အခန်း ၆၄၅
Vol. 43 Ch. 645
အခန်း (၆၄၅) ကမ္ဘာပြင်ပ ဝိညာဉ်မျိုးစေ့၊ (၉) ခုမြောက် တိုက်ပွဲနယ်မြေနှင့် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး
သဲကန္တာရလွင်ပြင် လျှို့ဝှက်နယ်မြေအတွင်း၌ တပည့်များသည် ဝိညာဉ်တည်ငြိမ်အသီးများကို အသည်းအသန် ရှာဖွေနေကြဆဲ ဖြစ်၏။
ရှုဟွာမို တစ်ယောက် တိတ်တဆိတ် ခိုးဝင်လာသည်ကိုလည်းကောင်း၊ ယဲ့ဖုန်းက မိုင်ပေါင်း သောင်းချီဝေးသော နေရာမှနေ၍ လက်ဝါးတစ်ချက်ဖြင့် ရွှီမိသားစုကို အမြစ်ပြတ် သုတ်သင်လိုက်သည်ကိုလည်းကောင်း သူတို့ မသိရှိကြရှာပေ။
လျှို့ဝှက်နယ်မြေအတွင်းဝယ် ကုန်းချင်းချိုးသည် လေဟာနယ်၌ ဖြည်းညှင်းစွာ ပျံသန်းနေသည်။ သူမ၏ ဝိညာဉ်အာရုံသည် အောက်ဘက်ရှိ တောအုပ်အတွင်းသို့ အဆက်မပြတ် စိမ့်ဝင်လျက် ဝိညာဉ်တည်ငြိမ်အသီးကို ရှာဖွေနေ၏။ ရုတ်တရက် သူမ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
သူမ၏ အရှေ့တွင် ကျောက်တောင်လေးတစ်ခု ရှိနေ၏။ ကျောက်တောင်၏ အက်ကွဲကြောင်းများကြား၌ စိမ်းလန်းသော ရေညှိများ ဖုံးလွှမ်းနေပြီး မြူခိုးများပမာ ထူထပ်သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေ၏။
ထိုမြူခိုးများကြား၌ ကျောက်အက်ကြောင်းထဲမှ ပေါက်ထွက်လာသော တောက်ပသည့် နွယ်ပင် တစ်ပင်ကို ကုန်းချင်းချိုး မြင်တွေ့လိုက်ရသည်။
"ဂျွတ်.. "
သူမသည် ကျောက်တုံးကို ခွဲလိုက်၏။ ကျောက်တောင်အတွင်း၌ သေးငယ်သော ဂူလေးတစ်ခု ရှိနေသည်။ ထိုဂူအတွင်း၌ (၃) မီတာခန့် ရှည်လျားသော အစိမ်းရင့်ရောင် နွယ်ပင်တစ်ခု ရှိနေ၏။
၎င်းမှာ ရှေးဟောင်းဆန်ပြီး ခန့်ညားလှသည့်အပြင် လန်းဆန်းသော ရနံ့များ ထွက်ပေါ်နေသည်။ နွယ်ပင်၏ အလယ်ဗဟို၌ လက်သီးဆုပ်ခန့်ရှိသော သစ်ကြားသီးပုံသဏ္ဌာန် အသီးတစ်လုံး တွဲလောင်းကျနေ၏။
“ဒါ ဝိညာဉ်တည်ငြိမ်အသီးပဲ”
ကုန်းချင်းချိုး ဝမ်းသာအားရ ပြုံးလိုက်မိသည်။ ဝိညာဉ်တည်ငြိမ်အသီးမှာ အလွန် ထူးဆန်းလှ၏။ ၎င်းတို့ကို သီးသန့် သီးသော သစ်ပင်ဟူ၍ မရှိပေ။
ဤအသီးမှာ ဇီးပင်၊ မက်မွန်ပင် သို့မဟုတ် ယခုကဲ့သို့ နွယ်ပင်များပေါ်တွင်လည်း သီးတတ်၏။
မည်သည့် အပင်ပေါ်တွင် သီးသည်ဖြစ်စေ အသီး၏ ပုံသဏ္ဌာန်မှာ ထိုအပင်၏ အသီးနှင့် ဆင်တူနေတတ်သော်လည်း အရွယ်အစားမှာမူ အမြဲတမ်း လက်သီးဆုပ်ခန့် ရှိနေတတ်ခြင်း ဖြစ်၏။
"ဂျွတ်.. "
