အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း (၂၀၅)
ပတ်ဆီဟျွန်းက စီးပွားရေးနဲ့ နိုင်ငံရေးလောကထဲမှာ ကျင်လည်နေစဉ်အတွင်း အကြပ်အတည်းများစွာနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ သူက အဲဒီစိန်ခေါ်မှုအားလုံးကို ကျော်ဖြတ်ပြီး ဒီရာထူးနေရာအထိ ရောက်လာခဲ့တာပါ။
သူက လုံလောက်တဲ့ အာဏာကိုလည်း ခံစားခဲ့ရသလို ပိုက်ဆံလည်း အများကြီး ရှာဖွေနိုင်ခဲ့တယ်။
အခုတော့ သမ္မတသက်တမ်း ကုန်ဆုံးပြီးတဲ့နောက် အေးအေးဆေးဆေး အနားယူဖို့ပဲ ကျန်ပါတော့တယ်။ ကန်ဂျင်ဟူသာ မရှိခဲ့ရင်ပေါ့။
ကိုရီးယားမှာပဲဆိုရင် သူက အာဏာနဲ့ ပိုက်ဆံကို သုံးပြီး အခြေအနေကို တစ်နည်းနည်းနဲ့ တားဆီးမိမှာ ဖြစ်ပေမယ့် အမေရိကန်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကိုတော့ တားဆီးနိုင်မယ့် နည်းလမ်းမရှိခဲ့ပါဘူး။
'တကယ်လို့ ကန်ဂျင်ဟူသာ ပျောက်ကွယ်သွားရင် ပြဿနာအားလုံး ပြေလည်သွားမလား'
နိုင်ငံရေးအရ လှုပ်ရှားလို့မရအောင် ပိတ်ဆို့ခံလိုက်ရတဲ့အခါ သူ့ခေါင်းထဲမှာ အတွေးပေါင်းစုံ ဝင်ရောက်လာတယ်။
အခြေအနေတွေ ဒီလောက်အထိ မဆိုးရွားခင်ကတည်းက ကြိုတင်ကာကွယ်မှုတွေ လုပ်ခဲ့သင့်တာပါ။
ကန်ဂျင်ဟူက ကယ်လီဖိုးနီးယားကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းဖြစ်တာကြောင့် သူနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်သွားရင် အမေရိကန်က ဘယ်တော့မှ ငြိမ်ခံနေမှာ မဟုတ်ပါဘူး။
ဒါ့အပြင် ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်ရင်လည်း ကန်ဂျင်ဟူ ပျောက်ကွယ်သွားရုံနဲ့ ဒီပြဿနာတွေက ပြေလည်သွားမှာ မဟုတ်ပါဘူး။
သူသိထားတဲ့ ချို့ယွင်းချက်တွေကနေ ဒီလောက်အထိ ဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ပတ်ဆီဟျွန်း မထင်ထားခဲ့ဘူး။ တကယ်လို့ ကားထုတ်လုပ်ပြီးခါစမှာတင် လေအိတ်တွေ ပေါက်ကွဲပြီး လူအများအပြား သေဆုံးခဲ့ရင် သူက ဒါကို အစောကြီးကတည်းက အရေးယူ ဆောင်ရွက်ခဲ့မှာပါ။ ဒါပေမဲ့ ထုတ်လုပ်ခဲ့တဲ့ အစုံသန်း ၅၀ ကျော်ထဲမှာမှ ရာဂဏန်းလောက်ပဲ ပြဿနာရှိခဲ့တာ ဖြစ်ပါတယ်။
'လူတစ်ဒါဇင်လောက် သေတာနဲ့တင် ဒီလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်ရတာလား'
သကြားလုံးနင်ပြီး သေတဲ့လူကမှ ပိုများဦးမယ် မဟုတ်လား။
သူက ဖြေရှင်းမယ့် နည်းလမ်း ရှာမတွေ့နိုင်ဖြစ်နေတုန်းမှာပဲ CarOSက အွန်ဆောင်း မော်တာရဲ့ လေအိတ် ချို့ယွင်းချက်တွေကို မီဒီယာတွေဆီ ကြေညာလိုက်တယ်။ အွန်ဆောင်း မော်တာဘက်ကတော့ ထူးထူးခြားခြား တုံ့ပြန်ဆောင်ရွက်တာမျိုး မရှိခဲ့ဘူး။
ချဉ်းကပ်ပုံ မှားသွားရင် အခြေအနေကို ပိုပြီး ဆိုးရွားသွားစေနိုင်ပါတယ်။
ပြန်လည်သိမ်းဆည်းမှုတွေ လုပ်ရမှာနဲ့ PAS ဒေဝါလီခံရမှာကတော့ သေချာသလောက် ရှိနေပါပြီ။ ပိုပြီး ကြီးမားတဲ့ ပြဿနာကတော့ အမေရိကန် တရားရေးဝန်ကြီးဌာနက ဒီကိစ္စကို တမင်တကာ ဖုံးကွယ်ထားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေတာပါ။
မကောင်းတဲ့ သတင်းတွေက တစ်ခုပြီးတစ်ခု လာနေတယ်လို့ ပြောရမလားပဲ။
တုံ့ပြန်မယ့် အစီအစဉ်ကို အသည်းအသန် ရှာဖွေနေတုန်းမှာပဲ အတွင်းရေးမှူး လီအီဆွန်းက ရဲတပ်ဖွဲ့ဆီကို ရုတ်တရက် ရောက်ရှိလာတယ်။ သူက ရက်အတော်ကြာအောင် ဆက်သွယ်လို့မရဘဲ ပျောက်ချက်သားကောင်းနေခဲ့ပြီးမှ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ပေါ်လာတာပါ။
ပိုပြီး အံ့ဩစရာကောင်းတာက သမ္မတက ကွန်ဆာဗေးတစ်အဖွဲ့တွေကို ဆန္ဒပြပွဲတွေ လုပ်ဖို့ ညွှန်ကြားခဲ့တယ်ဆိုတာကို သူက မီဒီယာတွေဆီ ဖွင့်ချလိုက်တာပါ။
သူ့ဘက်ကကြည့်ရင်တော့ ဒါက ရှောင်လွှဲလို့မရတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အရင်ကဆိုရင်တော့ လူထုရဲ့ စိတ်ဝင်စားမှု လျော့ပါးသွားတဲ့အထိ တရားစီရင်ရေးကို အချိန်ဆွဲထားပြီး နောက်ဆုံးမှာ ဆိုင်းငံ့ပြစ်ဒဏ်ပဲ ရရှိမှာပါ။ အဲဒီနောက်ပိုင်းကျရင် အွန်ဆောင်း ဒါမှမဟုတ် PAS ဆီကနေ ရာထူးတစ်ခုခု ရယူနိုင်ပါတယ်။
ဒါပေမဲ့ အခုတော့ ရဲတပ်ဖွဲ့နဲ့ အမှုစစ်ရုံး နှစ်ခုလုံးက အမြင့်ဆုံး သတိပေးချက် ထုတ်ထားတာကြောင့် နောက်ပိုင်းမှာ ရာထူးနေရာတစ်ခု ပေးပါ့မယ်လို့ ကတိပြုဖို့ မလွယ်ကူတော့ပါဘူး။
မလိုအပ်ဘဲ တာဝန်ယူမိရင် ဝန်ထုပ်ဝန်ပိုးအားလုံးကို တစ်ယောက်ထဲ ထမ်းပိုးရနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် သူက ညွှန်ကြားချက်တွေကို လက်ဆင့်ကမ်းပေးခဲ့တာပဲလို့ ပြောလိုက်ရင် တာဝန်ရှိမှုကနေ ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။
အိမ်ပြာတော်ကနေ တီဗီဖန်သားပြင်ပေါ်က ထိုပြကွက်ကို ကြည့်နေတဲ့ ပတ်ဆီဟျွန်းကတော့ အကြီးအကျယ် တုန်လှုပ်သွားခဲ့တယ်။
“ခွေးမသား”
သူက မိဘမဲ့ဖြစ်နေတဲ့ ထိုလူကို ခေါ်ယူပြီး အကြံပေးပုဂ္ဂိုလ်အဖြစ်အထိ မြှောက်စားပေးခဲ့တာပါ။ တစ်ဘဝလုံး ကျေးဇူးတင်နေရမယ့်အစား ဒါက နောက်ကျောကိုဓားနဲ့ထိုးတဲ့ သစ္စာဖောက်မှုပဲ။
ဒါပေမဲ့ ဒါက အစပဲ ရှိသေးတာပါ။
အက်ကွဲကြောင်းတစ်ခု စတင်ပေါ်ပေါက်လာတာနဲ့အမျှ အက်ကွဲကြောင်းက အရပ်မျက်နှာအားလုံးဆီကို ထိန်းချုပ်မရအောင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တယ်။
အမေရိကန် အမျိုးသား အဝေးပြေးလမ်းမကြီး သွားလာရေး ဘေးကင်းလုံခြုံမှု စီမံခန့်ခွဲရေးအဖွဲ့က PAS လေအိတ်တွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေကို မဖြစ်မနေ ပြန်လည်သိမ်းဆည်းဖို့ အမိန့်ထုတ်ပြန်လိုက်တယ်။ အခြားနိုင်ငံတွေကလည်း အလားတူ အစီအမံတွေကို စဉ်းစားနေကြတာကြောင့် တုံ့ပြန်မှုမရှိဘဲ ငြိမ်နေတာက ကိုရီးယားအစိုးရ တစ်ခုပဲ ကျန်ပါတော့တယ်။
ဒီဖြစ်ရပ်ကြောင့် အကျိုးအမြတ် ရရှိလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ ကားထုတ်လုပ်ရေး ကုမ္ပဏီတွေကတော့ အောင်ပွဲခံနေကြပါတယ်။ တချို့ကဆိုရင် “ကျွန်တော်တို့ ကားရဲ့ လေအိတ်တွေက ဘေးကင်းပါတယ်” ဆိုပြီး ပေါ်ပေါ်ထင်ထင် ကြော်ငြာနေကြပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အမေရိကန် လွှတ်တော် ကြားနာပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်။
