← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း(၂၁၈)

“ကောင်းပြီ၊ ဂျီယွန်း ကိစ္စကို ငါ အရင် ရှင်းလိုက်ဦးမယ်"

မာရူး က ဒေးမြောင် ကို ဖုန်းကိုင်ထားရင်း စင်္ကြံဘက် ခေါ်ထုတ်လာခဲ့တယ်။

“အခု ကလပ်ထဲမှာ ဘယ်လိုလဲ"

“အကုန်လုံး ဘန်ဂျူး ကို ဝိုင်းမေးနေကြတာပေါ့"

“ဂျီယွန်း ကော"

“စောစောကထက် အများကြီး သက်သာသွားပါပြီ။ အနည်းဆုံးတော့ သူ ပြုံးနိုင်နေပြီလေ"

“တော်သေးတာပေါ့။ စောစောကဆို သူ့နား ကပ်ဖို့တောင် တော်တော် ခက်တာ"

“တကယ်တော့ မင်းပဲ ဝင်ပြောပေးသင့်တာပါ ကွာ။ ငါ့အစား…"

“မဟုတ်တာ၊ ဒါ မင်း လုပ်ရမယ့် ကိစ္စပဲ။ သူက မင်းကို သူ့အကြောင်းတွေ ရင်ဖွင့်ထားတာလေ၊ ဒီတော့မှ ငါ့ဆီ လွှဲပေးလိုက်ရင် မင်းအပေါ် ထားတဲ့ သူ့ယုံကြည်မှု ထိခိုက်သွားလိမ့်မယ်။ ပြီးတော့ မင်းက ဥက္ကဋ္ဌ ပဲဥစ္စာ"

ဥက္ကဋ္ဌ ဆိုတဲ့ စကားလုံးကြောင့် ဒေးမြောင် တစ်ချက် တုံ့ခနဲ ဖြစ်သွားတယ်။

“ဟိုလေ၊ မာရူး…"

မာရူး က ဒီကောင် ဘာပြောချင်လဲ အတတ်သိနေတော့ စကားဖြတ်ပြောလိုက်တာပေါ့။

“ဒီအတိုင်း အဆုံးထိသာ ဆက်လုပ်စမ်းပါ၊ ငါ ဘေးက ကူညီပေးမှာမို့လို့။ မင်း ဂျီယွန်း နဲ့ စကားသွားပြောလိုက်ဦး။ သူ အခု စိတ်ငြိမ်သွားပြီဆိုတော့ စောစောကလောက် မခက်ခဲတော့ပါဘူး"

“ငါ ဘာပြောရမှန်း မသိဘူး ဖြစ်နေတာ။ သူ့ကို အပိုအကြံဉာဏ်တွေပဲ ထပ်ပေးမိမလား မသိဘူး"

“အစီအစဉ်မရှိဘဲ ဝင်သွားခိုင်းတာ မဟုတ်ပါဘူး။ ရော့၊ ဒါ အသုံးဝင်မယ့် အကြံဉာဏ်အချို့ပဲ။ မင်းတို့တွေ အရင်ဆုံး သူ့မိဘတွေနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးအကြောင်းကို ပြောရမယ်။ စာမေးပွဲဖြေရင် ရင်တုန်တာက တကယ်ပဲ ကျန်းမာရေးပြဿနာ ဖြစ်နေနိုင်လို့ အဲဒါကိုတော့ နောက်မှ စိတ်ပူလည်း ရတယ်"

“သူ့ကို ငါ ဘာပြောရမလဲ"

“မင်းက စိတ်အေးအေးထားရင် စကားပြော မဆိုးပါဘူး၊ ဒါကြောင့် နှစ်ချက်ပဲ မှတ်ထား။ ပထမဆုံးအနေနဲ့ ဂျီယွန်း က သူ့မိဘတွေအပေါ် မကောင်းတဲ့ စိတ်ခံစားချက် ရှိနေလားဆိုတာ စုံစမ်းကြည့်။ အကယ်၍ သူက မိဘတွေကို မုန်းနေတယ်ဆိုရင်တော့ အားပေးစကား နည်းနည်းပြောပြီး စကားဖြတ်လိုက်တော့။ အဲဒီကိစ္စကို တို့တွေ လုံးဝ သွားမထိရဘူး"

“မမုန်းဘူးဆိုရင်ကော"

“မိဘတွေကို ချစ်ပေမဲ့ စိတ်ထဲမှာ အမြဲတမ်း ဗလောင်ဆူ နေတာဆိုရင်တော့ သူ့ကို ဒါမျိုး မေးကြည့်လိုက်"

“ဘာမေးရမလဲ"

“မင်း မိဘတွေနဲ့ မျက်နှာချင်းဆိုင်ပြီး မိမိ လိုချင်တဲ့အရာကို အတည့်အလင်း ပြောဖူးလား လို့ မေးလိုက်ပါ"

