အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း (၂၀၃)
အဖေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်တွေးမိတယ်။
ကျွန်တော့်အမှတ်တရထဲမှာတော့ အဖေက တည်ကြည် ခန့်ညားတဲ့ပုံစံရှိပါတယ်။ လုပ်ငန်းသေးသေးလေးတစ်ခုကို ဦးစီးနေရတဲ့သူဆိုတော့ အေးအေးဆေးဆေး နေဖို့အချိန်မရှိဘူးလေ။ ပစ္စည်းပေးပို့ရမယ့်ရက် နီးလာရင်တော့ အဖေက အလုပ်ဖွင့်ရက်တွေတင်မကဘဲ ပိတ်ရက်တွေမှာပါ ကုမ္ပဏီမှာပဲ အချိန်ကုန်ဆုံးလေ့ရှိပြီး တော်တော်နဲ့ အိမ်မပြန်ဖြစ်ပါဘူး။ အိမ်ပြန်ရောက်လာရင်လည်း အိပ်ပဲအိပ်နေတော့တာပါ။
ဒါပေမဲ့လည်း မိသားစုလိုက် အပြင်မှာ ထမင်းထွက်စားဖို့ ဒါမှမဟုတ် ကစားကွင်းနဲ့ ပင်လယ်ကမ်းခြေတွေကို ခရီးထွက်ဖို့ အဖေ ကြိုးစားပေးခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။
ငယ်ငယ်တုန်းက အဖေ့ကုမ္ပဏီကို မကြာခဏ သွားလည်ဖူးတယ်။ ဆီစွန်းနေတဲ့ အလုပ်သမားဝတ်စုံဝတ်ထားတဲ့ ဦးလေးတွေက ကျွန်တော့်ကို ‘သူဌေးလေး’ လို့ခေါ်ပြီး မုန့်ဖိုးတွေ တိတ်တဆိတ် ပေးတတ်ကြတယ်။
တက္ကသိုလ်ကျောင်းသား ဖြစ်လာတဲ့အခါမှာတော့ ရည်းစားနဲ့ လျှောက်လည်ဖို့နဲ့ စာကျက်ဖို့ပဲ အလုပ်ရှုပ်နေခဲ့သလို အဖေကလည်း အလုပ်တွေနဲ့ မအားတာကြောင့် တစ်ယောက်နဲ့တစ်ယောက် သိပ်မတွေ့ဖြစ်ကြတော့ဘူး။
လူတစ်ယောက်က ကိုယ့်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သူ မရှိတော့မှပဲ သိကြရတာမျိုးလေ။ အဖေ ဆုံးပါးသွားပြီးတဲ့ နောက်မှပဲ အဖေက ကျွန်တော့်အတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာ နားလည်လာခဲ့တယ်။
တကယ်လို့ အဖေသာ အသက်ရှင်နေသေးပြီး အခုကျွန်တော့်ပုံစံကို မြင်ရင် ဘာပြောလောက်မလဲ။
ကျွန်တော့်မှာ အနာဂတ်ကို မြင်နိုင်တဲ့ စွမ်းရည်ရှိလာခဲ့ရင်တောင် အတိတ်ကိုတော့ ပြောင်းလဲလို့မရဘူး။ ဒါကြောင့် အဖေနဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ပါဘူး။
အွန်ဆောင်းက ကျွန်တော်တို့မိသားစုကို ဖျက်ဆီးခဲ့ပြီး အဖေ့ကို သေစေခဲ့တယ်။ ပြီးတော့ ပတ်ဆီဟျွန်းက ကျွန်တော့်ကိုတင်မကဘဲ အမေ၊ တက်ဂယူနဲ့ စီနီယာဆန်းယော့ အပါအဝင် ကျွန်တော့်ဘေးနားက တန်ဖိုးထားရတဲ့သူတွေ အားလုံးကိုပါ ထိခိုက်အောင်လုပ်ခဲ့တယ်။
ဒါကြောင့် ဒီနှစ်ယောက်ကတော့ ကျွန်တော့်ရဲ့ ရန်သူတွေဆိုတာ သေချာပါတယ်။
တစ်ယောက်က တိုင်းပြည်ရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးရဲ့ ဥက္ကဌဖြစ်ပြီး နောက်တစ်ယောက်ကတော့ သမ္မတ ဖြစ်နေတာလေ။ သာမန်လူတွေဆိုရင်တော့ ဒီလိုလူမျိုးတွေရဲ့ ရှေ့မှာ ဖိအားတစ်ခုခု ခံစားရနိုင်တယ်။
သမ္မတ ပတ်ဆီဟျွန်းဆီမှာ မီးချောင်း အချောင်း ၁၀၀ လောက် ထွန်းထားသလိုမျိုး အရှိန်အဝါရှိတယ်လို့ သတင်းထောက် တစ်ယောက် ရေးဖူးပါတယ်။
သူ့ကိုတွေ့တဲ့အချိန်မှာ အဲဒီအရှိန်အဝါကို ခံစားရဖို့ မျှော်လင့်ခဲ့ပေမဲ့ စိတ်မကောင်းစရာကတော့ ဘာမှမရှိခဲ့ဘူး။
ဒါ့အပြင် ကျွန်တော့်အတွက်တော့ စိတ်လှုပ်ရှားစရာလည်း မကောင်းခဲ့ပါဘူး။
ပြန်တွေးကြည့်ရင် ကျွန်တော်က ဒါထက်ပိုပြီး အထင်ကြီးစရာကောင်းတဲ့သူတွေနဲ့ တောင် တွေ့ဆုံခဲ့ဖူးတာပါ။ Golden Gate ရဲ့ စီအီးအို ဂျိန်း စီ ဂိုးမန်း၊ Berkshire Hathaway ရဲ့ ဥက္ကဌ ဝါရင် ဘတ်ဖတ်၊ အမေရိကန်သမ္မတ ရိုနယ် စတဲ့သူတွေပေါ့။
သူတို့နဲ့ ယှဉ်ရင် ပတ်ဆီဟျွန်းက ဘာမှမဟုတ်ပါဘူး။
“ရန်သူ ဟုတ်လား... စကားလုံးက တော်တော်ပြင်းထန်တာပဲ...”
သူတို့ကိုမျက်နှာချင်းဆိုင်ပြီး ရန်သူလို့ ခေါ်လိုက်တာကြောင့် ဟန်မင်းဂူရော၊ ပတ်ဆီဟျွန်းပါ အံ့ဩသွားပုံရတယ်။
ပတ်ဆီဟျွန်းက စားချင်စိတ်မရှိတော့တဲ့ ပုံစံမျိုးနဲ့ သူ့ရဲ့တူကို ချထားလိုက်တယ်။
“အင်း။ ကြည့်ရတာ ကျွန်တော်တစ်ယောက်ထဲပဲ ဒီလိုတွေးတာလည်း ဖြစ်နိုင်တာပါတယ်”
ရိုက်တဲ့သူက ဂရုမစိုက်ပေမဲ့ အုပ်စုဖွဲ့ရိုက်နှက်ခံရတဲ့သူကပဲ နာကျင်မှုကို ခံစားရတာမျိုးပါ။
ကျွန်တော်က ဥက္ကဌ ဟန်မင်းဂူကို ကြည့်ပြီး “DHK Engineering ကို သိတယ်မလား” လို့ မေးလိုက်တယ်။
သူက သက်ပြင်းချပြီး “ကြားဖူးပါတယ်” လို့ ပြန်ဖြေတယ်။
“ခင်ဗျား တိုက်ရိုက်အမိန့်ပေးခဲ့တာလား”
ကျွန်တော့်မေးခွန်းကို ဥက္ကဌ ဟန်မင်းဂူက ခေါင်းခါပြတယ်။
“ဒီလိုအရာတွေ ဖြစ်ပျက်နေမှန်း ငါ မသိခဲ့ဘူး”
ဒီစကားကတော့ အမှန်ဖြစ်နိုင်ပါတယ်။
ကိုရီးယားမှာတော့ ကုမ္ပဏီကြီးတွေက လုပ်ငန်းအသေးစားတွေ ဆီကနေ နည်းပညာတွေကို ခိုးယူပြီး ပစ္စည်းထောက်ပံ့မှုကို ဖြတ်တောက်လိုက်တာမျိုးက အထူးအဆန်းမဟုတ်ပါဘူး။ DHK Engineering က အွန်ဆောင်းမော်တာရဲ့ တတိယအဆင့် ရောင်းချသူတွေကို ပစ္စည်းထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီများစွာထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။
ဒါကို ဥက္ကဌဆီအထိ အစီရင်ခံဖို့ လိုအပ်မှာတောင် မဟုတ်ပါဘူး။ အွန်ဆောင်းမော်တာက ဒီလိုနည်းလမ်းမျိုးနဲ့ လုပ်ငန်းအသေးစား ဘယ်နှခုလောက်ကို ဖျက်ဆီးခဲ့ပြီးပြီလဲ။
ကျွန်တော်သာ မရှိရင် သူတို့က ဒီလိုကုမ္ပဏီမျိုး ရှိနေမှန်းတောင် သိမှာမဟုတ်ပါဘူး။
ပတ်ဆီဟျွန်းက အကြံပေးတဲ့ ပုံစံမျိုးနဲ့ ပြောလာတယ်။
“ငါ ငယ်ငယ်တုန်းက ကိစ္စတော်တော်များများနဲ့ ကြုံတွေ့ခဲ့ဖူးတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း လုပ်ကိုင်ဖူးတာမလို့ မတရားတဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရဖူးတယ်လို့လည်း ပြောလို့ရပါတယ်”
“...”