PAS အမှုဆောင်တွေကို အမေရိကန်ဆီ တစ်ယောက်ပြီးတစ်ယောက် ဆင့်ခေါ်ခဲ့တယ်။ တကယ်လို့ သူတို့က ဆန္ဒအလျောက် လာရောက်ခြင်းမရှိရင် အင်တာပို (Interpol) ကနေတစ်ဆင့် အနီရောင်အဆင့် အဝိုင်းခံရမှာ ဖြစ်တာကြောင့် သူတို့မှာ လာဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။
တိုယိုတာရဲ့ ပြန်လည်သိမ်းဆည်းမှု အကြပ်အတည်းတုန်းက ပြဿနာတွေကို တမင်တကာ ဖုံးကွယ်ထားခဲ့တာက ပြင်းထန်တဲ့ ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။ တိုယိုတာက တရားစွဲဆိုမှုကို ရွှေ့ဆိုင်းဖို့အတွက် ဒေါ်လာ သန်း ၁၂၀၀ကို ဒဏ်ငွေအဖြစ် ပေးဆောင်ဖို့ သဘောတူခဲ့ရပါတယ်။ ဒါပေမဲ့ PAS အနေနဲ့ကတော့ အဲဒီလောက် ပမာဏကို တတ်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါ့အပြင် တိုယိုတာကိစ္စနောက်ပိုင်းကတည်းက သက်ဆိုင်ရာ ဥပဒေတွေကို ပိုမိုတင်းကြပ်ထားတာကြောင့် ဒဏ်ငွေပေးဆောင်ရင်တောင် တရားစွဲဆိုခံရမှုကနေ ရှောင်လွှဲလို့မရပါဘူး။
တစ်ယောက်ယောက်က တာဝန်ယူရမှာ ဖြစ်ပြီး အဖမ်းခံရမှာ ဖြစ်ပါတယ်။ သူတို့က ထောင်ထဲမှာ နှစ်အနည်းငယ်လောက် ဖြတ်သန်းရဖို့ ရှိနေပါတယ်။
အမေရိကန် ထောင်တွေက လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်တာကြောင့် နာမည်ကြီးပါတယ်။ ကော်ပိုရိတ် ရာဇဝတ်မှုနဲ့ ထောင်ထဲဝင်လာတဲ့ လူမည်း ဒါမှမဟုတ် လူမျိုးခြား တစ်ယောက်အတွက် ဘာတွေ ဖြစ်လာနိုင်မလဲ။
ကုမ္ပဏီအပေါ် သစ္စာရှိမှု ဒါမှမဟုတ် ပေးဆပ်မှုသက်သက်နဲ့တင် ဒီဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးဖို့က စွန့်စားရတာ အရမ်းများပါတယ်။ ဒါ့အပြင် အဲဒီလို ပေးဆပ်မှုမျိုးက ကုမ္ပဏီ ကောင်းကောင်းလည်ပတ်နေတဲ့ အချိန်မှာသာ ဖြစ်ပေါ်တတ်တာပါ။ ထောင်ထဲမှာ နှစ်အနည်းငယ်လောက် နေပြီးတဲ့အခါ ကုမ္ပဏီက တည်ရှိနေတော့မှာ မဟုတ်တာကြောင့် သစ္စာရှိမှုဆိုတာကလည်း အဓိပ္ပာယ်မရှိတော့ပါဘူး။
အမေရိကန် လွှတ်တော်အမတ်တွေက PAS အမှုဆောင်တွေကို ဒီဖုံးကွယ်ထားမှုအတွက် နောက်ကွယ်က တကယ့်တာဝန်ရှိသူက ဘယ်သူလဲဆိုတာကို အသည်းအသန် မေးမြန်းကြပါတယ်။ အဓိကကတော့ အစီရင်ခံစာတွေက ဘယ်လောက်အထိ အထက်ကို ရောက်သွားလဲနဲ့ ဘယ်သူက ညွှန်ကြားချက် ပေးခဲ့တာလဲဆိုတာကို သိဖို့ပါပဲ။
တာဝန်ရှိမှုကနေ ရှောင်လွှဲဖို့အတွက် PAS အမှုဆောင်တွေက သက်သေထွက်ဆိုဖို့ ဆန္ဒရှိနေကြပါတယ်။
သူတို့က ထိုအချိန်တုန်းက ဂယောင်ဂီပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့တဲ့ ပတ်ဆီဟျွန်းဆီကို အကြိမ်ကြိမ် အစီရင်ခံခဲ့ပြီး သူကပဲ တမင်တကာ ဖုံးကွယ်ထားဖို့ တိုက်ရိုက်ညွှန်ကြားခဲ့တာလို့ အခိုင်အမာ ထွက်ဆိုခဲ့ကြတယ်။ အစပိုင်းမှာသာ ခက်ခဲခဲ့တာဖြစ်ပြီး တစ်ယောက်ယောက်က စကားစပြောလိုက်တာနဲ့ သက်သေထွက်ဆိုချက်တွေနဲ့ အထောက်အထားတွေက တရစပ် ထွက်ပေါ်လာတော့တာပဲ။
“သူ သမ္မတအဖြစ် ရွေးကောက်ခံရပြီးတဲ့နောက်ပိုင်းမှာလည်း ကျွန်တော်က လစဉ် အစီရင်ခံစာတွေ ယူပြီး သူ့ဆီ သွားခဲ့ရတာပါ”
“လေအိတ်နဲ့ ပတ်သက်တဲ့ မတော်တဆမှု ဖြစ်တိုင်း ကျွန်တော် အစီရင်ခံခဲ့ပါတယ်”
“အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို စီအီးအို ပတ်ဆီဟန်ကို ချန်လှပ်ထားပြီး ပတ်ဆီဟျွန်းက ကိုယ်တိုင် တိုက်ရိုက် ဆုံးဖြတ်ခဲ့တာပါ”
ကြားနာပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာကြောင့် စောင့်ကြည့်နေတဲ့ လူတိုင်း အံ့ဩမှင်တက်သွားခဲ့ကြတယ်။
PAS ရဲ့ တကယ့်ပိုင်ရှင်က ကိုရီးယားနိုင်ငံရဲ့ သမ္မတဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားဘူးလေ။
– (ဂျင်ရယ်ဂျွန်) ကျွန်တော်တို့ ခေါင်းဆောင်ကြီးအတွက် အပြည့်အဝ ဂုဏ်ပြုတဲ့ အစီအစဉ်ကို စတင်လိုက်ပါပြီ။ စိတ်မကောင်းစရာကတော့ ဒီနေ့က နောက်ဆုံး ထုတ်လွှင့်မှုပါပဲ။ ကျွန်တော်တို့က PAS က ဘယ်သူ့ပိုင်လဲဆိုတာကို မနားတမ်း မေးခွန်းထုတ်ခဲ့ကြပေမယ့် အခုတော့ မေးနေဖို့ မလိုတော့ပါဘူး။
– (ဂျိုဝူဂျင်) ဘာလို့လဲဆိုတော့ PAS က ခေါင်းဆောင်ကြီးပိုင်တာ ဖြစ်တယ်ဆိုတာ နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့ပြီမလို့ပါ။
– (ဂျိုဝူဂျင်) PAS ရဲ့ တကယ့်ပိုင်ရှင် ပြဿနာက ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲတုန်းက ကိုရီးယားပါတီတွင်း အကြိုဆန္ဒမဲပေးပွဲမှာ ကတည်းက ပထမဆုံး ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
– (ဂျင်ရယ်ဂျွန်) အဲဒီတုန်းက ခေါင်းဆောင်ကြီး ပြောခဲ့တဲ့ စကားတွေကို ပြန်နားထောင်ကြည့်ရအောင်။
– “PAS က ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ။ တကယ့်ပိုင်ရှင်က ဘယ်သူလဲ။ ဒါတွေအားလုံးက ပြောင်ပြောင်တင်းတင်း လိမ်ညာနေတာပဲ။ ကျွန်တော်က အဲလိုပိုင်ရှင်ဘဝမျိုးနဲ့ ဖြတ်သန်းလာခဲ့တာ မဟုတ်ဘူး။ ဒါက လိမ်ညာမှုဆိုတာ ခင်ဗျားတို့အားလုံး သိကြတယ်မလား”
– (ဂျင်ရယ်ဂျွန်) ဟီးဟီး။ အခုပြန်နားထောင်ရင်တောင် ရယ်နေရတုန်းပဲ။
– (ဂျိုဝူဂျင်) ကျွန်တော်တော့ ဒါကို ကြားရတိုင်း အော်ရယ်မိတယ်။
– (ဂျင်ရယ်ဂျွန်) ခေါင်းဆောင်ကြီးရဲ့ ရှုထောင့်ကကြည့်ရင် ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်မလဲ။ ဆိုလိုတာက ကိုယ့်ကုမ္ပဏီကို ကိုယ်ပိုင်ပါတယ်လို့ မပြောနိုင်တဲ့လူက ကမ္ဘာပေါ်မှာ ဘယ်မှာရှိလို့လဲ။ သူတို့က ဟုန်ဂီဒေါင် (ကိုရီယား ငတက်ပြား) မလို့လား။
– (ဂျိုဝူဂျင်) ခေါင်းဆောင်ကြီးက သူ့ကုမ္ပဏီကို နောက်ဆုံးတော့ ပြန်လည်ရရှိသွားတာ တကယ်ကို ကံကောင်းပါတယ်။
– (ဂျင်ရယ်ဂျွန်) ဒါပေမဲ့ ရယ်စရာကောင်းတာက အမေရိကန် ကြားနာပွဲကို ဆင့်ခေါ်ခံရတဲ့ လူအားလုံးက ခေါင်းဆောင်ကြီးရဲ့ နာမည်ကိုပဲ ပြောနေကြတာ။ ဘယ်သူကမှ သူ့အတွက် အပြစ်ကို ကိုယ်စားခံယူပေးမယ့်ပုံ မရှိဘူး။ “ကျွန်တော်ပဲ။ ကျွန်တော်ပဲ ခေါင်းဆောင်ကြီးကိုယ်စား ထောင်ကျခံပါ့မယ်” လို့ ဘာလို့ မပြောရဲကြတာလဲ။
– (ဂျိုဝူဂျင်) ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ။ ခေါင်းဆောင်ကြီးက သူ့ကိုယ်သူပဲ စဉ်းစားတာ။ သူက ဘေးနားက လူတွေကို ဂရုမစိုက်ရင် သူတို့ကကော သူ့ကို ဘာလို့ ဂရုစိုက်ရမှာလဲ။
– (ဂျင်ရယ်ဂျွန်) စေ့စပ်သေချာလွန်းတဲ့ ခေါင်းဆောင်ကြီးက ဘယ်သူ့ကိုမှ မယုံဘူး။ သူက သူ့ရဲ့ ညီအရင်းကိုတောင် မယုံကြည်နိုင်ခဲ့တာမလို့ သမ္မတဖြစ်လာပြီးတဲ့နောက်ပိုင်း PAS ရဲ့ ကိစ္စရပ်တွေကို ကိုယ်တိုင် ကိုင်တွယ်ခဲ့တာလေ။ ဒါကြောင့်မလို့လည်း ဒီအခြေအနေအထိ ရောက်လာတာပေါ့။
