← Chapters

အခန်း ၅၀၀

Vol. 34 Ch. 500

အခန်း ၅၀၀

Vol. 34 Ch. 500

အခန်း (၅၀၀) မေ့မပစ်လိုက်ပါနဲ့ (အပိုင်း ၂)

နတ်ဆိုးသံစဉ် မှာမူ ရပ်တန့်သွားခြင်း မရှိသေးဘဲ ဝူဝမ်တောအုပ် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ သည်းထန်စွာ ရွာသွန်းနေသည့် မိုးရေစက်များကြားဝယ် ထိုအသံမှာ တဖြည်းဖြည်း အားနည်းလာသော်လည်း ဇွဲကောင်းကောင်းဖြင့် လေထဲတွင် တုန်ခါနေဆဲ ဖြစ်၏။ လေတိုက်ခံနေရသည့် ဖယောင်းတိုင်မီးကဲ့သို့ပင် တဖျတ်ဖျတ်နှင့် ငြိမ်းလုနီးပါး ဖြစ်နေသော်လည်း တစ်စုံတစ်ရာကို စိုးရိမ်ထိတ်လန့်နေသကဲ့သို့ ဆက်လက် တည်ရှိနေပေတော့သည်။

'ဒီကောင်တွေကတော့ တော်တော်ဇွဲကောင်းပါလား။ သေမယ့်သေ ကိုယ့်ကျင်းကိုယ်တူးပြီးမှ သေချင်နေကြတာလား။ တစ်ယောက်မှလည်း ရပ်မယ့်ပုံ မပေါ်ဘူး။'

ဆုမို၏ အတွေးထဲတွင် ထိုသို့ ရေရွတ်နေစဉ်မှာပင် ဘေးနားတွင် ရပ်နေသော ဝမ်ချန်ရှင်း က စကားစလာ၏။

“ဝူဝမ်တောအုပ် ထဲမှာ ဒီလူတွေကို အမိန့်ပေးမယ့် ခေါင်းဆောင် မရှိတော့တာများလား”

ဆုမို သည် ဝမ်ချန်ရှင်း ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်း ပြောတာ ဖြစ်နိုင်တယ်”

(t n: - ခေါင်းဆောင်မရှိလျှင် အမိန့်မရှိ၊ အမိန့်မရှိလျှင် မည်သူမျှ ရှေ့မတိုးရဲ၊ နောက်မဆုတ်ရဲ ဖြစ်နေတတ်သည်ကို ဆိုလိုပါသည်။)

ကျိလေ ကောင်းကင် နန်းတော် မှ တပည့်များမှာ တောအုပ်အတွင်း ပြန့်ကျဲနေကြပြီး တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် ပြတ်နေကြ၏။ နတ်ဆိုးသံစဉ် ကို စတင်လိုက်သည်နှင့် မည်သူမျှ မိမိသဘောဖြင့် မရပ်တန့်ရဲကြတော့ချေ။ အကယ်၍ တစ်ယောက်တည်း ရပ်တန့်လိုက်ပါက ထိုသူမှာ နေရာတွင်တင် သေဆုံးသွားနိုင်သည်ကို ဆုမိုတို့ မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ သေဆုံးခြင်းမှ လွတ်မြောက်ခဲ့လျှင်ပင် စိတ်ဝိညာဉ် ပြိုကွဲကာ အရူးဘဝသို့ ရောက်ရှိသွားနိုင်သည့် အန္တရာယ်က ကြီးမားလွန်းလှ၏။ ဤသို့သော အခြေအနေမျိုးတွင် သူတို့မှာ ရှေ့တိုးရန်လည်း ခက်၊ နောက်ဆုတ်ရန်လည်း မသာဘဲ ဇွတ်မှိတ်၍ ဆက်လက် ရွတ်ဆိုနေကြရခြင်း ပင်တည်း။

“ဆရာတော် ဟုန်ယွင် ရဲ့ နာမည်ကလည်း နည်းတာမဟုတ်ဘူး။ ကျိလေ ကောင်းကင် နန်းတော် က သူ့ကို ဖမ်းဖို့ ကျွမ်းကျင်သူတစ်ယောက်မှ မလွှတ်ဘဲတော့ မနေလောက်ပါဘူး”

