အခန်း ၆၃၅
Vol. 43 Ch. 635
အခန်း (၆၃၅) - ရက်သုံးဆယ် ကြာပြီးနောက်၊ ဟင်းလင်းပြင် ဖြိုခွဲ အဆင့်၏ ကြီးမားသော အောင်မြင်မှု
“ပြီးသွားပြီ...”
“အဲဒါက ငါတို့ ရှန်ကျိုးတိုက်ကြီးရဲ့ တောင်ပိုင်းဒေသမှာ ရှိတဲ့ စိမ်းပြာရောင် တားမြစ်နယ်မြေက ရှောင်ချန်းထျန်းလေ... သူက ရွေးချယ်ခံရသူ... တားမြစ်နယ်မြေသခင်ရဲ့ မျက်စိကျခြင်းကို ခံရပြီး အမွေဆက်ခံသူအဖြစ် သတ်မှတ်ခံထားရတယ်လို့ ပြောကြတယ်”
“ရှောင်ချန်းထျန်းဆီမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရားစွမ်းရည်တွေ ရှိရမယ်... အင်မတန်မှ နက်နဲတဲ့ စွမ်းရည်တွေပေါ့... ဂိုဏ်းချုပ်ယဲ့က သူ့ရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မှာ”
ထိပ်တန်း သုံးသပ်သူ နှစ်ဦးက သူတို့၏ ခွဲခြမ်းစိတ်ဖြာချက်များကို မနေနိုင်မထိုင်နိုင် ထုတ်ပြောလိုက်ကြသည်။
ကောင်းကင်ယံအထက်တွင်
ယဲ့ဖုန်းက ဘေးပတ်လည်ရှိ လူများ၏ ဆွေးနွေးပြောဆိုမှုများကို နားထောင်ရင်း ရှောင်ချန်းထျန်း၏ နောက်ခံအကြောင်းကို အကြမ်းဖျင်း နားလည်သွား၏။
...
ထိုသူသည် လူငယ်ဘဝကတည်းက နာမည်ကြီးခဲ့ပြီး ယခု အသက် (၁၀၀) ကျော်အရွယ်တွင် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း သူသည် ကောင်းကင်ဧကရာဇ် ဒါဇင်ပေါင်းများစွာကို စိန်ခေါ်ခဲ့ပြီး တိုက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့၏။
ယဲ့ဖုန်းက ရှောင်ချန်းထျန်းသည် သူတော်စင်အကြိုအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန် တိုက်ပွဲများကို အသုံးပြု၍ မိမိကိုယ်ကို ဖိအားပေးနေခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
“ဒီလူက အထင်သေးလို့ရတဲ့ သူမျိုး မဟုတ်ဘူး”
ယဲ့ဖုန်း၏ အကြည့်များက ထက်မြက်လာသည်။
“စကားများများ မပြောတော့ဘူး... မင်း ငါ့စိန်ခေါ်မှုကို လက်ခံရဲလား”
ရှောင်ချန်းထျန်းက ရင်ဘတ်ပေါ် လက်ပိုက်လျက် ယဲ့ဖုန်းကို ပြုံးပြလိုက်၏။
“မင်း သတ္တိ မရှိဘူးဆိုရင်လည်း အခုပဲ အရှုံးပေးလိုက်... အဲဒါဆို ငါ ချက်ချင်း ထွက်သွားပေးမယ်”
ယဲ့ဖုန်းက ရွေးချယ်ခံရသူဖြစ်ကြောင်းကို သူ ကြားသိထားပြီး ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအား အများအပြားကို ပိုင်ဆိုင်ထားမည်မှာ သေချာသည်။ ထိုစွမ်းအားများကို သူက အလွန်တရာ ဝါးမျိုချင်နေသည်။
