← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉)

E-star ဆိုတာကတော့ ကိုရီးယားမှာ ကျင်းပတဲ့ ဂိမ်းပြပွဲတစ်ခုဖြစ်ပြီး ဂျပန်က Tokyo Game Show၊ တရုတ်က China Joy တို့နဲ့အတူ အာရှရဲ့ အကြီးမားဆုံး ဂိမ်းပြပွဲကြီး သုံးခုထဲက တစ်ခုလို့ သတ်မှတ်ခံထားရတာပါ။

ဒီနှစ်မှာတော့ ပါဝင်တဲ့ကုမ္ပဏီတွေ ပိုများလာပြီး အရင်နှစ်ထက် ပိုမိုကြီးမားလာတာကြောင့် ကိုရီးယားရဲ့ ဂိမ်းဈေးကွက် ဘယ်လောက်အထိ ကြီးထွားလာလဲဆိုတာကို ပြသနေပါတယ်။

OTK Games ကလည်း ဒီပြပွဲမှာ Lost Fantasy M အတွက် ပြခန်းတစ်ခု ဖွင့်လှစ်ထားပါတယ်။ ဒါ့အပြင် OTK GAMESရဲ့ ကိုယ်စားလှယ်ဖြစ်ပြီး Lost Fantasy စီးရီးရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ အိချီကာဝါ ရှီဂဲရု ကိုယ်တိုင် တက်ရောက်မှာပါ။

သူက ဒီပွဲမှာ Lost Fantasy Online ထုတ်လုပ်မယ့်အကြောင်း ကြေညာလိမ့်မယ်လို့ မျှော်လင့်ထားကြတာလေ။

ဒီသတင်း ထွက်လာတာနဲ့ ဂိမ်းကစားသူတွေအားလုံး ရူးမတတ် ဖြစ်သွားကြပြီး မိတ်ဆက်ပွဲတက်ရောက်ဖို့ လျှောက်လွှာတွေက ချက်ချင်းဆိုသလို ပြည့်သွားခဲ့တယ်။ ကံကောင်းတာကတော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် သီးသန့်နေရာတွေ ဖယ်ထားပေးတာပါပဲ။

တက်ဂယူက ဂိမ်းပြပွဲကို လေ့လာဖို့အတွက် ဘူဆန်ကို ဦးတည်ထွက်ခွာခဲ့ပြီး ဂိမ်းကုမ္ပဏီ စတင်တည်ထောင်ကတည်းက ရင်းနှီးခဲ့တဲ့အပြင် ဂျပန်ဘာသာစကားလည်း တတ်ကျွမ်းတဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်က လိုက်ပါကူညီပေးခဲ့တယ်။

OTK ကုမ္ပဏီ ထဲမှာ တက်ဂယူရဲ့ တည်ရှိမှုက ငြင်းပယ်လို့ မရပါဘူး။ အဓိက ရင်းနှီးမြှုပ်နှံမှု အများစုကို ကန်ဂျင်ဟူကပဲ ဆုံးဖြတ်တာ ဖြစ်ပေမယ့် တက်ဂယူက သူ့ဆီမှာ အရင်ဆုံး ရင်းနှီးမြှုပ်နှံခဲ့သူပါ။

သူက OTK ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ဘန့်ကွိုင်တွေကို ရောင်းချကာ အစပိုင်း ရန်ပုံငွေ ရှာပေးခဲ့တယ်ဆိုတာ လူသိများပါတယ်။ အားလုံးထက် ပိုပြီးတော့လည်း သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို စွန့်လွှတ်ပြီး ကန်ဂျင်ဟူကို စီအီးအိုအဖြစ် ခန့်အပ်ခဲ့သလို၊ Golden Gate နဲ့ လက်တွဲဖို့ သူ့ရဲ့အစ်မ အိုဟျွန်းဂျူးကို ခေါ်ဆောင်ခဲ့တာပါ။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် တက်ဂယူက OTK ကုမ္ပဏီရဲ့ လက်ရှိ ဖွဲ့စည်းပုံကို တည်ဆောက်ပေးခဲ့တာလို့ ပြောရင်လည်း မမှားပါဘူး။ ဒါကြောင့်မလို့ ဝန်ထမ်းတချို့က ဒုတိယဥက္ကဌကမှ နောက်ကွယ်က အာဏာရှင်အစစ်ပဲလို့ နောက်ပြောင်တတ်ကြတယ်။ အနည်းဆုံးတော့ ဂိမ်းပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လာရင် ဒုတိယဥက္ကဌက တိုက်ရိုက်ပါဝင် ပတ်သက်နေတယ်ဆိုပြီး လူသိများတယ်လေ။

တက်ဂယူတို့တွေဟာ KTX ရထားစီးပြီး ဘူဆန်ကို သွားခဲ့ကြတယ်။

ဂျောင်ကီဟုမ်က စိတ်လှုပ်ရှားနေတဲ့ တက်ဂယူကို လှမ်းကြည့်ပြီး ‘ဒီတစ်ခေါက်သာ အဆင်ပြေသွားရင် ငါဟာ ဒုတိယဥက္ကဌရဲ့ မျက်စိထဲ ရောက်သွားမလား’ လို့ တွေးနေမိတယ်။

သူ့ရဲ့ စိတ်ထဲမှာလည်း ကြိုးစားချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာခဲ့တယ်။

ဘူဆန်ဘူတာကို ရောက်တဲ့အခါ ကားတစ်စီးက စောင့်ဆိုင်းနေခဲ့ပါတယ်။ သူတို့တွေ နောက်ခန်းထဲ ဝင်ထိုင်လိုက်ပြီး သက်တော်စောင့်က ဂိမ်းပြပွဲကျင်းပရာ BEXCO ဆီကို မောင်းနှင်ခေါ်ဆောင်သွားခဲ့တယ်။

ပြပွဲခန်းမထဲ ဝင်လိုက်တာနဲ့ ကုမ္ပဏီအသီးသီးရဲ့ ပြခန်းတွေနဲ့ ပြည့်နှက်နေတဲ့ ကြီးမားတဲ့ လူဦးရေကို တွေ့လိုက်ရပါတယ်။ အခုလိုမျိုး ပြပွဲတွေက လုပ်ငန်းတွင်းက လူတွေနဲ့ အများပြည်သူတွေကို ထုတ်ကုန်အသစ်တွေ မိတ်ဆက်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ။

ဂျောင်ကီဟုမ်က ဂိမ်းပြပွဲကို ပထမဆုံးအကြိမ် လာဖူးတာ ဖြစ်ပေမယ့် အခုလိုမျိုး ပွဲတွေကို ခဏခဏ တက်ရောက်ဖူးတာကြောင့် ဒီမြင်ကွင်းနဲ့ ရင်းနှီးနေပါတယ်။

OTK GAMESက ခန်းမအလယ်မှာ ကြီးမားတဲ့ ပြခန်းတစ်ခု ပြင်ဆင်ထားပါတယ်။ အဓိက အထူးခြားဆုံးကတော့ “Lost Fantasy M” ဖြစ်ပြီး အရင်က ထွက်ရှိခဲ့တဲ့ စီးရီးတွေကိုလည်း ပြသထားတာပါ။

ပြပွဲခန်းမထဲက မိတ်ဆက်ပွဲကျင်းပမယ့် နေရာမှာတော့ လူတွေက စုပြုံရောက်ရှိနေကြပါပြီ။ ဝန်ထမ်းတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့အတူ သူတို့နှစ်ယောက်က ရှေ့ဆုံးတန်းမှာ နေရာယူလိုက်ကြတယ်။

တက်ဂယူက ကြွားဝါတဲ့ ပုံစံနဲ့ “အဖွဲ့ခေါင်းဆောင် ဂျောင်၊ ခင်ဗျား တကယ် ကံကောင်းတာပဲ။ ရှီဂဲရုက ဂျပန်မှာတောင် ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ပေးလေ့မရှိဘူးနော်” လို့ ပြောလိုက်တယ်။

“ဪ… အဲလိုလား ခင်ဗျာ”

“ဝါရင် ဘတ်ဖတ်က ရင်းနှီးမြှုပ်နှံမှုလောကရဲ့ ထိပ်သီးဆိုရင် ရှီဂဲရုက ဂိမ်းလောကရဲ့ ထိပ်သီးပဲ”

“ဪ… သဘောပေါက်ပါပြီ”

‘သူက တကယ်ပဲ အဲလောက်အထိ အစွမ်းထက်တာလား’

မိတ်ဆက်ပွဲခန်းမထဲမှာ လူတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ပြင်ဆင်ထားတဲ့ ထိုင်ခုံတွေက မလောက်မငှ ဖြစ်နေတာကြောင့် လူတွေက စင်္ကြံလမ်းတွေနဲ့ နောက်ဘက်တွေမှာ မတ်တတ်ရပ်နေကြပြီး တချို့ဆိုရင် အပြင်ဘက်ကနေ စောင့်ဆိုင်းနေကြရတာပါ။

တက်ရောက်လာသူ အများစုက အမျိုးသားတွေ ဖြစ်ကြပေမယ့် အမျိုးသမီးတချို့ကိုလည်း ရံဖန်ရံခါ မြင်တွေ့ရပါတယ်။ အသက်အရွယ်တွေကတော့ ဆယ်ကျော်သက်တွေကနေ အသက် ၄၀ ဝန်းကျင်အထိ စုံလင်လှပါတယ်။ စီးရီးကို အချိန်အကြာကြီး အားပေးလာခဲ့တဲ့ အသုံးပြုသူအဟောင်းတွေအပြင် “Lost Fantasy M” ကြောင့် ရောက်လာခဲ့ကြတဲ့ အသုံးပြုသူအသစ်တွေလည်း ပါဝင်ပါတယ်။

ပတ်ဝန်းကျင်တစ်ခုလုံးက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတာပါ။ ဂိမ်းဝဘ်ဆိုက်တွေ၊ အွန်လိုင်းမီဒီယာတွေနဲ့ ပင်မသတင်းဌာနတွေက သတင်းထောက်တွေအားလုံးလည်း ရောက်ရှိနေကြပါတယ်။

