အခန်း ၆၄၃
Vol. 43 Ch. 643
အခန်း (၆၄၃) တောင်စောင့်ဝိညာဉ်သားရဲများ၏ တာဝန်နှင့် လျှို့ဝှက်နယ်မြေ ပွင့်ခြင်း
တစ်နှစ်လျှင် မူလနတ်ဘုရားအဆင့် (၁) ၏ အထွတ်အထိပ်ခွန်အားကို ရရှိခြင်းမှာ တပည့်များ၏ အမှတ်အဆင့်အတန်းစာရင်းမှ ရရှိသော အပိုဆုလာဘ်တစ်ခုသာ ဖြစ်၏။ ၎င်းတွင် တပည့်များ၏ ပုံမှန်တိုးတက်မှုများ မပါဝင်ပေ။ ၎င်းမှာ မျှော်လင့်မထားသော ပျော်ရွှင်မှုတစ်ခု ဖြစ်သဖြင့် ယဲ့ဖုန်းသည် အလွန်အမင်း မျှော်လင့်ချက် မထားရှိပေ။
“အကြီးအကဲတွေအတွက် တာဝန်တွေ မရှိတာ နှမြောစရာပဲ။ နတ်ဆိုးသားရဲဆောင်က တာဝန်တွေ ထုတ်ပေးနိုင်တယ်ဆိုပေမဲ့ ဝိညာဉ်သားရဲတွေ တာဝန်သွားလုပ်တာကို ငါ မမြင်ဖူးသေးဘူး”ယဲ့ဖုန်း စကားပြောနေစဉ်မှာပင် ရင်းနှီးသော ပုံရိပ်အချို့ကို မြင်တွေ့လိုက်ရသည်။
မြူခိုးတောင်ထိပ်ပေါ်တွင် မြေခွေးဖြူလေး၊ ရွှေရောင်ရှဥ့်လေး၊ မြေခွေး တာ့ဟုန်၊ ခွေး အားဟာ၊ ဝက် စန်းဖန်၊ ဖား စီးချူ၊ ဖရုံသီး ဝူကွားနှင့် သံလက်သည်း နဂါးလင်းယုန်တို့မှာ အေးအေးဆေးဆေး လျှောက်လှမ်းနေကြ၏။
“မင်းတို့ ဘာလုပ်နေကြတာလဲ”နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်သည် မြေခွေး တာ့ဟုန်နှင့် အခြားသားရဲများကို မြင်သောအခါ စပ်စု မေးမြန်းလိုက်သည်။
“ဝိညာဉ်သားရဲစင်မြင့်က ခုနတင် တာဝန်တစ်ခု ထုတ်ပေးလိုက်တယ် ... ငါတို့ အဲဒါကို သွားလုပ်မလို့လဲ”
မြေခွေး တာ့ဟုန်သည် ဘဲကင်တန်ဆာပလာများ ပြည့်နေသော ဝါးခြင်းတောင်းကို ထမ်းထား၏။ သူသည် လမ်းလျှောက်ရင်း ဘဲကင်တစ်ချောင်းကို ကိုင်ကာ ကိုက်စားနေ၏။ သူ၏ စကားသံများမှာလည်း ဗလုံးဗထွေး ဖြစ်နေ၏။
“တာဝန် ဟုတ်လား”
ရှေးဟောင်းထင်းရှူးပင်သည် အလွန် စိတ်ဝင်စားသွား၏။ သူသည် ကိုယ်တိုင် သွားရောက်နိုင်ခြင်း မရှိသဖြင့် ပြင်ပလောကကို အမြဲ တောင့်တနေတတ်၏။
ထို့ကြောင့် လောင်ဆုးသည် ချပ်ဝတ် ကိုယ်ရံတော်တစ်ဦးကို စုစည်းလိုက်ပြီး မြေခွေး တာ့ဟုန် ဦးဆောင်သော အဖွဲ့နောက်သို့ လိုက်ပါသွားတော့သည်။
“စနစ် ... ဝိညာဉ်သားရဲစင်မြင့်က ဘာတာဝန် ထုတ်ပေးလိုက်တာလဲ”
ယဲ့ဖုန်းသည်လည်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။
“တောင်ဘက် ပင်လယ်ပြင်ကို သွားရောက်ဖို့နဲ့ လျှို့ဝှက်ဆန်းကြယ်
နိုင်ငံတော်သို့ ငါးလို ပင်လယ်စာာတွေ ထောက်ပံ့နိုင်ဖို့ တည်ငြိမ်တဲ့ သင်္ဘောလမ်းကြောင်း တစ်ခု တည်ထောင်ဖို့ပါ”