ကံမကောင်းစွာဖြင့် သူရဲကောင်းဝိညာဉ်စွမ်းအားများသည် အခြားသော စွမ်းအားများနှင့်မတူဘဲ အသိအမှတ်ပြုမှု မရရှိပါက စုပ်ယူ၍မရပေ။ ဤသည်က သူ့ကို ထိုအံ့သြဖွယ်ကောင်းသော စွမ်းအားကို စုပ်ယူခွင့် မရအောင် တားဆီးထားသည်။
မဟုတ်လျှင် ရှောင်ချန်းထျန်းသည် ၎င်းကို သေချာပေါက် ဝါးမြိုရန် ကြိုးစားခဲ့မည် ဖြစ်သည်။
“ငါက ဘာလို့ မင်းရဲ့ စိန်ခေါ်မှုကို လက်ခံရမှာလဲ... ငါ့အချိန်က မင်းအချိန်လိုပဲ တန်ဖိုးမရှိဘူးလို့များ ထင်နေသလား... အလကား အချိန်ဖြုန်းနေရအောင်လို့”
ယဲ့ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ငါတို့ သခင်ကို ဒီလို ပြောရဲတယ်ပေါ့” ဘေးတွင် ရပ်နေသော အစေခံ ပိုင်ကျိီးက အေးစက်စွာ အော်ဟစ်လိုက်သည်။
ယဲ့ဖုန်းက သူ၏ အရာရာကို ပုံဖော်နိုင်သော မျက်လုံးကို အသက်သွင်းကာ ပိုင်ကျိီးကို ကြည့်လိုက်သည်။
“အသက်သုံးထောင်ကျော် အဘွားကြီးက ဘာတွေ အော်နေတာလဲ... ငါသာ မင်းနေရာမှာဆိုရင် ဒီလောက်ကြာအောင် ကျင့်ကြံပြီးမှ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ၇ ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်သေးရင်... ပဲပြားတုံး တစ်တုံးရှာပြီး ခေါင်းနဲ့ဆောင့်သေသွားတာ ကြာလှပြီ”
“နင် ဘယ်လိုများ ရဲတင်းရတာလဲ”
ပိုင်ကျိသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ရင်ဘတ်မှာ နိမ့်လိုက် မြင့်လိုက် ဖြစ်နေကာ သွားများကို တင်းတင်းကြိတ်ထားလိုက်သည်။
“နင့်လို ကောင်လေးက ငါ့ကို အသရေဖျက်ရဲတယ်ပေါ့... ငါက အသက် သုံးရာကျော်ပဲ ရှိသေးတယ်ဟဲ့... သခင်... သူ့အတွက် တရားမျှတမှု ရှာပေးပါ”
သူမက ယဲ့ဖုန်းကို ဖိနှိပ်ချင်သော်လည်း ယဲ့ဖုန်းက ခန္ဓာကိုယ်ကျင့်ကြံသူ ကောင်းကင်ဧကရာဇ် ဖြစ်ပြီး သူမ၏ အဆင့်ထက် ကျော်လွန်နေကြောင်း သိထားသဖြင့် ရှောင်ချန်းထျန်း၏ လက်မောင်းကိုသာ ဖက်တွယ်ကာ ချွဲနွဲ့လိုက်ရသည်။
“မစိုးရိမ်ပါနဲ့... မင်းအတွက် တရားမျှတမှုကို သေချာပေါက် ရှာပေးမယ်”
ရှောင်ချန်းထျန်းက ယဲ့ဖုန်းကို အေးစက်သော မျက်နှာဖြင့် ကြည့်လိုက်သည်။
“မင်းရဲ့ အချိန်တွေက တန်ဖိုးရှိတယ်လို့ ပြောတယ်မလား... ကောင်းပြီလေ... မင်းနဲ့ လောင်းကြေးထပ်ပြီး တိုက်ခိုက်မယ်... မင်း လုပ်ရဲလား... မရဲဘူးလား”
