← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း(၂၁၄)

“တနင်္ဂနွေနေ့ကြီး ကျောင်းတက်ရတာကို စိတ်ထဲမှာ တစ်စက်ကလေးမှ မုန်မုန်းတီးတီး မဖြစ်မိဘူးလို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ တကယ်ကို ထူးဆန်းအံ့ဩဖို့ကောင်းတာပဲ"

မာရူးက ခြေညှပ်ဖိနပ်တစ်စုံကို လဲစီးရင်းနဲ့ ပြောလိုက်တယ်။ ပိတ်ရက်ဆိုတာ အစိုးရက တရားဝင် သတ်မှတ်ပေးထားတဲ့ အနားယူရမယ့်နေ့ပဲလေ။ မနက်ခင်းဘက် အိပ်ရာထနောက်ကျမှ ထပြီး တီဗီကြည့်၊ နေ့လယ်စာနဲ့ မနက်စာ ပေါင်းစား၊ ပြီးရင် နေ့ခင်းဘက်ကို ဘီယာအေးအေးလေးတစ်ခွက်နဲ့ အချိန်ဖြုန်းဖို့ ဥပဒေက ခွင့်ပြုထားတဲ့ နေ့မျိုးပေါ့။

“ငါက အလုပ်လုပ်ရတဲ့ လူတန်းစားထဲမှာ မပါဝင်သေးတာ တကယ်ကို ဝမ်းနည်းစရာပဲ"

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ"

ဒိုဝူးက မျက်စောင်းတစ်ချက်ထိုးပြီး လှေကားထစ်တွေပေါ်ကို အရင်ဆုံး တက်သွားတယ်၊ မာရူးကတော့ အဲဒီကောင်လေးရဲ့ နောက်ကနေ လိုက်သွားတာပေါ့။ အခုအချိန်က ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ရာသီလို့ လူသိများတဲ့ ဧပြီလလယ်ပိုင်းကို ဖြည်းဖြည်းချင်း ကူးပြောင်းနေပြီ။ မာရူးက ဒီလိုအချိန်မျိုးဆိုရင် စိတ်ထဲမှာ ပိုပြီးတော့တောင် ဆိုးဆိုးဝါးဝါး ခံစားရတယ်။ ပြီးခဲ့တဲ့နှစ် ဒီလိုရာသီတုန်းကတော့ သူက စင်တင်မန်နေဂျာတစ်ယောက်ပဲမို့လို့ အိပ်ချင်သလောက် အိပ်ဖို့ အချိန်တွေ အများကြီး ရှိခဲ့ပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။

“မင်းကလည်း ဘာလို့ ဒီနေ့မှ ဒီလောက်တောင် ပင်ပန်းနွမ်းနယ်နေတဲ့ ရုပ်ပေါက်နေရတာလဲ"

“မင်းလည်း ငါ့လောက် အသက်ကြီးလာရင် သိလိမ့်မယ်။ ပိတ်ရက်ကြီးမှာ အလုပ်လုပ်ရတာ ဘယ်လောက်တောင် စက်ဆုပ်ရွံရှာဖို့ကောင်းလဲဆိုတာကို"

မာရူးက သန်းဝေလိုက်တာ အသံကြီးကို ကျယ်လို့။ မျှော်လင့်ရတာကတော့ ဒီသီတင်းပတ် ပြီးသွားရင် သူ့ရဲ့ ခန္ဓာကိုယ်က အကောင်းဆုံး အခြေအနေကို ပြန်ရောက်သွားမှာပါ။ ပဉ္စမထပ်ကို ရောက်တဲ့အခါမှာတော့ မာရူးနဲ့ ဒိုဝူးဟာ သူတို့ရဲ့ ကလပ်အသင်း အခန်းတံခါးကို ဖွင့်လိုက်ကြတယ်။

“ဘယ်သူမှ မရောက်သေးပါလား"

“ဒေးမြောင်တောင် မရှိဘူးလား"

မာရူးက အခန်းထဲကို ဝေ့ဝဲကြည့်ရင်း မေးလိုက်တယ်။ ဒေးမြောင်က အမြဲတမ်း အချိန်တိကျတတ်သူမို့လို့ ပြီးခဲ့တဲ့နှစ်ကလည်း တစ်ခါမှ နောက်မကျဖူးဘူး။

“အော်... ဟိုမှာ သူ့လွယ်အိတ်ရှိသားပဲ" မာရူး တွေ့သွားတယ်။

“ရောက်နေကြပြီလား"

ဒေးမြောင်က ကျောင်းနားက စူပါမားကတ်ကနေ ဝယ်လာပုံရတဲ့ ဖျော်ရည်နဲ့ ရေခဲချောင်းကို လက်ထဲမှာ ကိုင်ပြီး သူတို့နောက်ကနေ ဝင်လာတယ်။

“ဟေ့ကောင်... မင်း အဲဒီလိုဆိုရင် ပြန်ဝလာဦးမယ်"

ဒေးမြောင် ပေးတဲ့ ရေခဲချောင်းကို ကိုက်ဝါးရင်း ဒိုဝူးက ပြောလိုက်တယ်၊ ဒေးမြောင်က မကြာသေးခင်ကတည်းက အချိုရည်တွေကိုလည်း အများကြီး သောက်နေခဲ့တာ။ မီဆို သူတို့ကို လေ့ကျင့်ပေးနေတုန်းကတော့ ကိုယ်အလေးချိန် တော်တော်လေး ကျသွားခဲ့ပေမဲ့ ဆောင်းတွင်းပိတ်ရက်အတွင်းမှာပဲ အကုန် ပြန်ဝလာခဲ့တာလေ။

“ငါ... ငါ ဝိတ်ချရမယ်။ လုပ်နိုင်မှာပါ။ ဖြစ်နိုင်ရင်တော့...”

