← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း(၂၁၅)

ဆာရှိမိ စားပြီးတဲ့နောက်မှာတော့ သူတို့တွေ တက်တက်ကြွကြွနဲ့ပဲ လေ့ကျင့်ခန်း လုပ်ဖြစ်ကြတယ်။ ကံမကောင်းတာက စာဖတ်တဲ့ အပိုင်းရောက်တော့ ပြဿနာက စတာပဲ။ သူတို့တွေက ကိုယ့်စာသားကိုယ် ဖတ်ရုံတင်ပဲဥစ္စာ၊ ဂျီယွန်း က အဲဒါလေးတောင် သေသေချာချာ မဖတ်နိုင်ရှာဘူး။

“ကျေးဇူးပြုပြီး... မဟုတ်ပါဘူး၊ ကျွန်မကို အဲဒီလိုမျိုးကြီး မကြည့်ပါနဲ့ရှင်။ ကျွန်... ကျွန်မ အရက်... အမျိုးသမီး... ရောင်းစားတာ ဟုတ်နိုင်ပေမဲ့...”

“တော်တော့"

ဆူယွန်း က ကလပ်အဖွဲ့ဝင်တွေ သုံးတဲ့ တုတ်တစ်ချောင်းနဲ့ လူတိုင်းရဲ့ အာရုံကို ဖမ်းစားလိုက်တယ်။ ခါတိုင်းလိုပဲ သူမက ကလပ်အဖွဲ့ဝင်တွေ ဝိုင်းဖွဲ့ထားတဲ့ အလယ်တည့်တည့်မှာ ရှိနေတာ။ ဆူယွန်း ဟာ ခေါင်းကလေး တဖြည်းဖြည်း ငုံ့သွားတဲ့ ဂျီယွန်း ကို စိုက်ကြည့်နေတယ်။

“လီဂျီယွန်း"

“...ရှင်"

“နင်က ဒါကို မလုပ်ချင်လို့ပဲလား"

“မဟုတ်ပါဘူး"

“ဒါဆို တစ်ခုခု ပြဿနာရှိလို့လား"

“...မဟုတ်ပါဘူး"

“ဒါဆို ငါ့မှာ ပြဿနာရှိလို့လား။ နင် မနေ့ကအထိ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး အခုကျမှ ဘာလို့ ဒီလိုမျိုး ဖတ်နေရတာလဲ။ နင့်မှာ ဝါသနာလည်း ရှိတယ်၊ ဘာပြဿနာမှလည်း မရှိဘူးဆိုတော့ ငါ့မှာပဲ တစ်ခုခု မှားနေလို့ပေါ့ ဟုတ်လား"

“အဲ... အဲဒီလို မဟုတ်ပါဘူးရှင်"

“လီဂျီယွန်း၊ ခေါင်းမော့စမ်း"

ဂျီယွန်း က ခေါင်းကို ဖြည်းဖြည်းကလေး မော့လာတယ်၊ ကြည့်ရတာ တော်တော်လေးကို ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပဲ။

“နင် ငါ့ကို ပြောစရာ ရှိလို့လား"

“.....”

“ကဲ... ထားလိုက်တော့၊ ငါတော့ ဆက်မလုပ်နိုင်တော့ဘူး။ နင် ငါ့ကို အခုထိ ယုံကြည်ပုံမရသေးဘူး၊ ဒီအတိုင်းတော့ ဆက်သွားလို့ မရဘူးလေ။ အခြေခံလေးတောင် အဆင်မပြေရင် ငါတို့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး"

ဆူယွန်း က တော်တော့်ကို စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ပုံနဲ့ မျက်မှောင်ကြီးကြုတ်ပြီး သူမအိတ်ကို ဆွဲယူလိုက်တယ်။

“ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ တော်ကြဦးစို့"

ဆူယွန်း ဟာ အပြင်ကို မထွက်ခင် ဂျီယွန်း ရဲ့ ခေါင်းကို ခေါက်ခဲ့သေးတယ်။ ဂျီယွန်း က စကားပြောချင်နေတဲ့ ပုံစံမျိုး ရှိပေမဲ့ ပါးစပ်က ပွင့်မလာရှာဘူး။ မာရူး က ဒေးမြောင် ကို ဆက်ပြီး တာဝန်ယူပေးဖို့ ပြောခဲ့ကာ ဆူယွန်း နောက်ကို လိုက်သွားတယ်။ သူမက သုံးထပ်လှေကားနားမှာ ရပ်နေတာ၊ သူ့ကို စောင့်နေတာ နေမှာပေါ့။

“ငါ အရင်က တစ်ယောက်ချင်းစီ သင်ပေးဖူးပါတယ်၊ ဒါပေမဲ့ အဖွဲ့လိုက် လုပ်ရတာက ပိုပြီး လူပင်ပန်းတာပဲ"

