အခန်း ၆၃၆
Vol. 43 Ch. 636
အခန်း (၆၃၆) တိုက်ပွဲ၊ ရှောင်ချန်းထျန်း၏ ကြောက်မက်ဖွယ် ခွန်အား
ကုန်းချင်းချိုးသည် တောင်ထိပ်တွင် သုံးရက်တိုင်တိုင် စောင့်ဆိုင်းနေခဲ့၏။ ယဲ့ဖုန်းသည် အပြင်းအထန် ကျင့်ကြံနေကြောင်း သူမ သိရှိသည်။
ထို့ကြောင့် အနှောင့်အယှက် မပြုဝံ့ချေ။ ချိန်းဆိုထားသော အချိန် နီးကပ်လာသောအခါ သူမ စိုးရိမ်လာသည်။ ယဲ့ဖုန်း အချိန်မီ နိုးလာပါ့မလားဟု တွေးပူနေမိသည်။
ထိုစဉ် ယဲ့ဖုန်း မျက်လုံးများ ပွင့်လာ၏။
သူမကုန်းချင်းချိုး စိတ်အေးသွားရတော့၏။
“ကောင်းပြီ ... သွားကြစို့”ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်လိုက်သည်။ တုန်ခါနေသော ကောင်းကင်ပေါက် ခရမ်းရွှေလှံကို ခေါ်ယူလိုက်၏။ သူသည် ဟူဖေးဖေး၊ ကုန်းချင်းချိုး၊ အမြင့်ဆုံးအကြီးအကဲ (၁၈) ဦးနှင့် တပည့်ပေါင်း ရာချီကို ဦးဆောင်လိုက်သည်။ ၎င်းတို့သည် ရွှေရောင် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြ၏။
ကျောင်းယန် သန့်စင်သော မြို့တော်။
သုံးရက်အတွင်း လူသန်းပေါင်းများစွာ တိုးပွားလာသည်။ ရှန်ကျိုး တိုက်ကြီး အရပ်ရပ်မှ ပွဲကြည့်ပရိသတ်များ ဖြစ်ကြသည်။ ကောင်းကင်ယံထက်တွင်မူ ပိုင်ကျီးသည် မောက်မာစွာ ရပ်နေ၏။
“တစ်နာရီပဲ လိုတော့တယ်။ ယဲ့ဖုန်း ဘာလို့ ပေါ်မလာသေးတာလဲ။ သူ ကြောက်လို့ ပုန်းနေတာလား”“ဂိုဏ်းချုပ်ယဲ့က ဘာလို့ ဆုတ်ပေးရမှာလဲ။ ကောင်မလေး ... မစောင့်နိုင်ရင်လည်း လာခဲ့တဲ့ လမ်းအတိုင်း ပြန်လှည့်သွားလိုက်တော့”နဂါးဝါ ကောင်းကင်ဧကရာဇ်က လူအများရှေ့တွင်ပင် တုံ့ပြန်လိုက်၏။ ပိုင်ကျီးသည် ဒေါသထွက်သွားသော်လည်း သူမ၏ ခွန်အားမှာ နဂါးဝါ ကောင်းကင်ဧကရာဇ်ကို မယှဉ်နိုင်ချေ။ သူမ ဒေါသကို အောင့်သိပ်ထားရ၏။
“သောက်ကျိုးနည်း ကြက်မ ... နင် နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီလား”အဝေးမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“နင် ... ငါ.. နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်”ပိုင်ကျီး ဒေါသကြောင့် ပေါက်ကွဲတော့မတတ် ဖြစ်သွားသည်။ သူမ ဘဝတွင် ‘သောက်ကျိုးနည်း ကြက်မ’ ဟု အခေါ်ခံရသည်ကို အမုန်းဆုံး ဖြစ်၏။ သူမသည် တောရိုင်း ဖီးနစ် မျိုးဆက် ဖြစ်သော်လည်း ဖီးနစ် အသွင်မှာ အဖြူရောင် ကြက်မတစ်ကောင်နှင့် ဆင်တူနေခြင်း ဖြစ်၏။
“ယွီကျူး ရောက်လာပြီ”