* * * * * * * * *

ဒေးမြောင် က ဂျီယွန်း ကို စိုးရိမ်တကြီး ကြည့်နေမိတယ်။

စာသင်ခန်းထဲ ပြန်ရောက်ပြီးတဲ့နောက် မာရူး က ကလပ်ကို လူစုခွဲပေးလိုက်တာပေါ့။ လူတိုင်း အိတ်ကိုယ်စီနဲ့ ပြန်ဖို့ ပြင်နေကြချိန်မှာပဲ ဒေးမြောင် က ဂျီယွန်း ကို သီးသန့် စကားပြောဖို့ ချန်ခဲ့ပေးပါဦးလို့ တောင်းဆိုလိုက်တယ်။ အားလုံး ရှိနေတဲ့ အရှေ့မှာမှ သူ့တစ်ယောက်တည်းကို ရွေးထုတ်ပြီး ပြောရင် ဂျီယွန်း စိတ်ဖိစီးသွားမှာ စိုးလို့ မာရူး က အကြံပေးခဲ့တာကိုး။ အဲဒီနောက်မှာတော့ သူလည်း မာရူး အကြံပေးထားတဲ့အတိုင်း စကားကို ဆက်ပြောလိုက်တယ်။ ဂျီယွန်း က စောစောကထက် အများကြီး တည်ငြိမ်နေပြီမို့လို့ အရာရာက အဆင်ပြေပြေ ရှိလှပါတယ်။ ဒေးမြောင် ဟာ အချက်အလက်အသစ်အချို့ကို သိခွင့်ရခဲ့ပြီး အဲဒီအချက်တွေနဲ့ပဲ စကားဝိုင်းကို ဆက်ထိန်းသွားနိုင်ခဲ့တာပေါ့။

ဂျီယွန်း တစ်ယောက် သူ့အမေအပေါ် ဘယ်လို သဘောထားလဲဆိုတာကို သူ နားလည်ခွင့် ရခဲ့တယ်။ အံ့ဩစရာကောင်းတာက ဂျီယွန်း ဟာ သူ့အမေကို သိပ်ဂရုစိုက်တာပဲ။ အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေကို မပြည့်မှီနိုင်တဲ့ သူ့ကိုယ်သူ အပြစ်တင် စိတ်မချမ်းမြေ့ ဖြစ်နေခဲ့တာ၊ ပြီးခဲ့တဲ့တစ်ခေါက် ဧည့်သည်တွေ လာတုန်းကတော့ အဲဒီခံစားချက်ကြီးက ပေါက်ကွဲထွက်သွားခဲ့တာပေါ့။

ဧည့်သည်တွေက သူ့အကြောင်း ပြောဆိုသွားတာတွေကို ပြန်ကြားရတော့ ဒေးမြောင် အတော်လေး ဒေါသထွက်မိတယ်။ မိမိတို့ကလေးကို သိပ်ဂုဏ်ယူနေရုံနဲ့ သူတပါးရဲ့ ကလေးကို အထင်သေး စော်ကားရတယ်လို့… ဒေးမြောင် ဆိုရင် ဒေါသထွက်လွန်းလို့ စုန်းမကြီးတွေ တစာစာ အော်နေကြသလိုပဲလို့တောင် စိတ်ထဲက ကျိန်ဆဲမိသေးတယ်။ ဂျီယွန်း က သူ့ကို အံ့အားသင့်ပြီး စိုက်ကြည့်နေတာ တွေ့တော့မှ ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာကြီး နီရဲသွားပေမဲ့ ဂျီယွန်း ရဲ့ မျက်နှာပေါ်မှာ အပြုံးကလေး တစ်ချက် ဖြတ်ပြေးသွားတာ မြင်လိုက်ရတော့မှပဲ သူ ပြောလိုက်တဲ့ စကားအတွက် ကျေနပ်သွားရတယ်။

သူတို့ရဲ့ စကားဝိုင်းက ဆက်ဖြစ်နေခဲ့ပြီး အချိန်တစ်ခု ရောက်တော့ ဂျီယွန်း က သူ့အကြောင်းတွေကို တဖြည်းဖြည်း ပိုပြောပြလာတယ်။ ဒေးမြောင် ကတော့ ငြိမ်ငြိမ်ကလေး နားထောင်ပေးနေခဲ့တာပေါ့။ ဂျီယွန်း ဟာ သူ့အမေနဲ့ ရှိခဲ့တဲ့ အတိတ်က အမှတ်တရတွေဆီကို တရွေ့ရွေ့ ပြန်တွေးနေမိတယ်။ အဲဒီတုန်းက သူ့အဖေလည်း ကိုရီးယားမှာပဲ ရှိသေးတော့ သူတို့တွေ ခရီးခဏခဏ သွားဖြစ်ကြတယ်လေ။ ဒါပေမဲ့ ခြောက်တန်းအရောက်မှာ အဖေဖြစ်သူက အလုပ်ကိစ္စနဲ့ ဂျပန်ကို ပြောင်းသွားပြီးတဲ့နောက် စာမေးပွဲဖြေခါနီးတိုင်း သူ နေမကောင်း ဖြစ်လာတော့တာပဲ။