မိန်းမပျို တုန်းချန်း က မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်သော်လည်း စကားအဆုံးတွင် သူမ၏ မျက်နှာမှာ တောင့်တင်းသွားသည်။ ထို့နောက် ဆုမို ကို အူကြောင်ကြောင်လေး ကြည့်ရင်း ဆိုလိုက်၏။

“အာ... မဟုတ်သေးဘူး။ ကျွမ်းကျင်သူ ရှိသားပဲ”

“ဘယ်မှာလဲ”

ဝမ်ချန်ရှင်း က သူ၏ ခန့်မှန်းချက် မှားသွားသလားဟူသော စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

“ခေါင်းဆောင်ဆု သတ်လိုက်တဲ့ ဟိုလူလေ... မဟုတ်ဘူးလား”

“ဗျာ...”

ဆုမို မှာ ခေတ္တမျှ ကြောင်သွားရသည်။

“ဟို တစ်ခြမ်းယောကျ်ား၊ တစ်ခြမ်းမိန်းမ မျက်နှာနဲ့ လူကို ပြောတာလား”

“ဟုတ်တာပေါ့... အဲဒီလူရဲ့ သိုင်းပညာက တကယ့်ကို မြင့်တာလေ..”

ဝမ်ချန်ရှင်း က ချက်ချင်းပင် ထောက်ခံလိုက်သည်။

“ခေါင်းဆောင်ဆု နဲ့ သူ တိုက်တုန်းက ထွက်လာတဲ့ အရှိန်အဝါတွေက တကယ့်ကို ကြောက်စရာကြီး။ ကျွန်တော်တောင် ဘေးကနေ ကြည့်ပြီး လန့်နေရတာ”

“ဟုတ်ပါတယ်ရှင်”

တုန်းချန်း ကလည်း အဆက်မပြတ် ခေါင်းညိတ်ပြရင်း ဆိုလိုက်၏။

“အဲဒီလူက ကျွန်မတို့နောက်ကို အရိပ်လို ကပ်လိုက်နေတာလေ။ သခင်လေးက တစ်ညတာ ရှောင်လောင်လေညှင်း အဆိပ် မိနေလို့သာ ကျွန်မတို့ သူ့ကို ပြန်မတိုက်ဘဲ ပြေးခဲ့ရတာ။ အကယ်၍ တကယ်တိုက်ရမယ်ဆိုရင် ကျွန်မတို့ လေးယောက်ပေါင်းရင်တောင် သူ့ကို နိုင်မှာ မဟုတ်ဘူး”

“အင်း...”

ဆုမို သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြုံးလျက် ဆိုလိုက်သည်။

“ငါ့ရဲ့ ဇီယန် နတ်ဘုရား လက်ဝါး တစ်ချက်ကို ခံနိုင်ပြီး ချက်ချင်း မသေတာကိုက ချီးကျူးဖို့ ကောင်းနေပါပြီ”

ဆုမိုတို့အဖွဲ့သည် ဝူဝမ်တောအုပ် အတွင်း ဝှက်ဖုံးနေသော တခြား လျှို့ဝှက်ချက်များကိုလည်း သတိထားရပေဦးမည်။ သို့ဖြစ်ရာ ဆုမိုတို့သည် နတ်ဆိုးသံစဉ် ထွက်ပေါ်နေဆဲ အချိန်ကို အခွင့်ကောင်းယူ၍ လမ်းတွင်တွေ့သမျှ ကျိလေ ကောင်းကင် နန်းတော် တပည့်များကို သုတ်သင်ခဲ့ကြသည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည့် အချိန်အထိ ကြာမြင့်ပြီးနောက်တွင်မူ နတ်ဆိုးသံစဉ် မှာ လုံးဝ ဆက်လက် မတည်မြဲနိုင်တော့ဘဲ လေထဲတွင် တဖျတ်ဖျတ်နှင့် ငြိမ်သွားလေတော့သည်။

ထိုခဏ၌ပင် သတ်ဖြတ်သံများမှာ ရုတ်ချည်း ဟိန်းထွက်လာတော့၏။

ဆုမို တို့၏ နားစည်ထဲသို့ သတ်ဖြတ်သံများနှင့်အတူ ဗုဒ္ဓဘာသာ ဂါထာတော်များ ရွတ်ဆိုသံကိုပါ ကြားလိုက်ရသည်။

“ဆရာတော် ဟုန်ယွင် ပဲ..”