“ယွီကျူးဟာ ကျောင်းယန် ရှေးဟောင်း သူတော်စင်ရဲ့ တပည့်ကြီးဖြစ်ပြီး ဟင်းလင်းပြင် ဖြိုခွဲ အဆင့်ရဲ့ မြင့်မားတဲ့ အဆင့်တွေဆီ ရောက်နေတာ ကြာပြီလို့ ကောလာဟလတွေ ရှိတယ်။ သူ့ရဲ့ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းတယ်၊ ကောင်းကင်ဧကရာဇ်အဆင့် စွမ်းအားရှင် အဆင့်ဆီ ဘယ်တော့ တက်လှမ်းမလဲဆိုတာ မသေချာဘူး” ဟု ပရိသတ်တွေက စတင်ဆွေးနွေးလာကြသည်။
ကောင်းကင်တွင်၊
ယွီကျူးသည် ၎င်းတို့ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့၏။
သူမသည် သူမ၏ အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထားသောကြောင့် ပိုင်ကျီးနှင့် ရှောင်ချန်းထျန်းတို့ပင် ၎င်းကို မခွဲခြားနိုင်ပေ။ တပိုင်း အဆင့် သူတော်စင် အစောင့်အရှောက်ကသာ ယွီကျူး၏ အမှန်တကယ် ကျင့်ကြံမှုအဆင့်ကို အတည်ပြုနိုင်ခဲ့သည်။
“ဒီအမျိုးသမီးက ဟင်းလင်းပြင် ဖြိုခွဲ အဆင့်ရဲ့ အဋ္ဌမအဆင့် ထိပ်သီးကို တက်လှမ်းပြီးပြီ၊ ပိုင်ကျီး၊ မင်းက အခုဆို သူနဲ့ ပိုလို့တောင် မယှဉ်နိုင်တော့ဘူး” တပိုင်း အဆင့် သူတော်စင် အစောင့်အရှောက်က တီးတိုးပြောလိုက်သည်။
“ဟင်းလင်းပြင် ဖြိုခွဲ အဆင့်ရဲ့ အဋ္ဌမအဆင့် ထိပ်သီး… သူမက ဘယ်လိုလုပ် ဒီလောက်မြန်မြန် စွမ်းအားကြီးလာတာလဲ”
ပိုင်ကျီး၏ မျက်လုံးများ မယုံနိုင်လောက်အောင် ပြူးကျယ်သွား၏။
လွန်ခဲ့သော နှစ်များစွာက၊ ပိုင်ကျီးသည် ယွီကျူးနှင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲတွင် နှစ်ဦးစလုံးသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့်၏ သတ္တမအဆင့် ထိပ်သီးတွင် ရှိနေခဲ့သည်။ ထိုအချိန်က ယွီကျူးက အောင်ပွဲခံခဲ့ပြီး ပိုင်ကျီးကို နာကြည်းမှုများ ကျန်ရစ်စေခဲ့၏။
ယခု၊ ခက်ခဲသော ကျင့်ကြံမှု ကာလတစ်ခုပြီးနောက်နှင့် အားကောင်းသော နတ်ဘုရားစွမ်းရည်ကို တီထွင်ပြီးနောက်၊ ပိုင်ကျီးက သူမသည် ယွီကျူးကို လွှမ်းမိုးနိုင်မည်ဟု ထင်ခဲ့သော်လည်း သူမ၏ ပြိုင်ဘက်သည် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ ဖောက်ထွက်သွားပြီး ပိုမိုအားကောင်းလာသည်ကို တွေ့ရှိခဲ့ရသည်။
“ငါ ဟင်းလင်းပြင် ဖြိုခွဲ အဆင့်ရဲ့ အဋ္ဌမအဆင့် ထိပ်သီးကို တက်လှမ်းပြီးတာနဲ့ ဒီအရှက်ကွဲမှုကို သေချာပေါက် ကလဲ့စားချေမယ်..” ပိုင်ကျီးက အံကြိတ်ကာ ရင်ထဲမှာ ကျိန်ဆိုလိုက်သည်။
ယွီကျူးသည် မြင့်မားသော ကောင်းကင်တွင် ရပ်နေ၏။
သူမက ယဲ့ဖုန်း၏ ပုံရိပ်ကို ရှာဖွေရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“သူတို့ လာပြီ..”
