆက်အသွယ် ဖြတ်ထားတာလေ။ သိပ်ကို ရက်စက်တဲ့ကောင်လေးပဲ"
“ကြီးလာရင်တော့ သူလည်း ပိုပြီး ကြင်နာတတ်လာမှာပါရှင်။ ဉာဏ်ကောင်းတဲ့ကလေးပဲဥစ္စာ"
အခုတော့ အဲဒီအမျိုးသမီးကြီးတွေက ဂျီယွန်းဆီကို အကြည့်လွှဲလာကြပြီ။ ဂျီယွန်းတစ်ယောက် အသက်ရှူရတာ ပိုပြီး ကျပ်တည်းလာသလို ခံစားရတယ်၊ အနားမှာ မြွေတွေအများကြီးက သူမကို ရန်ပြုဖို့ တရှူးရှူးနဲ့ အသံပေးနေသလိုမျိုးပေါ့။ အမှားတစ်ခုခု လုပ်မိတာနဲ့ ချက်ချင်း အကိုက်ခံရတော့မယ့်အတိုင်းပဲ။ လက်ဖက်ရည်ကို တိတ်တဆိတ် သောက်နေတဲ့ အမေ့ကို သူမ လှည့်ကြည့်မိတယ်။
“ဂျီယွန်းလည်း အထက်တန်းကျောင်းတုန်းပဲ မဟုတ်လား"
“ရှင် အာ... ဟုတ်ကဲ့"
“ဘယ်ကျောင်းမှာ တက်နေတာလဲ။ ဒီနားမှာတော့ နာမည်အကြီးဆုံးက ဂွမ်ချွန်းအထက်တန်းကျောင်းဆိုတော့ အဲဒီမှာပဲ ဖြစ်မှာပေါ့နော်"
“ဖြစ်မှာပါ၊ ဖြစ်မှာပါ"
“ဒါမှမဟုတ်ရင်လည်း သိပ္ပံကျောင်း ဖြစ်မှာပေါ့။ ကြည့်ရတာ သိပ်ဉာဏ်ကောင်းမယ့်ပုံပဲ။ ဒီခေတ်ကလေးတွေက ချောလည်းချော၊ စာလည်း တော်ကြတာကိုး"
ဂျီယွန်းက ခဏလောက် တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ လက်ချောင်းလေးတွေကို ပွတ်သပ်နေပြီးမှ တိုးတိုးကလေး ပြန်ဖြေလိုက်တယ်။
“သမီး... သမီးက ဝူဆောင်းအထက်တန်းကျောင်းမှာ တက်တာပါ"
“ဝူဆောင်း အဲဒါ ဘာကျောင်းလဲ"
“အာ ဒီနားက အင်ဂျင်နီယာအထက်တန်းကျောင်းကို ပြောတာ ထင်တယ်မလား"
စက္ကန့်ပိုင်းမျှသာ ကြာလိုက်ပေမဲ့ ဧည့်သည်အချို့ဆီကနေ လှောင်ပြောင်သရော်တဲ့ ရယ်သံသဲ့သဲ့ ထွက်လာတာကို ဂျီယွန်း အထင်းသား ကြားလိုက်ရတယ်။
“...ဟုတ်ကဲ့"
သူမရဲ့ အသံက ပိုပြီးတော့ တိုးဝင်သွားခဲ့ပြီ။ သူတပါးတွေ ကြားသွားမှာကို ကြောက်လန့်နေတဲ့အလား တဖြည်းဖြည်းနဲ့ တိုးသည်ထက် တိုးသွားတော့တယ်။
“အော်... ဟုတ်လား"
အဲဒီမှာတင် စကားဝိုင်းက ပြတ်သွားခဲ့တယ်။ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ သူတို့က အိမ်ရဲ့ လှပတဲ့ အတွင်းပိုင်းပြင်ဆင်မှုတွေအကြောင်းကိုပဲ ပြောင်းပြီး စကားဆန်းလာကြပြန်တယ်။ အဲဒီကျမှပဲ အမေကလည်း နှုတ်ဆိတ်နေရာကနေ ပြန်ပြီး စကားပြောလာတော့တယ်။
ဂျီယွန်းကတော့ အသာအယာ ထရပ်လိုက်ပြီး အရိုအသေပေး နှုတ်ဆက်ကာ အခန်းထဲကိုပဲ ပြန်ဝင်လာခဲ့တယ်၊ သူမ တော်တော်လေးကို ပင်ပန်းနွမ်းနယ်နေပြီလေ။ ရင်တွေကလည်း တဒိန်းဒိန်း ခုန်နေတာ၊ စာမေးပွဲတစ်ခုကို ထပ်ဖြေနေရသလိုမျိုးပဲ ခံစားရတယ်။
အိပ်ပစ်လိုက်ချင်ပြီ၊ မျက်လုံးဖွင့်ထားဖို့တောင် ခွန်အား မရှိတော့ဘူး။ မျက်လုံးတွေ မှိတ်ကျသွားတဲ့အချိန်မှာ အပြင်ဘက်က အမျိုးသမီးကြီးတွေ စကားပြောနေသံကို ကြားနေရသေးတယ်။ သူမ ရင်ထဲမှာ အနက်ရှိုင်းဆုံး စွဲထင်ကျန်ရစ်ခဲ့တဲ့ စကားတစ်ခွန်းကတော့ ‘ဂျီယွန်းအမေခမျာ သိပ်ကို ဒုက္ခရောက်ရှာတာပဲ’ ဆိုတာပါပဲ။
“ဟင်း...”
