အခန်း ၄၉၆
Vol. 34 Ch. 496
အခန်း (၄၉၆) ၀င်္ကပါအတွင်းသို့ ဝင်ရောက်ခြင်း
ကျိဖန်တောင် ၏ ဝူဝမ်တောအုပ်..
ဤတောအုပ်သည် အလွန်တရာ နက်ရှိုင်းပြီး သစ်ပင်သစ်ကိုင်းများမှာလည်း ထူထပ်လွန်းလှ၏။ တောအုပ်၏ မြေမျက်နှာသွင်ပြင်မှာလည်း ထူးဆန်းအံ့ဩဖွယ် ကောင်းလှသလို ခန့်မှန်းရခက်သော အနေအထားတွင် ရှိ၏။
တောင်တန်းများကြားတွင် မြူခိုးမြူနုများမှာ မကြာခဏ ဆိုသလို ထွက်ပေါ်လာတတ်ပြီး ထိုထူထပ်လှသော မြူခိုးများအတွင်းသို့ ရောက်ရှိသွားပါက ခြေလှမ်းအနည်းငယ် လျှောက်ရုံမျှဖြင့်ပင် မိမိလာခဲ့သော လမ်းကြောင်းကို ပြန်လည်ရှာဖွေနိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့်ပင် ဤတောအုပ်ကို ‘ဝူဝမ်’ ဟု အမည်တွင်ခြင်း ဖြစ်၏။
‘ဝူဝမ်’ မှာ ‘မြူခိုးများကို မြင်သည်နှင့် အိမ်ပြန်လမ်းကို မေ့လျော့သွားခြင်း’ ဟု အဓိပ္ပာယ်ရပါသည်။
တောအုပ်၏ အနက်ရှိုင်းဆုံးနေရာတွင် ရဟန်းတစ်စုမှာ တစ်ဦးနှင့်တစ်ဦး စုဝေးလျက် ရှိနေကြသည်။ အချို့မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေကြပြီး အချို့မှာမူ တရားထိုင်နေကြသကဲ့သို့ ထိုင်နေကြ၏။
သူတို့၏ ဦးခေါင်းပေါ်တွင်မူ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ထူထပ်လှသော သစ်တောကြီးများဖြင့် ဝိုင်းရံထား၏။
ဤရဟန်းတစ်စုမှာ သူတို့၏ အစွမ်းကုန် တောင့်ခံနိုင်စွမ်းမှာ အကန့်အသတ်သို့ ရောက်ရှိနေချေပြီ။
အကယ်၍သာ ယနေ့ညတွင် မမျှော်လင့်ဘဲ မိုးသည်းထန်စွာ မရွာသွန်းခဲ့ပါက ၎င်းတို့အားလုံးမှာ ရေငတ်ခြင်းနှင့် ဗိုက်ဆာခြင်းဒဏ်ကို မည်သို့မျှ ကြံ့ကြံ့ခံနိုင်တော့မည် မဟုတ်ချေ။
ယခုအခါတွင်မူ မိုးရေကြောင့် ရေငတ်ပြေသွားကြပြီ ဖြစ်သော်လည်း ၎င်း၏ ရလဒ်အနေဖြင့် ဗိုက်ဆာလောင်မှုမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
သူတို့ထဲမှ အချို့မှာ မရိုးမရွ ဖြစ်လာကြပြီး စားစရာ တစ်ခုခုကို အသည်းအသန် လိုက်လံရှာဖွေနေကြတော့၏။
နောက်ဆုံးတွင်မူ သူတို့၏ အကြည့်များသည် ကလေးရဟန်းငယ်လေး တစ်ဦးထံသို့ ကျရောက်သွားလေတော့သည်။
