အခန်း ၆၄၀
Vol. 43 Ch. 640
အခန်း (၆၄၀) လရောင် ရတနာ တံဆိပ်၊ ကျွန်မတို့က မြူခိုးဂိုဏ်းရဲ့ အကြီးအကဲတွေပါ
ဤမိန်းမပျိုလေးမှာ အခြားသူမဟုတ်ဘဲ ပထမ မင်းသမီး လင်ယွဲ့ ပင် ဖြစ်၏။
မကြာသေးမီက သူမသည် ကျင့်ကြံရေး အရင်းအမြစ် အမြောက်အမြားကို သုံးစွဲခဲ့၏။ နောက်ဆုံးတွင် မူလနတ်ဘုရား အဆင့် (၁) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။ ထို့နောက် သူမသည် အံကြိတ်ကာ ‘ခန္ဓာခွဲခြင်း ကျင့်စဉ်’ ကို စတင် ကျင့်ကြံလေတော့သည်။ သုံးရက်တိုင်တိုင် ပြင်းထန်လှသော နာကျင်မှုကို တောင့်ခံပြီးနောက် ပထမဆုံးအကြိမ် ကိုယ်ခန္ဓာ ခွဲထုတ်ခြင်းကို ပြီးမြောက်ခဲ့၏။
“ဒါက ခန္ဓာခွဲခြင်း ကျင့်စဉ်လား”“မူလနဲ့ ကိုယ်ပွားဆိုပြီး ခွဲခြားထားတာ မရှိဘူးပဲ”နတ်ဘုရား ကျောက်စိမ်း စင်မြင့်ပေါ်တွင် ဝတ်စုံတူ ဝတ်ဆင်ထားသည့် လင်ယွဲ့ နှစ်ဦး ရှိနေ၏။ သူမတို့သည် တည်ငြိမ်ပြီး အစွမ်းထက်သော အမျိုးသမီးများ၏ အရှိန်အဝါကို ထုတ်လွှတ်နေကြ၏။ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသော်လည်း အမှတ်သညာများကို အပြန်အလှန် မျှဝေနိုင်စွမ်း ရှိကြသဖြင့် အလွန် ထူးဆန်းသော ခံစားချက်ကို ရရှိနေကြ၏။
'ခန္ဓာခွဲခြင်း ကျင့်စဉ်က အပို အရင်းအမြစ်တွေ မလိုဘူးပဲ ... ကိုယ်ခန္ဓာ ကွဲထွက်တဲ့ အချိန်မှာ ကောင်းကင်နဲ့ မြေကြီးကြားက စွမ်းအားတွေကို အလိုလို ဝါးမြိုနိုင်တာကိုး ... '
'ခန္ဓာကိုယ် တစ်စစီ ကွဲထွက်မတတ် နာကျင်မှုကို တောင့်ခံနိုင်ရင် အောင်မြင်မှာပဲ ... '
'အခုက ပထမဆုံးအကြိမ် ခွဲထုတ်တာ ... နောက်တစ်ကြိမ် ခွဲဖို့ဆိုရင် သုံးရက် ထပ်စောင့်ရမယ် ... အဲ့ဒီနောက်ပိုင်း ခွဲထုတ်မှုတွေကြားက အချိန်ကတော့ နှစ်ဆစီ တိုးသွားမှာပဲ ... ကြည့်ရတာ နောက်ပိုင်းမှာ ကောင်းကင်ဘေးဒဏ်တွေကိုပါ ရင်ဆိုင်ရမယ့်ပုံပဲ ... တကယ်ကို အန္တရာယ် များတာပဲ ... '
လင်ယွဲ့ နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။ သူမသည် ခန္ဓာကိုယ် မခွဲထုတ်မီ မူလနတ်ဘုရား အဆင့်သို့ အရင် တက်လှမ်းခဲ့ခြင်းမှာလည်း အကြောင်းရှိ၏။ အကယ်၍ ကျင့်ကြံခြင်း အဆင့် မမြင့်မားပါက နောင်တွင် ကြုံတွေ့ရမည့် ကောင်းကင်ဘေးဒဏ်များကို ကျော်ဖြတ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။
