← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း(၂၁၆)

ဒီနေ့တစ်နေ့လုံး မိုးအုံ့မှိုင်းနေတာပဲ။ လီဂျီယွန်းရဲ့ ဘဝထဲမှာ လုံးဝကို အဓိပ္ပာယ်မရှိဘဲ ကုန်ဆုံးသွားခဲ့ရတဲ့ နေ့ရက်တွေထဲက တစ်နေ့ပေါ့။ စိတ်ထဲမှာတော့ ဘယ်သူ့ကို အပြစ်တင်ရမလဲလို့ အသည်းအသန် လိုက်ရှာနေမိတယ်၊ အဲဒီလို မလုပ်သင့်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေရက်နဲ့ပေါ့။ နောက်ဆုံးတော့လည်း ရင်းနှီးနေတဲ့ မျက်နှာတွေကို တစ်ခုပြီးတစ်ခု စဉ်းစားကြည့်ရင်း... သူမ အပြစ်တင်ဖို့ ရွေးချယ်လိုက်တဲ့ ပစ်မှတ်က ကိုယ့်ကိုယ်ကိုယ် ဖြစ်နေခဲ့ပြန်တယ်။

ငါက ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ။ ဘာလို့ စကားတစ်ခွန်းတောင် ထွက်မပြောနိုင်ခဲ့တာလဲ။ ဘာလို့ ဒီအတိုင်း ငြိမ်နေမိတာလဲ။ ရင်ထဲက တုန်လှုပ်ခြောက်ခြားမှုတွေကိုသာ ဆေးကြောပစ်နိုင်ရင် သိပ်ကောင်းမှာပဲ။ မိခင်ဖြစ်သူအတွက် သမီးကောင်းတစ်ယောက် ဖြစ်နိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ...။ ဒီလိုမျိုး ‘ဖြစ်ခဲ့ရင် ကောင်းမှာပဲ’ ဆိုတဲ့ အတွေးတွေကပဲ စိတ်ကူးထဲမှာ အပြစ်မကင်းတဲ့ ခံစားချက်တွေကို ပိုတိုးလာစေပြီး သူမကို ချောက်နက်ကြီးထဲ တဖြည်းဖြည်းနဲ့ ပိုနစ်ဝင်သွားအောင် ဆွဲချနေသလိုပဲ။

ခေါင်းထဲမှာလည်း ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်းကြီး ဖြစ်နေတယ်။ စာကြောင်းတိုတိုလေးတွေကိုတောင် စကားတွေ ထစ်အ သွားခဲ့ရသလို၊ အချိန်ပြည့် သတိမထားမိဘဲနဲ့တော့ အသက်တောင် ဝဝမရှူနိုင်တော့ဘူး။ ဒီကြားထဲမှာ “မင်းအမေက မင်းကို စိတ်ပူလို့ ပြောတာပါ” ဆိုတဲ့ ဒေးမြောင်ရဲ့ စကားတွေက နားထဲကို ဓားနဲ့ထိုးလိုက်သလို ဝင်လာပြန်တယ်။

ဟုတ်ပါတယ်၊ သူပြောတာ အမှန်ပဲ။ အမေက သူမကို စိတ်ပူတာပေါ့၊ တခြားသူတွေထက် ပိုပြီးတော့တောင် ဂရုစိုက်တာ။ ဒါကြောင့်မို့လည်း သူမအနေနဲ့ အမေ့ရဲ့ မျှော်လင့်ချက်တွေကို ပြည့်မီအောင် လုပ်ပေးရမယ်၊ အဲဒီတုန်းက လာခဲ့တဲ့ ဧည့်သည်တွေရဲ့ သားသမီးတွေလိုပဲ ပထမတန်းစား တက္ကသိုလ်တစ်ခုခုကို ဝင်ခွင့်ရအောင် လုပ်ရမယ်။ သမီးကောင်းတစ်ယောက် ဖြစ်ရမယ်လေ။

ဒါပေမဲ့ သူအစ်မှာ ပါရမီမရှိခဲ့ဘူး။ အမေ့ရဲ့ မျှော်လင့်ချက်တွေကို မပြည့်မီစေခဲ့တဲ့အပြင် အမေ့ကိုပါ နောက်တစ်ကြိမ် မျက်နှာပျက်အောင် လုပ်မိပြန်ပြီ။ ပြဇာတ်အဖွဲ့ကိုလည်း ဖျက်ဆီးပစ်ခဲ့သလို၊ စီနီယာတွေရဲ့ မျှော်လင့်ချက်တွေကိုလည်း သစ္စာဖောက်မိရက်သား ဖြစ်သွားခဲ့တယ်။