ရဟန်းငယ်လေးမှာ သစ်သားပန်းကန်လုံးလေး တစ်လုံးကို ကိုင်ဆောင်ကာ မိုးရေများကို ခံယူနေပြီး ရရှိလာသော မိုးရေများကို အားရပါးရ သောက်သုံးလျက် ရှိ၏။
သူသည် တစ်စုံတစ်ဦး၏ မကောင်းသော အကြံအစည်ကို ရိပ်မိသွားဟန်ဖြင့် အကြည့်များ ရောက်ရှိလာရာ အရပ်သို့ အလိုလို လှည့်ကြည့်လိုက်မိ၏။
အကဲခတ်နေသော ရဟန်းမှာ မချိပြုံး ပြုံးလိုက်ရင်း ဆိုလိုက်သည်။
“ညီလေး... ငါနဲ့ ခဏလောက် လိုက်ခဲ့ပါလား”
ရဟန်းငယ်လေးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မတ်တတ်ရပ်ကာ ထိုရဟန်း၏ အနားသို့ လျှောက်သွားပြီး ဆိုလိုက်သည်။
“အစ်ကိုကြီးက ကျွန်တော့်ကို စားချင်လောက်အောင်အထိ ဗိုက်ဆာနေတာလား”
“ကျွန်တော်က အရမ်း သေးလွန်းပါတယ်။ ကျွန်တော့်ရဲ့ အသားက ဘာအရသာ ရှိမှာလဲ။ အမွေးအမျှင်တွေနဲ့ သွေးတွေပဲ ရှိမှာပါ။ စားလို့လည်း ကောင်းမှာ မဟုတ်ပါဘူးဗျာ”
“ငါ... ငါ...”
ရဟန်းငယ်လေး၏ စကားကြောင့် ထိုရဟန်းမှာ မှင်တက်သွားရသည်။ သူ ထင်ထားသည်မှာ ရဟန်းငယ်လေးသည် သူ၏ အကြံကို သိသွားပါက ကြောက်လန့်တကြား ထွက်ပြေးမည် သို့မဟုတ် ဆရာတော်ထံ သွားတိုင်လိမ့်မည် ဟု ဖြစ်၏။
သို့သော် ယခုမူ ထိုသို့မဟုတ်ဘဲ တည်ငြိမ်စွာပင် တုံ့ပြန်လာသည် မဟုတ်ပါလော။
ခေတ္တမျှအတွင်း ထိုရဟန်းမှာ ဆွံ့အသွားရသော်လည်း သူ၏ ဗိုက်ဆာလောင်မှုမှာ မီးတောက်တစ်ခုအလား ပြင်းထန်နေသဖြင့် မကောင်းသော စိတ်များမှာ ပြန်လည် ထွက်ပေါ်လာပြန်သည်။ သူက အံကို ကြိတ်ကာ ဆိုလိုက်၏။
“ညီလေးရယ်... ငါ... ငါ တကယ်ကို ဆာလွန်းလို့ သေတော့မယ်။ မင်းဆီကနေ အသားတစ်လုတ်လောက်ပဲ ဖြစ်ဖြစ်... တစ်လုတ်လောက်ပဲ စားပါရစေဦး....”
“ကောင်းပါပြီဗျာ”
ရဟန်းငယ်လေးက ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီနေရာမှာတော့ စားလို့ မဖြစ်ဘူးနော်။ ဆရာတော် မြင်ရင် အစ်ကိုကြီးကို ဆူလိမ့်မယ်”
“ကျွန်တော်တို့ နည်းနည်းလောက် ဝေးဝေးကို သွားကြရအောင်။ ဆရာတော် မမြင်နိုင်တဲ့ နေရာအထိ သွားကြတာပေါ့။ အဲဒီကျရင်တော့ သူ မြင်မှာ မဟုတ်တော့ဘူးလေ”
“မင်း... မင်းက...”
