အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း(၂၁၉)
“ဒါဆို အခု တစ်ပတ်ပဲ ကျန်တော့တာပေါ့”
“ဟုတ်တယ်”
“လူတွေ ဒီလောက်တိုးဝှေ့လာကြမယ်ဆိုတာ သိရက်နဲ့ လူရွေးပွဲကို တစ်ဆင့်တည်းပဲ လုပ်မယ်ဆိုတော့ သူတို့လည်း တော်တော် ရက်စက်တာပဲ”
“အာဏာရှိတဲ့သူတွေ လုပ်တာဆိုတော့လည်း ဘာတတ်နိုင်မှာလဲ။ အဲဒါထက် မင်းကြားပြီးပြီလား။ နီးစပ်ရာ သရုပ်ဆောင်သင်တန်းကျောင်းတိုင်းက တစ်ယောက်စီလောက် လာပြိုင်ကြမယ်လို့ ကြားတယ်”
“တစ်ယောက်တည်း တင် ဘယ်ကမလဲ။ နှစ်ယောက်၊ သုံးယောက်စာ ပရိုဖိုင်တွေ ပို့ထားတဲ့ ကျောင်းတွေလည်း အများကြီးပဲ။ အောင်မာ... ဇာတ်ပို့နေရာလေး တစ်နေရာတည်းအတွက် လူတွေ ဒီလောက်တိုးဝှေ့နေကြတာလား”
“လူမိုက် ၁၊ ၂၊ ၃ ဆိုတော့ သုံးယောက် ရွေးမှာ မဟုတ်ဘူးလား”
“မသေချာဘူးလေ။ သူတို့စိတ်ကြိုက် လူဦးရေ အတိုးအလျော့ လုပ်နိုင်တာပဲ။ ပြီးတော့ ကြေညာချက်ထဲမှာလည်း အဲဒီအကြောင်း မပါဘူး။ လူမိုက်နေရာအတွက် လူရှာနေတာကတော့ သေချာသလောက် ရှိပေမဲ့ ဇာတ်ပို့နေရာက ဒါတင်ပဲ ရှိတာမှ မဟုတ်တာ။ ဝတ္ထုထဲကအတိုင်းဆိုရင်တော့ လူဘယ်နှစ်ယောက်ဆိုတာ ခန့်မှန်းလို့ရပေမဲ့ အခန်းတွေ ဖြတ်တာ၊ တိုးတာ ရှိနိုင်တော့ အတိအကျသိဖို့ ခက်တယ်”
“မစ္စတာ ချွဲ... မင်းကော ဘယ်သူ့ကို လွှတ်မလို့လဲ”
“ငါလား။ လုပ်ချင်တဲ့သူရှိရင် ပရိုဖိုင်တွေ ပို့လိုက်လို့ပဲ အားလုံးကို ပြောထားတယ်။ အရည်အသွေးထက် အရေအတွက်က အရေးကြီးတယ်လေ။ ပိုက်ကွန်က စိပ်နေရင်တောင် ငါက အတင်းတိုးထည့်ရင်တော့ ငါးတစ်ကောင်ကောင်တော့ ငြိမှာပဲ မဟုတ်လား”
“ဒီတစ်ခါတော့ အင်တာဗျူး အရင်စစ်မယ်လို့ ကြားတယ်”
“ကြည့်စမ်း... အပိုအလုပ်တွေ လုပ်နေပြန်ပြီ။ သူတို့ကိုယ်သူတို့ Broadway များ မှတ်နေလား မသိဘူး”
(TR Note: ဇာတ်လမ်းသဘောအရ တချို့အခေါ်အဝေါ်တွေကို Englishလိုပဲတိုက်ရိုက်ထည့်ထားပါမယ်)
“ဘာပဲဖြစ်ဖြစ် မင်းရဲ့ တပည့်တွေကိုတော့ ဝင်ပြိုင်ခိုင်းမှာပဲ မဟုတ်လား”
“မတတ်နိုင်ဘူးလေ။ အဲဒါထက် မစ္စတာ လီ... မင်းကော ဘယ်သူ့ကို လွှတ်ဖို့ ဆုံးဖြတ်ထားလဲ။ မင်းရဲ့ တပည့်တချို့ကို ပရိုမိုးရှင်း ပစ္စည်းတွေ လုပ်ဖို့ လွှတ်ထားတယ်ဆိုတော့ မင်းမှာ လူမကျန်တော့ဘူး မဟုတ်လား”
“ကျန်တဲ့သူတွေအကုန်လုံးကို သွားခိုင်းလိုက်တယ်”
“ဟင်... ဘာကြီးလဲ။ မင်းလည်း ငါနဲ့ သိပ်မထူးပါလား”