“ဆိုတော့ သင်္ဘောလမ်းကြောင်း ဖွင့်ရမယ့် တာဝန်ပေါ့ ... ပင်လယ်က မိုင်ပေါင်း သန်း ရာနဲ့ချီ ဝေးတယ်ဆိုတာ ငါ မှတ်မိတယ် ... သိပ်မဝေးဘူးဆိုပေမဲ့ ဒီဝိညာဉ်သားရဲတွေရဲ့ အရှိန်နဲ့ဆိုရင် အဲဒီကို ရောက်ဖို့ တော်တော် ကြာလိမ့်မယ်”
ပျံသန်းရုံသက်သက်ဆိုလျှင် မိုင်ပေါင်း သန်း ရာနှင့်ချီသော ခရီးမှာ အလွန် ဝေးကွာလှသည်။ လက်ရှိတွင် မြေခွေးဖြူလေးနှင့် မြေခွေး တာ့ဟုန်တို့မှာ နတ်ဆိုးဘုရင်အဆင့်မှာသာ ရှိကြသဖြင့် နေရာရွှေ့ပြောင်း နည်းစနစ်ကို မသုံးနိုင်ကြသေးပေ။
“ဂါး…”
အစ်ကိုကြီး ခေါင်းပြား ဟိန်းဟောက်လိုက်သည်။
ရှေ့သို့ တဟုန်ထိုး ပြေးဝင်၏။
လင်းယုန်၏ ခေါင်းကို ရိုက်ချလိုက်သည်။
သူက ပြင်းထန်စွာ မာန်မဲနေလေ၏။
ထိုစဉ်၊ တိရစ္ဆာန်ဘာသာစကားကို ကျွမ်းကျင်သော ယဲ့ဖုန်းသည် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
အစ်ကိုကြီး ခေါင်းပြားမှာ သူတို့ကို အသိမပေးဘဲ ထွက်သွားရန် ပြင်ဆင်နေသည့်အတွက် သံမဏိ လက်သည်းနဂါးလင်းယုန်နှင့် အခြားသားရဲများကို ဆူပူနေခြင်း ဖြစ်ကြောင်း သူ သိလိုက်ရ၏။
“အစ်ကိုကြီး ခေါင်းပြားလည်း သွားမှာတဲ့လား”
တဆက်တည်း၌၊ ယဲ့ဖုန်းသည် မြေခွေး တာ့ဟုန်ကို လှမ်းခေါ်လိုက်သည်။
“မြေခွေး တာ့ဟုန် ... ဒီကို လာဦး”
မြေခွေး တာ့ဟုန်သည် ယဲ့ဖုန်းဆီသို့ ခုန်ဆင်းလာ၏။
“ဂိုဏ်းချုပ် ... တစ်ခုခု လိုလို့လားဟင်”
ထိုအခါ၊ ယဲ့ဖုန်းသည် သိုလှောင်လက်စွပ်တစ်ခုကို ကမ်းပေးလိုက်သည်။
“အထဲမှာ အလယ်အလတ်အဆင့် သယ်ယူပို့ဆောင်ရေး ဝင်္ကပါတစ်ခု ရှိတယ် ... မင်းတို့ ပင်လယ်ကမ်းခြေကို ရောက်လို့ တည်ငြိမ်တဲ့ နေရာတစ်ခု တွေ့ရင် အဲဒီဝင်္ကပါကို တပ်ဆင်လိုက် ... နောက်မှ တခြားလူတွေ ပင်လယ်မှာ သွားကျင့်ကြံလို့ ရအောင်လို့”
“နားလည်ပါပြီ”
မြေခွေး တာ့ဟုန်သည် သိုလှောင်လက်စွပ်ကို ကိုင်ကာ သံမဏိ လက်သည်းနဂါးလင်းယုန်၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
ရွှေရောင်ငန်းဝကြီး ပြေးထွက်လာသည်။
အတောင်ပံကို ခတ်၏။
လင်းယုန်၏ နောက်ပိုင်းကို နှုတ်သီးဖြင့် ခဲထားကာ ကောင်းကင်သို့ ပျံတက်သွား
လေ၏။
“ဂါး ဂါး ဂါး ... ငါ့ကို စောင့်ကြပါဦး ကွ”
ငန်းဝကြီး၏ အော်သံနှင့်အတူ သားရဲအဖွဲ့မှာ ဝေးကွာသော တောင်ဘက်အရပ်ဆီသို့ ပျံသန်းသွားကြတော့သည်။
“လောင်ဆုးရဲ့ ကိုယ်ရံတော်နဲ့ အစ်ကိုကြီး ခေါင်းပြား ပါသွားတာဆိုတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”