အား... ဒါကတော့ မိန်းမတွေအများကြီး အမြဲတမ်း ပြောလေ့ပြောထရှိတဲ့ စကားမျိုးပဲပေါ့။ ဒီနေ့အထိတော့ မာရူးရဲ့ လက်ချောင်းလေးတွေနဲ့ ရေတွက်လို့ရတဲ့ အတိုင်းအတာလောက်ပဲ တကယ် ဝိတ်ချတာ အောင်မြင်တဲ့ မိန်းမတွေကို သူ မြင်ဖူးခဲ့တာ။ မာရူးက အားပေးတဲ့အနေနဲ့ ဒေးမြောင်ရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ်။ ရပါတယ်၊ ယောက်ျားလေးတွေက ဗိုက်သားထက် ပိုက်ဆံအိတ် ပိုထူဖို့ပဲ လိုတာပဲလေ။

“ဘုရားရေ... ငါတို့တွေ တော်တော်လေး ပျင်းရိနေကြပြီပဲ"

မာရူးက ရေခဲချောင်းကို ပါးစပ်ထဲ ငုံထားရင်း အခန်းကြမ်းပြင်ပေါ်မှာ လှဲချလိုက်တယ်၊ ကျောပြင်နဲ့ ထိတွေ့နေတဲ့ ကြမ်းပြင်ရဲ့ အေးစိမ့်စိမ့် ခံစားမှုက တကယ်ကို သဘောကျစရာကောင်းလှတယ်။ ဒီလိုမျိုးလေးနဲ့ပဲ သူ့ရဲ့ အနည်းငယ်မျှသော ပိတ်ရက်လေးကို ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ရင် ကောင်းမှာပဲ။

“ဒိုဝူး... မင်း ပြဇာတ်သုံး ပစ္စည်းကိရိယာတွေကို မကြည့်ရသေးဘူးမလား"

“ပစ္စည်းတွေ”

“ကျောင်းနောက်ဖက်က ကွန်တိန်နာရဲ့ ကွက်လပ်မှာ ရှိတယ်လေ။ သွားကြည့်မလား"

“မသွားဘူး... ပျင်းစရာကြီး"

“သွား... သွားကြည့်ရင် ကောင်းမှာပါ"

ဒေးမြောင်က လွန်ခဲ့တဲ့ နှစ်ရက်က ကလပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူကတည်းက အားအင်တွေ ပြည့်ဝနေခဲ့တာ။ မာရူး ပထမဆုံး စကားစတုန်းကတော့ သူ မလုပ်နိုင်ဘူးလို့ ပြောခဲ့ပေမဲ့ နောက်ထပ် နည်းနည်းလောက် ထပ်ပြီး တိုက်တွန်းလိုက်တဲ့အခါမှာတော့ သူ လက်ခံခဲ့တာပေါ့။ အမှန်အတိုင်း ပြောရရင် အဲဒီကောင်လေးက မာရူးထက်စာရင် သူတစ်ပါးအပေါ် ပိုပြီး ကိုယ်ချင်းစာစိတ် ရှိတယ်။ ကလေးတွေနဲ့ ဆက်သွယ်ပြောဆိုရတာလည်း ပိုပြီး တော်လိမ့်မယ်၊ ဖြစ်ပျက်လာတဲ့ ပြဿနာမှန်သမျှကိုလည်း အရမ်းကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

‘ငါကတော့ တစ်ခါတလေကျမှ သူတို့ကို ခက်ထန်တဲ့ မျက်နှာပေးမျိုးနဲ့ ကြည့်ရုံပေါ့'

လူကောင်းတစ်ယောက်၊ လူဆိုးတစ်ယောက်။ ဒီထက်ကောင်းတဲ့ နေရာမျိုး မရှိတော့ဘူး။ ပြီးတော့ ကလပ်ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးကလည်း လုပ်စရာ အလုပ်တွေ အများကြီး ပါလာတာကိုး။ မာရူးအနေနဲ့လည်း အဲဒီကနေ ရစရာ ဘာအကျိုးအမြတ်မှ မရှိတာမို့လို့ အဲဒီရာထူးကို ယူဖို့ အကြောင်းပြချက် မရှိဘူး။ အကယ်၍ ဒေးမြောင်သာ အသေအလဲ ငြင်းဆန်ခဲ့ရင်တော့ သူ ဆက်လုပ်နေမှာ ဖြစ်ပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ အခုလို မဟုတ်ခဲ့ဘူး။