ကုန်းချင်းချိုးသည် အပြင်ခွံကို ခွာလိုက်သည်။ အတွင်း၌ လက်မအရွယ်အစားခန့်ရှိသော လုံးဝန်းပြီး ပြောင်လက်နေသည့် အနီရောင် အသီးလေးများကို မြင်တွေ့လိုက်ရ၏။ ဤအရာများမှာမှ အစစ်အမှန် ဝိညာဉ်တည်ငြိမ်အသီးများ ဖြစ်ကြသည်။ အပြင်ခွံမှာ ကာကွယ်ပေးထားသော အကာမျှသာ ဖြစ်၏။
“ဝိညာဉ်တည်ငြိမ်အသီးက တခြားအပင်တွေပေါ်မှာ မှီခိုပြီး အာဟာရကို စုပ်ယူတတ်တဲ့ ကပ်ပါး ဝိညာဉ်အသီးမျိုး ဖြစ်ရမယ် ... ဒါကြောင့်လည်း ရှာရခက်နေတာပဲ”
ကုန်းချင်းချိုး တီးတိုး ရေရွတ်လိုက်၏။
---
မြူခိုးတောင်ထိပ်၌ ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲမှ မြင်ကွင်းကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
သူသည် ကုန်းချင်းချိုး၏ ထင်မြင်ချက်ကို သဘောတူလိုက်၏။
“မှန်တယ် ... ဝိညာဉ်တည်ငြိမ်အသီးဆိုတာ ကမ္ဘာပြင်ပက ရောက်လာတဲ့ ကပ်ပါး ဝိညာဉ်အသီးပဲ ... တကယ်တမ်း ပြောရရင် ဒါက ပြင်ပနယ်မြေက ကျူးကျော်မျိုးစိတ်တစ်ခုပဲ ”
ယဲ့ဖုန်း တီးတိုး မှတ်ချက်ပြုလိုက်သည်။
တဆက်တည်း၌၊ သူသည် ညာဘက်လက်ကို ဆန့်လိုက်သည်။ လက်မောင်းတစ်ခုလုံး ဖျော့တော့သော ရွှေရောင်ဝင်္ကပါများ ဖုံးလွှမ်းသွား၏။ လေဟာနယ်အတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေသည်။
နောက်တစ်စက္ကန့်၌ သဲကန္တာရလွင်ပြင် လျှို့ဝှက်နယ်မြေအတွင်းဝယ် လက်မောင်းတစ်ခု ထွက်ပေါ်လာ၏။ ရှေးဟောင်း ထင်းရှူးပင်တစ်ပင်ပေါ်ရှိ လက်သီးဆုပ်ခန့် ရှိသော ဝိညာဉ်တည်ငြိမ်အသီးကို ဆွတ်ခူးလိုက်၏။
“ရုပ်ခန္ဓာနဲ့ ဝိညာဉ်အာရုံ နှစ်ခုစလုံး ကောင်းကင်ဧကရာဇ် အဆင့်ကို ရောက်သွားတော့ ... ဟင်းလင်းပြင် နေရာရွှေ့ပြောင်း ဝင်္ကပါနဲ့ ပေါင်းစပ်လိုက်ရင် ငါ့ရဲ့ နည်းလမ်းတွေက တကယ်ကို ခန့်မှန်းရ ခက်သွားပြီပဲ ... အဝေးကနေတောင် ရန်သူကို အလွယ်လေး သတ်နိုင်သလို ပစ္စည်းတွေကိုလည်း လှမ်းယူလို့ ရနေပြီ”
ယဲ့ဖုန်း လက်ကို ပြန်ရုပ်လိုက်သည်။ သူသည် သစ်ကြားသီးပုံစံ ဝိညာဉ်တည်ငြိမ်အသီးကို လက်ဖြင့် အသာအယာ ဖျစ်ညှစ်လိုက်ရာ အပြင်ခွံမှာ ကြေမွသွား၏။
အတွင်းရှိ အနီရောင် အသီးလေးများကို သူ ကြည့်လိုက်သည်။
တဆက်တည်း၌၊ အရာရာကို ပုံဖော်နိုင်သော မျက်လုံးအား စတင် အသက်ဝင်စေလိုက်၏။
(အမည် - ဝိညာဉ်တည်ငြိမ်အသီး)
(အဆင့် - အမြင့်ဆုံးအဆင့် ဝိညာဉ်အသီး)
(မှတ်ချက် - အာဟာရ ပြည့်ဝသော အပင်များပေါ်တွင် မှီခို ပေါက်ဖွားတတ်သည့် ကမ္ဘာပြင်ပ ကျူးကျော်မျိုးစိတ် ဖြစ်ပါသည်)
'တကယ်ပဲ ကျူးကျော်မျိုးစိတ်ပေါ့လေ... '