“ဒီအချိန်မှာ နတ်ဘုရားစွမ်းရည် တချို့ကို ကျင့်ကြံထားရမယ်”လင်ယွဲ့သည် မူလနတ်ဘုရား အဆင့်သို့ ရောက်ရှိပြီးနောက် ခန္ဓာခွဲခြင်းကိုသာ အာရုံစိုက်ခဲ့ရသဖြင့် နတ်ဘုရားစွမ်းရည်များကို မလေ့ကျင့်ရသေးပေ။ ယခုအခါမှသာ သူမသည် မန္တန်များထက် သာလွန်သော နတ်ဘုရားစွမ်းရည်များကို စတင် လေ့ကျင့်လေတော့သည်။
'ငါ ပိုပြီး သန်မာလာရမယ် ... '
'တစ်နေ့မှာတော့ ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ်မ တစ်ပါး ဖြစ်လာရမယ် ... ခုနစ်ရောင်ခြည် တိမ်တိုက်တွေကို စီးနင်းပြီး ယဲ့ဖုန်း ဘေးနားမှာ ခန့်ညားစွာ ရပ်တည်နိုင်ရမယ် ... '
လင်ယွဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ကျင့်ကြံမှုကို အစွမ်းကုန် စတင်လိုက်၏။
ယဲ့ဖုန်းနှင့် ရှောင်ချန်းထျန်းတို့၏ တိုက်ပွဲသတင်းမှာ ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်၏။
*
တားမြစ်နယ်မြေ တစ်ခုအတွင်း၌၊
အရပ်အမောင်း မြင့်မားသော ပုဂ္ဂိုလ်တစ်ဦးသည် ကျောတွင် လှံရှည်ကြီးကို လွယ်ထားလျက် တောင်ထိပ်ပေါ်၌ မောက်မာစွာ ရပ်နေ၏။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများက အဝေးသို့ ငေးကြည့်နေ၏။
“ရှောင်ချန်းထျန်းနဲ့ ယဲ့ဖုန်းလား ... ဟက်”“ကောလာဟလတွေအတိုင်း တကယ်ပဲ သန်မာရဲ့လားဆိုတာ ငါ ကြည့်ချင်မိသား ... အထူးသဖြင့် ယဲ့ဖုန်းပေါ့ ... သူက တကယ်ပဲ ပေဟယ်ဧကရာဇ်ရဲ့ ဆက်ခံသူလား ... စိတ်ဝင်စားဖို့ ကောင်းသားပဲ”မိုင်ပေါင်း သန်းချီ ကျယ်ပြောသော တောင်တန်းကြီး တစ်ခုအတွင်း၌လည်း ခံ့ညားသော ပုဂ္ဂိုလ်တစ်ဦး ရှိနေ၏။ သူ၏ အနောက်တွင် နဂါးစစ်ရိပ်တစ်ခု ဝဲပျံနေ၏။ သူသည် လက်နှစ်ဖက်ကို အနောက်တွင် ပစ်ထားလျက် အဝေးသို့ ငေးကြည့်နေ၏။ ခပ်ဩဩ အသံကြီး တစ်သံ ထွက်ပေါ်လာ၏။
“ရှောင်ချန်းထျန်းရဲ့ ကမ္ဘာဦး ရှေးဟောင်း နဂါးသွေးဆိုတာ ငါ့ရဲ့ နဂါးစစ်သွေးရှေ့မှာ ဘာမှ မဟုတ်ဘူး ... ဒါပေမဲ့ ယဲ့ဖုန်းဆိုတဲ့ လူကတော့ တော်တော် သန်မာမယ့်ပုံပဲ ... တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခု ရှာရမယ်”ဤနေရာများအပြင် အခြားသော တားမြစ်နယ်မြေများနှင့် တောင်တန်းကြီးများအတွင်းရှိ ထိပ်တန်း ဧကရာဇ်များမှာလည်း ယဲ့ဖုန်းကို စိတ်ဝင်စားနေကြလေသည်။
ပါရမီရှင် ကျင့်ကြံသူများမှာ ယှဉ်ပြိုင်လိုစိတ် ပြင်းပြတတ်ကြသည် မဟုတ်ပါလား။ ထိုသူတို့သည် ယဲ့ဖုန်းကို အနိုင်ယူပြီး ရှန်ကျိုး တိုက်ကြီး၏ အသိအမှတ်ပြုမှုကို ရယူလိုနေကြတော့သည်။
*
မြူခိုးတောင်ထိပ်မှာ၊