တက်ဂယူက မေးလိုက်တယ်။

“အိတ် ယူလာခဲ့ရဲ့လား”

“သေချာပေါက် ယူလာခဲ့တာပေါ့”

အိတ်ထဲမှာတော့ တက်ဂယူ စုဆောင်းထားတဲ့ “Lost Fantasy” ရဲ့ အမှတ်တရပစ္စည်းတွေ ရှိနေတာပါ။ သတင်းစာရှင်းလင်းပွဲအပြီးမှာ လက်မှတ်တောင်းဖို့အတွက် ယူလာခဲ့တာ ဖြစ်ပါတယ်။

ခဏအကြာမှာတော့ အိချီကာဝါ ရှီဂဲရုက ထုတ်လုပ်ရေးအဖွဲ့နဲ့အတူ ပေါ်လာခဲ့တယ်။ ဂိမ်းဝဘ်ဆိုက်တွေမှာ သူ့ကို လေးစားသမှုနဲ့ “ရှီဂဲရု” လို့ပဲ ခေါ်ဝေါ်ကြပေမယ့် တကယ်တော့ သူက အသက် ၄၀ နှောင်းပိုင်းကို ရောက်နေပါပြီ။ သူက တက္ကသိုလ်ဘွဲ့ရပြီးနောက် အသက် ၂၀ ကျော်မှာ ဂိမ်းကုမ္ပဏီကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အသက် ၂၈ နှစ်မှာတော့ သိကျွမ်းသူတွေနဲ့အတူ ဂိမ်းကုမ္ပဏီတစ်ခု တည်ထောင်ကာ “Lost Fantasy” ရဲ့ ထုတ်လုပ်မှုပိုင်းကို ကြီးကြပ်ခဲ့တယ်။

အဲဒီအချိန်တုန်းကတော့ ဒီစီးရီးက အခုလောက်အထိ အချိန်အကြာကြီး အားပေးမှု ရလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပါဘူး။

ရှီဂဲရုက ပရိသတ်တွေကို နှုတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့နောက်ကွယ်က ကြီးမားတဲ့ ဖန်သားပြင်ပေါ်မှာ “Lost Fantasy” စီးရီးရဲ့ Logo ပေါ်လာပြီး မိတ်ဆက်ပွဲကို စတင်လိုက်ပါတယ်။

သူ့ရဲ့ စကားတွေကို ချက်ချင်းပဲ ဘာသာပြန်ပြီး ဖန်သားပြင်ရဲ့ အပေါ်ဘက်မှာ စာတန်းထိုးအဖြစ် ပြသပေးနေပါတယ်။

ပြောစကားတွေကို နားထောင်ရင်း ဂျောင်ကီဟုမ်က အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။

“ဒါက ဘာတွေကို ပြောနေတာပါလိမ့်”

သူ ဂျပန်ဘာသာစကား တတ်ပေမယ့်လည်း နားမလည်နိုင် ဖြစ်နေတာပါ။ ဆန့်ကျင်ဘက်အနေနဲ့ တခြားသူတွေကတော့ စာတန်းထိုး မပေါ်လာခင်ကတည်းက အဓိပ္ပာယ်ကို သဘောပေါက်နေကြသလို အံ့ဩတုန်လှုပ်နေကြပြီး ခေါင်းညိတ်ထောက်ခံနေကြပါတယ်။

တက်ဂယူက ရှင်းပြတယ်။

“Lost Fantasy စီးရီးတစ်ခုလုံးမှာ အကျော်ကြားဆုံးနဲ့ အကောင်းမွန်ဆုံး ဂိမ်းက နံပါတ် ၉ ပဲ။ ဒီအွန်လိုင်းဂိမ်းက နံပါတ် ၉ ရဲ့ စကြဝဠာဖြစ်တဲ့ ဆီရာနာ တိုက်ကြီးပေါ်မှာ အခြေခံထားတာ၊ ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစနစ်ကတော့ အတော်လေး ချီးကျူးခံခဲ့ရတဲ့ နံပါတ် ၁၂ ရဲ့ count time battle ကို အသုံးပြုထားတာလေ။ ပြီးတော့ ဇာတ်ကောင် ကြီးထွားမှု စနစ်ကတော့ နံပါတ် ၁၁ ရဲ့ license board စနစ်ကို ပေါင်းစပ်ထားတာ ဖြစ်တယ်။ အသုံးပြုသူတွေက hybrid class ဒါမှမဟုတ် single class ကို ရွေးချယ်နိုင်တယ်။ ဒါပေမဲ့ hybrid class က ကောင်းကောင်း လုပ်နိုင်ရင် dual master ဖြစ်လာနိုင်ပေမယ့် မဟုတ်ရင်တော့ အားနည်းတဲ့ ဇာတ်ကောင် ဖြစ်သွားနိုင်တယ်။ သတ်မှတ်ထားတဲ့ Level တွေမှာ ဖွင့်လို့ရတဲ့ hidden class တွေ ရှိပေမယ့် ဒါတွေကို မျှတအောင် လုပ်ဖို့ကတော့ စိန်ခေါ်မှုတစ်ခုပဲ…”

“……”

ဘာတွေကို ပြောနေတာလဲကွာ။

‘ဂိမ်းလောကမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ဒီလောက်အထိ ကျွမ်းကျင်တဲ့ အဆင့်အတန်းကို လိုအပ်တာလား’

မိတ်ဆက်ပွဲပြီးဆုံးသွားတဲ့အခါ အားလုံးက နေရာကနေ ထရပ်ပြီး လက်ခုပ်တီး အားပေးကြပါတယ်။ အဲဒီနောက်မှာတော့ အမေးအဖြေကဏ္ဍတိုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

တစ်နာရီကြာ ပွဲအပြီးမှာတော့ ရှီဂဲရုက ထုတ်လုပ်ရေးအဖွဲ့နဲ့အတူ မိတ်ဆက်ပွဲခန်းမထဲကနေ ထွက်ခွာသွားခဲ့တယ်။

သီးသန့် အစည်းအဝေးခန်းတစ်ခုမှာတော့ OTK ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌက OTK GAMESရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တယ်။

တက်ဂယူက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။

“ငါ ရင်းနှီးမြှုပ်နှံမှု မှန်မှန်ကန်ကန် လုပ်ခဲ့တာပဲ”

သူ ငယ်စဉ်ကလေးဘဝကတည်းက ပျော်ပျော်ပါးပါး ကစားခဲ့ရတဲ့ ဂိမ်းဖန်တီးသူနဲ့ အခုလိုမျိုး တွေ့ဆုံခွင့်ရတာက အိပ်မက်တစ်ခု တကယ်ဖြစ်လာသလိုပါပဲ။

တကယ်လို့ သူသာ ရင်းနှီးမြှုပ်နှံသူတစ်ယောက် မဟုတ်ခဲ့ရင် အခုလိုမျိုး အခွင့်အရေးကို ဘယ်လိုလုပ် ရရှိနိုင်ပါ့မလဲ။

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က အိချီကာဝါ ရှီဂဲရု ပါ”

“မင်္ဂလာပါ၊ ကျွန်တော်က အိုတက်ဂယူ ပါ”

တက်ဂယူက ငယ်စဉ်ကတည်းက ဂျပန် Anime တွေနဲ့ ဂိမ်းတွေကို ထိတွေ့ခဲ့ရတာကြောင့် ကိုယ်တိုင် လေ့လာသင်ယူခဲ့ပြီး ဂျပန်ဘာသာစကားကို အတော်လေး ကောင်းကောင်း ပြောဆိုနိုင်ပါတယ်။

သူ့တို့တွေ ဂိမ်းအကြောင်းကို အလေးအနက် စတင်ဆွေးနွေးကြတယ်။ သူတို့ရဲ့ စကားဝိုင်းရဲ့ ထက်ဝက်ကျော်က ဂိမ်းဆိုင်ရာ ဝေါဟာရတွေနဲ့ နာမည်တွေ ဖြစ်တာကြောင့် စကားပြန် မလိုဘဲ အဆင်ပြေနေခဲ့တာပါ။

ကစားသမား အများအပြား တစ်ပြိုင်ထဲ ကစားနိုင်တဲ့ MMORPG ဂိမ်းတွေက ကြီးမားတဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေနဲ့ နှိုင်းယှဉ်ရင် အောင်မြင်ဖို့ ရာခိုင်နှုန်း နည်းပါးလှပါတယ်။

အမှန်တကယ် ထုတ်လုပ်မှု ကုန်ကျစရိတ်က သန်းပေါင်းများစွာကနေ ဝမ် သန်းပေါင်း ၁သိန်းကျော်အထိ ရှိနေတတ်ပြီး ဂိမ်းအများစုက သုံးနှစ်တောင် မခံဘဲ ဝန်ဆောင်မှု ရပ်ဆိုင်းသွားတတ်ကြတာပါ။

ဒါကြောင့်မလို့ အသေးစားနဲ့ အလတ်စား ဂိမ်းကုမ္ပဏီအများစုက အခုလိုမျိုး ဂိမ်းတွေကို ထုတ်လုပ်ဖို့ မတွေးရဲကြပါဘူး။ တကယ်လို့ Lost Fantasy M ဆီကနေ အကျိုးအမြတ်တွေ မရရှိခဲ့ရင် OTK GAMESကလည်း အခုလိုမျိုး ထုတ်လုပ်မှု အစီအစဉ်ကို စဉ်းစားရဲမှာ မဟုတ်ပါဘူး။

MMORPG ဂိမ်းတွေက စွန့်စားရမှု မြင့်မားသလို အကျိုးအမြတ်လည်း ကြီးမားလှပါတယ်။ အောင်မြင်သွားခဲ့ရင် အချိန်အကြာကြီးအထိ တည်ငြိမ်တဲ့ ဝင်ငွေကို ရရှိစေနိုင်တာပါ။ ဒါပေမဲ့ ကျရှုံးခဲ့ရင်တော့ ထုတ်လုပ်မှု ရန်ပုံငွေတွေအားလုံး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