သူက သူ့ရဲ့ ထုံးစံအတိုင်း ‘ငါ ကြုံတွေ့ခဲ့ဖူးတယ်’ ဆိုတဲ့ မိန့်ခွန်းကိုပဲ လာပြောနေတာလား။
ရုန်းကန်နေရတဲ့ လုပ်ငန်းအသေးစားပိုင်ရှင်တွေကို “ငါလည်း စီးပွားရေးလုပ်ဖူးတာပဲ” လို့ ပြောမယ်၊ အလုပ်လက်မဲ့ လူငယ်တွေကိုကျတော့ “ငါလည်း အလုပ်လုပ်ဖူးတာပဲ” လို့ ပြောပြီး ရေဘေးသင့်ပြည်သူတွေကိုတောင်မှ “ငါလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ဖူးတာပဲ” လို့ ပြောမယ့်သူမျိုးလေ။
ပတ်ဆီဟျွန်း မလုပ်ဖူးတာဆိုလို့ စစ်တပ်ထဲဝင်တာပဲ ရှိတယ်လို့ လူတွေပြောကြတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။
“မကောင်းတဲ့ အရာတွေကို မေ့ပစ်လိုက်ပြီး ရှေ့ဆက်ပြီး ကောင်းကောင်းမွန်မွန်လုပ်ဖို့ပဲ အာရုံစိုက်ရင် မကောင်းဘူးလား”
ကျွန်တော် ဇဝေဇဝါဖြစ်ပြီး ခေါင်းစောင်းလိုက်တယ်။
“ခင်ဗျား ကျွန်တော့်ဆီကနေ ဘာကိုမျှော်လင့်နေလဲဆိုတာ ကျွန်တော် မသေချာဘူး။ အခုထိ ဖြစ်ပျက်ခဲ့တဲ့ မကောင်းတဲ့ အရာအားလုံးကို ကျွန်တော့်ဘက်က ဘာကြောင့် မေ့ပစ်ရမလဲဆိုတာ နားမလည်နိုင်ဘူး”
လောကမှာ မေ့ပစ်ချင်ရင်တောင် မေ့လို့မရတဲ့ အရာတွေ ရှိပါတယ်။
“ပြီးတော့ ဒီစကားတွေကို နစ်နာသူကပဲ ပြောရမှာ မဟုတ်ဘူးလား။ ရိုက်တဲ့သူက မေ့ပစ်လိုက်ပြီး ရှေ့ဆက်ပါလို့ ပြောရင် နစ်နာသူက ဘာဖြစ်သွားမလဲ”
ပတ်ဆီဟျွန်းက သူ့ရဲ့ နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ထားလိုက်တယ်။
နေပါဦး... သူက သူ့ကိုယ်သူ တကယ်ပဲ နစ်နာသူလို့ တွေးနေတာလား။
“အထင်လွဲတာရှိရင် ဒီနေရာမှာတင် ရှင်းလိုက်ရင် မကောင်းဘူးလား”
“ဒါဆိုရင်”
ကျွန်တော် သူ့ကို မေးလိုက်တယ်။
“အိမ်ပြာတော်က အတွင်းရေးမှူး လီအီဆွန်းက မိဘများအသင်းကို ဒုံတန်မှာ စုဝေးဖို့ ညွှန်ကြားခဲ့တယ်လို့ ကျွန်တော် ကြားတယ်။ အဲဒီအပေါ်မှာ ခင်ဗျား ဘာပြောစရာ ရှိလဲ”
ပတ်ဆီဟျွန်းက စိတ်မကောင်းဖြစ်ရတဲ့ ပုံစံမျိုး ပြုလုပ်လိုက်တယ်။
“ဒါတွေ ဖြစ်ပျက်နေမှန်း ငါ လုံးဝမသိခဲ့ဘူး။ ဒါက အတွင်းရေးမှူးရဲ့ အလွန်အကျွံ သစ္စာစောင့်သိမှုကြောင့် ဖြစ်ရတဲ့ ကိစ္စတစ်ခုပါပဲ။ အခုက ဘယ်ခေတ်ကြီးမလို့ ဒီလိုမျိုးတွေ ဖြစ်ရတာလဲ။ ဘာပဲဖြစ်ဖြစ် ငါ့လက်အောက်ငယ်သားတွေရဲ့ အမှားက ငါ့အမှားပဲမလို့ ငါ တောင်းပန်ပါတယ်”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“ဒါဆိုလည်း ဟုတ်ပါပြီ။ ဒါဆို ကျွန်တော့်အမေက သူ့သားပိုက်ဆံကို Host Bar (ယောက်ျားပြည့်တန်ဆာဆိုင်) တွေမှာ သုံးနေပါတယ်ဆိုပြီး ကွန်မန့်ပေးခဲ့တဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့က ဝန်ထမ်းကျတော့ရော။ အဲဒါကလည်း အလွန်အကျွံ သစ္စာစောင့်သိမှုပဲလား”
“အဲလို... အဲလိုမျိုး ဖြစ်ခဲ့လို့လား”
“ကျွန်တော့်သူငယ်ချင်းကို ဖမ်းဆီးခဲ့တဲ့ အမှုစစ်ရုံး၊ ဝန်ထမ်းတွေကို စောင့်ကြည့်နေတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့၊ အခွန်စစ်ဆေးမှုတွေလုပ်နေတဲ့ အမျိုးသားအခွန်ဦးစီးဌာန။ ဒီနိုင်ငံမှာတော့ အာဏာအပေါ် သစ္စာစောင့်သိမှုက သူတို့ရဲ့ ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အများကြီးရှိတာပဲနော်”
ကျွန်တော်က ရွဲ့ပြီး ပြောနေတယ်အထင်နဲ့ ပတ်ဆီဟျွန်းရဲ့ မျက်နှာအမူအရာက အနည်းငယ် တင်းမာသွားတယ်။ ကျွန်တော်ကတော့ အမှန်တရားကိုပဲ ပြောနေတာပါ။
“ပြီးတော့ အလွန်အကျွံ သစ္စာစောင့်သိတယ်ဆိုတာ ဘယ်သူ့အပေါ်မှာ သစ္စာစောင့်သိနေကြတာလဲ။ သမ္မတက သူတို့လစာပေးဖို့အတွက် စုဗူးကို ခွဲပေးနေတာလည်း မဟုတ်ဘူးလေ။ သူတို့အားလုံးက အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံနဲ့ လစာရနေကြတာ”
သေချာတာကတော့ သူတို့ သစ္စာစောင့်သိရမယ့်သူက သမ္မတ မဟုတ်ဘဲ နိုင်ငံတော်နဲ့ ပြည်သူတွေသာ ဖြစ်ပါတယ်။
အာဏာနဲ့ ပတ်သက်တဲ့ အကျင့်ပျက်ခြစားမှုတွေကို တစ်ယောက်ထဲ လုပ်လို့မရပါဘူး။ လက်အောက်ငယ်သားတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိမှသာ ဖြစ်နိုင်တာပါ။ ပြဿနာတွေ ပေါ်လာတိုင်း သူတို့က သမ္မတအတွက် ဒိုင်းအဖြစ် ရပ်တည်ပေးခဲ့ကြတာ အကြိမ်ကြိမ်ပါပဲ။
အတိတ်တုန်းက အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ တရားမဝင် စောင့်ကြည့်မှုပြဿနာ ပေါ်ပေါက်ခဲ့စဉ်က အိမ်ပြာတော် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သံသယတွေ ရှိခဲ့တယ်။ အဲဒီအချိန်တုန်းက ဒုတိယညွှန်ကြားရေးမှူး လီမြောင်ဟိုက သူကပဲ ကြိုးကိုင်သူဖြစ်ကြောင်း ပြောဆိုပြီး တာဝန်အားလုံးကို လွှဲယူခဲ့တာပါ။
နောက်ပိုင်း ပထမအကြိမ် ရုံးတင်စစ်ဆေးမှုမှာတော့ သူက အာဏာအလွဲသုံးစားမှုကြောင့် ဆိုင်းငံ့ပြစ်ဒဏ် နှစ်နှစ်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရတယ်။ အမှုစစ်ရုံးရော၊ လီမြောင်ဟိုပါ အယူခံမဝင်ခဲ့တာကြောင့် အမိန့်က အတည်ဖြစ်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ အားလုံးက မေ့ပစ်လိုက်ကြတော့တယ်။
အခု လီမြောင်ဟိုက ဘယ်မှာလဲ၊ ဘာတွေလုပ်နေလဲ။
