← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁)

PAS က မူလက ကားဒက်ရှ်ဘုတ်တွေနဲ့ အတွင်းပိုင်း အလှဆင်ပစ္စည်းတွေလိုမျိုး ပလတ်စတစ် အစိတ်အပိုင်းတွေကိုပဲ အဓိကထုတ်လုပ်တဲ့ ကုမ္ပဏီအသေးလေးတစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ကုမ္ပဏီ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့အချိန်မှာတော့ ကိုယ်ပိုင်လေအိတ်တွေ စတင်ထုတ်လုပ်နေပြီဖြစ်တဲ့ TKT Precision အပါအဝင် ပြည်တွင်းပြည်ပက အစိတ်အပိုင်းထုတ်လုပ်တဲ့ ကုမ္ပဏီအမျိုးမျိုးကို ဝယ်ယူပြီး လုပ်ငန်းချဲ့ထွင်ခဲ့တယ်။

တက်ကွမ်တက် တည်ထောင်ခဲ့တဲ့ TKT Precision က ပြည်တွင်းကားအစိတ်အပိုင်း ထုတ်လုပ်သူတွေထဲမှာ အားကောင်းတဲ့ အလတ်စားလုပ်ငန်းတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရတာပါ။ အဲဒီအချိန်တုန်းက သူ့ရဲ့လုပ်ငန်းပမာဏ၊ ရောင်းရငွေနဲ့ လည်ပတ်မှုအမြတ်အစွန်းတွေက PAS နဲ့ယှဉ်ရင် ကြီးမားပေမဲ့ မမျှော်လင့်ဘဲ TKT ကို PAS က ဝယ်ယူသွားခဲ့တယ်။

ဥပမာပေးရရင် ပုစွန်ဆိတ်က ဝေလငါးကို မျိုချလိုက်သလိုမျိုးပေါ့။ ဒီလိုဝယ်ယူတဲ့ လုပ်ငန်းစဉ်မှာ မသဲကွဲတဲ့ အချက်တွေ အများကြီး ရှိနေခဲ့တယ်။

"ဘယ်လိုဖြစ်ပြီး အဲဒီလို ဝယ်ယူနိုင်သွားတာလဲ"

"ဒါက မြင်နေကျ ပုံစံအတိုင်းပါပဲ"

မဝယ်ယူခင်TKT precisionရဲ့အခြေအနေကို ပြောရရင် နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီးတဲ့နောက် ထိုင်ခုံခါးပတ် ထုတ်လုပ်တဲ့ TKT Precision က အိုးအိမ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ဘေးကင်းလုံခြုံမှု စစ်ဆေးရေးမှာ အောင်မြင်တဲ့ လေအိတ်အမျိုးအစားသစ်ကို ထုတ်လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ လေအိတ်ရဲ့ သဘာဝက အရေးကြီးလွန်းတာကြောင့် ကားထုတ်လုပ်သူတွေက သူတို့ရဲ့ supplierတွေကို လွယ်လွယ်နဲ့ မပြောင်းချင်ကြဘူး။ ထောက်ပံ့ရေးစာချုပ်တွေ မချုပ်ဆိုနိုင်လို့ စိတ်ပျက်နေတဲ့အချိန်မှာ TKT က အွန်ဆောင်း မော်တာ ဆီကနေ လေအိတ်တွေ ထောက်ပံ့ပေးပါဆိုတဲ့ ကမ်းလှမ်းချက်တစ်ခုကို ရခဲ့တယ်။

ဥက္ကဌ တက်ကွမ်တက်က စီးပွားရေးလောကမှာ ကျင်လည်တာ ကြာပြီဖြစ်လို့ အမှားအယွင်းမရှိခဲ့ပါဘူး။ သူက ထောက်ပံ့ရေးစာချုပ်ကို သေသေချာချာ ညှိနှိုင်းခဲ့ပြီး အွန်ဆောင်း မော်တာ ဆီကနေ ကြိုတင်ငွေကို ရယူခဲ့သလို ထုတ်လုပ်မှုဆိုင်ရာ အဆောက်အဦးတွေကို ချဲ့ထွင်ပြီး ဝန်ထမ်းတွေကိုလည်း ငှားရမ်းကာ ထုတ်လုပ်မှုတွေကို သေချာ စတင်ခဲ့တယ်။ သဘောတူထားတဲ့ ရက်စွဲအတိုင်းလည်း ထုတ်ကုန်တွေကို ပေးပို့ခဲ့တာပါ။

ပြဿနာက ဒီနေရာမှာ စတာပဲ။

လေအိတ်တွေက အွန်ဆောင်း မော်တာ ရဲ့ အတွင်းပိုင်း ဘေးကင်းလုံခြုံမှု စစ်ဆေးရေးမှာ ကျရှုံးခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ တာဝန်က သေချာပေါက် TKT Precision မှာပဲ ရှိတာပေါ့။ ပြဿနာတွေကို ထောက်ပြဖို့က လွယ်ပေမဲ့ ပြဿနာမရှိကြောင်း သက်သေပြဖို့ကျတော့ မလွယ်ကူဘူးလေ။ တကယ်လို့ ဒီအတိုင်းသာ ဆက်သွားရင် သူတို့က ကုန်ပစ္စည်းဖိုး မရရုံတင်မကဘဲ ကြိုတင်ငွေတွေကို ပြန်အမ်းရမှာဖြစ်ပြီး စာချုပ်ဖောက်ဖျက်မှုအတွက် နစ်နာကြေးတွေကိုပါ ပေးလျော်ရတော့မှာပါ။

အိုးအိမ်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနဆီ စုံစမ်းမေးမြန်းကြည့်တော့လည်း ကုမ္ပဏီ အချင်းချင်းကြားက အငြင်းပွားမှုတွေကို အချင်းချင်းပဲ ဖြေရှင်းပါဆိုတဲ့ အဖြေပဲ ရခဲ့တယ်။ အွန်ဆောင်း မော်တာ ရဲ့ ဘေးကင်းလုံခြုံမှု စစ်ဆေးရေးမှာ ကျရှုံးခဲ့တဲ့ လေအိတ်တွေကို အခြားဝယ်ယူမယ့်သူ ရှာဖို့ ကြိုးစားခဲ့ပေမဲ့လည်း အလကားပဲ ဖြစ်ခဲ့ရတာပေါ့။

အကြွေးတွေနဲ့ လုပ်ငန်းချဲ့ထွင်မှု စရိတ်စကတွေက TKTဆီ ပြန်ရောက်လာခဲ့တယ်။ အွန်ဆောင်း မော်တာ က ကားအသစ်တွေ ထုတ်လုပ်ဖို့ နှစ်ပတ်ကျော် နောက်ကျတဲ့ဒဏ်ကို ရင်ဆိုင်ခဲ့ရတယ်။ တခြားပံ့ပိုးပေးမယ့်သူတွေကို ရှာဖွေနေရင်းနဲ့ အွန်ဆောင်း မော်တာက TKT Precision ဆီကနေ နစ်နာကြေးတောင်းမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် တစ်ချိန်က အခြေအနေကောင်းခဲ့တဲ့ အလတ်စားကုမ္ပဏီ TKT က ဒေဝါလီခံရမယ့် အခြေအနေ ဆိုက်ရောက်သွားခဲ့တယ်။

ဒီအချိန်မှာပဲ PAS က ကြွေးမြီအားလုံးနဲ့ ဝန်ထမ်းခန့်အပ်မှု တာဝန်အားလုံးကို လွှဲပြောင်းယူမယ့် အခြေအနေနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းလာခဲ့တယ်။ ဥက္ကဌ တက်ကွမ်တက်အနေနဲ့ TKT Precisionကို PAS ဆီ တန်ဖိုးနည်းနည်းနဲ့ ရောင်းချဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ဈေးလျှော့ရောင်းခဲ့တာတောင် ရောင်းရငွေက ဝမ် သန်းပေါင်း ၃သောင်း အထိ ရှိခဲ့တာပါ။

အဲဒီအချိန်တုန်းက PAS မှာ အဲဒီလောက် ပိုက်ဆံအများကြီး ပေးနိုင်တဲ့ အရည်အချင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီပြဿနာက အရမ်းကို လွယ်လွယ်ကူကူနဲ့ ပြေလည်သွားခဲ့တယ်။

အွန်ဆောင်း မော်တာ က PAS ဆီ တိုက်ရိုက် ငွေချေးပေးခဲ့သလို ဘဏ်ကိုလည်း ငွေပေးချေဖို့ အာမခံပေးခဲ့တာပါ။ ဘဏ်က ဝယ်ယူရေး ရန်ပုံငွေတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ထုတ်ချေးပေးခဲ့လို့ နောက်ဆုံးမှာ PAS က TKT Precision ကို အောင်အောင်မြင်မြင်နဲ့ ဝယ်ယူနိုင်ခဲ့တယ်။

"နောက် ဘာဆက်ဖြစ်လဲ"

"ဒါကတော့ ရှင်းနေတာပဲ"

နစ်နာကြေးတောင်းမယ့်အစား အွန်ဆောင်း မော်တာ က PAS ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ PAS က လေအိတ်တွေကို ပြုပြင်မွမ်းမံခဲ့ပြီး (ဘာတွေ အတိအကျ ပြုပြင်လိုက်လဲတော့ မသိပေမဲ့) ပေးပို့ခဲ့တယ်။ ဒီတစ်ခါတော့ ဘေးကင်းလုံခြုံမှု စစ်ဆေးရေးကို လွယ်လွယ်ကူကူနဲ့ အောင်မြင်သွားခဲ့တယ်။

အဲဒီအချိန်ကစပြီး PAS က အွန်ဆောင်း မော်တာ ရဲ့ လေအိတ်နဲ့ ထိုင်ခုံခါးပတ် သီးသန့်ပံ့ပိုးသူ ဖြစ်လာခဲ့ပြီး အရေးပါတဲ့ မိတ်ဖက်အဆင့်အထိ မြင့်တက်လာခဲ့တယ်။ အခုအချိန်အထိ လေအိတ်တွေက PAS ရဲ့ ရောင်းရငွေမှာ အကြီးမားဆုံး ဝေစုအဖြစ် ရှိနေဆဲပဲ။

တက်ဂယူက လက်ပိုက်ရင်း ပြောတယ်။

"ဒီဖြစ်စဉ်တွေကို ကြည့်ရသလောက်တော့ အွန်ဆောင်း မော်တာ နဲ့ PAS တို့ ပူးပေါင်းပြီး TKT Precision ကို ဝယ်ယူဖို့ မရိုးမသား လှည့်စားခဲ့ကြတယ်လို့ သံသယဝင်စရာပဲ"