မိခင်ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌကို စိတ်အေးစေဖို့အတွက် ရှီဂဲရုက ပြောလိုက်တယ်။

“ကျွန်တော်တို့ လက်ရှိ စီးရီးရဲ့ စနစ်တွေနဲ့ ဇာတ်ကောင်တွေကို အသုံးပြုပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချသွားမှာဖြစ်သလို အချိန်ဇယားကိုလည်း တိုတောင်းအောင် လုပ်ဆောင်သွားမှာပါ”

ဒါတောင်မှ လက်ရှိ ခန့်မှန်းထားတဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ယန်း သန်း ၅ ထောင်အထိ ရှိနေပြီး ထုတ်လုပ်မှု အမှန်တကယ် စတင်တဲ့အခါ ဘယ်လောက်အထိ ထပ်ပြီး တိုးလာဦးမလဲဆိုတာ မသေချာပါဘူး။

တက်ဂယူက ပြတ်ပြတ်သားသား ပြောလိုက်တယ်။

“Lost Fantasy က ဂိမ်းတစ်ခုထက် ပိုပါတယ်။ အဲဒါက ကမ္ဘာတစ်ခုပါ။ ဇာတ်ကောင်တွေက အဲဒီကမ္ဘာထဲမှာ ရှင်သန်နေကြတဲ့ ကျွန်တော်တို့ရဲ့ တခြားပုံစံတစ်ခုပါပဲ။ ဒါကြောင့်မလို့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေနဲ့ အောင်မြင်မှုတွေထက် ပိုပြီး အရေးကြီးတာက စီးရီးရဲ့ အမွေအနှစ်ကို ဆက်ခံဖို့နဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ပြည့်မီစေမယ့် အရည်အသွေးမြင့် ဂိမ်းတစ်ခု ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် အပါအဝင် လူတိုင်းက အဲဒါကိုပဲ မျှော်လင့်ကြတာပါ”

ဒီစကားတွေကြောင့် ရှီဂဲရုက စိတ်လှုပ်ရှားသွားရတယ်။

သူ အခုထိ တွေ့ခဲ့ဖူးသမျှ ရင်းနှီးမြှုပ်နှံသူတွေက ရေတိုအကျိုးအမြတ်ကိုပဲ အဓိက ဂရုစိုက်ကြတာပါ။ သူတို့ လိုချင်တာက အရည်အသွေးမြင့် ဂိမ်းတစ်ခု မဟုတ်ဘဲ ငွေကြေးသက်သက်ပါပဲ။

သူ့ရဲ့ ထုတ်လုပ်မှုခံယူချက်ကို အသိအမှတ်ပြုပေးမယ့် ရင်းနှီးမြှုပ်နှံသူတစ်ယောက်နဲ့ တွေ့ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။

“ဒုတိယဥက္ကဌ စိတ်ပျက်ရမှာ မဟုတ်တဲ့ ဂိမ်းတစ်ခု ဖန်တီးပေးမယ်လို့ ကျွန်တော် ကတိပေးပါတယ်”

“ကျွန်တော် ယုံကြည်ပြီး စောင့်နေပါ့မယ်”

ဆွေးနွေးမှုအပြီးမှာတော့ တက်ဂယူက သူ စုဆောင်းထားတဲ့ ဂိမ်းခွေတွေနဲ့ ပိုစတာတွေပေါ်မှာ လက်မှတ်တွေ ရရှိခဲ့သလို အတူတူ ဓာတ်ပုံလည်း ရိုက်ခဲ့ကြတယ်။

“ကျွန်တော် မကြာခင် ကန်ဂျင်ဟူ… မဟုတ်ဘူး၊ စီအီးအိုနဲ့အတူ OTK GAMES ရုံးချုပ်ဆီကို လာခဲ့ပါ့မယ်”

“အချိန်မရွေး ကြိုဆိုနေပါတယ်”

သူတို့ အပြန်အလှန် လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး အိချီကာဝါ ရှီဂဲရုက အရင်ဆုံး ထွက်ခွာသွားခဲ့တယ်။

ဂျောင်ကီဟုမ်က မေးလိုက်တယ်။

“အစီအစဉ်တွေအားလုံး အခုပြီးသွားပြီလား ခင်ဗျာ”

“ဘာတွေ ပြောနေတာလဲ။ အခုမှ စတာပဲ ရှိသေးတာလေ”

တက်ဂယူက ပြခန်းတစ်ခုချင်းစီကို လှည့်လည်သွားလာရင်း ဂိမ်းအသစ်တွေကို စမ်းသပ်တာ၊ ကစားတာနဲ့ ထုတ်ကုန်အမျိုးမျိုးကို သေသေချာချာ လေ့လာတာတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့တယ်။

ဂျောင်ကီဟုမ်က အိတ်တွေကို သယ်ရင်း ဒုတိယဥက္ကဌရဲ့ နောက်ကနေ လိုက်ပါလာခဲ့ပြီး စိတ်ထဲကနေ လေးစားမိသွားတယ်။

‘ဒုတိယဥက္ကဌက ဂိမ်းလောကရဲ့ ဈေးကွက်ကို ဒီလောက်အထိ သေသေချာချာ လေ့လာနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ရင်းနှီးမြှုပ်နှံမှုမှာ အောင်မြင်တာက ကံသက်သက်တင် မဟုတ်ဘူးပဲ’

ဒါကတော့ အထင်လွဲတာပါ။ ဒုတိယဥက္ကဌက သူ့ရဲ့ ဝါသနာကို ပျော်ပျော်ပါးပါး ခံစားနေတာ သက်သက်ပါပဲ။

အရပ်ဝတ် သက်တော်စောင့် နှစ်ယောက်က သူ့နောက်ကနေ လိုက်ပါလာခဲ့ကြပေမယ့် ကာကွယ်ပေးစရာ ကိစ္စကတော့ မရှိသလောက်ပါပဲ။ လူသိများလှတဲ့ ကန်ဂျင်ဟူနဲ့ မတူဘဲ အိုတက်ဂယူရဲ့ အထောက်အထားကို သိတဲ့သူက မရှိသလောက်မလို့ပါ။

ပင်ပန်းစရာ အစီအစဉ်တွေကို အဆုံးသတ်ပြီး KTX ရထားနဲ့ ဆိုးလ်ဘူတာကို ရောက်တဲ့အခါ ညဘက် ရောက်နေပါပြီ။ သူတို့က စောင့်ဆိုင်းနေတဲ့ ကားထဲကို ဝင်ထိုင်လိုက်ကြတယ်။

“အဖွဲ့ခေါင်းဆောင် ဂျောင်၊ အပင်ပန်းခံ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“မဟုတ်တာပဲ၊ ကျွန်တော် ဘာမှ သိပ်မလုပ်ပေးရပါဘူး”

တကယ်တော့ သူ ဘာမှ အများကြီး မလုပ်ပေးခဲ့ရပါဘူး။

သူက ဘာသာပြန်ပေးဖို့အတွက် လိုက်လာခဲ့တာ ဖြစ်ပေမယ့် ဒုတိယဥက္ကဌရဲ့ ဂျပန်စာ အရည်အချင်းက ဒီလောက်အထိ ကောင်းမွန်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့တာပါ။

“ဗိုက်ဆာနေပြီဆိုတော့ ညစာ သွားစားကြရအောင်။ ဘာစားချင်လဲ။ ခင်ဗျား ပင်ပန်းလာတာဆိုတော့ ကျုပ် ဝယ်ကျွေးပါ့မယ်။ ကန်ဂျင်ဟူကိုပါ လှမ်းခေါ်လိုက်ရမလား”

“ကျွန်တော် သိရသလောက်တော့ စီအီးအို ကန်ဂျင်ဟူက လက်ရှိ ဆီလွန်ဟိုတယ်ရဲ့ ဖွင့်လှစ်ပွဲ ပါတီကို တက်ရောက်နေတာပါ။ ကိုယ်စားလှယ် ပတ်ဆန်းယော့လည်း အတူတူ ရှိနေတယ်လို့ သိရပါတယ်”

“ဪ… ဟုတ်သား။ သူ ဒီနေ့ သွားမယ်လို့ ပြောခဲ့တာပဲ”

ဂျောင်ကီဟုမ်က အံ့ဩတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

“ကျွန်တော့်ရဲ့ ကျောင်းက စီနီယာတွေဖြစ်တဲ့ သူတို့နှစ်ယောက်လုံးက ဆိုဆောင်းအုပ်စုက ကျင်းပတဲ့ ပါတီကို တက်ရောက်နေကြလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျွန်တော်လည်း အခွင့်အရေး ရရင် အခုလိုမျိုး ပွဲကို သွားချင်မိတယ်”

အဲဒီအခါ တက်ဂယူက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။

“ဒါဆို သွားကြမလား”

“ဗျာ…”

“ခဏလေး။ ကန်ဂျင်ဟူဆီကနေ တစ်ခုခု ရထားသလိုပဲ…ဪ… တွေ့ပြီ”

တက်ဂယူက သူ့ရဲ့ အိတ်ထဲကနေ ဖိတ်စာတစ်စောင်ကို ဆွဲထုတ်လိုက်တယ်။

ဂျောင်ကီဟုမ်က ပြာပြာသလဲနဲ့ ပြောတယ်။

“ဒုတိယဥက္ကဌကတော့ အဆင်ပြေနိုင်ပေမယ့် ကျွန်တော်လို လူမျိုးကကော အခုလိုမျိုး ပွဲကို တက်ရောက်ဖို့ တကယ်ပဲ အဆင်ပြေပါ့မလား”

“ဘာပြဿနာ ရှိလို့လဲ။ ဒါက ဖွင့်လှစ်ပွဲ ပါတီပဲလေ။ သွားပြီး စိတ်ရင်းမှန်နဲ့ ဂုဏ်ပြုပေးလိုက်ရုံပေါ့။ ဘူဖေးလည်း ရှိတယ်လို့ ကြားထားတယ်။ သွားပြီး အဝဆွဲလိုက်ကြရအောင်”