ယဲ့ဖုန်း. တကိုယ်တည်း ခပ်တိုးတိုး ပြောဆိုလိုက်မိ၏။
လောင်ဆုသည် အဆင့်မြင့် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူ၏ ချပ်ဝတ် အစောင့်အရှောက်မှာ အလယ်အလတ်အဆင့် နတ်ဆိုးဧကရာဇ်၏ ခွန်အားကို ထုတ်ဖော်နိုင်၏။
အစ်ကိုကြီး ခေါင်းပြားမှာလည်း အလယ်အလတ်အဆင့် နတ်ဆိုးဧကရာဇ် ဖြစ်သဖြင့် ကြယ်သုံးပွင့်အဆင့်ရှိ အင်အားစုများနှင့် တွေ့လျှင်ပင် အေးဆေး ရှင်းနိုင်စွမ်း ရှိသည်။
လက်ရှိတွင် ယဲ့ဖုန်း၏ ဝိညာဉ်အာရုံမှာ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဟင်းလင်းပြင် နေရာရွှေ့ပြောင်း ဝင်္ကပါကို အသုံးပြုပါက အစ်ကိုကြီး ခေါင်းပြားတို့ အန္တရာယ်တွေ့လျှင် သူ အချိန်မီ ရောက်ရှိသွားနိုင်သည်။
---
နန်ယန်မြို့ဝယ်၊
လင်ယွဲ့သည် ဝါးမျှော်စင်ပေါ်တွင် ရပ်နေ၏။ သူမ၏ ကိုယ်ပေါ်တွင် လရောင်မြူခိုးများ ဖုံးလွှမ်းလျက် ရှိ၏။ သူမသည် အဆုံးမဲ့သော ပင်လယ်ပြင်ကြီးကို ငေးကြည့်နေမိ၏။
“ဒုတိယအကြိမ် ခွဲထုတ်ဖို့ အချိန်တန်ပြီ”လင်ယွဲ့ (၂) ဦးစလုံးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။
လင်ယွဲ့တစ်ဦး စင်မြင့်ပေါ် လှဲလိုက်သည်။
အဝတ်အစားများ ဖယ်ရှား၏။
ဒုတိယအကြိမ် ခွဲထုတ်မှု စတင်သည်။
နာကျင်မှုက စူးရှလှ၏။
ကိုယ်ခန္ဓာ တစ်စစီ ကွဲအက်သွားသည်။
အောင်မြင်သွားလေပြီ။
လင်ယွဲ့ (၄) ဦး ဖြစ်သွားတော့၏။
ကိုယ်ပွား တစ်ဦး ကျင့်စဉ် ကျင့်နေစဉ်တွင် ကျန်တစ်ဦးက အကာအကွယ်ပေးထားသဖြင့် အလွန် ဘေးကင်းလှသည်။
နာကျင်မှုကြောင့် စူးရှစွာ အော်ဟစ်သံများ ထွက်ပေါ်နေသော်လည်း အသံလုံဝင်္ကပါကြောင့် ဝါးတောအတွင်း၌ ငှက်သံလေးများသာ ကြားနေရ၏။
နာရီဝက်ခန့် ကြာသောအခါ ဝတ်စုံတူ ဝတ်ဆင်ထားသည့် လင်ယွဲ့ (၄) ဦးမှာ စားပွဲတစ်ခုတွင် ဝိုင်းထိုင်နေကြ၏။
“ဟင်း”
“စိတ် (၄) ခုက တစ်ခုတည်း ဖြစ်နေတော့ မာဂျောင်းကစားရတာ သိပ်ပျင်းဖို့ ကောင်းတာပဲ ... တစ်ဖက်လူ ဘာကိုင်ထားလဲဆိုတာ အကုန် မြင်နေရတယ်”
“ထားလိုက်ပါတော့ ... ကျင့်ကြံတာပဲ လုပ်ကြရအောင်”
လင်ယွဲ့ (၄) ဦးစလုံး တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ သူမတို့၏ ကိုယ်ပေါ်မှ လရောင်မြူခိုးများ ထွက်ပေါ်လာ၏။ စိတ်ဝိညာဉ်များ ဆက်နွှယ်နေသဖြင့် ကျင့်ကြံမှု အရှိန်အဟုန်မှာလည်း အဆပေါင်းများစွာ မြန်ဆန်လာလေတော့သည်။
---
မြူခိုးတောင်ထိပ်၌၊
ယဲ့ဖုန်းသည် အစားအသောက် သုံးဆောင်ရန် ပြင်နေစဉ်မှာပင် ဒုတိယမျိုးဆက်တပည့်များ ဖြစ်ကြသည့် ရွှီတာလေ့နှင့် မူစီစီတို့ ရောက်ရှိလာ၏။