“မင်းက စင်မြင့်မန်နေဂျာ ဖြစ်ရမှာဆိုတော့ သေချာပေါက် သွားကြည့်ဖို့ လိုတာပေါ့။ နောက်နောင် ဘာတွေ လုပ်ရမယ်ဆိုတာကို မင်း နားလည်သဘောပေါက်ထားသင့်တယ်"

မာရူးက ဒိုဝူးကိုလည်း နည်းနည်းလောက် တွန်းအားပေးလိုက်တယ်။ နောက်ဆုံးတော့ ဒိုဝူးက မျက်မှောင်ကြီးကုပ်ပြီး သူ့ရဲ့ ကုလားထိုင်ပေါ်ကနေ ထလာခဲ့တာပေါ့။

“ကောင်းပြီ... ကောင်းပြီ။ အင်း... မင်းတို့ နှစ်ယောက်ကတော့ တကယ်ပဲ...”

ဒေးမြောင်က ဒိုဝူးကို အောက်ထပ်ကို ခေါ်သွားတယ်။ ဒိုဝူးက အံ့ဩစရာကောင်းလောက်အောင် စဉ်းစားဉာဏ် ရှိတဲ့ကောင်လေးပါ၊ သူ့ရဲ့ အဲဒီလို အမူအရာဆိုးတွေကိုသာ ပြင်နိုင်ရင် ပိုကောင်းမှာပဲ။ အဲဒီကောင်လေးက အရင်လို ဆဲဆိုတာမျိုးတွေ သိပ်မလုပ်တော့ပေမဲ့ သူ့ဆီက လူမိုက်ဆန်တဲ့ အငွေ့အသက်တွေကတော့ ပျောက်မသွားသေးဘူး။

“သူက လူမိုက်ပုံစံမျိုး ဖမ်းချင်နေတာလား"

ဒါပေမဲ့ သူက မိန်းကလေးတွေကြားထဲမှာတော့ ရေပန်းစားတယ်လေ။ ဝူဆောင်းအင်ဂျင်နီယာအထက်တန်းကျောင်းရဲ့ ဘေးက မိန်းကလေးအထက်တန်းကျောင်းနဲ့ အခုထိ အဆင်ပြေပြေ ရှိနေတုန်းပဲ။ ချန်ဟူးရဲ့ ဖြစ်ရပ်ပြီးကတည်းက သူတို့နဲ့ စကားမပြောဘဲ ခဏလောက် နေခဲ့ပုံရပေမဲ့ ဆောင်းတွင်းကစပြီး အဲဒါက ပြောင်းလဲသွားခဲ့တယ်။ တကယ်တော့ အဲဒီကျောင်းက မိန်းကလေးတွေက ကျောင်းကို ဒိုဝူးကို လာရှာတဲ့အထိတောင် ရံဖန်ရံခါ ရှိတတ်သေးတယ်။ အဲဒါကြောင့် ကျောင်းသား တော်တော်များများက ဒိုဝူးကို ချိန်းတွေ့ဖို့ စီစဉ်ပေးဖို့ တောင်းဆိုကြပြီး ဒိုဝူးကလည်း အဲဒါကို သုံးပြီး စာသင်ခန်းထဲမှာ ပြန်ပြီး အသားကျအောင် လုပ်နိုင်ခဲ့တာပေါ့။

ဘာဒါရဲ့ မျက်နှာက မာရူးရဲ့ ခေါင်းထဲကို ချက်ချင်း ဖြတ်ခနဲ ပေါ်လာပေမဲ့ သူ ချက်ချင်းပဲ အဲဒီအတွေးကို မေ့ဖျောက်လိုက်တယ်။ လွန်ခဲ့တဲ့ အချိန်အနည်းငယ်တုန်းက ဘာဒါက ဒိုဝူးနဲ့ မိတ်ဆက်ပေးဖို့ သူ့ကို တောင်းဆိုခဲ့ဖူးတယ်။ မာရူးက ချက်ချင်း ငြင်းပယ်ခဲ့ပေမဲ့ သူကတော့ ဇွတ်အတင်းပဲ။ စာသင်နှစ်အသစ် စတင်ကတည်းက သူ တိတ်ဆိတ်နေခဲ့တာ ကံကောင်းလို့ပါပဲ၊ ဒါပေမဲ့ ဘာဒါက သူ့ဆီကို ပြုံးပြုံးလေးနဲ့ လာတိုင်း မာရူးရဲ့ ကျောပြင်မှာ ကြက်သီးမွေးညင်းတွေ ထလာတုန်းပဲ။

ဒိုဝူးက လူကောင်းတစ်ယောက်ဆိုတာ သေချာပါတယ်။ သူက ကောင်းမွန်တဲ့ ရည်းစားတစ်ယောက် ဖြစ်လာမှာပါ။ အကယ်၍ တခြားဘယ်သူမဆို တောင်းဆိုခဲ့ရင် ဒိုဝူးရဲ့ ဖုန်းနံပါတ်ကို ပေးဖို့ သူ တွန့်ဆုတ်နေမှာ မဟုတ်ပေမဲ့ သူ့ရဲ့ ညီမလေးအတွက်တော့ မဖြစ်နိုင်ဘူး။