– (ဂျိုဝူဂျင်) ခေါင်းဆောင်ကြီးရဲ့ ကြိုးစားအားထုတ်မှုကပဲ သူ့ကို ပျက်စီးစေခဲ့တယ်လို့ မြင်ရပါမယ်။ သူက အခုချိန်မှာ မတရားခံရတယ်လို့ ခံစားနေရပြီး ကွယ်လွန်သူ စီအီးအို တက်ကွမ်တက်ကို အပြစ်တင်နေလောက်ပြီ။
– (ဂျင်ရယ်ဂျွန်) ဒါက အဓိပ္ပာယ်ရှိပါတယ်၊ ဘာလို့လဲဆိုတော့ PAS က အွန်ဆောင်း မော်တာနဲ့ ပူးပေါင်းပြီး TKT Precision ကို မတရား သိမ်းပိုက်ခဲ့ခြင်းမရှိရင် ဒီလိုအခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး မဟုတ်လား။ ပြီးတော့ ကွယ်လွန်သူ စီအီးအို တက်ကွမ်တက်ရဲ့ စာရွက်စာတမ်းတွေက နောက်ဆုံးပိတ် ချက်ကောင်းကို ဖြတ်ရိုက်သလို ဖြစ်သွားခဲ့တာလေ။ လေအိတ် ချို့ယွင်းချက်တွေကို အွန်ဆောင်း မော်တာနဲ့ PAS တို့ဆီ အကြိမ်ကြိမ် အကြောင်းကြားခဲ့တဲ့ မှတ်တမ်းတွေအပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ တိုင်ကြားခဲ့တဲ့ အချက်အလက်တွေက အပြည့်အဝ ပေါ်ထွက်လာခဲ့ပြီ။ ခေါင်းဆောင်ကြီးကတော့ ဘုရင်က ကျွန်တစ်ယောက်ရဲ့ ဓားနဲ့ ထိုးခံလိုက်ရသလိုမျိုး တွေးနေလောက်ပါပြီ။
– (ဂျိုဝူဂျင်) ဒါက နှစ်ချက်ဆင့် အထိုးခံလိုက်ရသလိုပါပဲ။ ပထမတစ်ချက်က လေအိတ် ချို့ယွင်းချက်အတွက် ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ ဖုံးကွယ်ထားတာကို ဖွင့်ချခံလိုက်ရတာလေ။
– (ဂျင်ရယ်ဂျွန်) ကျွန်တွေက နှစ်ချက် ထိုးလေ့ရှိတယ်လို့ ပြောကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကို သတင်းပေးခဲ့တဲ့သူက ဒါကို သေချာပေါက် ပြောပေးဖို့ တောင်းဆိုခဲ့ပါတယ်။ စီအီးအို တက်ကွမ်တက်က သူဖန်တီးခဲ့တဲ့ လေအိတ်မှာ ချို့ယွင်းချက်ရှိနေတာကို သိလိုက်ရပြီးနောက်ပိုင်း တခြားသူတွေကို အသိပေးဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အွန်ဆောင်း မော်တာနဲ့ PAS တို့ကတော့ သူ့ကို နှုတ်ပိတ်ဖို့နဲ့ အမှန်တရားကို ဖုံးကွယ်ဖို့အတွက်ပဲ အလျင်စလို လုပ်ဆောင်ခဲ့ကြတယ်။
– (ဂျိုဝူဂျင်) အခုတော့ သူတို့က ဝဋ်လည်ကြတော့မှာပါ။ ခေါင်းဆောင်ကြီးအတွက် ကျန်ရှိတော့တာက သက်တမ်းကုန်ဆုံးသွားတာနဲ့ စုံစမ်းစစ်ဆေးခံရဖို့ပါပဲ။
– (ဂျင်ရယ်ဂျွန်) ဟီးဟီး။ ခေါင်းဆောင်ကြီး ထောင်ကျတော့မယ်။
ဒီမီးပွားက နိုင်ငံရေးလောကထဲကို တိုက်ရိုက် ကူးစက်သွားခဲ့တယ်။
ချွိုင်းမြောင်ဂီက သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုက် တာကြောင့် ကွန်ဆာဗေးတစ် ကိုယ်စားလှယ်တစ်ယောက်နဲ့ တိုးတက်ပြောင်းလဲရေးဝါဒီ ကိုယ်စားလှယ်နှစ်ယောက် ဖြစ်နေတဲ့ အခင်းအကျင်း ပေါ်ပေါက်လာပါတယ်။
လေဘာပါတီက ပြောင်းလဲမှုဆိုတဲ့ခေါင်းစဉ်ကနေတစ်ဆင့် အလယ်အလတ်ဝါဒရှိတဲ့ ကွန်ဆာဗေးတစ်လူထုကို ဆွဲဆောင်နေတဲ့အပြင် ချွိုင်းမြောင်ဂီက ဟိုချန်မင်းရဲ့ မဲတချို့ကို ခွဲယူပေးလိုက်တဲ့အတွက် လီဂျောင်ဟွန်းက မဲကွာဟချက်မှာ ပိုမိုအသာစီးရသွားကာ ဦးဆောင်နေပါတယ်။
သမ္မတဖြစ်လာမယ့် အိပ်မက်က လက်တစ်ကမ်းအလိုကို ရောက်ရှိလို့နေပါပြီ။
ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ပထမဆုံး အမျိုးသမီး သမ္မတတစ်ယောက် ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မဲမပေးခင် အချိန်အလိုမှာပဲ ကြီးမားတဲ့ အကြပ်အတည်းတစ်ခု ပေါက်ကွဲသွားခဲ့တယ်။
ပတ်ဆီဟျွန်းရဲ့ အုပ်စုနဲ့ ဘယ်လောက်ပဲ ခပ်ကွာကွာ နေပြီး အာဏာအပြောင်းအလဲကို တောင်းဆိုနေပါစေ၊ လေဘာပါတီက ပတ်ဆီဟျွန်းနဲ့ ပတ်သက်နေတဲ့ ဆက်နွှယ်မှုတွေကို အခြေခံအားဖြင့် ငြင်းပယ်ဖို့ ခက်ခဲပါတယ်။
(လေဘာပါတီနဲ့ နိုင်ငံရေးသစ်ပါတီလို့ပဲ သုံးပါတော့မယ်။ အင်္ဂလိပ်ဘာသာပြန်မှာ နာမည်တွေက ရှေ့နောက်နည်းနည်းပြောင်းတာရှိနေလို့ပါ)
အထူးသဖြင့် လီဂျောင်ဟွန်းက ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲတုန်းက ပတ်ဆီဟျွန်းရဲ့ မဲဆွယ်စည်းရုံးရေးမှာ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့ပြီး PAS ရဲ့ တကယ့်ပိုင်ရှင်နဲ့ ပတ်သက်ပြီး ပြဿနာတွေ ထွက်ပေါ်လာတုန်းကလည်း သူ့ကို တက်ကြွစွာ ကာကွယ်ပေးခဲ့ဖူးပါတယ်။
သမ္မတလောင်း စကားရည်လုပွဲအတွင်းမှာ နိုင်ငံရေးသစ်ပါတီရဲ့ ဟိုချန်မင်းက ဒီအချက်ကိုပဲ အဓိကထားပြီး တိုက်ခိုက်ခဲ့တယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ် လီဂျောင်ဟွန်းက PAS က သမ္မတ ပတ်ဆီဟျွန်းနဲ့ ဘာမှမပတ်သက်ပါဘူးလို့ အကြိမ်ကြိမ် အခိုင်အမာ ပြောခဲ့ဖူးပါတယ်။ အခုထိ အဲဒီအမြင်အတိုင်းပဲ ရှိနေဆဲလား”
လီဂျောင်ဟွန်းက မေးခွန်းကို ရှောင်လွှဲပြီး ဝေဝေဝါးဝါးပဲ ပြောလိုက်တယ်။
“ကျွန်မတို့အနေနဲ့ စုံစမ်းစစ်ဆေးမှုကို အနည်းငယ် ပိုပြီး စောင့်ကြည့်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်”
“PAS က သမ္မတ ပတ်ဆီဟျွန်းနဲ့ ပတ်သက်နေတာလား မပတ်သက်ဘူးလား။ တကယ်လို့ ဟုတ်တယ်ဆိုရင် ကိုယ့်ကုမ္ပဏီအတွက် အာဏာအလွဲသုံးစားလုပ်တာနဲ့ အွန်ဆောင်း မော်တာနဲ့ ပူးပေါင်းကြံစည်တာက သက်တမ်းကုန်ဆုံးတာနဲ့ ချက်ချင်း ဖမ်းဆီးခံရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ရပ်တည်ချက်ကို ပြောပေးပါ။ ကိုယ်စားလှယ် လီဂျောင်ဟွန်း။ ဒါနဲ့ PAS က ဘယ်သူပိုင်တာလဲ”
မေးခွန်းတွေက တရစပ် လာနေတာကြောင့် သူက အသည်းအသန် ငြင်းဆိုပါတယ်။
“အတည်မပြုရသေးတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ဒီလိုမျိုး စွပ်စွဲချက်တွေ မလုပ်သင့်ပါဘူး”
“PAS အမှုဆောင်တွေက အမေရိကန် လွှတ်တော်မှာ သက်သေထွက်ဆိုခဲ့ကြတာ မဟုတ်ဘူးလား”
“အဲဒီလူတွေ ပြောတာကို ကျွန်မတို့ ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ”
“အခုတလော အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုကို ခင်ဗျား ကြည့်ပြီးပြီလား”
ဟိုချန်မင်းက သူကြိုတင်ပြင်ဆင်ထားတဲ့ ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်တယ်။
ဒါက PAS စတင်တည်ထောင်ခါစ အစောပိုင်းကာလတုန်းက ဟောပြောပွဲတစ်ခုကို လျှို့ဝှက်ရိုက်ကူးထားတာဖြစ်ပြီး ပတ်ဆီဟျွန်းကိုယ်တိုင် PAS ကို သူတည်ထောင်ပြီး လည်ပတ်နေတာဖြစ်ကြောင်း ပြောကြားထားတာ ပါဝင်ပါတယ်။