ရှောင်ချင်းထျန်းက အထွတ်အထိပ်အဆင့် ဝိညာဉ်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းသည် အေးစက်သော အလင်းရောင်များ တောက်ပနေသည့် တန်ဖိုးကြီး ဓားတစ်လက် ဖြစ်သည်။
“ယဲ့ဖုန်း... မင်း နိုင်ရင် ဒီအထွတ်အထိပ်အဆင့် ဝိညာဉ်ရတနာကို ယူသွား... မင်း ရှုံးရင်တော့ ဘာအဖိုးအခမှ ပေးစရာ မလိုဘူး”
ရှောင်ချန်းထျန်းက သူရှုံးလိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။
“အထွတ်အထိပ်အဆင့် ဝိညာဉ်ရတနာ... ဘယ်သူ့ဆီမှာ မရှိတာမှတ်လို့”
ယဲ့ဖုန်းက လက်ဟန်ပြလိုက်ရာ “ချွင်” ဟူသော အသံနှင့်အတူ ခရမ်းရွှေရောင် အလင်းတန်းတစ်ခုက လေဟာနယ်ကို ဖြတ်သန်းသွားပြီး ယဲ့ဖုန်း၏ လက်ထဲသို့ တိကျစွာ ရောက်ရှိလာ၏။
၎င်းသည် အရှည် နှစ်မီတာခွဲ ရှိပြီး တစ်ခုလုံး ခရမ်းရွှေရောင် တောက်ပနေသော လှံရှည်တစ်လက် ဖြစ်သည်။
“ဝှစ်... ဝှစ်... ဝှစ်…”
ကောင်းကင်ပေါက် ခရမ်းရွှေလှံ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် လွှမ်းမိုးနိုင်စွမ်းရှိသော လှိုင်းလုံးများ ထွက်ပေါ်လာရာ ရှောင်ချန်းထျန်း၏ အထွတ်အထိပ်အဆင့် တန်ဖိုးကြီး ဓားမှာ ကြောက်လန့်တကြားဖြင့် အလိုအလျောက် နောက်ဆုတ်သွားသည်။
‘ဟင်... ကောင်းကင်ပေါက် ခရမ်းရွှေလှံရဲ့ အရှိန်အဝါက ရာခိုင်နှုန်း သုံးဆယ် တိုးလာပါလား... ဒါက ပိုင်ရှင်ကို ရွေးချယ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုများလား’
အနီးအနားရှိ လေဟာနယ်တွင် ပုံရိပ်ယောင်တစ်ခု ရပ်နေသည်။ ၎င်းမှာ ကျောင်းယန် မြင့်မြတ်သောမြို့တော် မြို့စားမင်း၏ ကိုယ်ပွားပင် ဖြစ်သည်။
ကောင်းကင်ပေါက် ခရမ်းရွှေလှံမှာ ပိုမို အားကောင်းလာကြောင်း မြို့စားမင်း ခံစားလိုက်ရသည်။
“အင်မတန် ကြောက်စရာကောင်းတဲ့ ဝိညာဉ်ရတနာပဲ”
ရှောင်ချန်းထျန်းက ကောင်းကင်ပေါက် ခရမ်းရွှေလှံကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
“ယဲ့ဖုန်း... ဒီသခင်လေးနဲ့ တိုက်ခိုက်ဖို့ ဘာလိုအပ်သလဲ”
“မင်းကိုယ်မင်း ခန္ဓာကိုယ် ကျင့်ကြံတဲ့ ကောင်းကင်ဧကရာဇ်လို့တောင် ခေါ်နေသေးတယ်... သာမန် ယှဉ်ပြိုင် တိုက်ခိုက်တာလေးကိုတောင် ကြောက်ရွံ့နေတယ် ဆိုတော့ ခန္ဓာကိုယ်ကျင့်ကြံသူတွေအတွက် တကယ့်ကို အရှက်ရစရာပဲ” ပိုင်ကျီးက ထပ်မံ ပြောဆိုလိုက်သည်။