အံ့ဩစရာကောင်းတာက သူက PAS ကို ပစ္စည်းထောက်ပံ့ပေးတဲ့ ကန်ထရိုက်ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး စီအီးအိုတစ်ယောက် ဖြစ်နေခဲ့ပါပြီ။
အလွန်အကျွံ စုံစမ်းစစ်ဆေးမှုကြောင့် ရှေ့နေချုပ်ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဟုန်မန်ဟိုကိုကျတော့ အွန်ဆောင်းမော်တာကို အကြီးဆုံးဖောက်သည်အဖြစ် သတ်မှတ်ထားတဲ့ ဥပဒေအကျိုးဆောင်လုပ်ငန်းတစ်ခုက ကမ်းလှမ်းခဲ့တယ်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်ခဲ့တဲ့ ယွန်ဆီဝန်ကတော့ အွန်ဆောင်းရဲ့ ပထမအဆင့် ရောင်းချသူကုမ္ပဏီမှာ ပြင်ပဒါရိုက်တာ ရာထူးတစ်ခု ရရှိသွားခဲ့တယ်။
အခု ပုန်းအောင်းနေတဲ့ အိမ်ပြာတော်အတွင်းရေးမှူး လီအီဆွန်းလည်း တစ်နေရာရာမှာ ရာထူးတစ်ခုခု ရထားပြီးလောက်ပါပြီ။
နှုတ်ပိတ်ထားဖို့ လိုအပ်တဲ့သူတစ်ယောက်ကို ကွန်ကရစ်ထဲမှာ ဒါမှမဟုတ် တောင်ပေါ်မှာ မြှုပ်နှံလိုက်တာက နည်းလမ်းဟောင်းကြီး ဖြစ်နေပြီလေ။ ပိုက်ဆံနဲ့ အာဏာရှိရင် အရာအားလုံးကို ဖြေရှင်းနိုင်တာပါပဲ။
ဒါပေမဲ့ ပတ်ဆီဟျွန်းရဲ့ သက်တမ်းက လအနည်းငယ်ပဲ ကျန်တော့တာပါ။ နောက်နှစ် ဖေဖော်ဝါရီလ သမ္မတရွေးကောက်ပွဲပြီးရင် သမ္မတသက်တမ်းလည်း ကုန်ဆုံးတော့မှာလေ။
အွန်ဆောင်းမော်တာနဲ့ PAS သာ မဟုတ်ရင် လျော်ကြေးပေးမယ်ဆိုတဲ့ ကတိတွေကို ဘယ်လိုမျိုး လုပ်ပေးနိုင်မှာလဲ။
အခန်းထဲမှာ ခဏတာ တိတ်ဆိတ်သွားခဲ့တယ်။
ကျွန်တော်က အဲဒီတိတ်ဆိတ်မှုကို ဖြတ်တောက်ပြီး “ကျွန်တော့်ကို ဘာအတွက် တွေ့ချင်တာလဲ” လို့ မေးလိုက်တယ်။
ဥက္ကဌ ဟန်မင်းဂူက “မင်းက CarOSမှာ အွန်ဆောင်းမော်တာနဲ့ ကားတိုက်မိတဲ့ စမ်းသပ်မှုတွေ လုပ်နေတယ်လို့ ကြားတယ်” ဟု ပြန်ဖြေသည်။
“ဟုတ်ပါတယ်။ ဘာမှားလို့လဲ”
ပြိုင်ဘက်တွေရဲ့ ထုတ်ကုန်တွေကို ဝယ်ယူပြီး ခွဲခြမ်းစိတ်ဖြာတာက ကုမ္ပဏီတိုင်း လုပ်လေ့ရှိတဲ့ အရာပါ။ ဥပမာအားဖြင့် ဆိုဆောင်း အီလက်ထရောနစ်က စမတ်ဖုန်းတွေကို စတင်ထုတ်လုပ်တုန်းက Nphoneကို သေချာဖြုတ်ပြီး ခွဲခြမ်းစိတ်ဖြာခဲ့တာကြောင့် L1 ကို မိတ်ဆက်နိုင်ခဲ့တာလေ။ အဲဒီနောက်မှာတော့ NPL က ဆိုဆောင်း အီလက်ထရောနစ်ကို မူပိုင်ခွင့်ချိုးဖောက်မှုအတွက် ဒေါ်လာ သန်း ၂၅၀၀နဲ့ တရားစွဲခဲ့တော့တာပဲ။
ပြိုင်ဘက်ထုတ်ကုန်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာတာက ပုံမှန်ဖြစ်ပေမဲ့ ကားတိုက်မိတဲ့စမ်းသပ်မှုတွေ လုပ်တာကတော့ ထူးဆန်းပါတယ်။ ဒါက အားနည်းချက်တွေကို ရှာဖွေဖို့ ရည်ရွယ်ချက်ရှိရှိ လူသိရှင်ကြား ကြေညာလိုက်တာနဲ့ အတူတူပါပဲ။
အခြား မော်တော်ကားထုတ်လုပ်သူတွေကလည်း ဒီဖြစ်ရပ်ကို အနီးကပ် စောင့်ကြည့်နေကြတယ်။ ပြိုင်ဘက်တစ်ယောက် လဲကျသွားရင် ခက်ခဲနေတဲ့ ဒီစျေးကွက်ထဲမှာ သူတို့အတွက် အကျိုးရှိနိုင်တာကြောင့် ဘာဖြစ်မလဲဆိုတာကိုပဲ စောင့်ကြည့်နေကြတာပါ။
“အကြောင်းရင်းက ဘာလဲ”
ကျွန်တော် တည့်တည့်ပဲဖြေလိုက်တယ်။
“လေအိတ်ချို့ယွင်းချက် ရှိနေတယ်လို့ သံသယရှိလို့ပါ။ နောက်ပိုင်း လေအိတ်တွေကိုသုံးတဲ့အခါ ဒါကို သတိထားနိုင်ဖို့အတွက်ပါ”
ဥက္ကဌ ဟန်မင်းဂူက လည်ချောင်းတွေ ခြောက်ကပ်နေတာကြောင့် ရေကို သောက်လိုက်တယ်။ ကျွန်တော်လည်း ရေဆာနေပေမဲ့ ကျွန်တော့်ရှေ့က ဖန်ခွက်ကိုတော့ မထိခဲ့ပါဘူး။
“ကျေးဇူးပြုပြီး အဲဒီကားတိုက်မိတဲ့ စမ်းသပ်မှုတွေကို ရပ်လိုက်ပါ”
“ကျွန်တော်တို့ ဘာကြောင့် အဲလိုလုပ်ရမှာလဲ”
“အွန်ဆောင်းမော်တာသာ လှုပ်ခတ်သွားရင် တစ်နိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးတစ်ခုလုံး လှုပ်ခတ်သွားလိမ့်မယ်။ ဒါကို စီအီးအို ကန်ဂျင်ဟူ ကောင်းကောင်းသိမှာပါ”
ကျွန်တော်တို့နိုင်ငံက အလတ်စားနဲ့ အသေးစားလုပ်ငန်း အများစုက ကုမ္ပဏီကြီးတွေရဲ့ လက်အောက်ခံ ကန်ထရိုက်တွေ ဖြစ်ကြတာပါ။ ဒါကြောင့် ကုမ္ပဏီကြီးတစ်ခုက ချောင်းဆိုးရင် လုပ်ငန်းအသေးစားလေးတွေက အအေးမိတတ်ကြပါတယ်။
မဟာငလျင်ကြီးကြောင့် စားသုံးသူတွေရဲ့ စိတ်အခြေအနေက ကျဆင်းနေပြီး ကားရောင်းအားကလည်း ထိုးကျသွားခဲ့တယ်။ ဒီလိုအချိန်မှာ အွန်ဆောင်းမော်တာမှာ ပြဿနာတွေ ပေါ်လာရင် အကန့်အသတ်နဲ့ လည်ပတ်နေရတဲ့ ကုမ္ပဏီတွေက တစ်ခုပြီးတစ်ခု ဒေဝါလီခံရပါလိမ့်မယ်။
အဲဒီကုမ္ပဏီတွေအတွက်တော့ ဘာအမှားမှမလုပ်ဘဲနဲ့ မတရားတဲ့ ထိခိုက်နစ်နာမှုတွေကို ခံရမှာမျိုးပါ။
ပတ်ဆီဟျွန်းက ဝင်ပြောလာတယ်။
“ငါတို့တွေက နိုင်ငံတော်ရဲ့ စီးပွားရေးကို ထည့်တွက်ရမှာ မဟုတ်ဘူးလား”
ဒီလိုအခြေအနေမျိုးမှာတောင် စီးပွားရေးကိုပဲ ရှေးရှုနေတုန်းပဲလား။
“စီးပွားရေးသမ္မတတစ်ယောက်အနေနဲ့ စီးပွားရေးကို ဦးစားပေးတယ်ဆိုတာ သိသာပါတယ်...”
သူတို့က နိုင်ငံတော်စီးပွားရေးကို စိုးရိမ်နေတာလား၊ PAS ကို စိုးရိမ်နေတာလားဆိုတာ ခွဲမရတော့ပါဘူး။
ကျွန်တော် ရယ်စရာကောင်းတယ်လို့ ခံစားရတာကြောင့် ရယ်လိုက်မိတယ်။
“ခင်ဗျားတို့ နှစ်ယောက်လုံး တော်တော်လေး အထင်လွဲနေကြပုံပဲ”
“ဘာကို ဆိုလိုတာလဲ...”