“ခုမှ စတာတင် ရှိသေးတာကို ညည်းညူနေတာလား"

ဆူယွန်း က ပခုံးတွန့်ပြတယ်။

“ဂျီယွန်း မှာ ပြဿနာတစ်ခုခု ရှိနေတယ်။ စိတ်မကောင်းစရာက ငါက အဲဒီအရွယ် မိန်းကလေးတွေကို သေသေချာချာ ဂရုမစိုက်တတ်ဘူးလေ။ သူတို့က တခြားသူတွေထက် ပိုပြီး အနုစိတ် ဂရုစိုက်ပေးဖို့ လိုတာကိုး"

“မနေ့ကလိုမျိုး ဘာလို့ အော်မဟောက်လိုက်တာလဲ"

“အဲဒီလို လုပ်လို့ရတဲ့နေ့ရှိသလို လုပ်လို့မရတဲ့ နေ့လည်း ရှိတာပေါ့။ မနေ့ကတော့ သူ့မှာ စိတ်အားထက်သန်မှု ရှိသေးတယ်၊ ဒါပေမဲ့ ဒီနေ့တော့ စကတည်းက လူက အသက်မပါတဲ့ ရုပ်သေးရုပ်လို ဖြစ်နေတာ။ ငါသာ သွားအော်လိုက်ရင် သူ တကယ် စိတ်ဒဏ်ရာရသွားလိမ့်မယ်။ ဒီလို အချိန်မျိုးမှာ သူက မှီခိုအားထားရမယ့်သူ တစ်ယောက်ယောက်ကို လိုအပ်နေတာပေါ့၊ ဒါပေမဲ့ ငါက အဲဒီလို လူမျိုး ဘယ်လိုလုပ်ရမလဲဆိုတာ မေ့နေပြီလေ"

ဆူယွန်း က မျက်စိတစ်ချက် မှိတ်ပြတယ်။

“ဆရာမ သူ့ကို တော်တော်လေး ဂရုစိုက်တာပဲ။ ကျွန်တော် တောင် အံ့ဩမိတယ်"

“ငါ ပြောသားပဲ၊ ဒါက ငါ့ဘက်က လုပ်ရမယ့် အိမ်စာလည်း ဟုတ်တယ်လေ။ ဂျွန်မင်း ကို စိတ်ပျက်စေချင်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း အဲဒီအရွယ် မိန်းကလေးတစ်ယောက်နဲ့ အရှုံးအမြတ်တွေ တွက်မနေချင်ပါဘူး။ ပြီးတော့ သူက ချစ်ဖို့လည်း ကောင်းတာကိုး"

“ဒါဆို ဆရာမက ပြဿနာထဲ ဝင်မပါချင်လို့ပဲ မဟုတ်ဘူးပေါ့ ဟုတ်လား"

“ဟင်။ ဟေ့... ငါ့ကို အဲဒီလို မျက်လုံးကြီးနဲ့ မကြည့်ပါနဲ့။ ငါက အဲဒီလို ကလေးမလေးတစ်ယောက်ဆီကနေ ထွက်ပြေးဖို့ ကြိုးစားမယ့်လူ မဟုတ်ပါဘူး။ ဒါတွေ ထားပါတော့၊ မင်းပဲ သူ့ကို စိတ်သက်သာရာရအောင် ကြိုးစားပြီး ဖျောင်းဖျပေးလိုက်ပါဦး။ ဒီနေ့ သူ တကယ်ပဲ စိတ်နဲ့ကိုယ်နဲ့ မကပ် ဖြစ်နေတာ၊ လုံးဝ တခြားလူတစ်ယောက်လိုပဲ"

ဆူယွန်း ရဲ့ မျက်လုံးတွေက အပေါ်ထပ်ကို ဝေ့ဝဲကြည့်နေတယ်။ မာရူး လည်း လက်ခံရမှာပဲ၊ ဒီနေ့ ဂျီယွန်း က စာသားတိုတိုလေးတွေကိုတောင် ထစ်ထစ်အအ ဖြစ်နေခဲ့တာကိုး။ အင်တာဗျူးတစ်ခုမှာ အချိန်မလောက်လို့ အလောတကြီး ဖြေနေရသလိုမျိုး စာသားတွေကို အမြန်ဖတ်ပြီး မှားတောင် မှားခဲ့သေးတယ်။ ပြီးတော့ ဇာတ်ညွှန်းကိုပဲ တုံးတုံးအအကြီး စိုက်ကြည့်နေတော့တာ။ အရင်က သူ ဒီလိုမျိုး မဟုတ်ပါဘူး။