“သုံးရက်ကြာရင် ကျောင်းယန် မြင့်မြတ်သော မြို့တော်မှာ တိုက်ခိုက်မယ်”
ယဲ့ဖုန်းက ဤစကားများကို ချန်ရစ်ခဲ့ပြီး မြူခိုးတောင်ထွတ်၏ အထွတ်အထိပ်သို့ ပြန်သွားခဲ့သည်။
တိုက်ခိုက်မယ် ဟုတ်လား။
သူ ဘယ်လိုလုပ် မတိုက်ဘဲ နေနိုင်မှာလဲ။
ဂုဏ်သတင်းရမှတ်တွေက အိမ်တံခါးဝအထိ ရောက်လာတာကို သူ ဘယ်လိုလုပ် မလိုချင်ဘဲ နေပါ့မလဲ။
‘ဒါပေမယ့် ဒီနေ့ လာကြည့်တဲ့သူက ထောင်ဂဏန်းလောက်ပဲ ရှိတာ... နိုင်ရင်တောင် ဘာများ ရမှာလဲ။ မွေးညှပ်စရာ သိုးမွေးတောင် သိပ်မရှိဘူး။
တိုက်ပွဲနေရာကို ကျောင်းယန် မြင့်မြတ်သော မြို့တော်ကို ပြောင်းလိုက်ရင် အဲဒီအချိန်ကျမှ အနိုင်ရတာက တကယ်ကို ပီတိဖြစ်စရာ ကောင်းလိမ့်မယ်။
အဲဒီအချိန်ကျရင် ဂုဏ်သတင်းမှတ်တိုင်တွေက ဒီရေလှိုင်းတွေလို အလုံးအရင်းနဲ့ ဝင်လာမှာ သေချာတယ်... ဒါဆို အမြတ်ကြီး အများကြီး ထွက်မှာပဲ’
“သုံးရက်ကြာရင်... လက်ခံတယ်”
“ဟားဟားဟားဟားဟား…”
ရှောင်ချန်းထျန်းက ရုတ်တရက် ကျယ်လောင်စွာ ရယ်လိုက်သည်။
သူ့အမြင်တွင် ယဲ့ဖုန်းသည် အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိသောကြောင့် ဤရက်အနည်းငယ်ကို အသုံးပြု၍ သေချာပြင်ဆင်ချင်နေခြင်း ဖြစ်၏။
သို့သော် ရှောင်ချန်းထျန်းသည် ယုံကြည်မှု အပြည့်ရှိသလို ယဲ့ဖုန်း၏ ပြင်ဆင်မှုများကိုလည်း စိုးရိမ်မနေပေ။ သူ့အမြင်တွင် အဆင့်တူ တိုက်ပွဲ၌ မည်သူမျှ သူ့ကို အနိုင်မယူနိုင်ပေ။
၎င်းက သူ၏ ယုံကြည်မှုပင် ဖြစ်သည်။
“ဟူး... ပြီးသွားပြီ... ပြီးသွားပြီ”
တက်ရောက်လာသော ကျင့်ကြံသူများ စတင် လူစုခွဲလိုက်ကြပြီး ယဲ့ဖုန်းနှင့် ရှောင်ချန်းထျန်းတို့၏ လာမည့် တိုက်ပွဲကြီးအကြောင်း သတင်းများလည်း ဟိုးလေးတကျော် ဖြစ်သွားတော့သည်။
ကျောင်းယန် မြင့်မြတ်သော မြို့တော်။
မြို့စားမင်းက သူ၏ နေရာတွင် ထိုင်ကာ ရေရွတ်လိုက်သည်။
“ယဲ့ဖုန်းက သုံးရက် တမင်တကာ အချိန်ဆွဲလိုက်တာ... ကောင်းကင်ပေါက် ခရမ်းရွှေလှံနဲ့ ပေါင်းစပ်ဖို့ အချိန်ဝယ်နေတာများလား... ဘာပဲဖြစ်ဖြစ် သူက အခုလေးတင် ရထားတာဆိုတော့ လှံရှည်ရဲ့ စွမ်းအား သုံးဆယ်ရာခိုင်နှုန်းကိုပဲ ထုတ်သုံးနိုင်သေးတယ်လေ... နောက်ထပ် သုံးရက် အချိန်ပေးလိုက်ရင် ဘယ်သူသိမှာလဲ... သူက အဲဒီစွမ်းအားကို နှစ်ဆတိုးအောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်”