သူမ ဘာတစ်ခုမှ ကောင်းကောင်းမလုပ်နိုင်ပါလား။

ရင်ဘတ်ထဲမှာ နှလုံးခုန်သံတွေ ပိုကျယ်လာပြီး ချွေးစေးတွေပါ တစ်ကိုယ်လုံးက ထွက်လာတယ်။ ကွင်းပြင်ထဲမှာ စာမေးပွဲဖြေနေရတဲ့ ရာသီတုန်းကလိုပဲ၊ ဘတ်စ်ကားကတ် ငွေဖြည့်ပေးဖို့တောင် အော်မပြောရဲခဲ့တဲ့ အချိန်တုန်းကလိုမျိုးပေါ့။ ဒီလို ရိုးရိုးရှင်းရှင်း ကိစ္စလေးတွေကိုတောင် သူမ မလုပ်နိုင်ခဲ့ဘူး။ လီဂျီယွန်းဟာ မိမိစိတ်ထဲက ချောက်နက်ကြီးထဲကို စိတ်အာရုံတွေ ပိုပြီး နစ်ဝင်သွားသလို ခံစားလိုက်ရပေမဲ့ ဘယ်သူ့ကိုမှ အကူအညီမတောင်းရဲခဲ့ပါဘူး။ အရာအားလုံး ဘယ်တော့မှ ပြီးဆုံးသွားမလဲဆိုတာကိုပဲ ဒီအတိုင်း ထိုင်တွေးနေမိတော့တယ်။

ဒီမှာတင် သူမရဲ့ အမြင်အာရုံထဲကို စိမ်းနေတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ မဟုတ်သေးဘူး၊ တီဗီထဲမှာ မြင်ဖူးနေတဲ့ အမျိုးသမီးပဲ။ ကြော်ငြာတစ်ခုထဲမှာ တွေ့ဖူးတဲ့ အဲဒီမင်းသမီးဟာ ပြုံးပြုံးလေးနဲ့ သူမဆီ လျှောက်လာပြီး ဖက်ထားလိုက်တယ်။

လီဂျီယွန်းက လန့်သွားပြီး အဲဒီမင်းသမီးကို တွန်းထုတ်ဖို့ ကြိုးစားပေမဲ့ ပိုပြီးတော့ပဲ တင်းတင်းကြပ်ကြပ် ဖက်ခြင်းခံလိုက်ရတယ်။ အဲဒီ နွေးထွေးမှုက လီဂျီယွန်းကို စိတ်သက်သာရာရစေပြီး သူမရဲ့ နှလုံးခုန်သံတွေကလည်း မင်းသမီးရဲ့ နှလုံးခုန်နှုန်းနဲ့အညီ ဖြည်းဖြည်းချင်း ပြန်မှန်လာတယ်။

“အဆင်ပြေသွားမှာ မဟုတ်ပါဘူး၊ ဆက်ပြီးတော့လည်း ခက်ခဲနေဦးမှာပဲ။ ဒါပေမဲ့ ခဏလောက်တော့ အသက်ရှူချလိုက်ပါဦးလား။ အားတင်းထားဖို့လည်း မလိုသလို၊ အတင်းကြိုးစားနေဖို့လည်း မလိုပါဘူး။ ငါ့ကိုပဲ မှီထားပြီး အသက်ကလေး ဝဝရှူလိုက်စမ်းပါ”

လီဂျီယွန်းရဲ့ လက်ဖဝါးတွေက တုန်တုန်ရီရီနဲ့ အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီးတဲ့နောက်မှာတော့ လက်မောင်းတွေကို အကုန်လုံး လျှော့ချလိုက်တယ်၊ နွေးထွေးတဲ့ အိပ်ရာထဲကို ရောက်သွားသလိုမျိုး တစ်ကိုယ်လုံးက အားအင်တွေ အကုန်ပွင့်ထွက်သွားခဲ့တယ်။ ရင်ထဲက တုန်လှုပ်ခြောက်ခြားမှုတွေလည်း အရည်ပျော်သွားရတယ်။ သူမဟာ မင်းသမီးရဲ့ ဖြည်းဖြည်းချင်း အသက်ရှူတဲ့ပုံစံနောက်ကို လိုက်လုပ်ကြည့်နေမိတယ်။ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်းပေါ့။ နှာခေါင်းကနေ လေကိုရှူသွင်းပြီး ပါးစပ်ကနေ ပြန်မှုတ်ထုတ်လိုက်တယ်။

“ဟုတ်ပြီ၊ တော်တယ်”

လီဂျီယွန်းဟာ သူမရဲ့ နောက်ကျောကို ပုတ်ပေးနေတဲ့ အဲဒီမင်းသမီးရဲ့ လက်ဖဝါးတွေဆီကနေ အတိတ်တုန်းက အမေ့ရဲ့ ယုယုယယ ပွတ်သပ်ပေးမှုကို ပြန်အမှတ်ရမိသွားတယ်၊ အဲဒီတုန်းက အမေက သိပ်ပြီး စိတ်သက်သာရာရစေခဲ့တာ၊ သိပ်ကို ကြင်နာခဲ့တာပေါ့။ တကယ်ကို စိတ်ချမ်းသာစရာ ကောင်းခဲ့တာ။

