အခန်း ၅၀၁
Vol. 34 Ch. 501
အခန်း (၅၀၁) မေ့မပစ်လိုက်ပါနဲ့ (အပိုင်း ၃)
ဝူဝမ်တောအုပ်အတွင်း၌ ကျိလေ ကောင်းကင် နန်းတော်မှ လူများမှာ ခွေးပြေးဝက်ပြေး ပြေးလွှားနေကြသည်။ ဆုမိုသည် သူ၏ ဇီယန်နတ်ဘုရားလက်ဝါးနှင့် လက်ချောင်းတောက်သိုင်းကို အသုံးပြု၍ လမ်းတွင်တွေ့သမျှ ရန်သူများကို သုတ်သင်ရှင်းလင်းနေသည်မှာ ခြင်ရိုက်သလိုပင် လွယ်ကူလှ၏။
ဆရာတော်ဟုန်ယွင်မှာမူ ဘေးမှနေ၍ စိုးရိမ်တကြီး ကြည့်နေသည်။ ချာယွမ်ကျွင်းဆိုသည့် မိစ္ဆာကောင် ဘယ်နေရာကနေ ဝုန်းခနဲ ထွက်လာပြီး ဆုမိုကို ချုံခိုတိုက်မလဲဆိုတာကို သူ တကယ်ကို စိုးရိမ်နေခြင်း ဖြစ်၏။ ထိုအချိန်တွင် သခင်လေးစစ်ထူနှင့် မိန်းမပျိုများ ရောက်ရှိလာကြပြီး တုန်းချန်းက အကျိုးအကြောင်း ရှင်းပြလိုက်သည်။
“ဆရာတော်... စိတ်မပူပါနဲ့တော့။ ချာယွမ်ကျွင်းကတော့ ခေါင်းဆောင်ဆုရဲ့ လက်ဝါးအောက်မှာ ငရဲပြည်ကို ခရီးထွက်သွားပါပြီ”
“ဗျာ... အဲဒီလိုလား”
ဆရာတော်ဟုန်ယွင်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ မိန်းမပျိုတုန်းချန်းမှာမူ ဆရာတော်ကို ဖြေပြီးနောက် သခင်လေးစစ်ထူကို လှမ်းကြည့်ကာ သက်ပြင်းချမိသည်။
သခင်လေးစစ်ထူမှာ မျက်နှာလေး ဖြူဖျော့နေသော်လည်း တောအုပ်အတွင်း မိစ္ဆာများကို နှိမ်နင်းနေသည့် ဆုမိုကိုမူ မျက်တောင်မခတ်တမ်း ငေးကြည့်နေမိခြင်း ဖြစ်၏။
'ဪ... တို့သခင်လေးလည်း သွားပါပြီ။ အစကတော့ အစ်ကို၊ ညီလေးနဲ့ ခင်မင်နေကြတာပေါ့လေ။ အခုကျတော့မှ လိုဏ်ဂူထဲမှာ ဇာတ်လမ်းကလည်း ဖြစ်သွားရော... စိတ်ထဲမှာ အမြစ်တွေပါ တွယ်သွားပြီ ထင်တယ်။ ဒါပေမဲ့ ခက်တာက ဟိုခေါင်းဆောင်ဆုက တကယ့်ကို သံမဏိနှလုံးသားနဲ့ လူစားမျိုးလေ။ တို့သခင်လေးရဲ့ အချစ်ကို သူ ပြန်မြင်ပါ့မလား။'
မကြာမီမှာပင် ဆုမိုနှင့် ဝမ်ချန်ရှင်းတို့ ပြန်လည်ရောက်ရှိလာကြသည်။ ဆုမိုက ဆရာတော်ဟုန်ယွင်ကို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်၏။
“ဆရာတော်... ဘာမှ မဖြစ်ဘူး မဟုတ်လား။ ရန်သူတွေ အကုန်လုံးကိုတော့ မသတ်နိုင်သေးပေမဲ့ အခုချိန်မှာတော့ စိုးရိမ်စရာ မရှိတော့ပါဘူး”
“ခေါင်းဆောင်ဆုရယ်... ဒကာကတော့ ငါ့ကို ဒုတိယအကြိမ်မြောက် အသက်ကယ်လိုက်ပြန်ပြီ။ ဒီကျေးဇူးကို ဘယ်လိုဆပ်ရမလဲတောင် မသိတော့ပါဘူး”