“အင်းလေ... ဒီလူရွေးပွဲက ကံပေါ်မှာပဲ အများကြီး မူတည်နေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ အလွတ်သရုပ်ဆောင်ရမှာကတော့ ငါ့ကို နည်းနည်း စိတ်ပူစေတယ်”
မစ္စတာ ချွဲက ကော်ဖီ သောက်လိုက်တယ်။ ဂန်းနမ်က သရုပ်ဆောင်သင်တန်းကျောင်းတွေ အလုပ်ရှုပ်သွားတာ တော်တော်ကြာပြီ။ ဒီရုပ်ရှင်က ရင်းနှီးမြှုပ်နှံမှုကစလို့ ထုတ်လုပ်ရေးအဆုံး JAအနုပညာထုတ်လုပ်ရေးကပဲ အစအဆုံး တာဝန်ယူထားတာပါ။ JA ကုမ္ပဏီက အခုအချိန်ထိ ဇာတ်လမ်းတွဲ ထုတ်လုပ်ရေးကိုပဲ အဓိကလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီတစ်ခါတော့ ရုပ်ရှင်လောကထဲကို ခြေလှမ်းသစ် စလှမ်းကြည့်တာ ဖြစ်ပါတယ်။ အဲဒီသတင်းက သရုပ်ဆောင်သင်တန်းကျောင်းတွေကြားထဲမှာ အကျယ်တဝံ့ ပျံ့နှံ့သွားခဲ့ပြီး မကြာခင်မှာပဲ သိသာတဲ့ ရလဒ်တွေ ထွက်လာတော့တယ်။
“လီဂျွန်မင်း ဆိုတဲ့ လူက အကြီးအကျယ် လုပ်ဖို့ ကြံနေတဲ့ပုံပဲ”
“ယန်းမွန်ဂျောင် နဲ့ အန်းဂျူဟယွန်း တို့က ခေါင်းဆောင်မင်းသား၊ မင်းသမီးတွေအဖြစ် သေချာသလောက် ရှိနေပြီလို့ ကြားတယ်။ အဲဒါတင်တင်ကိုပဲ ကိစ္စက တော်တော်ကြီးနေပြီ”
“ဒါကြောင့်လည်း လူတိုင်းက ဝင်ပါချင်နေကြတာပေါ့။ ငါနဲ့ ရင်းနှီးတဲ့ ရုပ်ရှင်ဒါရိုက်တာ သူငယ်ချင်းတစ်ယောက်က ထက်မြက်တဲ့ ထုတ်လုပ်သူတစ်ယောက်နဲ့ပေါင်းပြီး ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေခဲ့တာ။ အဲဒီထုတ်လုပ်သူက တော်တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်နဲ့ အဆက်အသွယ် ကောင်းကောင်း ရှိတယ်လေ။ သူက ဒီလောကမှာ ကင်မရာ အလှည့်အပြောင်း ရိုက်ချက်ကောင်းကောင်းတွေ ရိုက်နိုင်လို့ တော်တော် နာမည်ကြီးတာပေါ့။ အဲဒီအချိန်တုန်းက သူကလည်း အားနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ ဒါနဲ့ သူတို့နှစ်ယောက်က အမြန်ပဲ အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်ကြပေမဲ့ အဲဒီလူနဲ့ သွားတွေ့တဲ့အခါကျတော့ သူ့အဖွဲ့က ဘာအလုပ်မှ မလုပ်ဘူး ဖြစ်နေတယ်။ သူတို့နှစ်ယောက်ကလည်း အသက်ရှင်ဖို့ ပိုက်ဆံလိုတယ် မဟုတ်လားဆိုပြီး အတင်းစည်းရုံးကြတာပေါ့။ ဒါပေမဲ့ သူက ပိုက်ဆံရနေတယ်လို့ ပြောတယ်။ ထုတ်လုပ်သူက ထက်မြက်တော့ ဘာဖြစ်နေလဲဆိုတာ ချက်ချင်း ရိပ်မိသွားပြီး ဘယ်သူက ပိုက်ဆံပေးနေတာလဲလို့ မေးလိုက်ရော။ သိလိုက်ရတာကတော့...”