တစ်စုံတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်ပြီး လူအုပ်ကြီးက လက်ညှိုးညွှန်ရာဘက်သို့ လှည့်ကြည့်လိုက်၏။ ထောင်ပေါင်းများစွာသော ပုံရိပ်များ ကောင်းကင်မှတဆင့် ရောက်ရှိလာတော့သည်။ သူတို့၏ ရှိနေမှုက ကြောက်မက်ဖွယ် ကောင်းပြီး ကြောက်ရွံ့ရိုသေဖွယ် ကောင်း၏။
သူတို့ကို ဦးဆောင်လာသူက ခရမ်း-ရွှေရောင် လှံကို ကိုင်ဆောင်ထားပြီး ချောမောပြီး ထူးခြားပုံရသည်။
သူ့မှာ ကျင့်ကြံမှု မရှိသလို ပုံပေါ်နေသော်လည်း၊ အလယ်စင်မြင့်မှာ သူ၏ တည်ရှိနေမှုက အတုမရှိသော အရှိန်အဝါကို ပေးစွမ်းလေ၏။
“ယဲ့ဖုန်း၊ နောက်ဆုံးတော့ မင်း ပေါ်လာပြီပဲ..”
ရှောင်ချန်းထျန်းသည် မငြိမ်မသက်ဖြစ်နေခဲ့သည်။
ကောင်းကင်ဧကရာဇ်အဆင့် ကိုယ်ခံပညာရှင် တစ်ယောက်၏ စွမ်းအားက ဘယ်လောက် စွမ်းအားကြီးသလဲ၊ သူနှင့် စိတ်လှုပ်ရှားစရာ ကောင်းပြီး ကျေနပ်စရာကောင်းသော တိုက်ပွဲ တစ်ခု ဆင်နွှဲနိုင်မလားဆိုတာ သိချင်နေခဲ့၏။
“ဟွန့်၊ နင်က အမြင့်မြတ်ဆုံးအဆင့် ဝိညာဉ်ရတနာကို ကိုင်စွဲထားရင်တောင် ငါတို့မင်းသားနဲ့ မယှဉ်နိုင်ပါဘူး..” ပိုင်ကျီးက လက်ပိုက်ပြီး လှောင်ပြောင် အော်လိုက်၏။
“တိတ်စမ်း၊ ငါတို့ဂိုဏ်းချုပ်က သောက်ကြက်မ.. မင်းပြောလို့ ရတဲ့သူလား” အရိပ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်က ရှေ့ကိုထွက်လာပြီး ပိုင်ကျီးကို ပြစ်တင်ပြောဆိုလိုက်၏။
သူ မြူခိုးဂိုဏ်းကို ဝင်ကတည်းက ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးရှာနေခဲ့သည်။
ယခု အခွင့်အရေးရလာပြီဆိုတော့ ဘယ်လိုလုပ် လက်လွတ်ခံနိုင်မည်လဲ။
“ငါ့ကို သောက်ကြက်မ လို့ ခေါ်ရဲတယ်၊ နင် သေချင်နေတာပဲ..”
ပိုင်ကျီးသည် လုံးဝ ဒေါသထွက်သွားပြီး အဖြူရောင် မီးတောက် အတောင်ပံတစ်စုံ သူမနောက်ကျောတွင် ပေါ်လာတော့သည်။ သူမသည် အဖြူရောင်မီးတောက် အဖိုးတန်တံဆိပ်တုံးကို ဖန်တီးကာ လက်ဟန်များကို ပြုလုပ်ခဲ့၏။
“အဖိုးတန်တံဆိပ်တုံးတွေသုံးပြီး ငါနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာလား။ မင်းက အရမ်းနုသေးတယ်..”
အရိပ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်က လှောင်ပြောင်ပြီး ကိုယ်ပိုင် လက်ဟန်များကို ရေးဖော်လိုက်သည်။
“မိစ္ဆာရူးသွပ်ခြင်း တံဆိပ်တုံး..”