* * * * * * * * *

အန်းဂျူဟယွန်းက တော်တော်လေးကြာအောင် ဖက်ထားပြီးမှ လီဂျီယွန်းကို လွှတ်ပေးလိုက်တယ်။ လီဂျီယွန်းက တော်တော်လေး မှင်တက်သွားတဲ့ ပုံစံဖြစ်နေပေမဲ့ စောစောကလိုမျိုးတော့ မဟုတ်တော့ဘူး။

“အခု ဘယ်လိုနေသေးလဲ” လို့ အန်းဂျူဟယွန်းက မေးလိုက်တယ်။

လီဂျီယွန်းက တိုးညှင်းတဲ့ အသံလေးနဲ့ အဆင်ပြေပါတယ်လို့ ပြန်ပြောတယ်။

“ကောင်းပြီလေ”

အန်းဂျူဟယွန်းက ပြုံးရင်းနဲ့ မတ်တတ်ထရပ်လိုက်တယ်။

“အစ်မကြီး၊ ဘာလို့...”

အန်ဘန်ဂျူးက အံ့ဩတုန်လှုပ်နေတဲ့ မျက်နှာနဲ့ အန်းဂျူဟယွန်းဆီ လျှောက်လာတယ်။

‘ဒါဆို ဒါက သူပြောပြောနေတဲ့ မိစ္ဆာလို အစ်မကြီးပေါ့လေ’

မိစ္ဆာဆိုတာထက်စာရင် တကယ်တော့ ပိုပြီး ထူးဆန်းတဲ့သူလို့ ပြောရမယ်။ အန်းဂျူဟယွန်းက မာရူးနဲ့ မျက်လုံးချင်းဆုံမိတဲ့အခါ မျက်စိတစ်ချက် မှိတ်ပြလိုက်တယ်။

“ဒါက ဇာတ်ညွှန်းလား”

“အစ်မကြီး”

“အသံလျှော့စမ်းပါ ဟရောင်ရဲ့။ ဒီအဆောက်အအုံထဲက လူတွေအကုန်လုံးကို အားနာဦး”

အန်းဂျူဟယွန်းက ဇာတ်ညွှန်းစာအုပ်ကို ကောက်ယူပြီး ကုလားထိုင်တစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ သူမ စာဖတ်နေတုန်း မာရူးက အန်ဘန်ဂျူးကို သူ့ဆီလာဖို့ လက်ဟန်ပြလိုက်တယ်။

“အဲဒါ မင်းအစ်မလား”

“....ဟုတ်တယ်”

အန်ဘန်ဂျူး ဒီလောက်အထိ ငြိမ်ကုပ်သွားတာကို မာရူး ပထမဆုံးအကြိမ် မြင်ဖူးခြင်းပဲ၊ ကောင်လေးက အန်းဂျူဟယွန်းကို ကြောက်လန့်တကြားနဲ့ ကြည့်နေရှာတယ်။

“မင်းပြောသလိုပဲ ဘယ်လိုမှ မရိုးရှင်းတဲ့သူပဲ။ သူက နာမည်ကြီးမင်းသမီးလို့ ကြားတယ်”

“ကျွန်တော် တမင်သက်သက် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး၊ ထူးထူးခြားခြား ပြောစရာ ကိစ္စမဟုတ်ဘူး ထင်လို့ပါ”

“ဒါလည်း ဟုတ်တာပဲလေ၊ ကိုယ့်မိသားစုဝင် ထဲမှာ နာမည်ကြီးတဲ့သူ ရှိတယ်ဆိုပြီး လိုက်ကြွားနေတာကလည်း ကြည့်ရဆိုးပါတယ်”

မာရူးက အန်းဂျူဟယွန်းဆီ တိုးသွားတဲ့အခါ သူမက ခေါင်းမော့ပြီး သူ့ကို စိုက်ကြည့်လာတယ်။

“ဟို...”

“ခဏစောင့်ဦး။ ငါဒါကို ဖတ်ပြီးမှ။ ဟုတ်ပြီလား။ သိတယ်မလား”

အန်းဂျူဟယွန်းက သူမ အကြိုက်ဆုံး ကစားစရာကို ရလိုက်တဲ့ ကလေးတစ်ယောက်လို ဇာတ်ညွှန်းကို စိတ်ဝင်တစား ဖတ်နေတာကြောင့် မာရူးအနေနဲ့ သူမရဲ့ ကလေးဆန်မှုကို ကြည့်ပြီး ပြုံးနေရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။

“နားလည်ပါပြီ။ စိတ်ကြိုက်သာ ဖတ်ပါ”

ဒါနဲ့ပဲ မာရူးက လီဂျီယွန်းဘက်ကို လှည့်လိုက်တယ်။ ကောင်မလေးက အရင်ကထက်စာရင် တော်တော်လေး နေကောင်းသွားတဲ့ ပုံစံမျိုး ရှိနေပြီ။ ပါးပြင်လေးတွေ နီမြန်းနေတာကို ကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ အားအင်တွေ ပြန်ပြည့်လာပြီဆိုတာ သိသာတယ်။