“JA က မနှစ်ကတည်းက သူတို့ကို ချုပ်ထားတာပေါ့ ဟုတ်လား”
“အေးလေ။ အဲဒီအချိန်ကစပြီး ကောလာဟလတွေ ပျံ့တော့တာပဲ။ ဒါတင်မကသေးဘူး... ယူချောမင်း ကလည်း JA နဲ့ စကားပြောနေတယ်ဆိုတဲ့ သတင်းတွေပါ ထွက်လာတော့ တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာ အားလုံး ရိပ်မိသွားကြတာပေါ့”
“ယူချောမင်း ဟုတ်လား။ သရုပ်ဆောင်အသင်းရဲ့ ဥက္ကဋ္ဌကို ပြောတာလား။ သူက အလုပ်တွေအကုန်လုံးကနေ လက်ခါလိုက်ပြီ မဟုတ်လား။ ငါသိသလောက်တော့ အခုတလော သူ့ရဲ့ တစ်ခုတည်းသော အလုပ်က ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ ပြဇာတ်အဖွဲ့တွေကြားထဲမှာ စေ့စပ်ညှိနှိုင်းပေးရုံပဲလေ”
“အနားယူနေတဲ့ ယန်းမွန်ဂျောင် ကို အနုပညာလောကထဲ ပြန်ဝင်လာအောင် ဘယ်သူက ခေါ်နိုင်ဦးမှာလဲ။ သူတို့နှစ်ယောက်က တော်တော် ရင်းနှီးကြတယ်ဆိုတာ လူတိုင်း သိတာပဲ”
“ဒါဆို ယူချောမင်း၊ လီဂျွန်မင်း နဲ့ ယန်းမွန်ဂျောင်... ဒီသုံးယောက်က အဖွဲ့ဖွဲ့လိုက်ကြတာပေါ့။ အဲဒီလောက်အထိတော့ ငါ မသိခဲ့ဘူး”
မစ္စတာ ချွဲက ဒိုးနတ်ကို တစ်ကိုက် ကိုက်လိုက်တယ်။ မစ္စတာ လီ ကလည်း ကုလားထိုင်နောက်မှီကို မှီချလိုက်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်တယ်။
“ဒီရုပ်ရှင်မှာ နေရာတစ်နေရာ ရဖို့က ကုလားအုတ်တစ်ကောင် အပ်နဖားပေါက်ထဲ တိုးဝင်ရတာထက် ပိုခက်လိမ့်မယ်။ လီဂျွန်မင်း ကျောထောက်နောက်ခံပေးထားတဲ့သူတွေနဲ့ ယူချောမင်း ကျောထောက်နောက်ခံပေးထားတဲ့သူတွေပဲ အဓိကနေရာတွေအကုန်လုံး ရကြမှာ”
“ဒါဆို အခုလုပ်မယ့် လူရွေးပွဲက သူတို့ပဲ အကုန်လုံး သိမ်းကျုံးမယူထားပါဘူးလို့ လူတွေကို ပြချင်ရုံသက်သက်ပေါ့ ဟုတ်လား”
“မင်းက အခုမှ ရိပ်မိတာလား။ ရုပ်ရှင်အများစုရဲ့ လူရွေးပွဲတွေက အဆင့်ဆင့် ခွဲထားကြတယ် မဟုတ်လား။ ဘာလို့လဲဆိုတော့ လာပြိုင်တဲ့လူက အဲဒီလောက်တောင် များတာကိုး။ အဲဒါတင်မကဘဲ အနည်းဆုံးတော့ နာမည်ကြီးကျောင်းတွေက ကျောထောက်နောက်ခံပေးထားတဲ့သူတွေကို အခွင့်အရေး ပေးရဦးမယ်လေ။ သူတို့မှာ အချိန်အများကြီး မရှိဘူး။ ဒါပေမဲ့ ဒီတစ်ခါမှာ လူရွေးပွဲကို တစ်ဆင့်တည်းပဲ လုပ်တယ်ဆိုကတည်းက နေရာအများစုကို အကုန် သတ်မှတ်ပြီးသား ဖြစ်နေလို့ပဲ။ ကျန်တဲ့နေရာတွေကတော့ အသေးအမွှားတွေပဲ ဖြစ်မှာပေါ့”
“မစ္စတာ ချွဲ... မင်းသိတဲ့သူတွေထဲက ဇာတ်ညွှန်းရတဲ့သူ ရှိလား”
“ဇာတ်ညွှန်းရတဲ့သူတချို့တော့ ရှိတယ်။ သူတို့ တရားဝင်မဟုတ်တဲ့ လူရွေးပွဲတောင် ဝင်ပြိုင်ခဲ့ကြသေးတယ်။ ဒါပေမဲ့ အားလုံး အောင်မြင်မှုမရဘဲ ကျရှုံးခဲ့ကြတာပဲ။ မူရင်းစာရေးဆရာရဲ့ သဘောထားကို သူတို့ အများကြီး အလေးထားပုံရတယ်”
“စာရေးဆရာက ရုပ်ရှင်အကြောင်း ဘာသိမှာလဲ”