အတိတ်အကြောင်းတွေ ပြောနေချိန်မှာ ဂျီယွန်း ရဲ့ မျက်နှာလေးက သိပ်ကို တောက်ပနေခဲ့တယ်။ စကား ထစ်အ တာမျိုးလည်း မရှိဘူး။ မာရူး ပြောခဲ့သလိုပဲ ဒါက ဖြေရှင်းရလွယ်တဲ့ ပြဿနာတစ်ခုလို့ ဒေးမြောင် ခံစားလိုက်ရတယ်။ မိဘတွေနဲ့ ဆက်သွယ်ပြောဆိုမှု ပြတ်တောက်သွားလို့သာ ဒီလို ဒုက္ခတွေ စတင်လာခဲ့တာပေါ့၊ ဒါကြောင့် ဒေးမြောင် က ဂျီယွန်း ကို မေးခွန်းတစ်ခု မေးလိုက်တယ်။ မာရူး ပြောပြထားတဲ့ မေးခွန်းလေးပေါ့။

“ . . ပြောဖူးမယ် မထင်ဘူး။ အမေကလည်း ကျွန်မနဲ့ စကားပြောချင်တဲ့ ပုံစံမျိုး မရှိပါဘူး"

“ဒါဆို တစ်ခေါက်လောက် ကြိုးစားကြည့်ပါလား"

ဂျီယွန်း ရဲ့ အမှတ်တရထဲက အမေဟာ ကလေးရဲ့ စကားကို ကြင်ကြင်နာနာ နားထောင်ပေးတတ်တဲ့ သူတစ်ယောက်ပဲဥစ္စာ။ အပြန်အလှန် အထင်လွဲမှားမှုတွေ သိပ်ကြီးမားနေလို့များလား။ မိဘနဲ့ သားသမီးကြားမှာတောင် တစ်ခါတရံ အထင်လွဲတာမျိုး ရှိတတ်တာပဲလေ။ အမှန်တော့ အချင်းချင်း သိပ်နီးစပ်လွန်းလို့ပဲ ဒီလောက်တောင် အထင်လွဲစရာတွေ များနေခဲ့တာ ဖြစ်နိုင်ပါတယ်။

“ကျွန်မ အမေ စိတ်ပျက်သွားမှာ ကြောက်တယ် တကယ်။ အခုတောင် ကျွန်မလို သမီးမျိုး ရထားလို့ စိတ်ပျက်နေရတဲ့ကြားထဲ တော်လှန်ပုန်ကန်သလို ဖြစ်သွားရင်…"

“တကယ်တော့ ငါလည်း မင်းလိုပါပဲ…"

ဒေးမြောင် က မာရူး နဲ့ မတွေ့ခင်က မိမိကိုယ်ကိုယ် ပြန်တွေးမိပြီး ပြုံးလိုက်တယ်။ ဂျီယွန်း က တောင်းပန်စကား ဆိုလာတာပေါ့။ သူက တကယ် စိတ်သဘောထားကောင်းတဲ့ ကလေးမလေးပဲ။ ခဏခဏ တောင်းပန်တတ်လွန်းပေမဲ့ အဲဒီစကားတွေအားလုံးက အနှစ်သာရရှိရှိ လှိုက်လှိုက်လှဲလှဲ ရှိတာကို ဒေးမြောင် သိနိုင်ပါတယ်။ ဆိုလိုတာက ဂျီယွန်း ဟာ မိမိကိုယ်တိုင် ဒီလောက် နာကျင်ခံစားနေရတဲ့ကြားက သူတပါးအပေါ် စာနာပေးနိုင်တဲ့ အင်အား ရှိနေသေးတာပဲ။ ဒီလောက် စိတ်ထားကောင်းတဲ့ သမီးမျိုးကို မိဘတွေက အလွယ်တကူ မုန်းတီးနိုင်ပါ့မလား။ မဖြစ်နိုင်တာ၊ လုံးဝ မဖြစ်နိုင်ဘူး။ အထင်လွဲတာပဲ ဖြစ်ရမယ်။

* တစ်စုံတစ်ယောက်ကို ကူညီဖို့ ဆုံးဖြတ်ပြီးရင် အဆုံးထိ တာဝန်ယူရမယ်။ အဲဒါမှ ကူညီတယ်လို့ ခေါ်တာ။ အနည်းဆုံးတော့ ငါ့အတွက်ပေါ့။