“အခု တော်တော်လေး နေလို့ကောင်းသွားပုံပဲ”

“အာ၊ ဟုတ်ကဲ့”

“ခုနက တော်တော်လန့်သွားတယ်မလား”

“...ဟုတ်ကဲ့”

လီဂျီယွန်းက ရှက်ကိုးရှက်ကန်းနဲ့ ဆံပင်တွေကို သပ်နေရှာတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စ ကောင်းကောင်းမွန်မွန် ပြီးသွားတာတော့ အမှန်ပဲ။ အခု လုပ်ဖို့ကျန်တာက အန်းဂျူဟယွန်း စကားပြောလာမယ့်အချိန်ကို စောင့်ဖို့ပဲ။ လမ်းမှာ ချွဲအာရမ်က အန်းဂျူဟယွန်းဆီမှာ ဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုလာတာကြောင့် အန်းဂျူဟယွန်းက သွားလေး ဖြဲပြပြီး သဘောတူလိုက်တယ်။

“အစ်မကြီး၊ ကျွန်မက တကယ့် ဖန်အစစ်ပဲနော်။ မနက်တိုင်း အစ်မကြီးရဲ့ ရေဒီယိုအစီအစဉ်ကို နားထောင်တာ”

“ကျေးဇူးပါပဲ။ ဒါပေမဲ့ ငါ့ကို ခဏလောက် အချိန်ပေးဦး။ ဖတ်စရာ နည်းနည်းပဲ ကျန်တော့လို့”

“ရတာပေါ့ရှင်”

ချွဲအာရမ်က ပျော်ရွှင်မြူးတူးစွာ ပြုံးနေခဲ့တယ်။ ကန်ဒိုဝူးကလည်း အန်းဂျူဟယွန်းကို မှတ်မိပုံရပေမဲ့ စိတ်မဝင်စားတဲ့ ပုံစံမျိုးပဲ နေနေတယ်။ အခန်းထောင့်မှာပဲ သူ့ဇာတ်ညွှန်းကို သူ ဆက်ဖတ်နေပေမဲ့ အဲဒီအမျိုးသမီးဆီကို ခဏခဏ လှမ်းလှမ်းကြည့်နေတာကို ထောက်ရင်တော့ သူလည်း နည်းနည်းတော့ စိတ်ဝင်စားနေတာ အသေအချာပဲ။

အန်းဂျူဟယွန်းက ဇာတ်ညွှန်းစာအုပ်ကို ဖတ် ခနဲ အသံမြည်အောင် ပိတ်လိုက်တယ်။ အခန်းက သိပ်မရှည်တာမို့ ဖတ်ရတာ သိပ်ပြီး အချိန်မကြာလှဘူး။

“ပျော်စရာကြီးပဲ။ ငါ ဒီလိုမျိုးတွေကို သဘောကျတယ်။ အားလည်းကျတယ်ဟ။ ငါ့ကျောင်းတုန်းက ပြဇာတ်အဖွဲ့ မရှိလို့ ငါက အမြဲတမ်း ပွဲကြည့်ပရိသတ်ပဲ လုပ်ခဲ့ရတာ။ ဒါပေမဲ့ ကိုယ်တိုင် လုပ်ရတာက အပြင်ကနေ ကြည့်နေရတာနဲ့ လုံးဝကို ကွာခြားတယ်၊ ဟုတ်တယ်မလား”

အန်းဂျူဟယွန်းက ပြုံးရင်းနဲ့ ပြဇာတ်အဖွဲ့သားတွေကို လိုက်ကြည့်တဲ့အခါ အားလုံးက ခေါင်းညိတ်ပြကြတယ်။ မာရူးက အန်းဂျူဟယွန်းဆီ နောက်တစ်ကြိမ် တိုးသွားပြန်တယ်။

“ဒီကို ဘာကိစ္စနဲ့ ကြွလာသလဲဆိုတာ မေးလို့ရမလား ခင်ဗျာ”

“အင်း... စကားလုံးနဲ့ ဖော်ပြရရင်တော့ အိမ်မှာနေရတာ ပျင်းလွန်းလို့ပေါ့။ တစ်ယောက်တည်းလည်း မကစားချင်ဘူး။ ပြီးတော့ ငါ့ရဲ့ အားလပ်ရက်ကို ဒီအတိုင်း မဖြုန်းချင်တာနဲ့ ငါ့မောင်လေးဆီ သွားလည်ရရင် ကောင်းမှာပဲဆိုတဲ့ အိုင်ဒီယာ အလန်းစားကြီး ရလာတာပေါ့။ ဒါကြောင့်မို့ ဒီကို ရောက်လာတာလေ။ ငါ အလုပ် ကောင်းကောင်း လုပ်ခဲ့တယ်၊ ဟုတ်တယ်မလား အန်ဘန်ဂျူး”