“အင်း... အဲဒါက ကန့်သတ်ချက်တစ်ခုခု ဖြစ်နေလို့ နေမှာပေါ့။ ဘာပဲဖြစ်ဖြစ် ငါတော့ ဇာတ်ပို့နေရာလေးပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကိုတော့ ဝင်ပါခိုင်းရမယ်။ အဲဒါမှ ငါတို့ကျောင်းကို ကြော်ငြာရာ ရောက်မှာ”
“Star Academy ရဲ့ ကျောင်းအုပ်ကတော့ သူ့ပိုက်ဆံနဲ့သူ Food trucksတွေ လွှတ်ပေးမယ်လို့ ကြားတယ်”
“အဲဒီလူက အဲလိုကိစ္စမျိုးဆိုရင် တော်တော် လက်သွက်တာပဲ။ သူ့ကိုယ်သူ ပုံရိပ်ကောင်းအောင် လုပ်နေတာ”
“ငါတို့လည်း စောင်တွေ ဘာတွေ လွှတ်ပေးရမလား မသိဘူး”
မစ္စတာ ချွဲ ခေါင်းညိတ်လိုက်တယ်။ ဇာတ်လမ်းအရဆိုရင်တော့ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံအများကြီး လိုမယ့်ပုံမပေါ်ပေမဲ့ သေချာနေတဲ့ သရုပ်ဆောင်တွေကိုတင် ငှားရမ်းခက တော်တော်လေး ကြီးလွန်းတယ်။ အဲဒါတင်မကဘဲ ရုပ်ရှင်ထုတ်လုပ်ရေးမှာ ပါဝင်နေတဲ့သူတွေအကုန်လုံးကလည်း ရုပ်ရှင်လောကမှာ နာမည်ကြီးတွေချည်းပဲ။ အဲဒီလူတွေကြားထဲမှာ သူ့နာမည်သာ ပါသွားရင်တော့ သေချာပေါက် အကျိုးရှိမှာပဲ။
“ဒါပေမဲ့ ဇာတ်ပို့နေရာက သရုပ်ဆောင်တွေက သုံးလလုံးလုံး သူတို့ရဲ့ အချိန်ဇယားတွေကို အကုန် အားအောင် လုပ်ထားရမယ်လို့ ကြားတယ်”
“သုံးလလုံးလုံးကြီးလား”
“ဟုတ်တယ်”
“တခြားနေရာတွေမှာ သွားပြီး သရုပ်ဆောင်လို့ မရဘူးလား”
“မရဘူး”
“ဝါး... အဲဒါကတော့ တော်တော် ရူးတာပဲ။ အခန်းတစ်ခန်းချင်းစီကို ဘယ်နှစ်ခါလောက် ပြန်ရိုက်ဖို့ စီစဉ်နေကြတာလဲ။ ဒါပေမဲ့ လူတွေက ဝင်ပါဖို့ ရွေးချယ်ကြတယ်ဆိုကတည်းက အခကြေးငွေက ကောင်းလို့နေမှာပေါ့”
“ဖြစ်နိုင်တာပဲ”
“အခုတော့ အဲဒီစာချုပ်ကို ငါ တကယ် ကြည့်ချင်သွားပြီ။ သူတို့ ဘယ်လောက်တောင် ပေးမှာလဲ”
“လုံလောက်တာထက်ကို ပိုပေးမှာပေါ့”
“လုံလောက်တာထက်ကို ပိုတယ် ဟုတ်လား”
“နောက်ဆို သူတို့နဲ့ ဆက်သွယ်လို့ရရင် ဝန်ထမ်းတွေ ဘာတွေ လိုဦးမလားလို့ ငါ မေးကြည့်ရမယ်။ သူတို့နဲ့ အဆက်အသွယ် ရသွားရင်တော့ တော်တော် အမြတ်ထွက်မှာပဲ”
“ငါလည်း အဲလိုပဲ လုပ်ရမယ်”
အခုတလော ရုပ်ရှင်အတော်များများက ကြိုတင်ထုတ်လုပ်ရေး အဆင့်မှာတင် ရပ်ဆိုင်းသွားကြတာ များပေမဲ့ အခုတော့ နာမည်ကြီး သရုပ်ဆောင်တွေပါတဲ့ ရုပ်ရှင်က စတင်တော့မှာ ဖြစ်ပါတယ်။ သရုပ်ဆောင်သင်တန်းကျောင်းတွေအကုန်လုံးလည်း အစွမ်းကုန် ကြိုးစားနေကြသလို ပြဇာတ်အဖွဲ့တွေလည်း အလုပ်ရှုပ်နေကြမှာ သေချာတယ်။ လူရွေးပွဲရဲ့ အသေးစိတ်အချက်အလက်တွေ ထွက်လာတာနဲ့အမျှ စစ်ပွဲတစ်ခုလို ဖြစ်လာတော့မှာပဲ။ မစ္စတာ ချွဲက ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း အလားအလာရှိတဲ့ သူ့ရဲ့ တပည့်တချို့အကြောင်းကို ပြန်တွေးနေမိတယ်။ အဲဒီအချိန်မှာ မစ္စတာ လီ က စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုကို စကားစလာခဲ့တယ်။