မာရူး ပြောခဲ့တဲ့ အဲဒီစကားတစ်ခွန်းကနေ ဒေးမြောင် ခံစားချက်တွေ အများကြီး ရလိုက်တယ်။ သူ ဒီမိန်းကလေးကို စိတ်မကောင်းဖြစ်ရုံတင် မကဘဲ တကယ်ပဲ ကူညီပေးချင်စိတ် ပေါက်လာခဲ့တာပေါ့။ သူ ဒီလူ့ကို တကယ်ပဲ အကျိုးရှိရှိ ကူညီပေးချင်မိတယ်။

“ငါက တကယ်တော့ ဘာမှ သိပ်တော်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတပါးစကား နားထောင်ပေးတာတော့ တော်တယ်။ မင်း အမေနဲ့ စကားပြောပြီးလို့မှ ဘာမှ မပြောင်းလဲသွားရင်လည်း မင်းရဲ့ အကြောင်းတွေကို ငါ အကြိမ်ကြိမ် နားထောင်ပေးပါ့မယ်။ တစ်နေကုန် လာပြီး ရင်ဖွင့် ညည်းညူလည်း ရတယ်လေ။ ဒါကြောင့် ဒီတစ်ကြိမ်တော့ ကြိုးစားကြည့်ပေးပါလား"

ဒေးမြောင် ရဲ့ ပါးပြင်တွေ ရှက်စိတ်ကြောင့် ပူထူသွားသလို ခံစားလိုက်ရပေမဲ့ အနည်းဆုံးတော့ သူ ရိုးရိုးသားသား ပြောလိုက်တာပဲဥစ္စာ။ သူတို့ကြားမှာ တိတ်ဆိတ်မှုတစ်ခု ဖြစ်သွားတယ်။ ဂျီယွန်း က ကြမ်းပြင်ကို နှစ်မိနစ်လောက် စိုက်ကြည့်နေပြီးမှ စကားစပြောလာတာပေါ့။

“ကြိုးစားကြည့်ပါ့မယ်။ စီနီယာ ကြောင့် ကျွန်မ နည်းနည်းတော့ သတ္တိရှိလာပြီ ထင်တယ်။ အသက်ရှူရတာလည်း ပိုပြီး သက်သာသွားသလိုပဲ"

“တ-တကယ်လား"

နောက်ဆုံးတော့ သူ လိုချင်တဲ့ အဖြေကို ရခဲ့ပြီမို့ ဒေးမြောင် တစ်ယောက် အားအင်တွေ ကုန်ခမ်းသွားသလို ခံစားလိုက်ရတယ်။ သူတပါးကို အားပေးနှစ်သိမ့်ရတာ ဒီလောက် ခက်ခဲလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။ မာရူး က ဒါတွေအားလုံးကို ဘယ်လိုများ လုပ်နိုင်ခဲ့ပါလိမ့်။ တစ်စုံတစ်ယောက် မှီခိုအားပြုနိုင်မယ့် တံတိုင်းကြီးတစ်ခု ဖြစ်ပေးဖို့ဆိုတာ သူတို့ရဲ့ နာကျင်မှုတွေကိုပါ မျှဝေခံစားပေးရတာမျိုးလေ၊ ဒေးမြောင် ကတော့ မာရူး တစ်ယောက် တခြားသူတွေရဲ့ နာကျင်စရာ ဇာတ်လမ်းတွေကို ဒီလောက်အများကြီး ဘယ်လိုများ ပခုံးထမ်း ထမ်းပိုးထားနိုင်လဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး။

‘အကယ်၍ ငါသာ အားပေးနှစ်သိမ့်ရတဲ့ အလုပ်ကို လုပ်ရမယ်ဆိုရင်…'

ကလပ်အဖွဲ့ဝင်တွေက သူ့အပေါ် ဘယ်လောက်တောင် အားကိုးလာကြမလဲ သူ မသိပေမဲ့ အနည်းဆုံးတော့ အကျိုးရှိအောင် ကူညီပေးဖို့ သူ ကြိုးစားနိုင်ပါတယ်လေ။ မာရူး အတွက်ပေါ့။

“ . . ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်မ ဒီလိုမျိုး ရင်ဖွင့်ပြီး စကားပြောဖူးတာ ဒါ ပထမဆုံးပဲ"

“မဟုတ်တာ၊ မင်းရဲ့ အကြောင်းတွေကို ပြောပြပေးလို့ ငါကပဲ ကျေးဇူးတင်ရမှာပါ"

ဂျီယွန်း က ပြုံးပြလိုက်ရာ ဒေးမြောင် ရဲ့ ရင်ထဲမှာ ဂုဏ်ယူစိတ်တွေ တဖွားဖွား ပေါ်လာတော့တာပေါ့။

‘တော်သေးတာပေါ့၊ လောလောဆယ်တော့ ကိစ္စပြတ်သွားပြီ ထင်ရတာပဲ'

သူ ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီမို့လို့ သူ့ကို ပြန်လွှတ်ဖို့ပဲ လိုတော့တယ်။ ဒေးမြောင် က ဂျီယွန်း ဘက် လှည့်ကြည့်လိုက်တယ်။