သူမက အန်ဘန်ဂျူးကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြန်ရာ အန်ဘန်ဂျူးက တစ်ခုခု သီးသွားသလိုမျိုး ချောင်းဆိုးပြီး မျက်နှာလွှဲသွားရှာတယ်။ မာရူး အံ့ဩမိရတယ်။ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက်က ဒီလောက်အထိ ချစ်စနိုး ပုံစံမျိုး လုပ်ပြနေတာတောင် ကြည့်ရတာ ဘယ်လိုမှ မရိုးမရွ ဖြစ်မနေဘူး။ သူ့ရည်းစားသာ ဒါမျိုးလေးတွေ နည်းနည်းပါးပါး အတုယူနိုင်ရင် သိပ်ကောင်းမှာပဲ...။

“အစ်မရဲ့ မောင်လေးက အန်ဘန်ဂျူးပေါ့”

“ဟုတ်တယ်။ သူက အသက် တော်တော်လေး ကွာပြီးမှ မွေးလာတာဆိုတော့ သိပ်ကို ရှက်တတ်တဲ့ ကောင်လေးလေ။ ဟုတ်တယ်မလား အန်ဘန်ဂျူး”

“အား... အစ်မကြီးရာ ဘာလို့ ဒီကို လာရတာလဲဗျာ”

အန်ဘန်ဂျူးက ပြောရင်းနဲ့ မျက်နှာမှာ ချွေးစေးတွေပါ ပြန်လာတယ်၊ မာရူး အဲဒီကောင်လေး ဒီလောက်အထိ ပျာပျာသလဲ ဖြစ်နေတာကို တစ်ခါမှ အစ်မြင်ဖူးခဲ့ဘူး။ ကြည့်လို့ကောင်းတဲ့ မြင်ကွင်းပါပဲ။

“မင်းတို့တွေက ကိုယ့်ဘာသာကိုယ်ပဲ ပြင်ဆင်နေကြတာလား”

“မဟုတ်ပါဘူး၊ ဆရာမ ရှိပါတယ်၊ ဒါပေမဲ့ သူက စောစော ပြန်သွားလို့ပါ”

“တကယ်လား။ ဒါဆို ငါပါ ဝင်လို့ရမလား”

“အစ်မကြီး၊ ကျေးဇူးပြုပြီး အိမ်ပြန်ပါတော့ဗျာ။ ကျွန်တော် ဘာပဲမှားမှား တောင်းပန်ပါတယ်”

အန်ဘန်ဂျူးက တောင်းပန်တိုးလျှိုးနေတော့တယ်။ မာရူးက ဒေးမြောင်ကို တစ်ချက် ကြည့်လိုက်တဲ့အခါ ဒေးမြောင်က ခေါင်းညိတ်ပြီး အန်ဘန်ဂျူးရဲ့ ပါးစပ်ကို လက်နဲ့ လှမ်းပိတ်လိုက်တယ်။

“အစ်မကြီးသာ ပါဝင်ပေးမယ်ဆိုရင် ကျွန်တော်တို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပေါ့ဗျာ။ အစ်မကြီးက မင်းသမီးဆိုတော့ ကျွန်တော်တို့ သင်ယူစရာတွေ အများကြီး ရှိလာမှာပါ”

“ငါက မင်းသမီးသာ ဆိုတာ၊ မင်းက ငါ့ကို မသိဘူးပဲဥစ္စာ”

“အခု သိသွားပြီလေဗျာ။ ဒါဆို မလုံလောက်သေးဘူးလား”

“မင်းက စကားပြော တတ်သားပဲ။ ကောင်းပြီလေ၊ ငါ ခဏလောက်တော့ အတူတူ နေပေးမယ်။ ငါ ဆက်နေနေရင် အန်ဘန်ဂျူး ငိုတော့မယ့် ပုံစံ ဖြစ်နေလို့။ အင်း... ငါက သူများ နယ်ပယ်ထဲကို ဝင်စွက်ဖက်သလို မဖြစ်ချင်တော့ လိုအပ်တာလေးတွေ နည်းနည်းပါးပါးပဲ ထောက်ပြပေးမယ်လေ။ အဆင်ပြေလား”

“ဒါကလည်း ကောင်းတာပေါ့ဗျာ”

“ကြည့်ရတာတော့ အခြေအနေအရ မင်းက ဒီအဖွဲ့ရဲ့ ခေါင်းဆောင် ထင်တယ်”

ခေါင်းဆောင် ဟုတ်လား။

“ကျွန်တော့်နောက်က လူက ခေါင်းဆောင်ပါဗျာ”

“သူလား။ ဟင့်အင်း၊ ငါတော့ မထင်ဘူး။ အခု ငါနဲ့ စကားပြောနေတာလည်း မင်းပဲလေ။ ပြီးတော့ လူတိုင်းက လှမ်းကြည့်နေတာလည်း မင်းကိုပဲဥစ္စာ”