"ဒါကြောင့်မလို့ ကိုယ့်ကုမ္ပဏီကို ဆုံးရှုံးလိုက်ရတဲ့ စီအီးအို တက်ကွမ်တက်က မီဒီယာတွေကို သတင်းပေးခဲ့ပြီး အမှုစစ်ရုံးမှာ တရားစွဲဆိုခဲ့တာပေါ့"

"ဘာဖြစ်သွားလဲ"

"ဖြစ်နေကျအတိုင်းပဲ မီဒီယာတွေက နှုတ်ပိတ်နေခဲ့ကြပြီး အမှုစစ်ရုံးကလည်း အမှုကို ပလပ်လိုက်လို့ ဒီအတိုင်းပဲ ပြီးသွားခဲ့တာပဲ"

ပြောရမယ်ဆိုရင် PAS က ဒီလိုနည်းနဲ့ ဝယ်ယူခဲ့တာ TKT Precision တစ်ခုထဲ မဟုတ်ပါဘူး။ ကုန်ပစ္စည်း ထောက်ပံ့မှုကို ပိတ်ဆို့ပြီး အကြပ်ကိုင်ကာ အလကားနီးပါး ဝယ်ယူခဲ့တဲ့ ကုမ္ပဏီတွေလည်း ရှိပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ အရေးကြီးတာက လေအိတ်ပြဿနာကြောင့် ပြန်လည်သိမ်းဆည်းမှု ဖြစ်လာနိုင်တယ်ဆိုတာပဲ။

သူ့လေအိတ်တွေမှာ ဘယ်လို ချို့ယွင်းချက်မျိုး ရှိနေလို့လဲ။

သေချာမသိတဲ့အခါကျရင် သိတဲ့လူကို မေးတာ အကောင်းဆုံးပဲ မဟုတ်လား။

"ဘယ်သူ့ကိုမေးမှာလဲ"

"CarOS က လူတွေကိုပေါ့"

ကျွန်တော် ဒါရီလ် ဆီ ဖုန်းခေါ်လိုက်တယ်။ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ဖုန်းပြန်ထူးခဲ့တယ်။

"စကားမပြောဖြစ်တာ ကြာပြီနော်။ စီအီးအို"

"နေကောင်းရဲ့လား"

"ကောင်းပါတယ်ဗျာ။ သေချာပေါက် ကောင်းတာပေါ့"

"သုတေသနအဖွဲ့ရော အခြေအနေဘယ်လိုလဲ"

"ဘာပြဿနာမှ မရှိပါဘူး။ ကားအရောင်းအဝယ်တွေလည်း ပြန်ကောင်းလာပြီ၊ ကားလက်ကျန်တွေလည်း ကုန်သလောက် ဖြစ်နေလို့ စက်ရုံကိုကောင်းကောင်းကြီး လည်ပတ်နိုင်နေပါတယ်"

မူလက CarOS ရဲ့ ရုံးချုပ်က Silicon Valley မှာ ရှိခဲ့တာပါ။ ဒါပေမဲ့ Chrysler နဲ့ ပူးပေါင်းပြီးတဲ့နောက် ရုံးချုပ်က ဒီထရိုက် ဆီ ပြောင်းသွားခဲ့ပြီး သုတေသနအဆောက်အဦးပဲ ကျန်ခဲ့တယ်။ မဟာငလျင်ကြီးကြောင့် သုတေသနအဆောက်အဦးကိုလည်း ဒီထရိုက် ဆီပဲ ပြောင်းရွှေ့ခဲ့ရတယ်။

ဒီလုပ်ငန်းစဉ်အတွင်းမှာ Silicon Valley ကနေ မထွက်ခွာချင်တဲ့ အဓိက ဝန်ထမ်းတချို့ နုတ်ထွက်သွားခဲ့ကြပေမဲ့ အခုတော့ အများစုက ပြန်ရောက်လာကြပါပြီ။

ဘာလို့လဲဆိုတော့ Silicon Valley က အခြေခံအားဖြင့် ပျောက်ကွယ်သွားခဲ့ပြီမလို့ပါ။

သုတေသနအဆောက်အဦး ပြောင်းရွှေ့ရတာ၊ အမေရိကန် ပြည်တွင်းက ပရမ်းပတာဖြစ်မှုတွေနဲ့ အဓိက ဝန်ထမ်းတွေ ထွက်ခွာသွားတာတွေကြောင့် သုတေသနလုပ်ငန်းတွေကို ခဏရပ်ဆိုင်းခဲ့ရပေမဲ့ အခုတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ။ ကားအသစ် ထုတ်လုပ်မယ့် အစီအစဉ်ကတော့ လအနည်းငယ် နောက်ကျသွားတာကို ရှောင်လွှဲလို့ မရပေမဲ့ပေါ့။

"ဒီထရိုက် ဆီ ဘယ်တော့လာမလဲ။ ဝန်ထမ်းတွေအားလုံးက မင်းကို တွေ့ချင်နေကြတာ"

"ငါလည်း အားလုံးကို တွေ့ချင်ပါတယ်။ ငါ့အစား နှုတ်ဆက်ပေးပါဦး"

နှုတ်ဆက်လို့ ပြီးတာနဲ့ ကျွန်တော် အဓိကအကြောင်းအရာကို ဦးတည်လိုက်တယ်။

"အွန်ဆောင်း မော်တာ ရဲ့ လေအိတ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ငါ့ဆီ ပို့ပေးပါဦး"

"ဘာကြောင့် အဲဒါကို လိုချင်ရတာလဲ"

"သတင်းတချို့ကို တွေ့မိလို့ အချက်အလက်တချို့ကို စစ်ဆေးချင်လို့ပါ"

"နားလည်ပါပြီ။ အခုပဲ ပြင်ဆင်ပြီး ချက်ချင်း ပို့ပေးလိုက်ပါ့မယ်"

နောက်နေ့

တက်ဂယူ အပြင်သွားနေတုန်း ကျွန်တော် CarOS က ပို့ပေးတဲ့ အချက်အလက်တွေကို ဖတ်ကြည့်နေခဲ့တယ်။ အဲဒီထဲမှာ စာတမ်းတစ်ခုက ထင်ထင်ရှားရှား ရှိနေခဲ့တယ်။

ဗြိတိန်ဂျာနယ်တစ်ခုမှာ ပုံနှိပ်ထုတ်ဝေထားတဲ့ အဲဒီစာတမ်းက အွန်ဆောင်း မော်တာ ရဲ့ လေအိတ်တွေမှာ ရှိနေနိုင်တဲ့ ချို့ယွင်းချက်တွေကို ထောက်ပြထားတာပါ။ စာတမ်းပြုစုသူကတော့ ကိုရီးယားတက္ကသိုလ်၊ ကားအင်ဂျင်နီယာဌာနက ပါမောက္ခ ပတ်ပီဟွန် ဖြစ်ပါတယ်။

သူက ပြည်တွင်းပြည်ပမှာ ထိပ်တန်းကား ကျွမ်းကျင်ပညာရှင် တစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ပြီး အစိုးရဆီကနေ ကိုရီးယားရဲ့ ပထမဆုံး မဟာကားဆရာကြီးဘွဲ့ကိုတောင် ရရှိခဲ့ဖူးတာပါ။

ပြောရရင်တော့ ပတ်ဆီဟျွန်း သမ္မတဖြစ်လာပြီးတဲ့နောက် မဟာကားဆရာကြီး သတ်မှတ်တဲ့စနစ်ကို ဖျက်သိမ်းခဲ့တယ်။

ပြည်တွင်းကားဈေးကွက်ကို အွန်ဆောင်း မော်တာ က လက်ဝါးကြီးအုပ်ထားတာမလို့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေက အွန်ဆောင်းမော်တာအပေါ် အကောင်းမြင်တတ်ကြတယ်။ ဒါပေမဲ့ ပါမောက္ခ ပတ်ကတော့ ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် ချို့ယွင်းချက်ပြဿနာတွေကို တက်တက်ကြွကြွ ထောက်ပြခဲ့တယ်။

တစ်ကြိမ်တုန်းက အွန်ဆောင်း မော်တာ က ထုတ်လုပ်တဲ့ ကားအသစ်ရဲ့ အင်ဂျင်ခန်းထဲမှာ ဆီယိုစိမ့်တဲ့ ချို့ယွင်းချက်ကို သူက ထောက်ပြခဲ့ဖူးတယ်။ အဲဒါကို အွန်ဆောင်း မော်တာ က ကားတွေကို ပြန်လည်သိမ်းဆည်းမယ့်အစား ပါမောက္ခ ပတ်ကို "စီးပွားရေး နှောင့်ယှက်မှု" နဲ့ "မမှန်သတင်းတွေ ဖြန့်ဝေပြီး သိက္ခာချမှု" တို့နဲ့ တရားစွဲခဲ့တယ်။

ကုမ္ပဏီကြီးတစ်ခုက ထုတ်ကုန်ရဲ့ ပြဿနာကို ထောက်ပြတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို တရားစွဲရဲတဲ့အထိ ဖြစ်ပျက်ခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့ အခြေအနေကြောင့် အားလုံး ဆွံ့အခဲ့ရဖူးတယ်။

အမှုစစ်ရုံးက အမှုမမြောက်ဘူးဆိုပြီး ပြီးသွားခဲ့ပေမဲ့ အဲဒီအချိန်ကစပြီး ပြည်တွင်းက ကျွမ်းကျင်သူတွေက အွန်ဆောင်း မော်တာ ရဲ့ ထုတ်ကုန်ချို့ယွင်းချက်တွေနဲ့ ပတ်သက်လို့ နှုတ်ပိတ်နေခဲ့ကြတော့တယ်။

ကျွန်တော် ထိုင်ခုံကို မှီလိုက်ရင်း လေအိတ်တွေရဲ့ တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံ သဘောတရားတွေကို ဖြည်းဖြည်းချင်း ဖတ်ကြည့်နေခဲ့တယ်။

ယေဘုယျအားဖြင့် Inflatorမှာ Tetrazol လို့ခေါ်တဲ့ ဓာတ်ပစ္စည်းကို သုံးကြတာပါ။ ဒါပေမဲ့ PAS က ထုတ်လုပ်တဲ့ လေအိတ်တွေကတော့ အမိုနီယမ် နိုက်ထရိတ်ကို သုံးထားတယ်။

"Tetrazol နဲ့ အမိုနီယမ် နိုက်ထရိတ်..."