ယဲ့ဖုန်းက ကျီဇီလင်းကို အော်ခေါ်လိုက်၏။
“ဘုရားရေ ... ဒါက ကောင်းကင် ကိုးထပ် နတ်ဘုရားကျင့်စဉ်ရဲ့ ဟင်းလင်းပြင် ဖြိုခွဲ အခန်း မဟုတ်လား ... ရှင်းလင်းချက်တွေလည်း အများကြီးပဲ ... ဂိုဏ်းချုပ် ကိုယ်တိုင် ရေးထားတာလား”ကျီဇီလင်းသည် သိုင်းကျမ်း စာအုပ်ကို ပိုက်ထားလျက် မျက်လုံးများ အရောင်လက်နေတော့သည်။
“အင်း ... ငါ ရက်အနည်းငယ်ကြာ တွက်ချက်ပြီး ဖန်တီးထားတာ ... ငါ့ကို ကြည်ညိုတဲ့ မျက်လုံးတွေနဲ့ လာမကြည့်နဲ့ ... အခု ဒီကျင့်စဉ်က ငါ့လက်ထဲမှာ အောင်မြင်မှု အဆင့်ကို ရောက်နေပြီ ... အဆင့်အတိုင်း သေချာ ကျင့်ကြံရင် မင်းရဲ့ ဝိညာဉ်အာရုံက အနည်းဆုံး ကောင်းကင်ဧကရာဇ် အဆင့်ကို ရောက်လာလိမ့်မယ်”“ကဲ ... သွားပြီး ကျင့်ကြံတော့”ယဲ့ဖုန်းသည် အံ့ဩလွန်းသဖြင့် ဆွံ့အနေသော ကျီဇီလင်းကို လွှတ်လိုက်၏။ သူသည် ကုလားထိုင်ပေါ်တွင် ပြန်လည် လှဲလျောင်းလိုက်၏။ ဝိညာဉ်အာရုံကို အသုံးပြုကာ တစ်ဂိုဏ်းလုံးကို စစ်ဆေးလိုက်၏။ အချိန် (၁၀) ဆ အရှိန်မြှင့်တင်မှုနှင့် အလွန်ကြီးမားသော ဝိညာဉ်ကြောကြောင့် တပည့်များ၏ အရှိန်အဝါမှာ တစ်ဟုန်ထိုး တိုးတက်နေတော့၏။
ယခုအခါ မိုယင်၊ ဟိုယွင်ကျဲ၊ ကျီဇီလင်းနှင့် အခြားသူများမှာ ဝိညာဉ်ပင်လယ် အဆင့်အတွင်း၌ တိုးတက်မှုများစွာ ရှိနေကြ၏။ ကုန်းချင်းချိုးပင်လျှင် ဝိညာဉ်ပင်လယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့တော့၏။
'လောလောဆယ်တော့ ဂရုစိုက်စရာ ကိစ္စ မရှိသေးဘူး ... '
ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင်ကို သုံးကာ အနာဂတ်ကို တွက်ချက်ကြည့်လိုက်သည်။ မြူခိုးဂိုဏ်းအတွင်းဝယ် အချိန်အတော်ကြာ တည်ငြိမ်နေမည် ဖြစ်ကြောင်း သူ သိလိုက်ရ၏။ တပည့်များမှာ ကျင့်ကြံခြင်း၊ တာဝန်ထမ်းဆောင်ခြင်း၊ အိမ်ထောင်ဖက် ရှာခြင်းနှင့် ဝေယျာဝစ္စများကို ကိုယ်စီ လုပ်ဆောင်နေကြ၏။
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို ခေါင်းအုံးလျက် ကောင်းကင်ယံမှ တိမ်တိုက်များနှင့် လရိပ်ကို ငေးကြည့်နေ၏။ သူ၏ မျက်ဝန်းထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် တစ်စုံတစ်ဦးကို သတိရသွား၏။ ၎င်းမှာ လင်ယွဲ့ ပင် ဖြစ်၏။
နန်ယွင် (၁၃) ပြည်နယ်။
ဝတ်စုံတူ ဝတ်ဆင်ထားပြီး မျက်နှာဖုံးစွပ်ထားသည့် လင်ယွဲ့ နှစ်ဦးမှာ တောင်ဘက် ပင်လယ်ပြင်ဆီသို့ ပျံသန်းသွားကြ၏။