*
အခြား စံအိမ်တစ်ခုတွင်။
မျက်နှာဖုံး တပ်ဆင်ထားသော ယွီကျူးက မြူခိုးတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်၏။
“သုံးရက်ကြာမှ တိုက်ခိုက်မယ် ဟုတ်လား... စိတ်ဝင်စားစရာပဲ”
သူမက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး လက်သီးကို ဆုပ်ထားလိုက်သည်။
“ပြင်းပြင်းထန်ထန် ထပ်ပြီး ကျင့်ကြံလိုက်ရင်... ငါလည်း ဟင်းလင်းပြင်ဖြိုခွဲ ကိုးဆင့်ရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်ပြီ... အဲဒီအချိန်ကျရင် ငါလည်း ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်ပြီပဲ”
မြူခိုးတောင်ထွတ် အတွင်းတွင်။
ယဲ့ဖုန်းသည် တင်ပျဉ်ခွေ ထိုင်လျက် ကောင်းကင်ကိုးထပ် နတ်ဘုရား ကျင့်စဉ် ..ဟင်းလင်းပြင်ဖြိုခွဲ အခန်းအား ဆက်လက် ကျင့်ကြံနေသည်။
ရှောင်ချန်းထျန်း၏ တိကျသော စွမ်းအားကို သူမသိသော်လည်း ယဲ့ဖုန်းသည် ဂိုဏ်း၏ အန္တရာယ်သတိပေးချက်ကို အသုံးပြု၍ ခန့်မှန်းကြည့်ရာ ရှောင်ချန်းထျန်းက သူ့အတွက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မဖြစ်စေနိုင်ကြောင်း ခံစားလိုက်ရသည်။
ထို့ကြောင့် ယဲ့ဖုန်းသည် စိုးရိမ်ပူပန်နေခြင်း မရှိပေ။
တိုက်ပွဲအချိန်နှင့် နေရာကို သုံးရက်အကြာ ကျောင်းယန် မြင့်မြတ်သော မြို့တော်သို့ ပြောင်းလဲလိုက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဂုဏ်သတင်းမှတ်တိုင်များ ပိုမိုရရှိရန်နှင့် လာမည့်ရက်များတွင် ကောင်းကင်ကိုးထပ် နတ်ဘုရားကျင့်စဉ်ကို ဆက်လက်၍ ပြင်းပြင်းထန်ထန် ကျင့်ကြံရန် ဖြစ်ပါသည်။
“သုံးရက် ထပ်ပြီး ကျင့်ကြံရဦးမယ်”
ယဲ့ဖုန်းက လက်ဟန်များ ဖော်ဆောင်လိုက်ပြီး အချိန်စီးဆင်းမှုကို ဆယ်ဆ မြန်ဆန်စေသော ၀င်္ကပါတစ်ခုကို မိမိကိုယ်ကိုယ် အသုံးပြုလိုက်သည်။ ပြင်ပလောကမှ သုံးရက်သည် သူ့အတွက် တစ်လနှင့် ညီမျှသည်။
ကျောင်းယန် မြင့်မြတ်သော မြို့တော်။
“အံ့သြစရာပဲ”
“သုံးရက်ကြာရင် ခန္ဓာကိုယ်ကျင့်ကြံသူ ကောင်းကင်ဧကရာဇ် ယဲ့ဖုန်းက ကျောင်းယန် မြင့်မြတ်သော မြို့တော်မှာ စိမ်းပြာရောင် တားမြစ်နယ်မြေက မျိုးဆက် ရှောင်ချန်းထျန်းနဲ့ ရင်ဆိုင်ရတော့မယ်”