'ဒါပေမဲ့ ဒီမျိုးစေ့တွေရဲ့ မူလခန္ဓာကိုယ်က ဘယ်မှာလဲ ... ကြယ်တာရာ ဟင်းလင်းပြင်ထဲမှာလား ... '
ယဲ့ဖုန်း စဉ်းစားနေမိသည်။
တစ်စုံတစ်ဦး၏ ပူးပေါင်းကြံစည်မှုတစ်ခုကို သူ အာရုံခံမိလိုက်၏။
ဤအသီး၏ မိခင်ကိုယ်ထည်မှာ ကမ္ဘာအသီးသီးသို့ မျိုးစေ့များ ဖြန့်ကျက်ပြီး အင်အားစုဆောင်းနေခြင်း ဖြစ်ရမည်။
၎င်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာအားလုံးကို ဝါးမြိုရန်ပင် ဖြစ်နိုင်သည်။
“မျိုးစေ့တွေက ဘယ်မှာလဲ ... အင်း ... တွေ့ပြီ”
ယဲ့ဖုန်းသည် ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးလိုက်ရာ အသီးတစ်လုံးစီ၏ အတွင်း၌ နှမ်းစေ့ခန့်ရှိသော မျိုးစေ့ (၉) စေ့ စီ ရှိနေသည်ကို တွေ့လိုက်ရ၏။
“နားလည်ပြီ”
“ဝိညာဉ်တည်ငြိမ်အသီးမှာ ကြယ်တာရာ ဟင်းလင်းပြင်က ထူးခြားတဲ့ စွမ်းအင်တွေ ပါဝင်နေတယ် ... အဲ့ဒါက ကျင့်ကြံသူတွေရဲ့ မူလဝိညာဉ်ကို တည်ငြိမ်စေပြီး မူလနတ်ဘုရားအဆင့်သို့ တက်လှမ်းဖို့ အခွင့်အရေးကို မြင့်တက်စေတာပဲ ... အများကြီး စားလေ အာနိသင် ပိုရှိလေပဲ”
“ဒါကြောင့်လည်း လူတွေက ဒါကို ကျူးကျော်မျိုးစိတ်အဖြစ် မသတ်မှတ်ဘဲ အသည်းအသန် စိုက်ပျိုးနေကြတာပေါ့ ... ဒါက မျိုးစေ့တွေ ပိုပြီး ပွားအောင် ကူညီပေးနေသလို ဖြစ်နေတာပဲ ... ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး”
ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် (၁၀) စုကို အသုံးပြုကာ ဗေဒင်တွက်ချက်လိုက်သည်။ မကြာမီ လေဝိညာဉ်ပုလဲ မျက်နှာပြင်ပေါ်၌ ပုံရိပ်များ ပေါ်လာ၏။
နားလည်ရ ခက်သော မန္တန်များ ဖုံးလွှမ်းနေသည့် ဧရာမ တံခါးကြီး တစ်ခု။
အချို့မန္တန်များမှာ လင်းထိန်နေပြီး အချို့မှာမူ မှိန်ဖျော့နေဆဲ ဖြစ်သည်။
“ဒါ ... ဝိညာဉ်မူလနယ်မြေထဲက ရှေးဟောင်း နေရာရွှေ့ပြောင်းတံခါး မဟုတ်လား”
ယဲ့ဖုန်း အံ့ဩသွားသည်။
ယခင်က သူသည် ထိုတံခါး၏ ပထမ (၆) ထပ်အထိ ချိပ်ပိတ်မှုများကို ဖျက်ဆီးကာ တိုက်ပွဲနယ်မြေ (၆) ခုကို ဖွင့်လှစ်ခဲ့ဖူးသည်လေ။
(၇)၊ (၈) နှင့် (၉) ခုမြောက် နယ်မြေများကိုမူ မကောင်းသော အငွေ့အသက်များ ခံစားရသဖြင့် ရပ်တန့်ခဲ့ခြင်းပါ။
သို့သော် ယခုအခါ သူသည် ထိပ်တန်း ကောင်းကင်ဧကရာဇ် ဖြစ်နေပြီ ဖြစ်ရာ မည်သည့်အရာကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။
“ဝှီး …”