“တပည့်တွေက ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
“ဘာကိစ္စ ရှိလို့လဲ”“ဂိုဏ်းချုပ် ... ကျွန်တော်တို့ တောင်မင်နိုင်ငံက မြောက်လျန်မြို့စား တင်းချန်ဆီက သတင်းရပါတယ် ... သဲကန္တာရလွင်ပြင်က လျှို့ဝှက်နယ်မြေ ပွင့်တော့မယ် တဲ့ ... ကျားပုံသဏ္ဌာန် ကျောက်စိမ်းဆွဲသီး လိုအပ်တယ်လို့ ပြောပါတယ်”
“ဪ”
ယဲ့ဖုန်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ သူ တစ်ခုခုကို သတိရသွား၏။
လွန်ခဲ့သော တစ်နှစ်က သဲကန္တာရလွင်ပြင်တွင် တိုက်ခိုက်ခဲ့စဉ်က မြို့စား တင်းချန်က သူ့အား ထိုကျောက်စိမ်းဆွဲသီးကို ပေးအပ်ခဲ့ခြင်း ဖြစ်၏။ တောင်မင်နိုင်ငံရှိ မြို့ကြီး (၅) မြို့၏ ကျောက်စိမ်းများကို ပေါင်းစပ်မှသာ လျှို့ဝှက်နယ်မြေကို ဖွင့်နိုင်ခြင်း ဖြစ်သည်။
“ဒီတစ်ခေါက်တော့ ငါ ကိုယ်တိုင် မလာတော့ဘူး ... အကြီးအကဲကုန်းကို သွားရှာပြီး သူမကိုပဲ ဦးဆောင်ခိုင်းလိုက်”ယဲ့ဖုန်းသည် ကျောက်စိမ်းဆွဲသီးကို ထုတ်ပေးလိုက်၏။
ကုန်းချင်းချိုးသည် သတင်းရသည်နှင့် တင်းချန်ဆီသို့ ချက်ချင်း သွားရောက်ခဲ့သည်။ မြူခိုးဂိုဏ်းအတွင်း၌လည်း သတင်းများ ပျံ့နှံ့သွား၏။ လျှို့ဝှက်နယ်မြေအတွင်း၌ ဝိညာဉ်တည်ငြိမ်အသီးများ ရှိနေသည်။ ၎င်းမှာ ဝိညာဉ်စုစည်းဆေးလုံး၏ အဓိက ပါဝင်ပစ္စည်း ဖြစ်ပြီး မူလနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးကို မြင့်တင်ပေးနိုင်၏။
တပည့်ပေါင်း (၁၀၀) ဦးကို ရွေးချယ်လိုက်သည်။
အသီးတစ်လုံး ခူးနိုင်ပါက အမှတ် (၁၀၀) ရရှိမည် ဖြစ်သဖြင့် တပည့်များမှာ အလွန် စိတ်လှုပ်ရှားနေကြတော့၏။
သဲကန္တာရလွင်ပြင်ဝယ်၊
ကုန်းချင်းချိုး ဆင်းသက်လိုက်သည်။
တပည့်များ နောက်မှ ပါလာ၏။
သဲကန္တာရလေက ပြင်းထန်လှသည်။
တင်းချန်က လက်နှစ်ဖက် ဆုပ်မိုးကာ နှုတ်ဆက်လာ၏။
“အကြီးအကဲကုန်း ... ကြိုဆိုပါတယ် ဗျ”
“မြို့စားတင်း ... တခြားလူတွေကော ဘယ်မှာလဲ”
ကုန်းချင်းချိုးသည် တင်းချန်နှင့်အတူ လူနည်းစုသာ ပါလာသည်ကို သတိပြုမိလိုက်သည်။
တင်းချန်က နှာခေါင်းကို ပွတ်ရင်း မချိပြုံး ပြုံးကာ ပြောပြလာ၏။
“အကြီးအကဲကုန်း မသိလို့ပါ ... ကျွန်တော်တို့ မြောက်လျန်မြို့က ကြယ်နှစ်ပွင့်အဆင့်ပဲ ရှိတာပါ ... ကျွန်တော် တစ်ယောက်ပဲ ဝိညာဉ်ပင်လယ်အဆင့် ရှိတာဆိုတော့ ... ဒီလောက်လူပါလာတာတောင် တော်တော် များနေပါပြီ”
--