အမှန်အတိုင်း ပြောရရင် မာရူးက သူ့ညီမ ဘယ်သူနဲ့ တွဲတွဲ တကယ် စိတ်မဝင်စားပါဘူး။ သူက ညီမလေးကို လူကောင်းတစ်ယောက်နဲ့ တွေ့စေချင်တာ ဖြစ်ပေမဲ့ အဲဒါက မျှော်လင့်ချက် သက်သက်ပဲလေ။ ဘာဒါက အရာရာကို ကောင်းကောင်းမွန်မွန် တာဝန်ယူနိုင်လိမ့်မယ်လို့ သူ ယုံကြည်တယ်။ နောင်အနာဂတ်မှာ သူ ကွာရှင်းရလိမ့်မယ်ဆိုတာကို သူ သိထားပြီးသားမို့လို့ ညီမလေးကို အနီးကပ် စောင့်ကြည့်နေမှာ သေချာပေမဲ့ သူ့ရဲ့ ကျောင်းတက်နေတဲ့ အရွယ်မှာတော့ ဘာမှ ဝင်ရောက်စွက်ဖက်ဖို့ ဆန္ဒမရှိဘူး။

‘ဒါပေမဲ့ ဒိုဝူးတော့ မဟုတ်ဘူး။ ဟင့်အင်း... လုံးဝ မဖြစ်နိုင်ဘူး'

သူ့ရဲ့ သူငယ်ချင်းက သူ့ညီမနဲ့ တွဲရမယ် ဟုတ်လား။ ဘုရားရေ... တကယ်ကို ထိတ်လန့်စရာကောင်းတဲ့ အတွေးပဲ။ သူငယ်ချင်းတွေက မိသားစုဝင်တွေ မဖြစ်သင့်ဘူးဆိုတဲ့ စကားက အကြောင်းရှိလို့ ပြောကြတာပဲ၊ သူက အဲဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးကြားထဲမှာ ထူးထူးဆန်းဆန်း ကြားညှပ်မခံချင်ဘူး။ သူ့ညီမက သူ့ကို “နင်သိလား... ဒိုဝူးကလေ…” လို့ လာပြောပြီး၊ ဒိုဝူးကလည်း သူ့ဆီလာပြီး “မင်းသိလား... ဘာဒါကလေ…” လို့ လာပြောနေရင် သူကပဲ သူတို့ရဲ့ ရန်ပွဲတွေကို အမြဲတမ်း ဖြန်ဖြေပေးနေရလိမ့်မယ်။

အကယ်၍ သူ လုံးဝမသိတဲ့ လူတစ်ယောက်က သူ့ညီမကို ငိုအောင်လုပ်ရင်တော့ သူ ဘယ်အချိန်မဆို သွားပြီး ရန်ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒါက သူ့သူငယ်ချင်း ဖြစ်နေရင်ကော။ မာရူးက အဲဒါကို တွေးမိရုံနဲ့တင် ခေါင်းထဲမှာ ဗလာဖြစ်သွားသလို ခံစားရတယ်။ အဲဒီနှစ်ယောက်လုံးကလည်း ဒေါသကြီးတဲ့အထဲမှာ ပါကြတာကိုး။ အဲဒီနှစ်ယောက် လုံးဝ မဆုံမိအောင် တားဆီးဖို့က အစ်ကိုကြီးတစ်ယောက်အနေနဲ့ကော သူငယ်ချင်းတစ်ယောက်အနေနဲ့ပါ မာရူးရဲ့ တာဝန်ပဲပေါ့။ ဒါ့အပြင် သူ ကိုယ်တိုင်လည်း အသက်ရှင်ကျန်ရစ်ဖို့ လိုသေးတယ်လေ။

“အိပ်ချင်လိုက်တာ"

သူက အဓိပ္ပာယ်မရှိတဲ့အရာတွေကို တွေးတောနေရင်းနဲ့ အိပ်ချင်စိတ်တွေက လွှမ်းမိုးလာခဲ့တယ်။ ဧပြီလလယ်က တကယ်ကို ပင်ပန်းစရာကောင်းတဲ့ လတစ်လပဲ၊ အားအင်တွေက အမြဲတမ်း ကုန်ခမ်းနေတာမို့လို့ လန်းလန်းဆန်းဆန်း ရှိနေဖို့ တကယ်ကို ခဲယဉ်းလှတယ်။ သူက အခန်းတံခါးအပြင်ဘက်ကို မှိုင်တွေတွေ ငေးကြည့်နေမိတယ်၊ နံရံတွေက နို့နှစ်ရောင်ဖြစ်ပြီး ကြမ်းပြင်ကတော့ စကျင်ကျောက်တွေနဲ့ လုပ်ထားတာ။ အဲဒီအချိန်မှာပဲ သူ့ရဲ့ မြင်ကွင်းထဲကို လုံးဝန်းတဲ့ ခေါင်းကလေးတစ်ခု ပြူးထွက်လာတာကို သတိထားမိလိုက်တယ်။ လှေကားထစ်တွေဆီကနေ သူ့ဆီကို လျှောက်လာတဲ့ ဂျီယွန်းပဲ ဖြစ်နေတယ်။ သူက နံရံကို အမှီပြုပြီး အားယူလျှောက်လာတာကို မြင်ရတာ တကယ်ကို စိတ်မချမ်းမြေ့စရာ မြင်ကွင်းပဲ။