ရုတ်တရက်ပင်၊ ဧရာမ အနက်ရောင် မှော်တံဆိပ်တုံး တစ်ခု ဖွဲ့တည်လာပြီး အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သဖြင့် ပိုင်ကျီး ဖန်တီးထားသော အဖြူရောင် မီးတောက် အဖိုးတန်တံဆိပ်တုံး လွင့်ထွက်သွားကာ အသာစီးရသွားတော့သည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
ပိုင်ကျီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
“ဟွန့်၊ ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ မင်းတကယ်ထင်ခဲ့တာလား” အရိပ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်က အားရပါးရ ရယ်မောလိုက်သည်။
လွန်ခဲ့သည့် အချိန်အချို့က၊ သူသည် ယဲ့ဖုန်းထံမှ အကြံဉာဏ်များကို အထူးတောင်းခံခဲ့ပြီး လမ်းညွှန်မှုရယူကာ မိစ္ဆာရူးသွပ်ခြင်း တံဆိပ်တုံးရှိ ချို့ယွင်းချက်များကို ပြင်ဆင်ပြီး သူ၏ စွမ်းအားကို သိသိသာသာ မြှင့်တင်ခဲ့သည်။
“သောက်ကြက်မ၊ ငါ့အတွက် အိပ်လိုက်..”
အရိပ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏ အောင်ပွဲကို လိုက်လံရှာဖွေပြီး ပိုင်ကျီးကို ဖမ်းဖို့ ကြိုးစားကာ ကောင်းကင်နှင့် မြေကြီး စွမ်းအင်များမှ ဧရာမ လက်ကြီးတစ်ခုကို ပေါင်းစည်းလိုက်တော့၏။
“တော်ပြီ..”
ရှောင်ချန်းထျန်းသည် ချက်ချင်းပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ ပိုင်ကျီးရှေ့တွင် ရပ်နေသည်။ အသက်ရှူရုံဖြင့်၊ သူသည် အရိပ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်တီးထားသော မိစ္ဆာရူးသွပ်ခြင်း တံဆိပ်တုံး နှင့် ဧရာမ သက်စောင့်စွမ်းအား လက်ကြီး ကို ချေမှုန်းလိုက်သည်။
“အုန်း .. အုန်း .. အုန်း”
စွမ်းအား၏ တန်ပြန်ရိုက်ခတ်မှုကြောင့် နောက်ကို ခြေလှမ်းအနည်းငယ် လွင့်သွားပြီး အရိပ်မိစ္ဆာဂိုဏ်း ဂိုဏ်းချုပ်၏ မျက်လုံးများ ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
“အရမ်း စွမ်းအားကြီးတာပဲ..”
အခြားလူများလည်း အသက်အောင့်ထားမိ၏။
မြင့်မားသော ကောင်းကင်တွင်၊ အခြားသော မြင့်မြတ်သော မြို့တော်များနှင့် ကြယ်ငါးပွင့် အင်အားစုများမှ ကောင်းကင်ဧကရာဇ်အဆင့် စွမ်းအားရှင်များသည်လည်း အလွန်အံ့အားသင့်သွားကြသည်။
သူတို့အားလုံးဟာ အရင်က ရှောင်ချန်းထျန်း၏ အနိုင်ယူမှုကို ခံခဲ့ရဖူးသည်။
သို့သော်၊ ထိုစဉ်က ရှောင်ချန်းထျန်း၏ စွမ်းအားက ယခုလောက် ကြောက်စရာ မကောင်း။ သူတို့ကို အနိုင်ယူနိုင်သော်လည်း၊ အနည်းဆုံးတော့ သိသာထင်ရှားသော ကွာဟချက်တော့ ရှိခဲ့၏။