“ငါ မင်းကို အချိန်အတော်ကြာအောင် ဆွဲထားမိပြီပဲ။ အခု ပြန်လို့ရပြီနော်"

“စီနီယာ ကော မပြန်သေးဘူးလား"

“ငါ အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းဖို့ ရှိသေးလို့ပါ"

“ကျွန်မ ကူညီပေးမယ်လေ"

“ရပါတယ်၊ တကယ်တော့ ကြမ်းပြင်လှည်းရုံတင်ပါပဲ။ မင်း ပြန်လိုက်ပါတော့။ မင်း လုပ်စရာ ရှိသေးတယ် မဟုတ်လား"

ဒေးမြောင် က စာသင်ခန်းတံခါးကို ဖွင့်ရင်း ပြောလိုက်တော့ ဂျီယွန်း က ခဏလောက် တုံ့ဆိုင်းနေပြီးမှ သူ့အိတ်ကို ကောက်လွယ်လိုက်တယ်။ သူ တံခါးအရှေ့မှာ ရပ်ပြီး ဒေးမြောင် ကို လှည့်ကြည့်လိုက်ရာ သူ့ရဲ့ ပါးပြင်လေးတွေ နည်းနည်း ဖြူဖျော့နေတာ တွေ့ရတယ်။

“ . . မင်း နေပြန်မကောင်းဖြစ်လို့လား။ မူးရင် ပြောနော်"

“မ-မဟုတ်ပါဘူး။ အဲဒီလိုမျိုး မဟုတ်ပါဘူး"

“တကယ်လား။ နောက်ထပ် ပြဿနာတစ်ခုခုနဲ့ တိုးပြန်ပြီ ထင်လို့။ တော်သေးတာပေါ့။ ဒါပေမဲ့လည်း ဂရုစိုက်ပြီး ဖြည်းဖြည်းချင်း သွားဦးနော်"

“ . . ဟုတ်ကဲ့"

ဂျီယွန်း က ခေါင်းလေးငုံ့ပြီး လှည့်ထွက်သွားရာ ဒေးမြောင် လည်း လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်တာပေါ့။ ဂျီယွန်း က ခေါင်းလှည့်ကြည့်လိုက်ချိန်မှာ သူတို့ မျက်လုံးချင်း ခဏ ဆုံသွားမိပေမဲ့ ဘာကြောင့်မှန်းမသိ သူ ချက်ချင်းပဲ ပြန်ငုံ့သွားခဲ့တယ်။ မိမိရဲ့ ဘဝဇာတ်ကြောင်းကို ပြောပြပြီးသွားလို့ ရှက်နေတာ နေမှာပါ။

‘အေးပေါ့၊ ငါဆိုရင်လည်း ရှက်မိမှာပဲ'

“ဒီနေ့ မင်းပြောပြတဲ့ ဇာတ်လမ်းကို ငါ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး၊ စိတ်မပူနဲ့နော်"

“ရှင်။ မဟုတ်ဘူး၊ အဲဒါက ပြဿနာမဟုတ်ပါဘူး…"

“အော်၊ ဟုတ်လား။ ဒါပေမဲ့လည်း ငါ လျှို့ဝှက်ချက်အနေနဲ့ပဲ ထားပေးပါ့မယ်"

ဒေးမြောင် က ထပ်ပြီး လက်ပြလိုက်တော့မှ ဂျီယွန်း လည်း လှေကားထစ်တွေဆီ တရွေ့ရွေ့ လျှောက်သွားတော့တယ်။ သူ ကွယ်ပျောက်သွားတာကို မြင်ရတော့မှပဲ ဒေးမြောင် တစ်ယောက် သက်ပြင်းအရှည်ကြီး ချနိုင်တော့တာပေါ့၊ ဒီကိစ္စက သူ့ဆီက အင်အားတွေကို သိပ်ကုန်ခမ်းစေခဲ့တာကိုး။

“ဟူး၊ အနည်းဆုံးတော့ ပထမဆုံးအကြိမ် စီနီယာ ပီသအောင် လုပ်နိုင်ခဲ့ပြီပဲ"

ဒီနေ့တော့ စီနီယာ ဆိုတဲ့ စကားလုံးက သူ့အတွက် တစ်မျိုးကြီး ထူးခြားနေသလို ခံစားရတယ်။ အဲဒါက သူ့ကို… တာဝန်သိစိတ်တစ်ခု ခံစားရစေပြီး နောင်လည်း စီနီယာကောင်းတစ်ယောက် ဖြစ်အောင် နေထိုင်သွားဖို့ သူ ဆုံးဖြတ်လိုက်ပါတော့တယ်။