မာရူးက ဂျီယွန်းကို စိုက်ကြည့်နေမိတယ်၊ သူကတော့ မာရူးကို မသိသေးဘူး။ သူက အရှေ့ကို ကြည့်နေပေမဲ့ သူ့ရဲ့ စိတ်ကတော့ တခြားတစ်နေရာကို ရောက်နေတာ ထင်ရှားလှတယ်။ အဲဒီလိုပုံစံမျိုးနဲ့ လျှောက်နေရင်တော့ သေချာပေါက် မတော်တဆမှုတစ်ခုခု ဖြစ်လိမ့်မယ်။ တကယ်ပဲ ဂျီယွန်းက လှေကားထစ်တွေရဲ့ အဆုံးကို ရောက်သွားပြီးတဲ့နောက်မှာ နောက်ထပ် လှေကားထစ်တစ်ခုကို ထပ်ပြီး တက်ဖို့ ကြိုးစားနေတာကို သူ သတိထားမိလိုက်တယ်။ အဲဒီလိုလုပ်ရင် သူ ခြေချော်ပြီး လဲကျသွားလိမ့်မယ်။

“ဟေ့... ဟေ့" မာရူး အော်လိုက်တယ်။

ဂျီယွန်းက သတိပြန်ဝင်လာပြီး သူ့ရဲ့ ခြေထောက်ကို ပြန်စစ်လိုက်တယ်။ သူ ချက်ချင်း သတိထားမိသွားပြီးနောက်မှာ ခြေထောက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်တာပေါ့။

“အ... အော်... မင်္ဂလာပါ"

နေရခက်တဲ့ နှုတ်ဆက်ခြင်းမျိုးနဲ့ ဂျီယွန်းက ထူးထူးဆန်းဆန်း အမူအရာနဲ့ သူ့နေရာမှာတင် ရပ်နေခဲ့တယ်။ မာရူးက မျက်မှောင်ကုပ်လိုက်မိတယ်။ သူ နေမကောင်းလို့လား။

“မင်းက အဲဒီမှာပဲ ဒီအတိုင်း ရပ်နေတော့မှာလား"

“အာ"

ဂျီယွန်းက အသံတိုးတိုးလေး ညည်းတွားလိုက်ပြီး စာသင်ခန်းထဲကို ဝင်လာခဲ့တယ်။ ရာသီဥတုက စပြီး ပူနွေးလာနေပြီ ဖြစ်ပေမဲ့ ဂျီယွန်းကတော့ နှင်းမုန်တိုင်းထဲကနေ ဖြတ်ပြေးလာတဲ့အတိုင်း ဖြူဖျော့နေတာပဲ။

“နေမကောင်းဘူးလား"

“ဟ... ဟင့်အင်း"

“တကယ်လား။ နေမကောင်းရင် နားသင့်တယ်လေ။ အဲဒီလိုဆိုရင် မင်း ထိခိုက်ဒဏ်ရာရလိမ့်မယ်"

“ငါ... ငါ တကယ် အဆင်ပြေပါတယ်။ ဒီမှာပဲ နေပါ့မယ်"

ဂျီယွန်းက သူ့ရဲ့ လက်သီးနှစ်ဖက်ကို ဒူးပေါ်တင်ပြီး စကားပြောနေတယ်၊ သူက စိတ်လှုပ်ရှားလွန်းလို့ တော်တော်လေး တောင့်တင်းနေတဲ့ ပုံစံပဲ။ ဒီနေ့ သူ ဘာဖြစ်နေတာလဲ။

“တကယ်ပဲ အဆင်ပြေရဲ့လား"

“ဟုတ်... ဟုတ်ကဲ့"

ဂျီယွန်းက သူ့ကို တည့်တည့်တောင် မကြည့်ဘူး၊ သူက စကားပြောတဲ့အခါ မျက်လုံးချင်းဆုံဖို့ ရှောင်လွှဲတတ်တဲ့ လူမျိုး မဟုတ်ပါဘူး။ သူ ဘာဖြစ်ခဲ့တာလဲ။ သူ တစ်ခုခု ပြောချင်ပေမဲ့ လောလောဆယ်တော့ ပါးစပ်ပိတ်ထားလိုက်တယ်၊ သူက လူတွေကို နှစ်သိမ့်ပေးရတဲ့ အလုပ်မှာ သိပ်ပြီး မကျွမ်းကျင်ဘူးလေ။

“ဒါဆို ပြီးခဲ့တဲ့နှစ်က အဲဒါထက် ပိုများတာပေါ့"

“အင်း... ငါတို့ တစ်ဝက်ကျော်လောက်ကို လွှင့်ပစ်လိုက်ရတယ်"

“ကိုင်တွယ်ရတာ တော်တော် ခက်ခဲပုံပဲ၊ ငါ ဒီကို မလာခဲ့သင့်ဘူး ထင်တယ်"

“ဟေ့... အဲဒီလို မပြောပါနဲ့"