“ပင်လယ်ထဲမှာ ကောင်းကင်နဲ့ မြေကြီး ရတနာတွေ အများကြီး ရှိတယ်လို့ ကြားတယ် ... သွားကြည့်ရမယ်”“ပင်လယ်ပြင်က နေထွက်တာကလည်း တော်တော် လှမှာပဲ”“နေထွက်တာကို သူ့နဲ့အတူ ကြည့်ချင်မိသား”လင်ယွဲ့ နှစ်ဦးက တစ်ဦးပြီးတစ်ဦး ပြောလိုက်ကြသည်။ သူမတို့ကြားတွင် မူလနှင့် ကိုယ်ပွားဟူ၍ ခွဲခြားထားခြင်း မရှိပေ။ နှစ်ဦးစလုံးမှာ မူလကိုယ်ထည် ဖြစ်သလို နှစ်ဦးစလုံးမှာလည်း ကိုယ်ပွားများ ဖြစ်ကြ၏။
မူလနတ်ဘုရား အဆင့်သို့ ရောက်ရှိထားသဖြင့် လင်ယွဲ့သည် ယခုအခါ နေရာရွှေ့ပြောင်း နည်းစနစ်ကို သုံးနိုင်တော့၏။ တစ်ကြိမ်လျှင် မိုင် (၁၀၀) ခန့်သာ ရွှေ့နိုင်သော်လည်း အရင်ကထက် အဆပေါင်း ရာချီ မြန်ဆန်လှသည်။ သူမသည် တောင်ဘက် ကမ်းခြေဆီသို့ ဦးတည်နေ၏။ မကြာမီ နန်ယွင် (၁၃) ပြည်နယ်၏ နယ်နိမိတ်ကို ကျော်ဖြတ်သွားသည်။ တစ်ရက်အတွင်း မိုင်ပေါင်း (၁) သန်းခန့် ခရီးပေါက်ခဲ့တော့၏။
ရက်အနည်းငယ် ကြာပြီးနောက် လင်ယွဲ့သည် ကမ်းခြေသို့ ရောက်ရှိလာ၏။ လမ်းခရီးတွင် သူမသည် ထူးခြားသော ဓလေ့ထုံးတမ်းများကို မြင်တွေ့ခဲ့ရ၏။
"ဝုန်း"
အဝေးတစ်နေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ကျင့်ကြံသူများ၏ မြို့တစ်မြို့မှာ ပင်လယ်မိစ္ဆာ စစ်တပ်၏ တိုက်ခိုက်မှုကို ခံနေရခြင်း ဖြစ်သည်။ မိစ္ဆာသားရဲများကို ရင်ဆိုင်ရင်း မြို့စောင့် ကျင့်ကြံသူများမှာ အသက်ကို ပဓာနမထားဘဲ ရဲဝံ့စွာ ခုခံနေကြ၏။ မြို့ပျက်စီးမည့်အစား မိမိကိုယ်ကိုယ် ဖောက်ခွဲကာ ရန်သူနှင့်အတူ အသေခံနေကြ၏။
လင်ယွဲ့သည် ထိုတိုက်ပွဲကို နားမလည်နိုင်စွာ ကြည့်နေမိသည်။
'ဒီနေရာက မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကို အမြဲ ခံနေရတာလား ... မြို့သူမြို့သားတွေက ဘာလို့ တခြားနေရာကို မပြောင်းကြတာလဲ ... '
သူမ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသော်လည်း ဝင်ရောက် ကူညီရန် ဆုံးဖြတ်လိုက်၏။
လင်ယွဲ့ နှစ်ဦးစလုံး လက်ဟန်များ ရေးဆွဲလိုက်သည်။
လှုပ်ရှားမှုမှာ တထေရာတည်း တူညီ၏။
လရောင် ရတနာ တံဆိပ် နှစ်ခု ပေါ်လာသည်။
အေးစက်သော လရောင်များ ဝင်းလက်သွား၏။
တံဆိပ်များ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။
စွမ်းအားများ အဆပေါင်းများစွာ တိုးလာ၏။
အရှိန်ပြင်းစွာ ထိုးဆင်းသွားသည်။
"ဝုန်း"
မိစ္ဆာ ဧကရာဇ် အဆင့်နိမ့် တစ်ကောင် ထိမှန်သည်။
ကိုယ်ခန္ဓာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။