“သူ့ကို စကားပြောပေးလိုက်ပါဦး။ ငါက စိတ်ပညာရှင်လည်း မဟုတ်တော့ ငါ့ဘက်က ဘာမှ လုပ်ပေးလို့ မရဘူးလေ"

“ဆရာမပဲ သူ့ကို သီးသန့် ခေါ်မပြောလိုက်တာလဲ"

“ရပါတယ်။ မင်းတို့ သတိမထားမိဘူး ထင်တယ်၊ ငါကတော့ သတိထားမိတယ်။ သူက ငါ့ကို တော်တော်လေး သံသယဝင်ပြီး လန့်နေတာ၊ ဘာကြောင့်လဲဆိုတာ မင်း ငါ့အတွက် စုံစမ်းပေးရင် ကျေးဇူးတင်မိမှာပဲ။ မင်း ဒီနေ့ သူ့ကို မြင်တယ်မလား။ စာသားတိုတိုလေး ဖတ်တာတောင် အသက်ရှူတွေ အစ်မှန်ဖြစ်နေတာ။ မင်းကိုယ်တိုင်လည်း သိပါတယ်၊ အရင်က သူ အဲဒီလောက်အထိ ဆိုးဆိုးဝါးဝါး မဟုတ်ခဲ့ပါဘူး"

မာရူး ခေါင်းညိတ်ပြလိုက်တယ်။

“ငါ တတ်နိုင်သလောက်တော့ ကူညီပေးမှာပေါ့၊ ဒါကတော့ အသေအချာပါပဲ။ ဒါပေမဲ့ ငါ မတတ်နိုင်တဲ့ ကိစ္စတွေထဲအထိတော့ ဝင်မပါချင်ဘူး။ ငါ ဒီကိုလာတာ မင်းတို့ရဲ့ သရုပ်ဆောင်မှုကို လမ်းညွှန်ပေးဖို့ပဲ၊ မင်းတို့ရဲ့ ဘဝတွေကို လိုက်ပြီး နှစ်သိမ့်ပေးဖို့ မဟုတ်ဘူးလေ"

“ဆရာကတော့ ဆရာကောင်းတစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"

“မဖြစ်ချင်ပါဘူး။ ငါက သရုပ်ဆောင်တစ်ယောက်ပဲဥစ္စာ။ ကဲ... သွားတော့"

ဆူယွန်း က လှေကားကနေ ပေါ့ပေါ့ပါးပါးလေး ဆင်းသွားတယ်။ သူမ ကွယ်ပျောက်သွားတာကို ကြည့်ပြီးနောက် မာရူး က စိတ်မသက်မသာ ဖြစ်နေတဲ့ မျက်နှာပေးနဲ့ အခန်းထဲကို ပြန်ဝင်လာခဲ့တယ်။ သူ ထင်ထားတဲ့အတိုင်းပဲ အခန်းထဲမှာ တိတ်ဆိတ်နေတာပဲ။ ဂျီယွန်း က အပြစ်ရှိတဲ့ လူတစ်ယောက်လို ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေတယ်၊ ဒီလို အခြေအနေမျိုးနဲ့တော့ လေ့ကျင့်ခန်းကို ဆက်လုပ်လို့ မရနိုင်တော့ဘူး။

“လီဂျီယွန်း"

မာရူး က သူမနားကို ချဉ်းကပ်ရင်း သူအစ်မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။ သူမရဲ့ စိတ်ထဲက အတွေးနက်နက်တွေကို မသိနိုင်ပေမဲ့ မျက်လုံးချင်း ဆုံကြည့်လိုက်ရင် ဘာဖြစ်နေလဲဆိုတာ အကြမ်းဖျင်းတော့ ရိပ်မိနိုင်ကောင်းရဲ့။ ဒါပေမဲ့ ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်း ကြည့်ကြည့်၊ သူမဆီက ဘာစကားလုံးမှ ထွက်မလာခဲ့ဘူး။ ဒါက တစ်ခုတည်းကိုပဲ အဓိပ္ပာယ်ဆောင်တယ်၊ သူမရဲ့ စိတ်တွေ ရှုပ်ထွေးပွေလီနေတာပဲ။ ဒီအချိန်မှာ သူ လုပ်ပေးနိုင်တာဆိုလို့ အချိန်နည်းနည်း ဆွဲပေးဖို့ပဲ ရှိတယ်။

“ဘယ်သူ အအေးသောက်ချင်လဲ"

* * * * * * * * *

သူက ဒေးမြောင် နဲ့အတူ အအေးဝယ်ဖို့ အပြင်ကို ထွက်လာခဲ့တယ်။ လှေကားနား ရောက်တာနဲ့ ဒေးမြောင် က စိုးရိမ်ပူပန်နေတဲ့ မျက်နှာပေးနဲ့ စကားစလာတယ်။