စင်္ကြံလမ်းကနေ ဒေးမြောင်နဲ့ ဒိုဝူးတို့ရဲ့ အသံတွေ ထွက်ပေါ်လာတာကို သူ ကြားလိုက်ရတယ်။ အချိန်ကိုက်ပါပဲ။

“ဂျီယွန်း"

“ရှင်”

“မင်း ချောကလက်ပူပူ ကြိုက်လား"

* * * * * * * * *

ဒေးမြောင်က သူ့ဘေးမှာ ထိုင်နေတဲ့ ဂျီယွန်းကို ကြည့်လိုက်တယ်၊ သူက အရမ်းကို အားနည်းပုံပေါက်နေတာပဲ။ အခန်းကို ပြန်ရောက်တာနဲ့ ချက်ချင်းပဲ မာရူးက သူတို့ကို ချောကလက်ပူပူ သွားဝယ်ဖို့ ပြောခဲ့တာ။ သူတို့က ဒိုဝူးကို စာသင်ခန်းထဲမှာပဲ ထားခဲ့ပြီး ဂျီယွန်းနဲ့အတူ အောက်ထပ်ကို ဆင်းလာခဲ့ကြတယ်။ ဖျော်ရည်တွေကို စောင့်နေတုန်းမှာ မာရူးက ဒေးမြောင်ကို ဂျီယွန်းရဲ့ ပုံစံက သိပ်ပြီး အဆင်မပြေပုံရကြောင်း တိုးတိုးလေး ပြောခဲ့တာပေါ့။

“ကြိုးစားလိုက်ဦး... ဥက္ကဋ္ဌကြီး”

မာရူးက ဒိုဝူးအတွက် ဖျော်ရည်သွားဝယ်ပေးမယ်လို့ အကြောင်းပြပြီး ထွက်သွားခဲ့တယ်။ စတိုးဆိုင်ဘေးက ခုံတန်းလျားနားမှာတော့ နေရခက်တဲ့ အငွေ့အသက်တွေ လွှမ်းမိုးနေခဲ့ပြီး ဂျီယွန်းကတော့ သူ့ရဲ့ ဖန်ခွက်ကိုပဲ ငေးငေးငေါင်ငေါင် စိုက်ကြည့်နေမိတယ်။

“ဟို... ဂျီယွန်း"

“ရှင်”

ဂျီယွန်းက ခေါင်းကို ချက်ချင်း မော့ကြည့်လိုက်တယ်၊ သူက လန့်သွားတဲ့ ပုံစံပဲ။ ဒေးမြောင်ကိုယ်တိုင်လည်း သူ့ရဲ့ ချက်ချင်း တုံ့ပြန်မှုကြောင့် လန့်သွားခဲ့ရတယ်။ ဒီမိန်းကလေးက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။

“ငါပဲ အတွေးလွန်နေတာလားတော့ မသိဘူး၊ ဒါပေမဲ့ မင်း ဒီနေ့ ကြည့်ရတာ သိပ်ပြီး အဆင်မပြေပုံပဲ...”

သူက စိုးရိမ်တကြီးနဲ့ စကားကို ဖြတ်လိုက်တယ်၊ သူကိုယ်တိုင်လည်း လူတွေကို နှစ်သိမ့်ပေးရတဲ့ အလုပ်မှာ မကျွမ်းကျင်ဘူးလေ။ မာရူးကသာ ဒီလိုအရာတွေမှာ တကယ် တော်တာ... ကဲ... သူပဲ လုပ်ပေးဖို့ အတောင်းဆိုခံရတာဆိုတော့လည်း အကောင်းဆုံး ကြိုးစားကြည့်ရုံပေါ့။

“...အဲဒီလိုလား"

ဂျီယွန်းက စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ သူ့ရဲ့ ချောကလက်ပူပူကို သောက်လိုက်တယ်၊ ဒေးမြောင်လည်း သူ့ရဲ့ ဖျော်ရည်ကို တစ်ငုံ သောက်လိုက်တာပေါ့။ သူက မိန်းကလေးတစ်ယောက်နဲ့ နှစ်ယောက်တည်း စကားပြောရတာကို နည်းနည်းတော့ စိတ်လှုပ်ရှားမိပေမဲ့ သူက အခု ဂျူနီယာတစ်ယောက်နဲ့ စကားပြောနေတာဆိုတဲ့ အချက်ကြောင့် အဲဒီခံစားချက်က ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။ အကူအညီ လိုအပ်နေတဲ့ ဂျူနီယာတစ်ယောက်လေ။

သူတို့နှစ်ယောက်ကြားထဲမှာ အစ်မျှော်လင့်ဘဲ တိတ်ဆိတ်မှုတွေ လွှမ်းမိုးသွားတာကြောင့် ဒေးမြောင်က ဂယောက်ဂယက် ဖြစ်နေခဲ့တယ်။ သူ စကားမှားသွားတာလား။ အစကတည်းက ဒီအကြောင်းကို အစ်မေးခဲ့သင့်ဘူး ထင်တယ်။

‘ဖြစ်နိုင်ရင်တော့ အဲဒီလိုပဲ ဖြစ်ပါစေ'