“အခုလည်း PAS က သမ္မတ ပတ်ဆီဟျွန်းနဲ့ မပတ်သက်ဘူးလို့ ပြောဦးမှာလား”
“အဲဒါက……”
ချေပမယ့် စကားလုံး ရှာမတွေ့တော့တဲ့အခါ လီဂျောင်ဟွန်းက ခေါင်းထဲပေါ်လာတာကိုပဲ အော်ပြောလိုက်တယ်။
“အဲဒီမှာ နာမည် မပါဘူးလေ”
“ဘာဖြစ်တယ်…”
“သူက 'PAS ကို တည်ထောင်ပြီး လည်ပတ်နေတာ' လို့ပဲ ပြောသွားတာ၊ 'ကျွန်တော်' လို့ ထည့်ပြောသွားတာမှ မဟုတ်တာ”
ဟိုချန်မင်းက ဆွံ့အသွားတဲ့ ပုံစံနဲ့ မေးတယ်။
“အခု ကျွန်တော့်ကို စကားလုံးအသုံးအနှုန်းတွေနဲ့ ကစားနေတာလား”
“စကားလုံးတွေနဲ့ ကစားတယ်ဆိုတာ ဘာကို ပြောတာလဲ”
“ဒါဆို နာမည်မပါဘူးလို့ ပြောတာက စကားလုံးကစားတာမဟုတ်ရင် ဘာလဲ။ ဒါက ပြည်သူတွေကို လှောင်ပြောင်နေတာပဲ”
ချက်ကောင်းမိသွားတာကြောင့် လီဂျောင်ဟွန်းက မျက်နှာပျက်သွားပြီး လက်ညှိုးထိုးကာ အော်ဟစ်ပါတော့တယ်။
“မဟုတ်ဘူး။ ရှင် ဘယ်လိုလုပ် အဲလိုပြောနိုင်ရတာလဲ။ အခုချက်ချင်း သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်လိုက်ပါ”
[သမ္မတ ပတ်ဆီဟျွန်းက လေအိတ် ချို့ယွင်းချက်ကို ဖုံးကွယ်ထားဖို့ တိုက်ရိုက် ညွှန်ကြားခဲ့]
[PAS ရဲ့ တကယ့်ပိုင်ရှင်နဲ့ ပတ်သက်ပြီး ကာလရှည်ကြာ အငြင်းပွားမှု]
[PAS က ဘယ်သူပိုင်တာလဲ]
[သမ္မတ ပတ်ဆီဟျွန်းကတော့ နှုတ်ဆိတ်နေဆဲ]
[အိမ်ပြာတော်ကနေ ဘာထုတ်ပြန်ချက်မှ မရှိသေး]
ဟန်မင်းဂူက မီဒီယာတွေဆီကနေ တရစပ် တက်လာတဲ့ ဆောင်းပါးတွေကို ဖတ်ရင်း ရေရွတ်လိုက်တယ်။
“နောက်ဆုံးတော့ ဒီအခြေအနေအထိ ရောက်လာခဲ့ပြီပေါ့လေ”
ပတ်ဆီဟျွန်းက PAS ရဲ့ တကယ့်ပိုင်ရှင်ဖြစ်တယ်ဆိုတာ ပေါ်ထွက်လာတာနဲ့အမျှ အွန်ဆောင်း မော်တာက အစိုးရဆီကနေ ရရှိခဲ့တဲ့ အကျိုးခံစားခွင့် အမျိုးမျိုးက ပြဿနာဖြစ်လာဖို့ ရှိနေပါတယ်။
အစိုးရက ဦးဆောင်နေတဲ့ ဟိုက်ဒရိုဂျင်ကား ထောက်ပံ့ရေး အစီအစဉ်တွေက ချက်ချင်း ရပ်ဆိုင်းသွားတော့မှာပါ။
“ဒါကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်တယ်…”
ဟိုက်ဒရိုဂျင်ကားတွေနဲ့မတူဘဲ လျှပ်စစ်ကားတွေမှာတော့ ဘတ္ထရီ ပမာဏနဲ့ အားသွင်းချိန် အကန့်အသတ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပါမောက္ခ ကင်ဟိုမင်က အဲဒီအကန့်အသတ်တွေကို ကျော်လွန်နိုင်တဲ့ နောက်မျိုးဆက်သစ် ဘတ္ထရီကို တီထွင်နိုင်ခဲ့တယ်။
စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ အခြေအနေတွေက လျှပ်စစ်ကားဘက်ကို ယိမ်းသွားခဲ့ပါပြီ။
ဟိုက်ဒရိုဂျင်ကား အုပ်စုဘက်ကလည်း လမ်းခွဲမယ့် အရိပ်အယောင်တွေ ပြသနေခဲ့ပြီး ဖြစ်တာကြောင့် ဒီဖြစ်ရပ်က ဟိုက်ဒရိုဂျင်ကားထုတ်လုပ်မှုကို အပြီးတိုင် အဆုံးသတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အွန်ဆောင်း မော်တာက ဟိုက်ဒရိုဂျင်ကားတွေအတွက် ငွေပမာဏ အမြောက်အမြား ရင်းနှီးမြှုပ်နှံထားခဲ့ပြီး မော်ဒယ်အသစ် နှစ်ခုကို တီထွင်လို့ ပြီးစီးနေပြီ ဖြစ်တာကြောင့် အမြောက်အမြား ထုတ်လုပ်ဖို့ပဲ စောင့်ဆိုင်းနေခဲ့တာပါ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာတော့ ကားတွေကို မိတ်ဆက်ရင်တောင် ရောင်းရမယ့် နည်းလမ်းမရှိတော့ပါဘူး။
လက်ရှိအချိန်မှာတော့ သူတို့က အနာဂတ် ကားတီထွင်မှု အစီအစဉ်တွေကို အစကနေ ပြန်ပြီး စဉ်းစားဖို့ လိုအပ်နေပါပြီ။
“ဘယ်နေရာကနေ စပြီး မှားယွင်းသွားခဲ့တာလဲ”
CarOS ကို ရောင်းချခဲ့တဲ့ အချိန်တုန်းကလား။ ကန်ဂျင်ဟူကို ရန်သူအဖြစ် ပြောင်းလဲလိုက်တဲ့ အချိန်တုန်းကလား။ ဒါမှမဟုတ် DHK Engineering ပျက်စီးသွားတဲ့ အချိန်တုန်းကလား။
တကယ်တော့ ပြန်လည်သင့်မြတ်ဖို့ အခွင့်အရေးတွေ အကြိမ်ကြိမ် ရှိခဲ့ဖူးပါတယ်။
အွန်ဆောင်း မော်တာက သူ့ရဲ့ မိသားစုကို ဖျက်ဆီးခဲ့ပြီး သူ့အဖေကို သေဆုံးစေခဲ့တယ်ဆိုတာ သိလိုက်ရတဲ့ အချိန်မှာတုန်းက ကန်ဂျင်ဟူဆီကို စိတ်ရင်းမှန်နဲ့ တောင်းပန်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားခဲ့ရင် အခြေအနေတွေက အခုလိုမျိုးဖြစ်မလာဘဲ ကွဲပြားသွားနိုင်မလား။
အခုမှ နောင်တရနေတာက နောက်ကျသွားခဲ့ပါပြီ။
ပြန်စဉ်းစားကြည့်ရင် ကန်ဂျင်ဟူ မရှိခဲ့ရင်တောင် ဒီပြဿနာက တစ်နေ့နေ့မှာ သေချာပေါက် ပေါက်ကွဲလာမှာပါ။
သူတို့က လေအိတ် ချို့ယွင်းချက်ကို တွေ့ရှိခဲ့တဲ့ အချိန်တုန်းက ဘာလို့ ဘာအရေးယူ ဆောင်ရွက်မှုမှ မလုပ်ခဲ့ကြတာလဲ။
ဒါက PAS နဲ့ မိတ်ဖက်ဖြစ်နေလို့သက်သက်ကြောင့်ပဲလား။ ဒီလောက်အဆင့် ချို့ယွင်းချက်က ပြဿနာမရှိနိုင်ဘူးလို့ပဲ သူတို့က ရိုးရိုးရှင်းရှင်း တွေးခဲ့ကြတာလား။
“ငါလည်း အသက်ကြီးလာပြီ ထင်ပါရဲ့”
လက်ရှိ အခြေအနေက အွန်ဆောင်း မော်တာအတွက်တော့ အဆိုးရွားဆုံး အကြပ်အတည်းပါပဲ။
ဒါပေမဲ့ အွန်ဆောင်း မော်တာက ဒီလောက်နဲ့တင် ပြိုလဲသွားလောက်အောင် အားနည်းတဲ့ ကုမ္ပဏီမျိုး မဟုတ်ပါဘူး။ သူတို့မှာ ကြံ့ကြံ့ခံနိုင်မယ့် ငွေသားနဲ့ ကြံ့ခိုင်မှု လုံလောက်စွာ ရှိပါတယ်။
တိုယိုတာလည်း ပြန်လည်သိမ်းဆည်းမှု အကြပ်အတည်းတုန်းက လှုပ်ခတ်သွားခဲ့ဖူးပေမယ့် သူတို့က ကျော်ဖြတ်နိုင်ခဲ့ကြတာ မဟုတ်ဘူးလား။
အွန်ဆောင်း မော်တာလည်း အလားတူ လုပ်ဆောင်နိုင်မှာ သေချာပါတယ်။
ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ တစ်ယောက်ယောက်က ဒီအခြေအနေအတွက် တာဝန်ယူဖို့ လိုအပ်ပါတယ်။
ဟန်မင်းဂူက ဥက္ကဌတစ်ယောက်အနေနဲ့ သူ့ရဲ့ နောက်ဆုံးအမိန့်ကို ထုတ်ပြန်လိုက်တယ်။
“သတင်းစာရှင်းလင်းပွဲအတွက် ပြင်ဆင်လိုက်ပါ”
ဥက္ကဌ ဟန်မင်းဂူက ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
“အွန်ဆောင်း မော်တာက စားသုံးသူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် PAS လေအိတ်တွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ် အားလုံးကို ပြန်လည်သိမ်းဆည်းမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါက နိုင်ငံအားလုံးမှာ အတူတူပဲ သက်ရောက်မှုရှိမှာဖြစ်ပြီး အပိုပစ္စည်းတွေ ရရှိတာနဲ့အမျှ ချက်ချင်း လုပ်ဆောင်သွားမှာပါ။ ဝန်ထမ်းအားလုံးကလည်း ဒီပြဿနာကို ချက်ချင်း ဖြေရှင်းနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားပါ့မယ်လို့ ကတိပြုပါတယ်။ အွန်ဆောင်း မော်တာကို ချစ်မြတ်နိုးကြတဲ့ စားသုံးသူ အားလုံးကို စိတ်ရင်းမှန်နဲ့ တောင်းပန်အပ်ပါတယ်”