“ကျွန်တော့်ကို ငြိမ်ငြိမ်နေဖို့ ဖျောင်းဖျရုံနဲ့ ဘာပြဿနာမှ ပြေလည်သွားမှာ မဟုတ်ဘူး။ အွန်ဆောင်းမော်တာရဲ့ လေအိတ်တွေ ပေါက်ကွဲပြီး အလုပ်မလုပ်တဲ့ ဖြစ်ရပ်တွေက တော်တော်လေး ရှိခဲ့ပြီးပြီ။ လူ တစ်ဒါဇင်ကျော်လောက် သေဆုံးခဲ့ရတယ်။ ကျွန်တော် စစ်ဆေးကြည့်ရသလောက်တော့ ဒီဖြစ်ရပ်တွေက သက်တမ်းရင့်ကားတွေနဲ့ စိုထိုင်းဆများတဲ့ ဒေသတွေမှာ အဖြစ်များတာ။ PAS လေအိတ်ကို လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က တပ်ဆင်ခဲ့တာမလား။ ချို့ယွင်းချက်မရှိရင် ပြဿနာမရှိပေမဲ့ တကယ်လို့ ချို့ယွင်းချက်ရှိနေရင်တော့ ပေါက်ကွဲမှုတွေက အခုမှ စတင်တာပဲ ရှိသေးတယ်လို့ပြောလို့ရတယ်လေ”
သူတို့ ကျွန်တော့်စကားကို နားလည်သွားပုံရတယ်။
အခုအချိန်အထိ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေက အစပဲ ရှိသေးတာပါ။ အနာဂတ်မှာ လေအိတ် ဘယ်နှခုလောက် ထပ်ပြီး ပေါက်ကွဲဦးမှာလဲ။ ဒါကို သူတို့ ထာဝရ ဖုံးကွယ်ထားနိုင်ပါ့မလား။
ကျွန်တော် ပြောချင်တာက တရားမျှတမှု ဒါမှမဟုတ် ခိုင်မာတဲ့ ကိုယ်ကျင့်တရားအကြောင်း မဟုတ်ပါဘူး။
ကုမ္ပဏီဆိုတာ အမြတ်အစွန်းကို ရှာဖွေတဲ့ အဖွဲ့အစည်းတစ်ခုပဲလေ။ ဒါဆို ကုမ္ပဏီတစ်ခုက အမြတ်အစွန်းကို ဘယ်လိုရယူမလဲ။
ပြန်လည်သိမ်းဆည်းထားတဲ့ L6 က ထပ်ပြီး ပေါက်ကွဲခဲ့တုန်းက ဥက္ကဌ လင်ဂျင်ယုံက နှောင့်နှေးမှုမရှိဘဲ ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအချိန်တုန်းက နစ်နာမှုတွေက ကြီးမားခဲ့ပေမဲ့ ရယ်စရာကောင်းတာက အဲဒီဆုံးဖြတ်ချက်ကပဲ အွန်ဆောင်း အီလက်ထရောနစ်ကို ကယ်တင်နိုင်ခဲ့တာပါ။
တကယ်လို့ သူတို့သာ နှောင့်နှေးနေပြီး တုံ့ပြန်မှု နှေးကွေးခဲ့ရင် စမတ်ဖုန်းစျေးကွက်ကနေ တကယ်ပဲ ထွက်ခွာသွားခဲ့ရမှာလေ။
ဥက္ကဌ ဟန်မင်းဂူက လေးနက်တဲ့ အသံနဲ့ ပြောလာတယ်။
“ငါတို့ အချိန်လိုတယ်”
“အချိန်က အခုထိ လုံလုံလောက်လောက်ရခဲ့တာပဲ။ ခင်ဗျားတို့တွေ ပြီးခဲ့တဲ့ ငါးနှစ်ကတည်းက လေအိတ်ချို့ယွင်းချက်ကို သိထားခဲ့တာ မဟုတ်ဘူးလား”
အခြေအနေအမျိုးမျိုးအရ အွန်ဆောင်းမော်တာက လေအိတ်ပြဿနာကို တော်တော်လေး စောစောစီးစီး သိရှိခဲ့တာပါ။ အဲဒီအချိန်တုန်းကသာ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။
ဒါဆို သူတို့ ဘာကြောင့် ဘာမှမလုပ်ခဲ့ကြတာလဲ။ အကြောင်းရင်းကတော့ ရှင်းပါတယ်၊ အဲဒီလေအိတ်တွေကို ထောက်ပံ့ပေးတဲ့သူက PAS ဖြစ်နေလို့ပါ။
တိုယိုတာကလည်း မရည်ရွယ်ဘဲ ကားအရှိန်တက်သွားတဲ့ ချို့ယွင်းချက်ကို သိခဲ့ပေမဲ့ ခြောက်နှစ်တိုင်တိုင် ဖုံးကွယ်ထားခဲ့တယ်။ ဒီအချက်ကို သိရှိသွားတဲ့အခါ အမေရိကန် တရားရေးဝန်ကြီးဌာနက ဒေါ်လာ သန်း ၁၂၀၀ ဒဏ်ရိုက်ခဲ့ပြီး တိုယိုတာရဲ့အမှတ်တံဆိပ်အပေါ် ယုံကြည်မှုက ထိုးကျသွားခဲ့တာပဲ။
တကယ်လို့ အွန်ဆောင်းမော်တာကလည်း ဒါကို သိလျက်နဲ့ ဖုံးကွယ်ထားခဲ့တယ်ဆိုတာ ပေါ်ပေါက်သွားရင် အလားတူ အခြေအနေမျိုး ဖြစ်လာမှာပါ။
ကုမ္ပဏီတစ်ခုက ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်ကို ထုတ်လုပ်မိနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို သိလျက်နဲ့ ဖုံးကွယ်ထားတာကတော့ ခွင့်လွှတ်ဖို့က ခက်ခဲတဲ့အရာပါ။
ပတ်ဆီဟျွန်းက ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး မေးတယ်။
“မင်း တကယ်ပဲ ဘာကို လိုချင်တာလဲ”
“ကောင်းပြီလေ...”
ဥက္ကဌ ဟန်မင်းဂူက ကျွန်တော့်ကို ကြည့်ပြီး ပြောလိုက်တယ်။
“မင်းရဲ့ အဖေကိစ္စအတွက် ငါ စိတ်ရင်းမှန်နဲ့ နောင်တရပြီး တောင်းပန်ပါတယ်။ သူ့ရဲ့ အုတ်ဂူရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ပါ့မယ်”
အွန်ဆောင်းမော်တာရဲ့ ဥက္ကဌက အဖေ့ကို တောင်းပန်တယ်တဲ့... ဒါကို အဖေသာ ကြားရင် ဘယ်လိုတွေးလောက်မလဲ။
“ကျွန်တော့်အဖေက အုတ်ဂူမှာ မဟုတ်ဘဲ အရိုးဂူမှာ ရှိတာပါ”
ဒီဘက်ခေတ်မှာ လူအများစုက မီးသင်္ဂြိုဟ်တာကိုပဲ ရွေးချယ်ကြတယ်မလား။ ချေဘောတွေကတော့ ဘိုးဘွားပိုင်အုတ်ဂူတွေ ရှိတာကြောင့် မြှုပ်နှံတာကို ပိုသဘောကျကြပါတယ်။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးရဲ့ အတွေးတွေက မှားယွင်းနေပါတယ်။
‘ကွယ်လွန်သွားတဲ့ အဖေ့ကို တောင်းပန်မယ့်အစား အနာဂတ်မှာ အလားတူ ကံကြမ္မာမျိုး ကြုံတွေ့ရနိုင်တဲ့ အွန်ဆောင်းမော်တာရဲ့ ဖောက်သည်တွေအတွက် စိုးရိမ်သင့်တာ မဟုတ်ဘူးလား’
စီးပွားရေးသမားတွေက အရာအားလုံးကို ပိုက်ဆံနဲ့ပဲ တွက်ချက်ကြတယ်။
ဒါဆို လူ့အသက်တစ်ချောင်းက ဘယ်လောက်တန်လဲ။ အနာဂတ်မှာ လူပေါင်းများစွာ သေဆုံးရတော့မှာကို၊ ပြန်လည်သိမ်းဆည်းမှုကြောင့် ဖြစ်လာမယ့် လက်ရှိဆုံးရှုံးမှုတွေကို ရှောင်လွှဲရုံနဲ့တင် လုံလောက်ပြီလား။
ကျွန်တော် အိတ်ကပ်ထဲကနေ ဓာတ်ပုံတချို့ကို ထုတ်ပြီး စားပွဲပေါ်မှာ တင်လိုက်တယ်။
အဲဒါတွေက တိုက်မိတဲ့ စမ်းသပ်ကားထဲကနေ ထွက်လာတဲ့ အပိုင်းအစတွေရဲ့ ဓာတ်ပုံတွေပါ။ သတ္တုစတွေက ရင်ဘတ်၊ လည်ပင်းနဲ့ မျက်နှာတွေမှာ စူးဝင်နေခဲ့တာ။
‘ဒါတွေက ကျွန်တော် ဒီကို မလာခင်က ရရှိခဲ့တဲ့ ဓာတ်ပုံတွေပါ။ လေအိတ်ပွင့်ထွက်တဲ့ လမ်းကြောင်းပေါ်မူတည်ပြီး သတ္တုစတွေက ရင်ဘတ်အပေါ်ပိုင်းကို ပျံသန်းသွားတာကို အတည်ပြုနိုင်ခဲ့တယ်။ သတ္တုစတွေက လည်ပင်းကို အကုန်လုံး ဖောက်ထွက်သွားခဲ့တာပါ။ လေအိတ်ဆိုတာ မတော်တဆမှုဖြစ်တဲ့အခါ စီးနင်းသူတွေရဲ့ အသက်ကို ကာကွယ်ပေးတဲ့ အန္တရာယ်ကင်းစနစ် ဖြစ်ရမှာလေ။ ဒါပေမဲ့ ဒါကတော့ သေစေနိုင်တဲ့ လေအိတ်ပဲ။ ဒီအခြေအနေအရဆိုရင် လေအိတ်မပွင့်တာကမှ ပိုပြီး ဘေးကင်းနိုင်ဦးမယ်’
ပတ်ဆီဟျွန်းနဲ့ ဟန်မင်းဂူတို့က ဓာတ်ပုံတွေကို ကြည့်ပြီး ထိတ်လန့်သွားတဲ့ အမူအရာ ဖြစ်သွားကြတယ်။
ကားတိုက်မိတဲ့ ဒီစမ်းသပ်မှုတွေကို ကျွမ်းကျင်သူတွေရဲ့ ကြီးကြပ်မှုအောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အကုန်လုံးကိုလည်း မှတ်တမ်းတင်ထားခဲ့တာပါ။
အခုတော့ ဒါက တိုက်ဆိုင်တဲ့ မတော်တဆမှုတစ်ခု မဟုတ်ဘဲ တည်ဆောက်ပုံဆိုင်ရာ ချို့ယွင်းချက်တစ်ခု ဖြစ်တယ်ဆိုတာကိုပဲ ထုတ်ဖော်ပြသဖို့ လိုပါတော့တယ်။ ပါမောက္ခ ပတ်ပီဟွန်ကလည်း ဒါကို လုပ်ဆောင်နေပါပြီ။
ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားရင် ဘာဖြစ်လာမလဲ။
အွန်ဆောင်းမော်တာက ထိခိုက်မှုမရှိနိုင်ပေမဲ့ PAS ကတော့ သေချာပေါက် ဒေဝါလီခံရပါလိမ့်မယ်။ ပြီးတော့ အွန်ဆောင်းမော်တာနဲ့ PAS တို့ရဲ့ ဆက်ဆံရေး၊ ပြီးတော့ PAS က တကယ်ပဲ ဘယ်သူပိုင်လဲဆိုတဲ့ မေးခွန်းတွေက ပြန်ပေါ်လာပါလိမ့်မယ်။
ကျွန်တော် မတ်တပ်ရပ်လိုက်တယ်။
‘ကျွန်တော် သွားတော့မယ်။ ချိန်းထားတာ ရှိလို့ပါ’
ကျွန်တော် အခန်းထဲကနေ ထွက်ခွာခါနီးမှာပဲ နောက်ကနေ ပတ်ဆီဟျွန်းရဲ့ အသံကို ကြားလိုက်ရတယ်။
‘မင်း ဒီလိုလုပ်ပြီးရင် တကယ်ပဲ ဘေးကင်းနိုင်မယ်လို့ ထင်နေလား’
သူက အခုထိ သမ္မတလိုမျိုး ပြုမူနေတုန်းပဲလား။
သူ့ရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့...