“ငါ သူ့ကို အကြံပေးတာ မှားသွားပြီ ထင်တယ်"

ဒေးမြောင် က တကယ့်ကို ပျာပျာသလဲ ဖြစ်နေတာပဲ။

“ဖြည်းဖြည်းပြောပါ။ မင်း သူ့ကို ဘာပြောလိုက်လို့လဲ"

“...မိသားစု ကိစ္စပါ။ ပြီးတော့ ကိုယ်ရေးကိုယ်တာ ကိစ္စလည်း ပါတာပေါ့"

“အေးလေ... အဲဒါက ဘာဖြစ်လို့လဲ"

ဒေးမြောင် က ပါးစပ်ပိတ်ပြီး ခဏနားသွားတယ်၊ တော်တော်လေး စိတ်ညစ်နေတဲ့ ပုံပဲ။ အဲဒီအကြောင်းကို ပြောပြဖို့ သင့်မသင့် သူ စဉ်းစားနေတာ နေမှာပေါ့။ သူက တခြားသူအပေါ် တော်တော်လေး အလေးထားပြီး ယဉ်ကျေးတတ်သူ ဖြစ်ပေမဲ့ အခုအချိန်က အဲဒီလို လုပ်နေရမယ့် အချိန်မဟုတ်ဘူးလေ။

“မင်း ငါ့ကို မပြောရင် ငါကိုယ်တိုင်ပဲ သူ့ကို သွားမေးရတော့မယ်၊ ဒါပေမဲ့ အဲဒါက လွယ်မှာမဟုတ်ဘူး။ ပြီးတော့ ငါက စကားလည်း လျှို့ဝှက်တတ်ပါတယ်၊ စိတ်ချပါ"

“အေးပါ၊ အသေအချာပေါ့။ ဟူး... ငါ ဒါကို မလုပ်ခဲ့သင့်ဘူး၊ မင်းက ငါ့ထက် ပိုပြီး အဆင်ပြေမှာ"

ဒေးမြောင် က စိတ်ကို ပြန်စုစည်းရင်း စကားခဏ ဖြတ်လိုက်တယ်၊ ကျောင်းရှေ့တံခါးကို ဖြတ်ကျော်ပြီးမှပဲ ပါးစပ်ပြန်ဖွင့်တော့တယ်။

“သူ့မိဘတွေနဲ့ ပြဿနာ အနည်းငယ် ရှိနေတာ။ အကုန်လုံးကို အသေးစိတ် မရှင်းပြပေမဲ့ ကြည့်ရတာ မိဘတွေက သူ့အပေါ် တအား ဖိအားပေးလွန်းတယ် ထင်တယ်။ ဂျီယွန်း မှာလည်း ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ရှိနေတာကိုး"

“ဘာပြဿနာလဲ"

“အရေးကြီးတဲ့ အချိန်တွေ၊ အထူးသဖြင့် စာမေးပွဲဖြေတဲ့ အချိန်တွေမှာ သူ တအား ရင်ခုန်တတ်တယ်တဲ့။ ဒါမှမဟုတ် လူအများရဲ့ အာရုံစိုက်မှုကို ခံရတဲ့ အချိန်တိုင်းမှာပေါ့။ နှလုံးက တအား မြန်မြန် ခုန်လာလို့ ဘာလုပ်ရမှန်း မသိဖြစ်ရတယ်တဲ့။ ငါကတော့ အားလုံးလည်း ဒီလိုပဲ ဖြစ်တတ်တာပဲလို့ ပြောလိုက်ပေမဲ့ သူကတော့ နည်းနည်း ကွာခြားတယ်လို့ ပြောတယ်"

“ဒါပဲလား။ အဲဒါက သိပ်ပြီး ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး"

“...ငါ သူ့မိဘတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ် အချို့ ပေးလိုက်မိတယ်"

“ဘာပြောလိုက်လို့လဲ"

“မိဘတွေက သမီးကို စိတ်ပူလို့၊ ဂရုစိုက်လို့ အခုလို ပြောတာပါလို့ ပြောလိုက်မိတယ်။ အဲဒါက ဘာမှ အထောက်အကူ မပြုမှန်း ငါသိပါတယ်၊ ဒါပေမဲ့ တခြား ဘာပြောရမှန်း မသိလို့လေ။ ငါ အဲဒီလို ပြောလိုက်လို့ အခြေအနေ ပိုဆိုးသွားပြီလို့ မင်း ထင်လား"