“တကယ်ပဲ အဆင်ပြေပါ့မလား ခင်ဗျာ”

တက်ဂယူက ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေတယ်။

“အဖွဲ့ခေါင်းဆောင် ဂျောင်။ ကျွန်တော့်ကိုပဲ ယုံပြီး လိုက်ခဲ့လိုက်”

“ဟုတ်ကဲ့”

သက်တော်စောင့်က ဆီလွန်ဟိုတယ်ဆီကို မောင်းနှင်သွားခဲ့တယ်။

ပါတီခန်းမကို တာဝန်ယူထားတဲ့ ဝန်ထမ်းက သူ့ရှေ့က လူငယ်ကို ကြည့်ပြီး ခဏလောက် စဉ်းစားနေမိတယ်။

‘ဒီလူက ဘယ်သူပါလိမ့်’

သူက အနောက်တိုင်းဝတ်စုံအပြည့် ဒါမှမဟုတ် Tuxedo ဝတ်ဆင်ထားတာ မဟုတ်ဘဲ ဂျင်းဘောင်းဘီ၊ ခေါင်းစွပ်အင်္ကျီနဲ့ အနွေးထည်အထူကို ဝတ်ဆင်ထားတာပါ။ သူ အခုလောက်အထိ နည်းနည်းလေး သပ်သပ်ရပ်ရပ် ဝတ်ဆင်လာရတဲ့ တစ်ခုထဲသော အကြောင်းရင်းကတော့ ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ ဂိမ်းဖန်တီးသူတွေဖြစ်တဲ့ အိချီကာဝါနဲ့ ရှီဂဲရုတို့ကို တွေ့ဆုံဖို့ သွားခဲ့တာကြောင့် ဖြစ်ပါတယ်။

မဟုတ်ရင်တော့ သူက အားကစားဝတ်စုံနဲ့ ကွင်းထိုးဖိနပ် စီးပြီး လာခဲ့မှာ သေချာတာပေါ့။

“ဖိတ်စာ ယူလာခဲ့တာဆိုတော့ ငါ့အနေနဲ့ ပြန်လွှတ်လို့တော့ မရဘူး”

“ဝင်သွားလို့ ရပါပြီ”

“ဟုတ်ကဲ့”

သူတို့နှစ်ယောက်က ယုံကြည်မှုအပြည့်နဲ့ ပါတီခန်းမထဲကို ဝင်လာခဲ့ကြတယ်။

ဂျောင်ကီဟုမ်က စူးစမ်းတဲ့ မျက်နှာအမူအရာနဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ တောက်ပလှတဲ့ ခန်းမကြီးထဲမှာတော့ စီးပွားရေးလောကနဲ့ ချမ်းသာတဲ့ မိသားစုတွေဆီက နာမည်ကြီး လူငယ်အမျိုးသား၊ အမျိုးသမီးတွေနဲ့ ပြည့်နှက်နေတာပါ။

“ကျွန်တော့်ရဲ့ ဘဝမှာ အခုလိုမျိုး နေရာကို သွားရလိမ့်မယ်လို့ မထင်ထားမိဘူး”

ဘယ်လိုပဲ စဉ်းစားစဉ်းစား KYB Securities ကနေ ထွက်ခဲ့တာက တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ တကယ်လို့သာ မထွက်ခဲ့ရင် သူက လက်ရှိ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့ ကွန်ပျူတာဖန်သားပြင်ကိုပဲ စိုက်ကြည့်နေရမှာ သေချာပါတယ်။

“ကျွန်တော် ခဏလောက် လှည့်ပတ်ပြီး လျှောက်ကြည့်လို့ ရမလား ခင်ဗျာ”

“ရတာပေါ့။ ကန်ဂျင်ဟူနဲ့ တွေ့ရင် ကျွန်တော် ဒီမှာ ရောက်နေတဲ့အကြောင်း ပြောလိုက်ဦး။ ကျွန်တော်ကတော့ စားစရာတွေ သွားစားလိုက်ဦးမယ်”

“ဟုတ်ကဲ့”

ခန်းမရဲ့ တစ်ဖက်မှာတော့ ရိုးရှင်းတဲ့ ဘူဖေးကို ပြင်ဆင်ထားပါတယ်။

တခြားသူတွေက စားစရာတွေကို သိပ်မထိဘဲ ရှန်ပိန်နဲ့ ကော့တေးတွေကိုပဲ သောက်နေကြပေမဲ့ တက်ဂယူကတော့ ပန်းကန်တစ်ခုကို ယူပြီး စားစရာတွေကို အလုအယက် ထည့်နေပါတော့တယ်။

ယန်ဟန်နာက ဘယ်နေရာကိုပဲသွားသွား အမျိုးသားတွေရဲ့ အာရုံစိုက်မှုကို အမြဲတမ်း ရရှိတတ်သူ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ ကန်ဂျင်ဟူကလည်း ဒီတစ်ခေါက်မှာ အတူတူပဲ ဖြစ်လိမ့်မယ်လို့ ယူဆထားခဲ့တာပါ။ ဒါပေမဲ့ သူက အံ့ဩစရာကောင်းလောက်အောင် လှပတဲ့ မိန်းမလှလေး တစ်ယောက်နဲ့အတူ ရှိနေခဲ့ပြီး သူ့ကိုတော့ တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပါဘူး။ သူတို့တွေဟာ အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ်ပဲ ပြောခဲ့ကြတာပါ။

လူတွေက စားပွဲတွေရဲ့ ဘေးနားမှာ အုပ်စုအသေးလေးတွေ ဖွဲ့ပြီး ရှန်ပိန်သောက်ရင်း စကားပြောနေကြပါတယ်။ သူတို့ ပြောနေကြတဲ့ အကြောင်းအရာကတော့ သေချာပေါက် OTK ကုမ္ပဏီအကြောင်းပါပဲ။

“ကိုယ်စားလှယ် ကန်ဂျင်ဟူ၊ ပတ်ဆန်းယော့နဲ့ အဖွဲ့ခွဲခေါင်းဆောင် အိုဟျွန်းဂျူးတို့ ဒီမှာ ရှိနေကြတာဆိုတော့ လူတစ်ယောက် လိုနေသေးတာ မဟုတ်လား”

“ဒုတိယဥက္ကဌကတော့ လာမှာမဟုတ်ဘူး ထင်တယ်”

“အင်း… ဒုတိယဥက္ကဌက မီဒီယာတွေ ရှေ့မှောက်မှာ တစ်ခါမှ မျက်နှာပြဖူးတာ မဟုတ်ဘူးလေ”

“ဒါနဲ့… အဖွဲ့ခွဲခေါင်းဆောင် အိုဟျွန်းဂျူးက ဒီလောက်အထိ လှတာလား”

“ကန်ဂျင်ဟူနဲ့အတူ လာတဲ့ အမျိုးသမီးက ဘယ်သူပါလိမ့်”

“Golden Gateက ရှေ့နေတစ်ယောက် ထင်တယ်”

“မော်ဒယ် မဟုတ်ဘူးလား”

အာရုံစိုက်မှုကို ခံနေရတာက ကန်ဂျင်ဟူ တစ်ယောက်ထဲ မဟုတ်ပါဘူး။ သူ့ရဲ့ဘေးနားက နိုင်ငံခြားသူအပြင် ဌာနခွဲခေါင်းဆောင် အိုဟျွန်းဂျူးကလည်း အာရုံစိုက်မှုတွေကို ရရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှင်ယူရီ လို့ ခေါ်တဲ့ ဆံပင်ရွှေအိုရောင်နဲ့ အမျိုးသမီးကလည်း ကန်ဂျင်ဟူရဲ့ စိတ်ဝင်စားမှုကို ရရှိစေခဲ့ပါတယ်။

‘သူတို့ ဆက်ဆံရေးက အတော်လေး နီးစပ်တဲ့ ပုံစံပဲ။ သူတို့က ဘယ်လို ပတ်သက်နေကြတာပါလိမ့်။ သူက ကန်ဂျင်ဟူနဲ့အတူ လာခဲ့တဲ့ အမျိုးသမီးလား’

သူတို့ တွဲနေကြတာဆိုရင်တောင် ဒါက ထူးခြားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် စီးပွားရေးလောကမှာ ဆက်ဆံရေးတွေက လက်တွေ့ကျတဲ့ အခြေအနေတွေအပေါ်မှာပဲ အခြေခံထားတာပါ။

သူ့ရဲ့ အဖေက OTK ကုမ္ပဏီနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့အတွက် ဘယ်လောက်အထိ ဂရုစိုက်နေလဲဆိုတာ သူ သိပါတယ်။

‘တကယ်လို့ ကန်ဂျင်ဟူနဲ့ အဆင်မပြေရင်တောင် ဒုတိယဥက္ကဌနဲ့ တွေ့ဆုံနိုင်ရင် ကောင်းမှာပဲ’

သူ အဲဒီအကြောင်းကို တွေးတောရင်း လမ်းလျှောက်နေတုန်းမှာပဲ သတိမထားမိဘဲ သူ့ရှေ့က လူတစ်ယောက်နဲ့ အရှိန်ပြင်းပြင်း တိုက်မိသွားခဲ့တယ်။

“အား…”

အဲဒီအချိန်မှာပဲ တစ်ဖက်လူ ကိုင်ထားတဲ့ ပန်းကန်က မှောက်သွားခဲ့ပြီး စားစရာတွေက နေရာအနှံ့ ပျံနှံ့သွားခဲ့ပါတယ်။ ဆော့စ်တွေနဲ့ ယိုတွေက သူ့ရဲ့ မျက်နှာပေါ်တင်မကဘဲ သူ့ရဲ့ ပန်းရောင်ဝတ်စုံပေါ်ကိုပါ ပေကျံသွားခဲ့တာပါ။