ယဲ့ဖုန်းသည် ဝိညာဉ်မူလနယ်မြေသို့ ချက်ချင်း ရောက်ရှိသွားသည်။ သူသည် ဧရာမ တံခါးကြီးရှေ့တွင် ရပ်လိုက်၏။
လက်ရှိတွင် တပည့်အများစုမှာ တာဝန်များ ထမ်းဆောင်နေကြသဖြင့် ဤနေရာတွင် မည်သူမျှ မရှိချေ။ ယဲ့ဖုန်းသည် တံခါးကြီး၏ ထိပ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ဉာဏ်အလင်းပွင့် နှလုံးသားကို အသုံးပြုကာ တွက်ချက်လိုက်၏။
"ဂျွတ်.. "
မိနစ် (၃၀) မပြည့်ခင်မှာပင် (၇) ခုမြောက် ချိပ်ပိတ်မှု ပျက်စီးသွားသည်။ တစ်နာရီအကြာတွင် (၈) ခုမြောက် ချိပ်ပိတ်မှု ပွင့်သွား၏။ နှစ်နာရီအကြာတွင်မူ (၉) ခုမြောက် ချိပ်ပိတ်မှုပါ ပွင့်သွားတော့သည်။
“နောက်ဆုံးတော့ ပွင့်ပြီ ပေါ့”ယဲ့ဖုန်းသည် (၇) ခုမြောက် တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်။
၎င်းမှာ မိုင်ပေါင်း သောင်းချီ ကျယ်ပြောသော ကမ္ဘာပြင်ပ ကမ္ဘာတစ်ခု ဖြစ်၏။ သစ်ပင်များ ဝေဆာနေပြီး ဝိညာဉ်စွမ်းအင်မှာလည်း အလွန် သိပ်သည်းလှသည်။
မူလနတ်ဘုရားအဆင့် ကျင့်ကြံသူများအတွက် အလွန် သင့်တော်သော နေရာပါပင်။ သို့သော် ဤနေရာ၌ ကျင့်ကြံခြင်းအဆင့်ကို မူလနတ်ဘုရားအဆင့် (၄) အထိသာ ကန့်သတ်ထား၏။
“ဒီမှာလည်း ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားတွေ အများကြီး ရှိတာပဲ ... ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၁) လောက်နဲ့ ညီမျှတယ် ... မဆိုးဘူး”
ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲကို ထုတ်ယူကာ စုပ်ယူလိုက်သည်။
မိနစ် (၃၀) အကြာတွင် သူသည် (၈) ခုမြောက် တိုက်ပွဲနယ်မြေသို့ ဝင်လိုက်၏။ ၎င်းမှာ မိုင်ပေါင်း သိန်းချီ ကျယ်ပြောသော သီးခြား ဂြိုဟ်တစ်ခု ဖြစ်သည်။
တစ်ဝက်မှာ ကုန်းမြေဖြစ်ပြီး တစ်ဝက်မှာ ပင်လယ် ဖြစ်၏။ ဤနေရာ၌ ကျင့်ကြံခြင်းအဆင့်ကို မူလနတ်ဘုရားအဆင့် အထွတ်အထိပ်အထိ ကန့်သတ်ထားသည်။
သူရဲကောင်း ဝိညာဉ်စွမ်းအားများကို သူ ထပ်မံ စုပ်ယူလိုက်ပြန်သည်။
ယဲ့ဖုန်းသည် (၉) ခုမြောက် တိုက်ပွဲနယ်မြေအတွင်းသို့ ဆက်လက် ဝင်ရောက်လိုက်၏။ သူ၏ အရှေ့တွင် ကျယ်ပြောလှသော ကမ္ဘာကြီးတစ်ခု ရှိနေသည်။
၎င်းမှာ မိုင်ပေါင်း သန်းချီ ကျယ်ပြောသော ကမ္ဘာငယ်တစ်ခု ဖြစ်ပြီး ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်များ အုပ်ချုပ်နေသည့် နေရာတည်း။
“တွေ့ပြီ”
ယဲ့ဖုန်းသည် ဝိညာဉ်တည်ငြိမ်အသီး၏ အနံ့အသက်ကို ရရှိလိုက်ပြီး ချက်ချင်းပင် ထိုအရပ်သို့ လိုက်သွားလိုက်သည်။ သူ၏ အရှေ့တွင် ဧရာမ လူပုံသဏ္ဌာန် သစ်ပင်ကြီးတစ်ပင် ရှိနေ၏။