“အော်... ဟုတ်သားပဲ။ Filmကို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်လို့ ကြားတယ်”
“Film ဟုတ်လား”
Film ဆိုတဲ့ သရုပ်ဆောင်သင်တန်းကျောင်းက ဂန်းနမ်က သရုပ်ဆောင်သင်တန်းကျောင်းတွေထဲမှာတင် အခြေခံအဆောက်အအုံ တောင့်တင်းခိုင်မာမှုကြောင့် လူသိများတဲ့ကျောင်း ဖြစ်ပါတယ်။ သူတို့ရဲ့ အထူးဟောပြောပွဲတွေ ကို နာမည်ကြီး သရုပ်ဆောင်တွေက လာရောက်ပို့ချပေးတဲ့အထိပါပဲ။ တက္ကသိုလ်ဝင်ခွင့်ဖြေမယ့် ကျောင်းသားတွေအတွက် အတန်းတွေ မဖွင့်ဘဲ တကယ် သရုပ်ဆောင်ဖြစ်ချင်တဲ့သူတွေအတွက်ပဲ အတန်းတွေ ဖွင့်တာဖြစ်လို့ ဝင်ခွင့်ရဖို့က မလွယ်ကူပါဘူး။ နာမည်ကြီး တက္ကသိုလ်တွေရဲ့ ပြဇာတ်ဌာနတွေထက်စာရင် Film ကို တက်တာက သရုပ်ဆောင် သက်တမ်းအတွက် ပိုပြီး အထောက်အကူပြုတယ်လို့ ပြောကြတဲ့သူတွေတောင် ရှိပါတယ်။
“စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေး ဟုတ်လား။ ဘာကို ပြောတာလဲ” လို့ မစ္စတာ ချွဲက မေးလိုက်တယ်။
“လီဂျွန်မင်း မျက်စိကျနေတဲ့ ကောင်လေးတစ်ယောက်ကို Filmက စည်းရုံးပြီး ခေါ်သွားတယ်ဆိုတဲ့ ကောလာဟလ ရှိတယ်။ ကြည့်ရတာ သူက သရုပ်ဆောင်တာ တော်တော် တော်လွန်းလို့ အဲဒီကျောင်းအုပ်ကပါ သူ့ကို ပံ့ပိုးပေးဖို့ အဆင်သင့်ဖြစ်နေတယ် ထင်တယ်”
“တကယ်ကြီးလား”
“သူလည်း ဒီတစ်ခါ လူရွေးပွဲကို ဝင်ပြိုင်မယ်လို့ ကြားတယ်”
“တောက်... ချမ်းသာတဲ့သူတွေက ဆင်းရဲသားတွေဆီက ပိုက်ဆံကို အမြဲ နှိုက်ဖို့ပဲ ကြည့်နေကြတာ။ ဒါဆို သူတို့က အဲဒီကောင်လေး အောင်မြင်အောင် ထုတ်လုပ်ရေးအဖွဲ့ကို လာဘ်ထိုးဖို့ စီစဉ်နေကြတာပေါ့”
“ဘယ်သူသိမှာလဲ။ သူတို့က အရည်အချင်းကိုပဲ သုံးရင် သုံးမှာပေါ့”
“ကျွတ်... ငါတော့ ငါ့အလုပ်ကို တကယ် စိတ်ကုန်လာပြီ”
မစ္စတာ ချွဲက စီကရက်တစ်လိပ် ထုတ်ပြီး ပါးစပ်မှာ ခဲလိုက်တယ်။ မစ္စတာ လီ က ဒါက ဆေးလိပ်သောက်ရမယ့် နေရာမဟုတ်ဘူးလို့ ပြောပြီး ဆေးလိပ်မသောက်ဖို့ အမြန် တားလိုက်တာပေါ့။ ဒါပေမဲ့ မစ္စတာ ချွဲကလည်း တကယ် မီးညှိဖို့ စိတ်ကူးမရှိပါဘူး။ အကျင့်ပါနေလို့သာ လုပ်မိတာပါ။
“မူရင်းစာရေးဆရာရဲ့ ဖုန်းနံပါတ်ကို ရနိုင်မယ့် နည်းလမ်း ရှိမလား။ ငါ ပံ့ပိုးပေးနေတဲ့ ကောင်လေးတစ်ယောက်ကို တကယ် ဝင်ပါစေချင်လို့”
“သူ့ရဲ့ လုံခြုံရေးစနစ်ကတော့ နောက်ပြောင်နေတာ မဟုတ်ဘူး။ ငါ စာအုပ်တိုက်တွေနဲ့ ထုတ်လုပ်သူတွေကို စုံစမ်းကြည့်ပြီးပြီ။ ဒါပေမဲ့ ဘယ်သူမှ လုံးဝ မပြောပြကြဘူး”
“လုံခြုံရေးက တင်းကျပ်လှချည်လား။ တောက်... အခုတော့ ကံကိုပဲ ယုံကြည်ရတော့မယ့်ပုံပဲ”
“မင်းရဲ့ တပည့် အရည်အချင်းကို ပြောတာ မဟုတ်ဘူးလား”
“အေးပါ... ဖြစ်နိုင်ပါ့မလား”