ဒါပေမဲ့ Inflator ဆိုတာ တကယ်တမ်းက ဘာလဲ။

သဘာဝကျကျ ပြောရရင် ကျွန်တော်တို့လို ဝိဇ္ဇာဘာသာရပ် လေ့လာတဲ့သူတွေက ဒါတွေကို မသင်ခဲ့ရဘူးလေ။

ဘတ္ထရီတွေကြောင့် NCM နဲ့ LFP အကြောင်း လေ့လာခဲ့ရပြီးတဲ့နောက် အခုတစ်ခါ လေအိတ် inflator တွေအကြောင်း ထပ်ပြီး သင်ယူရဦးမယ်။ စာသားတွေထဲမှာ အထူးပြုတဲ့ ဝေါဟာရတွေ ပိုပြီး ပါလာခဲ့တယ်။ ကျွန်တော် အကြိမ်ကြိမ် ဖတ်ကြည့်ခဲ့ပေမဲ့ သေသေချာချာ နားမလည်နိုင်သေးဘူး။

ဒါက ဝိဇ္ဇာကျောင်းသားတစ်ယောက်ရဲ့ နားလည်နိုင်စွမ်း အကန့်အသတ်လား။

ဒီလိုအခြေအနေမျိုးမှာ စာတမ်းပြုစုသူကို တိုက်ရိုက်မေးတာ အကောင်းဆုံးပါပဲ။ ကျွန်တော်က ပါမောက္ခ ပတ်နဲ့ မသိပေမဲ့ မိတ်ဆက်ပေးမယ့်သူတော့ သေချာပေါက် ရှိနိုင်ပါတယ်။

ကျွန်တော် ဖုန်းကို ကိုင်လိုက်ပြီး စီးပွားရေးစီမံခန့်ခွဲမှုဌာနရဲ့ အကြီးအကဲဆီကို ဖုန်းခေါ်လိုက်တယ်။

"မင်္ဂလာပါ။ ပါမောက္ခ ကင်မြောင်ဂျွန်"

ရင်းနှီးနေတဲ့ အသံတစ်ခု ဖုန်းထဲက ထွက်လာခဲ့တယ်။

"ဘယ်သူများလဲ။ ငါ့ရဲ့ တပည့်ကျော် အမေရိကန်ရဲ့ သူရဲကောင်းဖြစ်တဲ့ ကန်ဂျင်ဟူ လား"

ဒီလို အပြောခံရတော့ ကျွန်တော်ပဲ ရှက်ရမလို ဖြစ်သွားတယ်။

"မဟုတ်တာ။ မဟုတ်တာ။ ကျွန်တော်က သူရဲကောင်း မဟုတ်ပါဘူး"

"မင်းကြောင့် စီးပွားရေးဌာနက ကလေးတွေဆိုရင် အပြင်မှာ ခေါင်းမော့ပြီး လမ်းလျှောက်နေကြတာကွ။ ကျောင်းဝင်းထဲမှာ လည်ပင်းတောင့်တောင့်နဲ့ လမ်းလျှောက်နေတဲ့သူကို တွေ့ရင် အဲဒါ စီးပွားရေးဌာနက ကလေးတွေပဲ။ ဒါနဲ့ ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ"

ကျွန်တော် အဓိကအကြောင်းအရာကို ဂရုတစိုက်နဲ့ စပြောလိုက်တယ်။

"ကျွန်တော် ကားအင်ဂျင်နီယာဌာနက ပါမောက္ခ ပတ်ပီဟွန်ကို မေးစရာလေး ရှိလို့ပါ။ ကျွန်တော့်ကို မိတ်ဆက်ပေးလို့ ရမလားခင်ဗျာ"

"ဘာ။ ငါက လွမ်းလို့ ဖုန်းဆက်တယ် အောက်မေ့တာ။ အဲဒါအတွက်လား။ စိတ်မကောင်းဖြစ်သွားပြီ"

"အားနာပါတယ်ခင်ဗျာ"

ကျွန်တော့်ဘက်က လိုအပ်မှပဲ ဆက်သွယ်မိသလို ဖြစ်နေလို့ အားနာမိတာ အမှန်ပါပဲ။

ပါမောက္ခ ကင်မြောင်ဂျွန်က ပြုံးရွှင်တဲ့လေသံနဲ့ပြောတယ်။

"နောက်တာပါကွာ။ ဒါနဲ့ မင်းက အလကားတော့ မိတ်ဆက်ခိုင်းတာ မဟုတ်ဘူးမလား။ ဒီတစ်ခါတော့ မိတ်ဆက်ခ သတ်မှတ်ရမယ်"

"......"

သူ နောက်နေတာလား အတည်ပြောနေတာလား ခွဲရခက်သား။

"ဟိုလေ... ဘယ်လောက်..."

"နောက်ကျရင် ကျောင်းမှာ လာပြီး ဟောပြောပွဲတစ်ခု လုပ်ပေးဖို့ သဘောတူပေးရမယ်။ စီးပွားရေးဌာနက ကလေးတွေက မင်းကို တွေ့ချင်နေကြတာလေ"

"ဗျာ"

"မလုပ်ချင်ရင်လည်း ရပါတယ်။ ဖုန်းချလိုက်တော့မယ်နော်"

"ဟာ... မဟုတ်တာ။ လုပ်ပါ့မယ်"

"ဟားဟား... မင်းက သေချာရွေးချယ်နိုင်သားပဲ။ ငါလည်း အဲဒီပါမောက္ခနဲ့ အရမ်းတော့ မခင်ပေမဲ့ စကားပြောကြည့်ပြီး ပြန်ပြောပေးမယ်ကွ"

"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ဖုန်းချပြီးတဲ့နောက် ကျွန်တော် ခဏ စောင့်ဆိုင်းနေခဲ့တယ်။

၁၅ မိနစ်လောက် ကြာပြီးတဲ့နောက်မှာတော့…

ပါမောက္ခ ကင်မြောင်ဂျွန်က ကျွန်တော့်ဆီ SMSစာတို ပို့လာခဲ့တယ်။

[ငါ အဆင်ပြေအောင် ပြောထားပေးပြီးပြီမလို့ အခု ဖုန်းခေါ်ကြည့်လိုက်တော့။ မိတ်ဆက်ခကိုတော့ မမေ့နဲ့ဦး]

ကျွန်တော် ကျေးဇူးတင်ကြောင်း ပြန်စာပို့လိုက်ပြီး ပေးထားတဲ့ ဖုန်းနံပါတ်ဆီ ချက်ချင်း ခေါ်လိုက်တယ်။ ဟိုဘက်ကနေ စောင့်နေသလိုမျိုး ဖုန်းက ချက်ချင်း ဝင်သွားခဲ့တယ်။

"မင်္ဂလာပါ"

ကျွန်တော် ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်တယ်။

"မင်္ဂလာပါ။ ပါမောက္ခ ပတ်ပီဟွန်ခင်ဗျာ။ ကျွန်တော်က စီးပွားရေးစီမံခန့်ခွဲမှုဌာနက ကန်ဂျင်ဟူ ပါ။ ပါမောက္ခ ကင်မြောင်ဂျွန်ရဲ့ မိတ်ဆက်ပေးမှုနဲ့ ဆက်သွယ်လိုက်တာပါ။ စကားပြောဖို့ အချိန်အဆင်ပြေရဲ့လားခင်ဗျာ"

ပါမောက္ခ ပတ်ပီဟွန်က သဘောကျပြီး အော်ရယ်လိုက်တယ်။

"အို။ တကယ်ပဲ ကန်ဂျင်ဟူ လား။ ဒါက ဂုဏ်ယူစရာပဲ။ အိမ်က ကလေးတွေကို မင်းနဲ့စကားပြောခဲ့ရတဲ့အကြောင်းကို ကြွားလို့ ရမလား"

"ကျွန်တော်က ပိုပြီး ဂုဏ်ယူရပါတယ်ခင်ဗျာ။ ဆရာ့နာမည်ကို ခဏခဏ ကြားဖူးပါတယ်"

"ဟားဟား... ဒါနဲ့ ငါ ဘာကူညီပေးရမလဲ"

"ဆရာ ရေးထားတဲ့ စာတမ်းတစ်ခုကို ဖတ်ကြည့်ပြီး မေးစရာလေး တချို့ ရှိလို့ပါ"

"ဘယ်စာတမ်းလဲ"

"လွန်ခဲ့တဲ့ သုံးနှစ်က ဗြိတိန်ဂျာနယ်မှာ ပုံနှိပ်ခဲ့တဲ့ အွန်ဆောင်း လေအိတ်အကြောင်း စာတမ်းပါ"

"ဪ... အဲဒီတစ်ခုလား။ ဘာကို သိချင်လို့လဲ"

"ဆရာက စာတမ်းထဲမှာ ပြဿနာတချို့ကို ထောက်ပြထားလို့ အသေးစိတ်ကို ပိုပြီး သိချင်လို့ပါ"

"အဲဒါက စာတမ်းထဲမှာ အကုန်ပါပြီးသားပဲလေ။ ဖတ်ကြည့်ရင် နားလည်မှာပါ"

"ဟိုလေ... ကျွန်တော်က စီးပွားရေးပိုင်းဆိုတော့ ဒီဘက်ပိုင်းကို သိပ်ပြီး မကျွမ်းကျင်လို့ပါခင်ဗျာ"

"ဟားဟား... အဲဒါလည်း ဟုတ်တာပဲ။ ငါလည်း တခြားဌာနက ပါမောက္ခတွေ ပြောတာဆို နားမလည်ဘူး။ အကျဉ်းချုပ် ပြောရရင်တော့ လေအိတ်ဆိုတာ မတော်တဆမှု ဖြစ်တဲ့အချိန်မှာ ယာဉ်မောင်းရဲ့ အသက်နဲ့ ဘေးကင်းမှုကို ကာကွယ်ပေးဖို့ အရေးကြီးတာမလို့ တိုက်မိတာနဲ့ ချက်ချင်း ပွင့်ထွက်လာရမှာလေ။ အဲဒီလုပ်ငန်းစဉ်ကို စတင်ပေးတာက propellant (ယမ်းမှုန့် သဘောမျိုး) ပဲ။ အဲဒါကို Inflator လို့ခေါ်တဲ့ သတ္တုဗူးထဲမှာ ဖိသိပ်ထည့်ထားပြီး လျှပ်စစ်အချက်ပြမှု ရတာနဲ့ ၁၅ မီလီစက္ကန့်အတွင်း ပေါက်ကွဲသွားတာ။ အဲဒီကနေ ထွက်လာတဲ့ ဂတ်စ်က လေအိတ်ကို ဖောင်းပွသွားစေတာပေါ့"

"ဪ... အဲဒီလိုလား"

လေအိတ်တွေထဲမှာ ဒီလို သိပ္ပံနည်းကျ သဘောတရားတွေ ပါဝင်နေမှန်း ကျွန်တော် လုံးဝ မသိခဲ့ဘူး။

"လေအိတ်ရဲ့ သော့ချက်က propellant ပဲ။ အရင်တုန်းက sodium azide ကို သုံးခဲ့ကြပေမဲ့ အခုခေတ်မှာတော့ များသောအားဖြင့် tetrazole ကို သုံးကြတယ်။ ဒါပေမဲ့ PAS ကတော့ ထူးထူးခြားခြား အမိုနီယမ် နိုက်ထရိတ် ကို သုံးထားတာ"