* * * * * * * * *

ဂျီယွန်း တစ်ယောက် ပြန်လမ်းတစ်လျှောက်မှာ အတွေးတစ်ခုထဲကိုပဲ အာရုံစူးစိုက်ထားမိလွန်းလို့ ဘတ်စ်ကားစီးခဲ့ရတာကိုတောင် သတိမထားမိပါဘူး၊ အိမ်တံခါးရှေ့ ရောက်တော့မှပဲ အသက်ကို ပြင်းပြင်းရှူပြီး အတွင်းထဲကို ခြေလှမ်းလှမ်းလိုက်တယ်။ ဖိနပ်ကိုချွတ်ပြီး ဧည့်ခန်းထဲ ဝင်လာခဲ့တာပေါ့။ သူ့အမေကတော့ စာရင်းစာအုပ်ကို ကြည့်နေခဲ့တာ။

“လက်ဆေးပြီး သစ်သီးစားလိုက်ဦး။ ပြီးတော့ ငါ အကယ်ဒမီ သင်တန်းကျောင်းတွေရဲ့ စာရင်းကို ရှာထားတယ်၊ အဲဒီထဲက တစ်ခု ရွေးလိုက်ဦး။ တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ သင်္ချာတက်ရမှာဖြစ်ပြီး ကျန်တဲ့ရက်တွေမှာတော့ အင်္ဂလိပ်စာ လုပ်ရမယ်။ မကြာခင်မှာ အိမ်တိုင်ရာရောက် ကျူရှင်ဆရာလည်း ရှာပေးဦးမှာမို့လို့ အဲဒါကိုလည်း မှတ်ထားဦး"

ဂျီယွန်း ရဲ့ ရင်ဘတ်ထဲက နှလုံးသားက တုန်လှုပ်ချောက်ချားစွာနဲ့ တဒုန်းဒုန်း ထပ်ခုန်လာပြန်တယ်၊ သူ့မျက်လုံးတွေကတော့ အိမ်ရှေ့တံခါးနားက ဖိနပ်တွေဆီပဲ ရောက်နေမိတာပေါ့။ သူသာ အခု ပြန်ပြေးရင် ဒီအခြေအနေကနေ အလွယ်တကူ လွတ်မြောက်နိုင်မှာပဲလေ။ လမ်းလျှောက်ထွက်လိုက်ရင် ကောင်းမလား။ သူ့ရဲ့ လက်ချောင်းလေးတွေက ဖိနပ်တွေဆီ ဦးတည်ဖို့ ပြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူ့ခေါင်းထဲမှာ အသံတစ်သံ ပဲ့တင်ထပ်လာခဲ့တာပေါ့။

* မဟုတ်တာ၊ မင်းရဲ့ အကြောင်းတွေကို ပြောပြပေးလို့ ငါကပဲ ကျေးဇူးတင်ရမှာပါ။

သူသာ အခု လှည့်ထွက်သွားရင် စီနီယာက သူ့ကို ဘယ်လိုမြင်သွားမလဲ။ ဒေးမြောင် ဟာ ဒီနေ့ သူ့စကားကို အတော်လေး တင်းတင်းကြပ်ကြပ်နဲ့ နားထောင်ပေးခဲ့တာ၊ စကားနားထောင်ပေးရတာ သူ့အတွက် ဘယ်လောက် ခက်ခဲနေမလဲဆိုတာ သူ သိနိုင်ပါတယ်။ အဲဒီလိုကြားကပဲ စီနီယာက ပြုံးပြုံးလေးနဲ့ သူ့ရဲ့ ရင်ဖွင့်သမျှကို ကြင်ကြင်နာနာ နားထောင်ပေးခဲ့တာလေ။ စီနီယာရဲ့ ကြိုးစားမှုတွေကို အလဟဿ မဖြစ်စေချင်ဘူး။

သူ့အမေဆီ လျှောက်သွားရင်း လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အနည်းဆုံးတော့ လောလောဆယ်မှာ တခြား ဘာကိုမျှ မတွေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အမေက တည်တံ့တဲ့ မျက်နှာပေးနဲ့ မော့ကြည့်လာခဲ့တာ၊ သူတို့တွေ ဒီလို မျက်နှာချင်းဆိုင် စိုက်ကြည့်ဖြစ်ခဲ့ကြတာ တော်တော်လေးကို ကြာခဲ့ပြီပေါ့။

“ . . အမေ"

“ဘာလဲ"

“သမီး အမေ့ကို ပြောစရာ ရှိလို့ပါ"

သူ့အမေက မျက်မှောင်ကုပ်ပြီး စာရင်းစာအုပ်ဆီ ပြန်လှည့်သွားတယ်။

“အကယ်ဒမီ မသွားချင်ဘူးလို့ ပြောမလို့ဆိုရင်တော့ ငါ လက်မခံချင်ဘူးနော်"

“ . . သမီး အကယ်ဒမီ မသွားချင်ဘူး"