ယခုတော့ ကောင်းကင်ဧကရာဇ်များမှာ ရှောင်ချန်းထျန်း၏ အတိမ်အနက်ကို မခန့်မှန်းနိုင်တော့ဘူးဆိုတာ သဘောပေါက်သွားကြသည်။ သူတို့ကြားက ကွာဟချက်ကို နှိုင်းယှဉ်ဖို့ ဆိုတာ ဝေးသေး၏။
ကူကယ်ရာမဲ့သော ခံစားချက် တစ်ခု အလိုအလျောက် ပေါ်လာရသည်။
“ယဲ့ဖုန်း၊ မင်း အမြင့်မြတ်ဆုံးအဆင့် ဝိညာဉ်ရတနာတွေကို သုံးသုံး ဒါမှမဟုတ် လက်ဗလာနဲ့ တိုက်တိုက်၊ ဒီသခင်လေးက အမြဲတမ်း အဆင်သင့်ပဲ” ရှောင်ချန်းထျန်းက မြင့်မားသော ကောင်းကင်ယံကို တက်သွားရင်း ကြေညာလိုက်၏။
ရှောင်ချန်းထျန်းက အေးအေးလူလူပင် လက် နောက်ပစ်ထားသည့်အခိုက်၊ သူ၏ အရှိန်အဝါများကမူ ဆက်လက် မြင့်တက်လာ နေသည်။ သူ့အနောက်မှာ၊ ရှေးဟောင်း မူလနဂါး ဆက်လက် ကြီးထွားလာပြီး ကောင်းကင်ယံ အမြင့်မှာ ရစ်ခွေကာ မိုင်တစ်ရာလောက် အရှည်သို့ ကြောက်မက်ဖွယ် ရောက်ရှိလာတော့၏။ လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေသော အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။
ကောင်းကင်ဧကရာဇ်များပင် ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။
“ဒီလူက မယုံနိုင်လောက်အောင် စွမ်းအားကြီးတာပဲ..”
အဖြူရောင်ဝတ်ရုံ ကောင်းကင်ဧကရာဇ်၊ နတ်ဘုရား ပင်လယ်နဂါး ဧကရီ နှင့် အခြားသော ကောင်းကင်ဧကရာဇ်အဆင့် စွမ်းအားရှင်များပင် ပူပန်သည့် အမူအရာများ မထိန်းနိုင်အောင် ပြသမိ၏။ တစ်ချိန်တည်းမှာပင် အနည်းငယ် ခါးသက်မှုကို ခံစားခဲ့ရသည်။
ရှောင်ချန်းထျန်းက သူတို့ကို တိုက်ခိုက်တုန်းက တစ်ကြိမ်တစ်ခါမျှ မလေးမနက် မလုပ်ခဲ့ခြင်းပါပင်။
“စွမ်းအားအရတော့ မဆိုးပါဘူး” ယဲ့ဖုန်းက ချီးကျူးလိုက်၏။
“ကျွတ်၊ ချီးကျူးဖို့ အချိန်ပဲ၊ ဂိုဏ်းချုပ်ယဲ့၊ ခင်ဗျား အစွမ်းကုန်ထုတ်ပြီး အခု သူ့ကို နှိမ်နင်းသင့်တယ်..” ဘိုးဘေး ကျင်းလင်း၏ ပါးစပ်က အကြံပြုချက်ပေးသလို တွန့်လိမ်သွားသည်။
“ထန်း.. ထန်း..ထန်း”
ကောင်းကင်သို့ထိုးဖောက်နေသော ခရမ်း-ရွှေရောင် လှံသည် တိုက်ပွဲအတွက် ယားယံနေပြီး 'သခင်၊ ကျွန်တော့်ကို သုံးပါ၊ ကျွန်တော့်ကို သုံးပါ..' ဟု ပြောနေသကဲ့သို့ စိတ်လှုပ်ရှားစွာ တုန်ယင်နေတော့သည်။
“ချွင်..”
သို့သော် ယဲ့ဖုန်းသည် ရုတ်တရက် ကောင်းကင်သို့ထိုးဖောက်နေသော ခရမ်း-ရွှေရောင် လှံကို ဟူဖေးဖေးအနီးသို့ ပစ်ချလိုက်ပြီး ပြောလိုက်သည်။
“မင်းက ဒီတိုက်ပွဲအတွက် မယှဉ်နိုင်ပါဘူး၊ ဘေးဖယ်ရပ်ပြီး စောင့်ကြည့်နေလိုက်ပါ”
‘ငါ့ရဲ့ ပိုင်ရှင်က ငါ့ကို တကယ်ပဲ မယှဉ်နိုင်ဘူးလို့ ပြောတာလား’
ကောင်းကင်သို့ထိုးဖောက်နေသော ခရမ်း-ရွှေရောင် လှံသည် ယုံကြည်မှု မရှိပေ။
“ဝီ..”