ယန်ဟန်နာက အသက်ရှူရပ်မတတ် ဖြစ်သွားပြီး သူ့ရှေ့က အမျိုးသားကို လှမ်းကြည့်လိုက်တယ်။ အဲ့ဒီလူကတော့ ပြုံးပြီး လက်ဝှေ့ယမ်းပြပါတယ်။

“အဆင်ပြေပါတယ်။ ဒါက အဖိုးတန်တဲ့ ဝတ်စုံ မဟုတ်ပါဘူး။ သွားလို့ ရပါပြီ”

“ဘာ… ဘာပြောလိုက်တာလဲ”

အစပိုင်းမှာတော့ အဲ့ဒီလူ ဘာပြောလဲဆိုတာ နားမလည်နိုင် ဖြစ်သွားခဲ့ပေမယ့် အဲဒီနောက်မှ တစ်ဖက်လူရဲ့ အဝတ်အစားတွေကလည်း ရှုပ်ပွနေတာကို သတိပြုမိသွားတယ်။ ဒါပေမဲ့ ဒါက အရေးကြီးတာ မဟုတ်ဘူးလေ။

ယန်ဟန်နာက စူးရှတဲ့ အသံနဲ့ ပြောလိုက်တယ်။

“စားစရာတွေ ပေကျံအောင် လုပ်မိရင် အရင်ဆုံး တောင်းပန်ရမှာ မဟုတ်ဘူးလား”

သူက မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပါတယ်။

“ဘာတွေကို ပြောနေတာလဲ။ နင်က ငါ့ကို လာတိုက်တာလေ။ နင်ပဲ တောင်းပန်ရမှာ မဟုတ်ဘူးလား”

သူ့စကားကလည်း ဟုတ်နေတာပါပဲ။

သူ အာရုံလွင့်နေတုန်းမှာပဲ သူ့ကို သွားပြီး တိုက်မိခဲ့တာပါ။ ဒါပေမဲ့ သူ့ရှေ့မှာ အခုလိုမျိုး ပြုမူတဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူးလေ။

“ကျွန်မက ဘယ်သူလဲဆိုတာ ရှင် မသိဘူးလား”

အဲဒီအခါ တစ်ဖက်လူက ဝေခွဲမရတဲ့ ပုံစံနဲ့ ပြန်ပြောတယ်။

“ဒါကို ငါက သိဖို့ လိုအပ်လို့လား။ တကယ်လို့ နင် အမှားတစ်ခုခု လုပ်မိရင် တောင်းပန်လိုက်ပေါ့”

အခန်း (၂၁၀)

ယန်ဟန်နာက တစ်ဖက်လူကို သေချာစိုက်ကြည့်လိုက်တယ်။

အရင်က တစ်ခါမှမမြင်ဖူးတဲ့ မျက်နှာမျိုးပဲ။ ခန္ဓာကိုယ်က ပြည့်ပြည့်ခိုင်ခိုင်နဲ့ ဆံပင်တိုတို၊ မျက်မှန်လည်း တပ်ထားတယ်။ ဂျင်းဘောင်းဘီ၊ ခေါင်းစွပ်အင်္ကျီနဲ့ အမည်းရောင် ဂျာကင်ကို ဝတ်ထားတာပါ။

ဒီလိုပွဲမျိုးနဲ့ လုံးဝမလိုက်ဖက်တဲ့ ဝတ်စုံပါပဲ။

သူက ငယ်ငယ်ကတည်းက စီးပွားရေးလောကက ထင်ရှားတဲ့သူတွေရဲ့ နာမည်နဲ့ မျက်နှာတွေကို အလွတ်မှတ်ထားခဲ့တာလေ။ ထိပ်သီးအုပ်စု ၃၀ ထဲမှာ ဒီလိုပုံစံမျိုး ရှိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။

မဟုတ်ဘူး။ သူက စီးပွားရေးလောကက လူနဲ့တောင် မတူဘူး။ သူ ဒီထဲကို ဘယ်လိုနည်းနဲ့ ရောက်လာတာလဲ။

'တစ်နေရာရာကနေ ဖိတ်စာကို ကောက်ရလာတာများလား'

အော်ဟစ်ချင်တဲ့စိတ်ကို ထိန်းချုပ်ရင်း ယန်ဟန်နာက တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။

"ကျွန်မ အဖိုးက CL Groupရဲ့ ဥက္ကဌ။ ကျွန်မ အဖေက CL Chemicalရဲ့ စီအီးအို"

ဒီလောက်ဆို သူ လန့်သွားပြီး ခေါင်းငုံ့တောင်းပန်လိမ့်မယ်လို့ ထင်ခဲ့မိတာပါ။ ယန်ဟန်နာကတော့ ဒီအတိုင်း လွှတ်ပေးဖို့ စိတ်ကူးမရှိဘူး။

ဒါပေမယ့် တစ်ဖက်လူရဲ့တုံ့ပြန်မှုက မျှော်လင့်ထားတာနဲ့ လုံးဝ တခြားစီပါပဲ။

"အဲတော့ ဘာဖြစ်လဲ"

"အင်"

"နင့်အဖိုးက CL Groupရဲ့ ဥက္ကဌဖြစ်ပြီး နင့်အဖေက CL Chemicalရဲ့ စီအီးအိုဖြစ်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ငါ့ကို ဘာလုပ်စေချင်လို့လဲ"

သူ့ရှေ့မှာရှိတဲ့ မိန်းမအကြောင်း သေချာမသိပေမယ့် သူကတော့ သူများတွေ ဘာထင်ထင် ဂရုမစိုက်တတ်တဲ့ စရိုက်မျိုး ရှိပါတယ်။ လူကြိုက်များမှုနှုန်း ကျဆင်းလာလို့ စိုးရိမ်နေတဲ့ လက်ရှိ အမေရိကန်သမ္မတကိုတောင် "လူကြိုက်များမှုနှုန်းက ဒီထက်ပိုကျစရာ နေရာရှိသေးလို့လား" လို့ မေးခဲ့ဖူးတဲ့သူပါ။

သူ ဂရုစိုက်တဲ့ တစ်ဦးထဲသောလူက သူ့အစ်မပဲ ရှိတာလေ။

ယန်ဟန်နာ အံ့ဩမှင်သက်သွားတယ်။

မသိလို့ မှားတာမျိုးက လူတိုင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူက ယန်ဟန်နာ ဘယ်သူလဲဆိုတာ သိရက်နဲ့ ဒီလိုမျိုး ပြုမူနေတာပဲ။ စီးပွားရေးလောကမှာ စတုတ္ထမြောက် အကြီးဆုံးအုပ်စုရဲ့ မြေးမလေးဖြစ်ရတာက အဓိပ္ပာယ်တစ်ခုရှိတာလေ။

သူက သိရက်နဲ့ ဒီလိုလုပ်နေတော့ ယန်ဟန်နာ ဘာဆက်လုပ်ရမလဲ။

ဂါဝန်ကလည်း ပေပွနေပြီဖြစ်ပြီး ဒီလိုပွဲမျိုးမှာ ရန်ဖြစ်တာ ဒါမှမဟုတ် အော်ဟစ်တာမျိုးလုပ်ဖို့က မဖြစ်နိုင်ဘူးလေ။

'ငါ ဘာလို့ ဒီလိုမျိုး ကြုံနေရတာလဲ'

သူ စိတ်ပျက်ပြီး မျက်ရည်ကျလုမတတ် ဒေါသထွက်လာတယ်။

ကံကောင်းထောက်မစွာပဲ အနားက တခြားအမျိုးသားတွေ ဝင်ပါလာကြတယ်။

"ဟန်နာ ဘာဖြစ်လို့လဲ"

"ဘာကိစ္စရှိလို့လဲ"

"အဲဒါ ဘယ်သူလဲ"

သူတို့က လူမှုရေးပွဲတွေမှာ ခဏခဏတွေ့ရတတ်ပြီး ဟန်နာ့အပေါ် သဘောကျနေတဲ့သူတွေပါ။

ယန်ဟန်နာက ဝဲတက်လာတဲ့ မျက်ရည်တွေကို သုတ်ရင်း "အဲဒီလူက ကျွန်မအဝတ်အစားတွေပေါ် အစားအသောက်တွေ မှောက်ချလိုက်တယ်၊ ပြီးတော့ ကျွန်မကို ပြန်တောင်းပန်ခိုင်းနေတာ" လို့ ပြောလိုက်တယ်။

ဒီစကားကြောင့် အမျိုးသား ငါးယောက်၊ ခြောက်ယောက်လောက်က တရားခံကို ကြည့်တဲ့ မျက်နှာထားတွေနဲ့ ဝိုင်းလိုက်ကြတယ်။

အရပ်ရှည်ပြီး သန်မာတဲ့ လူငယ်တစ်ယောက် ရှေ့ထွက်လာတယ်။ သူက ဆောက်လုပ်ရေးနဲ့ အိမ်ငှားလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ ၁၈ ခုမြောက် အကြီးဆုံးလုပ်ငန်းစုဖြစ်တဲ့ ဘိုမွန်အုပ်စု ဥက္ကဌရဲ့မြေး မွန်းဆောင်းဒေါင် ပါ။

"ဟန်နာပြောတာ တကယ်ပဲလား"

သူက ခေါင်းညိတ်ပြတယ်။

"သူပြောတာက မှားတယ်လို့တော့ ပြောလို့မရပါဘူး"

သူနဲ့ ဝင်တိုက်မိတဲ့ အပိုင်းကိုတော့ ချန်လှပ်ထားခဲ့တာပေါ့။

မွန်းဆောင်းဒေါင်က အေးစက်တဲ့ အကြည့်တွေနဲ့ တရားခံကို အထက်အောက် စကန်ဖတ်သလို ကြည့်လိုက်တယ်။ တစ်ခါမှ မမြင်ဖူးတဲ့ မျက်နှာဖြစ်ပြီး ဝတ်ထားတာကလည်း အဝတ်ဟောင်းဆိုင်က ကောက်ဝတ်လာတဲ့အတိုင်းပဲ။

ဘယ်လိုပဲကြည့်ကြည့် သူက ဒီပွဲနဲ့ မလိုက်ဖက်ဘူး။

"မင်း ဒီကို ဘာလာလုပ်တာလဲ"