၎င်း၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ဖျော့တော့သော အနီရောင် ရှိပြီး ပေပေါင်း သန်းချီ မြင့်မားသည်။ ခြေထောက်များမှ အမြစ်များမှာ မြေအောက်သို့ နက်ရှိုင်းစွာ ထိုးဝင်နေ၏။ လက်တံများမှာ နွယ်ပင်များပမာ ရှိပြီး တောက်ပသော မျိုးစေ့များစွာ ဖုံးလွှမ်းနေ၏။
လူပုံသဏ္ဌာန် သစ်ပင်ကြီး၏ ဦးခေါင်းပေါ်၌မူ အဆောက်အအုံများစွာ ရှိသော ကျွန်းကြီးတစ်ကျွန်း ရှိနေ၏။ ထိုကျွန်းမှာ မိုင်ပေါင်း သောင်းချီ ကျယ်ပြောပြီး ကိုယ်ပိုင် ကမ္ဘာငယ် တစ်ခုပမာပင်။
ထိုနေရာမှ အလွန် အစွမ်းထက်သော အရှိန်အဝါများကို ယဲ့ဖုန်း အာရုံခံမိလိုက်သည်။
“ဟင်းလင်းပြင်ဖြိုခွဲအဆင့် အမြင့်ပိုင်းတွေပေါ့ လေ”
ယဲ့ဖုန်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ဤသစ်ပင်ကြီးကို သူ စစ်ဆေးလိုက်၏။
(အမည် - ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး)
(အဆင့် - အဆင့်မြင့် နတ်ဆိုးဧကရာဇ်)
(မှတ်ချက် - ဝိညာဉ်တည်ငြိမ်အသီးများ၏ မူလမိခင်ပင် ဖြစ်ပါသည် ... (၉) ခုမြောက် တိုက်ပွဲနယ်မြေတစ်ခုလုံးနှင့် တစ်သားတည်း ဖြစ်နေပြီး လက်ရှိတွင် ဖိနှိပ်ခြင်း ခံထားရပါသည်)
ယဲ့ဖုန်း၏ အကြည့်များမှာ စူးရှသွားသော်လည်း သစ်ပင်ကြီးဆီသို့ ချက်ချင်း မသွားသေးပေ။
သူသည် လေဝိညာဉ်ပုလဲကို ထုတ်ယူကာ ဤနယ်မြေအတွင်းရှိ ခန့်ညားလှသော ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားများကို အမြန်ဆုံး စုပ်ယူလိုက်၏။
“ဝေါ…ဝှီး …”
ရွှေရောင် အလင်းတန်းများစွာ သူ၏ ကိုယ်တွင်းသို့ တိုးဝင်လာသည်။ ယဲ့ဖုန်းသည် ရွှေရောင် ဝိညာဉ်စွမ်းအားများဖြင့် လွှမ်းခြုံထားခံလိုက်ရပြီး နတ်ဘုရား တစ်ပါးပမာ ခန့်ညားထည်ဝါနေတော့၏။
“ဘယ်သူလဲ”
သစ်ပင်ကြီး၏ ဦးခေါင်းပေါ်ရှိ ကျွန်းမှ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်တစ်ဦးသည် ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်သွားသည်ကို သတိပြုမိသွား၏။ သူက လက်ဟန်များ ရေးဆွဲလိုက်သည်။
တဆက်တည်း၌၊ တံဆိပ်တုံးတစ်ခုကို ယဲ့ဖုန်းဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်၏။
“ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့.. သေချင်နေတာပဲ”
ယဲ့ဖုန်း၏ အမူအရာမှာ အေးစက်သွားတော့သည်။
--