မစ္စတာ ချွဲက ပါးစပ်ထဲက စီကရက်ကို ချိုးလိုက်ပြီး ဖန်ပုလင်း အလွတ်တစ်ခုထဲ ထည့်လိုက်တယ်။ သူသိတဲ့သူ ဘယ်သူမှ ဒီရုပ်ရှင်ထဲကို ဝင်ပါနိုင်မှာ မဟုတ်ဘူးလို့ သူ ခံစားနေမိတော့တယ်။
* * * * * * * * *
ဧပြီလကုန်ခါနီးနေပြီ။ မာရူး ခန္ဓာကိုယ်က တော်တော်လေး နေလို့ကောင်းလာပြီ။ မေလနီးလာတာနဲ့အမျှ အဆက်မပြတ် ငိုက်မြည်းနေတာတွေလည်း ပျောက်ကွယ်သွားခဲ့တယ်။ စိတ်ကြည်ကြည်လင်လင် ရှိနေနိုင်လို့ သူ တော်တော်လေး ပျော်နေမိတာပေါ့။
“ငါတော့ တော်တော်ကြီးကို ငိုက်နေပြီ” လို့ ဒိုဂျင် က ပါးစပ်ထဲက သကြားလုံးကို ဝါးရင်း ပြောလိုက်တယ်။ ဒိုဝူး နဲ့ ဒေးမြောင် တို့ကတော့ အိပ်ပျော်နေကြပြီ။ မာရူး ရဲ့ အိပ်ချင်စိတ်တွေက သူတို့ဆီ ကူးစက်သွားတဲ့ပုံပဲ။
“သရုပ်ဆောင် ကလပ်ကော အဆင်ပြေရဲ့လား” လို့ ဒိုဂျင် က စာပွဲပေါ် ခေါင်းတင်ရင်း မေးလိုက်တယ်။
“အဆင်ပြေပါတယ်။ အားလုံးက တော်ကြတော့ ဇာတ်ညွှန်းကျက်ရတာ ဘာပြဿနာမှ မရှိဘူး။ တစ်စုံတစ်ယောက်နဲ့တော့ မတူဘူးပေါ့လေ”
“အခုတော့ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေပြန်ပြီ။ မင်းက ဘာလို့ ငါ့ကို စိုက်ကြည့်ပြီး အဲလိုပြောရတာလဲ။ ငါက အဲလောက်ကြီး မဆိုးပါဘူး ဟုတ်တယ်မလား”
“အင်း... မင်းပြောသလိုပဲ ထားပါတော့”
သရုပ်ဆောင် ကလပ်ကတော့ တော်တော်လေး ချောချောမွေ့မွေ့ ရှိနေပါတယ်။ စိုးရိမ်စရာ ဖြစ်နေခဲ့တဲ့ ဂျီယွန်း ကလည်း အခုတလော စိုးရိမ်ပူပန်မှုတွေ ကင်းစင်သွားပုံရပြီး စကားထစ်တာလည်း နည်းသွားပြီ။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ သူမရဲ့ အဖေက အခုတလော ပြန်လာတယ်ဆိုတာကို သူ မကြာသေးခင်ကမှ သိလိုက်ရတယ်။ သူမရဲ့ အမေနဲ့ ရှိနေခဲ့တဲ့ အထင်လွဲမှားမှုတွေကို ဖြေရှင်းနိုင်ခဲ့ပြီး အဖေဖြစ်သူကပါ ဘေးကနေ တည်တည်ငြိမ်ငြိမ် ရှိအောင် လုပ်ပေးနေတာမို့လို့ နောက်ထပ် ဘာပြဿနာမှ ရှိမှာမဟုတ်တော့ပါဘူး။
အော်... ပြဿနာအသစ် တစ်ခုတော့ ရှိတာပေါ့။ ဒါပေမဲ့ အဲဒီ ပြဿနာ က တော်တော်လေး ထူးခြားတယ်လို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ ပြဿနာဖြစ်စေတဲ့ လူကိုယ်တိုင်က ဘာမှ သတိမထားမိဘဲ ဖြစ်နေလို့ပဲ။ အဲဒီလူကို ဘေးကနေ စောင့်ကြည့်ရတာ တော်တော်လေး သဘောကျဖို့ကောင်းတယ်။
ဝက်ဝံလေးတစ်ကောင် ဆောင်းခိုနေသလို အိပ်ပျော်နေတဲ့ ဒေးမြောင် ကို ကြည့်ပြီး မာရူး ပြုံးလိုက်မိတယ်။ လူကောင်းတစ်ယောက်ကတော့ လူကောင်းတစ်ယောက်ကို အမြဲ ဆွဲဆောင်နိုင်တာပဲ။ ဂျီယွန်း က တိုင်ပင်ဆွေးနွေးမှုတွေ ပြီးသွားတဲ့နောက်မှာတောင် သူမရဲ့ စကားတွေကို နားထောင်ပေးခဲ့တဲ့ ဒေးမြောင် ကို သဘောကျနေပုံရတယ်။ ဒေးမြောင် ကို ကြည့်တဲ့ သူမရဲ့ မျက်လုံးတွေက တခြားသူတွေကို