"ဘာကြောင့်လဲခင်ဗျာ"

"ကုန်ကျစရိတ်ကို လျှော့ချနိုင်လို့ပေါ့။ ကုန်ကျစရိတ်ထဲမှာ propellant က ယူထားတဲ့ ဝေစုက တော်တော်ကြီးတာ။ ဒါပေမဲ့ အမိုနီယမ် နိုက်ထရိတ်ရဲ့ ဈေးနှုန်းက tetrazole ရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတာလေ။ ဒါ့အပြင် အရွယ်အစားကိုလည်း လျှော့ချနိုင်လို့ ပိုပြီး ထိရောက်မှု ရှိတာပေါ့"

ဒါဆို ဒါက ကုန်ကျစရိတ် လျှော့ချဖို့ကိုပဲ ဦးတည်ခဲ့တာပေါ့ ဟုတ်လား။

ဒီလေအိတ်ကို PAS က ထုတ်လုပ်ခဲ့တာ မဟုတ်ဘဲ TKT Precision က ထုတ်လုပ်ခဲ့တာပါ။ နောက်မှ ဝင်လာတဲ့သူ ဖြစ်တဲ့အတွက် ဈေးနှုန်းပြိုင်ဆိုင်မှုကို လျစ်လျူရှုလို့ မရခဲ့တာ ဖြစ်မှာပေါ့။

"ဒါဆို ဘာလို့ အခြားကုမ္ပဏီတွေက အမိုနီယမ် နိုက်ထရိတ်ဆီ မပြောင်းကြတာလဲခင်ဗျာ"

"ဘာလို့လဲဆိုတော့ ဘေးကင်းမှု အားနည်းလို့လေ။ လေအိတ် propellant က လေအိတ်ဖောင်းပွရုံလောက်ပဲ ရှိမယ့် ပေါက်ကွဲမှုကို ဖန်တီးပေးဖို့ လိုတယ်။ ဒါပေမဲ့ tetrazole နဲ့ ယှဉ်ရင် အမိုနီယမ် နိုက်ထရိတ်က အတော့်ကို မတည်ငြိမ်ဘူး။ အဲဒါကို များသောအားဖြင့် ယမ်းတွေမှာ သုံးကြတာ။ ဒါ့အပြင် ရေငွေ့နဲ့ ထိတွေ့မိတဲ့အခါ ဒါမှမဟုတ် စိုထိုင်းဆများတဲ့ အခြေအနေမျိုးမှာ သူ့ရဲ့ ပေါက်ကွဲနိုင်စွမ်းက အဆမတန် မြင့်တက်သွားနိုင်တယ်"

"ဒါဆို ဘာဖြစ်လာနိုင်လဲခင်ဗျာ"

"တကယ်လို့ လိုအပ်တာထက် ပိုပြီး ပေါက်ကွဲသွားရင် သတ္တုဗူးအစအနတွေက ခရီးသည်တွေကို ထိခိုက်ဒဏ်ရာရစေမယ့် အန္တရာယ် ရှိတယ်။ အတိတ်တုန်းကလည်း ဒီလိုမျိုး မတော်တဆမှုတွေ ရှိခဲ့ဖူးတယ်"

ဒါကို ကြားတော့ ကျွန်တော့်မျက်လုံးတွေ ပြူးသွားခဲ့ရတယ်။

"ဒါဆိုရင် ပြန်လည်သိမ်းဆည်းမှုလုပ်ရမှာ မဟုတ်ဘူးလားခင်ဗျာ"

"ငါလည်း အဲဒီလိုပဲ ထင်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဘေးကင်းလုံခြုံမှု စစ်ဆေးရေးကိုတော့ အောင်မြင်ခဲ့တာပဲလေ။ တကယ်တမ်း စိုထိုင်းဆနည်းတဲ့ အခြေအနေမျိုးမှာတော့ များသောအားဖြင့် ပြဿနာမရှိပါဘူး။ ပြန်လည်သိမ်းဆည်းမှု ဖြစ်လာအောင်လုပ်ဖို့ဆိုရင် အန္တရာယ်ရှိတာကို သက်သေပြဖို့ လိုလိမ့်မယ်"

"အဲဒါကို ဘယ်လို သက်သေပြနိုင်မလဲခင်ဗျာ"

ပါမောက္ခ ပတ်ပီဟွန်က ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေခဲ့တယ်။

"တိုက်ရိုက် ကားတိုက်မှု စမ်းသပ်ချက်တွေ လုပ်ကြည့်လို့ ရတာပေါ့။ ငါလည်း စာတမ်းရေးတုန်းက လုပ်ချင်ခဲ့ပေမဲ့ ကုန်ကျစရိတ်က အများကြီး ရှိတာ။ စိတ်မကောင်းစရာကတော့ တခြားအစားထိုး စမ်းသပ်မှုတွေနဲ့ပဲ ကျေနပ်ခဲ့ရတယ်"

ကားတိုက်မှု စမ်းသပ်ချက်တွေကို ကားထဲမှာ အရုပ်တွေ သုံးပြီး မတော်တဆမှု ပုံစံမျိုးစုံကို ဖန်တီးပြီး ပြုလုပ်ကြတာပါ။ စမ်းသပ်မှုမှာ သုံးခဲ့တဲ့ ကားနဲ့ အရုပ်တွေကိုတော့ နောက်ပိုင်းမှာ ဖျက်ဆီးပစ်ရတာကတော့ ထုံးစံပါပဲ။

ဒါပေမဲ့ ကားရဲ့ တန်ဖိုးက တစ်ပိုင်း၊ အရုပ်တွေရဲ့ ဈေးနှုန်းကလည်း အများကြီး ရှိတာပါ။ အရုပ်တစ်ရုပ်ကိုတင် ဝမ် သန်း ၁၀၀ ကနေ စတာဖြစ်ပြီး ဈေးကြီးတဲ့ အရုပ်တွေဆိုရင် ဝမ် သန်း ၁ထောက်ထက်တောင် ကျော်တတ်ပါတယ်။

သေသေချာချာ စမ်းသပ်မှုတစ်ခု လုပ်ဖို့ဆိုရင် အနည်းဆုံး ဝမ် သန်းထောင်ချီပြီး လိုအပ်ပါတယ်။

ကျွန်တော် ပါမောက္ခကို အကြံပြုလိုက်တယ်။

"ဒါဆိုရင် ဒီတစ်ခါ လုပ်ကြည့်ကြရင် ဘယ်လိုလဲခင်ဗျာ။ ကုန်ကျစရိတ်အားလုံးကို ကျွန်တော် တာဝန်ယူပါ့မယ်"

CarOS ရဲ့ ဝန်ထမ်းတွေက အွန်ဆောင်း မော်တာ ရဲ့ အရောင်းပြခန်းတွေဆီ သွားပြီး ကားအစီးရေ ဒါဇင်ပေါင်းများစွာကို ဝယ်ယူခဲ့ကြတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ မဟာငလျင်ကြီးကြောင့် ကားအရောင်းအဝယ်တွေ ကျဆင်းနေခဲ့လို့ ကားလက်ကျန်တွေ ပိုလျှံနေတာနဲ့ ကြုံပြီး ချက်ချင်း ပေးပို့မှုတွေ ဖြစ်ခဲ့တယ်။ ဒါ့အပြင် CarOS ရဲ့ ဝန်ထမ်းတွေက ကားသက်တမ်းနဲ့ မော်ဒယ်အပေါ် မူတည်ပြီး အွန်ဆောင်းကားတွေကို အသုံးပြုပြီးသား ကားဈေးကွက်ကနေပါ ဝယ်ယူခဲ့ကြသေးတယ်။

ဒီကားတွေက ဒီထရိုက် မှာ ရှိတဲ့ CarOS သုတေသနအဖွဲ့ဆီကို ဦးတည်သွားခဲ့ပြီး၊ သုတေသနပညာရှင်တွေက အွန်ဆောင်းကားတွေကို သုံးပြီး ကားတိုက်မှု စမ်းသပ်ချက်တွေကို စတင်ပြုလုပ်ခဲ့ကြတော့တယ်။

ဒီသတင်းက သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွင်းမှာ ချက်ချင်း ပြန့်နှံ့သွားခဲ့တယ်။

သတင်းပို့ချက်ကို လက်ခံရရှိတဲ့ ပတ်ဆီဟျွန်းက အကြီးအကျယ် လန့်သွားခဲ့ရတယ်။

"ဒီတစ်ခါ သူ ဘာလုပ်ဖို့ ကြိုးစားနေပြန်တာလဲ"

မကြာသေးခင်က ရှုံးနိမ့်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရလို့ အခုအချိန်မှာ ကန်ဂျင်ဟူ နောက်ထပ် ဘာလုပ်မလဲဆိုတာ တွေးမိရုံနဲ့တင် သူ စိတ်ဖိစီးနေရပါပြီ။

ပြိုင်ဘက်ကုမ္ပဏီရဲ့ ကားတွေကို ဝယ်ယူပြီး ကားတိုက်မှု စမ်းသပ်ချက်တွေ လုပ်ရတဲ့ အကြောင်းရင်းက ဘာဖြစ်နိုင်မလဲ။ ဒါက စီးပွားရေး ကျင့်ဝတ်နဲ့တောင် ဆန့်ကျင်နေတာပဲ။

ပတ်ဆီဟျွန်းက အွန်ဆောင်း မော်တာ ရဲ့ ဥက္ကဌဖြစ်တဲ့ ဟန်မင်းဂူ ဆီ ချက်ချင်း ဖုန်းဆက်လိုက်တယ်။

"သတင်း ကြားပြီးပြီလား"

ပတ်ဆီဟျွန်းရဲ့ မေးခွန်းကို ဟန်မင်းဂူက တည်ငြိမ်တဲ့ အသံနဲ့ ပြန်ဖြေခဲ့တယ်။

"ကြားပြီးပါပြီ။ သမ္မတကြီး"

"ကန်ဂျင်ဟူက ဘာတွေ ကြံစည်နေတာလဲ။ တစ်ခုခု သိထားတာ ရှိလား"

"စုံစမ်းကြည့်ရသလောက်တော့ သူတို့က လေအိတ်ပြဿနာတွေကို စုံစမ်းစစ်ဆေးနေကြတာပါ။ ကိုရီးယားက ပါမောက္ခ ပတ်ပီဟွန်က ဒီထရိုက် မှာ စမ်းသပ်မှုတွေကို ကြီးကြပ်နေပါတယ်"

ပတ်ဆီဟျွန်းက ထိတ်လန့်သွားပြီး ဖုန်းကိုတောင် လက်ထဲကနေ လွတ်ကျလုနီးပါး ဖြစ်သွားခဲ့တယ်။