သူတို့သည် အချိန်မဆွဲတော့ဘဲ ကျန်ရှိနေသော လူယုတ်မာများကို ပစ်ထားခဲ့ကာ ဆရာတော် ဟုန်ယွင် ရှိရာ အရပ်ဆီသို့ တည့်တည့်မတ်မတ် ပြေးထွက်ခဲ့ကြသည်။ ယခုအခါ ၀င်္ကပါမှာ နေရာအနှံ့ ပေါက်ပြဲနေချေပြီ။ ဆုမို တို့၏ လက်ချက်ကြောင့် လူအင်အားမှာလည်း နည်းပါးသွားသလို နတ်ဆိုးသံစဉ် ရပ်တန့်သွားခြင်းကြောင့် ၀င်္ကပါ၏ စွမ်းအားမှာ အပြည့်အဝ မထွက်ပေါ်မီမှာပင် ပြိုကွဲလုနီးပါး ဖြစ်နေချေပြီ။

သို့ဖြစ်ရာ ဆုမို တို့အဖွဲ့သည် ဆရာတော် ဟုန်ယွင် ရှိရာနေရာသို့ အခက်အခဲမရှိ ရောက်ရှိသွားကြသည်။ အဝေးမှ ကြည့်လျှင် ဆရာတော် ဟုန်ယွင် နှင့် သူ၏ တပည့်များမှာ ကျိလေ ကောင်းကင် နန်းတော် မှ လူယုတ်မာ အချို့နှင့် အသည်းအသန် တိုက်ခိုက်နေကြသည်ကို မြင်တွေ့ရ၏။

ဆရာတော် ဟုန်ယွင် သည် တည်ငြိမ်လှသော အကြည့်များဖြင့် ဘေးမှနေ၍ အခြေအနေကို အကဲခတ်နေပြီး တစ်စုံတစ်ရာကို သတိကြီးစွာ စောင့်ကြည့်နေဟန် ရှိ၏။ တိုက်ခိုက်နေကြသော ရဟန်းများမှာ သိုင်းပညာ ကောင်းကြသော်လည်း အချိန်အတော်ကြာ ပိတ်မိနေပြီး အစာရေစာ ငတ်မွတ်နေကြသဖြင့် ၎င်းတို့၏ သိုင်းကွက်များမှာ အားအင်ချိနဲ့နေကြရရှာသည်။

အကယ်၍ လူအင်အားသာ မသာခဲ့လျှင် သူတို့အားလုံးမှာ အသက်ပျောက်နေကြပြီပင်။

ထိုခဏ၌ ဆုမို နှင့် ဝမ်ချန်ရှင်း တို့သည် လေထဲသို့ လှပစွာ.. ခုန်တက်လိုက်ကြသည်။ ဆုမိုသည် လေထဲမှာပင် သူ၏ ဇီယန် နတ်ဘုရား လက်ဝါး ကို အရှိန်အဟုန်ဖြင့် ရိုက်ထုတ်လိုက်တော့၏။

“ဘုန်း...”

ကျိလေ ကောင်းကင် နန်းတော် မှ လူယုတ်မာများမှာ ခုခံရန် ကြိုးစားသော်လည်း ပြင်းထန်လှသော လက်ဝါးချက်မှာ လှိုင်းလုံးကြီး တစ်ခုအလား ၎င်းတို့အား ရိုက်ချလိုက်သဖြင့် သွေးအန်ကာ နေရာတွင်တင် အသက်ပျောက်သွားကြသည်။

ကျန်ရှိနေသော လူများမှာ ဘာဖြစ်သွားမှန်း မသိမီမှာပင် ကြီးမားလှသော ဓားချီများမှာ မျက်တောင်တစ်ခတ်အတွင်း တိုးဝင်လာပြန်၏။ ရှေ့ဆုံးမှ လူနှစ်ဦးမှာ ဓားချီကြောင့် ကိုယ်ခန္ဓာ နှစ်ခြမ်း ကွဲသွားရသလို ကျန်ရှိနေသော သူများမှာလည်း ထိတ်လန့်တကြားဖြင့် ဟိုဘက်ဒီဘက် လိမ့်ကာ ရှောင်တိမ်းလိုက်ကြရသော်လည်း ဓားချီ၏ အရှိန်ကြောင့် ဒဏ်ရာကိုယ်စီ ရရှိသွားကြသည်။