မာရူး က အဝေးကို ငေးကြည့်လိုက်တယ်၊ လူတိုင်းလည်း ဒီလို အကြံဉာဏ်မျိုးပဲ ပေးတတ်ကြတာပဲ။ သားသမီးနဲ့ မိဘကြားက ပြဿနာဆိုတာ အဆန်းမှ မဟုတ်ဘဲ၊ ကလေး တော်တော်များများလည်း တစ်ဘဝလုံး မိဘတွေနဲ့ အဆင်ပြေပြေ နေနိုင်ကြတာမှ မဟုတ်တာ။ အကယ်၍ ဂျီယွန်း ရဲ့ ဒီနေ့ အခြေအနေ ပျက်စီးသွားတာက မိဘတွေနဲ့ ရန်ဖြစ်လို့ဆိုရင် သူတို့တွေ ရိုးရိုးပုံမှန် ကိစ္စတစ်ခုခုကြောင့် ရန်ဖြစ်ကြတာတော့ လုံးဝ မဟုတ်နိုင်ဘူး။

“ဂျီယွန်း ကို ကြည့်ရတာ တစ်နေရာရာမှာ အရိုက်ခံထားရတဲ့ ပုံစံမျိုး ရှိလား"

ဒေးမြောင် က အဲဒီမေးခွန်းရဲ့ အဓိပ္ပာယ်ကို သေချာ နားလည်အောင် ခဏလောက် ကြောင်ကြည့်နေတယ်။

“မင်း ပြောချင်တာက...”

“ဒါက ဖြစ်နိုင်ခြေ တစ်ခုကို ပြောတာပါ။ ငါတော့ သူ့ဆီမှာ ဒဏ်ရာ ဒဏ်ချက် ဘာမှ မမြင်မိပါဘူး"

“ငါလည်း မမြင်မိဘူး"

“တစ်ရက်အတွင်းမှာပဲ သူ့ရဲ့ အပြုအမူတွေ ဒီလောက်အထိ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်ဆိုရင် သူ တစ်ခုခုနဲ့ အကြီးအကျယ် ထိခိုက်ထားလို့ နေမှာပေါ့"

“အဲဒါတော့... ဟုတ်တယ်"

ဒီနေ့ ဂျီယွန်း ရဲ့ ပုံစံက တကယ့်ကို ပျက်စီးယိုယွင်းနေတာ၊ စိတ်က တခြားတစ်နေရာကို ရောက်နေသလိုပဲ။ သူတို့တွေအနေနဲ့ ဒါကို သာမန်ကိစ္စလေးတစ်ခုလို သဘောမထားသင့်ဘူး၊ မဟုတ်ရင် မိသားစုတစ်ခုခုကို ဖျက်ဆီးလိုက်သလို ဖြစ်သွားနိုင်တယ်။

“ကဲ... မင်း သူ့ကို နောက်တစ်ခေါက် ထပ်ပြီး စကားပြောကြည့်လိုက်ဦး။ အကယ်၍ သူက ကိစ္စတွေကို ဖုံးကွယ်ထားရင်တော့ ရှေ့ဆက်ပြီး အတင်းအစ်မေးပါနဲ့တော့"

“ဘာလို့လဲ။ မာရူး၊ ငါတို့ သူ့ကို ကူညီပေးရမှာလေ"

“လူတစ်ယောက်ကို ကူညီပေးနိုင်တဲ့ အတိုင်းအတာမှာ အကန့်အသတ် ရှိတယ်ကွ။ မင်း ဂျီယွန်း အကြောင်း ဘယ်လောက် သိလို့လဲ။ ငါကတော့ သူ့ရဲ့ အပြင်ပန်း ပင်ကိုယ်စရိုက်နဲ့ နာမည်လောက်ပဲ သိတယ်။ မင်း အဲဒီလောက်ပဲ သိရုံနဲ့ သူ့ရဲ့ အတွင်းရေး ကိစ္စတွေကို အတင်း လိုက်နှိုက်နေတာက မှန်ကော မှန်ရဲ့လား"

“ဒါပေမဲ့လည်း ငါ သူ့ကို ကူညီပေးချင်တုန်းပဲ"