‘ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး စိုးရိမ်လိုက်တာကပဲ ပိုကောင်းလောက်မယ်ထင်ပါတယ်’
အခန်း (၂၀၄)
ကျွန်တော့်စကားကြောင့် ပတ်ဆီဟျွန်းရဲ့ မျက်နှာမှာ အံ့ဩတုန်လှုပ်မှုနဲ့ ဒေါသတွေ ရောပြွမ်းနေတဲ့ အရိပ်အယောင်တွေ ထင်ဟပ်သွားပါတယ်။
တကယ်တော့ လက်ရှိသမ္မတရဲ့ ရှေ့မှောက်မှာ ဘယ်သူက ဒီလိုစကားမျိုး ပြောရဲမှာလဲ။
ကျွန်တော်မလို့သာ ပြောရဲတာပါ။ ပြီးတော့ သူ့ကိုယ်သူပဲ စိတ်ပူဖို့ ပြောတာကလည်း နောက်နေတာ မဟုတ်ပါဘူး။
ဆူရှီဆိုင်ကနေ ထွက်လာပြီးနောက် ကျွန်တော်က အသင့်စောင့်နေတဲ့ ကားထဲကို ဝင်ထိုင်လိုက်တယ်။
မောင်းသူနေရာမှာ ရှိနေတဲ့ တက်ဂယူက ချက်ချင်းပဲ ကားကို စက်နှိုးပြီး ထွက်ခွာလိုက်တယ်။
“တစ်ယောက်ယောက်နောက်က လိုက်လာရင် ဘယ်လိုလုပ်မလဲ”
“ဘာလို့လဲ။ လုပ်ကြံခံရမှာ စိုးရိမ်လို့လား”
“သူတို့က ကားအတော်တဆမှုလိုမျိုး ပုံဖျက်နိုင်တယ်လေ”
“……”
သူ ရုပ်ရှင်တွေ အရမ်းကြည့်များသွားတာ ထင်ပါတယ်။
“ငါ ပျောက်ကွယ်သွားရုံနဲ့ အားလုံးက ပြီးဆုံးသွားမှာမလို့လား”
“ဒါဆို မင်း ဘာဆက်လုပ်မှာလဲ”
“ထင်ရှားတဲ့ အရာတွေပေါ့”
ကျွန်တော်က ဆိုင်ထဲမှာ ပြောခဲ့တဲ့ စကားတွေကို သူ့အတွက် အကျဉ်းချုပ် ပြောပြလိုက်ပါတယ်။
“ပြဿနာက လေအိတ် ချို့ယွင်းချက်တင် မဟုတ်ဘူး။ ပိုကြီးတဲ့ ပြဿနာကို ဖုံးကွယ်ထားတာပဲ။ တိုယိုတာရဲ့ အလိုအလျောက် အရှိန်တက်တဲ့ ချို့ယွင်းချက်ကို ဖုံးကွယ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်မှာ သက်ဆိုင်ရာ ဥပဒေတွေကို ပိုပြီး တင်းကြပ်လိုက်ကြတယ်။ သူတို့က သိရက်နဲ့ ချို့ယွင်းချက်ကို တမင်တကာ ဖုံးကွယ်ထားတာ။ ပေါ်သွားရင် တာဝန်ရှိသူက တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ကျခံရနိုင်တယ်”
“ဒါဆို PAS ထဲမှာ ဘယ်သူက တာဝန်ရှိတာလဲ။ စီအီးအိုလား ဒါမှမဟုတ် တကယ့်ပိုင်ရှင်လား”
“ငါလည်း မသိဘူး”
တက်ဂယူက ရယ်မောလိုက်တယ်။
“ဒါက ညီအစ်ကိုတွေကြားက သစ္စာရှိမှုကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲ”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
“အဲလိုဖြစ်ဖို့ဆိုရင် ဖုံးကွယ်ထားတာဟာ တမင်တကာ လုပ်ခဲ့တာဆိုတဲ့ အထောက်အထားကို ငါတို့တွေ ရှာဖွေဖို့ လိုအပ်လိမ့်မယ်”
ကျွန်တော် CarOS ကနေ ပို့ပေးတဲ့ ကားတိုက်မိမှု စမ်းသပ်ချက် အချက်အလက်တွေကို ပြန်လည်သုံးသပ်နေတုန်း တစ်ယောက်ယောက်က ကျွန်တော့်ဆီ လာတွေ့တယ်။
ခါတိုင်းလိုပဲ အထူးသဖြင့် မဟာငလျင်ကြီး ဖြစ်ရပ်ပြီးနောက်ပိုင်း လူအများအပြားက ကျွန်တော့်ကို တွေ့ချင်နေကြတာပါ။ တစ်ယောက်ယောက် လာတွေ့တဲ့အခါ သူတို့က များသောအားဖြင့် ဧည့်ကြိုကောင်တာမှာ နာမည်ရေးပြီး အတွင်းရေးမှူးရုံးဆီ ပို့ပေးလေ့ရှိပြီး ကျွန်တော်ကတော့ များသောအားဖြင့် ကိုယ်တိုင်ပဲ စစ်ဆေးပါတယ်။
ကုမ္ပဏီ တည်ထောင်သူတွေ ဒါမှမဟုတ် Developer တွေ အတွက်ဆိုရင် K ကုမ္ပဏီရဲ့ ဝန်ထမ်းတွေက တွေ့ဆုံဆွေးနွေးပေးကြပေမယ့် နိုင်ငံရေးသမားတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ပရဟိတအသင်းတွေ၊ အတန်းဖော်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေကိုတော့ ကျွန်တော် လုံးဝ လက်မခံပါဘူး။
ဒါပေမဲ့ ဒီတစ်ကြိမ် လာတဲ့သူကတော့ ကွဲပြားပါတယ်။ သူ့နာမည်နဲ့ လာရတဲ့ အကြောင်းအရင်းကို ကြားရချင်းပဲ ကျွန်တော်က သူ့ကို အပေါ်လွှတ်လိုက်ဖို့ ညွှန်ကြားလိုက်ပါတယ်။
ခဏအကြာမှာတော့ အသက် လေးဆယ် အရွယ်ရှိတဲ့ လူတစ်ယောက်က စီအီးအိုရုံးခန်းထဲကို ဝင်လာပါတယ်။ ကျွန်တော်က သူ့ကို နှုတ်ဆက်ဖို့ ထရပ်လိုက်တယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကန်ဂျင်ဟူပါ”
“မင်္ဂလာပါ၊ ကျွန်တော်က တက်ဝမ်ဆစ်ပါ”
သူက တခြားသူမဟုတ်ဘဲ TKT Precision ရဲ့ စီအီးအို တက်ကွမ်တက်ရဲ့ သား ဖြစ်ပါတယ်။
ကျွန်တော်တို့က စားပွဲမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။
“ကော်ဖီ သောက်မလား”
“ဟုတ်ကဲ့”
သူက ကျွန်တော့်ကို အနည်းငယ် ကြောက်ရွံ့တဲ့ ပုံစံနဲ့ ကြည့်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ ချေဘောတစ်ခုရဲ့ ဒုတိယသား ဒါမှမဟုတ် ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ ဥက္ကဌနဲ့ တွေ့ရသလိုမျိုး ခံစားရလို့ ဖြစ်ပါလိမ့်မယ်။
အတွင်းရေးမှူးက ကော်ဖီ ယူလာပေးတယ်။
“ကျွန်တော့်ဆီ ဘာကိစ္စရှိလို့ လာတာလဲ”
သူက သတိထားပြီး စကားပြောတယ်။
“ဥက္ကဌကြီး…”
“ကျွန်တော့်ကို ဂျင်ဟူလို့ပဲ သဘာဝကျကျ ခေါ်နိုင်ပါတယ်။ ဝန်ထမ်းတွေအတွက်တော့ ကျွန်တော်က ဥက္ကဌဖြစ်ပေမယ့် တခြားသူတွေအတွက်တော့ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားဘဲ လွတ်လွတ်လပ်လပ် ပြောပါ”
“အာ… နားလည်ပါပြီ”
ကျွန်တော့်စကားကြောင့် သူက အနည်းငယ် ပိုပြီး စိတ်အေးသွားတဲ့ ပုံစံနဲ့ စကား ဆက်ပြောတယ်။
“အမေရိကန်မှာ ပြုလုပ်နေတဲ့ အွန်ဆောင်းကားတွေရဲ့ တိုက်မိမှု စမ်းသပ်ချက်အကြောင်း သတင်းဆောင်းပါးတစ်ခု ကျွန်တော် မြင်လိုက်ရတယ်”
ဒါက လျှို့ဝှက်ထားတာမျိုး မဟုတ်ဘဲ အမေရိကန် မီဒီယာတွေက မထုတ်ပြန်ခင်ကတည်းက လုပ်ငန်းနယ်ပယ်ထဲမှာ သတင်းတွေ ပျံ့နှံ့နေခဲ့တာပါ။
ကိုရီးယား မီဒီယာတွေကတော့ အခုထိ နှုတ်ဆိတ်နေဆဲ ဖြစ်ပေမယ့် အွန်လိုင်း သတင်းစာမျက်နှာတွေကနေတစ်ဆင့် သတင်းတွေက တဖြည်းဖြည်း ပေါက်ကြားနေပါတယ်။
“ဟုတ်ပါတယ်”
သူက ကျွန်တော့်ကို ကြည့်ပြီး မေးပါတယ်။
“လေအိတ်ကြောင့် စမ်းသပ်နေတာမလား”
ကားတိုက်မိမှု စမ်းသပ်ချက်တွေရဲ့ ရည်ရွယ်ချက်ကို လူသိရှင်ကြား ဘယ်တုန်းကမှ ထုတ်ဖော်မပြခဲ့ပါဘူး။
“ခင်ဗျား တော်တော်လေးကို ကောင်းကောင်း သိနေတာပဲ”
သူ ခေါင်းညိတ်လိုက်တယ်။
“အဲဒီတုန်းက ကျွန်တော်လည်း ကုမ္ပဏီမှာ ရှိနေခဲ့တာပါ။ ကျွန်တော်က လေအိတ် တီထွင်မှုမှာ ပါဝင်ခဲ့တာလေ”
“ဒါကို ခင်ဗျားအဖေ သိလား”
သူ ခေါင်းခါလိုက်တယ်။
“သူ ဆုံးသွားတာ နှစ်နှစ်ရှိပြီ”
သူ့ရဲ့ နာကျင်မှုအပေါ် ကျွန်တော် ရှင်းပြလို့မရတဲ့ စာနာမှုမျိုး ခံစားလိုက်ရတယ်။