၎င်းသည် လေဟာပြင်ကို ဖြတ်တောက်ကာ ရှောင်ချန်းထျန်း၏ နောက်ကွယ်တွင် ပေါ်လာပြီး တစ်ခဏအတွင်း၊ ထက်မြက်သော လှံအလင်းရောင် ရာပေါင်းများစွာအား ထုတ်လွှတ်လိုက်၏။
“အရေးမပါတဲ့ လှည့်ကွက်တွေ၊ ကျွမ်းကျင်သူရှေ့မှာ ပြသရဲတာပဲ..”
ရှောင်ချန်းထျန်းက အေးစက်စွာ ပြစ်တင်ပြောဆိုလိုက်ပြီး ခေါင်းပင် မလှည့်ဘဲ ရုတ်တရက် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား ရွှေရောင်ရေစီးကြောင်း တစ်ခု ပေါက်ကွဲထွက်လာသည်။
ကောင်းကင်သို့ ထိုးဖောက်နေသော ခရမ်း-ရွှေရောင် လှံကို မိုင်ရာပေါင်းများစွာ အဝေးသို့ လွင့်ထွက်သွားစေပြီး ၎င်း၏ ကိုယ်ထည်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေ၏။
“ဖျတ်..”
“မင်းက သူ့ကို မယှဉ်နိုင်ဘူးလို့ ငါပြောခဲ့တယ်မလား။ မင်း မယုံခဲ့ဘူး”
ယဲ့ဖုန်းက ပြုံးလျက် ကောင်းကင်သို့ထိုးဖောက်နေသော ခရမ်း-ရွှေရောင် လှံအတွက် အနည်းငယ်မျှ စိုးရိမ်မှုမရှိဘဲ ပြောလိုက်၏။
အက်ကွဲကြောင်းအချို့ကို ဖော်ပြရုံမျှမက၊ ရှောင်ချန်းထျန်းက ၎င်းကို ဖြိုခွဲခဲ့လျှင်ပင် သန့်စင်သည့်မီးဖိုကို အမြင့်မြတ်ဆုံးအဆင့် ဝိညာဉ်ရတနာအဖြစ် အဆင့်မြှင့်ထားသရွေ့ ခရမ်း-ရွှေရောင် လှံအတွက် လုံးဝ ပြန်လည် သွန်းလောင်းနိုင်သည်။
“ယဲ့ဖုန်း၊ မင်းလည်း ရွေးချယ်ခံရသူလို့ ငါကြားဖူးတယ်၊ ဒါဆို မင်းရဲ့ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားက ဘယ်မှာလဲ။ ပြရဲလား”
ရှောင်ချန်းထျန်းက သူ့လက်သီးတွေကို ဆုပ်လိုက်၏။ သူ့နောက်က လေဟာပြင်မှာ၊ ဘယ်ညာဘက်မှာ ရှေးဟောင်း မူလနဂါး နှင့် ရွှေရောင် ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား တိမ်တိုက်တစ်ခု လွင့်မျောနေ၏။
“သေချာတာပေါ့” ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
ယဲ့ဖုန်း… လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ဖဝါး အထက်မှာ သန့်စင်ပြီး ကြီးမားသည့် ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားတွေ ပါဝင်သော ချောမွေ့ တောက်ပသည့် လေဝိညာဉ်ပုလဲ ပေါ်လာ၏။
ရှောင်ချန်းထျန်းလောက် မများသော်ငြား၊ ၎င်း၏ အရည်အသွေးက ရှောင်ချန်းထျန်းထက် အများကြီး သာလွန်လေသည်။
“ဒါက… ကံကြမ္မာ ရတနာပုလဲလား။ မဟုတ်ဘူး၊ မဖြစ်နိုင်တာ..”
ရှောင်ချန်းထျန်းက လေဝိညာဉ်ပုလဲကို စိုက်ကြည့်ရင်း မျက်လုံးအိမ်တွေ ကျုံ့သွားရ၏။
--