ဒေးမြောင် က မျက်လုံးတွေ ဝိုင်းပြီး ပြောရှာတယ်။ ဒီကောင်လေးက သူ့ကို ဒီအတိုင်း ပစ်မထားနိုင်ဘူး ထင်တယ်၊ ဟုတ်မှာပေါ့။ သူ့ကိုယ်သူလည်း သူမရဲ့ နေရာမှာ မြင်နေလို့ နေမှာပေါ့။ မာရူး က ဒီကောင်လေးရဲ့ ခံစားချက်ကို အပြည့်အဝ နားလည်ပါတယ်၊ ဒါပေမဲ့ တခြားလူတွေရဲ့ ကိစ္စထဲကို အဲဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဝင်ပါဖို့က မကောင်းပါဘူး။ အထူးသဖြင့် အခု ကိစ္စက မိသားစုချင်း ကိစ္စဖြစ်နေလို့ပဲ။ ဂျီယွန်း က သာမန် ဂျူနီယာ ညီမလေးတစ်ယောက်ပဲဥစ္စာ၊ သူတို့အနေနဲ့ ဘာကိစ္စကိုမှ နက်နက်ရှိုင်းရှိုင်း လိုက်စပ်စုနေစရာ အကြောင်းမရှိဘူး။ အကယ်၍ သူမကိုယ်တိုင်က အကူအညီ တောင်းလာရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့... သူက အကူအညီ မတောင်းရင်တော့ ကူညီပေးဖို့ မလိုပါဘူး။

“သူက အကူအညီ တောင်းလာရင် ငါတို့ ကူညီပေးမယ်။ အကယ်၍ မတောင်းရင်တော့ ဒီအတိုင်းပဲ စောင့်ကြည့်လိုက်"

“သူက စိုးရိမ်ပူပန်နေလို့ စကားမပြောရဲတာလည်း ဖြစ်နိုင်တာပဲလေ"

“မင်းက ဘာပဲဖြစ်ဖြစ် သူ့ကို ကူညီပေးချင်တာပေါ့ ဟုတ်လား"

“...ဟုတ်ပါတယ်"

“အကယ်၍ တစ်ခုခု မှားယွင်းသွားရင် မင်း တာဝန်ယူမှာလား"

“ဘာပြောလိုက်တယ်"

“ဒါက မင်း ထင်ထားတာထက် ပိုပြီး ဆိုးဆိုးဝါးဝါးကြီး ဖြစ်နေနိုင်တယ်။ မင်းက ဝင်ပါလို့ အခြေအနေ ပိုဆိုးသွားရင် ဂျီယွန်း အတွက် ပိုပြီး ဒုက္ခရောက်အောင် လုပ်ပေးသလို ဖြစ်သွားလိမ့်မယ်။ မင်း တကယ်ပဲ ကူညီချင်တယ်ဆိုရင် ငါ မတားပါဘူး၊ ဒါပေမဲ့ ပေါ့ပေါ့ဆဆတော့ မလုပ်ပါနဲ့။ လမ်းကြောင်းလွဲသွားတဲ့ စေတနာထက် ပိုပြီး နာကျင်စေတာ ဘာမှ မရှိဘူး"

“...ငါ ကူညီပေးချင်တုန်းပဲ"

“အေးပါ၊ သိပါတယ်"

ဒါက ရိုးရိုးရှင်းရှင်း ကိစ္စတစ်ခုလည်း ဖြစ်နိုင်ပါတယ်၊ အဓိကကတော့ ကာယကံရှင်ကို ကိုယ်တိုင် မေးကြည့်ဖို့ပဲ ရှိတာပေါ့။ သူတို့နှစ်ယောက်က အအေးအချို့ ဝယ်ပြီး ကျောင်းကို ပြန်လာခဲ့ကြတယ်။ ကျောင်းရှေ့တံခါးကို ဖြတ်လာတော့ ခရမ်းရောင်ဆံပင်နဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံတယ်။ သူမက ကျောင်းကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်နေရင်းကနေ သူတို့နှစ်ယောက်ဆီကို လှည့်ကြည့်လာတာ။ လှပရိုင်းစိုင်းတဲ့ ခရမ်းရောင်ဆံပင်နဲ့မတူဘဲ သူမရဲ့ မျက်နှာက တောသူမလေးလို အပြစ်ကင်းစင်တဲ့ ပုံစံမျိုး ရှိတယ်။

“ဟင်။ ဟာ..."

ဒေးမြောင် က အံ့ဩတကြီးနဲ့ အော်လိုက်တယ်။ သူ သိတဲ့လူ ဖြစ်နေလို့လား။

“ဘာဖြစ်လို့လဲ"

“မင်း သူ ဘယ်သူလဲဆိုတာ မသိဘူးလား"

“ဘယ်သူလဲ"

“မင်း ဇာတ်လမ်းတွဲတွေ မကြည့်ဘူးလား"

“ငါ တကယ် မကြည့်ဘူး"

“......”