သူက လူတွေရဲ့ အထင်လွဲတာတွေနဲ့ လျစ်လျူရှုတာတွေကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားပြီးသားပဲလေ။ သူ့ရဲ့ ဂျူနီယာက သူ့အပေါ် မကောင်းတဲ့ အမြင် ရှိသွားမှာကတော့ ဝမ်းနည်းစရာကောင်းပေမဲ့ အနည်းဆုံးတော့ အဲဒါက သူ့မှာ ကြီးမားတဲ့ ပြဿနာ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ဒေးမြောင်က ဖျော်ရည်ကို သောက်လို့ ပြီးသွားပြီး ပြန်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ မိန်းကလေးက ပါးစပ်ကို ဖွင့်လိုက်တယ်။

“စီနီယာ... စီနီယာကော အမေနဲ့ စကားပြောရတဲ့အခါ အသက်ရှူရတာ မွန်းကြပ်သလိုမျိုး ခံစားရဖူးလား"

ဂျီယွန်းက သူ့ရဲ့ နှုတ်ခမ်းတွေကို ကိုက်ထားမိတယ်။

* * * * * * * * *

“အား... ပူလိုက်တာ"

အာရမ်က ရောက်တာနဲ့ ချက်ချင်းပဲ ကြမ်းပြင်ပေါ်မှာ လှဲချလိုက်တယ်။ သူ့ရဲ့ အင်္ကျီက နည်းနည်းလောက် လန်တက်သွားပြီး ဗိုက်သားလေး ပေါ်နေပေမဲ့ သူကတော့ ဂရုစိုက်ပုံမရဘူး။ မာရူးက သက်ပြင်းချလိုက်ရင်း ဒိုဝူးရဲ့ ဂျာကင်အင်္ကျီကို အာရမ်ရဲ့ ဗိုက်ပေါ်ကို လွှင့်တင်ပေးလိုက်တယ်။

“အိုး... စီနီယာ... စီနီယာက တကယ်ကို ယဉ်ကျေးပျူငှာတတ်တာပဲ"

ဒိုဝူးက ဘေးကနေ “ဟေ့... အဲဒါ ငါ့ဟာလေ" လို့ သူ့ကို လှမ်းအော်ပေမဲ့ မာရူးကတော့ လျစ်လျူရှုထားလိုက်တယ်။

“ဂျီယွန်းသာ မင်းရဲ့ တက်ကြွမှု ထက်ဝက်လောက် ရှိရင် ကောင်းမှာပဲ"

“ဘာလို့လဲ"

“မင်းက တကယ်ပဲ မေးဖို့ လိုသေးလို့လား"

အာရမ်က အဲဒါကို သဘောကျပြီး ပြုံးလိုက်တယ်၊ ဒိုဝူးကတော့ အာရမ်ဆီကနေ ဂျာကင်အင်္ကျီကို ပြန်ယူဖို့ လျှောက်လာခဲ့တယ်။

“စီနီယာ ဒိုဝူးက တကယ်ကို အေးစက်တာပဲ။ အဲဒီလိုဆိုရင် မိန်းကလေးတွေကြားထဲမှာ ရေပန်းစားမှာ မဟုတ်ဘူး"

“မင်း သေချာလို့လား"

“အိုး... ချမလား"

အာရမ်က ထရပ်လိုက်ပြီး တိုက်ခိုက်မယ့် ပုံစံမျိုး ဖမ်းလိုက်တယ်။ တွေးကြည့်တော့ သူက တိုက်ကွမ်ဒို၊ ဂျူဒိုနဲ့ ကန်ဒိုတွေကို လေ့ကျင့်ထားတာ မဟုတ်လား။ မာရူးက ဒိုဝူးကို တစ်ချက် ကြည့်လိုက်တော့ အဲဒီကောင်လေးက စိတ်ပျက်စရာကောင်းတဲ့ အမူအရာနဲ့ နောက်ကို ဆုတ်သွားခဲ့တယ်။ အင်း... အာရမ်က သူ့အတွက်တော့ အမဲလိုက်သတ္တဝါတစ်ကောင်လို ဖြစ်နေပုံရတယ်။

“ဟယ်လို... ငါ ရောက်ပြီ"

ဘန်ဂျူးက အရမ်းကို ကျယ်လောင်တဲ့ အသံကြီးနဲ့ အခန်းထဲကို ဝင်လာခဲ့တယ်၊ သူ့ရဲ့ လက်နှစ်ဖက်လုံးမှာတော့ ပိုးသားနဲ့ ထုပ်ပိုးထားတဲ့ ဈေးကြီးပုံရတဲ့ သေတ္တာတွေကို ကိုင်ထားတာ။

“အဲဒါ ဘာလဲ"

“ငါ့အစ်မက ငါတို့ကို အတူတူ စားဖို့ ပေးလိုက်တာ"

အတူတူ စားဖို့ ဟုတ်လား။ ဘန်ဂျူးက သေတ္တာတွေကို ချလိုက်ပြီးနောက်မှာ အထုပ်တွေကို စတင် ဖြေလိုက်တယ်။ အဖုံးကို ဖွင့်လိုက်တဲ့အခါမှာတော့ သူတို့က အထဲမှာ ဆာရှိမိတွေကို တွေ့လိုက်ရတာပေါ့။