“ယဲ့ဖုန်း... တောင်ပိုင်း နိုင်ငံငယ်လေးက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတာလား... မြို့စားမင်းတောင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတဲ့သူလေ”
“ဟုတ်တယ်... သူပဲ”
“မင်းတို့ ဘယ်လိုထင်လဲ... ဒီတိုက်ပွဲမှာ ဘယ်သူ နိုင်မလဲ”
ကျောင်းယန် မြင့်မြတ်သော မြို့တော်အတွင်း မရေမတွက်နိုင်သော ကျင့်ကြံသူများက အပြင်းအထန် ဆွေးနွေးနေကြသည်။
ကျောင်းယန် မြင့်မြတ်သော မြို့တော်တွင် ရှန်ကျိုးတိုက်ကြီး၏ နေရာအနှံ့အပြားသို့ ချိတ်ဆက်ထားသော ကြီးမားသည့် နေရာရွှေ့ပြောင်းဝင်္ကပါကြီး ရှိသောကြောင့် သတင်းများက တဖြည်းဖြည်း ပြန့်နှံ့သွားခဲ့သည်။
ရှောင်ချန်းထျန်းကို ရှုံးနိမ့်ခဲ့ဖူးသူများသည် ကျောင်းယန် မြင့်မြတ်သော မြို့တော်သို့ ခရီးနှင်လာကြပြီး တိုက်ပွဲကို ကြည့်ရှုရန် အသင့်ပြင်နေကြသည်။
အချို့ကမူ စွမ်းအားများ များစွာ တိုးတက်လာသဖြင့် ရှောင်ချန်းထျန်းကို ထပ်မံ စိန်ခေါ်ကာ သူတို့၏ အတိတ်က အရှက်ရမှုများကို ဆေးကြောပစ်ရန် မျှော်လင့်နေကြသည်။
...
နန်ဝမ် ပြည်နယ်ဆယ့်သုံးခု။
လင်ယွဲ့သည် အပြင်ဘက်ရှိ ပွက်လောရိုက်နေသော သတင်းများကို မသိရှိပေ။ လတ်တလောတွင် သူမရှေ့ရှိ လူသူကင်းမဲ့သော မြေပြင်ကို ကြည့်ရင်း စိတ်လေးလံနေသည်။
“တစ်ချိန်က သေမျိုးကမ္ဘာ နိုင်ငံတော်က ဘာလို့ ဒီလိုဖြစ်သွားရတာလဲ”
လင်ယွဲ့ နားမလည်နိုင်အောင် ဖြစ်နေသည်။
အချိန်အတော်ကြာ ရှာဖွေပြီးနောက် သူမသည် တိတ်ဆိတ်ငြိမ်သက်နေသော တောင်ပေါ် ရွာငယ်လေးတစ်ခုကို နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။ တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ၀င်္ကပါတစ်ခုကို တည်ဆောက်ကာ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်ရန် စတင် ကြိုးစားလိုက်သည်။
ခွဲထွက်ခြင်း မူလကိုယ်ခန္ဓာကို ကျင့်ကြံရာတွင် မူလနတ်ဘုရားအဆင့်သို့ ဦးစွာ ချိုးဖြတ်ဝင်ရောက်ခြင်းက အကောင်းဆုံး ဖြစ်သည်။
ထို့ကြောင့် သူမသည် အဆင့်တက်ရန် ဤနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အနီးအနားရှိ သဘာဝ ဝိညာဉ်စွမ်းအင်များ မထူထပ်သော်လည်း တိတ်ဆိတ်မှုက ကောင်းမွန်လှသည်။ ထို့အပြင် သူမသည် ဝိညာဉ်စုစည်းခြင်း ၀င်္ကပါ၊ ဝိညာဉ်စုစည်းခြင်း ဆေးလုံးများနှင့် အဆင့်မြင့် အဆင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ယူဆောင်လာခဲ့သဖြင့် ကျင့်ကြံခြင်း အရင်းအမြစ်များ မလုံလောက်မှု မရှိပေ။