"အဲဒါ တကယ်ပဲလား"

အခန်း (၂၀၂)

လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အမေရိကန်မှာ ရပ်ထားတဲ့ ကားတစ်စီး ပေါက်ကွဲပြီး လုံးဝပျက်စီးသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးတယ်။ အွန်ဆောင်း မော်တာ က အဲဒီယာဉ်ကို ပြန်လည်သိမ်းဆည်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ လေအိတ်ကြောင့် ဖြစ်ရတာဆိုတာ ပေါ်ထွက်လာခဲ့တယ်။ စိုထိုင်းဆ မြင့်မားလွန်းတာကြောင့် အမိုနီယမ် နိုက်ထရိတ်က ပျက်စီးသွားပြီး ပေါက်ကွဲမှုကို ဖြစ်စေခဲ့တာပေါ့။

အဲဒီအချိန်တုန်းက အွန်ဆောင်း မော်တာ က PAS လေအိတ်ရဲ့ ချို့ယွင်းချက်ကို ပထမဆုံးအကြိမ် သတိပြုမိခဲ့တာပါ။ ကုမ္ပဏီအတွင်းက ကျွမ်းကျင်သူတွေက အမိုနီယမ် နိုက်ထရိတ်ရဲ့ ဘေးကင်းမှုကို အပြည့်အဝ သက်သေမပြနိုင်သေးကြောင်း အခိုင်အမာ ပြောကြားခဲ့ကြပြီး လေအိတ်ပံ့ပိုးပေးတဲ့ ကုမ္ပဏီကို ပြောင်းလဲပစ်ရမယ်လို့ ငြင်းခုံခဲ့ကြတယ်။

တကယ်လို့ PAS အစား တခြားကုမ္ပဏီတစ်ခုသာ ဆိုရင် သူတို့တွေ အဲဒီလို လုပ်ခဲ့ကြမှာပဲ။ ဒါပေမဲ့ အွန်ဆောင်း မော်တာ က အစိုးရရဲ့ အကျိုးခံစားခွင့် အမျိုးမျိုးနဲ့ တိုးတက်လာခဲ့တာဖြစ်လို့ ဒီလိုအခြေအနေမျိုးမှာ supplierကို မပြောင်းလဲနိုင်ခဲ့ဘူး။

အစပိုင်းမှာတော့ သူတို့က လျော်ကြေးငွေ အမြောက်အမြား ပေးပြီး ဒီဖြစ်ရပ်ကို ဖုံးကွယ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာလည်း မတော်တဆမှုတွေက ဆက်တိုက် ဖြစ်ပွားလာခဲ့တယ်။ အသေးအဖွဲ တိုက်မိတာမျိုးမှာတင် လေအိတ်တွေ ပွင့်ထွက်လာတတ်တာက ပုံမှန်လို ဖြစ်နေခဲ့ပြီး ပိုပြီး ပြင်းထန်တဲ့ ပြဿနာကတော့ လေအိတ်တွေက လိုအပ်တာထက် ပိုပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာကာ သတ္တု သို့မဟုတ် ပလတ်စတစ် အစအနတွေကို လွင့်စင်စေတာပါပဲ။ အမှန်တကယ်ပဲ ဩစတြေးလျမှာ ယာဉ်မောင်းတစ်ယောက်က လေအိတ်ပွင့်ထွက်ချိန်မှာ သတ္တုအစအနတွေ လည်ပင်းကို စိုက်ဝင်သွားခဲ့လို့ သေဆုံးသွားခဲ့ဖူးတယ်။

အွန်ဆောင်း မော်တာ အတွက် ကံကောင်းသွားတာကတော့ အဲဒီယာဉ်မောင်းက အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ပြင်းပြင်းထန်ထန် တိုက်မိခဲ့တာ ဖြစ်လို့ ဒီဖြစ်ရပ်က အကြီးအကျယ် ပြဿနာမတက်ဘဲ ပြီးသွားခဲ့တယ်။

အွန်ဆောင်း မော်တာ ရဲ့ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုအရ ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်တွေက အင်မတန် နည်းပါးပြီး ပူပြင်းစိုထိုင်းတဲ့ ဒေသတွေမှာ အချိန်အကြာကြီး မောင်းနှင်ခဲ့တဲ့ ယာဉ်တွေမှာပဲ အဓိက ဖြစ်ပွားခဲ့တာပါ။ ဟန်မင်းဂူ က အရေးတကြီးလေသံနဲ့ ပြောတယ်။

"တကယ်လို့ ချို့ယွင်းချက်ကို တွေ့သွားပြီး ပြန်လည်သိမ်းဆည်းမှုသာ စတင်လိုက်ရင် အခြေအနေက ထိန်းချုပ်လို့မရတဲ့အထိ ဖြစ်သွားလိမ့်မယ်"

"ပြန်... ပြန်လည်သိမ်းဆည်းမှု ဟုတ်လား"

နိုင်ငံရေးလောကမှာတော့ အုပ်စုတစ်စုဆိုတာ နိုင်ငံရေး ယုံကြည်ချက်ချင်း တူညီကြတဲ့ အဖွဲ့အစည်းတွေကို အဓိက ဆိုလိုတာပါ။ ဒါပေမဲ့ ပတ်ဆီဟျွန်း အုပ်စုလို့ လူသိများတဲ့ အဖွဲ့ကတော့ စစ်မှန်တဲ့ နိုင်ငံရေးအဖွဲ့အစည်းထက် အပြန်အလှန် အကျိုးစီးပွားတွေကြောင့် စုဝေးနေကြတဲ့ အကျိုးအမြတ်ရှာတဲ့ အုပ်စုနဲ့ ပိုတူပါတယ်။ ပိုက်ဆံနဲ့ အာဏာတွေ ပျောက်ကွယ်သွားတဲ့အခါ သူတို့ထဲက ဘယ်နှစ်ယောက်က ပတ်ဆီဟျွန်း အပေါ် နောက်ဆုံးအထိ သစ္စာရှိရှိ ကျန်နေခဲ့မှာလဲ။

ပတ်ဆီဟျွန်း သမ္မတ ရာထူးကနေ အနားယူတဲ့အခါ သူ့ကို ကာကွယ်ပေးမယ့် အစိတ်ချရဆုံး ဒိုင်းက PAS ဖြစ်ခဲ့တာလေ။ ဒါပေမဲ့ အခြေအနေတွေသာ မှားယွင်းသွားရင် အဲဒီဒိုင်းက အပိုင်းပိုင်း အစအန ကွဲကြေသွားနိုင်တယ်။

ပတ်ဆီဟျွန်း တစ်ယောက် ခေါင်းနားပန်းကြီးသွားရလောက်တဲ့အထိ ထိတ်လန့်သွားခဲ့ရတယ်။ ဒါက ဟိုဆောင်း ငွေစုဘဏ် ဖြစ်ရပ်ထက် အများကြီး ပိုပြီး ပြင်းထန်တာပါ။ အဲဒီဖြစ်ရပ်က အုပ်ချုပ်ရေးယန္တရားရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကိုပဲ ထိခိုက်စေတာဖြစ်ပေမဲ့ ဒါကတော့ ရှင်သန်ရပ်တည်ရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့ပါပဲ။

"ချို့ယွင်းချက်ကို ရှာတွေ့ဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေ ရှိလဲ"

"လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်ဖြစ်သူက ငလျင်ကိစ္စအပြီးမှာ တော်တော်လေး အားကောင်းနေတယ်"

"......"

အဲဒီစကားတစ်ခွန်းတင် လုံလောက်သွားခဲ့ပါပြီ။

ကန်ဂျင်ဟူဆိုတဲ့ကောင်က အခုအချိန်အထိ ကိုင်တွယ်ခဲ့တဲ့ အရာတိုင်းမှာ ရှုံးနိမ့်ဖူးလို့လား။

သူ ဘယ်လိုနည်းနဲ့ သိသွားလဲဆိုတာ မသိပေမဲ့ ကားတိုက်မှု စမ်းသပ်ချက်တွေကိုပါ လုပ်နေတယ်ဆိုရင်တော့ သူ သေချာပေါက် အတိုင်းအတာတစ်ခုအထိ ယုံကြည်ချက် ရှိနေလို့ပဲ ဖြစ်ရမယ်။

နောက်ထပ် ပြောလိုက်တဲ့ စကားတွေက ပိုပြီး ထိတ်လန့်စရာ ကောင်းနေခဲ့တယ်။

"အမေရိကန် အမျိုးသား အဝေးပြေး လမ်းမကြီး ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုဌာန (NHTSA) ကလည်း ဒီစမ်းသပ်မှုကို သေသေသေချာချာ စောင့်ကြည့်နေတယ်"

မဟာငလျင်ကြီးကြောင့် ကမ္ဘာ့ကားအရောင်းအဝယ်တွေက သိသိသာသာ ကျဆင်းသွားခဲ့တာပါ။ အွန်ဆောင်း မော်တာ ရဲ့ ရောင်းရငွေက မနှစ်က ဒီအချိန် ဒီကာလနဲ့ ယှဉ်ရင် ၂၀ ရာခိုင်နှုန်းနီးပါး ထိုးကျသွားခဲ့ပြီး တခြားကားထုတ်လုပ်သူတွေလည်း အလားတူ ကျဆင်းမှုမျိုးကို ရင်ဆိုင်ခဲ့ကြရတယ်။ အမေရိကန် ဌာနခွဲရဲ့ အခြေအနေကတော့ အထူးသဖြင့် ပိုပြီး ဆိုးရွားနေခဲ့တာပေါ့။

ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဘေးကင်းလုံခြုံမှု ပြဿနာတွေကြောင့် ပြန်လည်သိမ်းဆည်းမှုသာ လုပ်ရမယ်ဆိုရင် ဘာဖြစ်လာမလဲ။

ပြန်လည်သိမ်းဆည်းမယ့် စရိတ်စကတွေက ပြဿနာတစ်ခု ဖြစ်လာမယ့်အပြင် ရောင်းရငွေတွေကလည်း အခုရှိနေတာထက် ပိုပြီး ထိုးကျသွားပါလိမ့်မယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ ပုံရိပ် ထိခိုက်ပျက်စီးမှုတွေနဲ့ စားသုံးသူတွေဘက်က စုပေါင်းတရားစွဲဆိုမှုတွေ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေလည်း ရှိနေသေးတယ်။

"ကျွန်တော်တို့တွေ ဒီနောက်ဆက်တွဲ အကျိုးဆက်ကို တားဆီးရမယ်"