ခရမ်းရောင်ဆံပင်နဲ့ အမျိုးသမီးက သူသိတဲ့လူတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး တောက်ပတဲ့ အပြုံးနဲ့ သူတို့ဆီကို လျှောက်လာတယ်။ သေသေချာချာ ထပ်ကြည့်လိုက်တော့ မာရူး တစ်ယောက် အဲဒီအမျိုးသမီးက သူ ပထမဆုံး ထင်ထားသလို အပြစ်ကင်းစင်တဲ့ ပုံစံမျိုး မဟုတ်မှန်း သိလိုက်ရတယ်။ ကြည့်ရတာ တော်တော်လေးကို နောက်ပြောင်တတ်ပြီး ကိုင်တွယ်ရ ခက်ခဲမယ့် လူစားမျိုးပဲ။

“မင်းတို့က သရုပ်ဆောင်ကလပ်ကလား"

“ဟုတ်ပါတယ်၊ ဟုတ်တယ်"

ဒေးမြောင် က သူ့နောက်မှာ ပုန်းနေတာကြောင့် မာရူး ပဲ ဝင်ဖြေလိုက်ရတယ်။

“မင်း ငါ့ကို မသိဘူးလား" လို့ အဲဒီအမျိုးသမီးက မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြရင်း မေးတယ်။

“သိဖို့ လိုလို့လား" မာရူး က ပြန်ဖြေလိုက်တာပေါ့။

“ဝေါင်... ငါ ဒီလို တုံ့ပြန်မှုမျိုး မကြုံရတာ တော်တော်လေး ကြာပြီပဲ။ လန်းဆန်းသွားတာပဲ"

အဲဒီအမျိုးသမီးက ရုတ်တရက်ကြီး မာရူး ရဲ့ ပခုံးကို လက်မောင်းနဲ့ လှမ်းဖက်လိုက်တယ်၊ မာရူး လည်း ချက်ချင်းပဲ သူမရဲ့ လက်မောင်းကို သူ့လက်နဲ့ ဖယ်ထုတ်လိုက်တာပေါ့။

“ကလပ်နဲ့ ကိစ္စရှိလို့လားခင်ဗျာ"

“မင်း စကားပြောတာက လူကြီးတစ်ယောက်လိုပဲနော်၊ ချစ်ဖို့ကောင်းလိုက်တာ"

သူမက သူ့ကို ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်လို နေရာအနှံ့ လိုက်ကြည့်နေတယ်။ ဒါက မရိုမသေ ဖြစ်ပေမဲ့ သူမဆီမှာ မကောင်းတဲ့ စေတနာ မရှိတာကြောင့် ထူးထူးဆန်းဆန်းကြီးတော့ ဖြစ်မနေဘူး။ သူ သေသေချာချာ ကြည့်လိုက်တော့ သူမရဲ့ စိတ်ထဲက စကားလုံးလေး တစ်ခု ပေါ်လာတာကို တွေ့လိုက်ရတယ်။

‘ဒီကလေးက စိတ်ဝင်စားဖို့ကောင်းသားပဲ'

သူ တွေးတဲ့အတိုင်း တိုက်ရိုက် စကားပြောတတ်တဲ့ လူမျိုးနဲ့ မတွေ့ရတာ တော်တော်ကြာပြီ။ ဒီလို လူမျိုးတွေက များသောအားဖြင့် ယုံကြည်ရတတ်ပေမဲ့...

“မင်း တကယ်ပဲ ငါ့ကို မသိဘူးလား"

သူတို့နဲ့ ကိုင်တွယ်ရတာ တကယ်ပဲ စိတ်ရှုပ်ဖို့ကောင်းတယ်၊ ဒေးမြောင် က မာရူး ရဲ့ ပခုံးကို နောက်ကနေ ဆွဲလိုက်တယ်။

“သူက သရုပ်ဆောင်လေ၊ သရုပ်ဆောင်မင်းသမီး"

“သရုပ်ဆောင်မင်းသမီးလား"

“အန်းဂျူဟယွန်း လေ။ မင်း တကယ်ပဲ သူ့ကို မသိဘူးလား"

“အန်းဂျူဟယွန်း ဟုတ်လား"

ခရမ်းရောင်ဆံပင်နဲ့ အမျိုးသမီးက ဖြဲပြုံးကြီး ပြုံးပြလိုက်တယ်။

* * * * * * * * *

သူတို့ အခန်းထဲ ဝင်လာတဲ့အခါ တုံ့ပြန်မှု နှစ်မျိုး ရှိခဲ့တယ်။ လူအများစုက စူးစမ်းတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြပြီး လူတစ်ယောက်ကတော့ လန့်ဖျပ်သွားတဲ့ အသံနဲ့ အော်လိုက်တာပေါ့။

“အ... အစ်မကြီး"

အန်ဘန်ဂျူး ရဲ့ အော်သံကို ကြားလိုက်ရပြီး မာရူး က ဂျူဟယွန်း ကို အခန်းထဲ လမ်းပြခေါ်လာခဲ့တယ်၊ အဲဒီအမျိုးသမီးက အိမ်တစ်အိမ်ကို လည်ပတ်ကြည့်ရှုနေသလိုမျိုး အခန်းအနှံ့ လိုက်ကြည့်နေတာ။