“ဆရာတော်ကလည်း... အားနာစရာတွေ ပြောမနေပါနဲ့။ ဆရာတော်တို့ ဒီမိစ္ဆာတွင်းထဲကို ကိုယ်တိုင်ဆင်းပြီး လူတွေကို ကယ်ဖို့ ကြိုးစားတာကိုပဲ တပည့်တော်က လေးစားနေတာပါ။ ဒါနဲ့... ဟွေပြန့်နဲ့သာ မတွေ့ရင် တပည့်တော်လည်း ဒီကိစ္စကို သိမှာ မဟုတ်ပါဘူး”
“ဟွေပြန့်.... သူကော ဘယ်မှာလဲ”
ဆုမိုက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို တစ်ခုချင်း ရှင်းပြလိုက်သောအခါ ဆရာတော်ဟုန်ယွင်မှာ မျက်တောင်ကို ချလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်သည်။
“အော်မိတော်ဖော်... ဟွေပြန့်ကတော့ ငါ့ထက် အရင် လမ်းခွဲသွားပြီပေါ့။ ငါက သူတို့ထဲက တစ်ယောက်လောက်ပဲဖြစ်ဖြစ် လွတ်အောင်ဆိုပြီး လွှတ်လိုက်တာ... တကယ်တော့ သူတို့ကို သေတွင်းထဲ ပို့လိုက်သလို ဖြစ်သွားတာပဲ”
ဆရာတော်မှာ ဝမ်းနည်းနေသော်လည်း သခင်လေးစစ်ထူတို့ လူစုကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
သခင်လေးစစ်ထူမှာ စကားပြန်ပြောရန် ကြိုးစားသော်လည်း အဆက်မပြတ် ချောင်းဆိုးနေသဖြင့် အားနည်းနေပုံရ၏။
“သခင်လေး... အဆင်ပြေရဲ့လား”
ဆုမိုက စိုးရိမ်တကြီး မေးလိုက်သည်။
သခင်လေးစစ်ထူက ခေါင်းခါပြသော်လည်း မိန်းမပျိုတုန်းချန်းကမူ မနေနိုင်ဘဲ ဝင်ပြောလိုက်၏။
“ဘယ်မှာ အဆင်ပြေမှာလဲ ခေါင်းဆောင်ဆုရဲ့။ သခင်လေးရဲ့ ယင်သုံးပါး၊ ယန်သုံးပါး သွေးကြောခြောက်ခု ဒဏ်ရာက ခုနက ၀င်္ကပါကို ဖြိုခွင်းဖို့ အာရုံစိုက်လိုက်ရလို့ ပြန်ပွင့်လာပြီလေ။ အစကတော့ ပြောင်းပြန်ဓာတ်ငါးပါးအပ်နဲ့ ထိန်းထားလို့ ရသေးတယ်။ အခုတော့ အဲဒီအပ်တွေကိုလည်း အပြင်ထုတ်လိုက်ရပြီဆိုတော့ ဘယ်လိုမှ ထိန်းလို့ မရတော့ဘူး”
“ဒါဆို... အခု ဘယ်လိုလုပ်ရင် ကောင်းမလဲ”
“သခင်လေးကို ရွှမ်ဟူမျှော်စင်ကိုပဲ အမြန်ဆုံး ပြန်ခေါ်သွားရပါမယ်။ အဲဒီမှာ ရှိတဲ့ လူကြီးတွေမှပဲ ဒီဒဏ်ရာကို ကုနိုင်တော့မှာပါ”
သခင်လေးစစ်ထူမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဆုမိုကို မော့ကြည့်ကာ တိုးညင်းစွာ ဆိုလိုက်သည်။
“ခေါင်းဆောင်ဆု... ကျွန်မနဲ့ ခဏလောက် စကားပြောလို့ ရမလား”