“တကယ့် ခေါင်းဆောင်အစစ်တွေက လူအများရှေ့မှာ ဘယ်တော့မှ ဦးဆောင်ပုံမပြပါဘူးဗျာ၊ ကျွန်တော်ကတော့ အတွင်းရေးမှူး သဘောမျိုးပါပဲ”

“မဟုတ်တာ၊ ငါတော့ မထင်ပါဘူး။ ကဲပါ၊ အဲဒီအကြောင်းကို နောက်မှ ဆွေးနွေးကြတာပေါ့။ ဒါနဲ့... အတွင်းရေးမှူးလေး”

ဂျူဟယွန်းက သူ့ကို အနားလာဖို့ လက်ဟန်ပြတာကြောင့် သူ ရှေ့ကို တစ်လှမ်း တိုးသွားလိုက်တယ်။ ဂျူဟယွန်းက ပိုပြီး အနားတိုးဖို့ ထပ်လုပ်ပြတာမို့ မာရူးက သူမဆီကို ကိုယ်ကို ကိုင်းညွတ်ပေးလိုက်ရတယ်။

“မင်းက ဘာလို့ သူ့ကို ဒီအတိုင်း ပစ်ထားရတာလဲ။ ကြည့်ရတာ နေမကောင်းတဲ့ ပုံစံမျိုး ဖြစ်နေတာကို” လို့ ဂျူဟယွန်းက တိုးတိုးလေး ကပ်မေးတယ်။

မာရူးက လီဂျီယွန်းကို တစ်ချက် လှမ်းကြည့်ပြီးမှ ပြန်ဖြေလိုက်တယ်။

“အကြောင်းပြချက် အချို့ ရှိလို့ပါဗျာ”

“အကြောင်းပြချက် အဲဒီ အကြောင်းပြချက်တွေက ဒီနေရာမှာ ဘာဆိုင်လို့လဲ”

မာရူးက ဂျူဟယွန်းကို ကြည့်လိုက်တယ်။ သူမက သူ့ရဲ့ အဖြေကို သဘောမကျတဲ့ ပုံပဲ။ ဘာပဲဖြစ်ဖြစ် သူမက ကူညီပေးခဲ့တာဆိုတော့ အသေးစိတ် ရှင်းပြတာက ပိုကောင်းလိမ့်မယ်။

“ကျွန်တော် ဇွတ်အတင်း ဝင်မစွက်ဖက်သင့်တဲ့ လက္ခဏာ အချို့ကို တွေ့လိုက်ရလို့ပါ”

“ဒါနဲ့ပဲ ဒီအတိုင်း ပစ်ထားလိုက်တယ်ပေါ့”

“ကျွန်တော် သူမကို မေးဖို့ ပြင်နေတာပါ။ ဒါမှမဟုတ် သူမက အကူအညီ လိုချင်တယ်ဆိုရင် ကူညီပေးဖို့ စဉ်းစားထားပါတယ်”

“မဟုတ်ဘူး၊ မင်းက နာကျင်ခံစားနေရတဲ့ ကလေးတွေကို ဒီအတိုင်း တစ်ယောက်တည်း ပစ်မထားသင့်ဘူး။ သူမ လိုအပ်တာက နှစ်သိမ့်စကားတွေ ဒါမှမဟုတ် အဖြေတွေ မဟုတ်ဘူး၊ ဖက်ထားပေးဖို့ပဲ လိုတာ။ ဒါက တကယ်ကို မထင်မှတ်ထားစရာပဲ။ မင်းက ဒီလောက်အထိ ခံစားချက် အားကောင်းတဲ့ ကောင်လေးဆိုတော့ ဒါကို ရိပ်မိလိမ့်မယ်လို့ ငါ ထင်ထားတာ”

“...ကျွန်တော့်ကို သိလို့လားဗျာ”

“မနှစ်က စင်ပေါ်မှာ မင်းကို တစ်ခါ မြင်ဖူးတယ်။ စင်ပေါ်မှာ ရူးရူးမူးမူး သရုပ်ဆောင်နေတဲ့ ကောင်လေးလေ။ မင်း အဲဒီလိုမျိုး သရုပ်ဆောင်နေတာကို ကြည့်ပြီး ငါတောင် စိတ်လှုပ်ရှားခဲ့ရတာ။ အဲဒီတုန်းက မင်းက ငါနဲ့ တူတူပဲလို့ ငါ ထင်ခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ မဟုတ်ပြန်ဘူး။ မင်းက သတ္တိကြောင်တဲ့ ပညာတတ်တစ်ယောက် ဖြစ်နေတာပဲ။ စိတ်ပျက်သွားတာမျိုးတော့ မဟုတ်ပေမဲ့ အံ့ဩသွားတာတော့ အမှန်ပဲ”

သူမရဲ့ တွဲကျနေတဲ့ နှုတ်ခမ်းအစုံကတော့ စိတ်ပျက်သွားတဲ့ ပုံစံ ပေါက်နေတာ အသေအချာပဲ။

“စင်ပေါ်မှာ ကျွန်တော် ပြသခဲ့တဲ့ အပြုအမူတွေက တွက်ချက်ထားတာတွေလို့ ထင်လို့လားဗျာ”