“အစ်မက ဘာလို့ ဒီကို ရောက်နေတာလဲ"

ဂျူဟယွန်း က ကလပ်အဖွဲ့ဝင် တစ်ယောက်ချင်းစီကို စူးစမ်းကြည့်နေရင်းကနေ မောင်ဖြစ်သူရဲ့ စကားကို လုံးဝ ဥဿုံ လျစ်လျူရှုထားတယ်။

“ဩော်... ဒီနေရာမှာ မင်းတို့ သရုပ်ဆောင်ကြတာပေါ့။ ငါ အထက်တန်းကျောင်းတုန်းက ဒီလိုမျိုး မလုပ်ဖူးတော့ စိတ်ဝင်စားလို့ လာကြည့်တာ။ အငွေ့အသက်လေးက ကောင်းသားပဲ။ ဒါပေမဲ့... ညည်းကို ကြည့်ရတာ တစ်ခုခု ခံစားနေရတဲ့ ပုံပဲနော်"

ဂျူဟယွန်း က ဂျီယွန်း ဘက်ကို ကိုယ်ကို ကိုင်းညွှတ်လိုက်တယ်၊ ဂျီယွန်း ကတော့ တကယ့်ကို ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံနဲ့ ဘေးပတ်ပတ်လည်ကို ကြည့်နေတာပေါ့။

“ဟို... ဟိုလေ...”

သူတို့နှစ်ယောက် မျက်လုံးချင်း တည့်တည့် ဆုံမိတဲ့အခါ ဂျူဟယွန်း က ဂျီယွန်း ကို ဖက်လိုက်ပြီး ကောင်မလေးရဲ့ ကျောပြင်ကို ညင်ညင်သာသာလေး ပွတ်သပ်ပေးလိုက်တယ်။

“ဘာလို့ ဒီလောက်အထိ စိတ်ဆင်းရဲနေရတာလဲ ညီမလေးရယ်။ ညည်းက ဒီလို ခံစားချက်မျိုးတွေ ကြုံတွေ့ရဖို့ ငယ်လွန်းပါသေးတယ်"

ဒါက လူတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကို မောင်းထုတ်ပေးနိုင်တဲ့ နွေးထွေးတဲ့ အသံမျိုးပဲ၊ မာရူး က ဒေးမြောင် ကို သူတို့နား မချဉ်းကပ်ဖို့ နောက်ကို ဆွဲလိုက်တယ်။

“ဘာလို့လဲ"

“ဂျီယွန်း ကို ကြည့်လိုက်ဦး"

ဒေးမြောင် က ဂျီယွန်း ရဲ့ မျက်နှာကို ကြည့်ပြီးမှပဲ စိတ်သက်သာရာရသွားတယ်၊ ကောင်မလေးက အေးအေးဆေးဆေး အသက်ရှူနေပြီလေ။ သူ ဇဝေဇဝါ ဖြစ်နေတုန်းပဲ ဆိုပေမဲ့ အရင်ကထက်စာရင် ပုံစံ တော်တော်လေး ကောင်းလာပြီ။

“အခြေအနေတွေ ခက်ခဲလာတဲ့အခါ အသက်ကို ဝဝရှူသွင်း ရှူထုတ်လုပ်တာက အကောင်းဆုံးပဲ။ ဒီလိုမျိုးလေး"

ဂျူဟယွန်း က အသက်ကို ဖြည်းဖြည်းကလေး ရှူပြတယ်၊ မကောင်းတဲ့ ခံစားချက်တွေ အားလုံး လွင့်စင်သွားအောင် ဖြည်းဖြည်းကလေး လုပ်ပြနေတာ။ ဂျီယွန်း ရဲ့ ပခုံးတွေ တဖြည်းဖြည်း လျော့ကျသွားပြီး စိတ်ပေါ့ပါးသွားတာကို မာရူး မြင်လိုက်ရတယ်၊ ဒီနေ့မှာ ပထမဆုံးအကြိမ်အဖြစ် သူမ နေလို့ထိုင်လို့ ကောင်းသွားတဲ့ ပုံပဲ။

မာရူး က လက်ပိုက်ပြီး သူတို့နှစ်ယောက်ကို စောင့်ကြည့်နေမိတယ်၊ ဒီ အန်းဂျူဟယွန်း ဆိုတဲ့ လူကတော့ သာမန်လူတစ်ယောက် မဟုတ်တာတော့ အသေအချာပဲလေ။

* * * * * * * * *

All Chapters