“ခင်ဗျားအတွက် ခက်ခဲခဲ့မှာပဲ”
“သိပ်တော့ မခက်ခဲပါဘူး။ ကျွန်တော့်အဖေက ကုမ္ပဏီကို ပြန်ရဖို့ လက်လျှော့လိုက်ပြီးနောက်ပိုင်း ဘယ်တော့မှ စီးပွားရေး ထပ်မလုပ်တော့ဘူးလို့ သစ္စာဆိုခဲ့ပြီး အဆောက်အဦး အနည်းငယ် ဆောက်ခဲ့တယ်လေ”
“အာ…”
Third Party လုပ်ငန်းရှင်တွေကို ထောက်ပံ့ပေးတဲ့ DHK Engineering နဲ့မတူဘဲ TKT Precision က လေအိတ်တွေကို တီထွင်နိုင်စွမ်းရှိတဲ့ အလတ်စား ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တာပါ။
ဒါ့အပြင် လုံးဝ ပျက်စီးသွားတဲ့ ကျွန်တော့်ရဲ့ မိသားစု စီးပွားရေးနဲ့မတူဘဲ သူတို့က သူတို့ကုမ္ပဏီကို ဝမ် သန်း ၃သောင်း နဲ့ ရောင်းချခဲ့တာလေ။
အဲဒီပိုက်ဆံနဲ့ အဆောက်အဦးတွေ ဆောက်ခဲ့ရင် တစ်မိသားစုလုံး ဘာပြဿနာမှမရှိဘဲ နေထိုင်နိုင်ပါတယ်။ တီထွင်သူထက် အိမ်ခြံမြေပိုင်ရှင်က ပိုမြတ်တယ် မဟုတ်လား။
နာကျင်မှုချင်း စာနာမိတယ်ဆိုတာ စိတ်ကူးယဉ်မှုသက်သက်ပါပဲ။
“လေအိတ်ကို တီထွင်တဲ့အခါ ကျွန်တော့်အဖေက tetrazole အစား အမိုနီယမ် နိုက်ထရိတ် ကို propellentအဖြစ် သုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကုမ္ပဏီတွင်းက အင်ဂျင်နီယာ အားလုံးက ဒါကို ကန့်ကွက်ခဲ့ကြတယ်။ သူတို့က ဘေးကင်းလုံခြုံမှု မသက်သေပြရသေးတဲ့ ဓာတ်ပစ္စည်းကို သုံးတာက အရမ်းအန္တရာယ်များတယ်လို့ ယုံကြည်ခဲ့ကြတာလေ။ ဒါပေမဲ့ ကျွန်တော့်အဖေက အဲဒါကို နားမထောင်ဘဲ သူ့ဆန္ဒအတိုင်းပဲ ဇွတ်လုပ်ခဲ့တယ်”
လက်ရှိ ကုမ္ပဏီတွေနဲ့ တူညီတဲ့ ထုတ်ကုန်ကို တူညီတဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ်ရင် ယှဉ်ပြိုင်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ ဒါက နောက်မှ ဝင်လာသူတစ်ယောက်အတွက် ရှောင်လွှဲလို့မရတဲ့ ရွေးချယ်မှု ဖြစ်ခဲ့မှာပါ။
“ကျွန်တော့်အဖေမှာ အမှားအယွင်းတွေ ရှိလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့မိဘူး။ ကုမ္ပဏီ ဆုံးရှုံးပြီးမှပဲ အဲဒါကို ကျွန်တော် သိခဲ့ရတာ”
စီအီးအို ပြောင်းလဲသွားပေမယ့်လည်း တီထွင်သူတွေနဲ့ ဝန်ထမ်းတွေကတော့ ကုမ္ပဏီမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့က တက်ကွမ်တက်ကို ထိုဖြစ်ရပ်အကြောင်း အကြောင်းကြားခဲ့ကြပြီး သူက ထိုသတင်းကို ကြားရတဲ့အခါ တုန်လှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော့်အဖေက သူဖန်တီးခဲ့တဲ့ လေအိတ်ကြောင့် လူတစ်ယောက် သေဆုံးခဲ့ရတယ်ဆိုတာ ကြားပြီးနောက် သူ့ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေကို နောင်တတရားတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။ သူ အရက်သောက်မိတိုင်း သူက လူသတ်သမားတစ်ယောက်ပါဆိုပြီး ညည်းတွားလေ့ရှိတယ်”
“ခင်ဗျားက အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့သေးလား”
သူက သက်ပြင်းချရင်း စကားပြောပါတယ်။
“ဘာလို့ မကြိုးစားရမှာလဲ။ ကျွန်တော် အရင်ဆုံး အွန်ဆောင်းမော်တာနဲ့ PAS ကို အချက်အလက်တွေ အကြောင်းကြားခဲ့တယ်။ ကုမ္ပဏီကို ပြန်မရရင်တောင် ရပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး အဲဒီလေအိတ်တွေ ရောင်းချနေတာကို ရပ်တန့်ပေးပါလို့ တောင်းဆိုခဲ့တယ်”
“သူတို့ သေချာပေါက် နားမထောင်ခဲ့ကြဘူးပေါ့”
“ကျွန်တော် မီဒီယာတွေကို သတင်းပို့ခဲ့ပြီး နေရာစုံမှာ တိုင်ကြားချက်တွေ တင်ခဲ့ပေမယ့် အလကားပါပဲ။ သူတို့က ဒါကို ကုမ္ပဏီ ဆုံးရှုံးသွားတဲ့အတွက် ရန်ငြိုးဖွဲ့တာလို့ပဲ မြင်ကြပြီး အွန်ဆောင်းမော်တာက ကျွန်တော့်အဖေကို အသရေဖျက်မှုနဲ့ တရားစွဲခဲ့တယ်”
ပါမောက္ခ ပတ်ပီဟွန်ရဲ့ ဖြစ်ရပ်အတိုင်းပါပဲ။
ချို့ယွင်းချက်တွေကို ထောက်ပြရင် ပြစ်ဒဏ်ခံရဖို့ ပြင်ဆင်ထားရမယ့်ပုံပါပဲ။
“ဒါနဲ့ ဘာဆက်ဖြစ်လဲ”
သူက ခါးသီးတဲ့ မျက်နှာအမူအရာနဲ့ ပြောပါတယ်။
“ကျွန်တော်က အွန်ဆောင်းမော်တာနဲ့ ကျေအေးမှု ယူဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ကျွန်တော်က ကုမ္ပဏီအပေါ် ဘာအခွင့်အရေးမှ ထပ်မတောင်းဆိုတော့ဘဲ လေအိတ်တွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ထပ်မပြောတော့ဖို့၊ ပြီးတော့ ကျေအေးမှုကို လျှို့ဝှက်ထားဖို့ ကတိပြုပြီးနောက် သူတို့က တရားစွဲဆိုမှုကို ရုပ်သိမ်းပေးခဲ့ကြတယ်”
ကော်ပိုရေးရှင်းကြီးတစ်ခုနဲ့ တိုက်ခိုက်ရတာက ရှည်လျားပြီး အထီးကျန်ဆန်တဲ့ တိုက်ပွဲတစ်ခုပါ။ အဆုံးထိ မတိုက်ခိုက်ဘဲ ကျေအေးမှု ယူခဲ့ကြတာက နားလည်ပေးလို့ ရပါတယ်။
သူက ယူလာတဲ့ အိတ်ထဲကနေ ဖိုင်တွဲတစ်ခုနဲ့အတူ USB ကို ထုတ်လိုက်တယ်။
“ဒါက ကျွန်တော့်အဖေ မကွယ်လွန်ခင်အထိ စုဆောင်းခဲ့တဲ့ အချက်အလက်တွေပါ”
ကျွန်တော် ဖိုင်တွဲကို ဖွင့်ပြီး အတွင်းက စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်လိုက်တယ်။
မတော်တဆမှု ဖြစ်ရပ်တွေက ကျွန်တော့်မျက်စိထဲကို အရင်ဆုံး ဝင်လာပါတယ်။ ကျွန်တော်တို့လည်း လေအိတ် မတော်တဆမှုတွေရဲ့ အချက်အလက်တွေကို စုဆောင်းနေတာ ဖြစ်ပေမယ့် အံ့ဩစရာကောင်းတာက CarOS ကနေ ပေးထားတဲ့ အချက်အလက်တွေထက် ပိုပြီး အသေးစိတ်ကျနေတာပါပဲ။
လေအိတ်တွေရဲ့ အန္တရာယ်ကို အွန်ဆောင်းမော်တာနဲ့ PAS တို့ဆီ အကြိမ်ကြိမ် အကြောင်းကြားခဲ့တဲ့ စာရွက်စာတမ်းတွေအပြင် တရားစွဲဆိုရေးရုံး၊ တရားမျှတသော ကုန်သွယ်မှု ကော်မရှင်၊ စားသုံးသူ ကာကွယ်ရေးအေဂျင်စီနဲ့ အိုးအိမ်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနတို့ဆီ တိုင်ကြားခဲ့တဲ့ မှတ်တမ်းတွေနဲ့ ကျေအေးမှု သဘောတူညီချက်တို့ ပါဝင်နေပါတယ်။
ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်ကို ထုတ်လုပ်မိတာက အမှားတစ်ခုပါ။ ဒါပေမဲ့ ချို့ယွင်းချက်ကို သိလျက်နဲ့ ဖုံးကွယ်ထားတာကတော့ တမင်တကာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါက ကိုယ်ကျင့်တရား ပျက်ပြားတာတင် မဟုတ်ဘဲ ဥပဒေကြောင်းအရလည်း တာဝန်ရှိပါတယ်။
ဒါက သူတို့တွေဟာ ချို့ယွင်းချက်ကို သိရက်နဲ့ ဖုံးကွယ်ထားတယ်ဆိုတဲ့ ထင်ရှားတဲ့ အထောက်အထားပါပဲ။