“ဆာရှိမိလား"

“ဟုတ်ကဲ့"

ဆာရှိမိ ဟုတ်လား။ အထက်တန်းကျောင်း ကလပ်တစ်ခုမှာလေ။ ဒါက တကယ်ကို ဈေးကြီးပုံရတယ်။ အထဲမှာ လှပစွာ ထွင်းထုထားတဲ့ သစ်သီးတွေနဲ့ ဆူရှီတွေလည်း ပါဝင်နေတာမို့လို့ လမ်းဘေးစတိုးဆိုင်တွေမှာ ဝယ်လို့ရတဲ့ အရာမျိုး လုံးဝ မဟုတ်ဘူး။ အစကတည်းက အဲဒါတွေ ထည့်ထားတဲ့ သေတ္တာကလည်း တကယ့် သစ်သားစစ်စစ်နဲ့ လုပ်ထားတာကိုး။

“ဘာဖြစ်လို့လဲ"

“မင်းအစ်မက တကယ်ပဲ အဲဒါကို ပေးလိုက်တာလား"

“ဟုတ်ကဲ့"

“...မင်းတို့ မိသားစုက တကယ်ပဲ ချမ်းသာတာပဲ"

မာရူးက အတိတ်တုန်းက ဈေးကြီးတဲ့ အစားအစာတွေကို အများကြီး စားဖူးခဲ့တာမို့လို့ ဒီအရာက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာကို ခန့်မှန်းရတာ ပြဿနာ မရှိဘူး။ အမှန်တကယ် ဈေးကြီးတဲ့ ဆူရှီတွေထက်စာရင်တော့ ပိုပြီး သက်သာမှာ သေချာပေမဲ့ ဒါက ကလေးတွေကို ကျွေးမွေးရမယ့် အစားအစာမျိုးတော့ လုံးဝ မဟုတ်ဘူး။

“အဲဒါကြောင့် ငါက မလိုချင်ဘူးလို့ ပြောခဲ့တာပေါ့၊ ဒါပေမဲ့ ငါ့အစ်မက ဇွတ်အတင်း ပေးလိုက်တာ"

“...ကဲ... ဒါဆိုရင်လည်း ငါပဲ အားရပါးရ စားလိုက်တော့မယ်"

မာရူးက ဆယ်လမွန်ဆူရှီကို မျက်စိကျနေခဲ့တာ။ သူက မကြာသေးခင်ကတည်းက ပင်ပန်းနေခဲ့တာမို့လို့ အားအင်တွေ ပြန်ပြည့်လာအောင် အဲဒါကို စားဖို့ သုံးရမှာပေါ့။ ဆာရှိမိဆိုတာက လက်ထဲမှာ ပိုက်ဆံအများကြီး ရှိနေရင်တောင်မှ ပိုက်ဆံအများကြီး အကုန်မခံချင်တဲ့ အရာမျိုးမို့လို့ ဒါက တကယ်ကို သဘောကျစရာကောင်းတဲ့ လက်ဆောင်ပဲ။ သူက အစားအစာတွေကို ကြည့်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေတုန်းမှာပဲ ဆူယွန်း ရောက်လာခဲ့တယ်။ သူက တောက်ပနေတဲ့ ဆာရှိမိတွေကို ကြည့်ပြီး မျက်လုံးတွေ ပြူးသွားခဲ့ရတာပေါ့။

“မင်းတို့တွေက တကယ့်ကို အဆင့်အတန်း တစ်ခုစီပဲနော်"

ကဲ... ဒါက လက်ဆောင်ပဲမို့လို့ သူတို့လည်း ပျော်ပျော်ပါးပါး စားလိုက်ကြတာပေါ့... အဲဒါက သူတို့ ရောက်ရှိသွားတဲ့ ကောက်ချက်ပဲ။

“ဒါနဲ့ စီနီယာ ဒေးမြောင်နဲ့ ဂျီယွန်းကော ဘယ်မှာလဲ"

ဘန်ဂျူးက မေးလိုက်တယ်။

“သူတို့ မကြာခင် ပြန်လာလိမ့်မယ်"

မာရူး စကားပြောလို့ ပြီးသွားတာနဲ့ ချက်ချင်းပဲ အဲဒီနှစ်ယောက် ဝင်လာခဲ့ကြတယ်၊ ဒါပေမဲ့ သူတို့ပုံစံက သိပ်ပြီး အဆင်မပြေပုံရဘူး။ ဂျီယွန်းက အရင်အတိုင်း စိတ်လှုပ်ရှားနေတုန်းပဲ ဖြစ်ပြီး ဒေးမြောင်တောင်မှ မျက်မှောင်ကုပ်နေခဲ့တာ။

‘ဘာတွေ ဖြစ်ခဲ့တာလဲ'

မာရူးက သူ့ရဲ့ မျက်ခုံးကို ကုတ်ရင်း အဲဒီနှစ်ယောက်ကို စိုက်ကြည့်နေမိတော့တယ်။

* * * * * * * * *

All Chapters