သူ စကားလုံးတွေကို အားညှစ်ပြီး ပြောလိုက်ရာ သူ့အမေက မျက်လုံးတွေ နီမြန်းလျက် စာရင်းစာအုပ်ကို ‘ဖြောင်း’ ခနဲ ရိုက်ပိတ်လိုက်တော့တယ်။

“နင် ဘာဖြစ်နေတာလဲ။ ဘာလို့ အမေ့ကို ဒီလောက်တောင် နာကျင်အောင် လုပ်နေရတာလဲ။ ဘာလို့… နင် ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ"

“အမေ…"

ဂျီယွန်း တစ်ယောက် ထွက်ပြေးချင်စိတ် ပေါက်လာပြီး ကြောက်လန့်မိတယ်။ အမေဖြစ်သူကို ဒီလိုပုံစံ ဖြစ်အောင် လုပ်မိတဲ့ မိမိကိုယ်ကိုယ်လည်း ကြောက်ရွံ့ပြီး ဒေါသထွက်မိတာပေါ့။ အဲဒီအချိန်မှာပဲ ဘေးနားက မိမိရဲ့ လက်သီးဆုပ်လေးကို သူ သတိထားမိသွားတယ်။ ဒါက စိတ်ပိုင်းဖြတ်ထားတဲ့ အထိမ်းအမှတ်ပဲ၊ ဒီတစ်ကြိမ်တော့ အမေနဲ့ သေသေချာချာ စကားပြောရမယ်။

သူ ထွက်မပြေးတော့ဘူး။

ဂျီယွန်း ဟာ အမေ့ဘေးမှာ ထိုင်လိုက်ပြီး အမေ့ကို တည့်တည့် စိုက်ကြည့်လိုက်တယ်၊ သူ့အမေကတော့ ရင်ဘတ်ပေါ် လက်တင်ပြီး မျက်လုံးတွေကို ပိတ်ထားခဲ့တာပေါ့။ အဲဒါက ဒေါသထွက်နေတဲ့ ပုံစံမျိုး မဟုတ်ဘဲ ဝမ်းနည်းနေတဲ့ ပုံစံမျိုးပဲ။ ဂျီယွန်း က အမေ့ကို ခေတ္တမျှ စောင့်ကြည့်နေမိတယ်၊ အမေဖြစ်သူ ဒီလို မျက်နှာပေးမျိုး လုပ်တာ သူ တစ်ခါမျှ အစ်မြင်ဖူးခဲ့ပါဘူး။

သူ့အမေက ခေါင်းတစ်ချက် ယမ်းပြီးမှ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့တယ်။ အမေ့ရဲ့ မျက်ဝန်းတွေ တစ်ချက် တုန်လှုပ်သွားတာကို ဂျီယွန်း သတိထားမိလိုက်တာပေါ့။ မိမိက အရှေ့မှာ ရှိနေလို့များလား။

“အမေ၊ သမီး အမေ့ကို ပြောပြစရာ ရှိလို့ပါ"

ဂျီယွန်း ဟာ အမေ့ကို သူ့ရဲ့ အကြောင်းတွေ အကုန်ပြောပြလိုက်တော့တယ်။ အလယ်တန်းကျောင်းကတည်းက စတင်ဖြစ်ပေါ်ခဲ့တဲ့ စာမေးပွဲအပေါ် ကြောက်ရွံ့စိတ်တွေ။ အသက်ရှူရ ခက်ခဲပြီး ချွေးစေးတွေ ပြန်လာခဲ့ရတဲ့ အဲဒီ အချိန်အခိုက်အတန့်တွေအကြောင်း။ သူ အရာအားလုံးကို အကုန်အစင် ပြောပြလိုက်တာပေါ့။

“ဂျီယွန်း… နင်… ဘာ…"

အမေက ဂျီယွန်း ကို ပိုပြီး အနီးကပ် ကြည့်ဖို့ ရှေ့ကို တိုးလာခဲ့တယ်၊ သူ့ရဲ့ လက်ချောင်းလေးတွေက တုန်ရီနေခဲ့တာ။ ဘာလို့ အမေက ဂျီယွန်း အတွက် ရုတ်တရက် ဒီလောက်တောင် နုနယ်ပျော့ပြောင်းသွားရတာပါလိမ့်။

“ဘာလို့ အမေ့ကို မပြောခဲ့တာလဲ။ ဘာလို့လဲ"

“အမေ စိတ်ပူသွားမှာ စိုးလို့ပါ။ အဖေ ထွက်သွားပြီးတုန်းက အမေ သိပ်ပြီး ဝမ်းနည်းနေခဲ့တာလေ။ သမီး… သမီး အမေ့ကို ကူညီပေးချင်ခဲ့တာ"

“နင် နာကျင်နေရင်တောင် အမေ့ကို ပြောပြသင့်တာပေါ့"