“မင်း ဘာအကြောင်း ပြောနေလဲတော့ ငါ မသိဘူး၊ ဒါပေမဲ့ ငါကတော့ စိတ်ထဲမှာ တစ်ခုခု မရှိဘဲနဲ့ စင်ပေါ်ကို ဘယ်တော့မှ မတက်ဘူး။ ဒါကြောင့် အဲဒါက တွက်ချက်ထားတာ ဖြစ်ဖို့ များပါတယ်”

“မဟုတ်ဘူး၊ အဲဒါက မဟုတ်သေးပါဘူး။ မင်း ကိုယ့်ကိုယ်ကိုယ် သေချာ မသိသေးဘူး ထင်တယ်။ ဘာလို့ အဲဒီလို ဖြစ်နေရတာလဲ”

ဂျူဟယွန်းက ခဏလောက် တွေးတောပြီးတဲ့နောက်မှာတော့ ပြုံးရင်းနဲ့ အကြောင်းအရာကို ပြောင်းလိုက်တယ်။

“ကဲပါ၊ ရိုက်ကွင်းကျရင်တော့ ဒါကို သိရမှာပေါ့”

“ရိုက်ကွင်း ဟုတ်လားဗျာ”

“ဟုတ်တယ်။ မင်း လူမိုက်နေရာအတွက် လူရွေးပွဲ ဝင်ထားတာ မဟုတ်ဘူးလား။ အဲဒီအခန်း ရိုက်ကွင်းမှာ ငါလည်း ရှိနေမှာဆိုတော့ အဲဒီကျရင် သိရမှာပေါ့။ အာ... မင်းက အဲဒီနေရာကို ရလိမ့်မယ်လို့ ငါကတော့ ကြိုတင် တွက်ဆထားတာပေါ့လေ။ ဆရာကြီးက မင်းကို မျက်စိကျနေတာဆိုတော့ ဒါက သေချာသလောက်ပဲလို့ ငါ ယုံကြည်တယ်”

သူမ ပြောနေတာက ယွန်းမွန်ဂျောင်ကို ဖြစ်ရမယ်။ ဒါဆို သူမကလည်း ဆည်းဆာအချိန် ရုန်းကန်မှုများ ထဲမှာ ပါဝင်နေတာပေါ့လေ။

“အစ်မက ပထမဇနီး နေရာကလား”

“မှန်လိုက်တာ။ ဘယ်သူ့ကိုမှ မပြောနဲ့ဦး။ ဒါက လျှို့ဝှက်ချက်နော်”

မာရူးက ဂျူဟယွန်းကို ကြည့်ပြီး မျက်တောင်ခတ်မိသွားတယ်၊ ဒါဆို သူမက အဲဒီရုပ်ရှင်ထဲက အခြား အဓိကဇာတ်ကောင် ပေါ့လေ။ သူမက သူ ကြုံဖူးသမျှ အခြား သရုပ်ဆောင်တွေနဲ့ မတူဘူး။ ယန်မီဆိုကလည်း ခံစားချက်ကို အခြေခံတဲ့ အမျိုးအစားပဲ၊ ဒါပေမဲ့ သူမတောင်မှ... ဒီလိုမျိုးတော့ မဟုတ်ဘူး။ ဂျူဟယွန်းရဲ့ သရုပ်ဆောင်မှုက သဘာဝ ဗီဇ သက်သက်ကို အခြေခံနေသလိုပဲ။

“ဆရာကြီးက မင်းအပေါ် မျှော်လင့်ချက်တွေ အများကြီး ထားပုံရတာမို့ ငါ မင်းကို လက်ဆောင်လေး တစ်ခု ပေးမယ်”

အန်းဂျူဟယွန်းက အသံကို လျှော့ပြီး ဆက်ပြောတယ်။

“အတွေးလွန်လွန်းတဲ့ သရုပ်ဆောင်တစ်ယောက်က တကယ် မပြုံးနိုင်တော့ဘဲ နောက်ဆုံးကျတော့ အပြုံးတွေကို လုပ်ယူပြီး သရုပ်ဆောင်ရတဲ့ အဆင့်ပဲ ရောက်သွားတတ်တယ်”

အန်းဂျူဟယွန်းက မာရူးရဲ့ နားရွက်ကို ဆွဲပြီး ပိုပြီး အနားတိုးအောင် လုပ်လိုက်တယ်၊ ပြီးတော့ အလွန် တိုးညှင်းတဲ့ အသံနဲ့ ကပ်ပြောပြန်တယ်။

“ပြီးတော့... မင်းက ယောက်ျားတစ်ယောက်ဆိုရင် မင်းရှေ့မှာ ကြောက်လန့်နေတဲ့ အမျိုးသမီးလေးကို ကာကွယ်ပေးဖို့ ကြိုးစားသင့်တာ မဟုတ်ဘူးလား”