ပတ်ဆီဟျွန်း "ဘယ်လိုနည်းနဲ့လဲ" လို့ မေးလုနီးပါး ဖြစ်သွားခဲ့ရတယ်။

သူတို့တွေ နောက်ထပ် ဝင်ရောက်စီးနင်းမှုတစ်ခု ထပ်လုပ်ပြီး တစ်ယောက်ယောက်ကို ဖမ်းဆီးထိန်းသိမ်းဖို့ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေကို လုပ်ကြံဖန်တီးရဦးမှာလား။ အခုအချိန်မှာ အဲဒီလိုလုပ်တာက အိမ်ဖြူတော်နဲ့ အမေရိကန် လူထုရဲ့ ထင်မြင်ယူဆချက်တွေကို ရန်စသလို ဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် ရဲတွေနဲ့ အစိုးရရှေ့နေတွေကကော အဲဒီလို အမိန့်တွေကို လိုက်နာဦးမလားဆိုတာ သံသယဝင်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် သမ္မတ ဆိုတာ အုပ်ချုပ်ရေးပိုင်းရဲ့ အကြီးအကဲအနေနဲ့ ဘယ်သူ့ကို ဖမ်းရမယ်ဆိုတာကို ညွှန်ကြားရမယ့် အနေအထားမှာ မရှိဘူးလေ။

အခုအချိန်အထိ အဲဒီလို အမိန့်တွေ ပေးခဲ့ဖူးတယ်ဆိုတဲ့ အချက်ကတင် အဓိပ္ပာယ်မရှိတာပါ။

"အဲ... ငါ ဘာလုပ်သင့်လဲ"

ကျွန်တော် ကားတိုက်မှု စမ်းသပ်ချက် အခြေအနေတွေနဲ့ ပတ်သက်တဲ့ သတင်းပို့ချက်တွေကို ဆက်တိုက် ရရှိနေခဲ့တယ်။

"တခြားကုမ္ပဏီတွေထက်စာရင် ပေါက်ကွဲဖို့ ပိုပြီး လွယ်ကူနိုင်ပေမဲ့ ပုံမှန်အခြေအနေမျိုးမှာတော့ ကြီးမားတဲ့ ပြဿနာ မရှိပါဘူး"

ပါမောက္ခ ပတ်ပီဟွန် က သူ နောက်ဆုံးတော့ သူ ဖြစ်ချင်တဲ့ စမ်းသပ်မှုကို လုပ်ခွင့်ရလို့ ထင်ပါတယ်။ စိတ်လှုပ်ရှားနေတဲ့ အသံ ဖြစ်နေခဲ့တယ်။

ကားတိုက်မှု စမ်းသပ်ချက် တစ်ခုချင်းစီအတွက် ဒေါ်လာ တစ်သိန်းကျော် ကုန်ကျတာပါ။ ဒီလို အခွင့်အရေးမျိုးက ရှားမှ ရှားတာလေ။ ဒါကြောင့် ကျွန်တော် အကြံပြုလိုက်တာနဲ့ ပါမောက္ခ ပတ် က အထုပ်အပိုးတွေ ပြင်ပြီး ဒီထရိုက် ဆီ ချက်ချင်း ထွက်လာခဲ့တော့တာပေါ့။ ဒါတင်မကဘဲ စမ်းသပ်မှုကို လေ့လာချင်တဲ့၊ CarOS ဆီ သွားရောက်လည်ပတ်ချင်တဲ့ ကျောင်းသားတွေလည်း သူနဲ့အတူ ပါလာခဲ့ကြတယ်။ ကုန်ကျစရိတ်အားလုံးကို ကျွန်တော်ပဲ သေချာပေါက် တာဝန်ယူပေးခဲ့တာပေါ့။

ကိုရီးယားတက္ကသိုလ်ရဲ့ ကားအင်ဂျင်နီယာဌာနက နိုင်ငံအတွင်းမှာ ထိပ်တန်း သုံးခုထဲက တစ်ခုဖြစ်ပြီး ဘွဲ့ရသူအများစုက ကားနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေမှာ သုတေသနရာထူးတွေကို ရရှိကြတာပါ။ သူတို့ထဲက တချို့က အနာဂတ်မှာ CarOS မှာ ဝင်ရောက်လုပ်ကိုင်ကြမလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူးလေ။

"ဒီတစ်ခါတော့ စမ်းသပ်မှုအတွက် စိုထိုင်းဆကို မြှင့်တင်ပြီး လုပ်ဖို့ စီစဉ်ထားပါတယ်"

"ပင်ပန်းသွားပါပြီ။ ဆရာ"

"ဟားဟား... ပင်ပန်းတာက ဘာမှမဟုတ်ပါဘူး။ ရလဒ်တွေ ထွက်လာတာနဲ့ ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါ။ ဆရာ"

ကျွန်တော် ဖုန်းချလိုက်ပြီး CarOS က ပို့ပေးတဲ့ အချက်အလက်တွေကို ပြန်လည်သုံးသပ်နေခဲ့တယ်။ သူတို့က အွန်ဆောင်း မော်တာ ရဲ့ မတော်တဆမှုတွေထဲက လေအိတ်နဲ့ သက်ဆိုင်တဲ့ အချက်တွေကို အမျိုးအစားခွဲခြားထားတာပါ။ ကျွန်တော် အချက်အလက်တွေကို အာရုံစိုက်ပြီး ဖတ်နေတုန်းမှာပဲ ဖုန်းမြည်လာခဲ့တယ်။

မသိတဲ့ ဖုန်းနံပါတ်တစ်ခု ဖြစ်နေတာပါ။ ဘယ်သူဖြစ်လောက်မလဲ။

ကျွန်တော် ဖုန်းလက်ခံလိုက်တာနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ ထွက်လာခဲ့တယ်။

"မင်္ဂလာပါ။ လူကြီးမင်းရှင်။ အင်မတန် ကောင်းမွန်တဲ့ အာမခံထုတ်ကုန်တစ်ခုအကြောင်း ဆက်သွယ်ပေးတာပါ။ လူကြီးမင်း အအေးမိလို့ ဆေးရုံတက်ရတဲ့အခါ ဆေးဝါးစရိတ်တွေက ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်..."

"ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး"

ကျွန်တော် အဲဒီလိုပြောပြီး ဖုန်းချလိုက်တယ်။

သူတို့တွေ ဒီနံပါတ်ကို ဘယ်လိုနည်းနဲ့ ရသွားကြတာလဲ။ ဥက္ကဌ လင်ဂျင်ယုံ လည်း ဒီလိုဖုန်းတွေ လက်ခံရရှိတတ်လား။

ကျွန်တော် အဲဒီလို တွေးမိနေတုန်းမှာပဲ ဥက္ကဌ လင် ဆီကနေ တကယ်ပဲ ဖုန်းဝင်လာခဲ့တယ်။ ကျွန်တော် စိတ်ကူးပေါက်တာနဲ့ သူ့ကို လှမ်းမေးလိုက်မိတယ်။

"ဥက္ကဌကြီးရော တစ်ခါတလေ အာမခံဆွေးနွေးဖို့ဆိုပြီး ဖုန်းတွေ လက်ခံရဖူးလားခင်ဗျာ"

"သေချာပေါက် ရဖူးတာပေါ့။ စောစောတင်ပဲ အပေါင်ပစ္စည်းမလိုဘဲ ဝမ် သန်း ၃၀ အထိ ချေးပေးနိုင်တယ်ဆိုတဲ့ ဖုန်းတစ်ကော ရလိုက်သေးတယ်။ တစ်ခါတလေကျရင် Voice phishing (ဖုန်းနဲ့ ငွေလိမ်တာ) တွေတောင် လာသေးတာ။ အမှုစစ်ရုံးရဲ့ ဆိုင်ဘာမှုခင်းအဖွဲ့က စုံစမ်းစစ်ဆေးရေးမှူးပါလို့ ပြောတဲ့လူတစ်ယောက်က ငါ့အကောင့်က သံသယဖြစ်ဖွယ် အကောင့်အဖြစ် သတ်မှတ်ခံထားရလို့ ရန်ပုံငွေအားလုံးကို သတ်မှတ်ထားတဲ့ အကောင့်ထဲ လွှဲပေးပါဆိုပြီး အတင်းအကျပ် ပြောတာလေ။ ဒါနဲ့ပဲ ငါ့လက်ကျန်ငွေက သန်းပေါင်း ၃၂၀၀၀ ရှိတယ်လို့ ပြောလိုက်တော့ သူတို့က စိတ်ဆိုးပြီး လာမနောက်ပါနဲ့ဆိုပြီး ဖုန်းချသွားတယ်"

ကျွန်တော် အော်ရယ်မိတော့တယ်။

"ဟားဟား... အဲဒါက ပြန်နောက်နေသလိုမျိုးဖြစ်သွားလို့နေမှာ "

ဥက္ကဌ လင်ဂျင်ယုံ က အဓိကအကြောင်းအရာကို စကားဦးလှည့်လိုက်တယ်။

"ရုတ်တရက်ကြီး ကားတိုက်မှု စမ်းသပ်ချက်တွေလုပ်တယ် ဟုတ်လား။ ဒီတစ်ခါရော ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

"သတင်းက ဒီလောက်တောင် ပြန့်သွားပြီလား"

"အခုအချိန်မှာ ဒါကိုမသိတဲ့လူ ရှိမယ်မထင်ဘူး။ ဒီနေ့တစ်ရက်တည်းတင် အွန်ဆောင်း မော်တာ ရဲ့ ဈေးကွက်တန်ဖိုး ဝမ် သိန်းပေါင်း ၃ကုဋေလောက် ပျောက်ကွယ်သွားခဲ့ပြီ"

အမြဲတမ်း အမြန်ဆုံး တုံ့ပြန်တတ်တာက ဘဏ္ဍာရေးကဏ္ဍပဲလေ။

ကျွန်တော်တို့ ကားတိုက်မှု စမ်းသပ်ချက်တွေ လုပ်နေတယ်ဆိုတဲ့ သတင်း ထွက်လာတာနဲ့ ဈေးကွက်ဖွင့်တာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူတွေက အွန်ဆောင်း မော်တာ ရဲ့ ရှယ်ယာတွေကို စတင်ရောင်းချခဲ့ကြတယ်။ တစ်ဖက်မှာလည်း Securities ဘက်က ပညာရှင်တွေက 'အွန်ဆောင်း မော်တာ ရှယ်ယာတွေကို ဝယ်ယူဖို့ အကြံပြုချက်' တွေကို သေသေချာချာ ရေးသားပြီး တင်ပေးနေခဲ့ကြတယ်။

ဒါကို ကြည့်ရသလောက်တော့ ကျွန်တော်တို့နိုင်ငံက Securities ကုမ္ပဏီတွေက သူတော်စင်တွေအတိုင်းပါပဲ။ လူတစ်ဦးချင်းစီက ဒီလိုကောင်းတဲ့ ရှယ်ယာတွေကို ဝယ်ယူနိုင်အောင် သူတို့ကိုယ်တိုင်ကတော့ အရှုံးခံပြီး ရောင်းချပေးနေကြတာလေ။