လင်ယွဲ့သည် ပြင်းထန်သော ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသကဲ့သို့ ယဲ့ဖုန်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။
ယခုအချိန်တွင် သူသည် ဆယ်ဆမြန်ဆန်သော အချိန်စီးဆင်းမှုတွင် နစ်မြုပ်နေပြီး ပြင်ပလောကမှ သုံးရက်သည် သူ၏ ကျင့်ကြံခြင်း ရက်သုံးဆယ်နှင့် ညီမျှနေသည်။
သူ၏ နားလည်နိုင်စွမ်းဖြင့် ကိုယ်တိုင် ဖန်တီးထားသော ဟင်းလင်းပြင်ဖြိုခွဲ အခန်းကဏ္ဍ၏ နောက်ပိုင်း အပိုင်းများကို ကျင့်ကြံရာတွင် အားစိုက်ထုတ်ရန် မလိုအပ်သလောက် ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း တိုးတက်မှုက နေ့စဉ် သိသိသာသာ တိုးတက်လာခဲ့သည်။
ပြင်ပလောကမှ သုံးရက်။
ယဲ့ဖုန်းအတွက် ရက်သုံးဆယ် ကြာမြင့်ခဲ့၏။
တိုက်ပွဲနေ့ ရောက်လာသောအခါ သူ နောက်ဆုံးတွင် ထွက်လာခဲ့ပြီး သူ၏ ယေဘုယျ စွမ်းအင်များက ပုံမှန်နှင့် သိပ်မကွာခြားသလို ပုံပေါ်နေသည်။
သေချာကြည့်မည်ဆိုပါက သူ၏ မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ထပ်တိုးလာသည်ကို သတိပြုမိပေလိမ့်မည်။
“ငါ နောက်ဆုံးတော့ ကြီးမားတဲ့ အောင်မြင်မှုကို ရပြီ”
ယဲ့ဖုန်းက အပန်းဖြေကုလားထိုင်ပေါ်တွင် ထိုင်လျက် အချိန်ကို ကြည့်လိုက်ရာ တိုက်ပွဲမစမီ နောက်ဆုံး တစ်နာရီ ကျန်ရှိသေးကြောင်း တွေ့လိုက်ရသည်။
သူ အလျင်စလို မဖြစ်ပေ။
ဤပြင်းထန်သော ကျင့်ကြံခြင်း ကာလက သူ့ကို ကောင်းကင်ကိုးထပ် နတ်ဘုရားကျင့်စဉ် - ဟင်းလင်းပြင်ဖြိုခွဲ အခန်းကဏ္ဍကို အဆင့် ၉ ၏ အထွတ်အထိပ်သို့ အောင်မြင်စွာ ရောက်ရှိစေခဲ့သည်။
သူ၏ နတ်ဘုရား အာရုံစွမ်းအား တစ်ခုတည်းဖြင့်ပင် ကောင်းကင်ဧကရာဇ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဤသည်မှာ သူ၏ ရုပ်ခန္ဓာ စွမ်းအားပြီးလျှင် ကောင်းကင်ဧကရာဇ် အဆင့်သို့ ရောက်ရှိလာသော ဒုတိယမြောက် စွမ်းအား အမျိုးအစား ဖြစ်သည်။
“ဂိုဏ်းချုပ်ယဲ့... တိုက်ပွဲနေ့ ရောက်လာပါပြီ”
ကုန်းချင်းချိုးက အနီးအနားသို့ ချဉ်းကပ်လာပြီး သူမ၏ နှုတ်ခမ်းနီနီလေးများကို အနည်းငယ် ဟလျက် ညင်သာစွာ ပြောလိုက်၏။