ရဟန်းငယ်လေး၏ ကလေးဆန်လှသော စကားသံများကို ကြားရသောအခါ ထိုဆိုးသွမ်းသော ရဟန်းမှာ ရုတ်ချည်း ထိတ်လန့်သွားရသည်။
“မင်းက... မင်းက မကြောက်ဘူးလား”
ဤကဲ့သို့သော အသက်အန္တရာယ်ရှိသည့် အခြေအနေကို မည်သို့လျှင် တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပါသနည်း။
အမြဲတမ်း ငွေကြေးနှင့် ရတနာများကိုသာ စွဲလမ်းနေတတ်သော ဤရဟန်းငယ်လေးမှာ တကယ်ပဲ လူသားတစ်ယောက် ဖြစ်ပါရဲ့လား။
“ကြောက်တာပေါ့ဗျ”
ရဟန်းငယ်လေးက ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ မျက်နှာတွင်မူ ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
“ဒါပေမဲ့ ဆရာတော်က ပြောဖူးတယ်လေ။ မြတ်စွာဘုရားရှင်တောင်မှ သိန်းငှက်ကို အစာကျွေးဖို့အတွက် မိမိရဲ့ ခန္ဓာကိုယ်ကို စတေးခဲ့တာပဲတဲ့”
“ကျွန်တော်ကလည်း ငယ်ငယ်ကတည်းက ဆရာတော်ဆီမှာ တရားဓမ္မတွေကို သင်ယူလာခဲ့တာဆိုတော့ မြတ်စွာဘုရားရှင်ရဲ့ လမ်းစဉ်ကို လိုက်ရမှာပေါ့။ အခု ကျွန်တော်တို့တွေ ဒီမှာ ပိတ်မိနေတာလည်း ကြာပြီ။ အပြင်ထွက်ဖို့ နည်းလမ်းရှိရင်တောင် ကျွန်တော် ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ မသိဘူးလေ”
“ကျွန်တော်လည်း ဆာလွန်းလို့ သေတော့မယ် ထင်တယ်။ ဖြစ်နိုင်တာကတော့ ခေတ္တခဏအတွင်းမှာပဲ ကျွန်တော် အသက်ပျောက်သွားနိုင်တယ်”
“အကယ်၍ ကျွန်တော်က ဗိုက်ဆာလို့ သေသွားရင် အစ်ကိုကြီး စားဖို့ အသားရှိမှာ မဟုတ်တော့ဘူးလေ။ အစ်ကိုကြီးလည်း ဗိုက်ဆာပြီး သေသွားမှာပဲ။ အဲဒီလို ဖြစ်မယ့်အစား အစ်ကိုကြီးက ကျွန်တော့်အသားကို စားပြီး အသက်ဆက်နိုင်မယ်ဆိုရင်...”
“ဒါက ကျွန်တော့်အတွက် ကုသိုလ်ထူး ရလိုက်တာလို့ပဲ သဘောထားပါတယ်ဗျာ”
သူသည် ပြောပြောဆိုဆိုဖြင့် သူ၏ လက်ထဲရှိ သစ်သားပန်းကန်လုံးလေးကို မြေပြင်ပေါ်သို့ ချလိုက်ပြီး လက်အုပ်ချီလိုက်သည်။
“အော်မိတော်ဖော်”
ထို့နောက်တွင်မူ သူသည် သစ်သားပန်းကန်လုံးလေးကို ပြန်လည် ကောက်ယူလိုက်ပြီး ထိုဆိုးသွမ်းသော ရဟန်းအား ပြုံးပြလိုက်၏။
ဤရိုးရှင်းလှသော အပြုံးလေးကြောင့် ဆိုးသွမ်းသော ရဟန်းမှာ အချိန်အတော်ကြာ ဆွံ့အသွားရလေတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာ တောင့်တင်းသွားပြီးနောက် ရုတ်ချည်းပင် ကျယ်လောင်စွာ ငိုကြွေးလေတော့၏။
သူသည် ရဟန်းငယ်လေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီးနောက် ဘယ်ကမှန်းမသိသော ခွန်အားများဖြင့် အသက်ကြီးသော ရဟန်းတစ်ပါးရှိရာသို့ အပြေးအလွှား သွားလိုက်သည်။
အသက်ကြီးသော ရဟန်းမှာမူ မျက်စိမှိတ်၍ တရားထိုင်နေခြင်း ဖြစ်သော်လည်း ရုန်းရင်းဆန်ခတ် အသံများကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်လေ၏။
သူ မြင်လိုက်ရသည်မှာ ဆိုးသွမ်းသော ရဟန်းသည် သူ၏ ရှေ့တွင် ဒူးထောက်လျက် ငိုကြွေးနေခြင်း ပင် ဖြစ်၏။
“ဆရာတော်... ကျွန်တော် အပြစ်တွေ အကြီးအကျယ် ကျူးလွန်မိပါပြီ။ ကျွန်တော် တကယ်ပဲ အပြစ်ရှိတဲ့သူပါဗျာ..”