ဆုမိုက ခေါင်းညိတ်လိုက်သောအခါ မိန်းမပျိုများက သူတို့နှစ်ဦးကို သီးသန့်နေရာတစ်ခုသို့ ခေါ်ဆောင်သွားပေးကြသည်။ သခင်လေးစစ်ထူက ခပ်နွမ်းနွမ်းလေး ပြုံးပြလိုက်၏။
“ခေါင်းဆောင်ဆု... ကျွန်မ တကယ်ပဲ ရွှမ်ဟူမျှော်စင်ကို ပြန်ရတော့မယ် ထင်တယ်။ သိုင်းလောကထဲကို ထွက်လာပြီး ဒီဒဏ်ရာအတွက် အခွင့်အရေး ရှာခဲ့တာ... တကယ်တော့ မဖြစ်နိုင်မှန်း သိသားပဲ။ ဒါပေမဲ့ ဒီခရီးမှာ အကြီးမားဆုံး ရလဒ်ကတော့ ရှင်နဲ့ တွေ့ခဲ့ရတာပါပဲ”
“ခေါင်းဆောင်ဆု သင်ပေးခဲ့တဲ့ သိုင်းလောကအကြောင်းတွေ၊ အမှားအမှန် ခွဲခြားပုံတွေကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး။ အခု လမ်းခွဲရတော့မယ့် အချိန်မှာ ကျွန်မမှာ တန်ဖိုးရှိတဲ့ လက်ဆောင်ပေးဖို့ မရှိပေမဲ့... ဒါလေးတွေကိုတော့ ယူထားပေးပါ”
သခင်လေးစစ်ထူက ရင်ဘတ်ထဲမှ ဆေးပုလင်းမျိုးစုံကို ထုတ်ယူကာ ဆုမို၏ လက်ထဲသို့ အတင်းထည့်ပေးသည်။
ဆုမိုက ငြင်းသော်လည်း သူမက လက်မခံဘဲ ဆေးတစ်ခုချင်းစီ၏ အာနိသင်ကို သေချာရှင်းပြနေ၏။ နောက်ဆုံးတွင်မူ သူမသည် တံဆိပ်ပြားတစ်ခုကို ထုတ်ပေးလိုက်သည်။
“ဒီတံဆိပ်ပြားရဲ့ အနောက်မှာ ရွှမ်ဟူမျှော်စင် ရှိတဲ့နေရာကို ရေးထားတယ်။ အကယ်၍ ခေါင်းဆောင်ဆု အားတဲ့တစ်နေ့ကျရင်... ကျွန်မဆီကို လာလည်ဖို့ စိတ်ကူးရှိမလားဟင်”
သူမက တွေဝေစွာ မေးပြီးမှ ခေါင်းကို အသည်းအသန် ခါယမ်းလိုက်ပြန်သည်။
“ခေါင်းဆောင်ဆု... ခုနက ပြောတာကို မေ့လိုက်ပါတော့။ အားလုံးထက် ကျွန်မတို့ သိကျွမ်းခဲ့ရတဲ့ အချိန်က အရမ်းတိုတောင်းလွန်းတာကိုပဲ နောင်တရမိတယ်။ ကဲ... ကျွန်မ သွားတော့မယ်နော်”
သခင်လေးစစ်ထူသည် ဝေါယာဉ်ပေါ်သို့ တက်လိုက်ပြီးနောက် မိန်းမပျို လေးယောက်က သူမကို ထမ်းကာ ထွက်ခွာသွားကြတော့သည်။
ဆုမိုမှာမူ ပြောစရာ စကားလုံးများ ဆို့နင့်နေသဖြင့် ငေးကြည့်ကာ ကျန်ရစ်ခဲ့ရ၏။ ထိုအချိန်တွင် ဝေါယာဉ်ပေါ်မှ သခင်လေးစစ်ထူက နောက်သို့ လှည့်ကြည့်ကာ အစွမ်းကုန် အော်ဟစ်လိုက်သည်။
“အစ်ကိုဆု.....”
“ကျွန်မရဲ့ နာမည်က ‘စစ်ထူရှန့်ရှန့်’.. ကျွန်မဆီ လာလည်ဖို့ မလိုပါဘူး... ဒါပေမဲ့ ကျွန်မ တောင်းဆိုချင်တာ တစ်ခုတည်း ရှိပါတယ်.....”
“ကျွန်မကို... ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့နော်.....”
--