(ရွဲ့ပြောတာ)

ကျွန်တော် အခြေအနေကို အကျဉ်းချုပ် ပြောပြလိုက်တယ်။

"PAS က ထောက်ပံ့ပေးတဲ့ လေအိတ်တွေမှာ ချို့ယွင်းချက် ရှိနေတယ်လို့ ကျွန်တော်တို့ သံသယဝင်နေတာ။ အဲဒါကို ကားတိုက်မှု စမ်းသပ်ချက်ကနေတစ်ဆင့် ဖော်ထုတ်ပြီး ပြန်လည်သိမ်းဆည်းမှု လုပ်ဖို့ တောင်းဆိုသွားမှာပါ"

ဥက္ကဌ လင်ဂျင်ယုံ က နောက်ပြောင်တဲ့လေသံနဲ့ ပြန်ပြောတယ်။

"ဟင်... ပြန်လည်သိမ်းဆည်းမှု ဟုတ်လား။ အဲဒါက မကောင်းတဲ့ အမှတ်တရတွေကို ပြန်သတိရစေတယ်"

ကျွန်တော်လည်း နောက်ပြောင်ပြီး ပြန်ဖြေလိုက်တယ်။

"ထူးဆန်းလိုက်တာ။ ကျွန်တော်ကတော့ ကောင်းတဲ့ အမှတ်တရတွေကိုပဲ သတိရမိတယ်"

"ဟားဟား... အမှန်အတိုင်းပြောရရင် အခုအချိန်အထိ အဲဒါကို တွေးမိတိုင်း ချွေးစေးတွေ ထွက်လာတုန်းပဲ"

"ဒါပေမဲ့ ဥက္ကဌကြီးက အဆင်ပြေအောင် ဖြေရှင်းနိုင်ခဲ့တာပဲ မဟုတ်လား"

အွန်ဆောင်း မော်တာ ကကော ဒီအခြေအနေကို ဘယ်လို ဖြေရှင်းမလဲ။

ဥက္ကဌ လင်ဂျင်ယုံ က ဂရုတစိုက်နဲ့ လှမ်းမေးတယ်။

"ဒါက ရန်ငြိုးကြောင့် လုပ်တာလား"

"အဲဒါလည်း လုံးဝ မမှားပါဘူး"

ပတ်ဆီဟျွန်း ရော အွန်ဆောင်း မော်တာ ရောက ကျွန်တော်နဲ့ မကောင်းတဲ့ ပတ်သက်မှုတွေ ရှိခဲ့တာပါ။ အွန်ဆောင်း မော်တာကြောင့် ကျွန်တော့်မိသားစု ပျက်စီးခဲ့ရပြီး ရလဒ်အနေနဲ့ ကျွန်တော့်အဖေ ကွယ်လွန်ခဲ့ရတယ်။ အွန်ဆောင်း က တိုက်ရိုက်သက်ဆိုင်တယ်ဆိုရင် ပတ်ဆီဟျွန်း ကတော့ သွယ်ဝိုက်ပြီး သက်ဆိုင်နေတာပေါ့။

ပတ်ဆီဟျွန်း နဲ့ ပတ်သက်လို့ကတော့... အသေးစိတ်အချက်အလက်တွေကို မပြောတော့ပါဘူးလေ။

"ကားဆိုတာ အဓိက ပို့ကုန်ပစ္စည်းတစ်ခု ဖြစ်သလို အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့ အဓိက စက်မှုလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ ပြဿနာတွေ ရှိနေရင်တောင် အိုးအိမ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အနေနဲ့ ပြန်လည်သိမ်းဆည်းဖို့ အမိန့်ထုတ်ဖို့က လွယ်မှာမဟုတ်ဘူး"

ပြန်လည်သိမ်းဆည်းဖို့ အမိန့်ထုတ်ဖို့ ဝန်လေးနေတာ ပတ်ဆီဟျွန်း တစ်ယောက်ထဲ မဟုတ်ပါဘူး။ အရင်အစိုးရတွေတုန်းကလည်း ဒီအတိုင်းပါပဲ။

အဲ့လိုဝန်လေးတာကနေ အွန်ဆောင်း မော်တာ ရဲ့ "အံ့ဖွယ်ဆင်ခြေ"တွေပဲ ထွက်လာခဲ့တယ်။ ပြည်တွင်းက စားသုံးသူတွေက ပြည်တွင်းဖြစ် ကားတွေဟာ အရည်အသွေးပိုင်း နိမ့်ကျတယ်လို့ ကန့်ကွက်တဲ့အခါ "ကျွန်တော်တို့က ပြည်တွင်းရော ပြည်ပပို့ကုန်တွေမှာပါ တူညီတဲ့ အစိတ်အပိုင်းတွေကိုပဲ သုံးတာပါ" လို့ ပြန်ဖြေတတ်ကြတယ်။

ဒါပေမဲ့ ပြည်ပမှာ ပြန်လည်သိမ်းဆည်းမှုတွေ စတင်လို့ ပြည်တွင်းက စားသုံးသူတွေကပါ ပြန်လည်သိမ်းဆည်းပေးဖို့ တောင်းဆိုတဲ့အခါကျတော့ အဖြေက ရုတ်တရက် ပြောင်းလဲသွားပြီး "ပြည်ပပို့ကုန်နဲ့ ပြည်တွင်းသုံး ကားတွေကြားမှာ ကွဲပြားမှုတချို့ ရှိနေတာကြောင့် ကိုရီးယားက ကားတွေကတော့ ပြန်လည်သိမ်းဆည်းဖို့ အကျုံးမဝင်ပါဘူး" လို့ ပြောတတ်ကြပြန်ရော။ သက်ဆိုင်ရာ အစိုးရအေဂျင်စီဖြစ်တဲ့ အိုးအိမ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ကတော့ အမြဲတမ်း လက်ပိုက်ကြည့်နေခဲ့တာပါပဲ။

"ဒါပေမဲ့ အမေရိကန် အမျိုးသား အဝေးပြေး လမ်းမကြီး ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုဌာန သာ ဆိုရင်တော့ ဇာတ်လမ်းက တခြားစီ ဖြစ်သွားလိမ့်မယ်။ တကယ်လို့ အမေရိကန်မှာသာ ပြန်လည်သိမ်းဆည်းမှုကို အကောင်အထည်ဖော်လိုက်ရင် ဒီဘက်မှာလည်း အကျိုးဆက်တွေကို ရှောင်လွှဲဖို့ ခက်ခဲသွားလိမ့်မယ်လေ "

အမှန်တကယ်တော့ ယာဉ်မော်ဒယ်တွေက အတူတူပဲ ဖြစ်နေရင်တောင် နိုင်ငံရဲ့ ရာသီဥတု၊ မြေမျက်နှာသွင်ပြင်နဲ့ လူနေမှုပတ်ဝန်းကျင်အပေါ် မူတည်ပြီး အနည်းငယ် ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် နှင်းအကျများတဲ့ ဒေသတွေမှာ နှင်းထဲမောင်းတဲ့တာယာတွေက ပုံမှန်အသုံးအဆောင် ပစ္စည်း ဖြစ်နေနိုင်သလို၊ ကမ်းရိုးတန်း ဒေသတွေမှာဆိုရင် သံချေးတက်ခြင်းကို ကာကွယ်ပေးတဲ့ ဆေးအပိုတစ်ထပ် သုတ်ထားတာမျိုးလည်း ရှိနိုင်ပါတယ်။

ဒါပေမဲ့ လေအိတ်တွေကတော့ လုံးဝကို ထပ်တူညီတဲ့ ထုတ်ကုန်တွေပါ။

ပြန်လည်သိမ်းဆည်းမှု ဆိုတာ ထုတ်ကုန်တိုင်းမှာ ချို့ယွင်းချက် တွေ့ရုံနဲ့တင် ထုတ်ပြန်တာ မဟုတ်ပါဘူး။ L6 ဖြစ်ရပ်တုန်းကဆိုရင် သန်းပေါင်းများစွာထဲကမှ ရာဂဏန်းလောက်ပဲ အမှန်တကယ် ပြဿနာ ရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီအင်မတန် နည်းပါးတဲ့ ပမာဏကြောင့်ပဲ အလုံးစုံ ပြန်လည်သိမ်းဆည်းမှု ဖြစ်ခဲ့ရပြီး နောက်ပိုင်းမှာ ထုတ်လုပ်မှုကိုပါ ရပ်ဆိုင်းခဲ့ရတယ်။

အခြားကားထုတ်လုပ်သူတွေကလည်း ဒီအခြေအနေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတယ်။ တကယ်လို့ ပြိုင်ဘက်ရဲ့ ချို့ယွင်းချက်ကို ရှာတွေ့သွားရင် သူတို့တွေကတော့ လက်ပိုက်ပြီး အသာလေး ထိုင်ကြည့်နေရုံပဲလေ။

"မင်းက တကယ်ပဲ PAS ကို ဖြိုချဖို့ ရည်ရွယ်ထားတာပဲ"

"ဒါက PAS အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော့်အပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး။ တကယ်လို့PASကသာ လေအိတ်တွေကို စနစ်တကျ ထုတ်လုပ်ခဲ့ရင် ပြန်လည်သိမ်းဆည်းစရာ လိုမှာမဟုတ်ဘူးလေ။ ဟုတ်တယ်မလား"

"ပတ်ဆီဟျွန်း က အရင်းအမြစ် သံတမန်ရေးရာ အပါအဝင် အမျိုးမျိုးသော အမျိုးသားစီမံကိန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး ပိုက်ဆံတွေကို ပြည်ပအကောင့်တွေထဲ လွှဲပြောင်းခဲ့တာ။ ဒါပေမဲ့ အဲဒီပိုက်ဆံတွေကို ငွေကြေးခဝါချမှု မပြီးမချင်း သုံးလို့ရမှာ မဟုတ်ဘူး။ ပြည်တွင်းက တစ်ခုထဲသော ရန်ပုံငွေ အရင်းအမြစ်က PAS ပဲ။ တကယ်လို့ ပြဿနာတွေသာ တက်လာရင် ပိုက်ဆံတွေ လက်ခံရရှိနေတုန်းက နှုတ်ပိတ်နေခဲ့တဲ့လူတွေက သူ့ကို သစ္စာဖောက်ကြလိမ့်မယ်"

"ကြည့်ရတာ နောက်ပိုင်းမှာ စိတ်ဝင်စားစရာ ဖြစ်ရပ်တွေ အများကြီး ရှိလာဦးမယ့် ပုံပဲ"