ဆရာတော် ဟုန်ယွင် သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက် ရဟန်းငယ်လေး၏ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း မေးလိုက်သည်။
“မင်း ဘယ်လို အပြစ်တွေကို ကျူးလွန်ခဲ့လို့လဲ”
“ကျွန်တော်... ကျွန်တော် ရဟန်းငယ်လေးကို စားဖို့ ကြံစည်ခဲ့ပါတယ်.. ကျွန်တော့်မှာ အပြစ်တွေ အရမ်းများနေပါပြီ။ ဘယ်လိုမှ ကုသလို့ မရနိုင်တော့ဘူးဗျာ....”
“မင်း သူ့ကို တကယ် စားလိုက်လို့လား”
“ဟင့်အင်း... ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာ အဲဒီလို ယုတ်မာတဲ့ အကြံတွေ ရှိခဲ့တာလေ”
“ဒါဆိုရင် အခု အဲဒီအကြံတွေ ပျောက်သွားပြီလား”
“ပျောက်သွားပါပြီ။ ရဟန်းငယ်လေး ရဲ့ စကားတွေက ကျွန်တော့်ကို တကယ်ပဲ အရှက်ရစေခဲ့ပါတယ်”
“ယုတ်မာတဲ့ စိတ်တွေ ပျောက်ကွယ်သွားရင် ကရုဏာစိတ်က အလိုလို ပေါ်လာတတ်တာပဲ။ အခု မင်း ဒီအမှန်တရားကို သိမြင်သွားပြီဆိုမှတော့ အဲဒီ ကရုဏာနှလုံးသားကို မြဲမြံအောင် ဆုပ်ကိုင်ထားပါ။ ဘယ်တော့မှ မမေ့ပါနဲ့နဲ့”
“ကျွန်တော်... ကျွန်တော် မှားမှန်း သိပါပြီ”
ဆိုးသွမ်းသော ရဟန်းသည် ခေါင်းကို ငုံ့ချလိုက်သည်။ သူ၏ ရုပ်သွင်မှာ ကြမ်းတမ်းနေဆဲ ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏ အမူအရာမှာ တည်ငြိမ်အေးချမ်းကာ ကရုဏာရိပ်များ လွှမ်းခြုံနေခဲ့ပြီ ဖြစ်၏။ သူသည် အမှန်တကယ်ပင် နောင်တရသွားခဲ့ခြင်း ပင်တည်း။
ဆရာတော် ဟုန်ယွင် သည် ရဟန်းငယ်လေးထံသို့ အကြည့်ကို လွှဲပြောင်းလိုက်ပြီး သက်ပြင်းချလိုက်သည်။
“မင်းလည်း တော်တော်လေး ဗိုက်ဆာနေမှာပေါ့ ဟုတ်လား”
“ဆာတာပေါ့ဗျ”
ရဟန်းငယ်လေးက ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။
ဆရာတော် ဟုန်ယွင် သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း တိုးညင်းစွာ မေးလိုက်သည်။
“အခု ဘယ်အချိန် ရှိပြီလဲ”
“ဝေနာရီ တစ်ဝက်လောက် ကျော်နေပါပြီ”
အနီးနားရှိ မျက်တောင်ကို ချထားသော ရဟန်းတစ်ပါးက တိုးညှင်းသော လေသံဖြင့် ဖြေကြားလိုက်၏။
“အချိန်ရောက်ပြီပေါ့”
ဆရာတော် ဟုန်ယွင် ၏ မျက်မှောင်များမှာ အနည်းငယ် ကျုံ့သွားသည်။
“ညတိုင်း ဝေနာရီ ကျော်ပြီဆိုရင်တော့ အဲဒီ နတ်ဆိုးသံစဉ် တွေ ထွက်ပေါ်လာတော့မှာပဲ။ တပည့်တို့... ငါ့အမိန့်ကို နာခံကြ၊ စိတ်ဝိညာဉ်ကို တည်ငြိမ်အောင် ထားပါ။ ဘယ်လိုမှ မလှုပ်ရှားစေနဲ့..”