သူက ပွင့်ပွင့်လင်းလင်းပဲ ဖြေတယ်။

"ဘူဖေးလာစားတာ၊ ပြီးတော့ သူငယ်ချင်းလာရှာတာ"

"……"

အားလုံး ပြောစရာစကားလုံး ပျောက်ဆုံးသွားကြတယ်။

လောကမှာ ဒီလိုလူမျိုးတွေလည်း ရှိတာပဲ။ ခဏတာ ပျော်ချင်ရုံနဲ့ သူတို့ကိုယ်သူတို့ သူဌေးတွေနဲ့ သူငယ်ချင်းဖြစ်နေတယ်လို့ အထင်မှားနေကြတာလေ။

သူက တကယ်ပဲ စီးပွားရေးလောကက မဟုတ်တာလား။

အေးစက်တဲ့ အကြည့်တွေ ကျရောက်လာတယ်။ တက်ဂယူက အဲဒီအကြည့်တွေရဲ့ ဖိအားကို ခံစားမိပြီး သေသေချာချာ စဉ်းစားလိုက်တယ်။

'ဒါက ဇာတ်လိုက်တွေ အများအားဖြင့် ကြုံတွေ့ရတတ်တဲ့ အကြပ်အတည်းမျိုးလား'

ကန်ဂျင်ဟူနဲ့အတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရင်း အဖြစ်အပျက်မျိုးစုံကို ဖြတ်သန်းခဲ့ရလို့ ဒီလောက် အကြပ်အတည်းမျိုးကိုတော့ အလွယ်တကူ ကျော်လွှားနိုင်တယ်လို့ သူ ယုံကြည်ချက် ရှိနေပါတယ်။

မွန်းဆောင်းဒေါင်က အေးစက်တဲ့ အသံနဲ့ မေးတယ်။

"မင်း ဟန်နာ့ကို တောင်းပန်ပြီးပြီလား"

"ဟင့်အင်း"

"ဒါဆို အခုချက်ချင်း တောင်းပန်လိုက်"

ဒီစကားကြောင့် တက်ဂယူက ခေါင်းငုံ့လိုက်တယ်။

"ဟုတ်ကဲ့။ စိတ်မကောင်းပါဘူး။ ဒါဆို ကျွန်တော် သွားတော့မယ်။"

ယန်ဟန်နာ နားမလည်နိုင်အောင် ဖြစ်သွားရတယ်။

'သူက တကယ်ပဲ ဒီအတိုင်း ထွက်သွားတော့မလို့လား။ ငါ့ကိုစိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ထားပြီးတော့လေ'

သရုပ်ဆောင်စရာမလိုဘဲ မျက်ရည်တွေ ဝဲလာမိတယ်၊ တကယ်ပဲ မခံမရပ်နိုင် ဖြစ်သွားတာပါ။

"ဟင့်"

ဟန်နာကို မြင်တော့ မွန်းဆောင်းဒေါင်က တရားခံရဲ့ ပုခုံးကို လှမ်းကိုင်လိုက်တယ်။

"ခဏလောက် အပြင်ထွက်ပြီး စကားပြောရအောင်"

တက်ဂယူက ပြတ်ပြတ်သားသား ငြင်းတယ်။

"ဟင့်အင်း၊ မသွားချင်ဘူး"

မွန်းဆောင်းဒေါင်ရဲ့ မျက်နှာထားက အေးစက်သွားတယ်။

"ငါ ကောင်းကောင်းပြောနေတုန်း လိုက်ခဲ့စမ်း"

တက်ဂယူက ခပ်နောက်နောက် ပြုံးလိုက်တယ်။ ပြီးတော့ လက်ပိုက်ရင်း အားလုံးကြားအောင် သက်ပြင်းကို အကျယ်ကြီး ချလိုက်တယ်။

"ဟူး။ ငါက ဒီအတိုင်း လွှတ်ပေးမလို့ပဲ၊ ဒါပေမယ့် မရတော့ဘူး ထင်တယ်။ အဓိကဇာတ်ကောင်က ကိုယ့်အစွမ်းကို ဖုံးကွယ်ထားလို့ မဖြစ်တော့ဘူး"

"ဘာတွေ ပြောနေတာလဲ"

သူ့သူငယ်ချင်းက သူ့ရဲ့ တကယ့်သရုပ်မှန်ကို ထုတ်ပြခဲ့တဲ့ အချိန်ကို ပြန်တွေးမိပြီး တက်ဂယူက ယုံကြည်မှုအပြည့်နဲ့ အော်လိုက်တယ်။

"ငါက OTK Company ရဲ့ စီအီးအိုပဲ"

အားလုံး အံ့ဩသွားကြတယ်။

တစ်ယောက်ယောက်က ဝင်ပြောတယ်။

"စီအီးအိုက ကန်ဂျင်ဟူလေ"

ဒီစကားကြောင့် တက်ဂယူက ခေါင်းညိတ်တယ်။

"ဪ….ဟုတ်သားပဲ။ သူက စီအီးအိုပဲ။ ဒါဆို ငါက ဘာလဲ။ စီအိုတီလား။ စီအိုအီးလား။ တစ်ခုခုပဲကွာ"

သူ့ကိုယ်သူ ဒုတိယဥက္ကဌလို့ ပြောလို့ရပေမယ့် ဒီလိုအခြေအနေမျိုးမှာ အင်္ဂလိပ်လို ပြောရမယ်လို့ သူ ခံစားနေရတာပါ။

ခဏလောက် စဉ်းစားပြီးနောက် တက်ဂယူက လက်ခုပ်တီးလိုက်တယ်။

"ဟုတ်ပြီ။ စီအိုအို။ အခုမှ မှတ်မိတော့တယ်"

ဒါပေမယ့် ဘယ်သူမှ သူပြောတာကို အတည်မယူကြဘူး။

မွန်းဆောင်းဒေါင်က လက်လှမ်းပြီး သူ့လည်ပင်းအနောက်ကနေ အတင်းဆွဲကိုင်လိုက်တယ်။ အင်္ကျီကော်လံကနေ မကိုင်တာက ဘေးကလူတွေရဲ့ အကြည့်တွေကြောင့်ပါ။

"လိုက်ခဲ့"

"မဟုတ်ဘူး၊ တကယ်ပြောတာ။ ဘာလို့ မယုံကြတာလဲ။ ဂျင်ဟူ။ ကန်ဂျင်ဟူ"

သူ လည်ပင်းအဆွဲခံရပြီး ပါသွားတဲ့အချိန်မှာ တစ်ယောက်ယောက်က သူတို့ရှေ့ ဝင်ရပ်လိုက်တယ်။ အဲဒါ တခြားသူမဟုတ်ဘူး၊ ကန်ဂျင်ဟူပဲ။

"ဘာဖြစ်နေတာလဲ"

မွန်းဆောင်းဒေါင်က ပြုံးပြီး ပြောလိုက်တယ်။

"အာ… စီအီးအို ကန်ဂျင်ဟူ။ စိတ်ပူစရာမလိုပါဘူး။ ဒီထူးဆန်းတဲ့လူက လာပြီး ရုန်းရင်းဆန်ခတ်လုပ်နေလို့ ကျွန်တော် အပြင်ကို လိုက်ပို့ပေးမလို့ပါ"

အဲဒီအခါ တက်ဂယူက လက်ယမ်းပြပြီး ပြောတယ်။

"ဟေ့ကောင်…မင်း အချိန်မီရောက်လာတာပဲ။ ငါက စီအိုအိုဆိုတာ သူတို့ကို ပြောပြပေးပါဦး"

ယန်ဟန်နာ အပါအဝင် အားလုံးက တစ်ချိန်ထဲမှာပဲ စိတ်ထဲ ထင်လိုက်ကြတယ်။

'သူက တကယ်ပဲ ကန်ဂျင်ဟူကို သိနေတာလား'

ကန်ဂျင်ဟူက ခေါင်းကို အသာလေး လွှဲလိုက်တယ်။

"ငါ မသိဘူး"

အိုတက်ဂယူကလွဲလို့ အားလုံး သက်ပြင်းချနိုင်သွားကြတယ်။

"သူငယ်ချင်း"

ပြီးတော့ ကန်ဂျင်ဟူက ဆက်ပြောတယ်။

"နောက်တာပါ၊ သူက OTK Company ရဲ့ စီအိုအို ဟုတ်ပါတယ်"

ဒီစကားကြောင့် မွန်းဆောင်းဒေါင် အေးခဲသွားပြီး ယန်ဟန်နာက တက်ဂယူကို ထိတ်လန့်တကြား ကြည့်လိုက်တယ်။

"ဒါ… ဒါ မဖြစ်နိုင်တာ…"

ဒီလို ညစ်ပတ်ပေရေနေတဲ့ပုံစံနဲ့လူက ကန်ဂျင်ဟူနဲ့အတူ လက်ရှိ OTK Company ကို တည်ထောင်ခဲ့တဲ့သူ ဟုတ်လား။

အမျိုးသားတစ်ယောက်က အံ့ဩတုန်လှုပ်စွာနဲ့ ရေရွတ်တယ်။

"သူ့ပုံစံက 24 နာရီစတိုးဆိုင်က အချိန်ပိုင်းအလုပ်သမားနဲ့ တူလိုက်တာ"

တက်ဂယူက ဒေါသတကြီးနဲ့ ပြန်ပြောတယ်။

"မင်းက အခု 24 နာရီစတိုးဆိုင်က အချိန်ပိုင်းအလုပ်သမားတွေကို အထင်သေးနေတာလား"

"မဟုတ်ပါဘူး၊ ငါက မင်းကိုပဲ…"

အဲဒီလူကို ဂရုမစိုက်တော့ဘဲ တက်ဂယူက ဆက်အော်တယ်။

"24 နာရီစတိုးဆိုင်က အချိန်ပိုင်းအလုပ်သမားတွေရဲ့ အလုပ်လုပ်ပေးမှုကြောင့် ငါ့အစ်မက 24 နာရီပတ်လုံး စီးကရက်သောက်နိုင်တာကွ"