အန်းဂျူဟယွန်းက လျှာတစ်ချက် ရိုက်ပြီး မာရူးကို တွန်းထုတ်လိုက်ရာ မာရူးက သူ့ရှေ့က အမျိုးသမီးကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေမိတော့တယ်။ သူ အကဲမခတ်နိုင်တဲ့ လူစားမျိုးနဲ့ မဆုံရတာ တော်တော်လေးကို ကြာခဲ့ပြီလေ။

* * * * * * * * *

“ကဲ... ငါ သွားတော့မယ်”

သူတို့အပေါ် မုန်တိုင်းတစ်ခု ဖြတ်တိုက်သွားသလိုမျိုး ခံစားလိုက်ရတယ်။ ဂျူဟယွန်းက သူတို့ကို အကြံဉာဏ်တွေ ပေးမယ့်အစား ဘန်ကောက်ကို သွားခဲ့တဲ့ သူမရဲ့ ခရီးစဉ်အကြောင်းကိုပဲ တစ်နာရီနီးပါး အဆက်မပြတ် ပြောသွားခဲ့တာ။ သူမရဲ့ ပုံပြင်ကို အဆုံးသတ်ပြီးတဲ့နောက်မှာတော့ ပြန်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

“နောက်လည်း လာခဲ့ဦးနော် အစ်မ”

ချွဲအာရမ် တစ်ယောက်တည်းသာ ဂျူဟယွန်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက် စကားဆိုခဲ့ရှာတယ်။ မာရူး အပါအဝင် အခြားသူတွေကတော့ အကြောင်သားနဲ့ ငေးကြည့်နေမိကြတုန်းပဲ။

“ဟေး... အတွင်းရေးမှူးလေး၊ ဒီကို လာဦး”

ဂျူဟယွန်းက သူ့ကို အနားလာဖို့ လက်ဟန်ပြတယ်။ သူ မသွားချင်ပေမဲ့ သူမက စကားမပြောရရင် ပြန်မယ့်ပုံ မရှိတာကြောင့် တိုးသွားလိုက်ရတယ်။

“သူမက ဒီနေ့တော့ အဆင်ပြေသွားမှာပါ၊ ဒါပေမဲ့ မင်း သူမကို ဂရုစိုက်ပေးရမယ်။ ဟုတ်ပြီလား”

“ဟုတ်ကဲ့။ ကျွန်တော် ဂရုစိုက်ပေးပါ့မယ်”

“ကောင်းပြီ။ ဒါနဲ့... မင်း သရုပ်ဆောင်ပညာကို လူတစ်ယောက်တည်းဆီကပဲ သင်ခဲ့တာလား”

“မဟုတ်ပါဘူး။ လူအများကြီးဆီကနေ အကူအညီ ရခဲ့တာပါ”

“ဟုတ်လား။ မင်း ဒါကို လုပ်လာတာ ဘယ်လောက် ကြာပြီလဲ”

“တစ်နှစ်မပြည့်သေးပါဘူးဗျာ”

“ဟမ်... အင်း၊ ဟုတ်ပြီ။ သိချင်လို့ မေးရဦးမယ်၊ မနှစ်က စင်ပေါ်မှာတုန်းက မင်း လုပ်ချင်တာတွေ အကုန်လုံးကို လုပ်ခဲ့တာလား”

“ကျွန်တော် လုပ်ချင်တာတွေကို လုပ်ခဲ့တယ်လို့ ထင်ပါတယ်”

“အင်း... ငါ မေးတာက မင်း စင်ပေါ်မတက်ခင် ဘယ်လို အကြံဉာဏ်မျိုးတွေ ရခဲ့လဲဆိုတာပါ။ ပိုပြီး တိတိကျကျ ပြောရရင်တော့... ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ သတိပေးတဲ့ အကြံဉာဏ်မျိုးပေါ့”

မာရူး ပြန်မဖြေခဲ့ပါဘူး။ ဒီအမျိုးသမီးက တကယ်ပဲ ဘာလဲဟ။

“ဒါဆို ငါ ထင်တာ မှန်တာပေါ့။ သိပြီ။ ဒါကတော့ ငါ့ရဲ့ ဒုတိယ လက်ဆောင်ပဲ။ မိမိရဲ့ ခံစားချက်ကို အဆုံးအထိ သေချာ နားမလည်တဲ့ သရုပ်ဆောင်တစ်ယောက်ကတော့ တစ်နေ့ကျရင် အားအင်တွေ ခမ်းခြောက်သွားဖို့ပဲ ရှိတယ်။ အဲဒီစကားရဲ့ အဓိပ္ပာယ်ကို သေသေချာချာ တွေးကြည့်စမ်းပါဦး”

အဲဒီစကားကို ချန်ထားခဲ့ပြီးနောက် အန်းဂျူဟယွန်းက လှေကားထစ်တွေအတိုင်း ဖြည်းဖြည်းချင်း ဆင်းသွားတော့တယ်။

* * * * * * * * *

All Chapters