ဒီလောက် အရေးကြီးတဲ့ အချက်အလက်တွေ ကျွန်တော့်ဆီကို ဒီလောက်လွယ်လွယ်ကူကူ ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။
“ဒါကို ကျွန်တော့်ဆီ ပေးတာက ကလဲ့စားချေချင်လို့လား”
ကျွန်တော့်မေးခွန်းကို သူက ခေါင်းခါပြပါတယ်။
“ကျွန်တော် အွန်ဆောင်းမော်တာနဲ့ PAS အပေါ် ရန်ငြိုးရော၊ မကျေနပ်မှုရော မရှိပါဘူး။ ရယ်စရာကောင်းတာက တကယ်လို့ PASသာ မဝယ်ယူခဲ့ရင် TKT Precision ကပဲ ဒီလေအိတ်ကိစ္စကို တာဝန်ယူရမှာ ဖြစ်နေတာလေ”
ပင်ပင်ပန်းပန်း စိုက်ပျိုးထားတဲ့ သစ်သီးခြံကို ရိတ်သိမ်းခါနီးမှာ ဆုံးရှုံးခဲ့ရပေမဲ့ ပြန်ကြည့်တော့ အဆိပ်ရှိတဲ့ ပန်းသီးတွေကို စိုက်ပျိုးနေခဲ့တာ ဖြစ်နေသလိုမျိုးပေါ့။ သစ်သီးခြံကို သိမ်းယူသွားတဲ့သူက မသိဘဲ ပန်းသီးတွေကို ခူးဆွတ်ပြီး လူတွေကို ရောင်းချခဲ့တယ်။
“ကျွန်တော့်အဖေက လူတွေကို သေဆုံးစေခဲ့တဲ့ ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်ကို ထုတ်လုပ်ခဲ့မိတယ်ဆိုတာ သိလို့ မျက်စိမမှိတ်ခင်အထိ ခံစားသွားခဲ့ရတယ်။ အခုတော့ ကျွန်တော် အဲဒီဝန်ထုတ်ဝန်ပိုးကို လျှော့ချချင်ပါတယ်။ ကျေးဇူးပြုပြီး အဲဒီလေအိတ်ကြောင့် နောက်ထပ် ထိခိုက်သူတွေ ထပ်မတိုးလာပါစေနဲ့။ ပြီးတော့ ကျွန်တော့်အဖေက အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို ပြောပြပေးဖို့ မျှော်လင့်ပါတယ်”
ပြဿနာက ဥက္ကဌ တက်ကွမ်တက်ကနေ စတင်ခဲ့တာပါ။ တကယ်လို့ သူသာ အမိုနီယမ် နိုက်ထရိတ် ကို အသုံးပြုပြီး လေအိတ်တွေကို မထုတ်လုပ်ခဲ့ရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။
အနည်းဆုံးတော့ ဥက္ကဌ တက်ကွမ်တက်က သူ့အမှားအတွက် အဆုံးထိ တာဝန်ယူဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ အွန်ဆောင်းမော်တာနဲ့ PAS နှစ်ခုလုံးကတော့ အမှန်တရားကို ဖုံးကွယ်ဖို့အတွက်ပဲ အလုပ်ရှုပ်နေခဲ့ကြတယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ ဒါကို ပြုပြင်ဖို့ ဆန္ဒရှိခဲ့ရင် အခြေအနေတွေက ဒီလောက်အထိ ဆိုးရွားလာမှာ မဟုတ်ပါဘူး။
ကျွန်တော် ခေါင်းညိတ်လိုက်ပါတယ်။
“ကျွန်တော် သေချာပေါက် အဲလိုလုပ်ပေးပါ့မယ်”
ကျွန်တော့်စကားကြောင့် တက်ဝမ်ဆစ်က စိတ်သက်သာရာရသွားတဲ့ ပုံစံ ဖြစ်သွားပါတယ်။
“ကျေးဇူးတင်ပါတယ်။ ဂျင်ဟူ”
CarOSက အွန်ဆောင်းကားတွေရဲ့ ကားတိုက်မိမှု စမ်းသပ်ချက် ရလဒ်တွေကို ကြေညာဖို့ ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့တယ်။
ပြင်ပပညာရှင်အနေနဲ့ ကားတိုက်မိမှု စမ်းသပ်ချက်တွေကို ကြီးကြပ်ခဲ့တဲ့ ပါမောက္ခ ပတ်ပီဟွန်က ရလဒ်တွေကို ကိုယ်တိုင် တင်ပြခဲ့ပါတယ်။ သူက အရင်ဆုံး ကားတိုက်မိမှု စမ်းသပ်ချက်တွေရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့တယ်။
အနှေးပြကွက်ဗီဒီယိုထဲမှာ လေအိတ် ပွင့်ထွက်လာတဲ့အခါ သတ္တုစတွေ လွင့်စင်ထွက်လာပြီး စမ်းသပ်ရုပ်သေးရုပ်ရဲ့ မျက်နှာနဲ့ လည်ပင်းကို ထိမှန်သွားတာကို မြင်လိုက်ရတဲ့အတွက် ကြည့်ရှုနေတဲ့ လူတွေက အံ့ဩမှင်တက်သွားကြတယ်။
“ပြုလုပ်ခဲ့တဲ့ ရာနဲ့ချီတဲ့ ကားတိုက်မိမှု စမ်းသပ်ချက်တွေထဲမှာ လေအိတ် အများစုက အဆင်ပြေပေမယ့် စိုထိုင်းဆမြင့်မားတဲ့ ဒေသတွေမှာ အချိန်အကြာကြီး မောင်းနှင်ထားတဲ့ မော်တော်ယာဉ်တွေကတော့ အနည်းငယ် တိုက်မိရုံနဲ့ လေအိတ်တွေ ပွင့်ထွက်လာနိုင်ခြေ ပိုများတဲ့အပြင် ပြင်းထန်တဲ့ ပေါက်ကွဲအားကို ဖြစ်ပေါ်စေပြီး အပျက်အစီး အစအနတွေ လွင့်စင်ထွက်လာနိုင်တဲ့ အန္တရာယ်ကို ပိုမိုမြင့်မားစေပါတယ်”
သတင်းထောက်တွေက မေးခွန်းတွေ မေးကြတယ်။
“ဒီအချက်နဲ့ ပတ်သက်ပြီး ဆက်စပ်နေတဲ့ မတော်တဆမှု ဖြစ်ရပ်တွေ ရှိပါသလား”
စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ သုတေသနပညာရှင်တစ်ယောက်က ပြန်ဖြေတယ်။
“လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ မတော်တဆမှုပေါင်း ၂၀၀ ခန့် ဖြစ်ပွားခဲ့ပြီး လူ ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ နောက်ထပ် ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ဖို့အတွက် PAS လေအိတ်တွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ် အားလုံးကို အစားထိုးဖို့အတွက် ချက်ချင်းပဲ ပြန်လည်သိမ်းဆည်းမှု ပြုလုပ်သင့်ပါတယ်”
ဒါက တုန်လှုပ်စရာကောင်းရုံတင်မကဘဲ ဒီတင် ရပ်မသွားခဲ့ပါဘူး။
အခုတော့ အမေရိကန် တရားရေးဝန်ကြီးဌာနက ဝင်ရောက်စွက်ဖက်လာပါပြီ။
“အွန်ဆောင်းကားနဲ့ ထုတ်လုပ်သူ PAS တို့က လေအိတ် ချို့ယွင်းချက်ကို အချိန်အကြာကြီး ကတည်းက သိရှိထားပေမယ့် ဖုံးကွယ်ထားခဲ့တယ်လို့ သံသယရှိပါတယ်။ ကျွန်တော်တို့မှာ လုံလောက်တဲ့ အထောက်အထားတွေ ရရှိထားပြီး စုံစမ်းစစ်ဆေးဖို့အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ဆင့်ခေါ်သွားမှာပါ”
လက်ရှိအခြေအနေက အထူးသဖြင့် မဟာငလျင်ကြီးနောက်ပိုင်းမှာ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေက ပိုမို ထိခိုက်လွယ်လာတာပါ။
အွန်ဆောင်းကားရဲ့ လေအိတ်တွေမှာ ဆိုးရွားတဲ့ ချို့ယွင်းချက် ရှိနေတာကို ထုတ်ဖော်လိုက်တာနဲ့ အဲဒါကို ငါးနှစ်တိုင်တိုင် ဖုံးကွယ်ထားခဲ့တယ်ဆိုတဲ့ အချက်က အမေရိကန် ပြည်သူတွေအကြား လူထုဒေါသကို လှုံ့ဆော်ရန် လုံလောက်ခဲ့တယ်။
အမေရိကန် အမျိုးသား အဝေးပြေးလမ်းမကြီး သွားလာရေး ဘေးကင်းလုံခြုံမှု စီမံခန့်ခွဲရေးအဖွဲ့နဲ့ တရားရေးဝန်ကြီးဌာနတို့က အွန်ဆောင်းကားနဲ့ PAS တို့ကို ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပြီး မဖြစ်မနေ ပြန်လည်သိမ်းဆည်းဖို့ အမိန့်ထုတ်ရန် စဉ်းစားနေကြတယ်။ အမေရိကန် နိုင်ငံရေးလောကကလည်း ကြားနာပွဲတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။
နိုင်ငံတစ်ဝန်းမှာ အွန်ဆောင်းကားတွေကို သပိတ်မှောက်မှုတွေ ပေါ်ပေါက်လာပြီး သူတို့ရဲ့ ရောင်းအားက ထက်ဝက်ခန့် ကျဆင်းသွားခဲ့တယ်။
ထိုသတင်းက ကိုရီးယားဆီကို ချက်ချင်း ရောက်ရှိလာပါတယ်။