အဲဒီအချိန်မှာ အိုဟျွန်းဂျူး ရောက်လာပြီး အေးစက်တဲ့အသံနဲ့ ပြောလိုက်တယ်။

"ငါ့မောင်ကို လွှတ်လိုက်"

"ဟု… ဟုတ်ကဲ့"

သူ့ရဲ့ အရှိန်အဝါကြောင့် လန့်သွားပြီး မွန်းဆောင်းဒေါင်က ချက်ချင်းပဲ လက်ကို လွှတ်လိုက်တယ်။

တက်ဂယူက လူစွမ်းကောင်းလုပ်ပြတဲ့အနေနဲ့ ကန်ဂျင်ဟူအနား တိုးသွားပြီး ပုခုံးပေါ် လက်တင်လိုက်တယ်။ ပြီးတော့ ယန်ဟန်နာနဲ့ မွန်းဆောင်းဒေါင်ကို လက်ညှိုးထိုးပြီး တိုင်တောသလိုမျိုး ပြောလိုက်တယ်။

"ဂျင်ဟူ၊ ဒီလူတွေကလေ… သူတို့က…"

တက်ဂယူ ပြောပြတာကို နားထောင်ပြီးနောက် ကျွန်တော် ခေါင်းညိတ်ပြီး မေးလိုက်တယ်။

"ဒါဆို မင်းက ဒီအတိုင်း ငြိမ်ငြိမ်လေး ရပ်နေတာကို သူနဲ့ တိုက်မိပြီး ဒီလိုဖြစ်သွားတာပေါ့"

"အတိအကျပဲ"

"ဒါဆို မင်းအမှား မဟုတ်ဘူးပေါ့"

"ငါ့မှာ အပြစ်မရှိဘူး"

"သိပြီ"

ကျွန်တော် အစ်မဟျွန်းဂျူးကို ကြည့်လိုက်တယ်။ အပြင်ပန်းမှာတော့ သူ့မျက်နှာထားက သိပ်မပြောင်းလဲပေမယ့် တကယ်တမ်းတော့ သူ တော်တော်လေး ဒေါသထွက်နေတာပါ။

သူ့မျက်နှာအမူအရာက "ငါ့မောင်ကို လာရှုပ်တဲ့သူမှန်သမျှ ချက်ချင်း ရန်သူပဲ" လို့ ပြောနေသလိုပါပဲ။

အစ်မ ဟျွန်းဂျူးက တက်ဂယူကို အတင်းဆွဲခေါ်ဖို့ လုပ်ခဲ့တဲ့သူ့ဘက် လှည့်လိုက်တယ်။

"ကျွန်မတို့ ခုနကတင် နှုတ်ဆက်ခဲ့ကြသေးတယ်မလား။ ဘိုမွန်ဆောက်လုပ်ရေးရဲ့ အမှုဆောင်ဒါရိုက်တာ မွန်းဆောင်းဒေါင်"

ဘေးကနေ တက်ဂယူက ကြားအောင် ရေရွတ်တယ်။

"ဟွန်း…ဘိုမွန်ဆောက်လုပ်ရေးက မွန်းဆောင်းဒေါင်ပေါ့။ မှတ်ထားရမယ်"

သူ့နာမည်က သေမင်းမှတ်တမ်းထဲ အရေးခံရသလိုမျိုး မွန်းဆောင်းဒေါင်ရဲ့ မျက်နှာ ဖြူဖျော့သွားတယ်။ သူကိုယ်တိုင် လည်ပင်းကို ဆွဲမိတဲ့သူက OTK Company ရဲ့ ဒုတိယဥက္ကဌ ဖြစ်နေလိမ့်မယ်လို့ သူ မျှော်လင့်မထားမိတာ သေချာပါတယ်။

ပြီးတော့ အစ်မ ဟျွန်းဂျူးက ယန်ဟန်နာဘက် လှည့်လိုက်တယ်။

"နင်ပဲ အရင်လာတိုက်တာလား"

"ကျွန်… ကျွန်မ တမင်လုပ်တာ မဟုတ်…"

ဖိအားတွေကြောင့် ထင်တယ်၊ သူ ဆင်ခြေတောင် သေသေချာချာ မပေးနိုင်တော့ဘူး။ ဘာလုပ်ရမှန်းမသိဘဲ ဘေးပတ်ပတ်လည်ကိုပဲ ကြည့်နေမိတယ်။

အဲဒီအချိန်မှာ ဥက္ကဌ လင်ဂျင်ယုံ၊ ဥက္ကဌ လင်ဆိုမီနဲ့ ယန်ဟန်နာရဲ့အဖေ ဥက္ကဌ ဟိုယောင်းတို့ အတူတူ ရောက်လာကြတယ်။

အခြေအနေကို ကြားသိပြီးနောက် ဥက္ကဌ ယန်က ထိတ်လန့်သွားပုံရပြီး ဥက္ကဌ လင်ကတော့ ပြုံးပြီး ပြောလိုက်တယ်။

"မတော်တဆ တိုက်မိတာမျိုးက ဖြစ်တတ်ပါတယ်။ ဒုတိယဥက္ကဌ အိုတက်ဂယူကလည်း အခု တောင်းပန်ပြီးပြီဆိုတော့ မင်းတို့နှစ်ယောက်လည်း ပြန်တောင်းပန်ပြီး အဆင်ပြေအောင် လုပ်လိုက်ကြပါ"

ပွဲတစ်ခုမှာ ဘာပဲဖြစ်ဖြစ် အိမ်ရှင်မှာ တာဝန်ရှိတယ်လေ။ တစ်ဖက်ကကြည့်ရင် ဧည့်သည်တွေအနေနဲ့လည်း အိမ်ရှင်ကို အရှက်ရစေမယ့် ကိစ္စမျိုး မဖြစ်အောင် သတိထားရပါမယ်။ ပြဿနာတစ်ခုခု ရှိလာရင်တောင် ပုံမှန်အားဖြင့်တော့ အဆင်ပြေအောင် ဖြေရှင်းရတာပါပဲ။

နောက်ဆုံးတော့ ယန်ဟန်နာနဲ့ မွန်းဆောင်းဒေါင်တို့က တက်ဂယူကို တောင်းပန်ပြီး အခြေအနေကို ဖြေရှင်းလိုက်ကြတယ်။

ဘေးကလူတွေရဲ့ အကြည့်တွေကြောင့် ထင်တယ်၊ ယန်ဟန်နာက လဲကျလုမတတ် ဖြစ်နေပါတယ်။ ကံကောင်းစွာနဲ့ပဲ ဥက္ကဌ လင်ဆိုမီက လက်ကမ်းကူညီပေးလိုက်တယ်။

"တော်တော်လေး လန့်သွားတယ်မလား။ ဂါဝန်လည်း လဲရဦးမယ်။ ဟိုတယ်မှာ အပိုဂါဝန် ရှိတယ်။ ကျွန်မနောက် လိုက်ခဲ့မလား"

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"

ယန်ဟန်နာက ဥက္ကဌ လင်ဆိုမီနောက် လိုက်သွားပြီး ဝန်ထမ်းတွေကတော့ မှောက်ကျနေတဲ့ အစားအသောက်တွေကို ရှင်းလင်းလိုက်ကြတယ်။

ခုနက ယန်ဟန်နာ့ဘက်က ပါပေးခဲ့တဲ့ အမျိုးသားတွေကတော့ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြတယ်။

တက်ဂယူက သူတို့ကို လှမ်းပြောတယ်။

"ဒီလိုမျိုး ဆုံရတာ ကံပါလို့ပဲ၊ ဒါကြောင့် မသွားခင် မင်းတို့နာမည်လေးတွေ ပြောပြခဲ့ပါဦး"

ဒီစကားကို ကြားတော့ သူတို့မျက်နှာတွေ ဖြူဖျော့ကုန်ကြတယ်။

တကယ့်ကို သောက်ကျင့်မကောင်းတဲ့ကောင်ပါကွာ။

"သွားကြတော့"

ကျွန်တော် ပြောလိုက်တာနဲ့ သူတို့က ထွက်ပြေးသလိုမျိုး အတင်း ထွက်သွားကြတော့တယ်။

"မင်းတို့မျက်နှာတွေကို ငါ အကုန်မှတ်ထားတယ်"

သူတို့ထဲက တချို့အတွက်တော့ ဒီညက အိပ်ပျော်နိုင်မယ့် ညတစ်ည မဟုတ်တော့ပါဘူး။

အစ်မ ဟျွန်းဂျူးက စိတ်ပျက်လက်ပျက်နဲ့ သူ့နဖူးကို လက်ချောင်းတွေနဲ့ ဖိထားတယ်။

ကျွန်တော် အယ်လီ့ကို တိုးတိုးလေး ပြောလိုက်တယ်။

"ငါတို့ရဲ့ အစ်မဟျွန်းဂျူးကတော့ နဖူးကနေ ခေါင်းကိုက်နေတဲ့ပုံပဲ။ ငါဆိုရင်တော့ နားထင်ဘက်က ကိုက်တတ်တာ"

အယ်လီက ပြုံးပြီး အသံကို နှိမ့်ပြောတယ်။

"အဲဒါလည်း ဟုတ်ပေမယ့် သူက အရေးအကြောင်းတွေ ဖြစ်မှာ စိုးရိမ်လို့ပါ။ မျက်မှောင်ကြုတ်ရင် နဖူးမှာ အရေးအကြောင်းတွေ ချက်ချင်း ဖြစ်တတ်တယ်လေ။ ဒါကြောင့် သူက လက်ချောင်းတွေနဲ့ နဖူးကို အပေါ်ပင့်ထားတာ"

"အာ…"

အဲဒါကြောင့်ကိုး။

အစ်မ ဟျွန်းဂျူးက သက်ပြင်းချပြီး ပြောတယ်။

"ငါ စီးကရက်သွားသောက်ဦးမယ်"