တိုက်ကွက်၏ နောက်ဆက်တွဲ စွမ်းအားများ လှိုင်းထသွားသည်။
ဝိညာဉ်ပင်လယ် အဆင့် မိစ္ဆာ ဘုရင် ဒါဇင်ပေါင်းများစွာ သေဆုံးကုန်၏။
ကျန်ရှိသော မိစ္ဆာများ လန့်ဖျပ်သွားကြသည်။
ပင်လယ်ပြင်ထဲသို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
“ဒီနတ်ဘုရားစွမ်းရည်က မဆိုးဘူးပဲ”လင်ယွဲ့၏ နှုတ်ခမ်းထောင့်တွင် လှပသော အပြုံးတစ်ခု ပွင့်လန်းလာသည်။ သူမသည် ပါရမီရှင် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။ မူလနတ်ဘုရား အဆင့် (၁) သာ ရှိသော်လည်း ‘လရောင် ရတနာ တံဆိပ်’ ကို သုံးလိုက်ပါက တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့် (၃) သို့ ရောက်ရှိသွားလေသည်။
‘ခန္ဓာခွဲခြင်း ကျင့်စဉ်’ ၏ ထူးခြားချက်ကြောင့် တံဆိပ်နှစ်ခုကို ပေါင်းစပ်လိုက်လျှင်မူ အဆင့် (၄) ကိုပင် ကျော်လွန်သွားနိုင်တော့၏။ တိုက်ကွက် တစ်ချက်တည်းနှင့် မိစ္ဆာ ဧကရာဇ် တစ်ကောင်ကို သတ်ပစ်နိုင်သည်မှာ အံ့ဩစရာ မရှိပေ။
“ဟိုးမှာ ကြည့်စမ်း ... နတ်မိမယ် နှစ်ပါးက ငါတို့ကို ကယ်လိုက်တာပဲ”“နတ်မိမယ်တို့ ဘေးကင်းပါစေ”မြို့သူမြို့သားများမှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ကျေးဇူးတင်နေကြသည်။ ဒဏ်ရာရထားသော မူလနတ်ဘုရား အဆင့် အကြီးအကဲ နှစ်ဦးမှာလည်း လေထဲသို့ ပျံတက်လာပြီး လင်ယွဲ့ကို ဦးညွှတ်လိုက်ကြ၏။ ရုပ်ချင်း တူညီသော လင်ယွဲ့ နှစ်ဦးကို မြင်သောအခါ လူတိုင်းမှာ ကြောင်အသွားကြရရှာသည်။
“မင်္ဂလာပါ ... ကျွန်မ နာမည်က လင်ယွဲ့ရီ ပါ”“ကျွန်မကတော့ လင်ယွဲ့အာ ပါ”လင်ယွဲ့ နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။
“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်မိမယ်တို့ ... ခင်ဗျားတို့က ဘယ်ကနေ လာတာလဲ ... ဘယ်ကို သွားမှာလဲ ဆိုတာ သိပါရစေ”
ကျင့်ကြံသူများက တစ်ပြိုင်နက်တည်း မေးလိုက်ကြ၏။
သူတို့ အမြင်တွင် လင်ယွဲ့တို့မှာ အမြွှာညီအစ်မများ ဖြစ်ကြပေလိမ့်မည်။
လင်ယွဲ့ နှစ်ဦးစလုံး ခေတ္တ တွေဝေသွားသည်။ ခေတ္တအကြာတွင် သူမတို့၏ နှုတ်ခမ်းလေးများမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားသွား၏။
“ကျွန်မတို့က လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်က မြူခိုးဂိုဏ်းက လာတာပါ ... အဲ့ဒီဂိုဏ်းရဲ့ ... ဂုဏ်ထူးဆောင် အကြီးအကဲတွေပေါ့”
--