ပြန်လည်သိမ်းဆည်းမယ့်အကြောင်း ကြေညာချက်က ချက်ချင်းပဲ သတင်းထူး ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ပိုပြီး အရေးကြီးတဲ့ ကြေညာချက်ကတော့ လာဦးမှာပါ။
ဥက္ကဌ ဟန်မင်းဂူက တည်တည်ငြိမ်ငြိမ်ပဲ ဆက်ပြောပါတယ်။
“ဒီဖြစ်ရပ်အတွက် တာဝန်အားလုံးကို ကျွန်တော် ခံယူပါတယ်။ ကျွန်တော်က အွန်ဆောင်း မော်တာရဲ့ ဥက္ကဌ ရာထူးအပြင် တခြားသော ရာထူးအားလုံးကနေ အခုချက်ချင်းပဲ နှုတ်ထွက်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ထပ်ပြီး စိတ်ရင်းမှန်နဲ့ တောင်းပန်အပ်ပါတယ်”
သူ့ရဲ့ ကြေညာချက်ကို အဆုံးသတ်ပြီးနောက် ဟန်မင်းဂူက ၉၀ ဒီဂရီအထိ ကုန်းပြီး ဦးညွှတ်လိုက်ပါတယ်။
စီးပွားရေးလောကရဲ့ ဒုတိယအကြီးဆုံး အုပ်စုကို ဦးဆောင်နေတဲ့ ဘီလူးကြီးတစ်ကောင်ရဲ့ အနားယူမှုအတွက်တော့ ဒါက အလွန်ပဲ နှိမ့်ချလွန်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ပါတော့တယ်။
အခန်း (၂၀၆)
ကြီးမားတဲ့ အုပ်စုကြီးတွေရဲ့ ဥက္ကဌတွေက ပြဿနာတစ်ခုခုဖြစ်လာရင် အုတ်အော်သောင်းနင်း ဖြစ်အောင်လုပ်ပြီး တာဝန်ယူပါတယ်ဆိုကာ ရာထူးကနေ နှုတ်ထွက်ပြလေ့ရှိပေမယ့် နောက်ပိုင်းကျရင်တော့ တိတ်တဆိတ် ပြန်လာတတ်ကြတာ ထုံးစံပါပဲ။
ဒါပေမဲ့ ဟန်မင်းဂူကတော့ အုပ်စုအတွင်းမှာရှိတဲ့ ရာထူးအားလုံးကနေ နှုတ်ထွက်သွားခဲ့ရုံတင်မကဘဲ စီမံခန့်ခွဲမှုပိုင်းကို ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ကြေညာခဲ့တယ်။ ဟန်ချန်ယောင်းက ရေရှည်ဆက်ခံသူ သင်တန်းတွေ တက်ရောက်ထားခဲ့ဖူးတယ်ဆိုပေမယ့် ဒီလိုမျိုး ရုတ်တရက်ကြီး ထွက်ခွာသွားမှုကြောင့် လူတိုင်း ရှုပ်ထွေးအံ့ဩသွားခဲ့ကြရတယ်။
ဟန်မင်းဂူက ကုမ္ပဏီကနေ မထွက်ခွာခင်မှာ လက်အောက်ခံ ကုမ္ပဏီခွဲအသီးသီးက အမှုဆောင်တွေကို ခေါ်ယူတွေ့ဆုံပြီး အွန်ဆောင်းအုပ်စု ပြန်လည်တည်ငြိမ်လာတဲ့အထိ သူတို့ရဲ့ တာဝန်တွေကို သေချာထမ်းဆောင်ပေးကြဖို့ တောင်းဆိုခဲ့တယ်။
လက်တလော ချက်ချင်းဖြေရှင်းရမယ့် ပြဿနာကတော့ အကြပ်အတည်းကို တုံ့ပြန်ဖို့နဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ပါပဲ။
အွန်ဆောင်း မော်တာက နိုင်ငံအသီးသီးက အစိုးရတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုပူးပေါင်းပေးဖို့အပြင် ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ သူတို့ရဲ့ မော်တော်ယာဉ်တွေကို ပြန်လည်သိမ်းဆည်းဖို့ ဆုံးဖြတ်ခဲ့တယ်။ PAS လေအိတ်တွေ ပံ့ပိုးပေးမှုကိုလည်း ချက်ချင်းရပ်ဆိုင်းလိုက်ပြီး အခြားထုတ်လုပ်သူတွေဆီကနေ အပိုပစ္စည်းတွေ ရရှိဖို့အတွက် အလျင်စလို လုပ်ဆောင်ခဲ့ကြတယ်။
ကားတစ်စီးလုံးမှာ ပါဝင်တဲ့ သောင်းနဲ့ချီတဲ့ အစိတ်အပိုင်းတွေထဲကမှ တစ်ခုခု လိုအပ်နေမယ်ဆိုရင် ကားကို အပြီးသတ် ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့ စက်ရုံတွေ လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရပြီး ကားပေးပို့မှုတွေလည်း နှောင့်နှေးကြန့်ကြာခဲ့ရတယ်။ ထွက်ရှိပြီးသား ကားတွေဖြစ်ရင် တောင်မှ လေအိတ်တွေကို အစားထိုးလဲလှယ်ပေးပြီးတဲ့အထိ စားသုံးသူတွေဆီ ပေးပို့လို့မရ ဖြစ်နေခဲ့ပါတယ်။
အွန်ဆောင်း မော်တာရဲ့ စက်ရုံတွေ ရပ်ဆိုင်းသွားတဲ့အခါ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ ရာနဲ့ချီတဲ့ မိတ်ဖက်ထုတ်လုပ်ရေး ကုမ္ပဏီတွေလည်း လည်ပတ်မှုတွေ တစ်ပြိုင်ထဲ ရပ်တန့်သွားခဲ့ရတယ်။
အွန်ဆောင်း မော်တာက တုံ့ပြန်ဆောင်ရွက်မယ့် အစီအမံတွေကို လျင်လျင်မြန်မြန် ကြေညာခဲ့ပေမဲ့ PAS ကတော့ ဘာမှတ်ချက်မှမပေးဘဲ နှုတ်ဆိတ်နေခဲ့သလို မီဒီယာတွေရဲ့ မေးမြန်းမှုတွေကိုလည်း တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ဘူး။
PAS အမှုဆောင်တွေက အမေရိကန် လွှတ်တော်ကြားနာပွဲမှာ သက်သေထွက်ဆိုနေကြစဉ်အတွင်း ပတ်ဆီဟျွန်းရဲ့ သားဖြစ်သူ ပတ်မြောင်ဟွန်းက နိုင်ငံရပ်ခြား ကော်ပိုရေးရှင်းတွေရဲ့ စီအီးအို ရာထူးကနေ နှုတ်ထွက်လိုက်ပြီး သာမန်ဝန်ထမ်းတစ်ယောက်အဖြစ် ပြန်လည်လုပ်ကိုင်ခြင်းအားဖြင့် သမ္မတနဲ့ PAS တို့ရဲ့ ပတ်သက်မှုတွေကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒါက အပေါ်ယံ ဟန်ပြလုပ်ဆောင်မှုသက်သက်ပဲဆိုတာ လူတိုင်း သိနေကြတာပါပဲ။
သမ္မတ ပတ်ဆီဟျွန်းကတော့ စီစဉ်ထားတဲ့ အခမ်းအနားတွေအားလုံးကို ဖျက်သိမ်းလိုက်ပြီး အစည်းအဝေးတွေ ဒါမှမဟုတ် တရားဝင် ပွဲလမ်းသဘင်တွေမှာ ပေါ်ထွက်လာခြင်း မရှိတော့ပါဘူး။ အတိုက်အခံပါတီနဲ့ အာဏာရပါတီ နှစ်ခုလုံးကလည်း သမ္မတအနေနဲ့ ထုတ်ပြန်ချက်တစ်ခုခု ထုတ်ပေးဖို့ ဖိအားပေးနေကြပါတယ်။ အခုလို အခြေအနေမျိုးမှာတော့ လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေး မရှိတော့ပါဘူး။ လူထုရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့နဲ့ ကွန်ဆာဗေးတစ်တွေရဲ့ ထောက်ခံမှုကို ပြန်လည်စုစည်းဖို့အတွက် ဒူးထောက်တောင်းပန်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာပဲ ပတ်ဆီဟျွန်းက ပြည်သူတွေကို လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ ဒီတောင်းပန်မှုက အမှုစစ်ရုံးရဲ့ အလွန်အကျွံ စုံစမ်းစစ်ဆေးမှုတွေနဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ တရားမဝင် စောင့်ကြည့်မှု ပြဿနာတွေနဲ့ ပတ်သက်ပြီး အရင်တုန်းက တောင်းပန်ခဲ့ဖူးတဲ့အတွက် ဒုတိယအကြိမ်မြောက် တောင်းပန်မှုပါ။
“လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျာ။ ကျွန်တော် အလွန်ပဲ စိတ်မကောင်းဖြစ်ရတဲ့ နှလုံးသားနဲ့ ဒီနေရာမှာ မတ်တတ်ရပ်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်က တစ်မိနစ်တစ်စက္ကန့်လေးတောင် ကိုယ်ကျိုးစီးပွားကို မရှာဖွေခဲ့ဖူးသလို သေးငယ်တဲ့ အတ္တဆန္ဒမျိုးကိုတောင် မမွေးမြူခဲ့ပါဘူး။ ရိုးသားဖြောင့်မတ်ခြင်းက အကောင်းဆုံး မူဝါဒဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက်ပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တာပါ။ PAS နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့တာကတော့ ကျွန်တော့်ညီရဲ့ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တချို့မှာ ကူညီပေးခဲ့ရုံသက်သက်ပဲ ဖြစ်ပြီး အဲဒီထက် ဘာမှမပိုပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး အထင်အမြင်လွဲမှားမှုတွေ ခံရတာက ကျွန်တော့်ကို အကြီးအကျယ် စိတ်ထိခိုက်စေပါတယ်။ အခုဖြစ်ပျက်နေတဲ့ အရာတွေကို ကြည့်ပြီး တစ်ခါတစ်လေမှာ 'ငါက ဒီလိုမျိုးဖြစ်ဖို့ သမ္မတလုပ်ခဲ့တာလား' လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သက်တမ်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးအတွက် ကျွန်တော့်မှာ နောက်ဆုံး တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။ မိဘပြည်သူတို့ခင်ဗျာ။ ကျွန်တော်တို့ရဲ့ လုံခြုံရေးက ကြီးမားတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရသလို စီးပွားရေးကလည်း ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပြည်တွင်းပြည်ပ ပြဿနာပေါင်းစုံ စုံပုံနေတဲ့ အခုလို အချိန်မျိုးမှာ ကျွန်တော်က သက်တမ်းကုန်ဆုံးတဲ့အထိ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်သွားမှာပါ။ ကျေးဇူးတင်ပါတယ်”
သူ့ရဲ့ အမှားကို ဝန်ခံတာထက် သူ့ကိုသူ ပူးပေါင်းကြံစည်မှုရဲ့ သားကောင်တစ်ယောက်လိုမျိုး သဘောထားပြီး ပြောသွားတာပါ။ ဒီလိုမျိုး တောင်းပန်တာထက်စာရင် မတောင်းပန်ဘဲ နေတာကမှ ပိုပြီး ကောင်းဦးမယ်။
အင်တာနက်ပေါ်မှာတော့ လူထုက ဒေါသတကြီး တုံ့ပြန်နေကြပါတယ်။
– ဒါက ဘာတွေလျှောက်ပြောနေတာလဲ။
– ဟားဟား၊ ရိုးသားဖြောင့်မတ်ခြင်းက အကောင်းဆုံးတဲ့။ အော်တောင်ရယ်မိတယ်။
– သမ္မတတွေရဲ့ တောင်းပန်မှု ထူးခြားချက် = ဘယ်လိုပဲ နားထောင်နားထောင် ဘာအတွက် တောင်းပန်နေလဲဆိုတာ ရှာမတွေ့တာ။
– အခြေအနေမှန်နဲ့ ဝေးကွာနေပြန်ပြီ။
– ဥပဒေအရ တာဝန်ယူရမှာကို ဘယ်လိုနည်းနဲ့မဆို ရှောင်လွှဲဖို့ ကြံစည်နေတာပဲ။
– နောက်ဆုံးအချိန်အထိ သမ္မတက အပြောင်းအလဲမရှိဘူးပဲ။ အမြဲတမ်း တသမတ်တည်း ရှိတာကိုတော့ အသိအမှတ်ပြုပါတယ်။
– စကားလုံးတွေနဲ့တော့ ဘယ်သူမဆို တောင်းပန်နိုင်တာပဲလေ။ တကယ်လို့ စိတ်ရင်းမှန်နဲ့ တောင်းပန်ချင်တယ်ဆိုရင်တော့ ဂွမ်ဟွာမွန်း ရင်ပြင်အလယ်မှာ ပူပြင်းနေတဲ့ သံပြားပူပေါ်တက်ပြီး လူသိရှင်ကြား ဝန်ခံဖို့ အကြံပြုချင်ပါတယ်။ လိုအပ်မယ်ဆိုရင် စင်ဆောက်ဖို့အတွက် ရန်ပုံငွေကို ကျွန်တော် ကိုယ်တိုင် ကူညီပေးပါ့မယ်။
– ငါက ဒီလိုသမ္မတမျိုးကို မဲပေးခဲ့မိတာလားဆိုပြီး ကိုယ့်ကိုကိုယ် မုန်းတီးမိသလို စိတ်ပျက်မိတယ်။
– အခုချက်ချင်း စွဲချက်တင်ပြီး ရာထူးကနေ ဖြုတ်ချလို့မရဘူးလား။
– သမ္မတ ထောင်ထဲဝင်သွားတာကို မြင်ချင်လှပြီ။
– နောက်ပိုင်း ထောင်ကနေ ပြန်လွတ်လာတဲ့အခါကျရင် “ထောင်ကျတဲ့ ဘဝကို ဖြတ်သန်းခဲ့ဖူးတော့…” ဆိုပြီး ပြောဦးမယ့်ပုံစံကို မြင်ယောင်သေးတယ်။
– ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာတော့ ကျရှုံးသွားခဲ့ပါပြီလေ။
–သမ္မတလောင်း လီဂျောင်ဟွန်း အခုချက်ချင်း နှုတ်ထွက်ပေးပါ။
ကျွန်တော့်ဆီကို ဖုန်းတစ်ကော ဝင်လာပါတယ်။
[ငါ ဟန်မင်းဂူပါ]
“ဟုတ်ကဲ့ပါ”
ဘာကိစ္စနဲ့ ဖုန်းဆက်တယ်ဆိုတာကို ကျွန်တော် ရိပ်မိပါတယ်။
[စီအီးအို ကန်ဂျင်ဟူရဲ့ အိမ်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ငါ့ရဲ့ တာဝန်တွေပါပဲ။ ငါ စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်။ အမှန်တရားကို သိလိုက်ရကတည်းက ချက်ချင်း ခွင့်လွှတ်ဖို့ တောင်းဆိုခဲ့သင့်တာပါ၊ အခုလိုမျိုး နောက်ကျသွားခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းပါဘူး။ အခွင့်အရေး ရမယ်ဆိုရင် ကွယ်လွန်သူ စီအီးအို ကန်ဒေါင်ဟျွန်း နဲ့ ဇနီးဖြစ်သူတို့ကိုလည်း သွားပြီး တောင်းပန်ချင်ပါတယ်]
“……”
သူတောင်းပန်တာကို ကျွန်တော့်အဖေသာ သိမယ်ဆိုရင် ဝမ်းသာမိမလား။
ဝမ်းသာတာ ဒါမှမဟုတ် ဝမ်းမြောက်တာထက်စာရင် ရင်ထဲက အလုံးကြီးတစ်ခု ပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ချထားလိုက်ရသလိုမျိုးပါပဲ။
“ကျွန်တော် နောက်မှ စဉ်းစားပြီး အကြောင်းပြန်ပေးပါ့မယ်”
[ကျေးဇူးတင်ပါတယ်]
သူက ဖုန်းချသွားခဲ့ပါတယ်။
ကျွန်တော် ဖုန်းကို ဘေးမှာချထားလိုက်ပြီး ပြတင်းပေါက်နားမှာ သွားရပ်လိုက်တယ်။ ရုံးဆင်းချိန် ဖြစ်တာကြောင့် တီဟီရန်ရို လမ်းမကြီးပေါ်မှာ ကားတွေ ပိတ်နေခဲ့တယ်။ ခဏလောက် အတွေးပွားနေတုန်းမှာပဲ တက်ဂယူက အခန်းထဲ ဝင်လာပါတယ်။
“ဘာလုပ်နေတာလဲ။ အိမ်မပြန်ဘူးလား”
“သွားပြီး သောက်ကြမလား”
“ဟမ်… ရုတ်တရက်ကြီးလား”
“ဒီတိုင်း သောက်ချင်စိတ် ပေါက်လာလို့ပါ”
တက်ဂယူနဲ့အတူ အပြင်ကို ကျွန်တော်ထွက်လာခဲ့ပါတော့တယ်။
အွန်ဆောင်း မော်တာရဲ့ လေအိတ် ချို့ယွင်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဂယက်ရိုက်ခတ်မှုက ထင်ထားတာထက် ပိုမိုကြီးမားခဲ့တယ်။
အရင်တုန်းက ဝမ် သိန်းပေါင်း ၂၀၀ ကုဋေကျော် တန်ကြေးရှိခဲ့တဲ့ အွန်ဆောင်း အုပ်စုရဲ့ ဈေးကွက်တန်ဖိုးက ဝမ် သိန်းပေါင်း ၁၅၀ ကုဋေအောက်အထိ ကျဆင်းသွားခဲ့တယ်။
စီးပွားရေးလောကတစ်ခုလုံးကလည်း တုန်လှုပ်အံ့ဩစွာနဲ့ စောင့်ကြည့်နေကြပါတယ်။
ဒီအခြေအနေကို ဖန်တီးခဲ့တဲ့ တရားခံကတော့ အခြားမဟုတ်ဘဲ OTK ကုမ္ပဏီ ဖြစ်နေတာပါ။
အစပိုင်းမှာ OTK ကုမ္ပဏီဆိုတဲ့ နာမည် ပထမဆုံး ထွက်ပေါ်လာတုန်းကတော့ ရင်းနှီးမြှုပ်နှံမှု တချို့မှာ ကံကောင်းလို့ အောင်မြင်ခဲ့တဲ့ သာမန် Startup တစ်ခုသက်သက်လို့သာ ယူဆခဲ့ကြတာပါ။
နောက်ပိုင်းမှာ စီအီးအိုက ကန်ဂျင်ဟူ ဖြစ်တယ်ဆိုတာ ပေါ်ထွက်လာခဲ့ပြီး အွန်ဆောင်း မော်တာနဲ့ ဖြစ်ပွားခဲ့တဲ့ သူတို့ရဲ့ ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးတွေကလည်း လူအများ သတိပြုလာမိခဲ့တယ်။
အွန်ဆောင်း မော်တာက အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေနဲ့အတူ အရှိန်အဟုန်နဲ့ တိုးတက်နေခဲ့တာဖြစ်ပြီး ပတ်ဆီဟျွန်းကလည်း မီဒီယာတွေနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းတွေကို ထိန်းချုပ်ကာ ကြီးမားတဲ့ အာဏာကို ချုပ်ကိုင်ထားခဲ့တာပါ။
ကိုရီးယားမှာတော့ အစိုးရရဲ့ အမြင်ဆိုးနဲ့အကြည့်ခံရတဲ့ ကုမ္ပဏီတွေအနေနဲ့ ရှင်သန်ရပ်တည်ဖို့ ခက်ခဲပါတယ်။
ဘယ်သူကမှ OTK ကုမ္ပဏီအနေနဲ့ အစိုးရကို ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာတင် အွန်ဆောင်း မော်တာနဲ့ ပတ်ဆီဟျွန်း အစိုးရ နှစ်ခုလုံးက အပြီးတိုင် ပြိုလဲသွားခဲ့ရပါပြီ။