အထဲမှာက စီးကရက်သောက်လို့မရတော့ စီးကရက်သောက်ချင်ရင် အပြင်ထွက်ရပါတယ်။

"အတူတူ သွားရအောင်"

ကျွန်တော်လည်း လေကောင်းလေသန့်ရချင်ပြီး ဘေးလူတွေရဲ့ အာရုံစိုက်မှုကို ရှောင်ချင်တာနဲ့ လိုက်ခဲ့လိုက်တယ်။

ကျွန်တော်တို့အားလုံး အပြင်ထွက်ခဲ့ကြတယ်။

ရာသီဥတုက တော်တော်လေး အေးပါတယ်။ အမျိုးသားတွေက အနောက်တိုင်းဝတ်စုံအပြည့် ဝတ်ထားကြပေမယ့် အမျိုးသမီးတွေကတော့ ပါးလွှာတဲ့ ဂါဝန်တွေ ဝတ်ထားတာပါ။ ဟင်နရီက ချက်ချင်းပဲ သူ့ဂျာကင်အင်္ကျီကို ချွတ်ပြီး အစ်မ ဟျွန်းဂျူးရဲ့ ပုခုံးပေါ် ခြုံပေးလိုက်တယ်။

"ကျေးဇူးပဲ"

ကြည့်ရတာ နွေးထွေးစရာ မြင်ကွင်းလေးပါ။

ကျွန်တော်လည်း ကျွန်တော့်ဂျာကင်ကို ချွတ်ပြီး အယ်လီ့ကို ခြုံပေးလိုက်တယ်။ ဂျာကင်မပါတော့ တကယ် အေးတာပဲ။ တက်ဂယူက သူ့အင်္ကျီဇစ်ကို အပေါ်အထိ ဆွဲတင်ရင်း ပြောတယ်။

"အာ…. အေးလိုက်တာ"

"……"

တစ်ယောက်ထဲ အထူကြီး ဝတ်ထားပြီးတော့ ဘာတွေ အေးနေတာလဲ။

အစ်မ ဟျွန်းဂျူးက စီးကရက်သောက်ရင်း တက်ဂယူကို စိုက်ကြည့်လိုက်တယ်။

"နင် လာမယ့်အကြောင်း အနည်းဆုံးတော့ ပြောသင့်တာပေါ့"

"ကျွန်တော်က မမကို အံ့ဩသွားအောင် လုပ်ချင်လို့ပါ"

ကျွန်တော်လည်း တကယ် အံ့ဩသွားတာပါ။ ရောက်ရောက်ချင်း ပြဿနာရှာလိမ့်မယ်လို့ မထင်ထားမိဘူး။

အဆူခံရမယ့် အခြေအနေမျိုး ဖြစ်နေတာကို သတိပြုမိသွားတော့ တက်ဂယူက ချက်ချင်းပဲ လက်မနှစ်ဖက် ထောင်ပြပြီး ပြောလိုက်တယ်။

"ဝိုး။ မမ ဒီနေ့ တော်တော်လှတာပဲ။ ကျွန်တော်တောင် မမှတ်မိချင်ဘူး။ ဒီလိုမျိုး ခဏခဏ ဝတ်စမ်းပါဗျာ"

"ပါးစပ်ပိတ်ထားစမ်း"

"ဟုတ်"

အစ်မ ဟျွန်းဂျူးက ကျွန်တော့်ဘက် လှည့်လာတယ်။

"ဒီလိုပွဲမျိုးကို တက်ရတာ ဘယ်လိုခံစားရလဲ"

"အင်း။ ဝါရင် ဘတ်ဖတ်နဲ့ ထမင်းစားရသလောက်တော့ ပျော်စရာမကောင်းဘူး"

အားလုံးက ကျွန်တော့်စကားကို သဘောတူတဲ့အလား နားလည်တဲ့ မျက်နှာထားတွေ ပြကြတယ်။

"ဒါပေမယ့် နောက်နောင် ဒီလိုပွဲမျိုးတွေ လာရမယ့် အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာ။ နင်ကော၊ တက်ဂယူကော အတူတူပဲ"

အစ်မ ဟျွန်းဂျူးက တက်ဂယူကို နောက်တစ်ကြိမ် စိုက်ကြည့်ပြန်တယ်။

"နင်နဲ့က နောက်မှ စကားပြောမယ်"

ဒီလောက်အဝေးကြီး လာပြီးမှ အဆူခံရဖို့က မလွယ်ဘူးလေ။

ကျွန်တော်က ဝမ်းနည်းတဲ့ မျက်နှာလုပ်နေတဲ့ တက်ဂယူကို တစ်ရှူးတစ်ရွက် ကမ်းပေးလိုက်တယ်။

"ငါ မငိုမိသေးပါဘူးကွာ"

"မဟုတ်ဘူး။ မင်းပုခုံးပေါ်က ယိုတွေကို သုတ်ဖို့ပေးတာ"

ခုနက သုတ်လိုက်တယ် ဆိုပေမယ့် ပုခုံးနားမှာ ကျန်နေသေးတာလေ။

"ငါက နောက်မှ ပေါင်မုန့်နဲ့ တို့စားမလို့ ချန်ထားတာ"

အဲလိုပြောပေမယ့်လည်း သူ သေသေသေချာချာ ပြန်သုတ်ရှာပါတယ်။

အဲဒီနောက် ပွဲက ဆက်သွားနေတယ်။ စင်ပေါ်မှာ ဖျော်ဖြေပွဲတချို့ ရှိပြီး ဥက္ကဌ လင်ဆိုမီ မိန့်ခွန်းပြောတဲ့အခါ အားလုံးက လက်ခုပ်တီးကြတယ်။

ကျွန်တော်လည်း ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူနဲ့ ခဏနှုတ်ဆက်ခွင့်ရခဲ့တယ်။

ရှင်ယူရီက ကျွန်တော့်ကို ပြောတယ်။

"ကျွန်မ အရင်ပြန်တော့မယ်။ စီနီယာ"

"စောသေးတယ်မလား။ ခုနက လူတွေ နင့်ကို စကားလာပြောဖို့ လုပ်နေကြသလိုပဲ"

ယူရီက နှုတ်ခမ်းဆူပြီး ပြန်ဖြေတယ်။

"ဟွန့်…. ကျွန်မက အဲလိုလူတွေကို စိတ်မဝင်စားဘူး"

"ဒါဆို ဘယ်လိုလူမျိုးကို စိတ်ဝင်စားတာလဲ"

"စီနီယာ့ကိုတော့ မပြောပြဘူး"

သူ့ရဲ့ စိတ်ကောက်နေတဲ့ ပုံစံလေးက တစ်မျိုးလေး ချစ်စရာကောင်းနေတယ်။

"ယွန်ဆွန်းအာ ဘာလို့ မလာလဲဆိုတာ စီနီယာ မသိချင်ဘူးလား"

"ဟမ်"

အခုမှ သတိရတယ်၊ GHအုပ်စုက လူတွေ ရှိနေပေမယ့် ဆွန်းအာနဲ့ ဂိုဂျွန်ဟျွန်းတို့ကိုတော့ မတွေ့မိဘူး။

သူ ပြောမှပဲ ကျွန်တော် သတိရတော့တယ်။

"သူ ဘာလို့ မလာတာလဲ"

"သူ့မှာ ကိုယ်ဝန်ရှိနေပြီတဲ့"

"တကယ်လား"

ဒါဆို တကယ်ပဲ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာပေါ့။

ယူရီက ပြုံးပြီး ပြောတယ်။

"ဒါဆို နောက်မှ တွေ့မယ်နော်။ စီနီယာ"

"ဂရုစိုက်သွားပါ"

ဖွင့်ပွဲပါတီက သန်းခေါင်ယံအချိန်လောက်မှာ ပြီးဆုံးသွားတယ်။

ဟိုတယ်အရှေ့မှာတော့ Sedanကားကြီးတွေ တန်းစီနေပြီး လူတွေက တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ရင်း ကိုယ့်ကားထဲကိုယ် ဝင်လိုက်ကြတယ်။

စီနီယာ ပတ်ဆန်းယော့နဲ့ ဂျောင်ကီဟုမ်တို့ အတူတူ ရှိနေကြပါတယ်။

"ငါတို့တွေ နောက်ထပ် ထပ်သောက်ဖို့ သွားဦးမလို့"

"မင်းနဲ့အတူလာတဲ့ အမျိုးသမီးကော ဘယ်ရောက်သွားပြီလဲ"

"သူက ပင်ပန်းလို့ဆိုပြီး စောစောပြန်သွားပြီ"

ကီဟုမ်က ပြောတယ်။

"မင်း သူ့ကို ဂရုမစိုက်လို့ ပြန်သွားတာ ဖြစ်မှာပါ"

"အဲလိုလား"

ဥက္ကဌ လင်ဂျင်ယုံနဲ့ ဥက္ကဌ လင်ဆိုမီတို့ကို နှုတ်ဆက်ပြီးနောက် ကျွန်တော် အယ်လီနဲ့အတူ ကားထဲ ဝင်လိုက်တယ်။

အရက်ရှိန်ကြောင့် ထင်တယ်။ အယ်လီ့မျက်နှာလေးက အနည်းငယ် နီမြန်းနေပါတယ်။ အယ်လီက ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်စေတဲ့ ညနေခင်းဂါဝန်ကို ဝတ်ထားပြီး ခြေသလုံးဖြူဖြူလေးတွေက ပေါ်လွင်နေကာ အမည်းရောင် သားရေဒေါက်ဖိနပ်ကို ဝတ်ထားတာပါ။

သူက ပုံမှန်အတိုင်း ဆွဲဆောင်မှု ရှိပေမယ့် ဒီနေ့တော့ လုံးဝ ထူးခြားနေသလိုပဲ။

အယ်လီက ကျွန်တော့်လက်ကို ကိုင်ပြီး ပြောတယ်။

"ဂျင်ဟူရဲ့ အိမ်ကို သွားကြမလား။ သွားလို့အဆင်ပြေလား"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"ဒါပေါ့"

All Chapters