“ဟုတ်ကဲ့ပါ..”
ပတ်ဝန်းကျင်ရှိ ရဟန်းများ အားလုံးမှာလည်း သတိဝီရိယ အပြည့်ဖြင့် အမိန့်ကို နာခံလိုက်ကြသည်။
ရဟန်းငယ်လေးကလည်း လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
ဆရာတော် ဟုန်ယွင် က မပြုံးဘဲ မနေနိုင်တော့ချေ။
“မင်းကတော့ မလိုပါဘူး...”
သို့သော် ရဟန်းငယ်လေး မော့ကြည့်လိုက်သောအခါ စီနီယာအစ်ကိုကြီး ‘ရှိုးမေ’နှင့် အကြည့်ချင်း ဆုံလိုက်ရသည်။ ရှိုးမေ က မျက်ခုံးကို အသာအယာ ပင့်လိုက်ရင်း ဆိုလိုက်၏။
“သူတို့တွေ ငါတို့ကို ဒီနေရာမှာ ပိတ်မိနေအောင် လုပ်ထားတာက ငါတို့ရဲ့ ခွန်အားတွေ၊ စိတ်ဓာတ်တွေနဲ့ ဇွဲတွေကို ကုန်ခမ်းသွားအောင် လုပ်နေတာပဲ”
“ငါတို့သာ သူတို့ရဲ့ အကြံအတိုင်း အရှုံးပေးလိုက်မယ်ဆိုရင် ငါတို့ဟာ အဲဒီ နတ်ဆိုးတွေရဲ့ ကစားစရာ အရုပ်တွေပဲ ဖြစ်ကုန်လိမ့်မယ်။ ငါတို့တွေ ဒီအတိုင်း ထိုင်ပြီး အသေခံလို့ မဖြစ်ဘူး...”
“ယနေ့ည နတ်ဆိုးသံစဉ် တွေ ဆုံးတာနဲ့ တစ်ပြိုင်နက် တပည့်တွေ အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ.. တစ်ခုခုတော့ အပြတ်ရှင်းရမယ်..”
“မိစ္ဆာတွေကို နှိမ်နင်းပြီး အောင်ပွဲခံမလား.. ဒါမှမဟုတ်... နိဗ္ဗာန်ဝင်ပြီး နတ်ပြည်ကိုပဲ ပြန်မလား..”
တပည့်များမှာ ထိုစကားကို ကြားသောအခါ ကြောက်ရွံ့မှုများ မရှိတော့ချေ။ ဤနေရာတွင် ဒီအတိုင်း အအေးပတ်ပြီး အငတ်ဘေးနှင့် သေရမည့်အစား တိုက်ပွဲဝင်ရင်း သေဆုံးရခြင်းကိုသာ ၎င်းတို့က ရွေးချယ်လိုကြ၏။
ဆရာတော် ဟုန်ယွင် သည် မျက်တောင်ကို ချလိုက်ရင်း မိမိတို့ ရင်ဆိုင်နေရသော အသည်းအသန် အခြေအနေကို တွေးတောနေမိပါတော့၏။
--