← Chapters

အခန်း ၅၀၂

Vol. 34 Ch. 502

အခန်း ၅၀၂

Vol. 34 Ch. 502

အခန်း (၅၀၂) မတော်တဆမှု

“ကျွန်မကို မမေ့လိုက်ပါနဲ့..”

ထိုအသံသည် လေထဲတွင် ဝဲပျံကျန်ရစ်ခဲ့သော်လည်း သူမ၏ ပုံရိပ်မှာမူ ပျောက်ကွယ်သွားလေပြီ။ ဆုမိုသည် ထိုနေရာ၌ပင် မင်သက်လျက် အချိန်အတော်ကြာအောင် ရပ်နေမိသည်။

သူ မသိလိုက်ဘဲ ဝမ်ချန်ရှင်းသည် သူ၏ဘေးနားသို့ ရောက်ရှိလာ၏။

“ခေါင်းဆောင်ဆု...”

သူက တိုးညင်းစွာ ခေါ်လိုက်သည်။ ဆုမိုသည် သက်ပြင်းတစ်ချက်ချကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။

“ငါတော့... အချစ်ကြွေးတွေနဲ့ ပတ်သက်မိသွားပြီ ထင်တယ်”

“...”

ဝမ်ချန်ရှင်းမှာမူ ခေတ္တမျှ ဆွံ့အသွားပြီး ဆုမိုနှင့်အတူ သက်ပြင်းသာ လိုက်ချနိုင်တော့သည်။ ထိုအမူအရာကို မြင်သောအခါ ဆုမိုက သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

“ဝမ်ကောကကော ဘာလို့ သက်ပြင်းတွေ ဒီလောက်ချနေတာလဲ”

ဝမ်ချန်ရှင်းသည် အချိန်အတော်ကြာ အောင့်ထားပြီးမှ စကားလုံးများ ပွင့်ထွက်လာတော့၏။

“လောကအဆုံးမှာ လွင့်မျောနေရတဲ့ လူချင်း တူတူပါပဲ...”

ဆုမို၏ မျက်ခုံးများမှာ အနည်းငယ် ပင့်တက်သွားရသည်။ သူ တစ်ခုခုကို သတိရသွားတော့သည်။

ဝမ်ချန်ရှင်း နှင့် ဝူရှန်းခန်းမ မှ မင်းသမီးလေးတို့ကြားတွင် ကောလာဟလ သတင်းများ ရှိခဲ့ဖူးသည် မဟုတ်ပါလော။ 'သေမိန့်' ထုတ်ပြန်ခဲ့ရခြင်းမှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်၏။

'ဟက်... ကြည့်စမ်း။ ငါ့ရှေ့မှာ နောက်ထပ် အချစ်ကြွေးရှင်ကြီး တစ်ယောက် ရှိနေတာပဲ။ ဒါပေမဲ့ သူ့မျက်နှာကို ကြည့်ရတာတော့ တစ်မျိုးပဲ'

“ဝူရှန်းခန်းမ က အဲဒီလူအကြောင်း စဉ်းစားနေတာလား”

ဆုမိုက စပ်စုချင်သော အမူအရာဖြင့် မေးလိုက်သည်။ သို့သော် ထိုစကားကို ကြားသည်နှင့် ဝမ်ချန်ရှင်း၏ မျက်နှာမှာ ရုတ်ချည်း တင်းမာသွားတော့၏။ သူ၏ မျက်နှာအမူအရာမှာ တကယ့်ကို ရှုပ်ထွေးလှ၏။

၎င်းမှာ ချစ်သူကို လွမ်းဆွတ်နေသည့် အကြည့်မျိုး မဟုတ်ဘဲ နက်နဲလှသော နောင်တများဖြင့် ပြည့်နှက်နေခြင်း ပင်တည်း။ ထို့ပြင် ဆုမို အထင်မမှားပါက ဝမ်ချန်ရှင်း၏ မျက်ဝန်းများထဲတွင် ဖော်ပြ၍မရသော ရွံရှာမှု အငွေ့အသက်အချို့လည်း ဝှက်ဖုံးနေ၏။

“ဝမ်ကော.....”

ဆုမိုက တိုးညင်းစွာ ခေါ်လိုက်သည်။

ထိုအခါမှ ဝမ်ချန်ရှင်း၏ မျက်နှာပေါ်မှ တင်းမာမှုများ လျော့ကျသွားပြီး အမာရွတ်နှင့် လူစိမ်း အမူအရာသို့ အလိုလို ပြန်လည် ရောက်ရှိသွားတော့၏။ သို့သော် ဆုမိုကို မြင်လိုက်ရသောအခါမှ သူ သတိဝင်လာပြီး ယခုအချိန်သည် မည်သူ့ကိုမျှ လိုက်တုနေရမည့် အချိန် မဟုတ်ကြောင်း သဘောပေါက်သွားသည်။

“ခေါင်းဆောင်ဆု... တောင်းပန်ပါတယ်”

“ရပါတယ်”

ဆုမိုက ခေါင်းခါပြလိုက်၏။

“ငါက မင်း မမှတ်မိချင်တဲ့ အတိတ်တွေကို သွားပြီး တို့မိသလို ဖြစ်သွားရင် ငါ့အပြစ်ပါပဲ”

“မပြောဝံ့ပါဘူး...”