ဈေးကွက်ဖွင့်လှစ်လိုက်တာနဲ့ အွန်ဆောင်းကားရဲ့ ရှယ်ယာတွေက ၁၈ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပြီး Jecheol၊ Glomas နဲ့ Linus လိုမျိုး အုပ်စုတွင်း ရှယ်ယာတွေကလည်း သိသိသာသာ ကျဆင်းသွားတာကို ပြသနေပါတယ်။
– ဝိုး။ ဒါက မယုံနိုင်စရာပဲ။ လေအိတ် ချို့ယွင်းချက်ကို သူတို့ ဘယ်လိုရှာတွေ့သွားတာလဲ။
– ဟားဟား၊ ရူးခါသွားတာပဲ။ ငလျင်လှုပ်ပြီးနောက်ပိုင်း သူတို့တော့ တကယ်ကို သွားပြီ။
– အွန်ဆောင်းကားနဲ့ PAS တို့ကတော့ အကြီးအကျယ် ပျက်စီးတော့မယ်။
– ဒါက အိုတာကူနဲ့ သမ္မတတို့ရဲ့ နောက်ဆုံးအကျော့ တိုက်ပွဲလား။
– လေအိတ် ချို့ယွင်းချက်က တကယ်ပဲလား။
– အမေရိကန် တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ ကြားတယ်။
– ငါတော့ သွားပြီ။ ငါက အွန်ဆောင်းကား မောင်းတာ။ ငါ့ကားမှာလည်း လူသတ်လေအိတ် တပ်ဆင်ထားမယ်ထင်တယ်။
– ဟုတ်တယ်။ တကယ်လို့ မတော်တဆမှုဖြစ်ရင် သေမှာပဲ။ ဒါက သေဒဏ်ပေးခံရသလိုပဲကွ။
– အမေရိကန်ကတော့ ပြန်သိမ်းဆည်းလိမ့်မယ်။ ဒါပေမဲ့ ကိုရီးယားကကော ဘယ်လိုလဲ။
– သူတို့ကတော့ အွန်ဆောင်းကားတွေရဲ့ အံ့ဖွယ်ဆင်ခြေတွေအတိုင်း ပြောကြမှာပဲ။ ပြည်တွင်းသုံးနဲ့ ပြည်ပပို့ကားက မတူလို့ ပြန်မသိမ်းဘူးလို့ အခိုင်အမာ ပြောကြလိမ့်မယ်။
– ကိုရီးယား စားသုံးသူတွေက မျက်နှာမှာ သတ္တုစတွေ စိုက်ဝင်တာကို ခံနိုင်ရည်ရှိလောက်အောင် သန်မာပါတယ်လို့ မပြောရင်ပဲ ကံကောင်း။
– တကယ်လို့ လေအိတ် ပြန်သိမ်းဆည်းမှု ဖြစ်လာရင် PAS ကော ပျက်စီးသွားမလား။
– သမ္မတရဲ့ သက်တမ်းက ကုန်တော့မယ်။ PAS သာ ပြိုလဲသွားရင် ဘာဖြစ်မလဲ။
– PAS မှာ ဘယ်သူက တာဝန်ယူမှာလဲ။ ရုပ်သေးဥက္ကဌလား။ ဒါမှမဟုတ် သမ္မတလား။
– သူတို့က ဘာလို့ ကန်ဂျင်ဟူကို ရန်သူအဖြစ် ပြောင်းလဲလိုက်တာလဲ။
– ဟားဟား။ သမ္မတက ဒီတစ်ကြိမ်မှာ တကယ်ပဲ ရန်သူ ဖြစ်သွားခဲ့ပြီ။
– သမ္မတက ရန်သူ ဖြစ်သွားပြီဟေ့။ ရန်သူလို သမ္မတမျိုးပဲ။
အမေရိကန် အမှုစစ်ရုံးက အွန်ဆောင်းမော်တာရဲ့ အမေရိကန် ရုံးခွဲကို တစ်ပြိုင်ထဲ ရှာဖွေစီးနင်းနေပြီး ကိုရီးယား အစိုးရဆီကိုလည်း တရားဝင် စာရွက်စာတမ်းတစ်စောင် ပေးပို့ခဲ့တယ်။
အမေရိကန်အမှုစစ်ရုံးက ဥက္ကဌ တက်ကွမ်တက်ကနေ အမှုစစ်ရုံးနဲ့ အိုးအိမ်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနတို့ဆီ တိုင်ကြားခဲ့တဲ့ အစီရင်ခံစာတွေနဲ့ ရလဒ်တွေဆိုင်ရာ အချက်အလက်တွေကို တောင်းဆိုခဲ့တယ်။ ဒါ့အပြင် PAS ရဲ့ စီအီးအိုနဲ့ အမှုဆောင်တွေကို အမေရိကန် လွှတ်တော် ကြားနာပွဲတွေကို တက်ရောက်နိုင်စေရေး သေချာစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တောင်းဆိုခဲ့ကြတယ်။
အွန်ဆောင်းမော်တာနဲ့ PAS တို့ကတော့ ထူးခြားတဲ့ ရှင်းလင်းချက်မျိုး ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သတင်းထောက်တွေ စုရုံးရောက်ရှိလာတဲ့ အချိန်မှာတောင် သူတို့ရဲ့ ရပ်တည်ချက်တွေကို ပြင်ဆင်နေဆဲ ဖြစ်တယ်လို့ ဆိုကာ နှုတ်ဆိတ်နေခဲ့ကြပါတယ်။
ရှုပ်ထွေးပွေလီနေတဲ့ အခြေအနေတွေကြားထဲမှာပဲ ကိုရီးယားမှာ ဖြစ်ရပ်နှစ်ခုက တစ်ပြိုင်ထဲ ဖြစ်ပွားခဲ့တယ်။
တစ်ခုကတော့ "ဂျင်ဟူ ပါးကွက်သား" ဆိုတဲ့ အကောင့်နာမည်နဲ့ မှတ်ချက်ပေါင်း ရာနဲ့ချီ ရေးသားခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIS) က အမျိုးသမီး ဝန်ထမ်းတစ်ယောက်ကို ရဲတပ်ဖွဲ့က အခန်းတစ်ခုမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က တံခါးကို ခေါက်တဲ့အခါ ထိုဝန်ထမ်းက တံခါးကို ပိတ်ထားပြီး NIS ဆီကို ဆက်သွယ်ရင်း အချိန်ဆွဲနေခဲ့ပါတယ်။ NISက ရဲတပ်ဖွဲ့ဆီ ဆက်သွယ်ပြီး သူတို့ဘာသာ ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်တဲ့အတွက် စောင့်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရဲတပ်ဖွဲ့က ဒါကို လျစ်လျူရှုပြီး တံခါးကို အတင်းအဓမ္မ ရိုက်ချိုးကာ ဝင်ရောက်ခဲ့တယ်။
အခန်းတွင်းမှာတော့ ကွန်ပျူတာဆိုင်လိုမျိုး ပြင်ဆင်ထားပြီး NIS ဝန်ထမ်းတွေက ID ပေါင်း ရာနဲ့ချီကို အလှည့်ကျ သုံးစွဲပြီး ပို့စ်တင်တာတွေနဲ့ မှတ်ချက်ပေးတာတွေကို လုပ်ဆောင်ခဲ့ကြတာပါ။ သူတို့က ကန်ဂျင်ဟူရဲ့ မျက်နှာကို ညစ်ညမ်းရုပ်ပုံတွေပေါ်မှာ ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ ဓာတ်ပုံတွေကိုတောင် ဖြန့်ဝေခဲ့ကြပါတယ်။
ခွင့်ယူပြီး ပုန်းရှောင်နေခဲ့တဲ့ အိမ်ပြာတော်က အကူအညီပေးသူ လီအီဆွန်းက ရဲတပ်ဖွဲ့ဆီကို ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့တယ်။ တကယ်လို့ ဒီနေ့အတွင်း လာရောက်ခြင်း မရှိရင် အတင်းအဓမ္မ ဖမ်းဆီး ဆင့်ခေါ်မယ်လို့ ရဲတပ်ဖွဲ့က ခြိမ်းခြောက်ထားခဲ့တာ ဖြစ်ပါတယ်။
သူက ကင်မရာတွေရဲ့ ရှေ့မှာ ခေါင်းငုံ့ပြီး ရပ်နေခဲ့တယ်။
“လူမှုရေးအရ အငြင်းပွားစရာတွေ ဖြစ်စေခဲ့တဲ့အတွက် မိဘပြည်သူတွေကို တောင်းပန်ပါတယ်”
သတင်းထောက်တွေက ချက်ချင်းပဲ မေးခွန်းတွေ တရစပ် မေးကြတယ်။
“ကွန်ဆာဗေးတစ်အဖွဲ့တွေရဲ့ ဆန္ဒပြပွဲတွေကို လမ်းညွှန်ခဲ့တာကို ဝန်ခံပါသလား”
“ဘာလို့ ဒီလို အမိန့်မျိုးတွေ ထုတ်ပြန်ခဲ့တာလဲ”
“ညွှန်ကြားချက်တွေ ပေးခဲ့တာ ခင်ဗျားပဲလား”
ထိုမေးခွန်းတွေကို သူက ပြန်ဖြေတယ်။
“ကွန်ဆာဗေးတစ်အဖွဲ့တွေကို ကျွန်တော် ဆက်သွယ်ခဲ့တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်က ညွှန်ကြားချက်တွေအတိုင်းပဲ လုပ်ဆောင်ခဲ့တာပါ”
သတင်းထောက်တွေက အံ့ဩသွားကြပါတယ်။
“တကယ်လို့ ခင်ဗျား မဟုတ်ရင် ဘယ်သူက ညွှန်ကြားချက် ပေးခဲ့တာလဲ”
“ဒီထက် ပိုမြင့်တဲ့ အာဏာပိုင် အဖွဲ့အစည်း ပါဝင်နေတာလား”
“ဒါက ဘယ်လောက်အထိ အထက်နဲ့ပတ်သတ်မှုရှိတာလဲ”
လီအီဆွန်းက သတင်းထောက်တွေကို တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
“ညွှန်ကြားချက် အားလုံးကို သမ္မတက ပေးခဲ့တာပါ။ ကျွန်တော်ကတော့ အဲဒါကို လက်ဆင့်ကမ်းပေးတဲ့ အခန်းကဏ္ဍကနေပဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်”