တုန်း၊ နန်၊ ရှီး၊ ပေ့ မိန်းမပျိုလေးများသည် သခင်လေးစစ်ထူ ကို အလယ်တွင်ထား၍ အကာအကွယ် ပေးထားကြသည်။ သူတို့မှာ တိုက်ပွဲဝင်ခြင်း မပြုဘဲ ပတ်ဝန်းကျင်ရှိ ရန်သူများ၏ ၀င်္ကပါများကိုသာ သတိကြီးစွာ အကဲခတ်နေကြ၏။

ဆရာတော် ဟုန်ယွင် သည် ရုတ်တရက် ရောက်ရှိလာသော အင်အားကြီး အကူအညီကြောင့် အံ့အားသင့်သွားရသည်။ သူသည် မော့ကြည့်လိုက်သောအခါ ဝမ်းသာအားရ ဖြစ်သွားတော့၏။

“ခေါင်းဆောင်ဆု....”

“ဆရာတော်... ဘာမှ မဖြစ်ဘူး မဟုတ်လား”

ဆုမို က အားရပါးရ ရယ်လိုက်ရင်း ဆရာတော် ဟုန်ယွင် ၏ ဘေးနားသို့ ဆင်းသက်လိုက်သည်။

ဆရာတော် ဟုန်ယွင် စကားပြန်ရန် ဟန်ပြင်စဉ်မှာပင် ကျိလေ ကောင်းကင် နန်းတော် ဘက်မှ ထိတ်လန့်တကြား အော်ဟစ်သံများကို ကြားလိုက်ရ၏။

“ဒါ... ဒါက ဇီယန် နတ်ဘုရား လက်ဝါး မဟုတ်လား။ နာမည်က ဆု တဲ့လား။ ဒါဆိုရင် အနောက်တောင်ဘက်က နာမည်ကျော် ဓား တစ်လက် ၊ အမိန့်သုံးရပ် ဆုမို ဆိုတာလား..”

“ဟို မိန်းကလေးတွေလည်း ပြန်ရောက်လာကြပြီဟ။ သူတို့က ပြာပြာသလဲ ထွက်ပြေးသွားကြတာ မဟုတ်ဘူးလား”

“ဆရာကြီး က သူတို့နောက်ကို လိုက်သွားတာ အခုထိ ပြန်မလာသေးဘူး။ ဒီ ဆုမို နဲ့များ တွေ့သွားတာလား မသိဘူး”

“နတ်ဆိုးသံစဉ် တွေ ပျက်သွားတာလည်း ဒီကောင့်လက်ချက်ပဲ ဖြစ်ရမယ်။ သူ့ရဲ့ သိုင်းပညာက ငါတို့နဲ့ တခြားစီပဲ... အမြန်ပြေးကြစို့....”

ထိုစကားအဆုံးတွင် ဝူဝမ်တောအုပ် အတွင်းရှိ အရပ်မျက်နှာ အသီးသီးမှ စုရုံးလာကြသော ကျိလေ ကောင်းကင် နန်းတော် တပည့်များမှာ စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ အမြန်ဆုံး ထွက်ပြေးကြလေတော့၏။

ဆုမို ၏ မျက်ခုံးများမှာ အနည်းငယ် ပင့်တက်သွားရသည်။

'ဟောဗျာ... ကြည့်စမ်း။ ငါ့နာမည်က ဒီ တုန်းချန် မှာတောင် ဒီလောက်အထိ အစွမ်းထက်နေတာလား။ တကယ်ကို အံ့ဩစရာပဲ'

ဆုမို သည် ထွက်ပြေးသွားသော သူများနောက်သို့ လိုက်လံ သုတ်သင်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆရာတော် ဟုန်ယွင် ၏ အရေးပေါ် တားမြစ်သံကို ကြားလိုက်ရသည်။

“ခေါင်းဆောင်ဆု... သတိထားပါဦး။ ကျိလေ ကောင်းကင် နန်းတော် ထဲမှာ ချာယွမ်ကျွင်း ဆိုတဲ့ လူတစ်ယောက် ရှိသေးတယ်..”

--

All Chapters