ဝမ်ချန်ရှင်းက မချိပြုံး ပြုံးလိုက်သည်။

“ငါ့ကိုယ်ပေါ်မှာ တင်နေတဲ့ အပြစ်တွေက ကြီးမားလွန်းလို့ သတိရမိသွားရုံပါ”

သူသည် ထိုသို့ပြောပြီးနောက် ဘာမှ ထပ်မဆိုတော့ဘဲ လှည့်ထွက်သွားလေတော့သည်။ ဆုမိုသည် သူ၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကို ကျစ်ကျစ်ပါအောင် ကြုတ်ထားမိ၏။

ဝမ်ချန်ရှင်း ယနေ့ည ပြောသွားခဲ့သော စကားများကို သူ၏ ခေါင်းထဲ၌ ပြန်လည် အသံထွက်ပေါ်လာလေသည်။

“ဒါ... ဖြစ်နိုင်ပါ့မလား”

သူသည် တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ခေါင်းကို ချက်ချင်း ပြန်ခါလိုက်၏။ ထို့နောက် သခင်လေးစစ်ထူ ထွက်သွားသော အရပ်မျက်နှာဆီသို့ ပြန်လည် လှည့်ကြည့်လိုက်သည်။

'ဆုထျန်းယန် ဆိုတဲ့ အဖေကတော့ တကယ့်ကို အချစ်ကြွေးတွေ များလှချေရဲ့။ အိမ်က ဇနီးသည်ကို မြတ်နိုးပါတယ်ဆိုပြီး တခြားလူတွေကိုတော့ တစ်သက်လုံး အထီးကျန်အောင် လုပ်ခဲ့တာကိုး။ ငါကတော့ သူ့လို မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းပါတယ်ဆိုမှ... အခုတော့ ဒုက္ခလှလှ တွေ့ပြီ။'

'ယန်ရှောင်ယွင် ကို ဘယ်လို ရှင်းပြရမလဲ။ မပြောဘဲ နေလို့တော့ ရပါတယ်... ဒါပေမဲ့ တစ်နေ့ကျရင် သူ သိသွားမှာပဲလေ။ အဲဒီကျရင်တော့ ငါ့ခေါင်းကော ပုခုံးပေါ်မှာ ရှိပါဦးမလား။ ဒါက ဝေဇီယီ ကိစ္စနဲ့ မတူဘူး၊ ဟိုကတော့ ဝေရူဟန် က တစ်ဖက်သတ် သဘောတူထားတာလေ။'

'ဒါပေမဲ့ လိုဏ်ဂူထဲက ကိစ္စကတော့... ငါ့မှာ တာဝန်မရှိဘူးလို့ ဘယ်လိုမှ ငြင်းလို့မရဘူး။ သခင်လေးစစ်ထူ ရဲ့ ရင်ထဲမှာတော့ အမာရွတ်တစ်ခု ထင်ကျန်သွားမှာ သေချာတယ်။ ငါကော ဘာမှ မခံစားရဘူးလားဆိုတော့လည်း... ဟင်း... ထားလိုက်ပါတော့လေ။ အခုချိန်မှာ ဒါတွေ စဉ်းစားနေရင် ငါ့ခေါင်း ပေါက်ထွက်သွားလိမ့်မယ်။'

နောက်ဆုံးတွင်မူ သူသည် လက်ထဲရှိ တံဆိပ်ကို သေချာစွာ သိမ်းဆည်းလိုက်ပြီး ဆရာတော် ဟုန်ယွင် တို့ ရှိရာဆီသို့ ပြန်လာခဲ့သည်။ ဤနေရာသည် စကားပြောဆိုရန် သင့်တော်သော နေရာမဟုတ်သည်မှာ ထင်ရှားလှ၏။

ရဟန်းတစ်စုမှာလည်း အချိန်အတော်ကြာ ပိတ်မိနေပြီး ဗိုက်ဆာလောင်နေကြသဖြင့် စကားပြောလိုစိတ် မရှိကြတော့ချေ။ ၎င်းတို့အုပ်စုသည် ဝူဝမ်တောအုပ် မှ ချက်ချင်း ထွက်ခွာခဲ့ကြပြီး အနီးနားရှိ တည်းခိုခန်းတစ်ခုသို့ ရောက်ရှိလာကြသည်။