လက်ရှိအချိန်မှာတော့ OTK ကုမ္ပဏီက လုပ်ငန်းနယ်ပယ်အတွင်း ဒုတိယအကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။ သူတို့ရဲ့ လက်ရှိ တိုးတက်မှုနှုန်းကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် မကြာခင်မှာ ဆောင်းအီလက်ထရောနစ် အုပ်စုကိုပါ ကျော်လွန်ပြီး နံပါတ်တစ် ဖြစ်လာနိုင်ချေ ရှိနေပါတယ်။
မဟာငလျင်ကြီးလှုတ်ခတ်ပြီးတဲ့နောက်ပိုင်း စက်မှုလောကရဲ့ အခင်းအကျင်းက ပြောင်းလဲလို့နေပါပြီ။ OTK ကုမ္ပဏီက အဲဒီအပြောင်းအလဲကို ဦးဆောင်သွားမှာကတော့ သံသယဖြစ်ဖွယ် မရှိပါဘူး။
လူတိုင်းကလည်း စိတ်အားထက်သန်နေကြပြီး ကန်ဂျင်ဟူနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ခံစားနေကြရပါတယ်။
ဒါပေမဲ့ ကန်ဂျင်ဟူက ပြည်တွင်းမှာ လူသိရှင်ကြား လှုပ်ရှားမှုတွေကို သိပ်ပြီး မလုပ်ဆောင်သလို စီးပွားရေးဆိုင်ရာ အစည်းအဝေးပွဲတွေကိုလည်း တက်ရောက်လေ့ မရှိပါဘူး။
ဆောင်းအီလက်ထရောနစ် အုပ်စုကတော့ အစောကြီးကတည်းက ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဥက္ကဌ လင်ဂျင်ယုံ ကိုယ်တိုင် တက်ကြွစွာ လှုပ်ရှားခဲ့တယ်။ ရလဒ်အနေနဲ့ သူတို့က ဖက်စပ်လုပ်ငန်းတွေနဲ့ ရှယ်ယာလဲလှယ်မှုတွေကနေတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခဲ့ပြီး အတူတူ တိုးတက်လာခဲ့ကြတာပါ။
စီးပွားရေးလုပ်ငန်းရှင်တွေက ကန်ဂျင်ဟူနဲ့ တိုက်ရိုက်တွေ့ဆုံဖို့ ခက်ခဲနေတာကြောင့် ပတ်ဆန်းယော့နဲ့ အိုဟျွန်းဂျူးတို့ကနေတစ်ဆင့် ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားနေကြပါတယ်။
ဒီလိုမျိုး အခြေအနေက ကိုရီးယားတက္ကသိုလ်ရဲ့ စီးပွားရေးကျောင်းဆီကိုပါ ထူးဆန်းစွာ ပျံ့နှံ့သွားခဲ့တယ်။ အရည်အချင်းကိုပဲ အဓိကထားတယ်လို့ ပြောကြပေမယ့်လည်း ကျောင်းသားဟောင်းတွေရဲ့ ဆက်နွှယ်မှုတွေကိုတော့ ငြင်းပယ်လို့မရပါဘူး။
ကော်ပိုရေးရှင်းကြီးတွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေက ကိုရီးယားတက္ကသိုလ် စီးပွားရေးကျောင်းကနေ ဘွဲ့ရတော့မယ့် ကျောင်းသားတွေကို အသည်းအသန် ရှာဖွေနေကြတယ်။ အထူးသဖြင့် ကန်ဂျင်ဟူနဲ့အတူ ကျောင်းခဏလောက် အတူတူတက်ခဲ့ဖူးတဲ့သူဆိုရင် အလုပ်အကိုင် ရရှိဖို့ သေချာသလောက် ရှိနေတာပါ။
ကျောင်းသားတွေကလည်း ကန်ဂျင်ဟူနဲ့ ဆက်သွယ်နိုင်ဖို့အတွက် အလွန်ပဲ စိတ်အားထက်သန်နေကြပါတယ်။
စီးပွားရေးကျောင်းကို လာရောက်လျှောက်ထားသူ အရေအတွက်က ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် သုံးဆထက်မက တိုးတက်လာခဲ့တယ်။ ကျောင်းသားတွေက ကျောင်းတွင်းကလပ်ဖြစ်တဲ့ “Siltuary” ကို ဝင်ရောက်ဖို့အတွက် တန်းစီနေကြပါတယ်။
ဒီကလပ်က ကန်ဂျင်ဟူနဲ့ ပတ်ဆန်းယော့တို့ ပထမဆုံး ဆုံတွေ့ခဲ့ကြတဲ့ နေရာအဖြစ် လူသိများလို့ပါ။
သမ္မတ ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့က မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရှောင်လွှဲဖို့အတွက် မနက်စောစောကတည်းက သွားပြီး မဲပေးခဲ့ကြတယ်။
“မင်းကော ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းထားတာမျိုး မရှိဘူးလား”
“ဘယ်သူနိုင်မလဲဆိုတာက သိသာနေတာပဲ မဟုတ်ဘူးလား”
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လူထုစစ်တမ်းတွေအရ နိုင်ငံရေးသစ်ပါတီရဲ့ သမ္မတလောင်း ဟိုချန်မင်းက ငါးရာခိုင်နှုန်းအသာလောက်နဲ့ ဦးဆောင်နေပါတယ်။ မဲရုံစစ်တမ်းတွေကလည်း အလားတူ ရလဒ်မျိုးကိုပဲ ပြသနေမှာပါ။
“လူထုစစ်တမ်းတွေက တစ်ခါတစ်လေမှာ မှားတတ်တာပဲလေ”
“ဒီတစ်ကြိမ်တော့ သေချာပေါက် မှန်မှာပါ”
အခြေအနေတွေက Brexit တုန်းက ဒါမှမဟုတ် ရိုနယ် အနိုင်ရခဲ့တုန်းက အခြေအနေတွေနဲ့ လုံးဝကွဲပြားခြားနားပါတယ်။
ကျွန်တော်တို့က မဲရေတွက်မှု ထုတ်လွှင့်ပြသတာကို စောင့်ကြည့်ဖို့အတွက် အိမ်မှာပဲ စုဝေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး ညနေပိုင်း ရောက်တဲ့အခါ လူတိုင်း ကျွန်တော့်အိမ်ကို ရောက်လာကြတယ်။
စီနီယာ ပတ်ဆန်းယော့နဲ့ ဟင်နရီတို့က ပထမဆုံး ရောက်လာခဲ့ကြတာပါ။
ဟင်နရီက တရုတ်နိုင်ငံကို သွားခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန်ဆီ ခရီးထွက်ခဲ့ရပြီး မနေ့ကတင် ပြန်ရောက်တာ ဖြစ်ပါတယ်။ တရုတ်မှာ ထုတ်လုပ်ထားတဲ့ သံမဏိနဲ့ ဘိလပ်မြေလိုမျိုး ကုန်ကြမ်းတွေကို အမေရိကန်ဆီ ပေးပို့ဖို့အတွက် သွားရောက် စီစဉ်ခဲ့တာပါ။ ဒါကြောင့်မလို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူ့ကို ကုမ္ပဏီမှာ မြင်တွေ့ရဖို့ ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။
“ခရီးစဉ်က အဆင်ပြေခဲ့ရဲ့လား”
“အင်း။ ငါ အရင်က ပြောခဲ့သလိုပဲ အကြောင်းပြချက် အမျိုးမျိုးပေးပြီး ပြန်လည်ညှိနှိုင်းပေးဖို့ ငါတို့ကို တောင်းဆိုထားတယ်”
အတိုချုပ်ပြောရရင်တော့ စာချုပ်ချုပ်ဆိုခဲ့တဲ့ အချိန်ကတည်းက ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်သွားခဲ့တာကြောင့် တစ်ဖက်က ပြန်လည်ညှိနှိုင်းချင်နေကြတာပါ။ ဒါကလည်း အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုချက်မျိုးတော့ မဟုတ်ပါဘူး။
မဟာငလျင်ကြီး ပြီးတဲ့နောက်ပိုင်းမှာ ကုန်ကြမ်းစျေးနှုန်းတွေက အဆမတန် မြင့်တက်သွားခဲ့တာပါ။ တကယ်လို့ တခြားနေရာမှာ သာရောင်းမယ်ဆိုရင် ပိုပြီးမြင့်မားတဲ့ စျေးနှုန်းတွေကို ရရှိနိုင်မှာဖြစ်ပြီး ကျွန်တော်တို့ဆီ ရောင်းချတာကတော့ အရင်းကျရုံသက်သက်ပဲ ရှိတာလေ။ တစ်ဖက်က အော်ဟစ်ညည်းတွားနေကြတာကလည်း မဆန်းပါဘူး။
“စာချုပ်က ချုပ်ထားပြီးပြီဖြစ်တာမလို့ ဘယ်လိုမှ ပြန်လည်ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ငါ ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်”
“အင်း။ ကောင်းကောင်းလုပ်ခဲ့တာပဲ”
ကျွန်တော်တို့ တိုက်ရိုက်အသုံးပြုမယ့် ပမာဏကလွဲလို့ ကျန်တဲ့ပမာဏကိုတော့ ဝယ်ယူထားတဲ့ စျေးနှုန်းအတိုင်း အမေရိကန် အစိုးရဆီ ပြန်လည်ရောင်းချသွားမှာပါ။ တကယ်လို့ တစ်ဖက်က တစ်ဖက်သတ် စာချုပ်ဖောက်ဖျက်မယ်ဆိုရင် အမေရိကန် အစိုးရကလည်း ငြိမ်ခံနေမှာ မဟုတ်ပါဘူး။
ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ဆင်လာတဲ့ စီနီယာ ပတ်ဆန်းယော့နဲ့မတူဘဲ ဟင်နရီကတော့ ဒီနေ့မှာ သေသေချာချာ ပြင်ဆင်ဝတ်ဆင်လာခဲ့ပါတယ်။ အဲ့လိုဝတ်ဆင်ထားတာက အစ်မ အိုဟျွန်းဂျူးလည်း လာဖို့ရှိနေတာကြောင့်ပါ။
ခဏကြာတော့ အစ်မ အိုဟျွန်းဂျူးနဲ့ အယ်လီတို့ ရောက်လာကြတယ်။
“ဟိုင်း။ ငါတို့ ရောက်ပြီ”
“ကြိုဆိုပါတယ်”
အဲဒီနောက်ပိုင်းမှာတော့ တက်ဂယူ မှာယူထားတဲ့ အစားအသောက်တွေ တစ်ခုပြီးတစ်ခု ရောက်ရှိလာပါတယ်။ ဧည့်ခန်းစားပွဲပေါ်မှာ ပီဇာ၊ ကြက်ကြော်၊ ဝက်ခြေထောက်စတူးနဲ့ ဝက်သားပြုတ်တွေနဲ့ ပြည့်နှက်လို့နေပါပြီ။
ကျွန်တော်က ရေခဲသေတ္တာထဲကနေ ဘီယာတွေကို ထုတ်ယူလိုက်တယ်။
ကျွန်တော်တို့အားလုံး ဘီယာဗူးတွေကို တိုက်လိုက်ပြီး ဂုဏ်ပြုလိုက်ကြတယ်။
“မဲရေတွက်တာ စတင်နေပြီ”
ကျွန်တော်က ပီဇာနဲ့ ကြက်ကြော်တွေကို စားရင်း မဲရေတွက်မှု ထုတ်လွှင့်ပြသတာကို စောင့်ကြည့်နေခဲ့တယ်။ တစ်နာရီလောက် ကြာတဲ့အခါ တက်ဂယူက ကိုလာသောက်ရင်း ရေရွတ်လိုက်ပါတယ်။
“ရင်ခုန်စရာ သိပ်မရှိဘူးပဲ”
သူ့စကားက မှန်ပါတယ်။
မဲရေတွက်မှု စတင်ကတည်းက ဟိုချန်မင်းက သုံးရာခိုင်နှုန်းလောက်နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ကွာဟချက်က တဖြည်းဖြည်း ပိုကြီးလာခဲ့တယ်။ အခြေအနေ ပြောင်းပြန်လှန်သွားဖို့ကတော့ လုံးဝမဖြစ်နိုင်သလောက်ပါပဲ။
မဲရေတွက်မှု နောက်ဆုံးပိုင်းကို ရောက်ရှိလာတဲ့အခါ ဟိုချန်မင်းရဲ့ အနိုင်ရရှိမှုက သေချာသလောက် ရှိသွားခဲ့ပါပြီ။ ဒုတိယနေရာကလူနဲ့ မဲရာခိုင်နှုန်း ကွာဟချက်က ငါးရာခိုင်နှုန်းလောက် ရှိနေတာပါ။
စီနီယာ ပတ်ဆန်းယော့က ပြောတယ်။
“တကယ်လို့ ရွေးကောက်ပွဲ နောက်ဆုံးအချိန်မှာ လေအိတ်ဖြစ်ရပ်သာ မရှိခဲ့ရင် လီဂျောင်ဟွန်းက တကယ်ပဲ အနိုင်ရသွားနိုင်တယ်”
“မှန်တယ်”
ဟိုချန်မင်းက ၄၃ ရာခိုင်နှုန်း၊ လီဂျောင်ဟွန်းက ၃၈ ရာခိုင်နှုန်းနဲ့ ချွိုင်းမြောင်ဂီက ၁၅ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြတယ်။ ကျန်တဲ့မဲတွေကတော့ တခြားသော ရွေးကောက်ပွဲဝင် သမ္မတလောင်းတွေရဲ့ မဲတွေပါ။
တကယ်လို့ အလယ်အလတ်ဝါဒီ ကွန်ဆာဗေးတစ်လူထုသာ ကျောခိုင်းမသွားခဲ့ရင် ရလဒ်က ပြောင်းပြန် ဖြစ်သွားနိုင်ပါတယ်။
အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက်ကို ကျော်လွန်သွားပြီး အောင်ပွဲက သေချာသွားခဲ့တဲ့အခါ နိုင်ငံရေးသစ်ပါတီရဲ့ ရုံးချုပ်ကနေ အောင်ပွဲခံ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်။ လေဘာပါတီရဲ့ ရုံးခန်းတွေမှာတော့ မှုံမှိုင်းတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေခဲ့ပြီး လီဂျောင်ဟွန်းကလည်း ခေါင်းငုံ့ထားပါတယ်။
အစိုးရအဖွဲ့ အပြောင်းအလဲကတော့ သေချာသလောက် ရှိသွားခဲ့ပါပြီ။
ဟိုချန်မင်းက အစိုးရအသစ်အနေနဲ့ သံတမန်ရေးရာ ကိစ္စရပ်တွေ၊ ကာကွယ်ရေးကဏ္ဍ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးလောက ပူးပေါင်းကြံစည်မှု ပြဿနာတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေညာခဲ့တယ်။ တစ်နည်းအားဖြင့် ပြောရရင် ပတ်ဆီဟျွန်းရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖွင့်ချဖို့ ရည်ရွယ်ထားတာပါ။
အစ်မ အိုဟျွန်းဂျူးက စီးကရက်သောက်ရင်း မှတ်ချက်ပေးတယ်။
“ပတ်ဆီဟျွန်းကတော့ လုံးဝကို ဇာတ်သိမ်းသွားပြီပေါ့”
“အဲလိုပဲ ပြောရမှာပဲ”
အစ်မ အိုဟျွန်းဂျူးက ပြုံးလိုက်တယ်။ သူ့ရဲ့ မျက်နှာအမူအရာက “ငါ့မောင်ကို လာထိတဲ့အတွက် နင်ကတော့ ဝဋ်လည်ရပြီ” လို့ ပြောနေသလိုပါပဲ။
ကျွန်တော်က တက်ဂယူကို ကြည့်လိုက်တယ်။
ဒီကောင်ဟာ အစ်မ ဟျွန်းဂျူးက သူ့အပေါ် ဘယ်လောက်တောင် ကြောက်စရာကောင်းအောင် တွေးပေးထားလဲဆိုတာကို သိကောသိရဲ့လားမသိဘူး။
အယ်လီက မေးတယ်။
“အခု ပြဿနာတွေလည်း ပြီးသွားပြီဆိုတော့ ဘာဆက်လုပ်မလဲ”
“အင်း… ငါလည်း သေချာမသိသေးဘူး”
ပြန်စဉ်းစားကြည့်ရင် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ တကယ်ကိုပဲ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရတာပါ။ အမေရိကန်မှာတင်မကဘဲ ကိုရီးယားကို ပြန်ရောက်လာပြီးတဲ့နောက်ပိုင်းမှာလည်း ကျွန်တော် ကောင်းကောင်း အနားမယူခဲ့ရပါဘူး။
အခုတော့ ရင်ထဲမှာ အနည်းငယ် ပေါ့ပါးသွားခဲ့ပါပြီ။
“လောလောဆယ်တော့ အေးအေးဆေးဆေးနဲ့ အနားယူဖို့ပဲ စဉ်းစားထားတယ်”
အယ်လီက ပြုံးပြီး ပြောတယ်။
“ဒါဆို အရင်တုန်းက မသွားဖြစ်ခဲ့တဲ့ အားလပ်ရက် ခရီးစဉ်ကို ဘယ်တော့ သွားကြမလဲ”
ဟင်နရီကလည်း သွားဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ နားစွင့်နေခဲ့တယ်။
ဘယ်အချိန်မှာ သွားရမလဲဆိုတာကို ကျွန်တော် စဉ်းစားရတော့မှာပါ။
ကျွန်တော် ဒုံတန်ဆီကို ကားမောင်းပြီး ထွက်လာခဲ့ပါတယ်။ လာမလည်ဖြစ်တာ အတော်ကြာခဲ့ပြီ ဖြစ်သလို အများအားဖြင့်တော့ ကျွန်တော့်အမေကပဲ ဆိုးလ်ဆီကို လာလေ့ရှိတာပါ။
အိမ်ကို ရောက်တဲ့အခါ အမေက အံ့ဩတကြီးနဲ့ မေးရှာတယ်။
“ဘာလို့ ကြိုမပြောဘဲ ရုတ်တရက်ကြီး ရောက်လာရတာလဲ”
“အိမ်ပြန်လာတာကို ကြိုပြောဖို့ လိုလို့လား။ အမေရယ်”
“တစ်ခါတစ်လေ အမေ အိမ်မှာမရှိချိန်နဲ့တိုးနေမှာ စိုးလို့ပါကွယ်”
“မရှိရင်လည်း စောင့်နေရုံပေါ့”
သက်တော်စောင့်တွေလည်း ရှိနေသလို အိမ်ရဲ့ လုံခြုံရေးလျှို့ဝှက်နံပါတ်ကိုလည်း ကျွန်တော် သိနေတာပဲ မဟုတ်လား။
အိမ်ထဲကို ဝင်လိုက်တဲ့အခါ တစ်စုံတစ်ယောက် ရှိနေသလိုမျိုး ခံစားလိုက်ရတယ်။
“အိမ်မှာ ဘယ်သူရှိနေတာလဲ”
“အင်း။ ဧည့်သည် ရောက်နေတာ။ မြန်မြန် ဝင်လာခဲ့”
အိမ်ထဲကို ဝင်လိုက်တဲ့အခါ မထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက်ကြောင့် ကျွန်တော် အံ့ဩမှင်တက်သွားခဲ့ရတယ်။
ကျွန်တော် တုန်လှုပ်သွားပြီး မေးလိုက်တယ်။
“ဘာကိစ္စရှိလို့ ဒီအထိ လာရတာလဲ”
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးက မတ်တတ်ရပ်ပြီး ကျွန်တော့်ကို နှုတ်ဆက်ပါတယ်။
“မင်္ဂလာပါ။ ငါက ဒီနားက ဟိုတယ်တစ်ခုမှာ အလုပ်ကိစ္စရှိလို့ လာရင်းနဲ့ နှုတ်ဆက်ဖို့ ဝင်လာခဲ့တာပါ”
သူကတော့ အခြားသူမဟုတ်ဘဲ ဆီလွန်ဟိုတယ်ရဲ့ ဥက္ကဌ ဖြစ်တဲ့ လင်ဆိုမီပဲ ဖြစ်ပါတယ်။
ကျွန်တော် ကြီးပြင်းလာခဲ့တဲ့ အိမ်လေးထဲမှာ အခုလိုမျိုး ဥက္ကဌ တစ်ယောက် ရောက်နေတာကို မြင်တွေ့ရတာကတော့ တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းလှပါတော့တယ်။