ဂျီယွန်းက အတင်းအကျပ် ပြုံးလိုက်မိပေမဲ့ တုန်လှုပ်နေတဲ့ ရင်ဘတ်ကြီးကိုတော့ ထိန်းချုပ်လို့ မရနိုင်ခဲ့ပါဘူး။ အမေ့အတွက်လည်း စိတ်မကောင်းဖြစ်ရသလို၊ ဘာအကြောင်းပြချက်မှမရှိဘဲ မိမိကိုယ်ကိုယ်လည်း စက်ဆုပ်ရွံရှာမိနေတော့တယ်။
* * * * * * * * *
တနင်္ဂနွေနေ့ မနက်ခင်း။ ဂျီယွန်းတစ်ယောက် အခန်းထဲက ထွက်လာတဲ့အချိန်မှာ မနေ့က ဖြစ်ပျက်ခဲ့သမျှတွေကိုပဲ ထပ်ခါတလဲလဲ တွေးနေမိတယ်။ ထမင်းစားပွဲမှာ ထိုင်နေတဲ့ အမေ့ကို သူမ ခိုးကြည့်မိတော့တယ်။
“မနက်စာ စားလိုက်ဦး"
“...ဟုတ်ကဲ့"
ပေါင်မုန့်ကင်၊ နွားနို့နဲ့ သစ်သီးဝလံတွေ။ အမေက မုန့်စားနေတုန်းမှာ ဘာစကားမှ မပြောပါဘူး။ ဂျီယွန်းက ပန်းကန်တွေကို ဘေစင်ထဲ သွားထည့်တဲ့အချိန်ကျမှ အမေက စကားစလာခဲ့တယ်။
“ဂျီယွန်း"
“ရှင်”
“ကျူရှင် ပြန်တက်"
“ကျူရှင်”
“ဒီအတိုင်းကတော့ လုံးဝ အဆင်မပြေဘူး။ သမီးက အမှတ်ကောင်းကောင်း မရတာ မကြိုးစားလို့ပဲ ဖြစ်ရမယ်။ ကျောင်းတက်ရင်းနဲ့ အခြေခံကစပြီး ပြန်လေ့လာဖို့ လိုတယ်။ အင်ဂျင်နီယာကျောင်း တက်နေရတာက ပြဿနာမဟုတ်ပါဘူး၊ အဓိကက တက္ကသိုလ်ကောင်းကောင်း ရောက်ဖို့ပဲ လိုတာ"
အမေက စကားပြောရင်းနဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။ သူမ နားမလည်တဲ့ အသုံးအနှုန်းတွေ အများကြီးနဲ့ စကားတွေ ပြောနေပြီးတော့ တော်တော်လေးကို ကျွမ်းကျင်တောက်ပြောင်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ရှင်းပြပြောဆိုနေတော့တယ်။ ဖုန်းချပြီးတဲ့နောက်မှာတော့ အမေက ဖုန်းကို ချက်ချင်း ပြန်ချထားလိုက်တယ်။
“ပထမဆုံး သင်္ချာကစမယ်၊ ပြီးရင် အင်္ဂလိပ်စာ။ သမီးက သင်္ချာတော်တာပဲဥစ္စာ၊ အဲဒါကစရင် ပိုကောင်းလိမ့်မယ်"
“.......”
“ဘာလို့ ဘာမှ ပြန်မပြောတာလဲ"
“အမေ... သမီးက...”