အမှန်အတိုင်း ပြောရလျှင် ဒါကို တည်းခိုခန်းဟု ခေါ်သည်ထက် လူသတ်သိုက်ဟု ခေါ်လျှင် ပိုမှန်ပေလိမ့်မည်။ ဤနေရာသည် မိစ္ဆာဂိုဏ်း နယ်မြေအတွင်း ရှိနေသော်လည်း သာမန်ပြည်သူအချို့ နေထိုင်ကြဆဲ ဖြစ်၏။ မိစ္ဆာဂိုဏ်းများပင်လျှင် ငါးဖမ်းလျှင် ကန်ထဲက ရေကို အကုန်မခန်းစေရဟူသော အသိတရား ရှိကြသည် မဟုတ်ပါလော။

သို့သော် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ရှင်သန်နေရသည့် ပြည်သူများအတွက်မူ ဘဝမှာ မလွယ်ကူလှချေ။ တစ်ဦးနှင့်တစ်ဦး ရက်စက်စွာ ပြိုင်ဆိုင်နေကြရပြီး လူတစ်ယောက်၏ ခေါင်းကို ဖြတ်ရန်မှာ ဟင်းသီးဟင်းရွက် လှီးရသည်ထက်ပင် ပို၍ လွယ်ကူနေတတ်သည်။ ဤနေရာတွင် တည်းခိုခန်း ဖွင့်နိုင်သူများမှာမူ... သူတို့၏ စည်းစိမ်ဥစ္စာများသည် တည်းခိုခထက် တခြားသော နည်းလမ်းများမှ ရရှိလာခြင်း ဖြစ်၏။

သို့သော် ဤကိစ္စမှာ လူကြည့်၍ လုပ်ဆောင်ခြင်း ဖြစ်၏။ အကယ်၍ လာရောက်တည်းခိုသူများသည် သိုင်းပညာ အဆင့်မြင့်ဟန်ရှိပါက ထိုသူတို့သည် သာမန်တည်းခိုခန်းတစ်ခုအလား ပုံမှန်အတိုင်း လည်ပတ်ကြသည်။

'အင်း... ကြည့်စမ်း။ ငါတို့ကို မြင်တာနဲ့ ပျာပျာသလဲ လာကြိုနေလိုက်တာ။ အရက်ထဲကိုလည်း အိပ်ဆေး မခတ်ရဲဘူး၊ ပေါက်စီထဲကိုလည်း လူသားတွေ မထည့်ရဲဘူးပေါ့လေ။ အခုတော့ သူတို့က ငါတို့ကို ဘိုးဘေးတွေလို ဝတ်ပြုနေကြတာပဲ။'

သို့ရာတွင်၊ တည်းခိုသူတွေကသာ သာမန်လူတွေ ဆိုလျှင်တော့ တစ်မျိုးပင် ဖြစ်၏။

ဤ 'ဆူဖြိုးသော အသားတုံး' ကြီးကို စားမလား၊ မစားဘူးလား ဆိုသည်မှာ တည်းခိုခန်းပိုင်ရှင်၏ စိတ်အခြေအနေပေါ်တွင်သာ မူတည်လေသည်။ ပစ္စည်းကိုလည်းယူ၊ လူကိုလည်းသတ် ဆိုသည့် ကိစ္စရပ်များမှာ ၎င်းတို့အတွက် နေ့စဉ်စားနေကျ ထမင်းနပ်မှန် ကိစ္စများသာ ဖြစ်၏။

ဆုမို တို့အုပ်စုမှာ သန်းခေါင်ယံအချိန်တွင် ရောက်ရှိလာခြင်း ဖြစ်၏။ ထိုကဲ့သို့ အချိန်မတော် ရောက်လာခြင်းကို တည်းခိုခန်းပိုင်ရှင်က သဘောမကျသော်လည်း၊ လူအင်အား တောင့်တင်းသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်နှာချိုသွေးကာ တံခါးကို အမြန်ဖွင့်ပေးလေတော့၏။

အထူးသဖြင့် ဆရာတော် ဟုန်ယွင် နှင့် ရဟန်းတစ်စုကို မြင်သောအခါ သူတို့သည် ပို၍ပင် ယောင်ယမ်းကာ အလေးပေးနေတော့သည်။ အကယ်၍ ၎င်းတို့သာ ဟင်းထဲကို 'အရိုးစားဆေးမှုန့်'များ ခပ်မထားခဲ့ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

နောက်ဆုံးတွင်မူ... ထိုဟင်းများကို ရဟန်းများကပင် ကိုယ်တိုင် ပြန်လည် ချက်ပြုတ်ခဲ့ကြသည်။ (၂) ထပ်ရှိသော ထိုတည်းခိုခန်းအတွင်း၌ ပိုင်ရှင်နှင့် ပိုင်ရှင် ငှားထားသော လူမိုက်များမှ လွဲ၍ အခြား မည်သည့် ဧည့်သည်မျှ မရှိတော့ချေ။

--

All Chapters