"ငါတို့လည်း ပြင်ဆင်ထားသင့်ပြီထင်တယ်။ အရင်က ပြောခဲ့သလိုပဲ ဆိုဆောင်း အုပ်စု ကလည်း အတိုင်းအတာတစ်ခုအထိ ပါဝင်ပတ်သက်နေတာလေ။ င့ါရဲ့ ဂျူနီယာကြောင့် ကြိုတင်သိခွင့်ရလို့ ဝမ်းသာပါတယ်"

မသမာတဲ့ ပူးပေါင်းမှု ပြဿနာက ဆိုဆောင်း အုပ်စု နဲ့လည်း ကင်းလွတ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဥက္ကဌအသစ်နဲ့ ဆိုရင်တော့ လွတ်မြောက်နိုင်မယ့် လမ်းကြောင်းတွေ အများကြီး ရှိနေနိုင်ပါတယ်။

ဖုန်းချပြီးတဲ့နောက် ကျွန်တော် ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ တီဟီရန်ရို လမ်းမကြီးကတော့ ကားတွေနဲ့ စည်ကားနေတုန်းပဲ။ ဂန်နမ် မှာ နိုင်ငံခြားကားတွေရဲ့ အချိုးအစား မြင့်မားနေရင်တောင် အဲဒီထဲက ထက်ဝက်ကျော်က အွန်ဆောင်းကားတွေပဲ ဖြစ်နေတာပါ။

CarOS က ကားအသစ်တစ်စီး ထုတ်လုပ်တဲ့အခါ ဈေးကွက်ဝေစု ဘယ်လောက်အထိ ရယူနိုင်မလဲ။

အတွေးလွန်နေတုန်းမှာပဲ ဖုန်းပြန်မြည်လာခဲ့တယ်။ ဒီနေ့တော့ ဖုန်းတွေ တော်တော်လေး အဝင်များနေတဲ့ နေ့ပဲ။ ဒီတစ်ခါတော့ အမည်မသိ နံပါတ်တစ်ခု ဖြစ်နေပြန်တယ်။

ကျွန်တော် ဖုန်းလက်ခံလိုက်တာနဲ့ ပြောလိုက်တယ်။

"ကျွန်တော် အာမခံရော ချေးငွေရော ဘာမှ မလိုအပ်ပါဘူး"

အဲဒီနောက် တစ်ဖက်ကနေ ပြောလာခဲ့တယ်။

"မင်္ဂလာပါ။ စီအီးအို ကန်ဂျင်ဟူ"

"ဘယ်သူလဲခင်ဗျာ"

"ငါက ဟန်မင်းဂူ ပါ"

သမ္မတ ရိုနယ် က ဦးစီးကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ခဏတာ ဆုံခဲ့ဖူးတဲ့ ဆံပင်ငွေရောင်နဲ့ သက်ကြီးရွယ်အိုတစ်ယောက်ကို ကျွန်တော် ပြန်သတိရလိုက်မိတယ်။

"မင်္ဂလာပါ ခင်ဗျာ"

ဥက္ကဌ ဟန်မင်းဂူ က ကျွန်တော့်ကို ပြောတယ်။

"အဆင်ပြေမယ်ဆိုရင် ခဏလောက် တွေ့လို့ ရမလား"

ကျွန်တော် ဂွမ်ဟွာမွန်း အနီးက ဂျပန်စားသောက်ဆိုင်တစ်ခုထဲ ဝင်လာခဲ့တယ်။

ကြိုတင်စီစဉ်ထားတဲ့အတိုင်းပဲ ဝန်ထမ်းတွေက ကျွန်တော့်ကို မြင်တာနဲ့ အတွင်းဘက်အကျဆုံး အခန်းဆီ လမ်းပြကာ ခေါ်ဆောင်သွားခဲ့ကြတယ်။ အတွင်းပိုင်းက ရှည်လျားတဲ့ စင်္ကြံလမ်းနဲ့ ကျဉ်းမြောင်းနေပြီး လျှို့ဝှက်အခန်းတစ်ခုနဲ့ တူနေခဲ့တယ်။

Slide doorတံခါးကို ဖွင့်ပြီး အတွင်းထဲ ဝင်လိုက်တော့ ဥက္ကဌ ဟန်မင်းဂူ က ထိုင်နေနှင့်ပြီးသား ဖြစ်နေခဲ့တယ်။ သူက မတ်တပ်ရပ်ပြီး လက်ကမ်းနှုတ်ဆက်လာတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ မတွေ့တာ ကြာပြီနော်"

"ဟုတ်ကဲ့ခင်ဗျာ တွေ့ရတာ ကြာပါပြီ"

ဒါက ဟိုအစည်းအဝေး နောက်ပိုင်း ကျွန်တော်တို့ရဲ့ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့မှုပါပဲ။ ဒီအတောအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီးပဲလေ။ သူက အသက် ၈၀ နီးပါး ရှိနေပြီဖြစ်ပေမဲ့ သန်သန်မာမာ ရှိနေဆဲပဲ။ ဒါကြောင့်လည်း လုပ်ငန်းတွေကို တက်တက်ကြွကြွ စီမံခန့်ခွဲနေနိုင်တာ ဖြစ်မှာပါ။

"ကျွန်တော့်ကို ဘာကိစ္စကြောင့် ခေါ်ရတာလဲ"

ဥက္ကဌ ဟန်မင်းဂူ က ပြုံးလိုက်တယ်။

"အထူးတလည် ကိစ္စရယ်လို့တော့ ဘာရှိမှာလဲ။ ငါက မင်းနဲ့ တွေ့ပြီး စကားစမြည် ပြောချင်ရုံတင်ပါ"

ဒုတိယမျိုးဆက် အမှုဆောင်တစ်ယောက်ဖြစ်တဲ့ ဥက္ကဌ ဟန်မင်းဂူ က ကိုရီးယားရဲ့ ကားနှင့် စက်မှုလုပ်ငန်းကဏ္ဍ မြင့်တက်လာမှုရဲ့ အရေးပါတဲ့ ကဏ္ဍမှာပါဝင်ခဲ့တဲ့ သက်ရှိထင်ရှား လူတစ်ယောက်ပါ။

ကျွန်တော် ထိုင်လိုက်တယ်။ တကယ်လို့ ကျွန်တော့်အဖေ သာ ကျွန်တော်နဲ့ ဥက္ကဌ ဟန် မျက်နှာချင်းဆိုင် တွေ့နေတာကို မြင်ရင် ဘာတွေးမလဲဆိုတာ စဉ်းစားမိတယ်။

"ကျွန်တော့်အဖေက ဥက္ကဌကြီးကို တော်တော်လေး လေးစားခဲ့တာ။ ဥက္ကဌကြီးသာ မရှိရင် အွန်ဆောင်း မော်တာ က ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်လာမှာမဟုတ်ဘူးလို့ အမြဲပြောခဲ့သလို ကျွန်တော်တို့ မိသားစုရဲ့ စားဝတ်နေရေးက အွန်ဆောင်း မော်တာ အပေါ်မှာ မှီခိုနေရတဲ့အတွက် ကျေးဇူးတင်သင့်တယ်လို့လည်း ပြောခဲ့ဖူးတယ်"

ဥက္ကဌ ဟန်မင်းဂူ က တည်ငြိမ်စွာပဲ ခေါင်းညိတ်ပြခဲ့တယ်။

"ဪ... အဲဒီလိုလား"

အဲဒီအချိန်မှာပဲ အပြင်ဘက်ကနေ တစ်ယောက်ယောက် ချဉ်းကပ်လာတာကို ကျွန်တော် အာရုံခံမိလိုက်တယ်။

"နောက်ထပ် လူတစ်ယောက် လာနေသေးတယ်။ ကြိုမပြောမိတဲ့အတွက် တောင်းပန်ပါတယ်"

အခန်းထဲ ဝင်လာတဲ့သူကတော့ အနောက်တိုင်း ဝတ်စုံပြည့်ဝတ်ထားပြီး မျက်မှန်တပ်ထားတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ပါ။ သူက ပိန်ပိန်ပါးပါး ခန္ဓာကိုယ်၊ အရေးအကြောင်းတွေနဲ့ မျက်နှာ၊ နှုတ်ခမ်းပါးပါးနဲ့ ချွန်ထက်တဲ့ မေးစေ့ ရှိပါတယ်။

သူက ကျွန်တော့်ကို ကြည့်ပြီး နွေးနွေးထွေးထွေး ပြောတယ်။

"ဒီလိုမျိုး ပထမဆုံးအကြိမ် ဆုံဖူးတာပဲ။ တွေ့ရတာ ဝမ်းသာပါတယ်"

အမှန်အတိုင်းပြောရရင် ကျွန်တော့်ဘက်ကတော့ သိပ်ပြီး ဝမ်းမသာပါဘူး။

ကျွန်တော် သူ့မျက်နှာကို တီဗီကနေ အကြိမ်ကြိမ် မြင်ဖူးခဲ့တာပါ။ သူလည်း ကျွန်တော့်မျက်နှာကို တီဗီကနေ ရိုးအီနေတဲ့အထိ မြင်ဖူးမှာပဲ။ ကျွန်တော်တို့ကြားမှာ ကာလရှည်ကြာ မကောင်းတဲ့ ပတ်သက်မှုတွေ ရှိခဲ့ဖူးပေမဲ့ မျက်နှာချင်းဆိုင် တွေ့ဖူးတာကတော့ ဒါ ပထမဆုံးအကြိမ်ပါပဲ။

"မင်္ဂလာပါ"

ကျွန်တော် သမ္မတ ပတ်ဆီဟျွန်း နဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ကျွန်တော့်စိတ်ထင်လို့ပဲလားတော့ မသိဘူး၊ သူ့လက်က အေးစက်နေသလို ခံစားရတယ်။

ပတ်ဆီဟျွန်း က ထိုင်လိုက်တာနဲ့ တူကို ချက်ချင်းကောက်ကိုင်ပြီး Sashimi တစ်တုံးကို စားလိုက်တယ်။ အဲဒီနောက် ရင်းနှီးသလို ဟန်ဆောင်ပြီး ပြောလာခဲ့တယ်။

"စားရင်းသောက်ရင်း စကားပြောကြတာပေါ့။ ဒီက ငါးသလောက်က တကယ် ကောင်းတာ။ အိမ်ပြာတော်မှာတောင် ဒီလောက် အရည်အသွေးကောင်းတဲ့ Sashimiကို ရှာရခက်တယ်"

ကျွန်တော် ပြုံးပြီး ခေါင်းခါပြလိုက်တယ်။

"တော်ပါပြီခင်ဗျာ။ ရန်သူပေးတဲ့ ရေတစ်ခွက် ဒါမှမဟုတ် ပေါင်မုန့်တစ်တုံးကိုတောင် လက်မခံသင့်ဘူးဆိုတဲ့ စကားပုံ ရှိတယ်မလား"

All Chapters