ကြည့်တာနဲ့ မတူဘူးလေ။ စိတ်မကောင်းစရာကတော့ ဒေးမြောင် က အခုထိ ဘာမှ သတိမထားမိသေးသလို ဂျီယွန်း ကလည်း သတ္တိမရှိတာကြောင့် ဘာမှ အကောင်အထည်မဖော်ဘဲ အရိပ်အယောင်လေးတွေပဲ ပြနေခဲ့တယ်။ ဒီလို ဆယ်ကျော်သက်တွေရဲ့ အချစ်ဇာတ်လမ်းကို ဘေးကနေ စောင့်ကြည့်ရတာ တော်တော် သဘောကျဖို့ကောင်းတာပဲ။ မာရူး က အဖေတစ်ယောက်လို ပြုံးရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး ရင့်ကျက်လာမယ့်အချိန်ကိုပဲ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဒိုဝူး ကလည်း ဂျီယွန်း ရဲ့ ခံစားချက်ကို သတိထားမိပုံရပေမဲ့ သူက တခြားသူတွေရဲ့ ကိစ္စမှာ ဝင်ပါတတ်တဲ့သူ မဟုတ်တာကြောင့် ဘာမှမပြောဘဲ တိတ်တိတ်ပဲ နေမှာပါ။
* * * * * * * * *
‘ဒီနေ့က ပထမနှစ် ကျောင်းသားတွေ ပြဇာတ်ရွတ်ဆိုပွဲမှာ ခံစားချက်တွေ ထည့်ပြီး လေ့ကျင့်ရမယ့်နေ့ပဲ’
ဆူယွန်း က အဆင့်ဆင့် သေချာ စီစဉ်ထားတဲ့အတွက် သင်ရိုးညွှန်းတမ်းကတော့ စနစ်တကျ ရှိနေပါတယ်။ နွေရာသီမှာလုပ်မယ့် အမျိုးသား ဆယ်ကျော်သက် သရုပ်ဆောင်ပြိုင်ပွဲအထိ သူမက ကျန်တဲ့သူတွေကို သေချာ ဦးဆောင်သွားနိုင်မှာပါ။
“အော်... ဟုတ်သားပဲ။ မာရူး... မင်း လူရွေးပွဲ သွားမလို့ဆို”
“မနက်ဖြန်လေ။ ပြီးတော့ အဲဒါက လူရွေးပွဲ မဟုတ်ဘူး၊ အင်တာဗျူးပဲ”
သူ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူရွေးပွဲအတွက် လျှောက်ထားခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အင်တာဗျူး လာဖြေဖို့ မက်ဆေ့ခ်ျ ရခဲ့တာပါ။ အင်တာဗျူး မတိုင်ခင် ပရိုဖိုင် အပယ်ခံရမှာကို စိတ်ပူနေခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ သူ အောင်မြင်ခဲ့တယ်။
“ဝါး... ဒါဆို မင်း အနုပညာလောကထဲကို ခြေလှမ်းစတော့မှာပေါ့ ဟုတ်လား”
“လူရွေးပွဲတောင် မဖြေရသေးဘူး။ အောင်မလား၊ ကျမလားဆိုတာလည်း မသိသေးဘူးလေ”
“မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသလို ဖြစ်နေရတာလဲ”
“တကယ်ပဲ ယုံကြည်မှု မရှိလို့ပေါ့”
“တကယ်ကြီးလား”
“ဒါက အရင်က တစ်ခါမှ လုပ်ဖူးတာ မဟုတ်ဘူးလေ။ အဲဒါကို ဘာလို့ ယုံကြည်မှု ရှိနေရမှာလဲ။ သင်ထားတဲ့အတိုင်းပဲ သွားလုပ်မှာပါ”
သူ လွန်ခဲ့တဲ့ အချိန်ကတည်းက ဂွန်ဆူ ဆီကနေ လူရွေးပွဲတွေအကြောင်း သင်ယူခဲ့တာပါ။ ဂွန်ဆူ က အင်ဒီး ရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံ ရှိတာကြောင့် သူ့ဆီကနေ အချက်အလက်တွေ အများကြီး ရနိုင်မယ်လို့ မာရူး ထင်ခဲ့သလိုပဲ တကယ်လည်း အများကြီး ကူညီပေးခဲ့ပါတယ်။ ဆူယွန်း ဆီကလည်း အကြံဉာဏ်အချို့ ရခဲ့သေးတယ်လေ။
“မင်း အဆင်ပြေမှာပါ”
“ဆရာမက ဘာလို့ ကျွန်တော့်ထက်တောင် ယုံကြည်မှုတွေ လွန်ကဲနေရတာလဲ”