ပြဇာတ်အသင်း လှုပ်ရှားမှုတွေ ရှိနေလို့ မတက်နိုင်ဘူးလို့ ပြောချင်ပေမဲ့ နှုတ်ကနေ စကားလုံးတွေ ထွက်မလာခဲ့ပါဘူး။ စကားပြောရမယ့် နည်းလမ်းကို ခဏလောက် မေ့လျော့သွားသလိုမျိုး ခံစားလိုက်ရတာ။ စိတ်ပျက်လက်ပျက်နဲ့ နှုတ်ခမ်းကို ကိုက်ရင်း အမေ့ကို လှမ်းကြည့်လိုက်တော့ အမေက မျက်မှောင်ကုတ်သွားတယ်။
“ဘာလို့ ဒီလောက်တောင် စကားတွေ ထစ်နေရတာလဲ။ အရင်က ဒီလိုမျိုး မဟုတ်ပါဘူး။ မူလတန်းတုန်းက သိပ်ကို တက်ကြွလန်းဆန်းခဲ့တာ။ ဘာတွေ ဖြစ်ကုန်တာလဲ။ နေပါဦး... သမီး ကျောင်းမှာ အနိုင်ကျင့်ခံနေရလို့လား။ ဟုတ်လား"
အမေက ထရပ်လိုက်ပြီး ဂျီယွန်းရဲ့ လက်မောင်းကို လှမ်းဆွဲကာ ဒဏ်ရာတွေ ရှိ၊ မရှိ စစ်ဆေးဖို့ အင်္ကျီလက်စကို ဆွဲတင်လိုက်တယ်။ အနိုင်ကျင့်ခံနေရတာ မဟုတ်လို့ ဘာညိုမည်းဒဏ်ရာမှ မရှိတာတော့ အမှန်ပဲပေါ့။ မိနစ်အနည်းငယ်လောက် ခန္ဓာကိုယ်ကို စစ်ဆေးပြီးတဲ့နောက်မှာတော့ အမေက လက်ကို လွှတ်လိုက်တယ်။ ပြီးတော့ စိတ်ပျက်လက်ပျက် အမူအရာနဲ့ နဖူးကို လက်နဲ့ အုပ်ထားလိုက်တော့တယ်။
“ဂျီယွန်းရယ်... အမေ တကယ်ကို နားမလည်နိုင်တော့ဘူး။ ဘာလို့ ဒီလိုမျိုး ပြောင်းလဲသွားရတာလဲ။ အရင်က သိပ်ကို လိမ္မာတဲ့ ကလေးလေးပါ။ အမြဲတမ်းလည်း ပြုံးနေတတ်တာ။ ဒါကို ဘာလို့...”
ဂျီယွန်းက အမေ့ကို ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ အဲဒီအစား အိမ်ကနေပဲ ထွက်ပြေးလာခဲ့တော့တယ်။ အိမ်မှာ ဆက်နေဖို့က သူမအတွက် ခက်ခဲလွန်းလို့လေ။ မနက်ပိုင်းမှာ ပြဇာတ်တိုက်ရမှာလည်း ရှိနေတာမို့ အဲဒီကိုပဲ အမြန် သွားလိုက်တာ ပိုကောင်းပါလိမ့်မယ်။ ဘတ်စကားဂိတ်ကို ရောက်တော့ ဘတ်စကားကတ်ထဲ ငွေဖြည့်ဖို့အတွက် စတိုးဆိုင်တစ်ခုထဲ ဝင်လိုက်တယ်။ ဆိုင်ဝန်ထမ်းကို ကတ်ထဲ ငွေဖြည့်ပေးဖို့ သူမ လှမ်းပြောလိုက်တာပေါ့။
“က... က... ကတ်ထဲ... ငွေဖြည့်... ပေးပါရှင်"
“ဘာပြောတယ်ဗျ။ ငွေဖြည့်မလို့လား"
ဂျီယွန်းက ခေါင်းငြိမ့်ပြလိုက်တယ်။ ဝန်ထမ်းရဲ့ ထူးဆန်းတဲ့ အကြည့်တွေကိုလည်း ရှောင်လွှဲလိုက်မိတာပေါ့။ ဒီနေ့မှ ဘာအကြောင်းကြောင့်ရယ်မသိ စကားတွေ ပိုထစ်နေသလို ခံစားရတယ်။ စိတ်အေးအေးထား၊ စိတ်အေးအေးထားစမ်း။ ဂျီယွန်းလည်း အသစ်စက်စက် ငွေဖြည့်ထားတဲ့ ကတ်ကလေးကို ကိုင်ပြီး ဆိုင်ထဲကနေ ခြေလှမ်းကျဲကျဲနဲ့ ထွက်လာခဲ့တော့တယ်။
* * * * * * * * *