အမေက ဒေါသတကြီးနဲ့ ဂျီယွန်း ရဲ့ လက်ကောက်ဝတ်ကို ရိုက်လိုက်တယ်။ အဲဒီနောက်မှာတော့ ဂျီယွန်း လည်း မိမိရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်တွေ တသွင်သွင် စီးကျလာတော့တာပေါ့။

“ဒါပေမဲ့၊ ဒါပေမဲ့ သမီး ပြောပြဖို့ ကြိုးစားတိုင်း အမေက အမြဲတမ်း ဒီလို ကြောက်စရာကောင်းတဲ့ မျက်နှာပေးကြီး လုပ်ထားတာလေ။ ပြီးတော့ သမီး အမှားလုပ်မိတိုင်း အမေက အမြဲ ဆူပူနေခဲ့တာ။ သမီး ကြောက်တယ်။ သမီး တကယ် ကြောက်ခဲ့တာ"

“ဂျီယွန်း…”

“သမီးလည်း ကောင်းကောင်း လုပ်ချင်တာပေါ့။ ကောင်းကောင်း လုပ်ချင်ခဲ့တာ။ အမေ ဂုဏ်ယူရတဲ့ သမီးဖြစ်ချင်ခဲ့ပြီး အမေ သူတပါးကို ကြွားနိုင်မယ့် သူတစ်ယောက် ဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ သမီး မလုပ်နိုင်ဘူး။ သမီး ဝူဆောင်းအင်ဂျင်နီယာအထက်တန်းကျောင်း တက်လို့ဆိုပြီး သူတို့တွေ သမီးကို အထင်သေးကြတယ်လေ။ တခြားကလေးတွေကတော့ သမီးကို စာ သိပ်တော်တယ်လို့ အမြဲပြောကြတာပဲ။ သမီးရဲ့ မှတ်စုတွေနဲ့ သူတို့ အမှတ်တွေ ကောင်းအောင်လည်း ကူညီပေးခဲ့သေးတယ်။ ဒါပေမဲ့ သမီး မလုပ်နိုင်ဘူး။ သမီး လုပ်ချင်ပေမဲ့ မလုပ်နိုင်တော့တာ။ သမီးလည်း ဒီလိုဖြစ်နေတာကို မုန်းတာပေါ့။ ဒါပေမဲ့ အမေ့ကို ပြောပြရင် အမေက သမီးကို ပိုမုန်းသွားမှာ အထင်အရှားပဲဥစ္စာ၊ အမေလည်း သမီးအတွက် စိတ်ပူနေရဦးမယ်။ သမီး အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ သမီး… သမီး… အီးဟီး…"

သူ အကျိုးအကြောင်း သင့်လျော်စွာ ပြောဆိုချင်ခဲ့ပေမဲ့ အချိန်တစ်ခု ရောက်တော့ စကားလုံးတွေက အလိုအလျောက် ပေါက်ကွဲထွက်လာတော့တာပဲ။ မျက်ရည်တွေ ဝေဝါးနေလို့ သေသေချာချာတောင် အစ်မြင်ရပေမဲ့ သူ ဇွတ်ပဲ ဆက်ပြောနေမိတယ်။ အဲဒီလိုနဲ့ အချိန်အတော်ကြာအောင် ရင်ဖွင့်ပြီးတဲ့နောက်မှာတော့…

သူ့အမေက သူ့ကို ဖက်ထားပေးခဲ့တယ်။

ဂျီယွန်း ရဲ့ ငိုရှိုက်သံတွေက မစဲသေးပါဘူး။ ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်ပျက်နေတဲ့ ကြားထဲက သူ သတိထားမိလိုက်တာကတော့ သူ့အမေလည်း ငိုနေခဲ့တာပါပဲ။

“အမေ… အမေကတော့လေ…"

ကျန်တဲ့ စကားလုံးတွေကို သူ သေသေချာချာ မကြားရတော့ပေမဲ့ ဂျီယွန်း ကတော့ သူ့လက်တွေကို မြှောက်ပြီး အမေ့ကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားလိုက်တော့တယ်။ သူတို့ နှစ်ယောက်လုံး ငိုတာ ရပ်သွားတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။

အခုအချိန်မှာ သူ့အတွက် မရေရာတဲ့အရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမဲ့ သေချာရေရာတဲ့ အရာတစ်ခုကတော့ အမေဖြစ်သူကို ကြည့်ရတာ နောင်ဆိုရင် ဒီလောက်အထိ နာကျင်စရာ ကောင်းတော့မှာ မဟုတ်ပါဘူး။

“သမီးလေး။ အမေ့ရဲ့ လိမ္မာရေးခြားရှိတဲ့ သမီးလေး"

အမေက သူ့ရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးနေတာကို ခံစားရင်း ဂျီယွန်း တစ်ယောက် ဝမ်းနည်းပက်လက် အားရပါးရ ငိုချလိုက်ပါတော့တယ်။

* * * * * * * * *

All Chapters