မာရူး က ခေါင်းနောက်မှာ လက်နှစ်ဖက်ကို ထောက်ရင်း ပြုံးလိုက်မိတယ်။ ဂန်းနမ်၊ နွန်ဟျွန်းဒုံ မှာရှိတဲ့ JA အဆောက်အအုံ။ နာမည်ကို ကြည့်ရုံနဲ့တင် အဲဒီအဆောက်အအုံက ဘယ်သူ့ပိုင်လဲဆိုတာ သိသာလှပါတယ်။ လျှောက်လွှာ သွားတင်တုန်းက သူ တစ်ခေါက် ရောက်ဖူးပေမဲ့ အဆောက်အအုံကြီးက တော်တော်လေး မြင့်မားလွန်းတယ်။ အဲဒီနေ့တစ်ရက်တည်းတင် လာလျှောက်တဲ့သူက အနည်းဆုံး ဒါဇင်နဲ့ချီပြီး ရှိနေခဲ့တာ။ ဒါတင်မကဘဲ ဒီလူရွေးပွဲမှာ လူဘယ်နှစ်ယောက် ရွေးမယ်ဆိုတာကိုလည်း ထုတ်မပြောထားဘူးလေ။ အချက်အလက်တွေ မပြည့်စုံတာကြောင့် စိုးရိမ်စိတ်တွေကို ပိုပြီး ဖြစ်ပေါ်စေတယ်။ မနက်ဖြန်လုပ်မယ့် လူရွေးပွဲအကြောင်း တွေးနေတုန်းမှာပဲ သူ့ဖုန်း မြည်လာခဲ့တယ်။
“ဒီနေ့ အားလား”သူမဆီက လာတာပါ။
“အချိန်မရွေးပဲ”
“အင်တာဗျူး ဖြေခါနီးနေတဲ့ ကောင်လေးတစ်ယောက်က အချိန်တွေ အားနေတယ်ဆိုတော့ ပြဿနာ မရှိဘူးလား”
“မင်းမို့လို့ အားတာပါ”
ခဏလောက် ပြန်စာ မလာတော့ဘူး။ စက်ဆုပ်ရွံရှာသလို ခံစားချက်နဲ့ အပြုံးတွေ ရောပြွမ်းနေမယ့် သူမရဲ့ မျက်နှာကို မာရူး အတိုင်းသား မြင်ယောင်နေမိတယ်။ မကြာခင်မှာပဲ မက်ဆေ့ခ်ျတစ်ခု ထပ်ဝင်လာပြန်တယ်။ ဒါပေမဲ့ ဒါက သူမဆီက မဟုတ်ဘူး။
“ဒါက မင်းနဲ့ ငါ အတူတူ လုပ်ရမယ့် ပထမဆုံး လက်ရာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
မက်ဆေ့ခ်ျက ဂျွန်မင်း ဆီက လာတာပါ။ အဓိပ္ပာယ် မရေရာတဲ့ စကားလုံးတွေကြောင့် သူ တော်တော်လေး ရင်ခုန်သွားမိတယ်။
အဲဒီနောက် မကြာခင်မှာပဲ နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ထပ်ရောက်လာပြန်တယ်။
“စိတ်မလှုပ်ရှားပါနဲ့”
ဒါကတော့ မွန်ဂျောင် ဆီကပါ။
‘အဘိုး... အဘိုးက ငါ့ကို ပိုပြီး စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ’ လို့ မာရူး စိတ်ထဲကနေ တွေးလိုက်မိတယ်။
“ကံကောင်းပါစေ”
ဒါကတော့ ဂွတ်ဂျွန် ဆီကပါ။ သူတို့တွေ အချင်းချင်း တိုင်ပင်ထားကြသလိုပဲ။ ဖြစ်နိုင်တာကတော့ အဲဒီသုံးယောက်လုံး တစ်နေရာတည်းမှာ ရှိနေကြလို့ နေမှာပေါ့။ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့အကြောင်းကို တွေးပေးနေတယ်ဆိုတာ သိရလို့ မာရူး တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ တစ်ချိန်တည်းမှာပဲ သူ နည်းနည်း လောဘ တက်လာမိတယ်။ လူမိုက်နေရာကို ရချင်ပေမဲ့ အဲဒါ မဟုတ်ရင်တောင် ဒီရုပ်ရှင်မှာ ပုံစံတစ်မျိုးမျိုးနဲ့ ဝင်ပါချင်မိတာပေါ့။
“ကျောင်းဆင်းရင် နင့်ကျောင်းရှေ့မှာ စောင့်နေမယ်”
ဒီတစ်ခါတော့ သူမဆီက မက်ဆေ့ခ်ျ ရောက်လာတာပါ။ မာရူး က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း မက်ဆေ့ခ်ျ ပြန်ပို့လိုက်တယ်။
“အင်း”
* * * * * * * * *